Sunday, October 25, 2009

အချစ်ဦးရဲ့ အချစ်ဆိုတာ ဒီလိုအချစ်မျိုးလား...

အချစ်ဦးရဲ့ အချစ်ဆိုတာ ဒီလိုအချစ်မျိုးလား...


အချစ်ဆိုတဲ့ အရာက ဒီလောက် ချိုမြိန် ကြည်နူး ပျော်ရွှင်ဖွယ် ကောင်းလိမ့်မယ်လို့ မထင်မိခဲ့ပါ။ တွေးလိုက်တိုင်း စိတ်ထဲမှာ ကြည်နူးနေမိသည်။ ပျော်ရွှင်နေမိသည်။ လူတိုင်း ပြောကြသည့် အချစ်ဆိုတာ ဒါလား။ ဂရေဟမ် ဆိုထားတဲ့ သီချင်းကို နားထဲတွင် ပြန်လည် ကြားယောင်မိသည်....

`မချစ်ဖူးလို့ပါ အချစ်ဦးရယ် .... အချစ်ဆူး စူးလဲ စူးတော့ကွယ် ... ရင်မှာ အချစ်ပဲ နား .... လည်..´



အချစ်ကို ပူလောင်တယ်လို့ မမှတ်ယူမိပါ။ ပူလောင်တယ်၊ အေးချမ်းတယ် ဆိုတာ မိမိရဲ့ အယူပေါ်မှာသာ မူတည်သည်ဟု ထင်မိသည်။

မိမိ အတွက် အချစ်ဆိုတာ အေးချမ်းနေသည်။ တစိမ့်စိမ့် တွေးလေ တစိမ့်စိမ့် အေးချမ်းလေ ဖြစ်သည်။

သူ့မျက်နှာကို တွေးလိုက်မိတိုင်း ရင်ထဲတွင် အမည်ဖော်ပြ၍ မရသော ခံစားမှုကို ခံစားရသည်။

သူ အပြုအမှု၊ အပြောအဆိုလေးများကို တွေးလိုက်မိတိုင်း တစ်ကိုယ်တည်း ရယ်မောမိသည်။

တစ်ယောက်တည်း ရယ်မော ပြုံးရွှင်မိသည်မှာ ခဏခဏပင်။
ရူးနေပြီဟု ထင်ကောင်း ထင်မည်။ ရူးတော့ ရူးနေပါသည်၊ အချစ်ရူး။

တကယ် ချစ်လာတော့ မိမိ ချစ်သူ ပျော်ရွှင်နေသည်ကိုသာ မြင်ချင်လာသည်။
ချစ်သူ မျက်နှာ ညိုးငယ် သွားမည်ကို စိုးရိမ်တတ်လာသည်။
ပျော်ရွှင်နေသည့် မျက်နှာကိုသာ မြင်လိုသော စိတ်ဆန္ဒရှိလာသည်။
အရာရာ ဖြည့်ဆည်းပေးချင်မိသည်။
အချစ်ဆိုသော အရာက အရာရာကို ရင်ဆိုင်ရဲလာအောင် သတ္တိများ ပေးသည်မှာ မှန်လှပေသည်။
ရဲရင့်လာသည်။
ပေးဆပ်ဖို့ အသင့်ဖြစ်နေသည်။
အချစ်၏ စွမ်းအားသည် ဒီလောက် ပြင်းလိမ့်မည်ဟု တွေးမထင်ခဲ့ပါ။
သြော် အချစ်ဆိုတာ ဒါပါလားဟု သိလာရတော့သည်။

Saturday, October 24, 2009

ဒီလိုမျိုးချစ်နိုင်ကြလား?

ဒီလိုမျိုးချစ်နိုင်ကြလား?


တခါက ၁၀တန်းကျောင်းသား ကောင်လေးတစ်ယောက် ရှိတယ်။ သူက မနက်ဆို
ကျောင်းသွား၊နေ့လည်ဆို ကျူရှင်တက် ညနေလောက်မှ အိမ်ပြန်ရတယ်။ ဒီလိုနဲ့ တစ်ည
သူကျူရှင်ကအပြန် လမ်းထိပ်မှာ ကောင်မလေးတစ်ယောက်ကို တွေ့တယ်။ ကောင်မလေးက
ဘယ်သူမှန်းလဲမသိဘူး။ ဗာဒံပင်အောက်က အုတ်ခုံလေးမှာ ထိုင်နေတာ။ ညဘက်ကြီး
မိန်းကလေးတစ်ယောက်ထဲ ထိုင်နေတာ ထူးတော့ထူးဆန်းတယ်။ ဒါပေမဲ့ မသိတော့ ကောင်လေးလဲ
ဂရုမစိုက်ဘဲ လမ်းထဲဆက်ဝင်လာလိုက်တယ်။

ဒါပေမဲ့ ကောင်မလေးက သူ့ကိုလှမ်းခေါ်တော့ ကြောင်သွားတယ်။ ကောင်မလေးက
သူ့အနားလာပြီး ပြောတယ်။

“နင်ငါ့ကို တစ်ခုကူညီပါလား” “ငါဗိုက်အရမ်းဆာနေလို့”

ကောင်လေးက ကောင်မလေးကိုတစ်ချက်အကဲခတ်ကြည့်တော့ ပုံစံက
သန့်သန့်နဲ့ခပ်ချောချောလေး အသက်ကလည်းရွယ် တူလောက်ဆိုတော့ ရှိန်းတိန်းတိန်း
ဖြစ်သွားတယ်။နောက်တော့မှ တဏှာမပါတဲ့ စိတ်နဲ့ ကူညီလိုက်မယ်လို့ စဉ်းစားပြီး
ပိုက်ဆံအိတ် ထဲက ၅၀၀ တန်တစ်ရွက် ကိုထုတ်ပေးလိုက်တယ်။ ကောင်မလေးက မယူဘဲနေလို့
ရှက်နေတယ်ထင်တာနဲ့ လက်ထဲကို အတင်းထည့်ပေးတော့ ကောင်မလေးက ပြောတယ်။

“ငါ့ကို ၀ယ်ပေးပါလား”

ကောင်လေးလဲ ရုတ်တရက်ဆိုတော့ ကြောင်သွားတယ်။ နောက်မှ မထူးပါဘူးလေဆိုပြီး
ပေါင်မုန့် နဲ့ အအေး သွားဝယ်ပေးရတာပေါ့။ ကောင်မလေးက ၀မ်းသာသွား ရှာတယ်။
ပြီးတော့ တခြားလူတွေလို ဆုတွေမတောင်းပေးဘဲ ကျေးဇူးတင်တဲ့ အနေနဲ့
တစ်ချက်ပြုံးပြလိုက်တယ်။ အဲဒါနဲ့ ကောင်လေး အိမ်ပြန်လာလိုက်တယ်။ အိမ်ရောက်တော့လဲ
အဲဒီအကြောင်းဘဲ တွေးနေမိပြန်ရော။

နောက်နေ့ ညကျတော့လဲ ကောင်မလေးက အဲဒီနေရာမှာဘဲ ရှိနေတယ်။ ကောင်လေးကိုမြင်တော့
လှမ်းခေါ်တယ်။ ကောင်လေးလဲ ညဘက်ကြီး မိန်းကလေးတစ်ယောက်ထဲ ၂ရက်ဆက်တိုက် ရှိနေတော့
နည်းနည်းစိတ်ဝင်စားတာနဲ့ ကောင်မလေးဘေးမှာသွားထိုင်လိုက်တယ်။ ပြီးတော့
မေးလိုက်တယ်။

ယောကျာ်းတစ်ယောက်၏ အချစ်ဆိုသောအရာ(3)

အခန်း ( ၃ )
ကျွန်မရန်ကုန်ရောက်ရောက်ချင်း မောင့်ဟမ်းဖုန်းကိုလှမ်းခေါ်မိသည်။ တစ်ဖက်လာကိုင်သူက အမျိုးသမီးတစ်ဦး... “ ခဏစောင့်ပါ ” ဟု ပြောပီး တအောင့်တွင် မောင်လာကိုင်သည်။
“ ဟဲလို ”
“ မောင် .. ကျွန်မပါ ”
“ မနော ... ” မောင့်အသံက အံ့သြမှုအပြည့် ... ဟုတ်ပါသည် .. မောင်အံ့သြနေရှာလိမ့်မည် .. ကျွန်မမောင့်ကိုအဆက်အသွယ်မလုပ်တာ ၁ နှစ်လောက်တောင်ရှိခဲ့ဘီလေ။
“ ဟုတ်တယ်မောင် ကျွန်မအခုရန်ကုန်ရောက်နေဘီ .. မောင်နဲ့တွေ့ချင်တယ် ... မောင် မနက်ဖြန် မနက်အားမလား ”
“ အင်း ... ဘယ်မှာတွေ့မလဲ ”
“ ကန်တော်ကြီးထဲ ... ကျွန်မတို့နောက်ဆုံးတွေ့ခဲ့တဲ့နေရာမှာ ”
“ အိုကေ .. လာခဲ့မယ် ”

ကျွန်မစိတ်တွေလှုပ်ရှားနေမိသည်။ မောင့်ကို ကျွန်မအစီအစဉ်တွေပြောပြမည်။ မောင်နဲ့အတူ ရှေ့ရေးတွေတွေတိုင်ပင်မည်ဟု စဉ်းစားကာ ချိန်းထားသော နေရာသို့ကြိုရောက်နေမိသည်။
သိပ်မကြာလိုက်ပါ. မောင့်ကားလေးရောက်လာခဲ့သည်။ ကျွန်မလှမ်းကြည့်လိုက်တော့ ဆင်းလာသူဟာ မောင်တစ်ယောက်တည်းမဟုတ်ခဲ့ပါ။ နောက်ထပ်အမျိုးသမီးကလေးတစ်ယောက်လည်းပါလာခဲ့သည်။
မောင်က ကျွန်မကို ပြုံးပြရင်း
“ ဘယ်တုန်းကရောက်လဲ မနော ”
“ မနေ့က နေ့လည်ကပါ .. ဒါနဲ့ သူက ” ကျွန်မဟန်မဆောင်နိုင် .. မေးလိုက်မိသည်။
“ အော် ကိုယ်နဲ့လက်ထပ်မယ့်သူလေ .. နာမည်က သီရိတဲ့ ... သီရိ .. ဒါမနောအေးလေ ”
ရုတ်တရက်နားထဲတွင် မယုံနိုင်လောက်အောင်ဖြစ်မိသည်။ မောင်ပြောလိုက်တာ ... မောင်နဲ့လက်ထပ်မယ့်မိန်းကလေး ... ကျွန်မနားကြားမှားတာဖြစ်ပါစေ ...
“ ဟုတ်ကဲ့ မမ .. တွေ့ရတာဝမ်းသာပါတယ် ... မမအကြောင်း ကိုကိုပြောဖူးလို့ကြားဖူးပါတယ် ”
“ အော် အင်း တွေ့ရတာ ၀မ်းသာပါတယ် ညီမလေး ”
ကျွန်မဆုတောင်းမပြည့်ခဲ့ပါ ... ကောင်မလေးကပါ ကိုကိုလို့ခေါ်ကာ ဟုတ်မှန်ကြောင်း သက်သေပြနေခဲ့လေပြီ .. အရာရာဟာ နောက်ကျခဲ့ပြီပေါ့မောင် ..
“ ထူးအောင်တို့တွေ့ကြတာကြာဘီလား .. ”
“ အင်း ၆ လလောက်ပဲရှိအုံးမယ် ”
“ အော် .. ”
“ မနော ... ကိုယ်တို့နောက်မှအေးဆေးတွေ့မယ်ကွာ ... ကိုယ် မေမေခိုင်းတဲ့ကိစ္စလေးရှိနေလို့ ”
“ အင်း ဟုတ်ပီ ထူးအောင် ... နောက်မှ မနောတို့တွေ့ကြတာပေါ့ ... ”
“ သွားပြီ မနော ”
“ သွားပြီနော် မမ ”
“ ဟုတ်ကဲ့ ”
သူတို့ကားလေးထွက်သွားခဲ့လေဘီ။ ယခုတော့ ကျွန်မကိုသိပ်ချစ်လွန်းလှပါသည်ဆိုသော မောင်သည် ကျွန်မ မဟုတ်သော တခြားမိန်းမတစ်ယောက်နှင့် လက်တွဲကာသွားလေဘီ။
ကျွန်မမှာတော့ ဒီနေရာမှာပင် တစ်ယောက်တည်းကျန်ခဲ့သည်။ ကျွန်မရင်ထဲမယုံနိုင်သေး။ မောင်က ကျွန်မကိုဒီလိုနည်းနဲ့စောင့်နေခဲ့တယ်တဲ့လား။
မောင်နဲ့ကျွန်မ ဘယ်လိုမှမဆုံစည်းနိုင်ခဲ့တာသေချာသွားခဲ့ပီပေါ့ .. မောင်ရဲ့ကောင်မလေးသည် ခြောက်လလောက် တွေ့ဆုံကာ အရှိန်အဟုန်ပြင်းသည့် သံယောဇဉ်ကို တစ်ချီတည်းနဲ့ အလဲထိုးအနိုင်ယူသွားပါသည်။
ထို့အတူ အဖြစ်ချင်ဆုံးဆန္ဒကိုစွန့်လွှတ်ခဲ့တဲ့ ကျွန်မရဲ့ချစ်ခြင်းနဲ့ ငါးနှစ်လုံးလုံး စောင့်မျှော်ခဲ့ရသည့် ထုဆစ်ခဲ့ရသည့် မျှော်လင့်ချက်တွေသည်လည်း ပြိုကျမဲ့ ပြိုကျတော့ ခဏလေး။ အခိုက်အတန့်မျှသာပင်။
ပထမတစ်ခါ ဒီနေရာလေး၌ ခွဲခွာခဲ့စဉ်က .. ကျွန်မမျက်ရည်စကိုသိမ်းနိုင်ခဲ့သည်။ ယခုထပ်၍ ဝေးကွာချိန်တွင်လည်း ကျွန်မပြုံးပြုံးလေးပင် သူတို့ကိုနှုတ်ဆက်ခဲ့ပါသည်။
ကျွန်မရင်ထဲက မျက်ရည်စတွေ မောင်မမြင်နိုင်ခဲ့။ ဒီတစ်သက်ဘယ်တော့မှလည်း မောင်သိအောင် ပြောတော့မည်မဟုတ်ပေ။
မောင့်စိတ်တွင်တော့ ကျွန်မဟာ ချစ်သူကိုအရင်စွန့်ပစ်သွားရက်သူလို့ ထင်နေပေလိမ့်မည်။ ဒါပေမယ့်လည်း ... မသေချာတဲ့ထင်မြင်ချက်တစ်ခုအတွက် ...
ကျွန်မဘက်ကပေးဆပ်လိုက်ရတာကတော့ တဆိတ်များလွန်းသည်ထင် ...... အားလုံးရဲ့အဆုံးသတ်မှာ ကျွန်မရင်ထဲ မောင်နှင့်ပက်သက်၍ ရရှိခဲ့သည့် အသိတစ်ခုကတော့ ....
ဘယ်လောက်ပဲ သစ္စာတရားတွေ ထားရှိခဲ့ပါစေ၊ ဘယ်လောက်ပဲ အချိန်ကာလများစွာ သံယောဇဉ်ဖွဲ့တည်ခဲ့ပါစေ၊ ဘယ်လောက်ပေးဆပ်ခဲ့ပါစေ၊ တစ်ဖက်လူက တန်ဖိုးမထားခဲ့ရင် အရာမထင်နိုင်ခဲ့ကြောင်း ကောင်းကောင်းသိလိုက်ရပါသည်။ ထို့ကြောင့် ယောကျာ်းတစ်ယောက်ရဲ့အချစ်ဆိုသောအရာသည် .............



ဒီတင်ပြီးပါဘီ

ယောကျာ်းတစ်ယောက်၏ အချစ်ဆိုသောအရာ(2)

အခန်း ( ၂ )

ကျွန်မစိတ်တွေ ပျော်ရွှင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ... မနက်ဖြန် မနက်တွင် ကျွန်မ ချစ်သူမောင်ရှိရာ မြန်မာပြည်ကိုပြန်ရတော့မည်။
၅ နှစ်ဆိုသော အတိုင်းအတာတစ်ခုမှာ ကျွန်မအလုပ်တွေဖိလုပ်ခဲ့သည်။ အချိန်ရှိတိုင်း ကျွန်မနဲ့မောင့်အတွက်ဟု စဉ်းစားကာ တစ်နေ့တွင် အိပ်ချိန် ၅ နာရီလောက်သာ ပေးလျက်
ကျန်အချိန်များကို အလုပ်လုပ်ခြင်း၊ကျောင်းတက်ခြင်းတို့ဖြင့် ကုန်ဆုံးခဲ့သည်။ ထို့ကြောင့် မောင့်ကိုပင် တစ်လကိုစာ တစ်စောင် မပို့ဖြစ်ခဲ့။ ၄ ၅ လ တစ်စောင်ပို့ဖြစ်အောင် မနည်းကြိုးစားခဲ့ရသည်။
ရေးတိုင်းလည်း လွမ်းတယ် ချစ်တယ်ဆိုသော စာသားများမပါခဲ့ ... ချစ်သူမောင့်ကို စာကြိုးစားဖို့၊ အချိန်မှန်အိပ်၊အချိန်မှန်စားဖို့၊ နေကောင်းအောင်နေဖို့ လိုရင်းတိုရှင်းသာရေးနိုင်ခဲ့သည်။
မချစ်၍လားလို့ မေးလာလျှင် အဖြေကအရမ်းရှင်းပါသည်။ ကျွန်မသိပ်ဖြစ်ချင်ခဲ့တဲ့ ဆရာဝန်ဘ၀ကိုစွန့်လွှတ်ကာ အခုလိုအလုပ်လုပ်နေရခြင်းသည် မောင့်အတွက်သာပင်။ မောင့်ကိုကျွန်မချစ်သည်။
သို့ပေမယ့် ကျွန်မအချစ်ကိုစော်ကားလွန်းသော မောင့်အသိုင်းအ၀ိုင်းကိုဖြင့် မုန်းပါသည်။ မောင့်ကိုကျွန်မချစ်သူတော်ခဲ့ခြင်းသည် မောင်သူဌေးသာဖြစ်လို့ဟု အားလုံးက၀ိုင်း၍ပြောခဲ့သည်။
ကျွန်မ မမေ့နိုင်ခဲ့ပါ။ ဒါပေမယ့် မောင့်ကိုလမ်းခွဲဖို့ ကျွန်မမလုပ်နိုင်ခဲ့။ အဘယ်ကြောင့်ဆိုသော် ကျွန်မဘ၀တွင် မောင်သည် တစ်ဦးတည်းသော နှင့် အချစ်ရဆုံးသော အမျိုးသားကလေးပင်တည့်။
ဘ၀ကိုအခက်အခဲများစွားနှင့် လျှောက်လှမ်းခဲ့ရသော ကျွန်မအတွက် အချစ်ဆိုတာကိုရှာဖို့၊အပျော်ရည်းစားထားဖို့ဆိုတာ အိမ်မက်ထဲတွင်တောင်မဖြစ်နိုင်ခဲ့ပါ။
ထိုကဲ့သို့ မွန်းကျပ်မှုများပေါင်းမြောက်များစွာနှင့် ကျွန်မဘ၀ထဲကို မောင်သည်အတင်းပင်ဇွတ်တိုးဝင်လာသောအမျိုးသားကလေးဖြစ်သ ည်။
ကျွန်မသည် ယောကျာ်းများစိတ်ဝင်စားစရာမကောင်းသော သာမာန်မိန်းကလေးတစ်ယောက်သာဖြစ်သည်။ ကျွန်မမှာ ထူးခြားတာဆိုလို့ ပါးချိုင့်လေးတစ်ခုသာရှိသည်။
မောင်ကတော့ အဲဒီပါးချိုင့်လေးကိုပဲ သူစွဲလမ်းခဲ့ရတာ ဟုပြောသည်။ ကျွန်မနှင့် မောင်တွေ့ဆုံပုံက ရိုးရှင်းလှပါသည်။ ဆေးကျောင်းသား မောင် နှင့် ဆေးကျောင်းသူ ကျွန်မတို့ ရိုးရိုးလေးပဲ ...
ပထမနှစ် fresher welcome တွင်စတင်ဆုံဆည်းခဲ့ကြသည်။ ရောက်တာနောက်ကျသော မောင်က ကျွန်မဘေးက ခုံအလွတ်တွင် ၀င်ထိုင်းရင်း ကျွန်မတို့ရင်းနှီးခဲ့ကြသည်။
သူငယ်ချင်းဖြစ်ပြီး ၃ လအကြာတွင် မောင်ကကျွန်မကိုချစ်တယ်ဟုဖွင့်ပြောလာခဲ့သည်။ သူဌေးသားဖြစ်သော်လည်း စိတ်ဓာတ်ဖြူစင်ရိုးသားသော မောင့်ကို ကျွန်မချစ်ခဲ့မိသည်။
ဖြစ်သင့်ပါ့မလားဟု အတန်တန်စဉ်းစားရင်းပင် သူဖွင့်ပြောပီး ၃ လအကြာတွင် ကျွန်မအဖြေပြန်ပေးမိသည်။ မောင်နဲ့ကျွန်မ ချစ်သူရယ်လို့သာ ပြောတယ် ...
မောင့်ကိုကျွန်မအရမ်းချစ်တယ် ... အရမ်းလွမ်းတယ် ... ဟု ခဏခဏ မပြောခဲ့ဘူးပါ ... မောင်ကသာ သူချစ်ကြောင်း အခါခါပြောခဲ့သည်။
ချစ်သူဘ၀မှာ ပန်းခြံတွေ၊ရုပ်ရှင်တွေသွားဖို့လည်း အချိန်မပေးနိုင်ခဲ့ပါ။ မောင်ကအတန်းလစ်ပီး ရုပ်ရှင်သွားကြည့်ကြဖို့ပြောသော်လည်း
“ ခုလည်းတွေ့နေရတာပဲ မောင်ရယ် အဲလိုမပိုအလုပ်တွေမလုပ်ပါနဲ့ ” ဟု ငြင်းဆန်ခဲ့စမြဲပင်။ အဲလိုပြောလိုက်တိုင်း မောင့်မျက်နှာပျက်သွားပီး စိတ်ကောက်တတ်စမြဲပင် ..
ဒါပေမယ့်လည်း ကျွန်မအနည်းငယ်ချော့လိုက်တိုင်း မောင်ကကျေနပ်စမြဲပင်တည့်။ အဲလိုချစ်စရာကောင်းသော ... အမျိုးသားကလေးကို ကျွန်မရင်နှင့်မဆန့်အောင်ချစ်ရပါသည်။
မောင်ရေ ... မောင့်ကိုစိတ်ညစ်စေခဲ့တဲ့အချိန်တွေအတွက် ... အခုမောင့်ကိုပြန်အလျော်ပေးပါ့မယ် ... မောင်နဲ့အတူတူနေကြဖို့ ကျွန်မအားလုံးပြင်ဆင်ပြီးခဲ့ပီ ... ကြိုနှင့်တော့ မောင်ရေ


ဆက်ရန် >>>

ယောကျာ်းတစ်ယောက်၏ အချစ်ဆိုသောအရာ


ယောကျာ်းတစ်ယောက်၏ အချစ်ဆိုသောအရာ
အခန်း ( ၁ )


“ ကျွန်မ ဒေါ်လေးရှိတဲ့နိုင်ငံခြားကိုလိုက်သွားရမယ် မောင် ”
“ ဘယ်လို ... မနော ... နိုင်ငံခြားကိုသွားမယ် ဟုတ်လား ”
“ ဟုတ်တယ် မောင် ”
“ မနော ကျောင်းကကော ... မနောသိပ်ဖြစ်ချင်ခဲ့တဲ့ ဆရာဝန်ဘ၀ကိုစွန့်လွှတ်တော့မယ်ပေါ့”
“ မောင်ရယ် ... ဆေးကျောင်းဆက်တက်နေရင် ဘ၀တိုးတက်ဖို့ကို ဘယ်လိုလုပ်ကြမလဲ ... နောက် ၆ နှစ်လောက်အချိန်ကုန်ခံပြီးမှ ဆရာဝန်ဖြစ်လာမယ် အဲဒါက MBBS အဆင့် ...
ဒါလည်းနောက်ထပ်ဘွဲ့လွန်တွေ ထပ်တက်နိုင်မှ specailist ဘ၀ကိုရမှာ .. အဲဒါတွေက တကယ်တော့ ကျွန်မအတွက် အိမ်မက်တစ်ခုလိုပါပဲ မောင်ရယ် ...
မနောကိုဒေါ်လေးက ဆေးကျောင်းဆက်တက်ဖို့ပံ့ပိုးနိုင်ပါတယ် ... ဒါပေမယ့် မနောအားနာတယ် .. ဒီ ၆ နှစ် .. ပြီးတော့ နောက်ထပ် နောက်ထပ် .. မနောကိုဟိုကိုတန်းသွားပြီး
အလုပ်လုပ်လိုက်ရင် ၃ ၄ နှစ်ဆို မောင့်ကိုခေါ်နိုင်ပါဘီ .. ခုတော့ မောင်ကျောင်းဆက်တက်နှင့်ပါ ”
“ မနောကမောင့်ကိုထားသွားမယ်ပေါ့ အဲလိုလား ”
“ ထားသွားတာမဟုတ်ပါဘူး မောင် ... မနော ဟိုမှာအလုပ်လုပ်မယ် ... ပီးရင် မောင်လိုက်လာပါ .. မနောအဆင်သင့်ဖြစ်ရင် မောင့်ကိုလှမ်းခေါ်မှာပေါ့ ”
“ ဒီမှာနေပြီးရော မောင်တို့အတူနေလို့မရလို့လား မနော ”
“ ဒီမှာ ဘာမှပြည့်စုံမှာမဟုတ်ဘူးလေ မောင် .. မနောအခြေအနေကိုမောင်သိသားနဲ့ ”
“ မောင် မနောကိုခေါ်ထားနိုင်ပါတယ် ... မနော အခုလက်ထပ်မလား ပြောလေ ”
“ တော်စမ်းပါမောင် ... အဓိပါယ်မရှိတဲ့စကားကိုမပြောစမ်းနဲ့ ... မောင်ကဘာအလုပ်ရှိလို့ မနောတို့ကဘာနဲ့သွားစားကြမှာလဲ .. မောင့်အမေပိုက်ဆံရှိတာကိုလာမပြောနဲ့မောင် ..
မနောစိတ်မ၀င်စားဘူး ... မောင့်ကိုပိုက်ဆံရှိလို့ချစ်ခဲ့တယ်ဆိုတဲ့ မောင့်အသိုင်းအ၀ိုင်းကပြောတဲ့စကားကို ခုထိမနောမမေ့သေးဘူး ”
“ မဟုတ်သေးဘူး မနော ... သေချာစဉ်းစားပါအုံး ... မနောထွက်သွားရင် မောင်တို့အဝေးကြီးဝေးသွားကြတော့မှာ ”
“ မောင်ထင်နေတာပါ ... မောင်ထားမသွားသရွေ့မနောတို့ဝေးမသွားဘူး မောင် ... မနောလို သာမာန်မိန်းကလေးတစ်ယောက်ကို ဘယ်သူကမှစိတ်ဝင်စားမှာမဟုတ်ဘူး ”
“ မင်းကိုမောင်ချစ်တယ်လေ မနောရယ် ”
“ ကျေးဇူးတင်ပါတယ် မောင် ... ကျွန်မလည်း အဲဒါကြောင့်ပဲ မောင့်အချစ်ကိုလက်ခံခဲ့တာပါ ”
“ ဒါဆိုလည်း ဘာလို့မောင်နဲ့ဝေးရာကိုထွက်သွားချင်ရတာလဲ မနော ”
“ ကျွန်မမှာ ဘာမှမရှိဘူးလေ မောင် ... ကျွန်မမှာဆွေမျိုးဆိုလို့ ဒေါ်လေးတစ်ယောက်ပဲရှိတော့တယ်၊ ဒေါ်လေးကလည်း ဒီကိုပြန်မလာနိုင်ဘူး အဲဒီတော့ ကျွန်မလိုက်သွားဖို့ပဲရှိတော့တာပေါ့ ..
ကျွန်မကိုနားလည်ပေးပါမောင် ... ”
“ ဆုံးဖြတ်ချက်တွေမပြင်တော့ဘူးလား မနော ”
“ ကျွန်မ ဆုံးဖြတ်ပီးဘီ မောင် ”
“ ကောင်းပါဘီ မနော ”

အဲဒီနေ့က မောင့်မျက်နှာပျက်ယွင်းနေခဲ့သည်။ မောင် စိတ်မကောင်းဖြစ်နေတာတွေ့ရတော့ ကျွန်မလည်း မပျော်နိုင်ပါ။ ကျွန်မလည်းကျေနပ်ပျော်ရွှင်နေတယ်ရယ်လို့ဘယ်ဟုတ်ပါ့မလ
ဲ သို့ပေမယ့်လည်း ဒါတွေဟာ တချိန်မှာ မောင်နဲ့ကျွန်မ အဆင်ပြေပြေ သာသာယာယာ နေကြရဖို့ဟုအားတင်းကာ ငိုချင်စိတ်တွေကိုဖျောက်ရသည်။
မောင်က လေယာဉ်ကွင်းကိုလိုက်ပို့မည် ဟု ပြောခဲ့သော်လည်း ကျွန်မ ငိုနေတာကို ချစ်သူမြင်မှာစိုး၍ တားမြစ်ခဲ့မိသည်။ ချစ်သူအမြင်မှာ
ကျွန်မဟာ အသည်းမာသူကြီးတစ်ယောက်ပေါ့လေ ...ကျွန်မရင်ထဲမှာ ငိုနေတာ ကို ဘယ်သူမှသိမှာမဟုတ်ပေ။
ဒီလိုနဲ့ ကျွန်မချစ်သော အမိမြေနှင့် ချစ်သော ချစ်သူ မောင့်ကိုထားကာ ... ကျွန်မ အဒေါ်ရှိရာ သြစတေးလျသို့ထွက်လာခဲ့သည်။

ဆက်ရန် >>>>

မအိမ်ကံ(42)

အရီးကြာညွန့်က မအိမ်ကံ ဘယ်လိုကြောင့်သည် အကြောင်း စုံစမ်းခိုင်းမှန်းလည်း မသိ။ ရွာကျောင်း မီးရှို့ခံရတာနှင့် ဆက်စပ်သည်လို့လည်း မထင်။ မအိမ်ကံကလည်း အကြောင်းရင်းကို မပြော။ အရီးညွန့် ရက်ကန်းရုံဘက် ထွက်သွားတော့လည်း မအိမ်ကံ ထင်းပုံပေါ်မှာပဲ ဆက်ထိုင်နေမိပါ ၏။ သမီးနှစ်ယောက် ပြေးလာကြပြီး ထင်းပုံပေါ်တက်ကြတော့မှ အတွေးလည်း ပျက်ရတော့သည်။ သေချာခဲ့ပြီ။ မအိမ်ကံ ကျောင်းကို ကြီးတော်စံရွှေတို့ လုပ်ကြံခဲ့ကြပြီ။ သာအောင် ပါလေသလား၊ မပါလေသလား မသေချာပေသိ သူလည်း သုံးခွက် တစ်ခွက်တင်။ မအေလုပ်သည့် အမှုတွင် ရွာ့မျက်နှာ မထောက်ဘဲ ရေငုံနေခဲ့ခြင်းကိုက အပြစ်ရှိခဲ့ပြီ။ ရွာ့အစည်း အဝေးညက နှုတ်ဆိတ်နေခဲ့သည်။ ရွှေမှုံကကော ဘာထူးသလဲ။ တစ်နွယ်ငင် တစ်စင်ပါဆိုသလို လင့်စက်ရိပ် ခိုပြီး မတရားမှုမှာ မြင်းညိုကျိုင်း မလန့် ရှိခဲ့သူပင်။

ရွာရပ်အပေါ် ငွေတိုးကြေးတိုးချေး စားရင်း မတရားမှု ဖြင့် ချမ်းသာကြွယ်ဝလာသော ကြီးတော်စံရွှေ။ သားလုပ်သူ သာအောင်ကကော ဘာထူးလဲ။ တောသူတောင်သားများ၏ ကျေးဇူးရှင် နွားတွေကို ကုန်ပစ္စည်းသဖွယ် သဘောထားပြီး နွားအလဲ အထပ်လုပ်ရင်း စီးပွားရှာသူ။ သင်းတို့တစ်တွေမှာ ဘယ်စိတ်ကောင်း နှလုံးကောင်း ရှိနိုင်ကြမှာလဲ။

မအိမ်ကံ အံတစ်ချက် တင်းတင်းကြိတ်ရင်း ထင်းပုံပေါ်က ဆင်းလာခဲ့၏။ သည်ကိစ္စမှာ မအိမ်ကံ တရားခံကို ဖော်နိုင်ခဲ့ပြီ။ တစ်ရွာလုံး မစဉ်းစားခဲ့သည့် ကိစ္စ။ တစ်ရွာလုံး မပြောပါနှင့် ကိုပြေသိမ်းပင် တရားခံ မရှာနိုင်ခဲ့သည့် ကိစ္စ။ လက်သည် ပေါ်တာတော့ ဟုတ်ပါပြီ။ ဘာဆက်လုပ်မလဲ။ ဘယ်သူ့ကို ပြောရမလဲ။ ရွာသူရွာသားတွေ အစည်းအဝေး ခေါ်ပြီး သည်ကိစ္စကို အူမ ချေးခါးဖွင့်ချရင်ကော။ မအိမ်ကံ ပြောပြလျှင်ကော ယုတ္တိယုတ္တာ ရှိပါ့မလား။ ညည်းကိုယ်တိုင် ဒိဋ္ဌမျက်မြင် ဟုတ်လို့လား မေးလျှင် ဘယ်လိုဖြေမလဲ။ ဘာနဲ့ သက်သေ ထူမလဲ။

မအိမ်ကံ(41)

ဖိုးညောင်း အသံ။ စကားသံတွေ တိတ်ဆိတ်သွားပြန် သည်။
“မြင်းနောက်က စီးတဲ့ ကောင်က ရှေ့ကကောင်ကို ခါးဖက်ထားသယ်။ သည်တော့ လူလုံးချင်းယှဉ်ထိုင်သလို ဖြစ်နေသာပေါ့နော။ နောက်ကကောင်က လူပုပုရယ်ဗျ။ ပုပု ညှက်ညှက်ရယ်။ ကျုပ်မှတ်မိပြီ။ ဟုတ်သယ်။ ရှေ့ကကောင် နဲ့ ခေါင်းမညီဘူး။ ပုပုကလေးရယ်”

လူပုပုကလေး။ ဘယ်သူဖြစ်နိုင်သလဲ။ ကိုပြေသိမ်းက တရားခံကို မမျှော်လင့်ပါ။ အကြောင်း ရည်ရွယ်ချက်ကိုသာ သိချင်သည်။ အခုတော့ အစတစ်စ ထွက်လာပြီ။ အရပ်ပုပု လူတစ်ယောက်။ မီးကွင်းပစ်လိုက်သူဟာ အရပ်ပုပု။ သည်လောက်နှင့်ပင် ထိုနေ့က စကားသိမ်းလိုက်ရသည်။

မအိမ်ကံကတော့ အိပ်ရာထဲ ၀င်ခဲ့သည့်တိုင် မီးတောက် မီးလျှံများနှင့် လူပုပု တစ်ယောက်ကိုသာ မြင်ယောင်နေမိပါ ၏။ ကိုပြေသိမ်းက ဘာမှတော့ မပြော။ သူလည်း စဉ်းစားနေ ပုံရသည်။ နောက်တော့ ကိုပြေသိမ်း အိပ်ပျော်သွားသည်။ မအိမ်ကံကတော့ ရွာခေါင်းဆောင် သာအောင် တစ်ယောက် ဘာကြောင့် စကားတစ်ခွန်းမှ မပြောခဲ့တာလဲ ဆိုတာကို စဉ်းစား နေမိသည်။ တကယ်ဆိုလျှင် ရွာကင်း ခေါင်းဆောင် တစ်ယောက် အနေဖြင့် မေးရမည်။ မြန်းရမည်။ စကားတွေ ပြောရမည်။ ဆွေးဆွေးနွေးနွေး ရှိရမည်။ ဒါဖြင့် သူဘာကိစ္စ ငြိမ်နေရတာလဲ။ ပြောစရာ မရှိလို့ မပြောတာလည်း ဖြစ်နိုင်ပါ၏။ သို့ပေသိ မအိမ်ကံ စိတ်ထဲမှာ ၀ိုးဝိုးဝါးဝါး ခံစားနေ ရသည်။ တစ်စုံတစ်ရာ လွဲချော် နေသလို ရှိနေခြင်းပင်။ ရွာကျောင်းကို သာအောင် မီးရှို့ခဲ့တာ မဟုတ်။ ရှို့စရာလည်း အကြောင်းမရှိ။ သာအောင်မှာ သည်လို ယုတ်ညံ့သည့် စိတ်မရှိတာ မအိမ်ကံ ယုံကြည်ပါ၏။ တစ်စုံတစ်ယောက်က သည်အကြံအစည်မျိုး ရှိသည်ဆိုလျှင်ပင် တုတ်တပြက် ဓားတပြက် ထလုပ်မည့် လူမျိုး။ အစ်ကို မောင်မြတ်သာနှင့် အတူ တိုင်းပြည် ကိစ္စတွေမှာ ပါခဲ့သူပင်။

ဒါဖြင့်ရင် ကျောင်းမီးရှို့ခဲ့သည့် ကိစ္စမှာ ဘာကြောင့် သာအောင်ကို သံသယ ရှိနေတာလဲ။ မအိမ်ကံ ဒါကိုတော့ တွေးလို့ မရပါ။ ရေရေရာရာ ထင်းထင်းရှင်းရှင်း မရှိ။ မအိမ်ကံ စိတ်ထဲမှာ မှုန်မှိုင်းမှိုင်းအငွေ့ တစ်မျိုး ယှက်သန်းနေတာပဲ ရှိ၏။ မအိမ်ကံ မအိပ်နိုင်သေး။ အိပ်ရာက အသာထ လာခဲ့တာ ပြတင်းပေါက်နား လာရပ်သည်။ ဇောင်ချမ်းကုန်းရွာကလေးပင် ငြိမ်သက် အိပ်မောကျနေခဲ့ပြီ။ တပေါင်းလ၏ ညလေအေးအေးက တရှရှ တိုက်ခတ်နေသည်။ မအိမ်ကံပင် ခေါင်းကြည်သွားခဲ့သည်။ မအိမ်ကံမှာ ထူးခြားသော ဥာဏ်ရည် တစ်မျိုးရှိမှန်း သူ့ကိုယ်သူ သိသည်။ တစ်စုံတစ်ရာ ထင့်ခနဲ ဖြစ်သွားလျှင် သေချာအောင် တွေးသည်။ ရှင်းရှင်းလင်းလင်း ဖြစ်အောင်တွေးသည်။ ရုပ်လုံးသဏ္ဌာန် ပေါ်အောင် တွေးလေ့ ရှိသည်။ အခုလည်း သာအောင်ကို သံသယ မရှိသော်လည်း မအိမ်ကံ စိတ်ထဲမှာ ထင့်ခနဲ ခံစားရတာတစ်ခု ရင်ထဲမှာ စလုံး စခု ခံနေပါ၏။

 
Copyright© ညအလင်္ကာ