Saturday, January 2, 2010

မအိမ် ကံ(44)

မအိမ်ကံ ဒီဇင်ဘာ-09 ဒုတိယပိုင်း
အခုတော့ မအိမ်ကံတို့ အိမ်ကြီး ဆူဆူဝေဝေ မရှိတော့။ အိမ်ဦးခန်းမှာ ထိုင်ပြီး အကြောင်း အကျိုးအကောင်း အဆိုးကို ဝေဖန်ပိုင်းခြား ပေးတတ်သည့် အမေ ပန်းရုံလည်း ငုတ်တုတ် မည်းတည်း မရှိရှာတော့ပြီ။ အမေ့ ဆေးတောင်းကလေးကို မြင်တိုင်း ရင်လှိုက်ရ လွန်းသဖြင့် အိမ် အပေါ်ထပ်က အခန်းထဲ သိမ်းထားခဲ့ရသည်။ မလှအုံ မရှိတော့သဖြင့် ခါတိုင်းလို အိမ်မှာ သောသောညံညံ ဗျစ်တောက်ဗျစ်တောက် မရှိတာကပင် ခြောက်ကပ် သွားသလို ခံစားရသည်။ မုဆိုးဖို ကိုဖိုးငွေကတော့ လူအေးသလောက် ရိုးရှာ လွန်းသဖြင့် သနားရပါ၏။ ရက်ကန်း ရုံကလေးဘက်ရောက်တော့လည်း အရီးကြာညွန့်ကို သတိရ မိရပြန်သည်။ တူဝရီးနှစ်ယောက် ခေါင်းချင်းဆိုင်ကာ ရက်ကန်း အဆင် ဆန်းကလေးတွေ အကွက်အသွေး ဖော်ခဲ့ကြပုံ တွေ။ သည်လူသည် လူတွေရဲ့ နေရာမှာ မအိမ်ကံ ကိုယ်တိုင် ထဘီ ခါးစောင်း တင်ခဲ့ရပြီ။ မီးဖိုချောင်ကို ကျေးဥ ဝင်ရပြီ။




တောက်တို မယ်ရကလေးတွေအတွက်တော့ ရက်ကန်းသမထဲ က အေးငြိမ်ကို ခေါ်ထားလိုက်သည်။ အေးငြိမ်က ရက်ကန်းရုံလည်း ဝင်နိုင်သည်။ အိမ့်ဗာဟီရမှာလည်း မျက်နှာလွှဲရသူ ကလေးဆိုတော့ အားကိုးရပါ၏။ တောအလုပ်၊ အခင်း အလုပ်တွေကို ဖိုးတုတ်နှင့် ကျေးဥတို့ လင်မယားက တက်ကစီးရှိ ကြသည်။ ဖိုးကူးကတော့ အိမ်မှာ ဂျိုကာရုပ် ဖြစ်ရပါပြီ။ ငယ်စဉ်ကတည်းက မအိမ်ကံ၏ လက်က သုံးတောင်ဝှေး ပီပီ မအိမ်ကံ အထူး အားကိုးရသူလည်း ဖြစ်လာသည်။ လူပျိုသိုးကြီး ပီပီ အပူမရှိ အပင်မရှိ နောက်ဆံ ငင်စရာလည်း မရှိ။ မအိမ်ကံကိုလည်း အင်မတန် ချစ်ရှာသည်။
မအိမ်ကံ ပြန်စဉ်းစားကြည့်တော့ သည်အိမ်ကြီးမှာ သွေးသား ရင်းချာရယ်လို့ မအိမ်ကံနှင့် သမီးငယ်ခိုင်သာ ရှိတော့သည်။ သည်လို အတွေး ရောက်သွားလေတိုင်း မအိမ်ကံ အူချာ ပေါက်အောင် ရူးချင်လာမိခဲ့၏။ သူကြီးမင်း ဦးသာထန်နှင့် အမေ ပန်းရုံတို့ သမီး ခင်ပွန်းက မအိမ်ကံ တစ်ယောက်တည်း မွေးခဲ့သည်။ အသက်ကြီးမှ ပွားစီးရသောသမီးမို့ တုန်နေအောင် ချစ်ခဲ့ကြသည်။ သမီးကလည်း သမီး ဆိုရလောက်အောင် ချောမောလှသူမို့ တစ်ရွာလုံး၊ တစ်နယ်လုံးက သူကြီး သမီး ရုပ်ကလည်း ချောသဟဲ့၊ အသံကလည်း လွင်သဟဲ့၊ လက်ကလည်း ပါသဟဲ့၊ စိတ်ကလည်း နူးညံ့သဟဲ့ ဆိုကြသည် အထိ မျက်နှာ ပန်းပွင့်ခဲ့သည်။

“ကျေးဥရယ် နှစ်ပေါင်းလေးဆယ် ဆိုသာ ခဏကလေး လိုပဲနော်။ ကနေ့ မအိမ်ကံ အသက် လေးဆယ်ပြည့်သယ်။ သည်အနှစ် လေးဆယ်ထဲမှာ အဖြစ်အပျက်တွေက များလိုက်သာ ဝမ်းသာစရာတွေလည်း ပါရဲ့၊ ဝမ်းနည်းစရာတွေလည်း ပါရဲ့၊ ကြောက်စရာတွေလည်း ပါရဲ့၊ ရင်မောစရာတွေလည်း ပါရဲ့ ဘဝတွေများ တွေးကြည့်ရင် အံ့သြစရာ။ သည်မိသည်ဘနဲ့ တစ်သက်လုံး နေခဲ့ရမယ်လို့ ထင်ခဲ့သယ်။

သည်အရွယ် ရောက်မှ တွေးကြည့်တော့လည်း ရေကြည်လည်း သောက်ရ၊ ရေ နောက်လည်း သောက်ခဲ့ရသလိုပါပဲအေ”

သည်မနက်ပဲ ကျေးဥကို ပြောမိသေးသည်။ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ် သည်လိုရက်မှာ မအိမ်ကံကို အမေ မွေးခဲ့သည်။ တပို့တွဲ လကြီး ချမ်းချမ်းစီးစီး။ မအိမ်ကံ အိမ်ပေါ်တက်ကာ ဇာတာခြင်းထဲက ဇာတာကို သွားယူသည်။ မအိမ်ကံ ငယ်ငယ်ကတည်းက ထိုင်နေကျ ဝရန်တာ ကလေးဘက် ထွက်ပြီး ဇာတာကို ပြန်ဖတ်သည်။ သည်ဇာတာကလည်း မအိမ်ကံ နှင့် အတူ ရှိလာတာဆိုတော့ နှစ်ပေါင်း လေးဆယ်ပေါ့။ ဇာတာ ပေရွက်ကလေးပင် ရေနံချေးရောင် ပေါက်နေခဲ့ပြီ။

“ဇေယျတု ၅၀၂၁ သကရဇ် ဒီဃ ၁၂၈၂ ခုနှစ်ြွကင် ၁၉၄ သူရိယကံ ဝေါဟာရမာသ တပိုတွဲလ္ဆုတ် ၁၂ ရက် ၁ နေ ညစက် ၉ နြီာ၊ မြမ္မာ ၄ ချတ္တီးအချိန်နြီာ ပတ်ပြိ ၉ ဗီဇနာ ရပြံ ၉ ခရာ ကံလဂ်မိန်စမ်း သနွေင်္ ဟောရက် ၅ တြင် ၅ နဝင်လက္စီ နက္ခတ် ၁၂ လုံ ၃ ပတ် ၅၂ လိတ္တာ တက် လက္စီ လျက် ထိုနြီာ၏ တိသမရနက္ခတ်ကား မိကသီ ဒုတိယပတ် တိမတ်သောအခါ ရတနာသုံးပါး ဦးထိတ္တင်၍ သမီးရတနာ ဖွားသည် နာမံ မအိမ်ကံ အသက် ၁၂၀ ရှည်စေ၍ ပြိစေသော်”

ရွာဦး ဆရာတော်ကြီး ဖွဲ့ပေးခဲ့သည်ဆိုသော ဇာတာကို တစ်လုံးချင်း ဖတ်နေမိသည်။ အသက် ၁၂၀ ရှည်စေ၍ ပြိစေသော် (ပြည့်စေသော်)တဲ့။ အသက် တစ်ရာ့ နှစ်ဆယ်သာ နေရမည်ဆိုလျှင် နောက်ထပ် အသက် ရှစ်ဆယ်နေရဦးမှာတဲ့ လား။ လူတွေအသက် တစ်ရာ့နှစ်ဆယ် အထိ ရှည်ကြလို့လား။ အသက် လေးဆယ်မှာပင် မအိမ်ကံ အတွက် ဝန်တွေ ပိလှပြီ။ အပူတွေ ရွက်ခဲ့ရပြီ။ ကိုယ့်ကိစ္စ ပါသလို သူတစ်ပါး ကိစ္စမှာလည်း ရောယောင် ပါနေခဲ့ရသည်။ အနှစ်လေးဆယ်စာ ကြုံတွေ့ ခဲ့ရသော အဖြစ်အပျက်များကြောင့် နောက်ထပ်အနှစ် ရှစ်ဆယ်လည်း ထပ်ပြီး အသက်မရှည် လိုတော့ပြီ။

တစ်ဖက်က တွေးပြန်တော့ မအိမ်ကံ အဖို့ရာ ကံကောင်းသည်လို့ ဆိုရမည် ထင်၏။ မျိုးကြီး ရိုးကြီးထဲမှာ ဝင်စားခဲ့သည်။ မိကောင်း ဖကောင်းတို့၏ သမီး ဖြစ်ရသည်။ အိမ့်ဝမ်းစာမ ကြောင့်ကြရသည့် အရိပ်မှာ ခိုခွင့်ရခဲ့သည်။ မိဘကို ချစ်သည့် အချစ်၊ လင်သားကို ချစ်ရသည့် အချစ်၊ သားသမီးကို ချစ်ရသည့် အချစ်။ အချစ် သုံးမျိုးစလုံး မအိမ်ကံ ရယူ ခံစားနိုင်ခွင့် ရှိခဲ့သည်။ မအိမ်ကံကို မွေးဖွား ပေးခဲ့သော လက်သည် အမေ ကြီးရိုးပုံကပင် မအေက ဥပဓိသမ္ပတ္တိဖြစ်မှ မွေးမယ့် ကလေးက ဥပဓိသမ္ပတ္တိ ဖြစ်ရတယ်ဟု ပြောကြောင်း အမေပန်းရုံက ပြောဖူးသည်။ မအိမ်ကံကို ကိုယ်ဝန် ဆောင်စဉ်က အမေ့ခမျာ ငှက်ပျောအူ နုနုကလေးတွေ တဂျွမ်းဂျွမ်း ကိုက်စားချင်ခဲ့သတဲ့။ လပြည့်ကျော် ၁၄ ရက်ဖွားဆိုရင်တော့ အဆင်းရော အချင်းပါ လှမတဲ့။ အစ်ကို မောင်မြတ်သာက နှမကလေး လိုချင်တာ မြန်မြန်မွေးကြတော့ဗျာလို့ ပြောသတဲ့။ တကယ် မွေးတော့ တပို့တွဲလပြည့်ကျော် ၁၂ ရက်နေ့။

“ညည်းတို့ သမီးက တနင်္ဂနွေ သမီးဆိုတော့ ကျက်သရေ ဦးခေါင်းမှာ တည်သယ်။ ခေါင်းကို သန့်အောင်ထား။ မင်း မိဖုရားဂြိုဟ်နဲ့ ယှဉ်မွေးသဲ့ မိန်းမဟဲ့။ လပြည့်ကျော်ဆယ့်နှစ် ရက်ဖွားဆိုတော့ ကြွယ်ပိုးကြွယ်ဝ ရှိလိမ့်မယ်။ ကောင်းလိုက်တဲ့ ဇာတာ ညည်းတို့ စောင့်ကြည့်ပါအေ။ မင်းကတော် မဖြစ်တော့ပြော”

အမေကြီး ရိုးပုံ ပြောခဲ့သည့် စကားတွေ မှန်ကြောင်း မလှအုံက မကြာခဏ ပြောတတ်လို့ မအိမ်ကံ အလွတ် ရနေခဲ့သည်။ မအိမ်ကံ မွေးသည့်ညက ထူးထူးခြားခြား အနောက်ရမ်း လေကြီး တိုက်ခဲ့သည်။ ဝင်းခနဲ ပြက်လိုက်သော လျှပ်စစ်မိုးကြိုး တစ်ချက်ကြောင့် ပဲမှော် တိုက်ကြီးတောင် သိမ့်ခနဲ ခါသွားခဲ့သည်။ အိမ်ခေါင်းရင်းမှာ နှစ်နှင့်ချီကာ အပွင့် မြုံနေသော ဆပ်သွားဖူးရုံ ကြီးကလည်း မအိမ်ကံ မွေးသည့် ရက်မှ အဖူးတွေ ထိုးခဲ့သည်။ ဘုန်းကြီး ကျောင်းရိပ်က ရေကန်ကြီးပင် ပြည့်သွားအောင် မိုးကြီး တစ်မရွာခဲ့သည်။ မအိမ်ကံ အာရုံတွေထဲမှာ မအိမ်ကံ မွေးခဲ့သည့် နှစ်ပေါင်း လေးဆယ်က အဖြစ်အပျက်တွေ ဖျန်းခနဲ ဖျန်းခနဲ ပေါ်နေခဲ့လေ၏။

“ရှင်အိမ်ကံ့နှယ် ညည်းငယ်ငယ်က ဖအေ ဆုရလာလို့ ပွဲခင်းသဲ့ ဟာကို အငြိမ့်မင်းသမီး အနားက မခွာဘူး။ အက သင်ချင်လို့သဲ့။ ကတဲ အဲသည် ရက်က အိမ်မှာ ဟင်းတွေ ပွဲထိုး ထားသလို ဗောင်းလန် နေသာကို မစားဘူး။ ပွဲကြည့် လှည်းတွေ ထမင်းအိုးတောင်း ဟင်းအိုးတောင်း သွားမျှော်သာလေ။ ခရမ်းချဉ်သီး ဒလိမ်းထိုး ချက်စားချင် လှဆိုလို့ ကျုပ်ချက်ကျွေးရ ပါကောလား”

“ငယ်ငယ်က အင်တန် အနေအေးသာ။ ရွာထဲ သူတကာ့ ကလေးတွေနဲ့ ကစားချေပါဟဲ့ ဆိုလည်း မကစားဘူး။ အားအားရှိ အိမ်အပေါ်ထပ် က်ထိုင်နေတော့သာ။ မှို့စကြာကလေး တွေလွင့်လာသာကို လိုက်ငေးတတ်သယ်။ မလှအုံအဲသာလေး တွေက ဘာတွေလဲ၊ ဘယ်ကလွင့်လာကြသာလဲ၊ ဘယ်ကိုသွား ကြမှာလဲနဲ့ မေးတတ်လို့ ငါဖြင့် မဟုတ်ကရော၊ ဟုတ်ကရော ဖြေရသာပါအေ”

“တစ်ခါများ အစ်ကိုလုပ်သဲ့ သူကို ပုန်းညက်ပန်း ခူးပေးပါ ဆိုတော့ အစ်ကိုက အပင်ပေါ် မတက်ဘဲ အပင်ခြေက လှဲချ ပစ်လိုက်သာတော်။ ကိုင်း ငါ့နှမ ကြိုက်သလောက်ခူး စမ်းတဲ့။ တို့ဖြင့် အပင်ကလေး နှမြောလွန်းလို့ ရယ်ရခက်၊ ငိုရခက်”

မအိမ်ကံ အရွယ် ရောက်လာတော့ ငယ်ငယ်က အကြောင်းတွေကို မလှအုံက သူမှတ်မိသမျှ စီကာပတ်ကုံး ပြောပြလေ့ ရှိခဲ့သည်။
သည်အသက် သည်အရွယ် အထိ မအိမ်ကံ ကိုယ်တိုင် မမေ့နိုင်သော ပုံရိပ်တွေ ရှိခဲ့သည်။ မအိမ်ကံ ငယ်ငယ်ကပါပဲ။ ဘယ်အရွယ်လောက် ရှိမလဲ မအိမ်ကံ မမှတ်မိတော့ပါ။ ထိုနေရာတွင် ထီးကြက်တော် ခေါ်ကြသည့် ထီးဖြူကြီး ရှိသည်။ ကျောက်ထီးကြီးတွေ ကြားက ထီးဖြူတစ်လက်။ သည်ထီးတွေကြားမှာ မမ ဂွမ်းဖြူ။ စောစောတုန်းက သည်နေရာမှာ လူတွေ အများကြီးပါ။ နောက်တော့ မအိမ်ကံနှင့် မမ ဂွမ်းဖြူသာ ရှိတော့သည်။

“မမဂွမ်းဖြူရယ်၊ မအိမ်ကံဖြင့် တစ်ယောက်တည်းရယ် လို့ စိတ်အားငယ်လိုက်ရသာ မပြောပါနဲ့တော့။ လူတွေလည်း ဘယ်ရောက်ကုန်ကြမှန်း မသိပါဘူးတော်”

“လူတွေက ထီးဖြူတော် လာကပ် လှူကြသာကော မအိမ်ကံရဲ့၊ ပြန်ကုန်ကြပြီ”

“မမဂွမ်းဖြူက ဘာလာ လုပ်သာလဲဟင်”

“ဖက်စိမ်းကွမ်းတောင်လာပို့သာလေ။ သည်စေတီရင်ပြင်ပေါ်မှာ မိန်းကလေး တစ်ယောက်ကို ဖက်စိမ်းကွမ်းတောင် လွှဲပေးရမှာ မအိမ်ကံရဲ့”

“ဖက်စိမ်းကွမ်းတောင်က ဘယ်မှာလဲ”

“ဟိုမှာလေ ကျောက်ထီးရိပ်အောက်မှာ”

ဟုတ်သားပဲ။ ဖက်စိမ်းကွမ်းတောင်က ဖူးဖူးကြွကြွ၊ ရွရွ စိမ်းစိမ်းကလေး။ မအိမ်ကံက ဖက်စိမ်း ကွမ်းတောင်ကို သွားယူလိုက်ဖို့ ပြင်သည်။
“မထိနဲ့နော် မအိမ်ကံ။ ဖက်စိမ်းကွမ်းတောင်ဆိုသာ လွှဲအပ်ပြီးမှ ကိုင်ခွင့်ရှိသာ။ မမက လွှဲမပေးမချင်း မကိုင်ရဘူး။ မီးထ တောက်တတ်သယ်”

“အို မအိမ်ကံ ကိုင်ချင်လို့ပါနော်၊ မအိမ်ကံကို လွှဲပေးပါနော်”

“မလောပါနဲ့အေ။ အဲသလောက် ဘယ်လွယ်ပါ့မလဲ”

“အို မရလို့ကို မဖြစ်ပါဘူး၊ ဖယ်ပါ”

မအိမ်ကံ ကဇွတ်ဝင်လုတော့ လက်ထဲမှာ ဖက်စိမ်းကွမ်းတောင် ထိပ်က ငှက်ပျောဖက် ကြက်တူရွေး ရုပ်ကလေးသာ ပါလာခဲ့သည်။
မအိမ်ကံ ဘဝမှာ မှတ်မှတ်ရရ ရှိခဲ့သည်။ ငယ်ငယ်က မက်ခဲ့သည့် အိပ်မက်။ သည်အိပ်မက်ပြီး နောင်နှစ်ပေါင်းများ စွာအထိ မကြာခဏ မက်ခဲ့ရသည့် အိပ်မက်။ တစ်ခါတော့ အစ်ကို မောင်မြတ်သာက ဝါးကလေးတွေ သုံးပြီး ဖက်စိမ်း ကွမ်းတောင် ရုပ်ချိုးပေးသည်။ အဖျားမှာ ကြက်တူ ရွေးကလေး ပင်ပါသေးသည်။ မအိမ်ကံ ကွမ်းတောင်ရုပ်ကို ပွေ့ရင်း အပျို တစ်ယောက်လို ဟန်ဖြင့် ခြေဖျားကလေးထောက်၊ လည်တိုင် ကလေးမော့ပြီး လျှောက်သည်။ သည်အချိန်မှာပဲ အမေ ပန်းရုံ၏ အော်သံ၊ ချောက်ချား စရာပင်ကောင်းလှပါ၏။

“မအိမ်ကံ ညည်းလက်ထဲက ကွမ်းတောင်ရုပ်ကို အခု ချထားလိုက်စမ်း”

အနှစ် လေးဆယ်လောက်က အမေ့ အော်သံကို အခုပဲ ကြားလိုက်ရသလိုပင်။ ကွမ်းတောင်ကိုင် ဖြစ်ဖို့ ရူးသွပ်ခဲ့ ရသော မအိမ်ကံကို ရက်ရက်စက်စက် လက်ညှိုး ငေါက်ငေါက် ထိုးကာ အရှက်တကွဲ အကျိုးနည်း ဖြစ်စေခဲ့ရသော ကြီးတော် စံရွှေ၏ နင့်နင့်သီးသီး စကားလုံးများ။
“ညည်းက ငါ့စီးပွားလည်း ပြိုင်သေး ငါ့သားလည်း ချိုင်သေး။ ငါ့သားက ကွမ်းတောင်ကိုင်နဲ့ ယူမှာအေ့။ ညည်းရုပ်က ပပဝတီလောက် ချောသယ်ပြောပြော နဂါးဘုံ ဂဠုန်မကူး နိုင်သလိုပဲ ညည်းသည်တစ်သက် ကွမ်းတောင်ကိုင် မဖြစ်ဘူး”

အိုး...။ သည်ကနေ့ကျမှ မအိမ်ကံ ဘာဖြစ်တယ် မသိ။ ရှေးဖြစ် နောက်ကြောင်းတွေက အပ်ချည်မျှင် အစ ဆွဲမိလိုက် သလို အတန်းလိုက် အမျှင်လိုက် တောက်လျှောက် ပါလာလေရာ ဆုံးပဲ မဆုံးနိုင်တော့။ အာရုံတွေကို ဇွတ်မှိတ် ဖြတ်သော်လည်း မပြတ်။ ထပ်ကာ ထပ်ကာ ပေါ်လာ နေတော့၏။

မအိမ်ကံ အာရုံတွေက သမီးကြီး မြိုင်ကို မြင်းခြံ သွားပို့စက ရက်တွေဆီ ရောက်သွားခဲ့ပြန်သည်။ ထိုနေ့က ကိုပြေသိမ်း၊ ဖိုးကူး၊ ကိုဖိုးငွေနှင့် မလှအုံတို့ မြင်းခြံကို လိုက်သွားခဲ့ကြသည်။ အိမ်မှာ ဖိုးတုတ်က လွဲလျှင် မိန်းမသားတွေချည်း ကျန်ရစ်ခဲ့ကြသည်။ အစ်ကိုလေး ကိုစံကောင်းက လာစောင့် အိပ်ပေးခဲ့သည်။ ထိုညက အကြောင်းတွေကိုလည်း မအိမ်ကံ မမေ့နိုင်ပါ။ ဘယ်သူက ဘာရည်ရွယ်ချက်နှင့် လုပ်ခဲ့သည် ဆိုတာတော့ အခုထိလည်း မပြောနိုင်။ သို့သော် တိုက်ဆိုင်တာပဲလားတော့ မသိ။ သည်ကိစ္စဖြစ်ပြီးသည့် နောက်ပိုင်း အမေဆုံးသည်။ မလှအုံ ဆုံးသည်။

ထိုညက လကလေးပြက်ပြက်သာ နေခဲ့၏။ မလင်းမှုန်မှုန် လင်းမှုန်မှုန်။ ထိုညကအဖြစ်ကို မအိမ်ကံ ထင်းထင်းကြီး မြင်ယောင်နေဆဲဖြစ်သည်။ တွေးမိတိုင်းလည်း ကြောစိမ့် နေမိရဆဲ။ အဲသည်ညက မအိမ်ကံ အိပ်မပျော်ဘဲ နိုးနေခဲ့လေသည်။ မအိမ်ကံတို့ ဝိုင်းကြီး ကျယ်ကျယ်ထဲမှာ အနောက် တောင်ထောင့်ကို အိမ်သားတွေ ရောက်ခဲကြသည်။ မြေလပ် မထားချင်သဖြင့် ဖိုးတုတ်က ပဲစင်းငုံကြဲ ထားခဲ့ရာ ရိတ်ဖြတ် ထားသော ပဲစင်းငုံ ငုတ်တွေက ထိုးထိုးထောင်ထောင် ရှိနေကြသည်က တစ်ကြောင်း၊ ထိုနေရာ အထိ ရောက်ရန် အခြား အကြောင်း မရှိသည်က တစ်ကြောင်းတို့ကြောင့် တစ်နှစ်နေလို့ တစ်ခေါက် မရောက်ကြသည့် နေရာ ဖြစ်သည်။ တစ်ဖက်ဝိုင်း တိုက်တွေကလည်း တောပင်၊ တောထင်းတွေ ပုံကြတာမျိုး၊ အိမ့်အတိုအစ ဗြုတ်စဗျင်းတောင်းတွေ ထားကြတာမျိုးဖြင့် ထိုနေရာ ထိုထောင့်မှာ လူသူ အရောက်အပေါက် နည်းသလို ဖြစ်နေသည်။


သည်ကြားထဲက တစ်ဖက်နှစ်ဝိုင်း စပ်ရာထောင့်မှာ ရေမရှိသည့် တွင်းခြောက်ကြီး ရှိသဖြင့် အမှိုက်သရိုက်များ ပစ်ကြရာက မြွေပါး ကင်းပါး ခိုနိုင်သလိုဖြစ်နေတာလည်း ပါပါ၏။ မည်သူမဆို လာရောက် ခိုနေနိုင်လောက်အောင် အဆက် ဝေးသဖြင့်လည်း ဝိုင်းရှင်တွေ မသိဘဲ ဝင်ရောက်လာခဲ့သူ တစ်ယောက်က မအိမ်ကံတို့ ဝိုင်းတိုက်ထဲကို အချိန်မတော် အညစ်အကြေးတွေ ပစ်သွားခဲ့ခြင်း ဖြစ်၏။ တောင်ဘက်ဝိုင်းနှင့် အနောက်ဘက် ဝိုင်းတွေက သည်လို အလုပ်မျိုး လုပ်မှာ မဟုတ်တာကို မအိမ်ကံ ယုံသည်။ အပြင်သူစိမ်း တစ်ယောက်က သည်နေရာကို အကြောင်းတစ်ခုဖြင့် ခိုကာ ကြံစည်ခဲ့ပုံ ရသည်။ ကိုစံကောင်းနှင့် မအိမ်ကံတို့ ဓားတစ်လက်စီဖြင့် ရောက်သွား ကြသည့် အခါ နှစ်ယောက်စလုံး တောင့်သွားခဲ့ကြသည်။ မအိမ်ကံ ထိုးလိုက်သော ဓာတ်မီးရောင် အောက်တွင် အရာသုံးမျိုး တစ်နေရာစီ ပြန့်ကြဲနေပါ၏။

တစ်ခုက နှီးခေါပတောင်း တစ်လုံးဖြစ်၍ အခြားတစ်ခု ကတော့ သွေးတွေ တပွက်ပွက် ပေပွနေသော ပိတ်အနှီးစ တစ်စ ဖြစ်သည်။ အထဲမှာ တစ်စုံတစ်ရာ ပါသလို ရှိသဖြင့် ကိုစံကောင်းက ဓားဦးဖြင့် ထိုးခွဲကြည့်သည်။ အမဲသားတွေ၊ လတ်လတ် ဆတ်ဆတ် ရှိသေးရုံမက အနည်းဆုံး ငါးဆယ်သားလောက် ရှိလိမ့်မည်။ ပိတ်အနှီးစ ဟောင်းမှာတော့ ဆေးမည်းဖြင့် အင်းတွေလို အကွက်တွေ ရေးထားသည်။ ကိုစံကောင်းက မအိမ်ကံ ကို တစ်ချက် အကဲခတ် လိုက်သည်။ မအိမ်ကံကတော့ ဓာတ်မီး တစ်ဖက် ထိုးထားရင်း ဓားရှည်ကိုပင် မ မနိုင်လောက်အောင် ငိုင်ငိုင်ကြီး ရပ်နေလေသည်။

“အမဲသားတွေ ငါ့နှမ။ အင်းထိုးထားတဲ့ အနှီးစနဲ့ ထုပ်ပြီး ခေါပတောင်းနဲ့ ဘာနဲ့ တစ်ခုခုစီရင်ဖို့ လုပ်သာနေမှာ။ ခက်သာက လူကို မမိလိုက်ဘူး။ တို့မောင်နှမ ပြေးလာသာကို တွေ့သွား ပုံရသယ်။ ညနေလောက်ကတည်းက တွင်းခြောက်ကြီးထဲ ခိုနေလေသလား။ ခုမှ အသာဝင် လာသလားတော့ မပြောတတ်ဘူး။ နေဦး ဒါဘာပါလိမ့်”။ ခပ်ဝေးဝေး တစ်နေရာမှ မြေအိုးခြမ်းကွဲ။ နှစ်စိတ် ကွဲသွားပြီ ဆိုသော်လည်း ဆက်ကြည့် လိုက်တော့ နဂိုက တစ်ချပ်တည်း ဖြစ်ပုံရသည်။ ကိုစံကောင်းက နှစ်ချပ် စလုံးကို ဓားဦးနှင့် ထိုးလှန်ကြည့်သည်။ သံချွန်နှင့် ခြစ်ထားသည့် နေရာတွေ မွမွကြဲလျက် ရှိ၏။ ကိုစံကောင်းက ခြံထောင့် ငှက်ပျောပင်က အရွက်ဖားဖား နှစ်လက် ခုတ်ပြီး ခါးက ပိုင်းသည်။ နှီးခေါပတောင်းကို လှန်ကာ ခင်းသည်။ နောက်ထပ် ဖက်ရွက်တွေထဲကို အမဲသားထုပ်သွေးရွှဲရွှဲကို အထုပ်လိုက် မကိုင်ကာ ခေါပတောင်းထဲ ထည့်သည်။ သွေးစွန်း နေသည့် မြေကြီးတွေကိုပါ ဓားနှင့်ခြစ်ကာ မကျန်အောင် နှိုက်သည်။ အိုးခြမ်းပဲ့ နှစ်ချပ်ပါ ထည့်ပြီး အသာပိုက် လာခဲ့သည်။ မအိမ်ကံက ရှေ့က။ ကိုစံကောင်းက နောက်က။ ကိုစံကောင်းက ခြံတံခါးကြီးကို ဖွင့်ပြီး တာလမ်းနှင့် ဝေးဝေးက ချောက်ကြီးထဲ သွားပစ်သည်။ ပြန်လာပြီး ခြေလက်ဆေးသည်။ ဆေးလိပ် တစ်လိပ် ထိုင်ဖွာသည် အထိ မအိမ်ကံပါ အတူ ရှိနေခဲ့ပါ၏။

“အစ်ကိုလေး၊ ဘာတွေလဲ။ အဲဒါတွေက ဘာလုပ်ကြတာလဲ။ ဘယ်သူက လုပ်တာလဲ။ မကောင်းသာ လုပ်မှန်းတော့ သိပါရဲ့”

မအိမ်ကံက မေးခွန်းတွေ ဆက်တိုက် မေးလိုက်လို့လား တော့မသိ။ ကိုစံကောင်းက ဘာဖြေရမှန်း မသိဘဲ တော်တော နှင့် အသံမထွက်။ သူလည်း စဉ်းစားနေပုံရသည်။ မအိမ်ကံတို့ ရွာတွေမှာ ဒါမျိုးတွေ ကြားဖူးပါ၏။ တစ်ဖက်ကို အတိဒုက္ခ ရောက်အောင်၊ အစွဲအမှောင့်ဖြစ်အောင် လုပ်ကြတာမျိုး ဆိုတာ လောက်တော့ မအိမ်ကံ ခပ်စမ်းစမ်း သိထားသည်။ ကိုစံကောင်းကတော့ ကြားဖူးနားဝ ရှိနိုင်လောက်သည် ထင်လို့ အလောတကြီး မေးလိုက်ခြင်း ဖြစ်သည်။

“အစိမ်း တိုက်သာပေါ့ဟာ ရုပ်မြှုပ်သာတို့၊ နတ်တိုက်၊ ဓာတ်တိုက်၊ အစိမ်းတိုက် စသည်ဖြင့် ရှိသယ်။ အစ်ကိုလည်း ကောင်းကောင်းတော့ နားမလည်ဘူး။ ဒါတွေက ခြံထဲပစ်ချ ရုံလောက်နဲ့တော့ ဘာမှ မဖြစ်လောက်ပါဘူး။ ဝိုင်းထဲခြံထဲ မြေကြီးထဲ မြှုပ်မှဖြစ်သာ။ လုပ်တဲ့ ကောင်က မြှုပ်ချိန် မရလိုက် ဘူးနဲ့တူပါရဲ့။ သည်ကောင် မြောင်းကျင်းကြီးထဲကနေ အထုပ်ကို အရင် ပစ်လိုက်ပြီး နောက်မှ လူဝင်မှာ နေမှာ”

“ရက်စက်လှချည်လား အစ်ကိုလေးရယ်။ မအိမ်ကံတို့မှာ သည်ဘက်နှစ်ပိုင်းတွေထဲ အတော် အတိုက်အခိုက် လုပ်ကြသယ်။ သာအောင်တို့ နေမှာပဲ”

“ဥပါဒ် မစွဲပါနဲ့ နှမရာ။ သာအောင်တို့ကတော့ လုပ်မထင်ပါဘူး။ သည်ကောင်က သွေးမြောက် နေသာ ရှိသာပါ။ ကိုယ့် ရွာသူ ရွာသားချင်းသည်လောက် မလုပ်ဘူးလို့ ထင်သာပဲလေ”

“ရွာသူရွာသားချင်း မလုပ်လို့ တစ်ရွာက ဘယ့်နှယ့်လာ လုပ်ပါ့မလဲ အစ်ကိုလေးရယ်။ အသွား မတော်ရင် ဒုက္ခရောက် ရမယ့် ကိစ္စ။ တစ်ရွာတစ်ရွာ ဝင်ဖြစ် မှတ်လို့”

“ဒါလည်း ဟုတ်သယ်။ နေပါဦးဟာ။ ဒါမျိုး နားလည်သဲ့ ကိုဘဆင်ကို အစ်ကို မေးကြည့်ပါဦးမယ်။ အရီးတို့ကို မပြောနဲ့ဟ။ လူကြီးတွေ ဆိုတော့ ကြောက်ကြလိမ့်မယ်။ လက်သည် ပေါ်လို့ကတော့ ငါလုပ်သွားပါ့မယ်ဟာ။ နင်အသာ နေပါ”

မအိမ်ကံ အိပ်ရာထဲ ရောက်သည် အထိ အမဲသား နံ့ကြီးစွဲ နေခဲ့သဖြင့် သွေးဆေးတစ်တို့ လျက်ရသေးသည်။ ရေထ သောက်ပြီးမှ အိပ်ရာ ဝင်ခဲ့သည်။ သည်တစ်ခါတော့ တစ်အိမ်လုံး ရူးအောင် ဒါမှမဟုတ် ဒုက္ခရောက်အောင် အောက်လမ်းနည်းကို သုံးကြပြီ။ အမိုက်တွင်းဆုံး လုပ်ကြပါပေါ့လား။ ဒါတွေကို အယုံအကြည် ရှိတာ မရှိတာထက် ရည်ရွယ်ချက် တစ်ခုဖြင့် ခြံထဲဝင်းထဲ အရောက် ကျူးကျော်ကြတာကိုတော့ မအိမ်ကံ သည်းမခံနိုင်။ ဖြစ်နိုင်လျှင် ညတွင်းချင်းပင် ရှင်းလိုက်ချင်သေးသည်။ အိပ်လို့ မပျော်နိုင်အောင် မခံချိမခံသာ ဖြစ်နေခဲ့သည်။ နှစ်ရက်လောက် နေမှ ကိုစံကောင်း မယောင်မလည် ရောက်လာသည်။ မောင်နှမနှစ်ယောက် သရက်ပင်အောက် သွားထိုင်ကြ၏။

“ကိုဘဆင်ကို ငါမေးကြည့်သယ်။ မအိမ်ကံတို့ ဝိုင်းထဲမှာ တွေ့သာလို့ မပြောပါဘူး။ ငါ့မိန်းမ ရွာမယ် အဲသလို ပစ် သွားသယ် ကြားသယ်လို့ ဆိုပြီးမေးသာ”

“ဘာတဲ့တုံး”

“မြေဘုတ်တွင်းစား ချသာလို့ ပြောသာပဲ။ အင်းပါပါရင် လူကို ဥပဒ်နိုင်သတဲ့။ မကောင်းဘူးပေါ့ဟာ။ မြေထဲ မမြှုပ် သာခံသာသာတဲ့”

ကိုစံကောင်းက ဆက်မပြောတော့။ မအိမ်ကံကလည်း မကြားချင်တော့ပါ။ မအိမ်ကံက တောင်ဘက်ဝိုင်း၊ အနောက် ဘက်ဝိုင်းက အိမ်ရှင်တွေကို ညဘက် လူကပ်ကြောင်း ပြောသဖြင့် ခြံကို လုံအောင် ကာကြသည်။ မြောင်းကျင်းကြီးထဲ ဆူးခက်တွေ မောက်နေအောင် ချလိုက်ကြသည်။ သည်ကိစ္စက သည်မှာတင် တစ်စခန်း ရပ်သွားခဲ့ပါ၏။ လက်သည်ကို အလိုလို သိနေမှတော့ သည်ကိစ္စ စုံစမ်းစရာလည်း မလိုတော့။ မအိမ်ကံ သတိနှင့်နေ သတိနှင့် သွားဖို့ရာသာ ရှိတော့၏။ ကိုစံကောင်းကတော့ ကိုပြေသိမ်းတို့ မြင်းခြံက ပြန်မလာမချင်း လာစောင့် ပေးရှာသည်။ တစ်ရက်၊ နှစ်ရက်အထိ မြင်းခြံကို ပို့လိုက်ရသော သမီး အတွက်ပင် မပူပန်မိရလောက်အောင် မအိမ်ကံ စိတ်တွေ ထွေနေခဲ့သည်။ နောက်နှစ်ရက်လောက် ရှိမှ ကိုပြေသိမ်းတို့၊ မလှအုံတို့ ပြန်ရောက်လာကြသည်။

“အဆင်ပြေရဲ့လား အစ်ကို။ မအိမ်ကံတော့ ဝမ်းလည်း သာပါရဲ့၊ စိတ်ထဲလည်း မကောင်းဘူး။ သမီး နေပျော်ရဲ့လား အစ်ကိုရယ်။ အစ်ကို့ သမီးက ရိုးပါအေးပါ ဘိသနဲ့ရှင်။ ထမင်း ဆာလို့လည်း ဆာတယ်ပြောမှာ မဟုတ်ဘူး။ ထမင်း မဝလို့ လည်း မဝသေးဘူး ပြောမှာ မဟုတ်ဘူး။ ညဘက် ညရေး ညတာ နောက်ဖေး နောက်ဖီ”

“အားလုံး အဆင်ပြေပါတယ် အိမ်ကလေးရယ်။ မောင်သက်မင်း မိန်းမဘက်က မိန်းကလေး တစ်ယောက်လည်း ရှိတယ်။ အတန်းတူပဲ။ အပေါ်ထပ်မှာ တစ်ခန်းတည်း နေကြတယ်။ စားအတူ၊ အိပ်အတူ၊ ရေချိုး အတူပါဗျာ”

“အစ်ကို မုန့်ဖိုး ပေးခဲ့ရဲ့လား”

“ပေးခဲ့ပါတယ်။ အစ်ကိုပြန်မယ် လုပ်တော့ ဇောင်ချမ်းကုန်းကို လွမ်းလို့တဲ့ ငိုသေးတာလေ။ ဘွားအေကြီး လွမ်းတာလား၊ မအေ လွမ်းတာလား၊ သူ့ညီမ လွမ်းတာလားတော့ မသိ ဘူး။ ငိုတာတော့ ငိုတယ်”

“ငိုသယ် ဟုတ်လား။ ဒါဆို တော်တော် ဟုတ်လာပြီ ကော”

မအိမ်ကံက သူ့သမီး ငိုတယ်ဆိုလို့ တစ်ဖက်က ဝမ်းသာ ရသေးသည်။ ခံစားတတ် ရှာပါလားလို့ တွေးမိ၍ ဖြစ်ပါ၏။ ကိုပြေသိမ်းကတော့ သူ့အရွယ်နှင့် သူ့ခံစားမှုက ဗီဇအရ ရှိကြတာချည်း ဖြစ်ကြောင်း၊ ထုတ်ဖော်ပြသခြင်း၊ မပြသခြင်းသာ ကွာကြောင်း၊ သိပ်ကြီး စိုးရိမ်ရန် မလိုကြောင်းတွေ ပြောပြသည်။ ဘာပဲဖြစ်ဖြစ် မိခင်ဆိုတော့ ပူရသား။ အဖော်ရှိတာ တော့ကောင်းပါရဲ့။ အဖော်ကကော။ လှည်းထက် ဘီးကြီးနေ မှာစိုးရသေးသည်။ မိန်းကလေးချင်းပေသိ အတုဆိုး ကူးမှာ စိုးရသည်။ တစ်ရက်တော့ သမီးကြီး မြိုင်ရှိရာ မြင်းခြံကို မအိမ်ကံ လိုက်သွားရမည်။ တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် နေလိုက်ဦးမည်။ ခွဲရတော့လည်း လွမ်းသား သမီးရယ်။

မလှအုံကတော့ သူ့ဘွားအေကို အသေးစိတ် ပြောပြ နေရပါ၏။ ဘွားအေကြီးကလည်း မေးလိုက်တာ စုံလို့။
“အရီးမြေးမ ဝမ်းပျော့သလား၊ မာသလားတောင် ကျုပ် ကြည့်ခဲ့ပါ့တော် ကိုင်း”

မလှအုံက ရွဲ့ပြောတော့မှ အမေ ပန်းရုံ အမေး ရပ်တော့သည်။ အမေပန်းရုံ အလှည့်ပြီးတော့ မအိမ်ကံက မေးရပြန်သည်။ ကိုပြေသိမ်း ပြောတာလည်း ပြောတာပေါ့။ မိန်းမသားချင်း မေးစရာတွေ ရှိသား မဟုတ်လား။ မလှအုံက မြင်းခြံ ကျောင်းပို့သာ ကောင်းသာပေါ့အေ့ဆိုလို့ မအိမ်ကံ ဝမ်းသာရ သည်။ မလှအုံ စိတ်ပြောင်း သွားလောက်အောင် ဘာတွေများ တွေ့ခဲ့လို့ပါလိမ့်။

“သမီးကငိုဆို မလှအုံ”

“ငိုပါ့အေ။ ဘယ်သူ့လွမ်းလို့တုံးလို့ မေးတော့ ညည်း သမီးက ဘာပြောမှတ်သလဲ”

“ပြောပါဦး”

“ကျေးကျေးကိုသဲ့သော်၊ ကျေးကျေးကိုသဲ့”

မအိမ်ကံ ဒီဇင်ဘာ-09 တတိယပိုင်း
မအိမ်ကံ ရယ်လိုက်ရတာ။ ဘယ်သူ့ လွမ်းလွမ်းပါအေ။ လွမ်းရ ကောင်းမှန်းသိဖို့ လိုသာပါ သမီးရယ်။
“ဘယ်သူ့ကို သတိရရပါ မလှအုံရယ်။ လွမ်းတတ်စိတ် ကလေး ရှိသာကိုပဲ ဝမ်းသာရသေး။ ပညာတတ်သာနဲ့ အမျှ မအိမ်ကံတို့နဲ့ ဝေးဝေး သွားရတော့မှာ မဟုတ်လား။ ပညာတွေ တတ်လေ၊ အတန်းတွေကြီးလေ မန်းလေးတို့၊ ရန်ကုန်တို့မှာမှ ရှိတဲ့ သက္ကသိုလ် ဆိုတာကို ပို့ရမယ့် ကလေးဆိုတော့ မအိမ်ကံ ကလည်း လွမ်းလက်စ သိမ်းတတ်အောင် နေနေရပါသယ်လေ။ တစ်ခုပဲ ရှိတယ်”

“ဘာပါလိမ့်”

“သြော် မအိမ်ကံ သမီးကို ရွာစိတ်၊ တောစိတ် ကလေးတော့ မပျောက်စေချင်ဘူး။ တောသူတောင်သား မိဘမျိုးရိုးက မွေးသာဆိုတော့ ပဲကြဲနှမ်းကြဲ၊ တလင်းနယ်တလင်းခေါက်၊ မောင်းထောင်းဆန်ဖွပ်၊ ရက်ကန်း၊ ထင်းခွေတတ်စေချင်သယ်။ လုပ်မစားပေသိလို့ မိဘများ သည်လို ဘဝနဲ့ နေခဲ့ကြသယ်ဆိုသာ ရင်ထဲ ရောက်စေချင်သာပါ။ ပြီးတော့ သူ့ရုပ်သူ့ရည်နဲ့ ကွမ်းတောင် ကိုင်ရသယ် ဆိုဦးတော့ မက်မက်စက်စက် ရှိစေချင်သယ်။ မြို့သူပညာ တတ်ဖြစ်လို့ မကိုင်ချင်ပါဘူး။ ရှက်စရာကြီးပါ အမေရယ် ဖြစ်မှာများ မအိမ်ကံ အင်မတန် စိုးရိမ်သယ်”

မလှအုံ ဘာမှ မပြောတော့ပါ။ မအိမ်ကံ ရင်ထဲက အစိုင်အခဲကို ကျေအောင် ချေချင်လှသော်လည်း မချေရက်တော့။ ကမ္မသကာလို့သာ သဘောပိုက်လိုက်ပါ၏။ ကံပါတော့လည်း ဖြစ်တော့မပေါ့။ ကံမပါတော့လည်း လွဲရုံပ။ ဘယ်သူ့ဘယ်သူ ကမှ မန်ကျည်းစေ့ တွင်းချ မပြောနိုင်သည့် ကိစ္စကို မလှအုံကလည်း မပူချင်တော့တာပါသည်။ ခေတ်တွေကလည်း ပြောင်းခဲ့ပြီ။ မလှအုံ ကိုယ်တိုင်မြင်းခြံမှာ တစ်ပတ်ဆယ်ရက် နေခဲ့ဖူးပြီ ဆိုတော့ ခေတ်ကာလ ဝတ်ပုံစားပုံ၊ ပြောပုံဆိုပုံတွေ မျက်စိထဲ မတွေ့ခဲ့။ သို့သော် ခေတ်က ဖြစ်လာတာကို တားဆီးဖို့ခက် သားပင်။ မအိမ်ကံ ဘဝမှာ ကွမ်းတောင် မကိုင်ခဲ့ရတော့ သမီးကို ကိုင်စေချင်တာကိုလည်း အပြစ် မမြင်ချင်တော့ပါ။ သည်စိတ်ရှိလို့လည်း ဘယ်သူ့မှ ထိခိုက်တာ မဟုတ်တော့ ဖြစ်ပါစေ လို့သာ ဆုတောင်းရုံ ရှိတော့သည်။

“ရွာစိတ်ရပ် စိတ်တော့ မပျောက်ပါဘူးအေ။ ပျောက်ခဲ သာပဲ။ တောထမင်း တောဟင်းနဲ့ လူဖြစ်ရသဲ့ ကလေးပါအေ။ ဖြစ်ချိန်တန်တော့ သိကြားမင်း ဖျက်တောင် ပျက်နိုင်ပေါင်ပါ ရှင်အိမ်ကံရယ်။ ငါ့ညီမ မပူပါနဲ့ ဟိုမှာလည်း စိတ်ချရပါ့ တော်။ ကျောင်းကို ငါကိုယ်တိုင် နှစ်ရက်၊ သုံးရက်လိုက်ပို့ သယ်၊ ကြိုသယ်။ ငါဖြင့် မြင်းခြံ တစ်ကျောင်းလုံး မြိုင်ကလေး အလှဆုံး ထင်မိသယ်။ ဘုရား စူးရစေ့ရဲ့”

သည်စကားတွေ ကြားပြန်တော့ မအိမ်ကံ ဝမ်းသာပီတိ ဖြစ်ရပါ၏။ သမီးကြီး မရှိတော့ ဝမ်းထဲဟာ သလိုလို၊ လွမ်း သလိုလိုတော့ ရှိသား။ သမီးငယ်ခိုင်က ကြုံရာကျရာ လူနှင့် နေတတ် ထိုင်တတ်သည်။ ဖအေ့ ကျောင်းမှာလည်း ကျောင်းမှာ မို့၊ အိမ်မှာလည်း အိမ်မှာမို့ သူငယ်ချင်း အဖော်တွေနှင့် တရုန်း ရုန်း၊ ချက်ချက်ချာချာကလည်း ရှိလိုက်ပါဘိသနဲ့။

သည်လိုနှင့် ရက်ကလေး ညောင်းလာတော့ မအိမ်ကံနှင့် ကျေးဥတို့ မြင်းခြံကို လိုက်သွားခဲ့ကြသည်။ ဖိုးကူးက လှည်းမောင်း။ သမီးခိုင်နှင့် ကျေးဥသား နှစ်ယောက်ပါပါတော့ မအေ လိုက်လာတာကို မအိမ်မြိုင် ဝမ်းသာအားရ ရှိခဲ့ရှာပါ၏။မောင်သက်မင်းတို့ ဝိုင်းကမြို့နှင့် လှမ်းတော့ လှမ်းသည်။ ကျောင်းကို စက်ဘီးနှင့် သွားတာတောင် နာရီ တစ်မတ်လောက်တော့ ကြာပါ၏။ အတူနေသည်ဆိုသော ကလေးမကလေးက လိမ်လိမ်မာမာ ယဉ်ယဉ်ကျေးကျးနှင့် ပတ်တီးချားလည် ရှိလို့ တော်သေးရဲ့ အောက်မေ့ရသည်။ မောင်တွေ၊ ညီမတွေ တရုန်းရုန်းနှင့် ဆိုတော့ မအိမ်မြိုင် ကိုယ်တိုင်က ရွာမှာထက် ပိုသွက် လာသလား ထင်ရသည်။ တစ်ရက်နေပါဦး၊ နှစ်ရက် နေပါဦး တားနေလို့ ရက်တွေ ပိုကြာခဲ့ရပါ၏။ သမီး မျက်နှာ တွေ့ရတော့လည်း မအိမ်ကံ ရင်ထဲ ဝသွားခဲ့ရသည်။ သမီး အတွက် ယူသွားသော စားသောက်ဖွယ်ရာတွေ၊ ထဘီ အင်္ကျီတွေ ပေးခဲ့သည်။ အတူနေကလေးမအတွက်ပါ လက်ဆောင်ပေးခဲ့သေးသည်။

“အမေတို့ ပြန်တော့မယ်နော် မြိုင်ကလေး။ လှည်းက အခင်းအလုပ်သုံးရဦးမှာဆိုတော့ ပြန်မှဖြစ်မှာ။ အမေတို့ အလုပ် တွေကလည်း တန်းစီနေသာလေ သမီးရဲ့။ ကျောင်းပိတ်ရက် ကျေးဥနဲ့ အခေါ်လွှတ်လိုက်မယ် ပြန်လိုက်ခဲ့နော်။ စာတွေ လည်း ကြိုးစား၊ အတန်းတွေရလာရင် ဖအေနဲ့သမီး အင်္ဂလိပ် လို ပြောကြစမ်းပါအေ။ အမေ နားထောင်ချင်လို့”

မအိမ်ကံက တတွတ်တွတ် မှာသည်။ မအိမ်မြိုင်က မြေကြီးပေါ် ပုံ့ပုံ့ကလေးထိုင်ပြီး မအေကို ကန်တော့တော့ မအိမ်ကံ မျက်ရည်တွေကို မျက်တောင်ခတ်ပြီး မနည်းကြီး သိမ်းရသည်။ သမီးကြီးမြိုင်က မြင်းခြံရောက်မှ မျက်နှာ ကလေးပိုလို့တောင် ပွင့်လာသလားပဲ။ မောင်သက်မင်း လင်မယားက သမီးကြီးကို ဂရုတစိုက် ရှိကြတာတွေ့တော့ မအိမ်ကံ စိတ်ချရပါ၏။ ကျေးဥကလည်း မှာစရာ ရှိတာတွေ မှာသည်။ ကျေးကျေးမုန့်တွေ ပို့ပေးမယ်ဆိုတာက လွဲလို့ ဘာမှ လည်းမပြောတတ်။ သည်လိုနှင့် မြိုင့်ဆီက ပြန်ခဲ့ကြသည်။ မြင်းခြံ သမီးဆီ ရောက်တဲ့ရက် ဆိုပြီး မအိမ်ကံ စာအုပ်နှင့် မှတ်ထားသည်။

၁၃၁၉ ခု ဝါဆိုလဆန်း ၁၃ ရက်။
ရွာရောက်တော့ အမေပန်းရုံက မြေးအကြောင်း မေးလို့ အပိုတွေပါ ထည့်ပြောရပါ၏။
“ဆောင်းဝင်ရင် ရာသီ အေးပါပြီအေ။ အမေပါ လိုက်ခဲ့ ပါဦးမယ်”
အမေပန်းရုံက မြေးဆီလိုက်ချင်လို့ ပြောခဲ့သည့်စကား။ သို့သော် အမေခမျာ မြိုင့်ဆီ မရောက်နိုင်ခဲ့ရှာတော့ပါ။

မွေးနေ့ဆိုတော့ မအိမ်ကံ ခေါင်းလျှော် ရေမိုးချိုးပြီး ကတည်းက သန့်သန့်စင်စင် ဝတ်ဆင်ပြီး ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့် ပို့လှူသည်။ တရားနာ၊ ရေစက်ချ၊ အမျှအတန်းပေး ဝေခဲ့သည်။ ရက်ကန်း သမတွေကို မနက်ဆွမ်းခံပြန်ချိန်ခေါ် ထားသဖြင့် လူစုံတက်စုံ ရောက်လာကြသည်။ ထမင်းကျွေး သည်။ ထဘီ တစ်ကွင်းစီနှင့် ငွေတစ်ရာစီ ပေးခဲ့သည်။ မွေးနေ့ ကုသိုလ်ပင်။ အရီးကြာညွန့် မရှိသည့် နောက်ပိုင်း ရက်ကန်း ခေါင်းဖြစ်လာသော အရီး ညိုညက်ကို ပိုကန်တော့ခဲ့ပါ၏။ အရီးကြာညွန့်လောက် မဟုတ်လှသော်လည်း တော်သင့်သ လောက်တော့ တော်ရှာပါသည်။ ရက်ကန်း ခေါင်းမထားလို့ မရ။ အနားမှာ ရက်ကန်းခေါင်း ရှိမှ အလုပ်တွင်သည်။ ဆူတန်တာဆူ၊ ငေါက်တန်တာငေါက်၊ ခေါက်တန်တာခေါက်ရသူ ဆိုတော့ ကလေးမတွေကလည်း ကြောက်ကြပါသည်။

“မကြာညွန့်တော့ မပြောတတ်ပေါင်အေ။ ငါဖြင့်သည် ကောင်မတွေကို နေဝင်ရိုးရီ နအုပ် ပြန်သိမ်းရသာ ကျလို့။ ကလေးတွေဆိုတော့ တစ်ယောက် တစ်ပေါက်ကိုးအေရဲ့။ ပြောသာ ပြောနေသာ လိမ္မာကြရှာပါသယ်”

အရီးညိုညက် စကားကို မအိမ်ကံ ရယ်မိခဲ့ရသေးသည်။ နေ့လယ်ဘက်မှာတော့ မအိမ်ကံ တစ်ယောက်တည်း။ သမီးခိုင်နှင့် ကျေးဥတို့က အောက်ထပ်မှာ။ မနက်က စောစော ဆွမ်းထချက်ရသဖြင့် မျက်တောင်တွေက စင်းချင် လာခဲ့ပြီ။ အိပ်ရာပေါ် အသာ လှဲလိုက်ပေသိ အိပ်လို့မပျော်။ အတွေးတွေသာ အပြေးအလွှား ရောက်လာပြန်ပါ၏။ အလှူနှင့် လက်နှင့် မပြတ်ခဲ့ သော အမေ။ လူတကာကို နင့်နင့်ပိုးပိုး ပေးလိုက်ရမှ အနေ ဖြောင့်ရှာသော အမေ။ အသက် လေးဆယ်ကျော်ကာမှ သမီး မအိမ်ကံကို မွေးပြီး အသက် ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ် အထိ သည်သမီးကို ရင်အုပ်မကွာ ထိန်းသိမ်း စောင့်ရှောက်ခဲ့ရှာသော အမေ။ မအိမ်ကံ အမေ့ကို စိတ်ရောက်ရပြန်ပါ၏။

အမေပန်းရုံဆုံးတော့ ၁၃၁၉ ခုနှစ်၊ ဝါခေါင်လဆုတ်ရက် ထဲမှာဖြစ်၏။ ရောဂါကြီးရယ်လို့ မဝင်ခဲ့သော်လည်း ကောက်ကာငင်ကာ အဖျား ဝင်ရာက ဆုံးခဲ့ရခြင်းဖြစ်သည်။ ဆရာ ဆောင်ကိုပင့်ပြီး ဆေးကုသော်လည်း ဆရာဆောင်က စမ်းသပ် လိုက်ကတည်းက ပထဝီ ပျက်ပြီဟု ဆိုခဲ့ပါ၏။ ကိုပြေသိမ်း ကတော့ မြင်းခြံကို ချက်ချင်းပို့ပြီးကုသရန် စီစဉ်ခဲ့ရှာသည်။ မအိမ်ကံ ကိုယ်တိုင်က အမေ သည်လို ဖြစ်လိမ့်မည် မထင်ခဲ့။ အာဂန္တုရောဂါပါလေလောက်သာ ထင်ခဲ့ရာက ဆေးဆရာက အားမရကြောင်း ပြောမှ ထိတ်လန့်ခဲ့ရပါ၏။ ဝါခေါင်လဆုတ် ၆ ရက်နေ့၊ ကြာသပတေးနေ့ မိုးမချုပ် တချုပ်မှာပဲ အမေပန်းရုံ သည်အိမ်ကြီးက ထွက်ခွာ သွားခဲ့ရှာသည်။ မအိမ်ကံ ယူကျုံး မရစွာ ငိုကြွေးခဲ့ရသည်။ သမီးကြီးမြိုင့်ဆီကို သွားချင်လှချည့် တဖွဖွ ပြောရာက ဆုံးရှာခဲ့တာကို မအိမ်ကံ မဖြေနိုင်အောင် ဖြစ်ခဲ့သည်။ ဘွားအေနှင့် မြေးဦးမ ရှင်ကွဲပင်မက သေကွဲကွဲ ခဲ့ကြရရှာပြီ။ တစ်ခုတော့ ဖြေစရာ ရှိပါ၏။ အမေ ပန်းရုံခမျာ ဝေဒနာမရှိ။ အိပ်နေရင်းက ပျက်စီးခဲ့ရခြင်းဖြစ်သည်။

“အရီးရေ။ ကျုပ်နဲ့ လွှဲသွားခဲ့သာပေါ့ ဟုတ်လား။ သား သမီးတွေ၊ မြေးတွေကို ကျုပ်နဲ့ စိတ်ချသယ်ပေါ့လေ။ သူတော် ကောင်းမကြီးရေ။ အားကိုးခဲ့သလား။ ဘယ်သူက ဘာပြောပြော ဘယ်သူက ဘယ်လိုဆိုဆို သူကြီး ကတော်ရယ်လို့ အဆိပ် မရှိတဲ့ ဘုရားအစ်မ၊ ကျောင်းအစ်မကြီးရေ”

မလှအုံ ဟစ်ဟစ်ငိုတော့မှ အမေ့ ဂုဏ်ကျေးဇူးတွေကို မအိမ်ကံ ထင်းထင်းကြီး မြင်ခွင့်ရပါ၏။ ဟုတ်သားပဲ။ အမေ ဘယ်သူကိုမှ စိတ်မဆင်းရဲစေခဲ့တာ အမှန်ပင်။ အာဏာရှိလို့၊ ငွေရှိလို့၊ တတ်နိုင်လို့ စကားအရာနှင့်ပင် မစီးပိုးခဲ့ရှာ။ ဘယ်သူနဲ့ ဖြစ်ဖြစ် သူက အရှုံးခံလိုက်ဖို့ ဝန်မလေး။ ခွင့်လွှတ်သည်းခံ လိုက်ဖို့ ဝန်မလေး။ လှူခဲ့ တန်းခဲ့တာတွေလည်း မနည်းပါ။ ရှိသမျှ စည်းစိမ်ထက်ဝက်လောက်ကို သူတစ်ပါး အတွက် ဖဲ့ပေး ခဲ့သူဖြစ်သည်။ အမေ ဆုံးတော့မှ အိမ်ကြီးမှာ လူတွေ လျော့သွားခဲ့တာ မအိမ်ကံ သတိထားမိလိုက်သည်။ အဖေနှင့် အမေ ပြီးတော့ အဝေး တစ်နေရာဆီ ရောက်နေကြသော အစ်ကို မောင်မြတ်သာနှင့် သမီးကြီးမြိုင်။ မိသားစုတွေဟာ ဘာကြောင့်များ တစ်မိုးအောက်မှာ ရာသက်ပန် အတူနေခွင့် မရကြရတာပါလိမ့်။

ဘွားအေကြီး နာရေးမှာ မအိမ်မြိုင်ကို ကျောင်းကခွင့်က လေးခံကာ လေး၊ ငါးရက်ပြန်ခေါ်ထားခဲ့ရပြီး ပြန်သွားခဲ့ရ သည်။ မြိုင်ကသတိရတိုင်း ငိုရှာပါ၏။ အစ်ကိုမောင်မြတ် သာကတော့ မြေချကို မမီ။ ရက်လည် ဆွမ်းသွတ် အမီတော့ ရောက်လာခဲ့သည်။ အစ်ကိုက ရာထူးတစ်ဆင့် တက်ပြီး ဗိုလ်မှူးကြီးတောင် ဖြစ်သွားခဲ့ပြီကော။ တာဝန်တွေ ရှိသေးတော့ ရက်ကြာကြာ မနေနိုင်ခဲ့။ နှစ်ညအိပ်နှင့်ပင် ရန်ကုန် ပြန်သွားခဲ့ လေသည်။ မအိမ်ကံကတော့ သမီးနှစ်ယောက်ကို ဖက်ရင်း မျက်ရည်တွေတွေကျရတာ အကြိမ်ကြိမ်ပင်။

“အမေလည်း အသက်ရရှာပါပြီ အိမ်ကလေးရယ်။ အိမ်ကလေးတောင် အရွယ်ရပြီပဲ။ တစ်နေ့လူတိုင်း ကြုံကြရမှာ ပါကွယ်။ စိတ်ကို ဖြေပါ”

ကိုပြေသိမ်းက အားပေးခဲ့ပါသည်။ အမေ့အတွက် ရည် စူးကာ မအိမ်ကံစိတ်ရှိသလောက် လှူဒါန်းခဲ့သည်။ သည်အိမ်ကြီးမှာ နောက်ထပ်ကြုံရတာတွေကလည်း ပြောလို့ပင် ယုံစရာ မရှိ။ မတော်တဆ တိုက်ဆိုင်မှုပဲလား၊ တစ်စုံတစ်ရာသော ပယောဂပေပဲလား။ မအိမ်ကံမသိ။ အမေပန်းရုံဆုံးပြီး ဆယ့်တစ်လ အကြာမှာ မလှအုံ ဆုံးပြန်သည်။

၁၃၂၀ ခုနှစ်၊ ဒုတိယ ဝါဆိုလဆုတ် ၃ ရက်။
ထိုနေ့က မလှအုံကပင် “နောက်လ ညည်းအမေ ဆုံးသာ အခါလည်ပြည့်ပြီတော်။ သူတော်ကောင်းမကြီး မနေ့တစ်နေ့ ကလိုပါပဲအေ” လို့ ပြောခဲ့သေးသည်။ မလှအုံက ဖျားခဲ နာခဲသည်။ ဖျားတယ်၊ နာတယ်ရယ်လို့လည်း မရှိ။ သူ့ဆေးနှင့် သူတောင်စမ်းစမ်း၊ မြောက်စမ်းစမ်း ပျောက်သွားရတာ များသည်။ အမေဆုံးတော့ တစ်အိမ်လုံး မလှအုံ ခေါင်းပေါ် အထုပ် ကျလာခဲ့သည်။ သူပဲ အဖေ၊ သူပဲ အမေဆိုသလို အမေ အရာထားကာ နေရာ ပေးခဲ့ကြသည်။ ကိုပြေသိမ်းကပင် မလေးမစား မရှိ။ ညနေဘက် ထမင်း စားသောက်ပြီး အိပ်ရာ အဝင်မှာ မူးသည်ဆိုကာ သွေးဆေးလျက်တာ မြင်လိုက်ရသေးသည်။ ည ရှစ်နာရီလောက်မှာ ချွေးစေးတွေ ပြန်လာကာ ဆုံးပါးခဲ့ရ ခြင်းဖြစ်၏။ မအိမ်ကံတို့မှာ ဆေးဆရာတောင် ပြေးပင့်ချိန် မရလိုက်ကြ။

သေခြင်းတရားကို မအိမ်ကံ ထိတ်လန့်သွားခဲ့သည်။ ဘယ်လို ဖြစ်ရတာလဲ။ မမြင်နိုင်သည့် စွမ်းအား တစ်ခုကများ ရွှေမှုံ ပြောခဲ့ဖူးသလို မြားတစ်စင်းရှဥ့် တစ်ကောင်ပစ်သလို ပစ်ချ နေတာများလား။ မအိမ်ကံတို့ အိမ်ကြီးကိုပဲ ခလုတ်တိုက်နေ ကြရော့သလား။ ကိုဖိုးငွေ၊ ဖိုးတုတ်၊ ဖိုးကူး၊ ကျေးဥ။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြရှာသည်။ မျက်ရည် မကျကြဘဲ အံ့သြလွန်းစွာ ကြောင်နေကြတာကို မအိမ်ကံ ရင်နာ ရသည်။

တစ်ရွာလုံး လိုလိုကလည်း အံ့သြကြလေ၏။
“မပန်းရုံနဲ့ လှအုံက တူအရီး ဆိုပေသိ အင်မတန် ချစ်ကြ ရှာသာကိုး။ တစ်သက်လုံး မပန်းရုံ အနား နေသွားခဲ့သာ ကြည့်ပါလား။ အခုလည်း လွမ်းလို့ လိုက်သွားသာ နေမှာပေါ့။ တို့ မသိကြလို့သာကိုး။ သူ့ခမျာ ရင်ထဲ ဘယ်လောက် မီးတောက်အောင် လွမ်းနေမှန်းမှ မသိသာ”

ရွာက သက်ကြီးရွယ်အိုတွေ ပြောကြသည့် စကားများဖြစ် ၏။ မအိမ်ကံကတော...။ လက်ချောင်းတွေ တစ်ချောင်းပြီး တစ်ချောင်း ပြုတ်သွားခဲ့သော ကင်းခြေများ တစ်ကောင်လို ခြေထောက်တွေ ရှိသေးတာပဲလေလို့သာ ဖြေရတော့၏။

“မအိမ်ကံတို့အိမ်ကို စုန်းတိုက်၊ နတ်တိုက်၊ ဓာတ်တိုက်၊ သိုက်တိုက်တွေများ လုပ်ထားကြသလား အစ်ကိုရယ်။ သည်လောက်တောင် ဆိုတော့လည်း မလွန်လွန်းဘူးလား။ မအိမ်ကံ ကတော့ အိမ်ကို ရွတ်ဖတ်ပြီး သန့်ပစ်ချင်သယ်”

“မဟုတ်ပါဘူး အိမ်ကလေးရယ်။ ဖြစ်ချင်တော့လည်း ဖြစ်တာပါပဲ။ လူတိုင်းမှာ ဇာတိဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခ တွေရှိကြသာချည်းပါ။ အိမ်ကလေး စိတ်သန့်အောင် လုပ်ချင်လည်း လုပ်ပါလေ။ လုပ်ကောင်းတဲ့ ကိစ္စပဲ”

မလှအုံဆုံးပြီး တစ်လလောက်မှာ မအိမ်ကံနှင့် ကိုပြေသိမ်း တို့ ပြောဖြစ်ခဲ့ကြသည့် စကားများ ဖြစ်ပါ၏။
တစ်ခါတစ်ခါတော့လည်း သူတို့ ဘဝတွေထဲက ကျေးဇူး ကြီးလှ သူတွေကို မအိမ်ကံ သတိထားမိသည်။ ဆိုပါတော့ ကိုဖိုးငွေ။ မလှအုံနှင့် ပတ်သက်ရသော်လည်း တစ်သက်လုံး ချိုသည်၊ ခါးသည် မပြောဘဲ မအိမ်ကံတို့ ယာခင်း၊ ကိုင်းခင်း တွေထဲမှာ နှစ်ပေါက် ရှိရရှာသူ ဖြစ်သည်။ အဖေဘက်က အမျိုး ဆိုသော်လည်း အမေ ပန်းရုံကို ချစ်ရှာသူလည်း ဖြစ်သည်။ သည်အိမ်ကြီးမှာ တကယ်တမ်း ပြောကြကြေး ဆိုလျှင် ကိုဖိုးငွေ တို့သားအဖ တစ်တွေ၏ ကျေးဇူးက ပို၍ပင် ကြီးကြရှာပါ၏။ လှည်းနှင့်နွားနှင့် သစ်စူးဝါးစူး နေပူဆောင်းချမ်း တကုပ်ကုပ် ရှိကြသူတွေပင်။

အချိန်တန်လို့ ယာသီး ယာနှံတွေ ထွက်ပြန်တော့ အခေါက်ခေါက် အခါအခါ သူတို့ပဲ ပင်ပန်းတကြီး သယ်ရတိုက်ရ သီးနှံ သိမ်းကြရတာတွေကို မြင်နေရသည်။ ပြေးပါဦးဟဲ့၊ လွှားပါဦးဟဲ့၊ ဝိုင်းပါဦးဟဲ့ ဆိုတော့လည်း သူတို့ပင်။ ဖိုးတုတ်ကကော ကျေးဥနှင့် အိမ်ထောင် ကျတာပဲ ရှိသည်။ ယောက္ခမ အရီးကြာညွန့်တို့ ဆင်းရဲသော်လည်း ကျုပ်သွားလုပ်ကျွေး ချေဦးမည် မရှိ။ ကျေးဥနှင့် အတူ သူတို့ အမိုးအောက်မှာ ဥမကွဲ သိုက်မပျက် နေခဲ့ကြသည်သာ။ သည်လို ဆိုတော့လည်း အရီးကြာညွန့် မပူမပင် ရအောင် မအိမ်ကံက စောင့်ရှောက်ရပြန်ပါ၏။

“အစ်မအုံ ဆုံးရှာတော့ ကိုဖိုးငွေကြီးတို့ သားအဖ တစ်တွေ တစ်မျိုး တွေးနေကြပါဦးမယ် အိမ်ကလေးရယ်။ ပြောချင်တာ က အရီးလှအုံနဲ့စပ်မှ တော်ရသူလို့ မြင်သွားမှာ စိုးလို့ပါ။ သည်အိမ်မှာ ကျွန်မတို့နဲ့ တစ်သက်လုံး နေပြီး စောင့်ရှောက် ပါလို့ အိမ်ကလေး ပြောရမယ်။ သူတို့ကလည်း နေမယ့် သူတွေ ပါပဲ။ သို့သော်လည်း နှုတ်နဲ့ ထုတ်ပြောမှ လိပ်ပြာသန့် ရှာကြမှာပဲ”

“မှန်သယ် အစ်ကို။ မအိမ်ကံလည်း စဉ်းစားထားပြီး သားပါ။ ကျေးဥ အပါအဝင် အားလုံးကို မအိမ်ကံ တစ်ည ခေါ်ပြောပါဦးမယ်။ ဝိုင်းထဲက အိမ်ကလေးထဲ မနေခိုင်းတော့ဘူး။ သည်အိမ်ကြီးပေါ်မှာပဲ အကုန် အတူ နေကြသာပေါ့”

တစ်ညမှာတော့ မအိမ်ကံ ခေါ်ပြောခဲ့သည်။ ဝမ်းသာကြ ရှာပါ၏။ ကိုဖိုးငွေက မလှအုံကို သတိ ရပုံပေါ်သည်။ ငိုရှာ ၏။ သားတွေ၊ ချွေးမတွေကလည်း ငိုကြသည်။ ကိုဖိုးငွေက မျက်ရည်တွေ ပုဆိုးခါးပုံနှင့် သုတ်ရာက ပြောသည်။
“အေးပါ ငါ့နှမရာ၊ တို့ကလည်း မခွဲပါဘူး။ ညည်းတို့ ကိုင်းတွေ၊ ယာတွေ သူများလည်း အလုပ်မခံပါဘူး။ တို့နေရ သာလည်း မသိမ်ငယ်ပါဘူး။ တစ်သက်လုံး သည်လိုနေလာခဲ့ ကြသာပဲဟာ။ ကြာပင်အောက်ကဖား မော့ရသာမျိုးမှ မဟုတ် သာပဲ”

မအိမ်ကံ ခေါင်းထဲမှာ အကြောင်းအရာတွေ ပြေးလွှား နေသည်။ ခါတိုင်းလည်း စိတ်မရောက်တာတော့ မဟုတ်။ တစ်ကြောင်း မဟုတ်တစ်ကြောင်းတော့ စိတ်ရောက်ရသည် ချည်း။ အမေ ပန်းရုံတို့၊ မလှအုံတို့ မရှိတော့ သတိလက်လွတ် ငှက်တောင် ကျွတ်နေချင်လို့ မရတော့။ အစစအရာရာ မအိမ်ကံ ခေါင်းပေါ်မှာ အိမ့်ဝန်ထုပ်ကြီးရွက်ထားရပြီ။ စစ်ကြီးပြီးစ ခေတ်ကာလမကောင်းတုန်းက ရွာမှာ အလှူအတန်းတွေ ရပ် ဆိုင်းသွားခဲ့သည်။ လွတ်လပ်ရေး ရပြီးတော့လည်း ဆူဆူပူပူ ဆိုတော့ သားကြီး ရှင်ဖြစ်တွေသာ များခဲ့ပါ၏။ သည်ဘက်နှစ် တွေမှာတော့ ရွာပြန်စည်လာခဲ့သည်။ အလှူသံ၊ ဆိုင်းသံတွေ ကြားရပြန်ပြီ။ ရွာ့ကွမ်းတောင်ကိုင် ကလေးတွေပင် ရှိလာခဲ့ပြီ။

အစ်ကိုလေး ကိုစံကောင်း မိန်းမဘက်က တူမတစ်ယောက် ကွမ်းတောင်ကိုင် အရွေး ခံရတော့ အလှူရှိလျှင် မအိမ်ကံကပဲ ညွှတ်နေအောင် ဆင်တာတွေ အထိပါခဲ့ရသည်။ ရွှေမှုံ့သမီး မှုံနံ့သာတောင် ဆယ့်ခြောက်နှစ်ထဲ ရောက်ပြီ။ မိဘက သောင်သာသည့်တိုင် မှုံနံ့သာက ခါးကျိုးအောင် အလုပ်လုပ်သည့် အသံတွေတော့ ကြားရပါ၏။

မအိမ်ကံ အိပ်ရာက ထလာခဲ့ကာ အောက်ထပ်ကို ဆင်းလာခဲ့သည်။ အိပ်ရာထဲ လှဲနေတော့ စိတ်တွေက ဟိုရောက် သည်ရောက်နှင့် မလန်းချင်။ အသက်လေးဆယ်ပြည့်သည့် နေ့တစ်နေ့တော့ မအိမ်ကံ အေးအေးလူလူနေချင်သည်။ အောက်ထပ်မှာ သမီးငယ်ခိုင်က ကျောင်းစာတွေ လုပ်နေသည်။ ခိုင် တောင်မှ သည်နှစ်ပြီးလျှင် ရွာကျောင်းက အတန်း ကုန်ပြီ။ ခိုင့်ကို မြို့ပို့ပြီး ပညာသင်ရေး၊ မသင်ရေး မအိမ်ကံ မဆုံးဖြတ် နိုင်သေး။
ကျေးဥက မီးဖိုချောင်မှာ။ မအိမ်ကံ ဝင်လာတော့ ကျေးဥက ထမင်းစားတော့မလား မေးသည်။

“ကနေ့ မအိမ်ကံ အလှူ လုပ်လိုက်ရသာ ဝမ်းသာလိုက်သာ ကျေးဥရယ်။ ညည်းတို့ သားအဖတစ်တွေတော့ ညနေကျ လူစုံတက်စုံ ငါပေးစရာရှိသာ ပေးမယ်။ ကိုဖိုးငွေကြီးကို စိတ်ပြေလက်ပျောက် ဒုလ္လဘ ခုနစ်ရက်လောက် ဝတ်ခိုင်းလိုက် ချင်သေးသယ်။ မလှအုံလည်း ကုသိုလ် ရသာပေါ့”

“ကောင်းသာပေါ့အေ။ တို့တော့အေ ပေးစရာ မလိုပါဘူး။ တို့မိသားစုက အိမ်သားတွေပဲဟာ။ ညည်းပေးကာမှ စိတ်ထဲ တစ်မျိုး ဖြစ်ရပါဦးမယ်အေ”

“မဟုတ်ပေါင်အေ။ သည်သဘော မပါပါဘူး။ ဝယ်ချင် သာဝယ်ကြ လှူချင်သာ လှူကြရသာပေါ့ ငါပိုင်းဖြတ်ပြီး သားပါ”

သည်လိုဆိုတော့လည်း ကျေးဥဘာမှ မပြောတော့ပါ။ ကျေးဥက လက်နှီးစကို ကိုင်ရင်း ဟင်းအိုးချသည်။ ရေနွေးအိုး ပူလက်စကို ဆက်တင်သည်။ ကျေးဥလက်ရာက မလှအုံ လက်ရာကိုမီလို့ စားရေးသောက်တာ အဆင်ပြေပါ၏။ ကျေးဥ က မအိမ်ခိုင် ထမင်းစားဖို့ ဟင်းနွှေးခြင်း ဖြစ်သည်။ လက်နှီးစကို အသာချလိုက်တော့ မအိမ်ကံ ကျင်ခနဲ ခံစားလိုက်ရပါ၏။ ကိုပြေသိမ်း၏ ပုဆိုးပိုင်း အဟောင်းကို လက်နှီး လုပ်ထားခြင်း ဖြစ်သည်။ ကိုပြေသိမ်း ဝတ်နေကျ ပခုက္ကူကျေး တစ်ရာ ပုဆိုးဟောင်း။

“ညည်း အဲသည် လက်နှီးစုတ် လွှင့်ပစ်ပါ ကျေးဥရယ်။ ညည်းငါပြောထားသားနဲ့”

“မအိမ်ကံရယ် မဟုတ်သာအေ။ အဲသလောက်အထိ ညည်းမပါပါနဲ့အေ။ ငါမပစ်ရက်ပါဘူး။ ဆရာလေး ပုဆိုးဟဲ့”

“ညည်းမပစ်ရက်ရင် ငါပစ်သယ်အေ”

မအိမ်ကံက ပုဆိုးဟောင်း လက်နှီးစကို မီးဖိုထဲ ပစ်သွင်း လိုက်သည်။ ညှော်နံ့တွေ ထောင်းခနဲထကာ တဖျစ်ဖျစ်တောက် လောင်နေတာကို မအိမ်ကံ စိုက်ကြည့် နေခဲ့ပါ၏။ ကျေးဥက တစ်ဖက် လှည့်ရင်း မျက်ရည်ဝဲ နေခဲ့သည်။ ထိုစဉ်မှာပင် အိမ်ဝိုင်းဝဆီက အော်သံကြားလိုက်ရသည်။

“တောပုန်းရည်လေး အားပေးကြပါဦးဗျာ။ တောသည်ပါ အိမ်ရှင်တို့”

မအိမ်ကံ ဆတ်ခနဲ တုန်သွားခဲ့သည်။ တောပုန်းရည်။ မအိမ်ကံ ခြံဝကို ရင်တလှပ်လှပ်ဖြင့် ထွက်လာခဲ့လေသည်။
ကိုပြေသိမ်း ပုဆိုးဟောင်းက တဖျစ်ဖျစ် တောက်လောင် နေဆဲ...။
(ဆက်လက်ဖော်ပြပါမည်)

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ