Sunday, October 25, 2009

အချစ်ဦးရဲ့ အချစ်ဆိုတာ ဒီလိုအချစ်မျိုးလား...

အချစ်ဦးရဲ့ အချစ်ဆိုတာ ဒီလိုအချစ်မျိုးလား...


အချစ်ဆိုတဲ့ အရာက ဒီလောက် ချိုမြိန် ကြည်နူး ပျော်ရွှင်ဖွယ် ကောင်းလိမ့်မယ်လို့ မထင်မိခဲ့ပါ။ တွေးလိုက်တိုင်း စိတ်ထဲမှာ ကြည်နူးနေမိသည်။ ပျော်ရွှင်နေမိသည်။ လူတိုင်း ပြောကြသည့် အချစ်ဆိုတာ ဒါလား။ ဂရေဟမ် ဆိုထားတဲ့ သီချင်းကို နားထဲတွင် ပြန်လည် ကြားယောင်မိသည်....

`မချစ်ဖူးလို့ပါ အချစ်ဦးရယ် .... အချစ်ဆူး စူးလဲ စူးတော့ကွယ် ... ရင်မှာ အချစ်ပဲ နား .... လည်..´



အချစ်ကို ပူလောင်တယ်လို့ မမှတ်ယူမိပါ။ ပူလောင်တယ်၊ အေးချမ်းတယ် ဆိုတာ မိမိရဲ့ အယူပေါ်မှာသာ မူတည်သည်ဟု ထင်မိသည်။

မိမိ အတွက် အချစ်ဆိုတာ အေးချမ်းနေသည်။ တစိမ့်စိမ့် တွေးလေ တစိမ့်စိမ့် အေးချမ်းလေ ဖြစ်သည်။

သူ့မျက်နှာကို တွေးလိုက်မိတိုင်း ရင်ထဲတွင် အမည်ဖော်ပြ၍ မရသော ခံစားမှုကို ခံစားရသည်။

သူ အပြုအမှု၊ အပြောအဆိုလေးများကို တွေးလိုက်မိတိုင်း တစ်ကိုယ်တည်း ရယ်မောမိသည်။

တစ်ယောက်တည်း ရယ်မော ပြုံးရွှင်မိသည်မှာ ခဏခဏပင်။
ရူးနေပြီဟု ထင်ကောင်း ထင်မည်။ ရူးတော့ ရူးနေပါသည်၊ အချစ်ရူး။

တကယ် ချစ်လာတော့ မိမိ ချစ်သူ ပျော်ရွှင်နေသည်ကိုသာ မြင်ချင်လာသည်။
ချစ်သူ မျက်နှာ ညိုးငယ် သွားမည်ကို စိုးရိမ်တတ်လာသည်။
ပျော်ရွှင်နေသည့် မျက်နှာကိုသာ မြင်လိုသော စိတ်ဆန္ဒရှိလာသည်။
အရာရာ ဖြည့်ဆည်းပေးချင်မိသည်။
အချစ်ဆိုသော အရာက အရာရာကို ရင်ဆိုင်ရဲလာအောင် သတ္တိများ ပေးသည်မှာ မှန်လှပေသည်။
ရဲရင့်လာသည်။
ပေးဆပ်ဖို့ အသင့်ဖြစ်နေသည်။
အချစ်၏ စွမ်းအားသည် ဒီလောက် ပြင်းလိမ့်မည်ဟု တွေးမထင်ခဲ့ပါ။
သြော် အချစ်ဆိုတာ ဒါပါလားဟု သိလာရတော့သည်။

Saturday, October 24, 2009

ဒီလိုမျိုးချစ်နိုင်ကြလား?

ဒီလိုမျိုးချစ်နိုင်ကြလား?


တခါက ၁၀တန်းကျောင်းသား ကောင်လေးတစ်ယောက် ရှိတယ်။ သူက မနက်ဆို
ကျောင်းသွား၊နေ့လည်ဆို ကျူရှင်တက် ညနေလောက်မှ အိမ်ပြန်ရတယ်။ ဒီလိုနဲ့ တစ်ည
သူကျူရှင်ကအပြန် လမ်းထိပ်မှာ ကောင်မလေးတစ်ယောက်ကို တွေ့တယ်။ ကောင်မလေးက
ဘယ်သူမှန်းလဲမသိဘူး။ ဗာဒံပင်အောက်က အုတ်ခုံလေးမှာ ထိုင်နေတာ။ ညဘက်ကြီး
မိန်းကလေးတစ်ယောက်ထဲ ထိုင်နေတာ ထူးတော့ထူးဆန်းတယ်။ ဒါပေမဲ့ မသိတော့ ကောင်လေးလဲ
ဂရုမစိုက်ဘဲ လမ်းထဲဆက်ဝင်လာလိုက်တယ်။

ဒါပေမဲ့ ကောင်မလေးက သူ့ကိုလှမ်းခေါ်တော့ ကြောင်သွားတယ်။ ကောင်မလေးက
သူ့အနားလာပြီး ပြောတယ်။

“နင်ငါ့ကို တစ်ခုကူညီပါလား” “ငါဗိုက်အရမ်းဆာနေလို့”

ကောင်လေးက ကောင်မလေးကိုတစ်ချက်အကဲခတ်ကြည့်တော့ ပုံစံက
သန့်သန့်နဲ့ခပ်ချောချောလေး အသက်ကလည်းရွယ် တူလောက်ဆိုတော့ ရှိန်းတိန်းတိန်း
ဖြစ်သွားတယ်။နောက်တော့မှ တဏှာမပါတဲ့ စိတ်နဲ့ ကူညီလိုက်မယ်လို့ စဉ်းစားပြီး
ပိုက်ဆံအိတ် ထဲက ၅၀၀ တန်တစ်ရွက် ကိုထုတ်ပေးလိုက်တယ်။ ကောင်မလေးက မယူဘဲနေလို့
ရှက်နေတယ်ထင်တာနဲ့ လက်ထဲကို အတင်းထည့်ပေးတော့ ကောင်မလေးက ပြောတယ်။

“ငါ့ကို ၀ယ်ပေးပါလား”

ကောင်လေးလဲ ရုတ်တရက်ဆိုတော့ ကြောင်သွားတယ်။ နောက်မှ မထူးပါဘူးလေဆိုပြီး
ပေါင်မုန့် နဲ့ အအေး သွားဝယ်ပေးရတာပေါ့။ ကောင်မလေးက ၀မ်းသာသွား ရှာတယ်။
ပြီးတော့ တခြားလူတွေလို ဆုတွေမတောင်းပေးဘဲ ကျေးဇူးတင်တဲ့ အနေနဲ့
တစ်ချက်ပြုံးပြလိုက်တယ်။ အဲဒါနဲ့ ကောင်လေး အိမ်ပြန်လာလိုက်တယ်။ အိမ်ရောက်တော့လဲ
အဲဒီအကြောင်းဘဲ တွေးနေမိပြန်ရော။

နောက်နေ့ ညကျတော့လဲ ကောင်မလေးက အဲဒီနေရာမှာဘဲ ရှိနေတယ်။ ကောင်လေးကိုမြင်တော့
လှမ်းခေါ်တယ်။ ကောင်လေးလဲ ညဘက်ကြီး မိန်းကလေးတစ်ယောက်ထဲ ၂ရက်ဆက်တိုက် ရှိနေတော့
နည်းနည်းစိတ်ဝင်စားတာနဲ့ ကောင်မလေးဘေးမှာသွားထိုင်လိုက်တယ်။ ပြီးတော့
မေးလိုက်တယ်။

ယောကျာ်းတစ်ယောက်၏ အချစ်ဆိုသောအရာ(3)

အခန်း ( ၃ )
ကျွန်မရန်ကုန်ရောက်ရောက်ချင်း မောင့်ဟမ်းဖုန်းကိုလှမ်းခေါ်မိသည်။ တစ်ဖက်လာကိုင်သူက အမျိုးသမီးတစ်ဦး... “ ခဏစောင့်ပါ ” ဟု ပြောပီး တအောင့်တွင် မောင်လာကိုင်သည်။
“ ဟဲလို ”
“ မောင် .. ကျွန်မပါ ”
“ မနော ... ” မောင့်အသံက အံ့သြမှုအပြည့် ... ဟုတ်ပါသည် .. မောင်အံ့သြနေရှာလိမ့်မည် .. ကျွန်မမောင့်ကိုအဆက်အသွယ်မလုပ်တာ ၁ နှစ်လောက်တောင်ရှိခဲ့ဘီလေ။
“ ဟုတ်တယ်မောင် ကျွန်မအခုရန်ကုန်ရောက်နေဘီ .. မောင်နဲ့တွေ့ချင်တယ် ... မောင် မနက်ဖြန် မနက်အားမလား ”
“ အင်း ... ဘယ်မှာတွေ့မလဲ ”
“ ကန်တော်ကြီးထဲ ... ကျွန်မတို့နောက်ဆုံးတွေ့ခဲ့တဲ့နေရာမှာ ”
“ အိုကေ .. လာခဲ့မယ် ”

ကျွန်မစိတ်တွေလှုပ်ရှားနေမိသည်။ မောင့်ကို ကျွန်မအစီအစဉ်တွေပြောပြမည်။ မောင်နဲ့အတူ ရှေ့ရေးတွေတွေတိုင်ပင်မည်ဟု စဉ်းစားကာ ချိန်းထားသော နေရာသို့ကြိုရောက်နေမိသည်။
သိပ်မကြာလိုက်ပါ. မောင့်ကားလေးရောက်လာခဲ့သည်။ ကျွန်မလှမ်းကြည့်လိုက်တော့ ဆင်းလာသူဟာ မောင်တစ်ယောက်တည်းမဟုတ်ခဲ့ပါ။ နောက်ထပ်အမျိုးသမီးကလေးတစ်ယောက်လည်းပါလာခဲ့သည်။
မောင်က ကျွန်မကို ပြုံးပြရင်း
“ ဘယ်တုန်းကရောက်လဲ မနော ”
“ မနေ့က နေ့လည်ကပါ .. ဒါနဲ့ သူက ” ကျွန်မဟန်မဆောင်နိုင် .. မေးလိုက်မိသည်။
“ အော် ကိုယ်နဲ့လက်ထပ်မယ့်သူလေ .. နာမည်က သီရိတဲ့ ... သီရိ .. ဒါမနောအေးလေ ”
ရုတ်တရက်နားထဲတွင် မယုံနိုင်လောက်အောင်ဖြစ်မိသည်။ မောင်ပြောလိုက်တာ ... မောင်နဲ့လက်ထပ်မယ့်မိန်းကလေး ... ကျွန်မနားကြားမှားတာဖြစ်ပါစေ ...
“ ဟုတ်ကဲ့ မမ .. တွေ့ရတာဝမ်းသာပါတယ် ... မမအကြောင်း ကိုကိုပြောဖူးလို့ကြားဖူးပါတယ် ”
“ အော် အင်း တွေ့ရတာ ၀မ်းသာပါတယ် ညီမလေး ”
ကျွန်မဆုတောင်းမပြည့်ခဲ့ပါ ... ကောင်မလေးကပါ ကိုကိုလို့ခေါ်ကာ ဟုတ်မှန်ကြောင်း သက်သေပြနေခဲ့လေပြီ .. အရာရာဟာ နောက်ကျခဲ့ပြီပေါ့မောင် ..
“ ထူးအောင်တို့တွေ့ကြတာကြာဘီလား .. ”
“ အင်း ၆ လလောက်ပဲရှိအုံးမယ် ”
“ အော် .. ”
“ မနော ... ကိုယ်တို့နောက်မှအေးဆေးတွေ့မယ်ကွာ ... ကိုယ် မေမေခိုင်းတဲ့ကိစ္စလေးရှိနေလို့ ”
“ အင်း ဟုတ်ပီ ထူးအောင် ... နောက်မှ မနောတို့တွေ့ကြတာပေါ့ ... ”
“ သွားပြီ မနော ”
“ သွားပြီနော် မမ ”
“ ဟုတ်ကဲ့ ”
သူတို့ကားလေးထွက်သွားခဲ့လေဘီ။ ယခုတော့ ကျွန်မကိုသိပ်ချစ်လွန်းလှပါသည်ဆိုသော မောင်သည် ကျွန်မ မဟုတ်သော တခြားမိန်းမတစ်ယောက်နှင့် လက်တွဲကာသွားလေဘီ။
ကျွန်မမှာတော့ ဒီနေရာမှာပင် တစ်ယောက်တည်းကျန်ခဲ့သည်။ ကျွန်မရင်ထဲမယုံနိုင်သေး။ မောင်က ကျွန်မကိုဒီလိုနည်းနဲ့စောင့်နေခဲ့တယ်တဲ့လား။
မောင်နဲ့ကျွန်မ ဘယ်လိုမှမဆုံစည်းနိုင်ခဲ့တာသေချာသွားခဲ့ပီပေါ့ .. မောင်ရဲ့ကောင်မလေးသည် ခြောက်လလောက် တွေ့ဆုံကာ အရှိန်အဟုန်ပြင်းသည့် သံယောဇဉ်ကို တစ်ချီတည်းနဲ့ အလဲထိုးအနိုင်ယူသွားပါသည်။
ထို့အတူ အဖြစ်ချင်ဆုံးဆန္ဒကိုစွန့်လွှတ်ခဲ့တဲ့ ကျွန်မရဲ့ချစ်ခြင်းနဲ့ ငါးနှစ်လုံးလုံး စောင့်မျှော်ခဲ့ရသည့် ထုဆစ်ခဲ့ရသည့် မျှော်လင့်ချက်တွေသည်လည်း ပြိုကျမဲ့ ပြိုကျတော့ ခဏလေး။ အခိုက်အတန့်မျှသာပင်။
ပထမတစ်ခါ ဒီနေရာလေး၌ ခွဲခွာခဲ့စဉ်က .. ကျွန်မမျက်ရည်စကိုသိမ်းနိုင်ခဲ့သည်။ ယခုထပ်၍ ဝေးကွာချိန်တွင်လည်း ကျွန်မပြုံးပြုံးလေးပင် သူတို့ကိုနှုတ်ဆက်ခဲ့ပါသည်။
ကျွန်မရင်ထဲက မျက်ရည်စတွေ မောင်မမြင်နိုင်ခဲ့။ ဒီတစ်သက်ဘယ်တော့မှလည်း မောင်သိအောင် ပြောတော့မည်မဟုတ်ပေ။
မောင့်စိတ်တွင်တော့ ကျွန်မဟာ ချစ်သူကိုအရင်စွန့်ပစ်သွားရက်သူလို့ ထင်နေပေလိမ့်မည်။ ဒါပေမယ့်လည်း ... မသေချာတဲ့ထင်မြင်ချက်တစ်ခုအတွက် ...
ကျွန်မဘက်ကပေးဆပ်လိုက်ရတာကတော့ တဆိတ်များလွန်းသည်ထင် ...... အားလုံးရဲ့အဆုံးသတ်မှာ ကျွန်မရင်ထဲ မောင်နှင့်ပက်သက်၍ ရရှိခဲ့သည့် အသိတစ်ခုကတော့ ....
ဘယ်လောက်ပဲ သစ္စာတရားတွေ ထားရှိခဲ့ပါစေ၊ ဘယ်လောက်ပဲ အချိန်ကာလများစွာ သံယောဇဉ်ဖွဲ့တည်ခဲ့ပါစေ၊ ဘယ်လောက်ပေးဆပ်ခဲ့ပါစေ၊ တစ်ဖက်လူက တန်ဖိုးမထားခဲ့ရင် အရာမထင်နိုင်ခဲ့ကြောင်း ကောင်းကောင်းသိလိုက်ရပါသည်။ ထို့ကြောင့် ယောကျာ်းတစ်ယောက်ရဲ့အချစ်ဆိုသောအရာသည် .............



ဒီတင်ပြီးပါဘီ

ယောကျာ်းတစ်ယောက်၏ အချစ်ဆိုသောအရာ(2)

အခန်း ( ၂ )

ကျွန်မစိတ်တွေ ပျော်ရွှင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ... မနက်ဖြန် မနက်တွင် ကျွန်မ ချစ်သူမောင်ရှိရာ မြန်မာပြည်ကိုပြန်ရတော့မည်။
၅ နှစ်ဆိုသော အတိုင်းအတာတစ်ခုမှာ ကျွန်မအလုပ်တွေဖိလုပ်ခဲ့သည်။ အချိန်ရှိတိုင်း ကျွန်မနဲ့မောင့်အတွက်ဟု စဉ်းစားကာ တစ်နေ့တွင် အိပ်ချိန် ၅ နာရီလောက်သာ ပေးလျက်
ကျန်အချိန်များကို အလုပ်လုပ်ခြင်း၊ကျောင်းတက်ခြင်းတို့ဖြင့် ကုန်ဆုံးခဲ့သည်။ ထို့ကြောင့် မောင့်ကိုပင် တစ်လကိုစာ တစ်စောင် မပို့ဖြစ်ခဲ့။ ၄ ၅ လ တစ်စောင်ပို့ဖြစ်အောင် မနည်းကြိုးစားခဲ့ရသည်။
ရေးတိုင်းလည်း လွမ်းတယ် ချစ်တယ်ဆိုသော စာသားများမပါခဲ့ ... ချစ်သူမောင့်ကို စာကြိုးစားဖို့၊ အချိန်မှန်အိပ်၊အချိန်မှန်စားဖို့၊ နေကောင်းအောင်နေဖို့ လိုရင်းတိုရှင်းသာရေးနိုင်ခဲ့သည်။
မချစ်၍လားလို့ မေးလာလျှင် အဖြေကအရမ်းရှင်းပါသည်။ ကျွန်မသိပ်ဖြစ်ချင်ခဲ့တဲ့ ဆရာဝန်ဘ၀ကိုစွန့်လွှတ်ကာ အခုလိုအလုပ်လုပ်နေရခြင်းသည် မောင့်အတွက်သာပင်။ မောင့်ကိုကျွန်မချစ်သည်။
သို့ပေမယ့် ကျွန်မအချစ်ကိုစော်ကားလွန်းသော မောင့်အသိုင်းအ၀ိုင်းကိုဖြင့် မုန်းပါသည်။ မောင့်ကိုကျွန်မချစ်သူတော်ခဲ့ခြင်းသည် မောင်သူဌေးသာဖြစ်လို့ဟု အားလုံးက၀ိုင်း၍ပြောခဲ့သည်။
ကျွန်မ မမေ့နိုင်ခဲ့ပါ။ ဒါပေမယ့် မောင့်ကိုလမ်းခွဲဖို့ ကျွန်မမလုပ်နိုင်ခဲ့။ အဘယ်ကြောင့်ဆိုသော် ကျွန်မဘ၀တွင် မောင်သည် တစ်ဦးတည်းသော နှင့် အချစ်ရဆုံးသော အမျိုးသားကလေးပင်တည့်။
ဘ၀ကိုအခက်အခဲများစွားနှင့် လျှောက်လှမ်းခဲ့ရသော ကျွန်မအတွက် အချစ်ဆိုတာကိုရှာဖို့၊အပျော်ရည်းစားထားဖို့ဆိုတာ အိမ်မက်ထဲတွင်တောင်မဖြစ်နိုင်ခဲ့ပါ။
ထိုကဲ့သို့ မွန်းကျပ်မှုများပေါင်းမြောက်များစွာနှင့် ကျွန်မဘ၀ထဲကို မောင်သည်အတင်းပင်ဇွတ်တိုးဝင်လာသောအမျိုးသားကလေးဖြစ်သ ည်။
ကျွန်မသည် ယောကျာ်းများစိတ်ဝင်စားစရာမကောင်းသော သာမာန်မိန်းကလေးတစ်ယောက်သာဖြစ်သည်။ ကျွန်မမှာ ထူးခြားတာဆိုလို့ ပါးချိုင့်လေးတစ်ခုသာရှိသည်။
မောင်ကတော့ အဲဒီပါးချိုင့်လေးကိုပဲ သူစွဲလမ်းခဲ့ရတာ ဟုပြောသည်။ ကျွန်မနှင့် မောင်တွေ့ဆုံပုံက ရိုးရှင်းလှပါသည်။ ဆေးကျောင်းသား မောင် နှင့် ဆေးကျောင်းသူ ကျွန်မတို့ ရိုးရိုးလေးပဲ ...
ပထမနှစ် fresher welcome တွင်စတင်ဆုံဆည်းခဲ့ကြသည်။ ရောက်တာနောက်ကျသော မောင်က ကျွန်မဘေးက ခုံအလွတ်တွင် ၀င်ထိုင်းရင်း ကျွန်မတို့ရင်းနှီးခဲ့ကြသည်။
သူငယ်ချင်းဖြစ်ပြီး ၃ လအကြာတွင် မောင်ကကျွန်မကိုချစ်တယ်ဟုဖွင့်ပြောလာခဲ့သည်။ သူဌေးသားဖြစ်သော်လည်း စိတ်ဓာတ်ဖြူစင်ရိုးသားသော မောင့်ကို ကျွန်မချစ်ခဲ့မိသည်။
ဖြစ်သင့်ပါ့မလားဟု အတန်တန်စဉ်းစားရင်းပင် သူဖွင့်ပြောပီး ၃ လအကြာတွင် ကျွန်မအဖြေပြန်ပေးမိသည်။ မောင်နဲ့ကျွန်မ ချစ်သူရယ်လို့သာ ပြောတယ် ...
မောင့်ကိုကျွန်မအရမ်းချစ်တယ် ... အရမ်းလွမ်းတယ် ... ဟု ခဏခဏ မပြောခဲ့ဘူးပါ ... မောင်ကသာ သူချစ်ကြောင်း အခါခါပြောခဲ့သည်။
ချစ်သူဘ၀မှာ ပန်းခြံတွေ၊ရုပ်ရှင်တွေသွားဖို့လည်း အချိန်မပေးနိုင်ခဲ့ပါ။ မောင်ကအတန်းလစ်ပီး ရုပ်ရှင်သွားကြည့်ကြဖို့ပြောသော်လည်း
“ ခုလည်းတွေ့နေရတာပဲ မောင်ရယ် အဲလိုမပိုအလုပ်တွေမလုပ်ပါနဲ့ ” ဟု ငြင်းဆန်ခဲ့စမြဲပင်။ အဲလိုပြောလိုက်တိုင်း မောင့်မျက်နှာပျက်သွားပီး စိတ်ကောက်တတ်စမြဲပင် ..
ဒါပေမယ့်လည်း ကျွန်မအနည်းငယ်ချော့လိုက်တိုင်း မောင်ကကျေနပ်စမြဲပင်တည့်။ အဲလိုချစ်စရာကောင်းသော ... အမျိုးသားကလေးကို ကျွန်မရင်နှင့်မဆန့်အောင်ချစ်ရပါသည်။
မောင်ရေ ... မောင့်ကိုစိတ်ညစ်စေခဲ့တဲ့အချိန်တွေအတွက် ... အခုမောင့်ကိုပြန်အလျော်ပေးပါ့မယ် ... မောင်နဲ့အတူတူနေကြဖို့ ကျွန်မအားလုံးပြင်ဆင်ပြီးခဲ့ပီ ... ကြိုနှင့်တော့ မောင်ရေ


ဆက်ရန် >>>

ယောကျာ်းတစ်ယောက်၏ အချစ်ဆိုသောအရာ


ယောကျာ်းတစ်ယောက်၏ အချစ်ဆိုသောအရာ
အခန်း ( ၁ )


“ ကျွန်မ ဒေါ်လေးရှိတဲ့နိုင်ငံခြားကိုလိုက်သွားရမယ် မောင် ”
“ ဘယ်လို ... မနော ... နိုင်ငံခြားကိုသွားမယ် ဟုတ်လား ”
“ ဟုတ်တယ် မောင် ”
“ မနော ကျောင်းကကော ... မနောသိပ်ဖြစ်ချင်ခဲ့တဲ့ ဆရာဝန်ဘ၀ကိုစွန့်လွှတ်တော့မယ်ပေါ့”
“ မောင်ရယ် ... ဆေးကျောင်းဆက်တက်နေရင် ဘ၀တိုးတက်ဖို့ကို ဘယ်လိုလုပ်ကြမလဲ ... နောက် ၆ နှစ်လောက်အချိန်ကုန်ခံပြီးမှ ဆရာဝန်ဖြစ်လာမယ် အဲဒါက MBBS အဆင့် ...
ဒါလည်းနောက်ထပ်ဘွဲ့လွန်တွေ ထပ်တက်နိုင်မှ specailist ဘ၀ကိုရမှာ .. အဲဒါတွေက တကယ်တော့ ကျွန်မအတွက် အိမ်မက်တစ်ခုလိုပါပဲ မောင်ရယ် ...
မနောကိုဒေါ်လေးက ဆေးကျောင်းဆက်တက်ဖို့ပံ့ပိုးနိုင်ပါတယ် ... ဒါပေမယ့် မနောအားနာတယ် .. ဒီ ၆ နှစ် .. ပြီးတော့ နောက်ထပ် နောက်ထပ် .. မနောကိုဟိုကိုတန်းသွားပြီး
အလုပ်လုပ်လိုက်ရင် ၃ ၄ နှစ်ဆို မောင့်ကိုခေါ်နိုင်ပါဘီ .. ခုတော့ မောင်ကျောင်းဆက်တက်နှင့်ပါ ”
“ မနောကမောင့်ကိုထားသွားမယ်ပေါ့ အဲလိုလား ”
“ ထားသွားတာမဟုတ်ပါဘူး မောင် ... မနော ဟိုမှာအလုပ်လုပ်မယ် ... ပီးရင် မောင်လိုက်လာပါ .. မနောအဆင်သင့်ဖြစ်ရင် မောင့်ကိုလှမ်းခေါ်မှာပေါ့ ”
“ ဒီမှာနေပြီးရော မောင်တို့အတူနေလို့မရလို့လား မနော ”
“ ဒီမှာ ဘာမှပြည့်စုံမှာမဟုတ်ဘူးလေ မောင် .. မနောအခြေအနေကိုမောင်သိသားနဲ့ ”
“ မောင် မနောကိုခေါ်ထားနိုင်ပါတယ် ... မနော အခုလက်ထပ်မလား ပြောလေ ”
“ တော်စမ်းပါမောင် ... အဓိပါယ်မရှိတဲ့စကားကိုမပြောစမ်းနဲ့ ... မောင်ကဘာအလုပ်ရှိလို့ မနောတို့ကဘာနဲ့သွားစားကြမှာလဲ .. မောင့်အမေပိုက်ဆံရှိတာကိုလာမပြောနဲ့မောင် ..
မနောစိတ်မ၀င်စားဘူး ... မောင့်ကိုပိုက်ဆံရှိလို့ချစ်ခဲ့တယ်ဆိုတဲ့ မောင့်အသိုင်းအ၀ိုင်းကပြောတဲ့စကားကို ခုထိမနောမမေ့သေးဘူး ”
“ မဟုတ်သေးဘူး မနော ... သေချာစဉ်းစားပါအုံး ... မနောထွက်သွားရင် မောင်တို့အဝေးကြီးဝေးသွားကြတော့မှာ ”
“ မောင်ထင်နေတာပါ ... မောင်ထားမသွားသရွေ့မနောတို့ဝေးမသွားဘူး မောင် ... မနောလို သာမာန်မိန်းကလေးတစ်ယောက်ကို ဘယ်သူကမှစိတ်ဝင်စားမှာမဟုတ်ဘူး ”
“ မင်းကိုမောင်ချစ်တယ်လေ မနောရယ် ”
“ ကျေးဇူးတင်ပါတယ် မောင် ... ကျွန်မလည်း အဲဒါကြောင့်ပဲ မောင့်အချစ်ကိုလက်ခံခဲ့တာပါ ”
“ ဒါဆိုလည်း ဘာလို့မောင်နဲ့ဝေးရာကိုထွက်သွားချင်ရတာလဲ မနော ”
“ ကျွန်မမှာ ဘာမှမရှိဘူးလေ မောင် ... ကျွန်မမှာဆွေမျိုးဆိုလို့ ဒေါ်လေးတစ်ယောက်ပဲရှိတော့တယ်၊ ဒေါ်လေးကလည်း ဒီကိုပြန်မလာနိုင်ဘူး အဲဒီတော့ ကျွန်မလိုက်သွားဖို့ပဲရှိတော့တာပေါ့ ..
ကျွန်မကိုနားလည်ပေးပါမောင် ... ”
“ ဆုံးဖြတ်ချက်တွေမပြင်တော့ဘူးလား မနော ”
“ ကျွန်မ ဆုံးဖြတ်ပီးဘီ မောင် ”
“ ကောင်းပါဘီ မနော ”

အဲဒီနေ့က မောင့်မျက်နှာပျက်ယွင်းနေခဲ့သည်။ မောင် စိတ်မကောင်းဖြစ်နေတာတွေ့ရတော့ ကျွန်မလည်း မပျော်နိုင်ပါ။ ကျွန်မလည်းကျေနပ်ပျော်ရွှင်နေတယ်ရယ်လို့ဘယ်ဟုတ်ပါ့မလ
ဲ သို့ပေမယ့်လည်း ဒါတွေဟာ တချိန်မှာ မောင်နဲ့ကျွန်မ အဆင်ပြေပြေ သာသာယာယာ နေကြရဖို့ဟုအားတင်းကာ ငိုချင်စိတ်တွေကိုဖျောက်ရသည်။
မောင်က လေယာဉ်ကွင်းကိုလိုက်ပို့မည် ဟု ပြောခဲ့သော်လည်း ကျွန်မ ငိုနေတာကို ချစ်သူမြင်မှာစိုး၍ တားမြစ်ခဲ့မိသည်။ ချစ်သူအမြင်မှာ
ကျွန်မဟာ အသည်းမာသူကြီးတစ်ယောက်ပေါ့လေ ...ကျွန်မရင်ထဲမှာ ငိုနေတာ ကို ဘယ်သူမှသိမှာမဟုတ်ပေ။
ဒီလိုနဲ့ ကျွန်မချစ်သော အမိမြေနှင့် ချစ်သော ချစ်သူ မောင့်ကိုထားကာ ... ကျွန်မ အဒေါ်ရှိရာ သြစတေးလျသို့ထွက်လာခဲ့သည်။

ဆက်ရန် >>>>

မအိမ်ကံ(42)

အရီးကြာညွန့်က မအိမ်ကံ ဘယ်လိုကြောင့်သည် အကြောင်း စုံစမ်းခိုင်းမှန်းလည်း မသိ။ ရွာကျောင်း မီးရှို့ခံရတာနှင့် ဆက်စပ်သည်လို့လည်း မထင်။ မအိမ်ကံကလည်း အကြောင်းရင်းကို မပြော။ အရီးညွန့် ရက်ကန်းရုံဘက် ထွက်သွားတော့လည်း မအိမ်ကံ ထင်းပုံပေါ်မှာပဲ ဆက်ထိုင်နေမိပါ ၏။ သမီးနှစ်ယောက် ပြေးလာကြပြီး ထင်းပုံပေါ်တက်ကြတော့မှ အတွေးလည်း ပျက်ရတော့သည်။ သေချာခဲ့ပြီ။ မအိမ်ကံ ကျောင်းကို ကြီးတော်စံရွှေတို့ လုပ်ကြံခဲ့ကြပြီ။ သာအောင် ပါလေသလား၊ မပါလေသလား မသေချာပေသိ သူလည်း သုံးခွက် တစ်ခွက်တင်။ မအေလုပ်သည့် အမှုတွင် ရွာ့မျက်နှာ မထောက်ဘဲ ရေငုံနေခဲ့ခြင်းကိုက အပြစ်ရှိခဲ့ပြီ။ ရွာ့အစည်း အဝေးညက နှုတ်ဆိတ်နေခဲ့သည်။ ရွှေမှုံကကော ဘာထူးသလဲ။ တစ်နွယ်ငင် တစ်စင်ပါဆိုသလို လင့်စက်ရိပ် ခိုပြီး မတရားမှုမှာ မြင်းညိုကျိုင်း မလန့် ရှိခဲ့သူပင်။

ရွာရပ်အပေါ် ငွေတိုးကြေးတိုးချေး စားရင်း မတရားမှု ဖြင့် ချမ်းသာကြွယ်ဝလာသော ကြီးတော်စံရွှေ။ သားလုပ်သူ သာအောင်ကကော ဘာထူးလဲ။ တောသူတောင်သားများ၏ ကျေးဇူးရှင် နွားတွေကို ကုန်ပစ္စည်းသဖွယ် သဘောထားပြီး နွားအလဲ အထပ်လုပ်ရင်း စီးပွားရှာသူ။ သင်းတို့တစ်တွေမှာ ဘယ်စိတ်ကောင်း နှလုံးကောင်း ရှိနိုင်ကြမှာလဲ။

မအိမ်ကံ အံတစ်ချက် တင်းတင်းကြိတ်ရင်း ထင်းပုံပေါ်က ဆင်းလာခဲ့၏။ သည်ကိစ္စမှာ မအိမ်ကံ တရားခံကို ဖော်နိုင်ခဲ့ပြီ။ တစ်ရွာလုံး မစဉ်းစားခဲ့သည့် ကိစ္စ။ တစ်ရွာလုံး မပြောပါနှင့် ကိုပြေသိမ်းပင် တရားခံ မရှာနိုင်ခဲ့သည့် ကိစ္စ။ လက်သည် ပေါ်တာတော့ ဟုတ်ပါပြီ။ ဘာဆက်လုပ်မလဲ။ ဘယ်သူ့ကို ပြောရမလဲ။ ရွာသူရွာသားတွေ အစည်းအဝေး ခေါ်ပြီး သည်ကိစ္စကို အူမ ချေးခါးဖွင့်ချရင်ကော။ မအိမ်ကံ ပြောပြလျှင်ကော ယုတ္တိယုတ္တာ ရှိပါ့မလား။ ညည်းကိုယ်တိုင် ဒိဋ္ဌမျက်မြင် ဟုတ်လို့လား မေးလျှင် ဘယ်လိုဖြေမလဲ။ ဘာနဲ့ သက်သေ ထူမလဲ။

မအိမ်ကံ(41)

ဖိုးညောင်း အသံ။ စကားသံတွေ တိတ်ဆိတ်သွားပြန် သည်။
“မြင်းနောက်က စီးတဲ့ ကောင်က ရှေ့ကကောင်ကို ခါးဖက်ထားသယ်။ သည်တော့ လူလုံးချင်းယှဉ်ထိုင်သလို ဖြစ်နေသာပေါ့နော။ နောက်ကကောင်က လူပုပုရယ်ဗျ။ ပုပု ညှက်ညှက်ရယ်။ ကျုပ်မှတ်မိပြီ။ ဟုတ်သယ်။ ရှေ့ကကောင် နဲ့ ခေါင်းမညီဘူး။ ပုပုကလေးရယ်”

လူပုပုကလေး။ ဘယ်သူဖြစ်နိုင်သလဲ။ ကိုပြေသိမ်းက တရားခံကို မမျှော်လင့်ပါ။ အကြောင်း ရည်ရွယ်ချက်ကိုသာ သိချင်သည်။ အခုတော့ အစတစ်စ ထွက်လာပြီ။ အရပ်ပုပု လူတစ်ယောက်။ မီးကွင်းပစ်လိုက်သူဟာ အရပ်ပုပု။ သည်လောက်နှင့်ပင် ထိုနေ့က စကားသိမ်းလိုက်ရသည်။

မအိမ်ကံကတော့ အိပ်ရာထဲ ၀င်ခဲ့သည့်တိုင် မီးတောက် မီးလျှံများနှင့် လူပုပု တစ်ယောက်ကိုသာ မြင်ယောင်နေမိပါ ၏။ ကိုပြေသိမ်းက ဘာမှတော့ မပြော။ သူလည်း စဉ်းစားနေ ပုံရသည်။ နောက်တော့ ကိုပြေသိမ်း အိပ်ပျော်သွားသည်။ မအိမ်ကံကတော့ ရွာခေါင်းဆောင် သာအောင် တစ်ယောက် ဘာကြောင့် စကားတစ်ခွန်းမှ မပြောခဲ့တာလဲ ဆိုတာကို စဉ်းစား နေမိသည်။ တကယ်ဆိုလျှင် ရွာကင်း ခေါင်းဆောင် တစ်ယောက် အနေဖြင့် မေးရမည်။ မြန်းရမည်။ စကားတွေ ပြောရမည်။ ဆွေးဆွေးနွေးနွေး ရှိရမည်။ ဒါဖြင့် သူဘာကိစ္စ ငြိမ်နေရတာလဲ။ ပြောစရာ မရှိလို့ မပြောတာလည်း ဖြစ်နိုင်ပါ၏။ သို့ပေသိ မအိမ်ကံ စိတ်ထဲမှာ ၀ိုးဝိုးဝါးဝါး ခံစားနေ ရသည်။ တစ်စုံတစ်ရာ လွဲချော် နေသလို ရှိနေခြင်းပင်။ ရွာကျောင်းကို သာအောင် မီးရှို့ခဲ့တာ မဟုတ်။ ရှို့စရာလည်း အကြောင်းမရှိ။ သာအောင်မှာ သည်လို ယုတ်ညံ့သည့် စိတ်မရှိတာ မအိမ်ကံ ယုံကြည်ပါ၏။ တစ်စုံတစ်ယောက်က သည်အကြံအစည်မျိုး ရှိသည်ဆိုလျှင်ပင် တုတ်တပြက် ဓားတပြက် ထလုပ်မည့် လူမျိုး။ အစ်ကို မောင်မြတ်သာနှင့် အတူ တိုင်းပြည် ကိစ္စတွေမှာ ပါခဲ့သူပင်။

ဒါဖြင့်ရင် ကျောင်းမီးရှို့ခဲ့သည့် ကိစ္စမှာ ဘာကြောင့် သာအောင်ကို သံသယ ရှိနေတာလဲ။ မအိမ်ကံ ဒါကိုတော့ တွေးလို့ မရပါ။ ရေရေရာရာ ထင်းထင်းရှင်းရှင်း မရှိ။ မအိမ်ကံ စိတ်ထဲမှာ မှုန်မှိုင်းမှိုင်းအငွေ့ တစ်မျိုး ယှက်သန်းနေတာပဲ ရှိ၏။ မအိမ်ကံ မအိပ်နိုင်သေး။ အိပ်ရာက အသာထ လာခဲ့တာ ပြတင်းပေါက်နား လာရပ်သည်။ ဇောင်ချမ်းကုန်းရွာကလေးပင် ငြိမ်သက် အိပ်မောကျနေခဲ့ပြီ။ တပေါင်းလ၏ ညလေအေးအေးက တရှရှ တိုက်ခတ်နေသည်။ မအိမ်ကံပင် ခေါင်းကြည်သွားခဲ့သည်။ မအိမ်ကံမှာ ထူးခြားသော ဥာဏ်ရည် တစ်မျိုးရှိမှန်း သူ့ကိုယ်သူ သိသည်။ တစ်စုံတစ်ရာ ထင့်ခနဲ ဖြစ်သွားလျှင် သေချာအောင် တွေးသည်။ ရှင်းရှင်းလင်းလင်း ဖြစ်အောင်တွေးသည်။ ရုပ်လုံးသဏ္ဌာန် ပေါ်အောင် တွေးလေ့ ရှိသည်။ အခုလည်း သာအောင်ကို သံသယ မရှိသော်လည်း မအိမ်ကံ စိတ်ထဲမှာ ထင့်ခနဲ ခံစားရတာတစ်ခု ရင်ထဲမှာ စလုံး စခု ခံနေပါ၏။

မအိမ်ကံ(40)

ယခင်လမှ အဆက်....
၃၀။
မီးတောင်ကြီး ပေါက်သကဲ့သို့ တဟူးဟူး လောင်မြိုက်နေသော မီးလျှံကြီးကပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ လောင်စာ မကုန်မချင်း သစ်တိုသစ်စ သစ်ချောင်း တစ်ချောင်း မကျန်အောင်လောင်နေသော မီးအရှိန်ကြောင့် မည်သူမျှ အနီးကို မကပ်နိုင်။ မီးခိုးများက တစ္ဆေသရဲ၏ ၀တ်ရုံမည်းကြီး ပမာ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းအုပ်ရန် အလိပ်လိပ် တက်လျက်ရှိသည်။ မီးတောက် မီးလျှံတွေကလည်းမကောင်းဆိုးဝါး တစ်ကောင်၏ အစွယ်များသဖွယ်ပင်။ ဇောင်ချမ်းကုန်း တစ်ရွာလုံးရှိ ရွာသူရွာသားများ သာမက အနယ်နယ် အရွာရွာက စုရုံးရောက်ရှိလာကြသော ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ပွဲကြီးသည်ပင် ငြိမ်သက်သွားခဲ့ပါ၏။ မီးလောင်ရာသို့ အားလုံးလိုလို ရောက်လာကြသဖြင့် ဇောင်ချမ်းကုန်းရွာ လမ်းသည်ပင် ပြည့်သွားခဲ့သည်။ ပွဲကြည့် လှည်းတွေက နွားမလန့် ပွဲမပြိုအောင် ကွင်းထဲမှာ စောင့်နေကြ၍သာ တော်တော့သည်။

မအိမ်ကံ ကတော့ မျက်ရည် တွေတွေကျရင်း ကြောင်တောင်ကြီး ရပ်လျက်ရှိ၏။ ဘယ်သူကမှ ဘယ်သူ့ကို မဖေးမနိုင်ကြဘဲ မြင်ကွင်းကိုသာ ၀မ်းနည်း ကြေကွဲစွာ ကြည့်နေကြရတော့သည်။ လူအားနှင့် ၀ိုင်းဝန်း ငြှိမ်းသတ်ဖို့ပင် အချိန်မရတော့။ သံချောင်း မွှေသံကြီး ဆက်တိုက် ကြားရပြီးသည်နှင့် လူပေါင်းများစွာတို့ ဇောင်ချမ်းကုန်း ရွာဘက်ကို အပြေး လာခဲ့ကြပါ၏။ ဓားပြသူခိုး၊ အနုကြမ်း လူရမ်းကားတို့သာဆိုလျှင် လူအုပ်ကြီးကို မြင်ရုံနှင့် မူးမေ့ သွားကြလိမ့်မည်။ အခုက လက်သည်ကို ကောင်းကောင်း မသိလိုက်ကြရဘဲ ထလောင်လိုက်သော မီးဖြစ်၏။ ဘယ်သူက ဘယ်အငြိုးနှင့် မီးတုတ်တင် ရှို့ခဲ့သည် မပြောနိုင်သေးသော်လည်း ဇောင်ချမ်းကုန်း ရွာကျောင်းသည် နာရီပိုင်း အတွင်း ပြာပုံ ဘ၀ ရောက်ရတော့မည်။

မအိမ်ကံ(39)

သည်ကြားထဲ သက်တော် ကိုးဆယ်ကျော်ပြီဖြစ်သည့် ရွာဦးဆရာတော် ဘုရားကြီး ပျံလွန်တော်မူခဲ့သည်။ ဇောင်ချမ်း ကုန်းကို မဏ္ဍိုင်ပြု၍ နရန်းရွာတွေကပါ ဆရာတော်ကြီး ဈာပနကို ၀ိုင်းကြရသည်။ ခေတ်အခါကလည်း မကောင်း၊ ရွာကလည်း ကျပ်တည်းနေချိန်ဖြစ်သော်လည်း သက်တော်ကြီး၊ ၀ါတော်ကြီး ဆရာတော်ကြီး၏ အန္တိမ ဈာပနပွဲကို စည်ကားသိုက်မြိုက်အောင် ပူဇော်ချင်ကြသည် ဖြစ်၍ ကိုပြေသိမ်းကိုပင် တာဝန်ပေးလာကြပါ၏။ ၀ါဆိုဝါခေါင်လ ထဲမှာ ပျံတော်မူရှာတာဆိုတော့ ဘုန်းကြီးပျံပွဲကို ခြေခင်း လက်ခင်းသာသည့် တပေါင်းလအထိ ရွှေ့ဆိုင်းကြရသည်။ သို့သော် သည်လတွေကတည်းက စီမံစရာရှိတာ စီမံကြရသည်။ ဘုန်းကြီးပျံပွဲ အတွက် ဘုန်းကြီးပျံသိုင်းတွေ၊ ယိမ်းတွေ တိုက်သည့်ရွာတွေက တိုက်နေကြပြီ။ ဒိုးမောင်းသံ တညံညံ။

“သမီးရေ ဆရာရော ဒကာပါ ဘ၀တစ်ပါးပြောင်း သွားရှာပြီ။ ညည်းအဖေများ သူကြီး ဆိုပေသိ ဆရာတော်က ခေါ်ငေါက်ရင် နေစရာ မရှိရှာဘူး။ ကိုရင်၊ ကျောင်းသားများ ဆရာ ဘုန်းကြီးကို ကြောက်သလို ချစ်ကြောက်ရှာသယ်။ ဆရာတော် ပျံလွန်တော်မူတော့ ညည်းအဖေလည်း သတိရပါ့အေ”

အမေပန်းရုံက သတိတရ ညည်းရှာပါ၏။ ကိုပြေသိမ်းလည်း အမျိုးသားရေးစိတ် ပြင်းထန်သော ဆရာတော်ကို နှမြောလွန်းလှသည် ဆိုပါသည်။ မအိမ်ကံ တချို့ညတွေမှာ သမီးနှစ်ယောက် လက်ဆွဲကာ မောင်းဆိုင်းဝိုင်းဘက်ကို ရောက်သွားတတ်သည်။ ရွာမှာ မောင်းဆိုင်း ကောင်းကောင်း မရှိတော့ ဟိုကဒိုး၊ သည်ကနှဲ၊ ဟိုချောင်က မောင်း စသည်ဖြင့် စုရခြင်းဖြစ်၏။ ဘုန်းကြီး ပျံသိုင်း တိုက်သံတွေက ညီလှသည်။ ဆရာတော့် ဈာပနက လာမည့် တပေါင်းလမှ ဆိုသော်လည်း ရက်လအားဖြင့် ခြောက်လလောက်သာ ကျန်တော့သည်။ ကိုပြေသိမ်းက ရပ်ရွာလူကြီးများနှင့် တိုင်ပင်ကာ ကြည့်ချင်ပွဲကြိုငှားထား ရပြီ။ ဧယဉ်ကျူး မင်းသမီး ငှားထားရပြီ။ စပ်ပန်းချီဆရာကို ခေါ်ပြီး မဏ္ဍပ်၊ စင်ယှဉ်၊ လောင်တိုက်တွေ အပ်ရပြီ။ တည်းကျောင်း မဏ္ဍပ်တွေ ထိုးရန် တာဝန်ခွဲဝေပေးကြရသည်။ ရေကိစ္စ၊ ထင်းကိစ္စ၊ ဧည့်ခံကိစ္စတွေ တာဝန်ခွဲဝေရသည်။

“အစ်ကိုလည်း ပင်ပန်းရှာပြီ။ ရပ်ရွာ ကိစ္စတွေကလည်း အစ်ကို့ခေါင်းပေါ် ပုံကျနေပြီနော်”

“ရပါတယ် အိမ်ကလေးရယ် ကိုယ့်ရွာဆိုတော့ ကိုယ်ပါ ရမှာပေါ့။ ဘာလိုလိုနဲ့ ရက်နီးနေပြီ”

“ဟိုရက်က မောင်းဆရာဦးကျန်က မောင်းငှားရသာ ခက်သယ်တဲ့။ တခြားရွာပွဲတွေနဲ့ တိုက်နေရင် ငှားမရဘူးဆို လို့ မအိမ်ကံ ရွာပိုင် မောင်းဆိုင်းတစ်ဆင်စာ လှူလိုက်ချင် သယ်။ နောင်ဘ၀ အသံကောင်းအောင်လို့...”

မအိမ်ကံ(38)

မလှအုံကို မအိမ်ကံပင် အံ့သြမိရပါ၏။ ကိုပြေသိမ်းကို ချက်နှင့် လက်နှင့် ပြန်တွယ်နေတော့ မအိမ်ကံပင် မ၀င်သာ။ ကိုပြေသိမ်းကကော ဘာဖြစ်လို့များသည်လို ဘဲ့တိုက်နေရတာ ပါလိမ့်။ တစ်ခုခုတော့ ဖြစ်လာခဲ့ပုံရသည်။ အမေ ပန်းရုံကတော့ မလှအုံနှင့် ကိုပြေသိမ်း တစ်ယောက် တစ်ခွန်း ဖြစ်နေကြတာကို စိတ်မကောင်းဖြစ်ပုံရသည်။ အပြင်ဘက် ထွက်သွားခဲ့ ပါ၏။

“ပျောက်ရင်ပြီးတာပါပဲဗျာ”

“ပျောက်ပါ့တော်။ ပြဒါးဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ ဆိုသာတွေ အလကား ဖြစ်ရရောလား။ နံ့သာမျိုး ဆယ်ပါး မလွတ်သဲ့ ဆေးဝါးများ အာဂမှတ်လို့”

မလှအုံကလည်း တစ်ခွန်း မခံ၊ ကိုပြေသိမ်းကလည်း ကပ်ဖိုး ကပ်ဖဲ့။ ကြားထဲက မအိမ်ကံ စိတ်ညစ်ရပြီ။ မအိမ်ကံ ကတော့ သုံးရက်မြောက်သည် အထိ အဖျား မကျတာကို စိတ်ပူ သော်လည်း ကျောက်ကြီးရောဂါ လက္ခဏာမပေါ်လာလို့ တစ်စိတ်တော့ အေးရပါ၏။ အရှင်း မပျောက်သေးတော့လည်း ပြောဖို့တော့ ခက်သားပင်။ မလှအုံက သမီးကို ထမင်းခူး ကျွေးဖို့ မီးဖိုထဲ ၀င်သွားတော့၏။ သည်တော့မှ ကိုပြေသိမ်းကို ပြောစရာရှိတာ ပြောရသည်။

“အစ်ကိုကလည်း အိမ်ကလူတွေမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ တစ်အိမ်လုံးကို ပျာလို့။ မအိမ်ကံတို့ တောမှာ နေမကောင်း ထိုင်မသာဖြစ်ရင် ကိုယ့်ဆေးနဲ့ ကိုယ်ပြီးကြရတာပါ။ အင်္ဂလိပ်ဆေး သွားထိုးချေဦးမယ်ဆိုတာ ခေါင်းထဲ မရှိကြပါဘူး။ မအိမ်ကံ ပူသလို သူတို့ခမျာလည်း ပူကြရှာသာပါပဲ။ နေ့မအိပ်၊ ညမအိပ် ပြုစုကြရှာပါသယ်။ အစ်ကိုက အဲသလို ပြောနေတော့ သူတို့ ဘယ်စိတ်ကောင်းပါ့မလဲ”

“အေးပါလေ။ အစ်ကိုက ဗမာဆေးတွေ ညံ့သယ် မပြောပါဘူး။ မြန်မြန်ပျောက်စေချင်လို့ပါ။ အစ်ကိုတို့လည်း ဗမာ ဆေးနဲ့ ကြီးခဲ့ရတာပါပဲလေ။ အိမ်ကလေးတို့က ရိုးလွန်းကြလို့ ပြောတာ။ ခေတ်ကာလဆေးဝါးတွေက ခေတ်မီနေပြီ။ ဒါကို ပြောတာပါ။ မသက်သာလည်း အစ်ကိုတို့ မြင်းခြံပြေးကြ တာပေါ့”

သည့်ထက် ပြောနေရင်လည်း ရန်ဖြစ်ရုံဆိုတော့ မအိမ်ကံ စကား မဆက်တော့။ ကိုပြေသိမ်းက မအိမ်ကံ လက်ထဲ ကလေး ထည့်ပေးထားခဲ့ပြီး အင်္ဂလိပ် စာအုပ် တစ်အုပ်ကိုင်ကာ သရက် ပင်ရိပ်က ကွပ်ပျစ်ဆီ ထွက်သွားခဲ့ပြီ။ မလှအုံက ထမင်းဆီ ဆမ်းနှင့် ငါးရံ့လုံးငါးပိကောင်နှပ်၊ ပဲရွက်ဟင်းချိုပူပူကလေး ကို လင်ပန်း တစ်ချပ်နှင့် ခူးလာခဲ့ပြီး မအိမ်မြိုင်ကို ထမင်းခွံ့ ဖို့ပြင်သည်။ ဆန်ပြုတ်တွေချည်း သောက်နေရသည့် မြိုင်ကလေး ထမင်းခွံ့တော့ စားရှာပါသည်။ သမီးကို ကျွေးနေသည့် ငါးရံ့လုံး ငါးပိကောင်နံ့က မွှေးနေတော့ မအိမ်ကံပင် ၀မ်းဟာလာခဲ့သည်။ မလှအုံကိုလည်း ချော့ချင်သည်။

“မလှအုံ မအိမ်ကံဖို့ပါ ထမင်းဆီဆမ်း လုပ်ပေးဦး။ မလှအုံ သမီးကိုကျွေးတာ ကြည့်ပြီး မအိမ်ကံပါ ဆာလာပြီ”

မအိမ်ကံ(37)

ယခင်လမှအဆက်....
လရောင်က သာလွန်းလှသည်။ ဇော်ချမ်းကုန်း ရွာကလေးသည် လရောင်အောက်တွင် အေးမြငြိမ်သက် လျက်ရှိ၏။ တစ်နေ့ခင်းလုံး ပူပြင်းထားခဲ့သည့် အပူက ဟပ်ဟပ်ပြေးအောင် မပူတော့ သော်လည်း ညဦးတုန်းက အရှိန်တွေ ကျန်နေသေးသည်။ ညဥ့်နက်လာတော့မှ တဖြည်းဖြည်း ပြန်အေးလာခဲ့သည်။ သမီးကြီးက ပိတ်ခြင်ထောင်ထဲမှာ အိပ်ပျော်နေပြီ။ အရွယ်နှင့် မလိုက်အောင် ခံစားနေရသော ဝေဒနာကို ကြည့်ရင်း မအိမ်ကံ ရင်ထုမနာ ရှိခဲ့ရသည်။ ပိတ်ခြင်ထောင်ကြီးက လှောင်များနေရော့လား ဆိုသည့် စိတ်ကြောင့် မကြာခဏ လှပ်ကြည့်မိတာလည်း အကြိမ်ကြိမ် ရှိလေပြီ။ မအိပ်ခင်က အထိ သမီးနဖူးကို စမ်းကြည့်လိုက်တိုင်း လှည်းမီးချ ဒေါက်ဖိုက မီးတွေလို တရှိန်ရှိန် တောက်လောင်လျက်ရှိ၏။

ဇောင်ချမ်းကုန်း ဘုန်းကြီးကျောင်းကို သွားလျှင် ဘယ်ဘက်ချောင်မှာ လှည်းမီးဒေါက်ဖို ရှိသည်။ လှည်းဘီးတွေ သံခွေ စွပ်ပေးသည့် ဒေါက်ဖိုဖြစ်၍ ဒေါက်ဆရာ ဦးသာပိုဆိုလျှင် ဘယ်တုန်းကမှ အင်္ကျီ ကပ်ရသည် မရှိ။ ဖားဖိုထဲက ထုတ်ယူလာသော သံကွေးရဲရဲကို တပည့် နှစ်ယောက်က ညှပ်ဖြင့် ညှပ်ပေးထားရသည်။ ဘကြီးသာပိုက မီးမလျော့ခင် ပေါက်တူးကြီးနှင့် တထန်းထန်း ထုသည်။ မီးပွင့် မီးစာတွေ တဖွားဖွား။ မအိမ်ကံတို့ အိမ်က လှည်းကိုလည်း ဘကြီးသာပိုပဲဘီးခွေစွပ်ပေးခဲ့ခြင်း ဖြစ်သည်။ လှည်းက အရေးကြီးလို့ ဘကြီးသာပိုက မပြီးနိုင်လျှင် မအိမ်ကံ လိုက်သွားရတာ ရှိဖူး သည်။

“ဘကြီး တစ်နယ်လုံးက လှည်းတွေနဲ့ အပ်ထည်များလို့ ပါအေ။ နက်ဖြန်ကျတော့မှ ယူတော့ ငါ့တူမရယ်။ ဘကြီး မလည်း ဖိုကျင်ထိုးခံရတဲ့ မောင်တင့်တယ်သာ ကြည့်တော့။ မီးနဲ့ နပန်းလုံးနေရသာနဲ့ ဘ၀ပြီးရတော့မယ်နဲ့ တူပါရဲ့။ ထမင်း တစ်လုတ် အပူခံစားရသာပါအေ။ ဘကြီးလည်း လုပ်နေသာ ပါပဲနှော ငါ့တူမ”

မအိမ်ကံ(36)

ညဦးပိုင်း သည်စကားရောက်တော့ အစ်ကိုမောင်မြတ်သာက မျက်နှာမကောင်းရှာ။ မနက်ကသူလည်း သွားကြည့်ခဲ့သည် ဆိုသည်။ အနောက်တန်း ရွာတွေထဲက လင်းနေကုန်း ရွာနေ မောင်စံတင်ဟု ကြားခဲ့ရကြောင်း ပြောပြရာက ကိုပြေသိမ်းကို လှမ်းကြည့်သည်။

“ကိုပြေသိမ်းရေ မောင်စံတင်က လူထူရင် သူ့ရင်ထဲက မကျေနပ်တာတွေ အင်မတန်ပြောတတ်တဲ့လူတဲ့ဗျ။ ပြောကြ တာတော့ အလံနီလိုလိုပါပဲ။ ဟုတ်မဟုတ်တော့ မပြောတတ် ဘူး။ ဖဆပလကိုရော ဆိုရှယ်လစ်တွေကိုရော ညဘက် မူးမူး ပြီး ဆဲတာတွေ ဘာတွေတောင် လုပ်သတဲ့။ ခက်တာက ဘယ်သူ ရက်ရက်စက်စက် လုပ်လိုက်တယ် ဆိုတာထား၊ စကားတွေ ပြောတိုင်းမကောင်းနိုင်တော့ဘူး ဆိုတာကတော့ ရှင်းနေပြီ”

အစ်ကိုမောင်မြတ်သာက ဘာမဆို ပြင်းပြင်းထန်ထန် ဝေဖန်တတ်သော ကိုပြေသိမ်းကို ရည်စူးနေကြောင်း သိသာလှသည်။ ကိုပြေသိမ်းကတော့ ဘာမှမပြောပါ။ စားပွဲပေါ်က စာအုပ်တွေကိုသာ ငေးကြည့်နေပါ၏။ အစ်ကိုမောင်မြတ်သာက စကားဖြတ်ထားရင်း ရှေ့ဆက်ရမည့်စကားကို စဉ်းစား နေပုံရသည်။

“အခုက အဖွဲ့အစည်းတွေက များလွန်းတယ်။ တိုင်းပြည်က အခုမှ နွားရိုင်းသွင်းချိန် ပြန်ရောက်နေရတယ်။ မကောင်းသူ မကောင်းသားကပ်လို့ အကောင်းဆုံး အချိန်ကိုးဗျ။ ကျွန်တော်တပ်က မထွက်နိုင်သေးတာ ဒါတွေလည်းပါတယ် ပေါ့ဗျာ။ လာဘ်ပေးကြ၊ လာဘ်ယူကြ၊ လူမိုက်ရွေးကြ၊ တပည့် ခံကြ၊ ဆရာတင်ကြ၊ ဝေငှစားသောက်ကြ၊ လုလိုက်ကြ၊ ယက် လိုက်ကြ ဖြစ်နေသယ်။ ကျည်ဆံကြေး ဖဲရိုက်ကြသတဲ့။ ကောင်းကြရောပေါ့။ တောကြောင်တွေ စုန်းတောက်နေကြ တာပေါ့လေ”

အစ်ကိုမောင်မြတ်သာ ပြောတာ အမှန်တွေချည်း ဖြစ်သည်။ နေ့ခင်းကြောင်တောင် နွားဆွဲတာများပင် ရှိ၏။ ဗြောင်ဝင်လုတာများလည်း ကြားနေရသည်။ တောနယ်ထွက် လက်လုပ်ပြောင်း သေနတ်များကလည်း ငွေပေးနိုင်လျှင် အစစ် နှင့်မခြား ရနိုင်သည်ဆိုသည့် သတင်းတွေကလည်း ရွာတွေမှာ သတင်းတွေ ကူးစက်နေပါ၏။ ရွာတွေမှာ ကင်းတွေချကြရသည်။ ဆူးစည်းရိုးတွေ ထူထူထဲထဲကာကြရသည်။ ၀ါးချွန် တွေ၊ ဒူးလေးတွေ၊ လင်းလေးတွေ အိမ်တိုင်းထားကြရပြီ။ သည်ကြားထဲက ဓားပြသံ၊ သူခိုးသူဝှက်သံ၊ အနုကြမ်းစီး သံတွေကလည်း မကြာမကြာ ကြားနေရတာမျိုးလည်း ရှိပါ၏။

မအိမ်ကံ(35)

“မြတလေးတဲ့။ တို့နဲ့တူမ ၀မ်းကွဲလောက် တော်တယ်။ သူ့အစ်မက စိန်တလေးတဲ့။ စိန်တလေးက ပိုကြည့်ကောင်းသေး။ အခုက စိန်တလေး ခရီးသွားနေလို့ မြတလေး ကွမ်းတောင် ကိုင်ခိုင်းရတာလေ”

အို လွယ်လိုက်ကြတာ။ သည်လို ဘယ်ဟုတ်ပါ့မလဲ။ မြို့ဆိုတာနဲ့ပဲ အရိုးအဆက် ပျက်ရရောတဲ့လား။ ဥစ္စာပေါ ရုပ်ချော ဆွေမျိုးနီးစပ်တော်ရုံနဲ့ပဲ မြို့ကျက်သရေဆောင် ဖက်စိမ်း ကွမ်းတောင်ကိုင် ဖြစ်ရရောတဲ့လား။ မအိမ်ကံတို့ ရွာတွေမှာတော့ သည်လောက်မလွယ်ပါ။ မအိမ်ကံတို့ရွာမှ မဟုတ်ပါ။ ဘယ်ရွာမှာမဆို လိုချင်လောက်မှ လူကောက်ရ ဆိုတာမျိုးမရှိ။ ထုံးမီစံကျ အကြောင်းလှသူမှ ကွမ်းတောင်ကိုင် ဖြစ်ခွင့်ရသည်။ သည်လိုပဲ ရှိရမှာပေါ့။

“တစ်ခုတော့ ရှိတာပေါ့ မအိမ်ကံရယ်။ ရိုးရာဓလေ့ ထုံးစံ တွေဆိုတာက အဓိပ္ပာယ် မရှိတာ။ အကျိုးအကြောင်း မရှိတာမျိုးမှ မဟုတ်ဘဲ။ ရှေးလူကြီးတွေက အရှည်ကို မျှော်ကိုးပြီး သတ်မှတ်ထားကြတဲ့ ရပ်ဓလေ့ ရွာဓလေ့ လူ့စည်းကမ်းကို မအိမ်ကံတို့ ရွာတွေမှာ သည်လိုဓလေ့တွေကို ထိန်းသိမ်းစောင့် ရှောက်နေကြတာ များဖြင့် အလွန်အားရမိတယ်။ အထူးသဖြင့် မိန်းကလေးတွေရဲ့ အကျင့်သီလကို ရင်စည်း ခါးဝတ်လိုမြဲမြံအောင် ထိန်းကွပ်ပေးတဲ့ သဘောပဲလေ”

ပွဲကတော်ကြီးက မအိမ်ကံတို့ မိသားစုကို ကျွေးမွေးပြီးမှ သွားစေသည်။ အလှူက ပိုသော ဟင်းကျွေး ဟင်းရံများနှင့် မုန့်တွေပါ ချိုင့်ကြီး ချိုင့်ငယ်ဖြင့် ထည့်သို ပေးလိုက်သေးသည်။ မြင်းခြံနှင့် ထနောင်းတိုင် မဝေးလှသည့် အတွက် အေးအေးဆေးဆေး နေခိုင်းခြင်းဖြစ်သည်။ အလှူသိမ်းကိစ္စများနှင့် အလုပ်ရှုပ်နေသည့်ကြားက ပွဲကတော်ကြီးမှာ မအိမ်ကံတို့ လှည်းထွက်ခါနီးမှာ လာနှုတ်ဆက်ပြန်ပါ၏။

“ကိုင်း သွားကြရော့ သားအဖတစ်တွေ။ ၀တ္တရားများ မကျေရင်လည်း သည်းခံကြပါ။ မပန်းရုံကိုလည်း ပြောလိုက်ပါနော်။ စစ်ခိုခဲ့ရတဲ့ကျေးဇူး အထူးတင်လျက်ပါလို့။ အလှူ တစ်လှူသာ ပြောတယ်။ အလုပ်တွေကလည်း ကိုယ်မပါရင် မပြီးရတာချည်းဖြစ်နေပါတယ်”

အပိုင်း(3) အတိုကြိုက်သူများ

အပိုင်း(3) အတိုကြိုက်သူများ

ကိုင်း နားလည်မှုလွဲတော့လည်း ရှုင်းရှင်းကလေးက ရှု့ပ်သွားပြီး ပြသာနာဖြစ်ရသည့်အပေါက်၊ တကယ်က ဝေါဟာရအတိုကြောင့်ပေါ်ပေါက်လာသည့်ပြသာနာပင်။

ထိုအဖြစ်မျိုးကဲ့သို့ပင် စပယ်ရာ၏ ဝေါဟာရစကားလုံးအတိုကို အသုံးချမှုကြောင့် အပျိုကြီး အရွယ်မိန်းမတစ်ယောက်နှင့် ကားဂိတ်၌ ပွတ်လောညံသွားခဲ့သည်။

အပျိုကြီးပြန်ရမည်က မြောက်ဒဂုံ။

သည်တော့ မြောက်ဒဂုံပြန်မည့်ကားအလာကို မှတ်တိုင်တွင်စောင့်နေရှာသည်။
ကားကတော်တော်နှင့် ပေါ်မလာ၊ ပေါ်လာသည့်ကားတွေက အင်းစိန်၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံသို့ပြန်မည့်ကားတွေချည်း။။
သို့နှင့် တဖြည်းဖြည်။ မှောင်ခြည်သန်းလာတော့၏။

ဤ၌ အဝေးပြန်မည့်ခရီးသည်များကို ပေါင်းစုတင်ဆောင်သည့်ကားများရှိကြ၏။
ကားခတော့ လိုင်းကားခထက်ပိုပေးရသည်။ ဆင်းမည့်နေရာသာရပ်၍ တောက်လျောက်မောင်းသည်။။ သည်အတွက် ခ၇ီးသည်ရရန် လိုက်မေးမြန်းစပ်ဟပ်ရသည်…..

သည်မှာတင် ဝေါဟာရအတိုစကားလုံးက ကောင်းကောင်းကြီးရောသမမွှေတော့သည်။ ကောင်လေးသည် အပျိုကြီးနားရောက်လာပြီး အလုပ်သဘောအရ မေးလေ၏ ။

အန်တီင်္ကြီးက `မြောက်´ နဲ့သွားမှာမဟုတ်လား။။။။။။။။။။။။။။။။။။

ဆိုလိုသည်က `မြောက်ဒဂုံ´သွားမည်ကားဖြင့် သွားမှာမဟုတ်လား´ လို့ ဆိုသည့်သဘော ။ဒါကို `အန်တီကြီး` ဟု အခေါ်ခံလိုက်ရသည့် အပျိုကြီးခင်ဗျာ ဆတ်ခနဲတွန့်သွားပြီး ချက်ချင်းဆိုသလိုပင် ကက်ကက်လန်အောင် အော်ပါလေတော့သည်။။

`ဟဲ့အကောင်………… နင် ငါ့ကို ဘာပြောတာလဲ၊ လူပါးလာမ၀နဲ့´

`ဗျာ။………….ကျွန်တော်က ဘာပြောလို့လဲ ၊ရိုးရိုးသားသား မြောက်နဲ့သွားမှာလားလို့ ပြောတဲ့ဥစ္စာ´……….


`ဘာ…ဘာ နင် မိုက်ရိုင်းစုတ်ပဲ့လှချည်လား၊ ငါတို့မှာ` မျောက်´ နဲ့သွားတဲ့မျိုးရိုးမရှိဘူး၊ လာစမ်း…………-စော်ကားမော်ကားပြောတဲ့အကောင်´။။။။

လက်စွဲတော်ခေါက်ထီးကို မြှောက်လိုက်သည့်သမယ အကင်းပါးပုံရသော ကောင်လေးသည် လှစ်ခနဲဆိုသလို လူအုပ်ကြားအတွင်း ၀င်ရောက်ပျောက်ကွယ်သွားချေသည်။

`မြောက်ဒဂုံ´ ဟု ပြည့်ပြည့်စုံစုံမပြော။

`မြောက်´ ဟုတစ်လုံးတည်းပြောလိုက်သောကြောင့် အပျိုကြီးက တိရစ္ဆာန် `မျောက်´နှင့် ရောထွေးသွားချေ၏ ။

ထိုအခါနားလည်မှုတွေလွဲသွားပြီး ကံကောင်း၍ ရုန်းရင်းဆန်ခတ်မဖြစ်၊


ဝေါဟာရတိုခြင်းသည် နေရာတကာ ကောင်းပါသလောဟု တွေးတောနေမိရင်းမှ
ဒီ အတိုကြိုက်သူများအကြောင်းကို ဒီနေရာမှာပင်နိဂုံးချုပ်လိုက်ပါတော့၏။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxxxx

အပိုင်း(2) အတိုကြိုက်သူများ

အပိုင်း(2)
အတိုကြိုက်သူများ

သြော် ခေတ်လူတွေ ခေတ်လူတွေ၊ အင်မတန်ကြွယ်ဝအောင် တည်ဆောက်ဖွဲ့စည်းလာခဲ့ရတဲ့ ဝေါဟာရစကားလုံးတွေကို “တို” ပစ်ကြတယ်၊ ပြည့်ပြည့်စုံစုံ မပြောနိုင်လောက်အောင် အချိန်တွေဆင်းရဲနေကြလို့လား……….

“ဒါလည်း မဖြစ်တန်ရာ”

ကျွန်တော်တို့ဆီမှာ အချိန်ကို “သုံး” ကြပါတယ်၊ “ဖြူန်း”ကြသည်က သာလွန်နေသည်ဟု ထင်ပါသည်။.


တိုသင့်သည့်နေရာ တိုရမှာပဲဖြစ်၏

ပမာဆိုရသော် လက်ရေးတိုကိစ္စ အင်မတန်မှ ကောင်းမြတ်လျော်ကန်လှပါသည့် လုပ်ငန်း ပညာရပ်။
ရှည်သင့်သည့်နေရာမရှည်ပဲ တို သွားသည့်အတွက် အဓိပ္ပါယ်တွေတလွဲတချောဖြစ်လာကမောက်ကမ မြင်ရသည့်အတွက်ကလည်း တစ်ပုံတစ်ပင်၊
ဤ၌ ဝေါဟာရ စကားလုံးများကို အတိုပြုလုပ်ရာ၌ စံပြုရသူများမှာ ကားစံပယ်ရာအချို့ပင်ဖြစ်၏

`ညနေခင်းရုံးဆင်းချိန်မှာ ဖြစ်၏။။
တောင်ဒဂုံသို့ပြန်မည့်ကား၊ မြောက်ဒဂုံသို့ ပြန်မည့်ကားတွေအသီးသီး ကားမှတ်တိုင်သို့ ၀င်လာကြသည်။

`မြောက်ဒဂုံပြန်မှာလား´
သည်လိုမပြောကြတော့

`တောင်လား´

`မြောက်လား´ တဲ့ဝေါဟာရ ကျစ်လစ်လင့်ကစား၊ နားလည်မှု လွဲသူနဲ့ ကျတော့ အဖုအထစ်တွေ ဖြစ်ရချေ၏။

အခုပဲကြည့်
အသက်ခပ်ကြီးကြီး အမျိုးသားကြီးတစ်ဦး
ပုံစံက ရှုနာရှိုက်ကုန်း
အသွင်အပြင်ကလည်း ဘောက်ဆတ်ဆတ်ပုံ

ထိုပုဂ္ဂိုလ်သည် ထိုးဆိုက်လာသော ကားတစ်စီးဆီလျောက်သွားလေ၏၊ဤ၌ ခရီးသည် ရလိုဇောဖြင့် စပယ်ယာလေးက အနှီးပုဂ္ဂိုလ်အားလှမ်းမေးချေ၏ ။

`ဘကြီး `တောင်´ လားဟင်´ တဲ့

အမှန်က တောင်ဒဂုံပြန်မှာလားဆိုသည့်သဘော ၊ ဟုတ်သည်ဆိုက သူ့ကားပေါ်တက်ခိုင်းရမည်၊
သို့ရာတွင် ဘောက်ဆတ်ဆတ်ပုဂ္ဂိုလ်က ဘယ်လိုများအတွေးအာရုံရောက်သွားလေမသိ၊
ရှူးရှူးရှဲရှဲဖြစ်သွားလေတော့သည်……………
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxxxx

အတိုကြိုက်သူများအကြောင်း

အတိုကြိုက်သူများအကြောင်း




`မုန့်ဟင်းခါးနှစ်ပွဲရှိတယ်၊ဟောဒီမှာအကိုတို့နှစ်ယောက်ကနှစ်ယောက်စလုံး `ဘူး´တွေဟေ့တဲ့


အပိုင်း(1)

မည်သည့်ပညာရှင်က မည်သို့သော အယူအဆဖြင့် ကောက်ချက်ချခဲ့လေမသိ။

`မိန်းမမှာ အပျို၊
ဆေးလိပ်မှာ အတို´ တဲ့။

ညအင်္လကာ ကား ဂေါမစွံလူပျိုကြီးမို့ မိန်းမအကြောင်းကို လုံးဝလုံးဝဆိုမသိ။ မိန်းမအကြောင်းကို သိလိုပါက မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀လင်္ကာကြီး ဖတ်ကြည့်ဟု ဆရာ့ဆရာအပေါင်း၏ သွန်သင်မိန့်မှာချက်တို့ကို နာခံပြီးသကာလ ရွာဦးကျောင်းဆရာတော်ထံမှာ သွားရောက်ဌားရမ်းဖတ်ရှုကြီးပြီးနောက် မိန်းမဆိုသည်ကို အတော်ကလေး ဖြုံသွားခဲ့ကြောင်း ၀န်ခံရပါတော့မည်။

ထို့အတူ `ဆေးလိပ်မှာအတို´ ဆိုသည်ကိုလည်း နားမလည်ပြန်ပါချေ။


အကြောင်းမူ သည်အသက်အရွယ်ရောက်သည်အထိ ဆေးလိပ်ဆိုပါက တစ်ဖွာတစ်ရူကလေးမျှပင် ရှိုက်ဖွာဖူးသူမဟုတ်၍ တိုသည်၊ရှည်သည် ထိုနှစ်လီအား အီဖေကို ကောင်းကောင်းမသိပေ။

ကျွနိုပ် ညအင်္လကာ အဖို့ ရိုးသည်ဟု ဆိုရမည်လား ဒါမှမဟုတ် တုံးလွန်းသည်ဟု ကောက်ချက်ချရမည်လား၊ မိမိကိုယ်မိမိ မဝေခွဲတတ်လင့်ကစာ တပည့်တစ်ယောက်ဖြစ်သည့် အောင်နိုင်မျိုးမှာတော့ က္ကတ္တိယ ခေါ် မိန်းမတို့အကြောင်းကို နောကျေနေမောင်သိ၏၊ ရည်းစားလည်းထားဖူး၏ မိန်းမလည်းခဏခဏ ရဖူး၏၊
သို့သော် အိမ်ထောင်ရေးကား ကြာရှည်မမြဲ၊ မောင့်အဆိုးမျိုးကို ခံနိုင်ရည်မရှိသဖြင့် ခွာပြေးသွားကျလေသလောဟု မပြောတတ်၊ နှလုံးသားအမာရွတ်တတ်နေပြီသဖြင့် အောင်နိုင်မျိုးခမျာ မည်သို့မျှခံစားရပုံမပေါ်ချေ။။

အခုကျနော်တို့ခေတ်လူတွေ အတိုကို တော်တော်ကြိုက်လာကြသည်။။

`ဟုတ်ကဲ့´ ဟု ပြောရမည်ကိုလည်း
`ဟုတ်´ တဲ့။ `ညီလေး´ ဟုပြောရမည်ကိုလည်း `ညေး´တဲ့။

တပည့်ဖြစ်သူ အောင်နိုင်မျိုးကိုယ်တိုင်ပင် အတိုကြိုက်ပုံရသည်။
ကျွန်တော့်ကို `အာစရိ´ ဟုခေါ်နေကျကို တိုတိုတုတ်တုတ်ဖြင့် `အာစိ´ ဟုပင်ခေါ်နေတော့၏

သည်သို့ အတိုကြိုက်လာသူ၊ အတိုသုံးစွဲသူများကြောင့် ကျွန်တော့်တို့ ဆရာတပည့်နှစ်ယောက် လူပုံလယ်ကြား(အထူးသဖြင့် အမျိုးသမီးတွေကြား)၌ မျက်နှာမထားတတ်အောင်ဖြစ်ခဲ့ဖူးပါသည်။။

တစ်ခါက ဆရာတပည့်နှစ်ယောက် နေ့လယ်နေ့ခင်း ဗိုက်အနည်းငယ်ဆာသည်မို့ မုန့်ဟင်းခါးစားရန် ရုံးမှ ဆင်ခဏဆင်းလာခဲ့ကြသည်။
မိမိတို့ဆင်းလာခဲ့ကြတော့ အစောင့်အဖြစ် တောက်တိုမယ်ရခိုင်းရန် ကောင်လေးတစ်ယောကို ထားရစ်ခဲ့ရသည်။
`ဟကောင့် ငါတို့ သိပ်မကြာဘူး၊ ပြန်လာမှာနော်၊ စားပွဲပေါ်ကပစ္စည်းတွေ ထားခဲ့တဲ့အတိုင်းရှိပလေစေ၊ ခြေဆော့လက်ဆော့ မလုပ်နဲ့ ကြားလား´

`ဟုတ်´

အလဲ့ သူတောင် အတိုကြိုက်သူဖြစ်နေပါပြီကလား၊ သို့ဖြင့် မိမိတို့လမ်းပေါ်ရောက်လာသည်၊

`ဆူးလေ ကားဂိတ်နားက မုန့်ဟင်းခါးတော်တော်ကောင်းတယ် `အာစိ´
`အေး အဲဒီကိုပဲ သွားကြတာပေါ့´

အစားကောင်း အသောက်ကောင်းရှိသည့်နေရာတို့ကို နေကျေအောင်အမြဲသိထားလေသော တပည့်ကျော်၏ ဦးဆောင်မှု၌ ကျွနိုပ် အလင်္ကာလည်း အာစရိမာန်ကို ချလိုက် ကုပ်ချောင်းချောင်းဖြင့် လိုက်ပါသွားခဲ့လေသည်။

`ဟိုဆိုင်ပဲ ၊ အာစိ၊ မြင်တယ်မလား´

`မြင်တယ်မဟုတ်လား´ ဟု ဆိုရမည်ကို ´မြင်တယ်မလား´တဲ့

သြော်..တော်တော်လေး အတိုကြိုက်သည့်တပည့်ပါကလား။

`အေး………. မြင်တယ်၊ ဟုတ်ပါရဲ့ကွာ၊ လက်ရာကောင်းလို့ထင်ပါရဲ့ တစ်ချိုဆို မိုးတိုးမတ်တက်နဲ့၊´
`ဒါပဲ အာစိ---ရန်ကုန်မှာက ပစ္စည်းတစ်ခုကို စံချိန်မှီအောင်ကောင်းကောင်းမွန်မွန်သာလုပ်၊ နာမည်ရသွားပြိဆိုရင် အိုကေပြိသာမှတ်၊ တကယ်ကိုပွဲသိမ်းပဲ´


ဆရာတပည့်နှစ်ယောက်သား စကားတပြောပြောနှင့် မုန့်ဟင်းခါးဆိုင်သို့ ရောက်သွားကြသည်၊ လွတ်သွားသည့် ခုံနှစ်လုံး၌ ဆရာတပည့်နှစ်ယောက် တင်ပါးကို ကျောက်ချ လိုက်ကြ၏ ၊ ကျွန်တော်တို့ဘေးမှာတော့ မုန့်ဟင်းခါးကို အလွန်နှစ်သက်ပုံရသည် လှတပတ မိန်းမပျိုတစ်သိုက် ခေါင်းမဖော်တမ်း လွေးနေကြလေသည်။

ထိုခဏ သွက်သွက်လက်လက်ရှိပုံရသော စားပွဲထိုးကောင်လေးသည် ကျွန်ုပ်တို့အပါး ရောက်ရှိလာခဲ့လေသည်။

`အကိုတို့ မုန့်ဟင်းခါးလား၊ ညှပ်လား´

တိုတိုတုတ်တုတ်ဖြင့် `ညှပ်´ လားတဲ့

`ကျွန်တော်တော့ မုန့်ဟင်းခါးပဲ၊ အာစိကော မုန့်ဟင်းခါးလား၊ ညှပ်လား၊´

`မညှပ်ပါဘူးကွာ၊ မင့်အတိုင်းမုန့်ဟင်းခါးပါပဲ´

`ဟုတ်ပါပြီ၊ ကိုင်း………ကောင်လေး တို့ကို မုန့်ဟင်းခါးပဲထည့်

`အကြော် ဘာထည့်မလဲ၊ ပဲကြော်လား၊ ဘူးသီးကြော်လား၊

`ဘူးသီးကြောပဲလုပ်ကွာ´

ပြည့်စုံစွာမှာကြားပြီးသည့်သကာလ၊ စားပွဲထိုးကောင်လေးလည်း မုန့်ပွဲပြင်နေသူ့ထံ အော်ကြီးဟစ်ကျယ် လှမ်းမှာလိုက်သည့်အတွက်ကြောင့် နံဘေးရှိလှတပတတစ်သိုက်၏ ပြုံးစိစိဖြစ်သွားမှုက မိမိတို့ဆရာ တပည့်နှစ်ယောက်မျက်နှာမထား တတ်အောင် ဖြစ် သွားရပါတော့၏ ၊

`မုန့်ဟင်းခါးနှစ်ပွဲရှိတယ်၊ဟောဒီမှာအကိုတို့နှစ်ယောက်ကနှစ်ယောက်စလုံး `ဘူး´တွေဟေ့တဲ့

ကိုင်း……………………..အတိုကောက်စကားလုံးကြောင့် ကျွန်ုပ်တို့နှစ်ယောက်သားအလိုလိုနေရင်း `ဘူး´တွေ ဖြစ်သွားရပါကောလား။။။။။။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxx


ဆက်လက်ဖော်ပြပါမည်၊

ငယ်ချစ်ဦး


ငယ်ချစ်ဦးလေးရေ မမြင်နိုင်ပေမဲ့
ခိုင်ခံတာက သံယောဇဉ်

မတွေ့နိုင်ပေမဲ့
မမေ့နိုင်တာက ငယ်ချစ်ဥိး

မပြေးနိုင်ပေမဲ့
မိုင်ပေါင်းများစွာရောက်တာက စိတ်

ကိုယ့်ရဲ့ စိတ်စေကသိတ်မှာ
ခိုင်ခံတဲ့ သံယောဇဉ်တွေနဲ့
မမေ့နိုင် မမုန်းနိုင်
ကမ္ဘာဆုံးထိ သတိရသွားမှာက
ငယ်ချစ်ဦးတစ်ယောက်တည်းကိုပါ။။။။။။။။။။။။။။။။။

ရွေးချယ်ခွင့်


ရွေးချယ်ခွင့်
ဘ၀ပေးတာ
ချရွေးစရာ တစ်ပုံတစ်ပင်တဲ့
မယုံချင်မှအဆုံး
ပုံပြင်အလှတစ်နှုန်း

မသွေမမည်ပင်
နေခြည်လွင်လွင် စခန်းအတွင်း
လေပြည်တသွင်သွင် ပန်းတစ်ခင်းနဲ့
ရေကြည်လင် စမ်းတစ်စင်းတို့ကို
ရင်အရင်းခံ အမြန်ရွေးပေမယ့်
ကံမပေး ကျန်သေးတာ ကန္တာလွင်တဲ့
မဟန်ပါလျှင် မိုးမှောင်ရိုင်းပါလို့
မုန်တိုင်းတွေ တရစပ်ကြမ်းပေလိမ့်
ဘွာမခတ်တမ်း
(ကိုယ်ကျရာ) ကြမ္မာတက်လမ်းကို
လွမ်း `က´ ပေဦး

ကျွန်တော်



ကျွန်တော်

လူဆိုတာ
အသည်းနှလုံးထဲမှာ နှစ်ယောက်နေပြိး
ဦးနှောက်ထဲမှာ တစ်ယောက်တည်းနေသင့်တယ်……

ကျွန်တော်က လေထဲမှာ လျှို့ဝှက်ချက်ကို အော်လိုက်တယ်
လေက ကျွန်တော် လျှို့ဝှက်ချက်ကို သစ်ပင်တွေကို ဖွင့်ပြောလိုက်တယ်……..

မှန်ထဲက ညာလက်ဟာ အပြင်မှာ ကျွန်တော့်ဘယ်လက်
ကျွန်တော့်ကို သစ္စာဖောက်လို့ဆိုသူတွေဟာ ဘာသစ္စာမှ စောင့်သိဖူးတဲ့ လူတွေမဟုတ်ဘူး………

Love Truth and Pardon error ကို Voltaire က ဆိုခဲ့တယ်
ကျွန်တော်က လူတွေကို ခွင့်လွှတ်တယ်..
လူတွေက ကျွန်တော့်ကို ခွင့်မလွှတ်ဘူး

ကဲ့ရဲ့ခြင်းနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် လူကြောက်ဖြစ်ခဲ့တယ်
အပြစ်တင်ခြင်းနဲ့ ကျွန်တော် အတူနေခဲ့ရစဉ် ကျွန်တော် ဝေဖန်ရှုတ်ချသူဖြစ်ခဲ့တယ်
အတိုက်အခံ အာဃာတနဲ့ အတုနေခဲ့ရစဉ် ကျွန်တော် ရန်လိုသူဖြစ်ခဲ့တယ်
မေတ္တာနဲ့ အတူနေခဲ့ရစဉ် ကျွန်တော်ချစ်ခင်သူဖြစ်ခဲ့တယ်
အားပေးမှုနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် ကိုယ့်ကိုယ်ပင်ဖြစ်ခဲ့တယ်
သစ္စာတရားနဲ့ အတူနေခဲ့ရစဉ် ကျွန်တော်ဟာ တရားသမားဖြစ်ခဲ့တယ်
ချီးမွမ်းခြင်းနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် နှစ်သက်ဖွယ်မဟုတ်သူဖြစ်လာတယ်
အတတ်ပညာနဲ့ အတူနေခဲ့ရစဉ် ကျွန်တော် လိမ္မာရေးခြားရှိခဲ့သူဖြစ်ခဲ့တယ်

ကျွန်တော်ကိုယ် ကျွန်တော် ကိုယ်စားပြုပြီး ကျွန်တော်ဟာ ကျွန်တော်ဖြစ်ချင်တယ်


မှတ်ချက် ။။။ကိုယ်တိုင်ရေး

Thursday, October 15, 2009

မအိမ့်ကံ(34)

(Aug-09) မအိမ်ကံ
ယခင်လမှ အဆက်.....

တုံ့ခနဲ ရပ်လိုက်သော လှည်းကြောင့် ကလေးလုသူ ဟန်ချက် ပျက်သွားခဲ့သည်။ ဖိုးကူးက ရုတ်တရက် ထရပ်လိုက်ပြီး ကလေးလုသူ၏ အင်္ကျီ မပါသည့် ကျောမည်းမည်းကြီးကို နကန်နှင့် ဖြန်းခနဲ ရိုက်ချလိုက်သည်။

ကလေးလုသူက နကန်ချက်ကို နာပုံပင်မရ။ ပါးစပ်ကြီးဖြဲကာ လက်ကြမ်းကြီးများနှင့် လုမြဲလုလျက် ရှိလေသည်။ ကိုပြေသိမ်းက အမှတ်တမဲ့ကြောင် နေရာက မျက်နှာကို လက်သီးပြင်းပြင်း တစ်ချက် ထိုးလိုက်တော့မှ အူးခနဲအော်ကာ မျက်နှာကို လက်ဖ၀ါးဖြင့် အုပ်လိုက်သည်။ ဖိုးကူး၏ နကန်ချက်တွေ ဆက်ကာဆက်ကာ ကျလာသည့် အခါမှာတော့ လှည်းပေါ်က ၀ုန်းခနဲ ခုန်ချ လိုက်လေ၏။ တက်မတက် ချက်မတက် အော်နေကြသော သမီးနှစ်ယောက်ကို ထွေးပွေ့ထားရင်း လှည်းပေါ်က ကျသွားသူကို မအိမ်ကံ ငုံ့ကြည့်လိုက်သည်။ ဘယ်သူလဲ၊ ဘာသဘောလဲ။ မအိမ်ခိုင်ကို ဘာဖြစ်လို့ လုရတာလဲ။ မအိမ်ကံ နားမလည်နိုင်။ လူကလည်း အရူးတစ်ယောက်နှင့်ပင် တူနေတော့သည်။ ပြီးတော့ တလုတ် မန်ကျည်းတောထဲက ဘာကိစ္စ စောင့်နေရတာလဲ။ မအိမ်ကံတို့ လာမယ်ဆိုတာ ဘယ်သူက လက်ထောက်ချ လိုက်လို့ပါလိမ့်။ လှည်းဆက်ထွက်လာခဲ့ သော်လည်း ကလေးလုသူက လှည်းလမ်းပေါ်မှာ ကုန်းကုန်းကြီး။

“အရူးစက်ဖေဆိုသာပေါ့ မမကံ တစ်ရွာတစ်ရွာသည်လို ကူးနေတာ မမကံ မကြုံဖူးလို့ လှည်းပေါ်မှာ ကလေးပါရင် တက်လုနေကျ၊ ပြီးခဲ့တဲ့လကပဲ အနောက်ရွာက ကလေး တစ်ယောက်ကို အိမ်ပေါ်တက်လုလို့ ၀ိုင်းရိုက်လွှတ်လိုက်ကြ သေးသာ”

“အို..ကလေးလုသယ် ဟုတ်လား ဖိုးကူး။ ဟုတ်ကဲ့လားဟယ်။ အရူးစက်ဖေရယ်လို့တော့ ကြားဖူးသား။ ကလေး လုသာတော့ မကြားမိဘူး။ တော်ပါသေးရဲ့ အစ်ကိုရယ်၊ အစ်ကို သတိရှိလို့ သာပေါ့။ တော်တော်တော့ နာသွားရှာ ထင်ပါရဲ့ လှည်းပေါ်က ပြုတ်ကို ကျသွားသာ”


မအိမ့်ကံ(33)

မလှအုံက နို့ပူပူတစ်ခွက်ကို မတ်ခွက်ကြီးနှင့် အပြည့်ထည့်လာကာ ကိုပြေသိမ်းရှေ့လာချ တော့ အငမ်းမရသောက်သည်။ အမေပန်းရုံမှာ သမက်ဖြစ် သူကို အခုထိ စကား မပြောနိုင်သေး။ သမီးမအိမ်ကံ ငယ်ငယ် ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ရရှာပြီဟု ခံစားနေရသည့်ဝေဒနာက အခုတော့လည်း ၀မ်းသာလုံးဆို့ကာ ဘာစကားမှထွက်မလာ။ မလှအုံကတော့ သူကြိမ်းဝါးထားသည့်အတိုင်း အိုးကြီးတိုက် ချက်ဖို့ ဟင်းစား အရှာထွက်သွားတော့သည်။

မအိမ်ကံကတော့ ဆံပင်တွေကုပ်ထောက်နေသော မုတ်ဆိတ်မွေး ဗရပွေနှင့်လင်သားကို ကြည့်ရင်း သနားနေမိ သည်။ သည်လိုမြင်ရပြန်တော့လည်း အကျိတ်အခဲကလေး တွေ ကျေရပြန်ပါ၏။ ခုနစ်လလောက် စုပ်စုပ်ကန်း ပျောက်နေသည့် လင်သားတစ်ယောက် မမျှော်လင့်ဘဲပြန် ရောက်လာတာကို အိပ်မက်များမက်နေလေသလားလို့ ထင်မိ သည်။ ရန်ပဲတွေ့ရမလား၊ ရင်ခွင်ထဲ ခေါင်းထိုးပြီး ငိုချ လိုက်ရမလား မသိတတ်နိုင်တော့ပါ။

“သမီး”
ကိုပြေသိမ်းက မအိမ်မြိုင်ကို လှမ်းခေါ်တော့ သမီးက မအေကို ပြေးတွယ်သည်။ ရင်ခွင်ထဲ တိုးဝင်လာသောသမီး ကလေးကို ငုံ့ကြည့်ရင်း သည်အခါကျမှ မျက်ရည်ထွေထွေ ကျလေ၏။

“အိမ်ကလေး အစ်ကို့ကို စိတ်ခုနေသလားဟင်”

“စိတ်တော့ မခုပါဘူး အစ်ကို။ သေကံမရောက် သက် မပျောက် မအိမ်ကံဆီ ဆိုက်ဆိုက်ကြီး ရောက်လာတာကိုပဲ ၀မ်းသာလှပါပြီ။ စားဝတ်နေရေးမပူပင်ရပေမယ့် ခေတ်ပျက် ကြီးထဲမှာ မအိမ်ကံ အတော်ကလေး တောင့်ထားရသယ်။ သည်ကြားထဲ လင်သားဆိုသူက သေသလား ရှင်သလားမသိရ တဲ့အဖြစ်ကတော့ ဆိုးလွန်းလှသယ်။ ညည်းယောက်ျားက ရေမျောကမ်းတင်မဟုတ်ပေသိ လုပ်သွားတဲ့အလုပ်က ရေစုန် ဒိုက်မျောအလုပ်မျိုးလို့ မပြောကြရုံဘဲရှိသာ မအိမ်ကံ သိသား ပဲ။ အရှိန်အ၀ါကြီးလွန်းလို့သာ မပြောဝံ့ကြသာပါ။ မအိမ်ကံမှာ နေရသာ မလုံခြုံခဲ့ပါဘူး အစ်ကို”

မအိမ်ကံ မျက်နှာညှိုးညှိုးငယ်ငယ်နှင့် သည်လိုပြောတော့ လည်း ကိုပြေသိမ်း မလှုပ်သာ။ မအိမ်ကံကလည်း သည့်ထက် တော့ ပိုမပြောပါ။ ပြောလို့လည်း မကောင်းမှန်းသိတာပါသလို ပြန်ရောက်လာမှတော့ မင်္ဂလာရှိသည့်စကားပဲ ပြောချင်တာပါ ပါ၏။ ကိုပြေသိမ်းခမျာလည်း ပင်ပန်းနွမ်းနယ်လှပုံ ပေါ်နေ သည်။ အသားတွေကလည်း မည်းညစ်သွားလိုက်တာ။ ထင်းလှည်းတိုက်သည့် ကိုဘသာရုပ် ပေါက်နေပြီ။ ကိုဘသာ ကို ကြည့်လိုက်လျှင် အသားတမည်းမည်း၊ ချွေးတစိုစို၊ ကျီးကန်းပါးစပ်နာ တစ်ဖက်တစ်ချက်နှင့် သွားရေတယိုယို ဆိုတော့ ရွာကလူပုံမဟန်လျှင် ဘသာကြီးကျလို့လို့ ပုံခိုင်း တတ်ကြသည်။
ကိုပြေသိမ်းကတော့ နဂိုရုပ်ရည်သန့်သူဆိုတော့ ညစ်တီး ညစ်ပေမဟုတ်ပေသိလို့၊ အသားတွေက နေလောင်တာများ သလို ကြေးပြားမီးဖုတ်ရောင် ပေါက်နေခဲ့သည်။

ဆံပင်တွေက ဘယ်က ဘယ်လို ညှပ်လာတာလဲမသိ။ စက်ကပ်ကြေးနှင့် ဖြစ်ကတတ်ဆန်းထိုးထားပုံမျိုး။ လူကလည်း ပိန်ကျသွားလိုက် တာ ၀ါးခြမ်းပြားသာသာပင်။ မျက်တွင်းချောင်ကြီးနှင့် ခြေ တစ်ဖက်က ဆာချင်ချင်ဖြစ်နေသေးသည်။ ရင်ဘတ်နှင့်ကျောကုန်းမှာ အညိုအမည်းကွက်တွေက ဆေးရွက်ကြီးတွေ အချပ် လိုက်ကပ်ထားတာနှင့်တူသည်။ ဘယ်သောင်ဆိုက်လို့ ဘယ် ကမ်းရောက်ခဲ့သည် မသိရသော်လည်း တွင်းဆုံးကျလွန်းတာ ကိုတော့ မအိမ်ကံ မချိတင်ကဲရှိခဲ့သည်။ မလှအုံကပင် ကိုပြေသိမ်း ရောက်လာသည့်နေ့က မကောင်းသောအတိတ်၊ မကောင်းသောနိမိတ်တွေ အညံ့ပြေစေရန် ဖက်ကတော့ သက်စေ့ပြုကာ ပန်းသက်စေ့ထည့်၊ ရေချမ်းအိုးနံစေ့လှူပေး သည်။ မလှအုံကလည်း ကိုပြေသိမ်းကိုကြည့်ကာ စိတ်မသက် မသာ ရှိရှာသည်။

အမေပန်းရုံကတော့ မပြောနှင့်တော့။
“ဆန်မရှိတဲ့မောင်းဆုံ ကျည်ပွေ့စိုက်ရင် ခိုက်တတ်သယ်။ လူကြီးမိဘ၊ လင်သား၊ မိုး၊ မြေ၊ ရေ၊ နေကို စကားတင်းဆို လျှင် ခိုက်တတ်သယ်။ ရေလဲခေါင်းပေါင်းအင်္ကျီလက်ခွံစုပ် ချုပ်မ၀တ်ကောင်းဘူး၊ ခိုက်တတ်သယ်။ ညည်းယောက်ျားကို အပြစ်ရှိဦးတော့ စကားတင်းမဆိုနဲ့၊ ကြားလား မအိမ်ကံ။ ကောင်းသော စကားကိုပြော။ ညည်းကို မခိုက်စေနဲ့”

မအိမ့်ကံ(32)

တစ်ရက်မှာတော့ မြင်းခြံသား ကိုဝေဠု ဇောင်ချမ်းကုန်းကို ရောက်လာခဲ့သည်။ သူနှင့်အတူ အသားညိုညို မျက်လုံး မျက်ဖန် ကောင်းကောင်း ကိုဘဆန်း ဆိုသူလည်း ပါလာခဲ့ပါ၏။ သည်နှစ်ယောက်က စစ်မထွက်ခင် တစ်ခေါက် ရောက်လာ ကြပြီး စစ်ပြီးတော့ တစ်ခေါက်လာ နှုတ်ဆက်ကြသလိုပင်။ ကိုမင်းရာ ဆိုသူနှင့် ကိုဖူးခေါင် ဆိုသူ နှစ်ယောက်တော့ ပါမလာ။ မအိမ်ကံက ပွဲကတော်ကြီး၏ တူတော်သူ ဆိုတော့ ထွက်တွေ့ ဧည့်ခံရပါသည်။ ကိုပြေသိမ်းနှင့် သူတို့လေးဦးသား ငြင်းကြခုံကြ၊ အော်ကြဟစ်ကြတာကိုပင် သတိရမိ သေးတော့သည်။ အမေပန်းရုံနှင့် မလှအုံတို့က ဧည့်သည်တွေကို နေရာချထား ပေးထားနှင့်ကြပြီ။ မလှအုံက ကိုပြေသိမ်း၏ ဇာတ်သိမ်း မကောင်းပုံကို လာပြောကြသည် ထင်၍ မျက်နှာ မကောင်း။ ထွက်သွားကြတာ ငါးယောက်။ ပြန်ပေါ်လာတာက နှစ်ယောက်တည်း မဟုတ်လား။

မအိမ်ကံကတော့ မျက်နှာကို ချီချီပင့်ထားရင်း ကြုံသမျှ ကျသမျှ ရင်စည်းခံမည့်ပုံ။ ဒါကိုပဲ မလှအုံ အံ့သြရပါ၏။ မအိမ်ကံကို အမေပန်းရုံ စိုးရိမ်သလို မလှအုံကလည်း တစ်လျှောက်လုံး စိုးရိမ်ခဲ့ရသည်။ တစ်ဘ၀မှာ တစ်ချစ်၊ တစ်ချစ်မှာ တစ်ကြင်ဖော် ဆိုသူ မဟုတ်လား။ သို့သော် ကိုပြေသိမ်း ထွက်သွားသည့် နေ့က မျက်ရည်ကျခဲ့တာက လွဲလို့ နောက်ပိုင်း ၀မ်းနည်းရိပ် မရှိ။ မေးတာမြန်းတာကိုလည်း ကြိုက်ပုံမပေါ်။

"ငါ့သမီးကလေး မအိမ်ကံခမျာ ခံလိုက်ရရင် အချီကြီး ဆိုသလို ပါပဲလား လှအုံရယ်။ အပျိုဘ၀ အနှစ်နှစ်ဆယ် လုံးလုံး သူဖြစ်ချင်သာ မဖြစ်ခဲ့ရဘူး။ အိမ်ထောင်ပြုတော့လည်း သားနဲ့ မယား ဒုတ်ဒုတ်ထိ ထားသွားရက်သဲ့ သူငယ်နဲ့မှ အကြောင်းပါ ရလေသယ်။ သူ ရင်စီးခံနိုင်ပေမယ့် ငါဖြင့်အေ လင်သူကြီးမင်း သေသာ ဖြေနိုင်ခဲ့ပါရဲ့။ မအိမ်ကံ အတွက် မဖြေနိုင်ဘူး။ ဒါပေသိလို့ တိုက်လှေနဲ့ ရက်ကန်းလွန်း ဘ၀ချင်း မညီသာကိုပဲ ယိုးမယ်ဖွဲ့ရသယ်။ တစ်နေ့ သည်လို ရှိမယ်လို့တော့ ထင်သားပဲဟယ်"

ဒေါ်ပန်းရုံက မလှအုံကို ပြောခဲ့ဖူးသည့် စကားများပင်။ မလှအုံက သူတကာ စစ်ထွက်သူတွေ ပြန်လာကြတာတွေ ကြားထားသူ ဆိုတော့ ကိုပြေသိမ်းကိုလည်း မျှော်ခဲ့ပါ၏။ သို့သော် ရောက်မလာတော့လည်း ဘ၀ ကံကုန်ခဲ့ကြပြီ ထင်ပါရဲ့လို့ အဆုံး တွေးထားခဲ့သည်။ အခုပဲကြည့်လေ။ အတူသွားကြသည့် အထဲက နှစ်ယောက်သာ ရောက်လာကြတာ မဟုတ်လား။ ကိုဝေဠုကပဲ စကားစခံသည်။ မအိမ်ကံက ခါးကလေး တောင့်ရင်း သမီးကလေးကိုသာ ငေးနေခဲ့သည်။ တစ်နှစ်ခွဲ သမီး မအိမ်မြိုင်က ကြမ်းပေါ်မှာ တော့တီးတော့တာ ကစားနေသည်။ အနားတွေ့သမျှ ပါးစပ်ထဲ ကောက်ထည့် နေသဖြင့် ကျေးဥက နှိုက်နှိုက် ထုတ်နေတာကို ကြည့်နေခြင်း ဖြစ်၏။

"ကိုပြေသိမ်းနဲ့ ကျွန်တော်တို့ သွားတုန်းကတော့ အတူတူ ပါပဲ။ ကျွန်တော်တို့ အားလုံး ပခုက္ကူဘက်ကို ဖြတ်ထွက် ကြတာပါ။ ပခုက္ကူကမှ တာဝန်ခွဲကြတော့ ကျွန်တော်နဲ့ ကိုဘဆန်းက ပြည်မြို့ဘက် ပါသွားကြတယ်။ ကိုပြေသိမ်းက မန္တလေး၊ ကိုဖူးခေါင်က သရက်ဘက်၊ နောက် ကိုမင်းရာက တောင်တွင်းကြီးဘက်၊ ကိုဖူးခေါင်နဲ့ ကိုမင်းရာတို့ကတော့ တိုက်ပွဲမှာ ကျခဲ့ကြပြီ။ ကိုပြေသိမ်းကတော့ ကျတယ် ဆိုတဲ့ သတင်းမရတာ အမှန်ပါ။ ပြန်မလာ သေးတာကိုလည်း ကျွန်တော်တို့ နားမလည်နိုင်ဘဲ ဖြစ်နေပါတယ် ဒေါ်ဒေါ်"

မအိမ့်ကံ(30)

ယခင်လမှ အဆက် ...

၂၆။
မအိမ်ကံ၏ မီးနေရက် မီးတွင်းရက်များ အတွင်း မီးနေခန်း ထဲမှာပဲ အောင်းနေ ရတော့သည်။

နနွင်းတွေ တစ်ကိုယ်လုံး ၀ါထိန်နေအောင်လူး၊ နနွင်းရည်နှင့် ရင်းပြား သွေးကာ သောက်ရင်း မီးကပ်ကြီးဘေးမှာ ထင်းမပြတ်ထည့်ပြီး မီးကင်နေရသည်။ မီးနှင့် မျက်နှာမြင်ရခြင်း၊ မီးနား အဆက်မပြတ် နေရခြင်းကြောင့် မီးနေသည်လို့ ခေါ်ကြောင်း အမေ ပန်းရုံက ရှင်းပြပါ၏။ မအိမ်ကံကတော့ မီးတွင်း အောင်းနေရသည့် ခုနစ်ရက် လုံးလုံး ဘယ်ကိုမှ စိတ်မရောက်မိဘဲ ရင်သွေး ကလေးဆီကိုသာ စိတ်တွေ နှစ်ပုံထားလိုက်မိသည်။

သမီးကလေး မအိမ်မြိုင်။ ဆုတောင်းလိုက်ရသာ သမီးရယ်။ အမေဖြင့် တပေါင်းလ ပူပူလောင်လောင်ကြီးထဲ မွေးရပေမယ့် ပူသယ် ထင်မိပေါင်အေ။ ညည်းကလေး လပြည့်ကျော် ဆယ့်လေးရက် မွေးပါမယ့် အကြောင်း အမေဖြင့် ရှင်ကြီးရှင်ကောင်း နတ်ကောင်းနတ်မြတ် ဆုတောင်းလိုက်ရသာ။ ညည်းမွေးမယ့် ရက်က လေနီကြမ်းကြီး ကျသေးသကောအေရဲ့။ မိန်းမကြီး မိန်းမစွာများ ဖြစ်ချင်ရော့လားအေ။ မာန ရှိစမ်းပါ သမီး။ မိန်းမ ဆိုသာ မာန ရှိရသယ်။ သူတကာကို ရုန်းရုန်းရင်းရင်း ဆက်ဆံရမယ့် မာနမျိုး မဟုတ်ဘူး သမီးရဲ့။ ဣနြေ္ဒနဲ့ သိက္ခာကို ဘ၀မှာ တည်တည်ကြည်ကြည် စောင့်ထိန်း လိုက်စမ်းမဟဲ့ ဆိုတဲ့ မာနကို ပြောသာ။ ကိုယ့်ကိုယ်ကိုယ် မှဲ့တစ်ပေါက် မစွန်းရအောင် စောင့်ထိန်းမယ် ဆိုတဲ့ မာန ရှိရသယ်။ ရွာ့ကွမ်းတောင်ကိုင် မဖြစ်ခဲ့ဘူး ဆိုပေသိ ညည်း ဖြစ်ရမှာပေါ့။ ကျောင်းဆရာ ကိုပြေသိမ်းနဲ့ မအိမ်ကံ ဆိုသဲ့ ငယ်လင် ငယ်မယားက မွေးပြီပဲ သမီးရဲ့။ ညည်းက လဆုတ် ဆယ့်လေးရက်ဖွား၊ မိန်းမချောဖြစ်မယ့် မိန်းမ။ လှလိုက်စမ်းပါအေ။ စက်စက်ယိုအောင် လှလိုက်စမ်းပါ။ အဆင်းရော အချင်းပါ လှလိုက်စမ်းပါ။ အမေ လက်ခမောင်း ခတ်လိုက် စမ်းပါရစီ။

ဗန်းထဲမှာ ထွေးထွေးကလေး အိပ်နေသော သမီးကလေးကို စောင်းကြည့်ရင်း မအိမ်ကံ တစ်ယောက်တည်း စိတ်ထဲက ပြောနေမိခြင်း ဖြစ်သည်။ မွေးပါပြီ ဆိုကတည်းက သမီးကလေးကို စိတ်ညွတ်ရင်း စကားတွေ ပြောနေခဲ့သည်။ သမီးကလေးက အငိုအပြု နည်းသည်။ ရဲရဲ မှည့်နေသည့် အသားအရေကို ကြည့်ပြီး မလှအုံက အသားများ ညိုနေဦး မလားအေလို့ ပြောခဲ့သည်။ မလှအုံက ပေါင်းခူးဆုန်မှာ ဖွားမြင်လာ မြောက်မှာ အချင်းမြှုပ်၊ နယုန်၊ ၀ါ၊ ၀ါ ဖွားမြင်လာ ရှေ့မှာ အချင်းမြှုပ် ဆိုတာတွေလည်း ရသည်။ သမီးကလေးက တပေါင်းမွေးဆိုတော့ မြောက်အရပ်မှာ အချင်း မြှုပ်ရပါ၏။

"ကလေးများ မွေးသယ် မွေးသယ်နဲ့ တို့ဗမာများ အင်မတန် စနစ်ဇယား ရှိသာ။ ရှေးလူကြီးများ ထားခဲ့သဲ့ ထုံးစံများ အလကား မှတ်လို့။ သူငယ် ထမင်းခွံ့သာက အစ သူ့ရက်နဲ့သူ ခွံ့ရသာအေရဲ့။ ဖွားမြင်ပြီးနောက် ခြောက်လ မြောက် ကောက်၍ ထမင်းခွံ့၊ လေး ခြောက် ကိုးနှစ် တစ်ဆယ့်ရှစ် ပစ်လေ ရှောင်ခွာစွန့်၊ လဆုတ်လဆန်း ဤ ရက်ကြမ်း ဘေးကျမ်းများ ကြုံလွန့်တဲ့။ ငါ့တူမလေး ခြောက်လ ပြည့်ရင် ထမင်း ခွံရတော့မှာ။ ထမင်းကလေး နှမ်းဆီဆမ်း၊ ဆားကလေး တစ်ပွင့်နှစ်ပွင့် ဖြူး၊ လက်ကလေးနဲ့ ဆုပ်နယ်၊ မအေက ကစီထွက်အောင် ၀ါးပြီး ခွံ့စမ်းပါအေ။ ကလေး ထွားလိုက်သာမှ။ မြေနင်းရမယ့် ရက်က သုံးလမြောက်ရင် နင်းခိုင်း ရသယ်။ ဖွားမြင်ပြီးနောက် သုံးလမြောက် ကောက်၍မှန်မသွေ၊ မိဘနှစ်ပါးစုံညီထား သားကိုမြေနင်းစေ၊ မြေချသောအခါ နေ့အင်္ဂါ ရှောင်ပါနေ့ စနေတဲ့။ အင်္ဂါနဲ့ စနေ မြေမနင်း ခိုင်းကောင်းဘူးတော်"

မလှအုံ အနား လာထိုင်လျှင် သည်လို ရှေးထုံးတွေ ကြားရ တတ်သည်။ ရလည်းရသည်။ ရွတ်လည်း ရွတ်နိုင်သည်။ မလှအုံ၏ ဖခင် (အမေပန်းရုံ၏အစ်ကို)က တစ်ခေတ် တစ်ခါက ဇောင်ချမ်းကုန်းမှာ အခါပေး ရှေ့ဖတ်စာတတ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း မအိမ်ကံ ကြားဖူးပါ၏။ မီတော့မမီလိုက်။ သမီး ကလေး မမွေးခင် နှစ်ရက်လောက်က မအိမ်ကံ မက်ခဲ့သော အိပ်မက်ကိုလည်း မလှအုံကို မေးရပါ၏။ သမီး မမွေးခင်မက်ခဲ့သော အိပ်မက်က ထူးဆန်းသည်။ မအိမ်ကံ မိကျောင်းသား စားရသည်ဟု အိပ်မက်မက်ခဲ့သည်။

အိပ်မက်ထဲမှာ လူကြီး တစ်ယောက်က တောင်းကြီးတစ်တောင်း ထမ်းလာသည်။ သွေးတွေက တပေါက်ပေါက် ကျလျက် ရှိသည်။ မအိမ်ကံက ဘာသည်လဲ ဆိုတော့ မိကျောင်းသားပါ ဆို၏။ မိကျောင်းသား စစ်ရဲ့လားဟု မအိမ်ကံက မေးတော့ တောင်းကြီးချကာ မိကျောင်းခေါင်းကြီးကို တောင်းထဲက ထုတ်ပြ တော့သည်။ မအိမ်ကံက မိကျောင်းသား ပိဿာတွဲကြီး တစ်တွဲ ၀ယ်လိုက်ပြီး ကိုယ်တိုင်ချက်သည်။ ဟင်းအိုးပင် ဖိုခွင်ပေါ်က မကျသေးဘဲ မအိမ်ကံ နှိုက်နှိုက် စားတာနှင့် ပိဿာတွဲ တစ်တွဲချက် ကုန်သွားသည်။

မအိမ့်ကံ(31)

"မအိမ်ကံရယ် လူတွေကြည့်တော့ တို့ရွာစေတီ စောင်းတန်းက နိပါတ်တော်တွေထဲ ပါသဲ့ အာဠာဝက နောက်လိုက် တွေများ ကျလို့၊ ပြောလိုက်ကြသဲ့ ဘိုလိုတော်။ တောခြောက်နေကြသလား မှတ်ရသယ်။ တရွှီးရွှီးနဲ့ ဘာတွေ ပြောကြ သာတုံး။ ဗမာလိုပြော ဖြစ်ရက်ကနဲ့"

"မသိပါဘူး မလှအုံရယ် သူတို့ကိစ္စ။ ရွှေဘိုတဲ့၊ ဂန့်ဂေါ တဲ့၊ ပခုက္ကူတဲ့၊ မိတ္ထီလာတဲ့ အဲသာကျတော့ ဗမာလို ပြောကြပြန်ရော။ ကြက်တငို အိုးပေါက်လည်းပါရဲ့"

"အဲသာတွေကျတော့ အင်္ဂလိပ်နာမည် မရှိလို့ ဖြစ်မှာပေါ့အေ။ ဘိုလိုပြောသာ ဗိုက်ဆာ ကြပုံပေါ်သယ်။ ညည်းနှယ် ချပေးသမျှ ဝေသာလီပြည် ဘီလူးကျသာ ကျလို့ ပန်းကန်ကို ပြောင်နေအောင် စားကြသာအေ့"

မလှအုံ စကားကြောင့် မအိမ်ကံမှာ ရယ်ခဲ့မိသည်။ ဟုတ်လည်း ဟုတ်ပါရဲ့။ ကိုပြေသိမ်းတို့ စကားဝိုင်းက ကြာလွန်း လှသည်။ နေ့ခင်း ထမင်းစားချိန် ကလေးလောက်သာ အိမ်မကြီးဘက် ကူးကြတာ ရှိ၏။ ပြီးပြန်တော့ ရက်ကန်းရုံကြီးထဲ ပြန်ဝင်ကြကာ တကုပ်ကုပ် ရှိကြပြန်လေသည်။ ညနေဘက် ထမင်း စားကြပြီးသည့်နောက် အိမ်မကြီးထဲမှာ လက်ဖက်စား၊ ဆေးသောက်ကြရင်း အမေပန်းရုံတို့ မိသားစုနှင့် စကားတွေ ပြောကြတာတော့ ရှိပါ၏။ ကိုပြေသိမ်းကပဲ မိတ်ဆက်ပေးခြင်း ဖြစ်သည်။ တစ်ဦးက အသားညိုညို မျက်လုံး မျက်ဖန်ကောင်းကောင်း ဖြစ်၍ မျက်ခုံး ထူကြီးနှင့် ဖြစ်၏။ နာမည်က ကိုဘဆန်း။ လူလုံးလူဖန် ခပ်လှပ်လှပ်ကလေးက ကိုဖူးခေါင်။ ကိုမင်းရာ ဆိုသူက စကားနည်း သလောက် မျက်နှာကြီး တင်းလှပါ၏။

"သူက ကိုဝေဠု၊ မြင်းခြံသား။ အိမ်ကလေးတို့ ဖောက်သည် ပွဲကတော်ကြီးရဲ့ တူဝမ်းကွဲ တော်တယ်"

အိမ်ကို ရောက်လာကြသူတွေနှင့် ပတ်သက်လို့ သည်လောက်သာ သိကြရသည်။ မိတ်ဆက်ပေးသည် ဆိုသော်လည်း တောသူတောင်သားတွေ ဆိုတော့ အမေပန်းရုံကလည်း ငုတ်တုတ်။ မလှအုံတို့ကလည်း ငုတ်တုတ်။ မအိမ်ကံ ကိုယ်တိုင် ကတော့ လင့်ဧည့်သည်တွေ ဆိုတော့ ထမင်းခူး ဟင်းလိုက်။ လက်ဖက်ချ ကွမ်းချ။ ဧည့်သည်တွေ အားလုံးက မအိမ်ကံကိုရော အမေပန်းရုံကိုပါ ဟက်ဟက် ပက်ပက် မရှိကြသလိုပင်။ မျက်နှာတွေက အကြွေးဟောင်း ရှိသဖြင့် လာတောင်း နေကြသူများပမာ တင်းတင်း တောင့်တောင့်ကြီးတွေ။ ပြီးတော့ ညစ်ပေပေ ချွေးစေးများဖြင့် အစေးပေါက် နေကြသော်လည်း ရေမိုးသန့်စင်ပြီး အ၀တ်အစား သန့်သန့်ပြန့်ပြန့် ၀တ်ကြသည်လည်း မရှိ။ ညဘက် ကိုပြေသိမ်း အိမ်ပေါ် တက်လာတော့မှ အကျိုး အကြောင်း မေးရတော့သည်။ မိုးပင် လင်းလုလေပြီ။

"အဲသာ ဘယ်သူတွေလဲ အစ်ကို။ မျက်နှာထား တွေကလည်း ဆိုးလိုက်ကြသာ။ ဘယ်လိုလူတွေ ခေါ်လာသာတုံး။ မအိမ်ကံ တို့ကိုတောင် ခင်ခင် မင်မင် မရှိသလိုပဲ"

"မဟုတ်ရပေါင်ကွယ်။ လူတွေက လူရိုး လူကောင်းတွေ ပါ။ ခုဟာက တော်တော် အရေးတကြီး ကိစ္စတွေရှိလို့ပါ အိမ်ကလေးရယ်။ သည်လို အိမ်ကလေးရ၊ အင်္ဂလိပ်က အထက်ပိုင်း မြို့တချို့ကို ပြန်သိမ်းရင်း ၀င်လာနေပြီ။ တို့ရွာတွေ မှာတော့ သိပ်ပြီး မလှုပ်သေးပေမယ့် မြို့တွေမှာ ရုန်းရုန်းရင်းရင်း ဖြစ်နေ ကြတယ်။ သည်ရက်ထဲမှာပဲ မိတ္ထီလာ လေတပ်ကို အင်္ဂလိပ်က ပြန်သိမ်းလိုက်ပြီ။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်"

"မိတ္ထီလာမှာ တိုက်ပွဲတွေ ဖြစ်နေသာနဲ့ သည်လူတွေက မအိမ်ကံတို့အိမ် ရောက်နေကြသာနဲ့ ဆိုင်လို့လား အစ်ကို။ အစ်ကို့ စကားတွေ မအိမ်ကံ နားမလည် ပါဘူး"

ကိုပြေသိမ်းက စကားကို ရပ်လိုက်သည်။ သည့်ထက်လည်း ပိုပြောလို့ မကောင်းနိုင်တော့ဆိုသည့် သဘောလည်း ပါပါ လိမ့်မည်။ ပြောစရာရှိလို့ ပြောပြန်တော့လည်း နားလည်နိုင်စရာ မရှိလို့ ယူဆတာလည်း ဖြစ်နိုင်ပါ၏။ စကားတွေ ကျွံမိသွားခဲ့ပြီ ဆိုတာမျိုးလည်း ဖြစ်နိုင်သည်။ ကိုပြေသိမ်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သမီးကလေးကို ငုံ့နမ်းသည်။ ကလေးက တစ်ချက် လွန့်သွားရာက ပြန်လည် အိပ်ပျော် သွားပြန်ပါ၏။ ကိုပြေသိမ်းက အိပ်ရာထဲ လှဲလိုက်ပြီးမှ စကားတစ်ခွန်းကို လေးလေးကြီး ပြောလေသည်။

"သူတို့က တိုင်းပြည် အတွက် အသက်လှူထားကြပြီ အိမ်ကလေး။ တိုင်းပြည်အရေးထက် ဘာကိုမှ သူတို့ထည့် မတွက်ကြဘူး ဆိုတဲ့ လူတွေပဲ။ မြင်းခြံသား ကိုဝေဠုက အစ်ကို့ ကျောင်းနေဖက် သူငယ်ချင်း။ ကျန်တဲ့ လူတွေက အစ်ကိုတို့ အိမ်ကို အစည်းအဝေး လာတက်ကြတာ။ အစ်ကိုလည်း သူတို့ကို အခုမှ တွေ့ဖူးတာပဲ"

"အခု သူတို့ စကားတွေ ပြောကြတုန်းလား"

"မဟုတ်ဘူး အိမ်ကလေး ပြန်ကြပြီ။ အစ်ကို ကြက်တငို အိုးပေါက်ဘက်က လှည်းလေးစီး မိုးလင်းခါနီး အရောက် ထင်းတွေတင်ပြီး လာခဲ့ဖို့ ကြိုမှာထားတာ ရောက်လာကြလို့ တစ်စီး တစ်ယောက် စီးပြီး ပြန်ကြလေရဲ့"

မအိမ်ကံ မျက်လုံးတွေသာ မှိတ်ထားရတော့သည်။ နားလည်ဖို့ပင် ခက်ခဲလှချည့်လား။ ထိုညက ကိုပြေသိမ်း အိပ်မပျော်သလို မအိမ်ကံလည်း အိပ်မပျော်ခဲ့။

ကိုပြေသိမ်း ဘာတွေ လုပ်နေတာလဲ။ ဘာအစည်းအဝေး များပါလိမ့်။ သေချာတာ တစ်ခုကတော့ နိုင်ငံရေးက လွဲ၍ အခြားမဖြစ်နိုင်။ မအိမ်ကံ ဘ၀ တစ်လျှောက်လုံး အိမ်မှာ နိုင်ငံအရေးတွေသာ ထပ်ကာထပ်ကာ ကြားနေခဲ့ရသည်။ အဖေ့ လက်ထက်မှာရော၊ အစ်ကိုရော၊ ကိုပြေသိမ်းပါ ဘာကြောင့် သည်လောက် စိတ်ဇောတွေ သန်ခဲ့ကြတာပါလိမ့်။ မအိမ်ကံတို့ နိုင်ငံဟာ ဘယ်တော့များမှ ငြိမ်းငြိမ်းချမ်းချမ်း ရှိလာမှာပါလိမ့်။ သည်လိုပဲ အင်္ဂလိပ်က အုပ်စိုးလိုက်၊ ဂျပန်က တက်လာလိုက်နဲ့ လုံးလိုက်နေမှဖြင့် မအိမ်ကံတို့ မိန်းမသားများ အဖို့ အဖေရယ်၊ အစ်ကိုရယ်၊ လင်သားရယ်လို့ ဒိုးတူပေါင်ဖက် ဘယ်တော့မှ အတူ နေရမှာပါလိမ့်။ မအိမ်ကံ တွေးနေခဲ့မိသည်။ သည်ဘက်လတွေထဲမှာပဲ ကျေးဇူးရှင်ဖခင်ကြီး တိမ်းပါး ခဲ့ရသည်။ အဖေ သေတာတောင် ပြန်မလာနိုင်သည့် သားဖြစ်သူ နိုင်ငံရေး သမားကြီးကို အဖေ့ခမျာ တွေ့ချင်ခဲ့ ရှာလိမ့်မည်။ အခုတော့ အိမ်မှာ ယောက်ျားသားရယ်လို့ ကိုဖိုးငွေတို့ သားအဖ တစ်တွေ ရှိသည် မှန်သော်လည်း ကိုပြေသိမ်းက လူရင်းဖြစ်ရမည့်အစား သူကိုယ်တိုင်က မရှိတာ များနေတာကို မအိမ်ကံ သဘောမတွေ့တာ ကြာပြီ။ မအိမ်ကံ နှုတ်က မပြောသာတော့လည်း မပြောခဲ့။ သို့သော် ဇနီးမယား တစ်ယောက် အနေဖြင့် သိစရာ ရှိတာ သိချင်သည်။ ကြားစရာရှိတာ ကြားချင်သည်။ တစ်ခါတလေ အင်္ဂလိပ် စာအုပ်ကြီးတွေ ပါလာတတ်သည် ဖြစ်၍ နေကုန်နေခန်း ထမင်းမစားတမ်း သည်းကြီးအူပြတ် မက်ရေစက် ရေဖတ် နေတာတွေလည်း ရှိသည်။

မအိမ့်ကံ(29)

ကိုပြေသိမ်း

အရေးတော် မလှတော့ပြီ။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ယိုးဒယားနှင့်ဗမာ မီးရထားလမ်း ဖောက်လုပ်ရေး စာချုပ်ကို ဂျပန်နှင့် ယိုးဒယားတို့ စာချုပ်ချုပ်ကြသည်။ အင်္ဂလိပ် စစ်လေယာဉ်များ ရခိုင်ဘက်မှာ ဗုံးကြဲနေကြပြီ။ သည်နှစ်ဆန်းပိုင်းမှာတော့ ဂျပန်က ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ရာ အမိန့်တွေ ထုတ်နေသည်။ ဂျပန် ၁၅ တပ်မ အနေဖြင့် ကေဘိုတိုင်ခေါ် မြို့ပြကာ ကွယ်ရေး အဖွဲ့တွေ ဖွဲ့ဖို့ရာလည်း ရှိပါသည်။ သည်နှစ် တပေါင်းလမှာတော့ ယိုးဒယား-ဗမာ မီးရထားလမ်း အတွက် ချွေးတပ် ဆွဲရန် လူစုနေကြပါပြီ။ အင်္ဂလိပ်လေတပ်မှ ကြဲချသော လေနတ်သား စာစောင်ကို ဖတ်ရန် ထည့်ပေး လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်က မြန်မာပြည် မြောက်ဖျားပိုင်းကို သိမ်းပိုက်ရန်ရှိနေပါပြီ။ (အတွင်းသတင်း ဖြစ်၍ မှန်ဖို့ရာ များပါ၏။)

ဂျပန်က ၁၉၄၂ ခုနှစ်၊ စစ်အုပ်ချုပ်ရေး ယာယီအစိုးရ အဖွဲ့၊ BDA အကြံပေး အဖွဲ့တွေကို ဖျက်သိမ်း လိုက်လေပြီ။ ဂျပန်က ပေးသော လွတ်လပ်သော မြန်မာပြည် အစိုးရ အဖွဲ့ဆိုကာ ပေါ်လာခဲ့ပြီး ဒေါက်တာဘမော်ကပင် အဓိပတိ လုပ်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းက စစ်ဝန်ကြီး။ ကျွန်တော် သိရသလောက် BDA ကို BNA အဖြစ် သည်နှစ်ထဲမှာ ပြောင်းပါ လိမ့်မည်။ ဒါတွေအားလုံး ဆက်စပ်လျက် ရှိပါသည်။ ဆရာကြည့်ကိုလည်း ပြောပြ စေချင်ပါသည်။

တစ်ဖက်က ဂျပန်-ဗမာ လျှို့ဝှက် စစ်ပဋိညာဉ် စာချုပ်ချုပ်၍ ဒေါက်တာဘမော်က အင်္ဂလိပ်နှင့် အမေရိကန်ကို စစ်ကြေညာသော်လည်း အခြားတစ်ဖက်တွင် ဂျပန်ကို တိုက်ရန် စီစဉ်နေကြောင်း သိပါလေ။ စာကိုဖတ်ပြီးလျှင် မီးရှို့ပါ။ မှာစရာ ရှိလျှင် လွှတ်လိုက်သောလူကို နှုတ်ဖြင့်မှာပါ။ ချက်ချင်း ပြန်ပါစေ။

ဗိုလ်မြတ်သာ

ကိုပြေသိမ်းက စာကို သုံးခေါက် ပြန်ဖတ်သည်။ ပြီးလျှင် မီးဖိုခန်းဘက်ဝင်ကာ မီးကျီးရဲရဲ မီးဖိုတွင်းသို့ စာရွက်ကို ပစ်ချ လိုက်သည်။ ရေစိုထန့်ထန့် စာရွက်က တွန့်လိမ်ကာ လောင်ကျွမ်း သွားတာကို စောင့်ကြည့် နေခဲ့သေးသည်။ မီးဖိုထဲက ပြန်ထွက် လာတော့ စောစောကလူ ပြန်ရောက်နေခဲ့ပြီ။ စာက ဗိုလ်မြတ်သာ ရေးလိုက်တာ သေချာသည်။ ဆရာကြည်ကား မရှိတော့ပြီ။

"ခင်ဗျားက ဘယ်သူလဲ"

"သာဆော့ပါ"

"ဗိုလ်မြတ်သာနဲ့ အဆက်အသွယ် ရှိလို့လား"

"ရှိတယ်"

"နေပါဦး၊ ဂျပန်-ဗမာ လျှို့ဝှက် စာချုပ် ဆိုတာ ဘာကို ပြောတာလဲ"

"အရှေ့အာရှစစ်ပွဲကြီး အောင်နိုင်ရေးမှာ ဗမာက ဂျပန် ဘက်ကပါဖို့ပဲ"

"ချွေးတပ်တွေ ဆွဲနေပြီလား"

"ဆွဲနေပြီ။ တော်တော် ဆင်းရဲကြတယ်။ သေကျေ ပျက်စီး ကြတယ်။ ရက်စက်ပါတယ်ဗျာ"

"ဒေါက်တာဘမော်ကကော ဘယ့်နှယ်လဲ"

"လူမရှိဘူး ဆရာလေးရ။ မဟုတ်လှပေမယ့် သူ့တင်ထားတဲ့ သဘောပဲ။ သူ့ကို ကမ္ဘာက သိတာကိုး"

မအိမ်ကံကတော့ အစ်ကိုမောင်မြတ်သာ ဆီက စာဆိုတာက လွဲလို့ အခြား ဘာမှ မသိလိုက်ရဘဲ မီးရှို့လိုက်တာကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ ကိုသာဆော့ ဆိုသူက အစ်ကိုနှင့် ရင်းနှီးသည်ဆိုတော့လည်း နည်းနည်းပါးပါး မာကြောင်း သာကြောင်း မေးချင်လှပါ၏။ ချက်ချင်းတော့ မမေးရဲသေးပါ။ ကိုပြေသိမ်း ကြည့်ရတာ အရေးတကြီး ရှိပုံပေါ်နေလို့ ဖြစ်ပါ၏။ ကိုပြေသိမ်းနှင့် ကိုသာဆော့တို့ စကားပြော မကုန်တော့ မအိမ်ကံလည်း အပေါ်ထပ်ကို ပြန်တက်လာခဲ့သည်။ နောက်တော့လည်း မအိမ်ကံ တစ်ယောက် ကိုပြေသိမ်းကို စောင့်ရင်း မှေးခနဲ အိပ်ပျော် သွားခဲ့လေသည်။ အိမ်အောက်ထပ် သံစုံနာရီကြီး နှစ်ချက် တင်းတင်းမြည်သံ အကြားမှာ မအိမ်ကံ ဆတ်ခနဲ လန့်နိုး သွားခဲ့သည်။ ဘေးမှာ ကိုပြေသိမ်း ရောက်နေခဲ့ပြီ။

"အစ်ကိုမောင်မြတ်သာ နေကောင်းရဲ့လား အစ်ကို"

မအိမ့်ကံ(28)

ယခင်လမှ အဆက် ...

၂၅။
"ဆရာကြည် ရေတိမ်နစ် ရှာပြီပေါ့။ ရင်ထဲ မကောင်းလိုက်တာ အစ်ကိုရယ် "



မအိမ်ကံ အသံက တိုးလွန်း လှသော်လည်း မျက်ရည်တွေက ချောင်းကြီး ရေကျ စီးနေသည်။ ဆရာကြည့် နိုင်ငံရေး စိတ်ဓာတ်က ပြင်းပြ လွန်းတာကိုလည်း မအိမ်ကံ သိတန် သလောက် သိပါ၏။ ပြောစရာ ရှိလျှင် ဘယ်သူ့မျက်နှာမှ မထောက်။ တိုင်းပြည် ကိစ္စ၊ လူမျိုး ကိစ္စ ဆိုလျှင် ဒိုးဒိုးဒေါက်ဒေါက် ရှိသူလည်း ဖြစ်သည်။ ရွာဆေးဆရာ ဆိုသော်လည်း နိုင်ငံရေး စိတ်ဝင်ပြီ ဆိုကတည်းက ဆေးကုပင့်ခေါ်လျှင်ပင် မလိုက်တော့။ အိမ်မှာ အခိုးပွင့်ဆေး တစ်ဖုံ ကောင်းကောင်းဖော်ထားပြီး ငှက်ပျောဖူး ပုလင်းများဖြင့် ထည့်ထားကာ လူနာ လာပင့်သမျှ ဆေးတစ်ဖုံကိုသာ ပေးသည်ဆို၏။ သားသမီးတွေက ဆေးကုစေချင်ကြသော်လည်း ဆရာကြည်က မကုတော့ပါ။

"တိုင်းပြည်က ငန်းမန်းကြီးလိုက်နေတာ အရင်ကုကြရမှာ ပေါ့ကွယ်။ လူနာက ငါမကုလည်း သူတကာ ဆေးဆရာတွေ ကုကြလိမ့်မယ်။ နောက်များ ငါ့ကို ဆေးကုဖို့ မပြောကြနဲ့"

သားသမီးတွေကို အဲသလို ငေါက်တတ်သူ ဖြစ်သည်။ တချို့က မျိုးချစ်ပုဂ္ဂိုလ် အဖြစ် ကြည်ညိုကြသကဲ့သို့ တချို့ ကတော့ လူ့တစ်ယူသန် အဖြစ် စကား ထည့်ချင်ကြသည်။ မအိမ်ကံကတော့ မြင်းတစ်စီးနှင့် ပွဲလာကြည့်ခဲ့သော ညကို သတိရ နေမိသည်။ အစ်ကိုမောင်မြတ်သာက မြင်းကြီးနှင့် ဆရာကြည်လာ လျှင် စာတစ်စောင် ပေးခိုင်း ခဲ့ဖူးတာ မှတ်မိနေသည်။ ဆရာကြည်နှင့် အဖေဦးသာထန်တို့ မတည့်ကြသော်လည်း အစ်ကို မောင်မြတ်သာ ကိုတော့ ချစ်ခင် ရှာသည်။ ဂျပန်တွေ ၀င်လာတော့ ကိုယ်တိုင် အိမ်ကို ရောက်လာကာ "သူကြီးရေ ခေတ်ကာလ မကောင်းတော့ဘူး၊ သတိဝီရိယနဲ့ နေပါရော့" ဟု မှာ သွားခဲ့သေးသည်။ အခုတော့ ဆရာကြည် ကိုယ်တိုင် သတိဝီရိယနှင့် မနေခဲ့ရှာသလား။ ကိုပြေသိမ်းနှင့် မအိမ်ကံတို့ အရှေ့ အာရှလူငယ် အစည်းအရုံး တာဝန်ဖြင့် ရွာတွေကို လှည့်ကြတော့ ဆရာကြည်က လူငယ်တွေထက်ပင် ခြေသွက် နေခဲ့သေးသည်။ အိုကြီးအိုမရယ်လို့ ဖင့်နွှဲလေးကန် မရှိ။ သွက်လက် ချက်ချာ ရှိလှပါ၏။

ကိုပြေသိမ်းက မျက်ရည်တွေ စိုစိုလူးနေသည့် ဇနီးသည်၏ မျက်နှာကလေးကိုကြည့်ရင်း စိတ်မကောင်း ဖြစ်နေပုံရသည်။ သူကိုယ်တိုင်ကလည်း ၀မ်းနည်း နေရှာပါ၏။ သည်သတင်းက ဇောင်ချမ်းကုန်း တစ်ဝိုက် ဘယ်လောက်များ ချောက်ချားနေမှာ ပါလိမ့်။ အဖေတို့အမေတို့ ခမျာ ဘယ်လောက်များ စိတ်ပူနေကြ ရှာလေမလဲ။ သည်လို တွေးမိတော့ မအိမ်ကံ ငေါက်ခနဲ ထပြန်ချင်တော့သည်။ ကိုပြေသိမ်းက မအိမ်ကံ ပခုံးကို ဖက်ရင်း ပြောနေပါ၏။

"ဆရာကြည်က ကိုယ်၊ နှုတ်၊ နှလုံး မစောင့်စည်း နိုင်ရှာဘူး ထင်ပါရဲ့ကွယ်။ ဂျပန်ဆိုတဲ့ ကောင်တွေက ပါးပါးကလေး ရယ်။ ဘယ်လောက်တောင် ပါးကြသလဲ ဆိုရင် အင်္ဂလိပ်တွေ ဘာမှ မလုပ်နိုင်ခင် ဂျပန်တွေက စီးမိနေကြပြီ။ စင်ကာပူ ခံတပ်ကြီး ပေါက်သွားတာသာ ကြည့်တော့ အိမ်ကလေး။ အင်္ဂလိပ်တွေ၊ သြစတြေးလျတွေ၊ ကုလားတွေ စစ်သား တစ်သိန်းလောက်နဲ့ ခံထားတဲ့ကြားက ဂျပန်တွေက ရေတပ် စစ်သင်္ဘောနှစ်စင်းကို နှစ်ပစ်လိုက်တာ ကြည့်တော့။ ပုလဲဆိပ်ကမ်းမှာ အမေရိကန် ရေတပ် ရှုံးတယ်"

မအိမ့်ကံ(27)

မအိမ်ကံ (09-april)
ထနောင်းတိုင်ရွာကြီးမှာ ဇောင်ချမ်းကုန်းထက် စည်ပင်သည်။ မြို့နှင့်နီးတာလည်း ပါပါလိမ့်မည်။ မအိမ်ကံက ယောက္ခမရွာကြီးမှာ မျက်နှာပန်း ပွင့်လှပါ၏။ တောသူ ဆိုပေသိ မအိမ်ကံ၏ အလှက ထင်ပေါ်လှသဖြင့် လည်းကောင်း၊ ရွှေတွဲလွဲ ငွေတွဲလွဲနှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း၊ ၀တ်စားဆင် ယင်မှုတွင်လည်း ခေတ်ဆန်ခြင်းမျိုးလည်း မဟုတ်၊ ခေတ် နောက်ကျတာမျိုးလည်း မဟုတ်ဘဲ တစ်ဘာသာ ဆင်ယင်ဝတ် စားတတ်ခြင်းကြောင့်လည်းကောင်း ထနောင်းတိုင်ကို ရောက်သည်နှင့် အများ စိတ်ဝင်စားစရာ ဖြစ်ရတော့သည်။ ကိုပြေသိမ်း ဆွေမျိုးများကလည်း ချစ်ခင်ကြပါ၏။ ကိုပြေသိမ်း ဘက်က ဆွေမျိုးတွေထဲမှာ တင့်တောင့်တင့်တယ် ရှိကြသူတွေပါ ကြသကဲ့သို့ နွမ်းပါးသူတွေလည်း ရှိကြပေရာ မအိမ်ကံက နှုတ်မကြီး လက်မကြီး မျှတစွာ ဆက်ဆံခြင်း အားဖြင့် အများ၏ ချစ်ခင်မှုကို ရနိုင်ခဲ့သည်။ ကိုပြေသိမ်း မိဘ နှစ်ပါးဆိုလျှင် သမီး သမီး ဆိုသည့် အခေါ်ကို နှုတ်ကမချကြဘဲ အရိပ်တကြည့် ကြည့်ရှိကြရှာပါ၏။ မအိမ်ကံကလည်း ယောက္ခမများကို ရိုသေသ မှုရှိသည်။

"အမေ ထမင်းစားတော့မလား။ မအိမ်ကံ ခူးလိုက်တော့မယ်နော်။ အစ်ကိုပါ ၀င်စားလိုက်တော့"

မအိမ်ကံက ဆိုးဆိုးဆတ်ဆတ် ရှိလှသည်။ မအိမ်ကံက ယောက္ခမများကို စကားပြောတော့လည်း သူ့ကိုယ်သူ မအိမ်ကံ လို့သာ သုံးနှုန်းသည်။ နှုတ်ကျိုး နေတော့လည်း သမီးလို့ နာမ်စားသုံးရမှာ ထွက်ရဖို့ ခက်နေပုံရပါ၏။ ယောက္ခမတွေကလည်း မအိမ်ကံ၏ နှုတ်ဝသီကို သိနေကြတော့ မအိမ်ကံလို့သုံး တာကိုပင် ချစ်စရာတစ်မျိုး ဖြစ်ကြရသည်။ ဇနီးမောင်နှံတို့ ထနောင်းတိုင်နှင့် မဝေးလှသော အနီးအနားရွာတွေကို ဆွေပြမျိုးပြ ရောက်ကြသည်။ မဝေးလှသော တစ်ရပ်တစ်ရွာက ဆွေမျိုး တွေဆီကိုပါ ရောက်အောင်သွားကြသည်။ လင့်ဆွေလင့်မျိုး တွေဆိုပေသိ ဆင်းရဲတာတွေ့လျှင် ပေးတန်သလောက် လက်ရောက်ရပါ၏။ သည်လိုနှင့် ထနောင်းတိုင်ကို ရောက်သည်ပင် ငါးညတိုင်ခဲ့ပြီ။ ကိုပြေသိမ်းက ရက်တစ်ပတ်လောက်သာနေရန် ဖျောင်းဖျထား၍သာ လက်ခံလိုက်ရသော်လည်း မအိမ်ကံ ထနောင်းတိုင်မှာ ပျော်ပါ၏။

"မအိမ်ကံ အမေတို့နဲ့ နေခဲ့မယ်လေ။ အစ်ကို ပြန်နှင့်ပေါ့။ ထနောင်းတိုင်မှာ နေရသာ မ၀သေးဘူး အစ်ကိုရဲ့။ အမေတို့အဖေ တို့ကို ရောက်တုန်း ရောက်သခိုက် ပြုစုချင်သေးသယ်"

"မထားခဲ့နိုင်ပေါင်ဗျာ။ ညားခါစ မယား ထားခဲ့ရမယ်လို့ မဟုတ်တာ"

မအိမ်ကံက နေရသည့် ရက်တွေအတွင်း ယောက္ခမမိဘ နှစ်ပါးကို ခြေဆုပ်လက်နယ် ပြုသည်။ မီးဖိုချောင် ကိုယ်တိုင် ၀င်သည်။ ကိုပြေသိမ်းတို့မှာ ညီအစ်ကို သုံးယောက်ပဲ ရှိတာမို့ သမီးမိန်းကလေး မပါသော ယောက္ခမမိဘများကို မအိမ်ကံ ဇောင်ချမ်းကုန်းကို ခေါ်ထားလိုက်ချင်ပါ၏။ ကိုပြေသိမ်း၏ အစ်ကိုကြီးက ကျောဇီရွာသူနှင့် အိမ်ထောင်ကျကာ ဆံထုံးနောက် သျှောင်ပါသွားသဖြင့် မိဘများနှင့် အတူမနေ။ ညီငယ်ကလည်း မြင်းခြံကျောင်းမှာ ကျောင်းတက်နေတုန်း ဆိုတော့ တူမကလေး ခင်သီကို အိမ်ခေါ်ထားရရှာသည်။ မအိမ်ကံမှာ ရောက်ကတည်းက တစ်ဝိုင်းလုံးက အမြင်မတော်တာ မှန်သမျှ ကျေးဥနှင့် ခင်သီတို့နှင့် အတူ ရှင်းလင်းလှဲကျင်းသည်။ ကိုပြေသိမ်းက ဘာမှမပြောသော်လည်း ယောက္ခမတွေက အလုပ်မခံ။ မအိမ်ကံ ပင်ပန်းမှာ စိုးရှာကြသည်။ မအိမ်ကံကို လူပြလှရုံ ရွရွ ကလေး နေစေချင်ကြသည်။ မအိမ်ကံက မနေတော့လည်း ခက်သား။ ကိုပြေသိမ်းခမျာလည်း မယားတောသူ အတွက် မျက်နှာ လှရပါ၏။

မအိမ့်ကံ(25)

မအိမ်ကံ (09-april)
ယခင်လမှ အဆက် ...

၂၄။

"ရွှေမှုံ မိန်းကလေး မွေးသတဲ့လား"



ဘယ်ဆီ ဘယ်ဝယ်ကမှန်း မသိရသော အသံကြီးတွေက မအိမ်ကံကို တစာစာ မေးနေသကဲ့သို့ ရှိလေသည်။ အရီးကြာညွန့်က ရွှေမှုံ မိန်းကလေး မွေးပြီး
ဖြစ်ကြောင်း ရိုးရိုးကလေး ပြောသွားခြင်း ဖြစ်သော်လည်း မအိမ်ကံ အဖို့ မိုးကြိုးလောင်မီးကြီး ကျသကဲ့သို့ ဖြစ်ခဲ့ရသည်။ မိုးကြိုး ပုဆိန်ကြီး ခေါင်းပေါ် ဟက်တက်ကြီး ခွဲချလိုက်သဖြင့် ရှစ်စိတ်ရှစ်မြှောင်း ကွဲကျသွားသလို အဖတ်လိုက် ပြိုကျသွားခဲ့သည်။ နေရာမှာ ဘယ်လောက်များ ကြာကြာ ရပ်နေမိသည် မသိ။ သည်သတင်းက မအိမ်ကံကို ကျောက်ရုပ် တစ်ရုပ်လို ဖြစ်သွားစေခဲ့သည် မဟုတ်လား။

ရွှေမှုံတွင် ကိုယ်ဝန်ရှိနေပြီ ဆိုကတည်းက မအိမ်ကံ နားစွင့် နေခဲ့သည်။ ကျေးဥက ရွှေမှုံ နေ့စေ့လစေ့ကြီးနဲ့ ဆိုကတည်းက မအိမ်ကံရင်တွေ တုန်လှုပ် ခဲ့ရသည်လည်း အမှန်ပင်။ သို့သော် ကိုယ်ဝန် ဆိုတာက သားယောက်ျား ကလေးလည်း ဖြစ်နိုင်သည်။ သမီးမိန်းကလေးလည်း ဖြစ်နိုင်တာ မဟုတ်လား။ သည်တုန်းက မအိမ်ကံပင် တောင်တောင် အီအီတွေ လျှောက်တွေး နေဖြစ်ခဲ့ပါ၏။ တစ်ချိန်လုံး ရွှေမှုံ ယောက်ျားကလေး မွေးပါစေလို့ ဆုတောင်း ခဲ့ရတာလည်း အမော။ မိန်းကလေး မွေးလာ ခဲ့ရင်ကော။ တချို့ညတွေမှာ မအိမ်ကံ ချောက်ချောက် ချားချား တွေးမိသည့် အတွေးတစ်စ ဖြစ်ပါ၏။

"ငါကိုယ်တိုင် ဖက်စိမ်းကွမ်းတောင် မကိုင်ရတဲ့ ဘ၀မှာ ငါက မွေးတဲ့ သမီးကလေးကတော့ ဖက်စိမ်းကွမ်းတောင် ကိုင်ခွင့် ရစေရမှာပေါ့။ မအိမ်ကံ သမီးက ဖက်စိမ်း ကွမ်းတောင် ကိုင်ရသဟဲ့ ဆိုတာပဲ ဖြစ်ရမှာပေါ့။ တခြား ဘယ်သူ့သားသမီး ဖက်စိမ်းကွမ်းတောင် ကိုင်ရကိုင်ရ ကိုင်ကြစမ်းပစေ။ ရွှေမှုံ့သမီး မကိုင်ရစေဘူး။ ရွှေမှုံ့သမီးက ကွမ်းတောင် ကိုင်ရတယ် ဆိုရင် တစ်သက်မှာ ငါ နှစ်ခါရှုံး ရတော့မယ်။ နှစ်ခါ မရှုံးစေရဘူး။ ရွှေမှုံလည်း မိန်းကလေး မမွေး စေရဘူး"

မအိမ်ကံ သည်လိုပဲ တွေးနေခဲ့သည်။ သည်လိုပဲ သဘောရှိခဲ့သည်။ ရွှေမှုံ သားယောက်ျားလေး မွေးလျှင် ပြဿနာမရှိ။ သည်ကတည်းက ရွှေမှုံမွေးလျှင် သားယောက်ျားကလေး ဖြစ်ပါစေလို့ ဆုတောင်းခဲ့သည်။ နေ့စဉ်နှင့်အမျှ မမေ့မလျော့ဆု တောင်းသည်။ တစ်ခါတလေများ မကောင်းသည့် ဆုတောင်းများပင် တောင်းမိသည် အထိ ခံပြင်းစိတ်ကြီးခဲ့ရပါ၏။ အခုတော့ မအိမ်ကံ ဆုတောင်းတွေ လွဲခဲ့ရပါပကော။ မျှော်လင့်ချက်တွေ ပြိုကျခဲ့ရပါပကော။

မအိမ့်ကံ(26)

မအိမ်ကံ (09-april)
မအိမ်ကံက မိုးပေါ်ကကျလာသည့် နတ်သမီးကလေးနှယ် ထင်းထင်းကြွကြွ လှလွန်းလှပါသည်။ မန္တလေးတစ်ဖက်ကမ်း ၀ါးချက်ရွာ အချိတ်ရက်ကန်းရုံမှ ပွဲကတော်ကြီး တကန် တကမှာ ယူပေးသော ခုနစ်စင်း ဂမုန်းပွင့်ကြိုးကြီးချိတ် ရွှေဖလားရောင်နှင့် ပိုးပျော့ရင်ဖုံးအင်္ကျီ လက်ရှည် အ၀ါသွေး ကလေးကြောင့် ဖိတ်ဖိတ်တောက် နေတော့သည်။ အင်္ကျီလက် ကြာယပ် အနားတွန့် တွေကတော့ ဇောင်ချမ်းကုန်းမှာ ထူးဆန်းလို့ ပင်နေလေ၏။ ဆံထိုး၊ ဆံညှပ်၊ ပန်းခိုင်၊ ရှေ့စိုက်ဘီးတွေက အစ ကျောက်ထည်များချည်း ဖြစ်သည်။ ပီအောနားကပ်ကြောင့် နားရွက်လေး လှသော်လည်း လက်ရာကောင်း ကျောက်ဖြစ်၍ အဖိုးတန်မှန်း သိသာလှပါ၏။ ရှေးက ဥပါကြယ် ခေါ်ကြသည့် မိဖုရားနားပန်တော်နှင့်ပင် တူလေသည်။ အထူးခြားဆုံးကတော့ နယားလက်ကောက် လေးပင်လိမ်များ ဖြစ်၏။ အသားဝါချော မအိမ်ကံနှင့် ရွှေဖလားရောင် လွန်းရာကျချိတ်က လိုက်ဖက် လွန်းလှသည်။

မအိမ်ကံက မျက်နှာကလေးကို ချီထားတာလည်း မဟုတ်၊ ပြုံးထားတာမျိုးလည်း မရှိစေရဘဲ တည်တည်ကြည်ကြည် ကလေးနှင့် ထိုင်နေခဲ့သည်။ ခြေဖမိုးပေါ် အထိ အုပ်ကျနေသော ရွှေခြေချင်းကြီးတွေကို ငေးသူတွေက ငေးကြသည်။ မအိမ်ကံ အလှက မြင်ရသူတို့အဖို့ သမင်လည်ပြန် ကြည့်ရသည့် အလှ မဟုတ်လား။ မြင်းခြံမြို့က ရောက်လာကြသော ဆရာကြီး ဦးဘခင်၊ ပွဲစားကြီး မိသားစုနှင့် မြို့က ဧည့်သည်များကလည်း မဏ္ဍပ်ကြီး ရှေ့ပိုင်းမှာ ခင်းထားသော မှိုင်းလုံးကော် ဇောကြီးများပေါ် ထိုင်ကြလျက် မင်္ဂလာပွဲကို ချီးမြှောက် ကြသည်။ ရွာပေါင်းစုံက သူကြီးဟောင်းများနှင့် ချမ်းသာ ကြွယ်ဝသော တောသူဌေးကြီးများကလည်း အစုဖွဲ့ကြလျက် စကားတွေ ပြောနေခဲ့ကြသည်။

"နှစ်တစ်ရာ သစ္စာချုပ်နှင့် ပစ်ခွာဆုတ်မရှောင် မေတ္တာသုတ် ရွှေစာစောင်ကို မေနှင့်မောင်ယှဉ်လို့ မသွေတမ်း မန်းစိန္တေမှာ ကျမ်းကျိန်ရေ သုံးကြချေစို့ ဆိုသာလို မင်္ဂလာအခါစေ့ ရောက်ပြီဖြစ်လို့ သတို့သား မောင်ပြေသိမ်း၊ သတို့သမီး မအိမ်ကံတို့ မင်္ဂလာပွဲ ထုတ်ချိန်ကျပါပြီ။ မင်္ဂလာပွဲ ထိုင်ကြပါပြီ။ မန္တလေး မြို့အငြိမ့်တော်ဆိုင်းက စည်တော်ဗုံမောင်း စောင်းမိကျောင်းနှင့် ဗျပ်စောင်း၊ မယ်ဒလင်၊ ဘင်ဂျို၊ ဘာဂျာ တူရိယာ၊ ပတ်သာ ဒုံမင်း၊ ခရုသင်းနှင့်တကွ ယဉ်ကျေးသာယာ အတိတ်နိမိတ် ကောင်းစွာ မင်္ဂလာသီချင်းတီးပါရော့ခင်ဗျား။ သီချင်းအသွား စကားအဓိပ္ပာယ်များနှင့် သြဘာမိမိ ဂုဏ်သရေရှိအောင် တီး တော်မူကြရန်ပါ ခင်ဗျား..."

ကိုပြေသိမ်းနှင့် ယောက်ျားကလေး အဖော်များက လက်ျာဘက်၊ မအိမ်ကံနှင့် အဖော် မိန်းကလေးများက လက်ဝဲဘက် နေရာယူကြပြီးလျှင် လူကြီး မိဘများဘက် မျက်နှာမူကြရပါသည်။ သတို့သားနှင့် သတို့သမီးတို့မှာ မငုံ့မမော့ ကြော့ကြော့ ကလေးထိုင်ကြရင်း တစ်ဦးမျက်နှာ တစ်ဦး ကြည့်နေကြသည်။ မင်္ဂလာသီချင်း တစ်ပိုဒ်ပြီးတော့ ဘိသိက်ဆရာ၏ အသံက ကျယ်စူး ကျယ်လောင် ပေါ်လာပြန်သည်။

"ရွာတကာ အစုံစုံ ပါဝါဂုဏ်ဟိတ်ဒြပ်ကောင်းသည့် ပရိသတ် အပေါင်းတို့အား ထမင်းဟင်းမြတ်မောစွာနှင့် နတ်သြဇာ ပမာကဲ့သို့ ရသာစုံ အပိုပြင်ပြီးတဲ့လျှင် အချိုအချဉ် မငြိုမငြင် အပြည့်ရံ၍ ဧည့်ခံ ကျွေးမွေးသော စေတနာ၊ သတို့သား၊ သတို့ သမီးတို့မှာ ရှေးထုံးနည်း စာတမ်းအသွားအလာနှင့် ခမ်းနားစွာ အဆက်မပြတ်အောင် လက်ထပ်သောနေ့ကို အစပြုလျက် ကောင်းခြင်းဆန္ဒ ကြံသမျှ အသင့်ဖြစ်ပြီးလျှင် ပွင့်သစ်သောပန်း ဆန်းသစ်သော လပမာကဲ့သို့ ရတနာ့ ရတနာ စိန်အခိုင်အတွဲ အိမ်တိုင်မှာဆွဲကြပြီး သကာလ ပုလဲအလှတဖြာ ဥဿဖယား ငဲ့အပြင်..."

မအိမ့်ကံ(23)

(Mar-09)မအိမ်ကံ

၂၃။"ကံကလေး ..." အူအသည်းတွေ ပြောင်းပြန် လန်သွားလေသလား ထင်ရအောင် တုန်လှုပ်သွားခဲ့ရာက သူမ အမည်ကို ပီပီသသ ခေါ်လိုက်သံကြောင့် မအိမ်ကံမှာ သည်းကြီး အူပြတ် အထိတ်တလန့် ခံစားမှုမှ တအံ့တသြ ခံစားမှုကို ပြောင်းသွား ခဲ့ရသည်။

ရုတ်တရက် မြင်လိုက်ရစဉ်က ဂျပန် စစ်ဗိုလ် ၀တ်စုံကြောင့် ပြာဝေ သွားခဲ့သော မျက်စိကို သေသေချာချာ ပွတ်ကြည့်တော့မှ မျက်နှာကြီး ပြုံးထားသော အစ်ကို မောင်မြတ်သာမှန်း သိလိုက်ရတော့သည်။

"အစ်ကို .."

မအိမ်ကံက အစ်ကိုဖြစ်သူထံ ပြေးဝင်သွားပြီး မျက်နှာ အပ်ထားလိုက်သည်။ မောင်မြတ်သာကလည်း ပြေးဝင်လာသော နှမဖြစ်သူကို ဆီးထွေးပွေ့ရင်း သိုင်းဖက် ထားရှာပါ၏။ မအိမ်ကံမှာ အစ်ကိုဖြစ်သူ ပခုံးကို မျက်နှာအပ်ရင်းက မျက်ရည်များပင် တွေတွေ ကျလာခဲ့သည်။ ၀မ်းသာ ရှာလွန်းတာကြောင့် တစ်ကြောင်း၊ လူမြင်သူမြင် ပေါ်ပေါ်ထင်ထင် ရွာဝင်လာရှာတာက တစ်ကြောင်း ဆိုတော့ ၀မ်းသာရာက ကျသည့်မျက်ရည် များပင်။

"အစ်ကိုက စစ်ဗိုလ်ကြီးပေါ့။ ခုမှ ကြည့်ကောင်း သွားတော့သယ် အစ်ကိုရယ်။ မအိမ်ကံက ဂျပန် စစ်ဗိုလ် မှတ်သွားသာ လိပ်ပြာများတောင် စင်ရော့ အောက်မေ့မိသယ်။ အဖေနဲ့ အမေကတော့ ၀မ်းသာကြမယ့် အမျိုး။ ကိုပြေသိမ်းလည်း ရောက်နေလေရဲ့၊ အစ်ကို ဘာနဲ့ လာသာလဲဟင်။ အစ်ကို ရောက်လာသာ အားရှိလိုက်တာတော် "

မအိမ့်ကံ(24)

"အဲသည်အထိတော့ မပြောကြ သေးပါဘူး။ တွေးပူရသာ ပေါ့အေ။ သူက ပညာတတ်။ ငါက ပညာမဲ့။ ကျီးနဲ့ခင်ပုပ်လို ဖြစ်မှာစိုးသာပါ"

"မအိမ်ကံ သဘောတစ်ခု နေမှာပါအေရယ်။ ကိုပြေသိမ်းက လူ့သဘောကောင်းပါ။ မအိမ်ကံ စိတ်ဆင်းရဲအောင်တော့ မလုပ်တန်ကောင်းပါဘူး"

ကျေးဥကပြောတော့ မအိမ်ကံ စိတ်ပြေ ရပြန်သည်။ မအိမ်ကံ တော်တော်နှင့် အိပ်မပျော်နိုင်ခဲ့။ ပြတင်းဝဆီက လရောင်တွေ ဖြာကျနေသဖြင့် အခန်း တစ်ခန်းလုံး လင်းနေသည်။ ညလေပြည်ထဲမှာ ပန်းရနံ့တွေ ဝေ့လာပြန်ပါ၏။ မအိမ်ကံ အသာကျုံးထ လာခဲ့သည်။ အဖေတို့ အမေတို့ကို ရင်မဆိုင်ရဲသဖြင့် တစ်နေကုန် အိမ်ကြီးပေါ်မှာပဲ အောင်းနေ ခဲ့မိသည်။ ခြေညောင်းလက်ဆန့် အိမ်အောက်သို့ တအောင့် ဆင်းချင်လာသည်။ ကျေးဥကတော့ အိပ်နေလေပြီ။

ကိုပြေသိမ်းနှင့် ဝေးနေရသည့် ရက်တွေတုန်းကတော့ သည်လို လရောင်ကို မြင်ရတိုင်း လွမ်းစိတ်ကလေးတွေ ၀င်နေကျ။ သူ ဘယ်ဆီမှာလဲ တွေးကာ ရော်ရမ်းမိတာလည်း အခါခါပင်။ ထိုစဉ်ကများ လရောင်ထဲမှာ မျက်ရည်များပင် ကျမိခဲ့တာတွေ ရှိပါ၏။ အလွမ်းတကာထဲမှာ ချစ်သူကို လွမ်းရတာ အထိ ခိုက်ဆုံးလို့ပင် တွေးမိရသည် အထိပင်။ အခုတော့ ကိုပြေသိမ်းက အိမ်ကြီး အောက်ထပ်မှာ ရောက်နေပြီ။ စောစောပိုင်းက စကားသံတွေ ကြားသော်လည်း အသံတွေ တိတ်သွားတာကြာပြီ။ ဘယ်နှနာရီများ ထိုးပါလိမ့်။ သက်ကြီးခေါင်းချချိန်ကျော် လောက်ပြီ။ အောက်ထပ် သံစုံနာရီကြီးကလည်း နာရီသံထိုးဖို့ မေ့များနေရော့လား။

မအိမ်ကံ တံခါးကို အသာလှပ်ပြီး ဆင်းလာခဲ့သည်။ လှေကားအဆင်းက တံခါးကို ထပ်ဖွင့်ရပြန်သည်။ လှေကား အတိုင်းဆင်းလာတော့ အမှောင်ထဲမှာ မတ်စေ့ကလေးတွေကို နင်းမိသည်။ အိပ်နေသူတွေ အသံမကြားရအောင် ခြေဖျား ကလေးနှင့် ဆင်းရပါ၏။ တစ်ထစ်၊ နှစ်ထစ်၊ သုံးထစ်။ မတ် စေ့ကလေးတွေက ခြေဖ၀ါးအောက်မှာ တစ်စေ့၊ နှစ်စေ့၊ သုံးစေ့။ သည်လိုနှင့် အောက်ကိုရောက်လာခဲ့ပြီ။ လရောင်က မြေပြင်ပေါ်မှာ တရှိန်ရှိန် အရောင် ပြန်လျက်ရှိ၏။ သစ်ပင်တွေပေါ်မှာ၊ ရက်ကန်းရုံပေါ်မှာ၊ ပဲမှော်တိုက်ပေါ်မှာ၊ နွားတင်းကုပ်ပေါ်မှာ၊ ဇွန်ပန်းရုံတွေပေါ်မှာ၊ ဆပ်သွားဖူးရုံကြီးပေါ်မှာ လရောင်တွေ။

ကနေ့ည သာသည့်လက ခါတိုင်းထက်များ လင်းနေတော့သယောင်ပင်။ မအိမ်ကံသည် လရောင်ကွင်းပြင်ထဲ ဆင်းလာခဲ့သည်။ အပြင်မှာတော့ အေးစိမ့်စိမ့် ရှိပါ၏။ တစ်အိမ်လုံး အိပ်မောကျကြပြီ။ အဝေးဆီက အိမ်လည်လွန်ကြသူတွေ ဆိုလိုက်သော သီချင်းသံ သဲ့သဲ့က လွဲ၍ အခြား ဘာသံမှမရှိ။ အပေါ့အပါး သွားပြီးနောက် တလင်းပြင် လရောင်ထဲမှာ မအိမ်ကံ တစ်ယောက်တည်း ရပ်နေမိသည်။ ထိုစဉ်မှာပင် ချွတ်ခနဲ အသံတစ်သံ ကြားလိုက်ရသည်။ နောက်ဖေး တံခါးကို ဖွင့်ထွက်လာပုံရသူ လူတစ်ယောက်၏ အရိပ်ကို မအိမ်ကံ မြင်လိုက်ရခြင်း ဖြစ်၏။ အစ်ကိုမောင်မြတ်သာလား၊ ကိုပြေသိမ်းလား။ မျှော်လင့်မထားဘဲ ရိပ်ခနဲမြင်လိုက်ရတာ ဆိုတော့ မအိမ်ကံ ထိတ်ခနဲပင် ဖြစ်သွားခဲ့သည်။ လူရိပ်က နောက်ဖေးဆောင်အကွယ် အမှောင်ရိပ်ဆီက ထွက်မလာဘဲ ရပ်နေသဖြင့် လရောင်ထဲ ထွက်လာဖို့ မ၀ံ့မရဲ ဖြစ်နေပုံရပါ၏။

မအိမ့်ကံ(22)

အမေပန်းရုံက မအိမ်ကံတို့ နှစ်ယောက်သား ၀ိုင်းထဲဝင် လာတာကို ပြုံးကြည့်နေပါ၏။ အိမ်ထဲရောက်မှ ကိုပြေသိမ်းက အ၀တ်အစား အိတ်ကြီး ပါလာမှန်း သိရသည်။ ဒါဆို ကိုပြေသိမ်းက ရွာမှာ ကြာဦးမယ့် သဘောလား။ တခြားရွာကို သွားဦးမှာလား။ ဘာမှန်းတော့ မသိရသေး။ မအိမ်ကံမှာတော့ ရင်ခုန် မပျောက်ချင်။ လောလော လတ်လတ် ရည်းစားစကား အပြောခံရသူ မဟုတ်လား။ မပြောခင်တုန်းက မပြောလို့။ ပြောပြန်တော့လည်း ဖိန်းဖိန်းနွေးနွေး ရင်နှင့် အမျှပါလား။ မအိမ်ကံက တစ်ကိုယ်လုံး လေထဲကို မြောက်နေသလို ပေါ့ပါးနေခဲ့ရသည်။ ကိုပြေသိမ်း မေတ္တာစကား ပြောတာကို ဘယ်သူကမှ မသိသော်လည်း အဖေတို့ အမေတို့ကိုပင် ရဲရဲ မကြည့်ဝံ့ ဖြစ်ရသည်။

"မောင်ပြေသိမ်းက ကျောင်းလိုက်သွား စမ်းပါရစီ ဆိုလို့ သမီးရေ၊ ရောက်ရောက်ချင်း ထလိုက်သွားသာပဲ။ နေပါဦး တားတာတောင် မရပါဘူးအေ"

ကိုပြေသိမ်း အထုပ်တွေ နေရာချပေးရင်း အမေပန်းရုံက စကားရိုးရိုး ပြောနေသော်လည်း မအိမ်ကံက မျက်နှာ ပူနေမိသည်။ ကိုပြေသိမ်းက အဖြစ်ပဲ သည်းသလိုလို အဓိပ္ပာယ်အငွေ့ ကလေးပါသည် မဟုတ်လား။ မအိမ်ကံကလည်း အလိုက်သင့် ဖြေရပါ၏။

"လိုက်လာသာ ခပ်ကောင်းကောင်းပါ အမေရယ်။ ဆရာတော်ကြီးက တိုင်းရေးပြည်ရေးတွေ မေးနေသာ အကြာကြီး။ ကိုပြေသိမ်းကလည်း မေးသမျှ ရှင်းပြလို့ ၀မ်းသာတော် မူရှာတယ်"

ကိုပြေသိမ်းက ရေမိုးချိုး ထမင်းစားပြီးတော့ အိမ့်အောက်ထပ်မှာ အဖေတို့ အမေတို့နှင့် ၀ိုင်းဖွဲ့ စကားပြောကြသည်။ နှစ်ရက်သုံးရက် အတွင်း အစ်ကိုမောင်မြတ်သာလည်း ရောက်လာတော့မည် ဆိုလေရာ မအိမ်ကံတို့ မိသားစု ၀မ်းသာကြရသည်။ ကိုပြေသိမ်း ပြောသလောက် ဆိုလျှင် အစ်ကို မောင်မြတ်သာက ဘီဒီအေ ဗိုလ်ကလေး ဖြစ်နေပြီ ဆို၏။ ဘီဒီအေဗိုလ် ကလေး ဆိုတာ ဘာမှန်းမသိသော်လည်း မအိမ်ကံကတော့ ၀မ်းသာသည်။ ဟိုတုန်းကလို ပုန်းလျှိုးကွယ်လျှိုး ဘ၀က အစ်ကို လွတ်မြောက် သွားရပြီပေါ့။ ဒါဆို အစ်ကို ရွာကို ပေါ်ပေါ်ထင်ထင်ကြီး ပြန်လာနိုင်တော့မည်။ မအိမ်ကံက ဘီဒီ အေဗိုလ်ကလေးရဲ့နှမပေါ့။ ကိုပြေသိမ်းကတော့ ဆရာတော်ကို လျှောက်တုန်းက ကြားခဲ့ရသလောက် အာရှလူငယ် စည်းရုံးရေးမှူးဆိုလား။ အဖေ့ကိုတော့ ကိုပြေသိမ်းက သေသေချာချာ ရှင်းပြသည်။

"အင်္ဂလိပ်ကို တိုက်ကြတုန်းကတော့ မြန်မာမျိုးချစ် လူငယ်တွေက ဂျပန်နဲ့ ပေါင်းတိုက်ကြရတာကိုး ခင်ဗျ။ အဲသည်တုန်း ကတော့ ဘီအိုင်အေ ခေါ်ပါတယ်။ ဗမာ့ လွတ်လပ်ရေး တပ်မတော်ပေါ့။ အခုတော့ ဂျပန်က လွတ်လပ်ရေး ပေးတော့မလို လိုဆိုနေတော့ ဗမာ့ကာကွယ်ရေး တပ်မတော်ရယ်လို့ ပြောင်းဖွဲ့ ကြရတယ်။ အင်္ဂလိပ်ရန်က တစ်ကျော့ကာကွယ်ရမယ့် သဘော ပေါ့။ ဒါကို ဘီဒီအေ ခေါ်ပါတယ်"

"ကျုပ်သားက ဂျပန်စစ်ဗိုလ်လား မောင်ရာ။ လူတကာ ပါးရိုက်တဲ့ အလုပ်မျိုး လုပ်နေရသလား။ ဒါဆိုရင်တော့ ကျုပ် လက်မခံဘူး။ ရွာပြန် လယ်ထွန်ခိုင်းမယ်"

"သူများ မျက်ရည်ပေါက် ကြီးငယ်ကျရတဲ့ အလုပ်မျိုး မလုပ်ရပေါင်ဗျာ"

မအိမ့်ကံ(20)

ဘယ်သူကမှလည်း သေသေချာချာ မသိတော့ ခံမငြင်းသာ။ ကိုယ့်စိတ် အထင်နှင့် ကိုယ်သာ မှန်းဆနေကြရသည်။ မအိမ်ကံကတော့ ရွာကို ဓားပြ၀င်ပြီလို့ တွက်လိုက်သည်။ ဖိုးတုတ်နှင့် ဖိုးကူးတို့ ညီအစ်ကို နှစ်ယောက်က ဓားရှည် တစ်လက်စီ ကိုင်ကြရင်း ခြံတံခါးဘက် ပြေးကာ အပြင်ကိုမြင်ရသလောက် ကြည့်နေကြ၏။ မအိမ်ကံနှင့်ကျေးဥက အိမ်အပေါ်ထပ်ကို တက်လာခဲ့ကြကာ တာလမ်း အရှေ့ဘက် မျှော်ကြည့်ကြသည်။ လရောင်က လွဲ၍ ဘာမှမရှိ။ ဆော့ကစားနေကြသည့် ကလေး သံတွေကတော့ တစိုးတစိမျှ မရှိကြတော့။ အမေပန်းရုံပါ အပေါ် ထပ်တက်လာခဲ့ကာ ရွာလမ်းကို ကြည့်နေခဲ့သည်။ သိပ်မကြာ ပါ။ ကွမ်းတစ်ယာ ညက်လောက်တွင် ဗြောဗြောမြည်သံကြီးကို ကြားရလေပြီ။ အသံက ညီလှသည်။ လမ်းမပေါ်ကို ပြင်းထန်သော ခြေဆောင့်သံမျိုးဖြစ်၏။

"ဟဲ့ ကျေးဥ လှမ်းကြည့်လိုက်စမ်း ကလေးမျက်စိနဲ့၊ ငါ့မျက်စိထဲတော့ မည်းမည်းအုပ်ကြီး မြင်သလားလို့"

"ဟုတ်ပါ့ အရီးရေ၊ လူတွေတော် မနည်းမနောပါလား၊ ဘာများ လုပ်ကြဖို့ပါလိမ့်တော်"

"ဘယ်က လူတွေလဲ တို့ရွာကလား"

"ပြောတတ်ပါဘူး အရီးရဲ့၊ လူတွေ မည်းမည်းလှုပ်နေ သာမြင်ရသာပဲ"

မအိမ်ကံလည်း မြင်နေရပါ၏။ ခြေဆောင့် နင်းသံတွေက မအိမ်ကံ ရင်ကို နင်းနေကြသလား ထင်ရသည်။ ဗြုတ်... ဗြုတ်.. ဗြုတ်...ဗြုတ်။ မအိမ်ကံတို့ ဘက်ကိုပင် နီးလာခဲ့ပြီ။ ရှေ့ဆုံးမှာ မြင်းစီးသူ တစ်ယောက်ပါသည်။ ထိုမြင်း နောက်မှာတော့ ငါးယောက်တစ်တွဲ လျှောက်လာကြသည့် လူတန်း။ လူတန်းက သိပ်မရှည်လှသော်လည်း များမှန်း သိသာသည်။

"အမေ ဂျပန်တွေဆိုသာနဲ့ တူသယ်၊ ဘာလုပ်ကြသာပါလိမ့်"

"အနောက်ရွာတွေဘက် သွားကြဖို့နဲ့တူသယ်"

"ဟုတ်ပါ့တော် ညကြီးမင်းကြီး"

"ဟုတ်သယ် ဂျပန်စစ်သား ဆိုသာတွေနေမှာ"

မအိမ်ကံတို့က လေသံဖြင့် ပြောနေကြသော်လည်း စစ်ဖိနပ်သံတွေကြောင့် ရွာပင် ခုန်နေသလား မှတ်ရပါ၏။ သိပ်တော့ မကြာပါ။ ရွာကလေးသည် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ လရောင်က ရွာကလေးကို မြှူဆွယ် နေသေးသော်လည်း အသံဟူ၍ ကလေးငိုသံပင် မရှိ။ ငြိမ်သက်ခြင်းက ကြီးစိုးလွန်းပြန်တော့ ချောက်ချားဖို့ပင် ကောင်းနေသည်။ ထွန်းထား ကြသည့် မီးခွက်များပင် ငြိမ်းကုန်ကြပြီ။ ရွာတုန်အောင် ဖြတ်သွားကြသော ဂျပန်စစ်တပ် ဆိုတာကို လရောင်ထဲမှာ တွေ့ခဲ့ကြရပြီ ဆိုတော့ ဘာမှန်းမသိကြဘဲ ကြောက်လန့် နေခဲ့ကြပါ၏။ မအိမ်ကံမှာ အဖေ့ နှစ်လုံးပြူးသေနတ်ကို စိတ်ရောက် သွားခဲ့ရသည်။ ရင်တွေ တဒိတ်ဒိတ် ခုန်ရပါ၏။ ထိုညက အဖြစ်အပျက်သည် ဇောင်ချမ်းကုန်းရွာကို ဒုတိယ အကြိမ် ဆောင့်ခါလိုက်သည့် ညဟုပင် ဆိုရတော့မည်။ ပြင်းထန်သော စစ်ဖိနပ်သံများဖြင့် ဖြတ်သွားခဲ့သော် ဂျပန် တပ်စိတ် တစ်စိတ်သည် လောလောဆယ် ဘယ်သူ့ကိုမှ ရန်ပြုခဲ့သည်မရှိ။ ရွာကလေးကိုပင် ရှိသည်မထင်။ သူတို့ လမ်းကြောင်းကျရာ အတိုင်း သွားကြရုံသာ။ သို့သော် ထို ကားသည် မြင်းခြံကို ဗဟိုပြု၍ မြင်းခြံ အရှေ့လက်၊ အနောက် လက်၊ တောင်လက်၊ မြောက်လက် ကျေးရွာများဆီ အရောက် အပေါက် များလာခဲ့သည်။ ကားက ပုပျပ်ပျပ်၊ ပါးစပ်ပြဲပြဲ။ မီးခွက်တွေက မျက်လုံး ပြူးပြူးဖြစ်ရာ ရွာတွေက သည်ကားကို "တောဘီလူး" ကားဟုခေါ်ကြပါသည်။

ကြာတော့လည်း တောဘီလူး ကားကို စိတ်မ၀င် စားနိုင်ကြတော့။ တောဘီလူး ကားပေါ်မှာ ဂျပန် စစ်ဗိုလ်တွေပါလာ တတ်သလို မြန်မာ တစ်ယောက်စ နှစ်ယောက်စလည်း ကား နောက်မှာ ပါလာတတ်သည်။ တစ်ခါမှာတော့ ရွာက အမှုပွဲစား ကျော်ဒင် အခန့်သား ပါလာခဲ့သည်။ ကျော်ဒင်က ဂျပန် စစ်ဗိုလ်ထက်ပင် မျက်နှာကြီး တင်းလှပါ၏။ ရွာကတော့ မဲဇလီက လက်ဖက်ထက် ဈေးတန်လှချည့်လို့ ပြောကြသည်။ ကျော်ဒင့် လက်မောင်းမှာ ဂျပန်စာ ရေးထားသော လက်ပတ် အနီပတ် ထားတာကိုလည်း မြင်ကြရ၏။ တောဘီလူးကားက ရွာကို အသေးစိတ် လိုက်ကြည့် တော့လည်း ကျော်ဒင်ကပဲ လိုက်ပြသည်။ ရွာစည်းရိုးတွေကို ပြသည်။ လင့်စင်တွေကိုပြသည်။ ရွာဘုန်းကြီးကျောင်း ကိုပြသည်။ ဘုန်းကြီးကျောင်းကို ၀င်သည့် နေ့က ဂျပန်စစ်ဗိုလ်က ဖိနပ် မချွတ်ဘဲ ကျောင်းပေါ် တက်လာခဲ့တာကို ရွာက မကျေနပ်ကြ။ စကားကြုံလျှင် တီးတိုး ပြောကြသည်။

မအိမ့်ကံ(21)

(Feb-09) မအိမ်ကံ

၂၂။
မအိမ်ကံကတော့ ဘာကိုမျှ ဂရုမစိုက်တော့ပြီ။ တစ်ဒင်္ဂအတွင်း မြင်လိုက်ရသော မြင်ကွင်းက ချောက်ချား စက်ဆုတ်ဖွယ် ကောင်းလှပေရာ ဖြစ်ချင်ရာ ဖြစ်တော့ သဘောဖြင့် ကြွက်လျှောက်တန်းပေါ်က နှစ်လူးပြူးကို ကောက်ယူလိုက်ပြီး ပဲမှော် တိုက်ပေါ်က ခုန်ချခဲ့ခြင်း ဖြစ်သည်။ ကျေးဥက လှမ်းတား လိုက်သေးသော်လည်း မရတော့ပါ။ ဆူပွက်နေသော သွေးတွေက မအိမ်ကံ တစ်ကိုယ်လုံး ဒရောသောပါး ပြေးလွှားနေပါ၏။ မအိမ်ကံ မျက်စိထဲမှာ ဘာကိုမှလည်း မမြင်တော့။ ဖအေကို သေနတ်ဖြင့် ချိန်ထားသော ဂျပန် စစ်ဗိုလ်ထက် အမျိုး သစ္စာဖောက် အမှုပွဲစား ကျော်ဒင်ကို မုန်းတီးလှစွာ နှစ်လုံးပြူးပြောင်းဝဖြင့် လည်မျိုကို ထောက်ထားလိုက်ခြင်း ဖြစ်သည်။ ပစ်လိုက်ချင်လှသော်လည်း မိဘ နှစ်ပါးနှင့် အသက်ချင်း လဲလိုက်ရာမှာကိုတော့ မဖြစ်ချင်။ သည်တော့ သေနတ်ဖြင့် ထောက်ထားရင်းက ခပ်မာမာ အော်လိုက်သည်။


"ကျော်ဒင် အမျိုး သစ္စာဖောက်။ ဒါ နင့်အကြံတွေ မဟုတ်လား။ သည်လောက် လိုချင်တဲ့ သေနတ် ယူသွားစမ်း။ ငါ့အဖေ အသက်နဲ့ လဲရလောက်အောင် တန်ဖိုး မရှိသဲ့ သေနတ်။ ခု ယူသွားစမ်း။ နင်တို့လည်း ခု ထွက်သွားစမ်း။ တစ်သက် တစ်သက်ချင်း နင်နဲ့ငါ တစ်ကွေ့ တွေ့ကြသေးသာပေါ့ဟယ်"

အမှုပွဲစား ကျော်ဒင်က မအိမ်ကံထက် အသက်အရွယ် ကြီးပါ၏။ မအိမ်ကံက နာကြည်းစိတ်ဖြင့် တမင် မလေးမစား ခေါ်ဝေါ် သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ ကျော်ဒင်က နှစ်လုံးပြူး သေနတ်ကို လှမ်းမြင်လိုက်ရသည့် အခါမှတော့ ဂျပန် စစ်ဗိုလ်ကို ကမန်းကတန်း လှမ်းအော်လိုက်သည်။ ဂျပန် စစ်ဗိုလ်က မအိမ်ကံကို တစ်ချက် ပြူးကြည့်လိုက်ရင်း ချိန်ထားသည့် ခြောက်လုံးပြူးကို ချလိုက်သည့်အခါ ဂျပန် စစ်သား နှစ်ယောက်၏ သေနတ်တွေပါ ပုံမှန် ဖြစ်သွားကြလေသည်။ ဂျပန်စစ်ဗိုလ်က မေးခွန်း တွေမေးနေတာကို ကျော်ဒင်က ထစ်ထစ်ငေါ့ငေါ့ စကားလုံးရှာကာ ပြန်ပြောနေသည်။ ဂျပန်စစ်ဗိုလ်က ဘာတွေ အော်လိုက်သည် မသိ။ ဂျပန်စစ်သား တစ်ယောက်က မအိမ်ကံ လက်ထဲက နှစ်လုံးပြူး သေနတ်ကို ဆွဲယူလိုက်သည်။ ဂျပန်စစ်ဗိုလ်က ခြောက်လုံးပြူး သေနတ်ကို ခါးကြားထိုးပြီး ချာခနဲ လှည့်ထွက် သွားတော့ ဂျပန်စစ်သား နှစ်ယောက်ကလည်း တန်းခနဲ ထက်ကြပ်မကွာ လိုက်သွားကြသည်။ ကျော်ဒင်က မအိမ်ကံကို တစ်ချက် လှမ်းကြည့်ရင်း လက်နှစ်ဖက်ကို ခါးမှာ စုံထောက် လိုက်၏။ မအိမ်ကံမှာ တစ်ကိုယ်လုံး ပေပွနေသည်။ ရက်ကန်းရုံ ရှင်းလင်း လက်စဆိုတော့ မျက်နှာပေါ်မှာ ပိုးမျှင်မည်းမည်း တွေခဲခဲလှုပ်ကာ မည်းသည်းနေပြီး ခေါင်းပေါင်းကြီး ဖြုတ်လာသဖြင့် ဆံပင်တွေက ဖရိုဖရဲနိုင်လှသည်။ ပဲမှော်တွေကလည်း တစ်ကိုယ်လုံး ဆံပင်တွေပါ မကျန် စူးဝင်နေသည်။ ဒေါသကြောင့် မျက်နှာကလည်း ခက်ထန် မာကြောလွန်းလှပါ၏။

"ကျုပ် ခင်ဗျားတို့ အားလုံးရဲ့အသက်ကို ကယ်လိုက်သယ် မှတ်ပါ။ မအိမ်ကံကို စိတ်မနှံ့သဲ့ မိန်းကလေးပါလို့ ကျုပ် ရှင်းပြ လိုက်ရသယ်။ မအိမ်ကံရေ နင်ပြောသလို တစ်ကွေ့တော့ တွေ့ကြရမယ်နဲ့တူပါရဲ့"

"ဟုတ်သယ်။ ထင်းခွေရော ရေခပ်ရော ကြုံလိုက်ချင်လှသယ်။ အပွေးနဲ့အခေါက်၊ အသားနဲ့အနှစ် ခွဲကြသေးတာပေါ့"

ကျော်ဒင်က မအိမ်ကံကို မဲ့ပြုံး တစ်ချက် ပြုံးကြည့်ပြီး သုတ်သုတ်ပါအောင် ထွက်သွားတော့သည်။ ဂျပန်စစ်ဗိုလ်နှင့် ကျော်ဒင်တို့ပြန်သွားတော့မှ သတိပြန်ရလာသော အမေပန်းရုံကို အိမ်ထဲ ပွေ့ယူခဲ့ကြရသည်။ ဦးသာထန်ကိုပါ အိပ်ရာပေါ် လှဲစေကာ ပြုစုကြရသည်။ အမေပန်းရုံ နဖူးအကွဲက သွေးမထွက်တော့ သော်လည်း သွေးစေးတွေ စေးကပ်နေသည်။ မလှအုံက ရေနွေးဖြင့် သန့်စင်ပေးရင်း ဆေးမှုန့်သိပ်သည်။ ဒေါ်ပန်းရုံက တစ်ချက်ကလေးပင် မညည်းရှာပါ။ ရက်ကန်းထည်ရက်စ သန့်သန့်ဖြင့် ခေါင်းကိုပတ်ပေးကာ အသာမှိန်းနေစေသည်။ ဦးသာထန်ကိုတော့ ပဲလုံးတိုက်ရာက ပြန်လာသော ကိုဖိုးငွေတို့ သားအဖက ပြုစုပေးနေပါ၏။

"ကျုပ်တို့က ပြန်လာသာကြာပြီ။ ရွာအနောက်ထိပ် ရောက်တော့ အိမ်မ၀င်ကြနဲ့ဦး။ ဂျပန်တွေ ရောက်နေသယ် ပြောလို့ လှည်းရပ်ပြီး စောင့်နေကြရသာ။ ကျော်ဒင် တော်တော် ရက်စက် ပါလား လှအုံရာ။ ကိုယ့်ရွာသူ ရွာသားချင်းကိုဟာ..."

"သြော်... ကျုပ်တော့ လိပ်ပြာကို စင်ရော ကိုရင်ရေ။ ခုထိ ရင်ထဲ ဆိုးဆိုးဆတ်ဆတ်ကြီး။ မအိမ်ကံ ထွက်လာတော့ ဂျပန် စစ်ဗိုလ်က ထိုးပစ်လိုက်ပြီ မှတ်သာ။ တော်ပါသေးရဲ့ ငါ့ညီမလေး သေကံ မရောက်တော်"

မအိမ့်ကံ(19)

(jan'09) မအိမ်ကံ


(၂၁)
၁၃၀၄ ခု၊ ပထမ၀ါဆိုလဆုတ် ၄ ရက်။

နှမကလေး မအိမ်ကံ ..

အစ်ကို မောင်မြတ်သာ စာရေး လိုက်ပါသည်။ သည်စာကိုတော့ နှမကလေးသာ ဖတ်ရန် မှာလိုက်ပါသည်။ အစ်ကို့မှာ စာများများ ရေးဖို့ရာလည်း အခွင့်မသာသည့် အတွက် လိုရင်းကိုသာ ရေးလိုက်ပါသည်။ နှမကလေး ကောင်းစားတာကို မြင်လို၍ အစ်ကို မရေးမဖြစ် ရေးလိုက်သည်လို့ပင် မှတ်ပါတော့။ နှမကလေး အရွယ် ရောက်ပြီ။ နှစ်ဆယ်ကျော် အရွယ်ဟာ မိန်းကလေး တစ်ယောက် အတွက် အခါလင့်ပြီဟု ဆိုနိုင်ပြီ။ ခေတ်အခါ ကာလ အလျောက်ရော၊ အသက်အရွယ် ရကြပြီ ဖြစ်သော မိဘများအတွက်ပါ အစ်ကို အမျိုးမျိုး စဉ်းစားပြီးမှ ရေးလိုက်သည်ဟု သာမှတ်ပါလေ။နှမကလေး အိမ်ထောင်ပြုပါ။ အထူး ပြောလို သည်မှာ မောင်ပြေသိမ်းက နှမကလေးကို မေတ္တာရှိနေကြောင်း သူ့ပြော စကားများအရ အစ်ကို ရိပ်မိနေ၍ ဖြစ်ပါသည်။ မောင်ပြေသိမ်းမှာ မျိုးရိုးဇာတိ၊ စာရိတ္တနှင့် မိဂုဏ် ဘဂုဏ် ရှိသော အမျိုးကောင်းသား ပညာတတ်ဖြစ်၍ အစ်ကို့ အနေဖြင့်လည်း သဘောတူမိပါသည်။ နိုင်ငံရေးအရ အစ်ကိုနှင့် မတူတာရှိ၊ တူတာရှိဆိုသော်လည်း ဖြောင့်မတ်သူ တစ်ဦးအဖြစ် အစ်ကို ယုံကြည်လျက် ရှိပါသည်။ သည်စာက နှမကလေးကံ အတွက် ဆန်းကောင်း ဆန်းနေ ပါလိမ့်မည်။ သို့သော် လောကနိယာမသာဖြစ်၍ အထူး ရှက်ရွံ့စရာ မရှိပါ။
ကံကလေး၏ နောင်ရေး အတွက် ပြောရခြင်း ဖြစ်ပါ၏။

ကျန်းမာချမ်းသာပါစေ
အစ်ကို မောင်မြတ်သာ
P/S အစ်ကို လောလောဆယ် ပျဉ်းမနားမြို့တွင် ရှိနေပါသည်။ မကြာမီ တွေ့နိုင်မည် ထင်ပါ၏။

မအိမ်ကံက စာရွက်ကလေးကိုရော နွမ်းရိ ပါးလျားလှပြီ ဖြစ်သော စာအိတ်ဟောင်း ကလေးကိုပါ ငေးကြည့် နေခဲ့သည်။ စာဖတ်ခါစတုန်းကတော့ မအိမ်ကံ မျက်နှာ မထားတတ်ခဲ့ပါ။ အစ်ကို မောင်မြတ်သာကို မမြင်ရပါဘဲလျက် ရှက်နေ မိခဲ့သည်။ ရှက်ခြင်းနှင့် အတူ ကြောက်ခြင်း၊ ထူပူခြင်း၊ အံ့သြခြင်း၊ ၀မ်းသာသလိုလို ၀မ်းနည်းသလိုလို ခံစားရခြင်းများ တစ်ပြိုင်နက် ခံစားနေခဲ့ရသည်။ အစ်ကိုနှင့် မအိမ်ကံတို့ မောင်နှမ နှစ်ယောက်အဖို့ ကံကောင်းသည် ဆိုရပါမည်။ အဖေ ကလည်း သူ့သားမို့၊ အမေကလည်း သူ့သမီးမို့ ဆိုတာမျိုး မရှိ။ အဖေတူ အမေကွဲ မောင်နှမ ဆိုသော်လည်း မောင်ရင်း နှမပမာ ငယ်စဉ်ကပင် မအိမ်ကံကို အလို လိုက်ခဲ့သည်။ ချစ်ရှာခဲ့သည်။ မအိမ်ကံနှင့် အသက်ချင်း ကွာတော့ ဒိုးတူ ပေါင်ဖက် ကစားခဲ့ရတာမျိုး မရှိသော်လည်း နှမ ကလေး လိုချင်တာ မှန်သမျှ မျက်နှာ အညိုမခံခဲ့။

တစ်ခါက ၀ိုင်းတိုက် စည်းရိုးစပ်မှာ ပေါက်နေသည့် ပုန်းညက် ပင်ပျိုကလေးမှာ ပုန်းညက်ပန်းတွေ အဆုပ်လိုက် အခဲလိုက် ဖွေးဖွေးလှုပ်လျက် ရှိရာ မအိမ်ကံမှာ ပန်းတွေကို မော့ကြည့်ရင်း ခုန်ဆွခုန်ဆွ ဖြစ်နေခဲ့သည်။ သည်အပင်ကလေးက သည်နှစ်မှ ပန်းစပြခြင်း ဖြစ်သည်။ မအိမ်ကံက ပုန်းညက်ပန်းတွေ လိုချင်သဖြင့် အစ်ကို့ကို ခူးပေးရန် ပူဆာခဲ့သည်။ အစ်ကိုက သူ့ အရပ်အမောင်း၊ သူ့အရွယ်နှင့် တက်ခူးလျှင် ခူး၊ ၀ါးတံချူနှင့် ချူလျှင်ချူ ပုန်းညက်ပန်းတွေ အခိုင်လိုက် ရနိုင်သော်လည်း မအိမ်ကံ အတွက်ကတော့ မြင့်လွန်းနေသည်။ အပင်က သိပ်ကြီး လှတာတော့ မဟုတ်ပါ။ ပင်စည်လုံးသည်ပင် လက်တွင်း တစ်ဆုပ်(တူရွင်းရိုး)လောက်သာ ရှိသည့်အပင်။

မအိမ့်ကံ(18)

ဦးသာထန်က ကိုပြေသိမ်းကို ကျုပ်သားစာရင်း သွင်းတယ် ဆိုတော့ မအိမ်ကံကပင် မနေတတ် မထိုင်တတ် ဖြစ်ရပါ၏။ ဦးသာထန်က ရိုးရိုး ပြောလိုက်ခြင်းပေမယ့် စကားက အဓိပ္ပာယ် တစ်မျိုးရောက်တာ မဟုတ်လား။ ဒေါ်ပန်းရုံက ဦးသာထန်ကို မျက်စောင်း လှမ်းထိုးလေသည်။ ဘယ်စကား ဘယ်ရောက်မှန်းမသိ။ သို့သော် ဘယ်သူ့အပေါ်မှ ဘယ်တုန်း ကမှ စိတ်ဝင်စားမှု မရှိခဲ့သော ဦးသာထန်က ကိုပြေသိမ်းကို ဓာတ်ကျခဲ့လေသည်။ ဦးသာထန်၏ ပင်ကိုစိတ်ကလည်း ခေတ်ပညာတတ် လူငယ်တွေကို အထင်ကြီး လေးစားစိတ် ရှိသည်။ ကိုပြေသိမ်းလို ဥပဓိရုပ် ကြည်စင်သလောက် စကား ပြောမွန်ရည်သူ တစ်ယောက်ကို ဦးသာထန် ဓာတ်ကျမည် ဆိုလည်းကျစရာ။ ကိုပြေသိမ်းက ဦးသာထန် နားလည်လောက် သော စကားလုံးတွေကို ရွေးချယ် သုံးပြီး စကားကို အေးအေး ဆေးဆေး ပြောသည်။ စကားပြော နူးညံ့သလောက် ခြုံငုံမိ အောင် စီကာပတ်ကုံး ပြောတတ်သည်။ ဦးသာထန်က ခေါင်း တညိတ်ညိတ်။ အခုမှ ရေလည်တော့သယ် ဆိုသည့် စကားဖြင့် ထောက်ခံ၏။

"ကိုင်း နေပါဦး။ မောင်က ကနေ့ပြန်မှာလား။ ဘာ အကြောင်းများ နောက်ဆံ ငင်စရာရှိသေးလို့လဲ။ အိမ်က သားမယား"

"မရှိပါဘူးခင်ဗျာ။ ကျွန်တော် လူလွတ်ပါ။ မိဘများကို လုပ်ကျွေးနေပါသယ်"

သည်တစ်ခါတော့ ဒေါ်ပန်းရုံက ဦးသာထန်ကို ၀င်ငေါက် ရတော့သည်။

"ကဲပါ ကိုရွှေသူကြီးမင်းရဲ့။ သဂျိုးပဂျိုးနဲ့ ဘယ် စကား ဘယ်ရောက်။ သည်လိုပါ မောင်ရင်ရယ်။ မောင့်ဦးလေးက မောင်ပြေသိမ်းနဲ့ စကားပြောချင်လှ ထင်ပါရဲ့ကွယ်။ နောက်ဆံ ငင်စရာ မရှိရင် သည်တစ်ညတော့ နေစေချင်သယ်။ မိုးတောင် ချုပ်လုကမင့်ပဲဟာ"

အဖေတို့၊ အမေတို့က မထင်မှတ်ဘဲ တားနေတော့ မအိမ်ကံ စိတ်ချမ်းသာသွားခဲ့သည်။ ဧည့်သည် ကိုလူချောကို ချက်ချင်း မပြန်စေချင်ခဲ့။ အစ်ကိုဖြစ်သူ ပါးလိုက်သော စာယူလာသူကို တစ်ညတော့ နားစေ့ချင်သည်။ ဘာပဲ ပြောပြော မြင်းခြံနှင့် ဇောင်ချမ်းကုန်းက မဝေးသော်လည်း မနီးလှပါ။ မိန်းမပျိုဆိုတော့လည်း နေလှည့်ပါဦး အတားရခက်ပါ၏။ အခုတော့ မိဘနှစ်ပါးက တားနေပြီ ဆိုတော့ စကားခိုင်အောင် ၀င်ချည်ရပြန်သည်။

မအိမ့်ကံ(17)

မအိမ်ကံ (Dec) 2008

၂၀။
ကမ္ဘာစစ်ကြီး၏ စစ်ရိပ် စစ်ငွေ့များက ဇောင်ချမ်းကုန်း ရွာကလေးကိုပင် အရိပ်မည်းကြီး သဏ္ဍာန်ဖြင့် ထင်ဟပ်လျက် ရှိလေပြီ။ ရွာက အမှုပွဲစား ကျောင်ဒင်က မြို့နှင့် အကူးအကန်း ရှိသဖြင့် သတင်းစာဟောင်း တကိုင်ကိုင် အာပေါင်အာရင်း သန်သန် ပြောပြချက်တွေကို အများက စိတ်ဝင်စား နေကြပြီ။ ဥရောပဘက်တွင် စစ်ကြီး စလောင်မြိုက် နေပြီတဲ့။ ကောင်းကင်မှာ ဌက်တွေလို ပျံသန်းနိုင်သော လေယာဉ်ပျံ ဆိုတာတွေနှင့် ဗုံးတွေကြဲချနေတာ လူတွေ သေလိုက်ကြတာများ အတုံးအရုံးတဲ့။ ဥရောပ ဆိုတာ ဘယ်မှာလဲ မအိမ်ကံ မသိ။ အစ်ကို့ အတွက်သာ စိုးရိမ်မိခဲ့သည်။ အစ်ကို့မှာ မိရိပ် ဖိရိပ် လာလို့မှ အေးအေး သက်သာ မရှိခဲ့ရ။ ကြည့်တော်ကုန်းက အပြန် ခဏနားရုံရှိသေး။ စစ်ပုလိပ်တွေ ရောက်လာသဖြင့် နောက်ဖေးက ထွက်ပြေး ခဲ့ရှာသည်။ အစ်ကိုက ပါးနပ်ပါ၏။ သူရောက်ကတည်းက ဖိုးကူးကို တခြားအလုပ် မခိုင်းတော့ဘဲ အိမ်ရှေ့ တာလမ်း တစ်လျှောက် အရှေ့အနောက် ကူးစေပြီး လူရိပ်လူခြေ ထူးခြားမှု ရှိမရှိ လူစောင့် ချထားခဲ့သည်။ လူစိမ်း သို့မဟုတ် မသင်္ကာဖွယ် တွေ့လျှင် အိမ်ခေါင်ပေါ် ခဲပစ်လိုက်ဖို့ မှာထားခဲ့သည်။ ရွာတွေ ဆိုတော့ စာပစ်၊ ငှက်ပစ် လောက်စာလုံးတွေက အခန့်မသင့်လျှင် အိမ်ခေါင်မိုးပေါ် ကျတတ်သဖြင့် ပထမတော့ ငှက်စာ ခဲကျတာ ထင်ပါရဲ့လို့ မအိမ်ကံ တွေးလိုက် မိသေးသည်။ သို့သော် အသံက လောက်စာလုံး ကျသံမဟုတ်။ ကျယ်လောင် နေသည်။ အစ်ကို မောင်မြတ်သာက ကံကလေး လမ်းဘက် ကြည့်စမ်းဆိုရာက ကြည့်လိုက်တော့ စစ်ပုလိပ် သုံးယောက်။

တစ်ယောက်က သေနတ်ကို ထောင်ကိုင်လျက် နှစ်ယောက်က နောက်က သုတ်သုတ်ပါအောင် လိုက်လာကြခြင်းဖြစ်၏။ မအိမ်ကံ အစ်ကို့ကို မြင်ရသမျှ လှမ်းအော်လိုက်သည်။ အစ်ကိုက သူ့လွယ်အိတ် အဟောင်းကို ကောက်ယူကာ နောက်ဖေး ပြတင်းပေါက်က ခုန်ချကာ အိမ့်အနောက် ခြံစည်းရိုးကို ပြေးသည်။ "မမစိမ်းမြတို့ အိမ်ဘက်ကိုပြေး"လို့ မအိမ်ကံ လှမ်းအော် လိုက်ရင်းက စားပွဲပေါ် တင်ထားသော အစ်ကို့ အသုံးအဆောင် ကလေးတွေကို သိမ်းကျုံးပြီး ဆေးတောင်းထဲ ထိုးသိပ် ထည့်လိုက်ရပါ၏။ အစ်ကိုက သူ့ပစ္စည်း ပစ္စယ စာရွက် စာတမ်းတွေကို လွယ်အိတ်ကြီးထဲ ထည့်ကာ ကိုယ်နှင့် မကွာ ထားသူဖြစ်သည်။ ဗြုန်းခနဲဆိုတော့ စားပွဲပေါ်မှာ အစ်ကို ဖတ်လက်စ စာအုပ်ထူကြီးနှင့် ဖောင်တိန် ကျန်ခဲ့သဖြင့် မအိမ်ကံ ဖျတ်ခနဲ သိမ်းဆည်း လိုက်ရခြင်းပင်။
မအိမ်ကံတို့ အိမ်နောက်ဖေးဘက်မှာ သစ်သား ဇလီတန်းရိုက် ခြံစည်းရိုး ရှိသည်။ ခြံစည်းရိုးထောင့် တစ်နေရာမှာ လူ တစ်ဝင်စာ ကျင်းပေါက် တစ်ပေါက် နှိုက်တူးထားပြီး အမှိုက်တွေ ဆို့ထားတာကိုလည်း ဖိုးကူး ပြောပြမှ မအိမ်ကံတို့ သိရပါ၏။

"ကိုကြီးမြတ်သာက သူ့ လူတစ်ကိုယ် ၀င်သာထွက်သာ ကျင်းကလေး နှိုက်တူးခိုင်းထားသာ မမကံရ။ ပြီးတော့ အမှိုက်တွေ ဆို့ထားသဲ့။ ပုလိပ်တွေ လာတော့ အဲသည့် အပေါက်က ထွက်သွားသာ။ မြန်လိုက်တာဗျာ။ မြွေထွက်သွားသဲ့ အတိုင်းပဲ"

"အိမ်ခေါင်ပေါ် ခဲကျသာလည်း နင်ပဲ မဟုတ်လား ငါ့သား"

မလှအုံက မေးခြင်း ဖြစ်သည်။

မအိမ့်ကံ(16)

(Nov) မအိမ်ကံ 2008

ဝင်းတံခါး နှစ်ချပ်ကြားသို့ လူတစ်ယောက် ရုတ်တစ်ရက် လက်ထိုး ခံလိုက်သဖြင့် မအိမ်ကံ တံခါး မောင်းထိုးရန် မဖြစ်တော့။ မအိမ်ကံမှာ တံခါး နှစ်ချပ် ပွင့်မသွားဖို့သာ အရင် ကြိုးစားနေရသည်။ တံခါးကြီး နှစ်ချပ်ကြား ညှပ်နေသော တိုက်ပုံအင်္ကျီဝတ် လက်ကြီးတစ်ဖက်က မအိမ်ကံဘက်မှာ ရှိနေခြင်း သည်ပင်လျှင် ကြောက်စရာ ကောင်းလှသည်။ မအိမ်ကံ မြင်ရ သလောက် တိုက်ပုံအကျီင်္လက်က အနားတွေ ဖွာထွက်နေကာ အဖာအထေး ကလည်း များလှသည်။ တိုက်ပုံအကျီင်္ လက်ထဲက ထိုးထွက်နေသော လက်ဖျံနှင့် လက်ဖ၀ါး တစ်ခုလုံးသည်လည်း အိုးမဲလိုလို၊ ရှားစေးလိုလို ညစ်မွဲမွဲ ကြေးညှော်တွေ ပေကျံလျက်ရှိပါ၏။

မအိမ်ကံ အတွက်လုပ်စရာ အလုပ်တစ်ချက်သာ ရှိသည်။ တံခါးကြီးနှစ်ချပ်ကို ကိုယ်လုံးဖြင့် ဖိခြင်းအားဖြင့် လက်ညပ် သွားစေနိုင်သည်။ သည့်ထက် အားစိုက်လိုက်ရင် ကျိုးပင် ကျိုးသွားနိုင်သည်။ သည်လူက လှည်းပေါ်က ဖျတ်ခနဲ ဆင်းလာပြီး တံခါးအနီး ရောက်အောင် ကပ်လိုက်တာကို မအိမ်ကံ ၀င်းထဲအ၀င်မှာ သတိထား လိုက်မိသော်လည်း သည်လို အတင့်ရဲလိမ့်မည် မထင်ခဲ့။ သူကြီးအိမ်ကို သည်လို နွမ်းပါးလှသော လှည်းသမား တစ်ယောက်က ပိုင်စိုးပိုင်နင်း လုပ်စရာ အကြောင်းမရှိ။ အဖေ့လူတွေလား။ ဒါမှမဟုတ် အဖေ့ကို ရန်ပြုချင်သူတွေလား။ ခောတ်ကာလ မကောင်းတော့ တချို့ ရွာတွေမှာ သူကြီးကိုပင် ဒုက္ခပေးနေကြတာတွေ ကြားရသည်။ အခုလည်း အဖေ့ကို ရန်လုပ်ချင်လို့ပဲဖြစ်ရမည်။ အဖေ့လူ ဆိုလျှင် သူကြီးမင်း ရှိသလား လောက်တော့ မေးရမည် မဟုတ်လား။ အခုတော့ ပိတ်လိုက်သည့် တံခါးကိုပင် လက်ထိုးခံလိုက်သည်ဆိုတော့ လူကောင်း ဖြစ်စရာမရှိ။ မအိမ်ကံက တံခါးနှစ်ချပ်ကို ကျောကပ်ကာ ဖိပစ်လိုက်သည်။

“ဟဲ့ ဟဲ့ ကံကလေး ငါ့နှမ လက်များ ကျိုးပါရော့မယ် ဟာ၊ ဖွင့်စမ်းပါ မြန်မြန်”

မအိမ့်ကံ(15)

မလှအုံ စကားကြောင့် မအိမ်ကံ ခပ်သဲ့သဲ့ ပြုံးမိပါ၏။ တကယ်တော့ မလှအုံပြောပြသည့် ဖက်စိမ်းကွမ်းတောင်ကိုင် ရမည့် မိန်းကလေးတစ်ယောက် အတွက် သည်စည်းကမ်းချက် တွေက ထူးပြီးဆန်းလှတာတွေတော့ မဟုတ်။ တောသူတောင် သားဘ၀မှာ သည်လိုကိစ္စတွေကို တမင်စောင့်ထိန်း နေစရာလည်း မလိုပါ။ သို့သော် မိစုံဖစုံ ရှိပါလျက် ငယ်လင်ငယ် မယား မဟုတ်တာနဲ့ပဲ မိန်းကလေးတစ်ယောက် အဖို့ရာ တစ်ရေလျော့ရတာမျိုးကိုတော့ မအိမ်ကံ လက်မခံချင်။

"မလှအုံရယ် မိဘများမလည်း မိဘများအကြောင်းကံနဲ့ ဖြစ်ကြရသာပါ။ မွေးလာသဲ့ သမီးကလေးခမျာလည်း သူ့ အကြောင်းကံနဲ့ သူလာသာပါ။ ဘယ်နှယ့်ကြောင့် သမီးခမျာ မိဘလောင်းရိပ်ကျရသာလဲ။ မတရားလိုက်သာ။ မအိမ်ကံလို မိန်းကလေးတွေ ဘယ်နှယောက်တောင် ရှိကြသလဲ။ ဘယ်နှ ယောက်များ ရင်ကျိုးခဲ့ကြရသလဲ။ မိဘများ ငယ်လင်ငယ် မယား မဟုတ်ကြသာနဲ့ ဘယ့်နှယ့်ကြောင့် သမီးများခမျာ လူ့စည်း မကျော်နိုင်ကြရသာလဲ။ မအိမ်ကံ ဖက်စိမ်းကွမ်း တောင်ကိုင်ရဖို့ နောက်တစ်ဘ၀ စောင့်ရတော့မှာပေါ့။ အဲသလိုလား"


မအိမ်ကံ စကားကြောင့် မလှအုံပင် စိတ်ထိခိုက်သွားခဲ့ရသည်။ ရွာ့ကျင့်ဝတ်၊ ရပ်ကျင့်ဝတ် အစဉ်အဆက်ရှိခဲ့တာကို မအိမ်ကံရင်မှာ ပေါ့စေတော့ သဘောဖြင့် ပြောပြခဲ့ခြင်းသာ ဖြစ်သည်။ သည်လိုစည်းကမ်းကို ဘာဖြစ်လို့ ချထားခဲ့ကြတာလည်း မဆိုနိုင်။ ဖြစ်တန်သည် ကတော့ ကွမ်းတောင်ကိုင် မိန်းကလေး၏ တန်ဖိုးကို စံအဖြစ် ထားချင်ခဲ့ကြတာလည်း ဖြစ်နိုင်သည်။ မအိမ်ကံ ပြောတာလည်း မှန်ပြန်ပါ၏။ မိဘ နှစ်ပါး၏ ကံအခြေမလှတာနှင့်ပဲ သမီးခမျာ တင်းတိမ် နောက်မှာ နေရတာကလည်း သဘာဝတော့မကျ။ သို့ပေသိ ရွာရပ်က ချမှတ်သည့် စည်းမျဉ်းဆိုတော့လည်း မပြင်သာ။ သည်စည်းမျဉ်းကို ဘယ်သူကမှ စာရွက်ပေါ်ရေးခဲ့တာ မဟုတ်။ ကျောက်ပြားပေါ် ဆစ်ခဲ့တာမဟုတ်။ ပေရွက်ပေါ် ကညစ်နှင့်ခြစ်ခဲ့တာမဟုတ်။ သို့သော် သည်စည်းမျဉ်းကို အစဉ် အဆက်လိုက်နာခဲ့ကြသည်။ ကွမ်းတောင်ကိုင် မယ်နီ ဖြစ်သတဲ့။ မယ်ဝါဖြစ်သတဲ့ဆိုတော့လည်း အများသဘောညီ ကြမြဲဖြစ်ပါ၏၊ စောဒက မရှိ ခွန်းတုံ့ခွန်းပြန်မရှိ။ မဖြစ် သင့်ပဲ ဖြစ်ရတာပါဆိုသူမရှိ။ ဒါကလည်း ထူးဆန်းသား။

"မအိမ်ကံရယ် အရီးပန်းရုံခမျာ ညည်းလူမှန်းသိပါပြီ ဆိုကတည်းက သည်စကား ရောက်တိုင်း မျက်ရည်ကျခဲ့ရသာ ငါအသိဆုံးပဲ။ ညည်းအဖေ သူကြီးက သည်ကိစ္စခေါင်းထဲမရှိ ပေမယ့် ခမျာ မအေကိုးအေ့။ တစ်နေ့ သည်ပြဿနာဆိုက် လာမယ်ဆိုသာ သိနှင့်လေတော့ တစ်နေ့တစ်ရက်မှ စိတ်မချမ်း သာခဲ့ဘူး။ ဖြစ်သာလည်းဖြစ်ပါပြီ မအိမ်ကံရယ်။ ကိုယ်ချင်း မစာလို့ ပြောသာလည်း မဟုတ်ရပါဘူး။ စိတ်ကိုသာဖြေပါ အေ။ ညည်းပြုသဲ့ကုသိုလ်တွေ နည်းမှမနည်းဘဲဟာ။ အမြစ် ပိုးစားတော့ အဖျားခြောက်သတဲ့။ ကိုယ့်စိတ်ကို ပိုးမစားပါ စေနဲ့တော့နှော ငါ့ညီမ"

မအိမ့်ကံ(14)

မအိမ်ကံ (Oct) 2008

၁၈။ ဘုရား ... ဘုရား ဘုရားကို အကြိမ်ကြိမ် တနေမိတာကိုပဲ မအိမ်ကံ နောက်ဆုံး သတိ ရလိုက်တော့သည်။ အသည်းအဆုတ် တစ်မြုံလုံးကို ဘီလူးသဘက် တစ်ကောင် သွားစွယ်ဖြင့် ကိုက်ခဲ လိုက်သလို လှပ်ခနဲ ကျင်တက် သွားသည့် ဝေဒနာက ပြင်းထန်လွန်းလှ၏။ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ သည်အရွယ်အထိ မုန်ညင်းတစ်စေ့စာမျှ ထိပါးစော်ကားခြင်း မခံရဘူးသည့် အပျိုစင် မိန်းကလေးတစ်ယောက်အဖို့ရာ စွပ်စွဲချက်တွေက အဆိပ်လူးမြားဒဏ်ကြောင့် တရှိန်ရှိန်ပြန့်လာသော အဆိပ်ဓာတ်များပမာ တစ်ကိုယ်လုံး စီးဆင်းလျက် ရှိလေသည်။ ရှက်ခြင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း များနှင့်အတူ နာကြည်းခြင်း၊ စက်ဆုပ်ခြင်း၊ ဒေါသဖြစ်ခြင်းတို့ ပူးပေါင်းသွားကြရာက အမျိုး အမည် မပြောနိုင်သော ခံစားမှု တစ်မျိုး ဦးနှောက်ကို ဆောင့်တိုး လိုက်သည့်ခဏ မအိမ်ကံလည်း ဖြေချလိုက်သော ခေါင်းခုစုတ်ကဲ့သို့ ခွေခနဲ ပုံကျသွား လေတော့သည်။ မအိမ်ကံ လက်ထဲကမွမွကြေနေသော လက်ကိုင်ပ၀ါကလေးသည်လည်း မအိမ်ကံနှင့် အတူပင် မြေပေါ်ကျသွားခဲ့သည်။
မအိမ်ကံကိုတော့ မစိမ်းမြက အလိုက်သင့် ဖက်လိုက် သဖြင့်သာ ပြိုကျမသွားခဲ့ခြင်း ဖြစ်ပါ၏။

"ဟဲ့ ဟဲ့ လုပ်ကြပါဦး။ မအိမ်ကံ ငါ့ညီမ သတိ ထားပါဦး။ အထဲက အေးလှတို့၊ ထွေးတင်တို့ လာကြပါဦးဟေ့"

မစိမ်းမြ အော်သံက ရက်ကန်းခတ်သံ တဂျောင်းဂျောင်း၊ ခြူသံ တချွင်ချွင်ကြား ပေါက်သွားပုံရပါ၏။ ရက်ကန်းခတ် နေသူ မိန်းကလေး သုံး၊ လေးယောက် ပြေးလာကြသည်။ မအိမ်ကံကို ကွပ်ပျစ်ပေါ် အလိုက်သင့် ပွေ့ချကြကာ ယပ်ခတ် ပေးကြသည်။ တစ်ယောက်က ထုံးနှင့် လျက်ဆားကို လက်ဖ၀ါးပြင်ချင်း ပူနေအောင်ပွတ်ကာ မအိမ်ကံကို ရှူစေသည်။ မအိမ်ကံခမျာ သတိလက်လွတ်ဖြစ်နေသော်လည်း ဒေါသတွေ အရှိန်ပြေသေးဟန်မတူ။ ရင်ကလေး မောက်ချည်နိမ့်ချည်ဖြင့် အသက်ရှူ မမှန်သလို ဖြစ်နေသည်။ ချွေးကလေးတွေ ပြန်တက်လာကာ မျက်နှာတစ်ပြင်လုံး ပုစွန်ဆီရောင် ပြေးလျက် ရှိ၏။ ရှည်သွယ်သွယ်လက်ချောင်းကလေးတွေက ဖြေမရ လောက်အောင် ကုပ်ကုပ်ကွေးကွေး ဆုပ်ထားသည့်အတွက် မစိမ်းမြက အားနှင့်ညှစ်ကာ ဖြန့်ပေးနေရသည်။

"မအိမ်ကံ မအိမ်ကံ။ ငါ့ညီမ ဟဲ့ တစ်ယောက်ပြေးစမ်း။ ရီးပန်းရုံတို့၊ မလှအုံတို့ကို သွားပြောချေ။ ဖြစ်ရလေအေ။ ကြီးတော်စံရွှေဟာလေ အသက်လည်းကြီးပါပြီ။ ပြောရင်လည်း ငရဲကြီးရော့မယ်။ မအိမ်ကံ ညီမလေး"

မစိမ်းမြက မအိမ်ကံကို လည်းခေါ်၊ မအိမ်ကံတို့ အိမ်ကိုလည်း အကြောင်းကြားခိုင်း၊ ဒေါ်စံရွှေကိုလည်း အပြစ်တင်လျက် စိတ်တွေပူနေရှာပါသည်။ မအိမ်ကံကတော့ ကြိုးတွေ လျှော့လိုက်သော ရုပ်သေးမင်းသမီး ရုပ်ကလေးပမာ ပုံ့ပုံ့ ကလေး ငြိမ်သက်လျက်ရှိလေသည်။ မအိမ်ကံတို့ အိမ်ကို မိန်းကလေးနှစ်ယောက် ပြေးကြသည်။

"မအိမ်ကံ... မအိမ်ကံ... သတိရပြီလား မအိမ်ကံ"

မအိမ့်ကံ(13)

ရွာအလှူရှိပြီဆိုကတည်းက ဆို့တန်တာဆို့၊ ပိတ်တန်တာ ပိတ်လုပ်ခဲ့ရသည်။ အချိန်တန်တော့မှ သိပါစေတော့ရယ်လို့ သဘောထားခဲ့ရသည်။ အခုတော့ အချိန်တန်ခဲ့ပြီ။ အခုပဲ ကျေးဥကို မေးနေပြီမဟုတ်လား။ ကျေးဥကကော ဘယ်နှရက် များ ရှောင်နိုင်မှာလဲ။ ကျေးဥက ရှောင်နေပါပြီတဲ့ ဒေါ်ပန်းရုံကို မေးတော့မည်။ မလှအုံကို မေးတော့မည်။ ဖိုးတုတ်နှင့် ဖိုးကူး ကို မေးတော့မည်။ အနှစ်နှစ်ဆယ်လုံးလုံး အေးချမ်းသာယာ လှသော သည်အိမ်ကြီးမှာ သိပ်မကြာခင် အပူတိုက်ရတော့ မှာပါလား။

မအိမ်ကံ...။

သည်ရက်ထဲမှာ ရွာထဲရပ်ထဲ မရောက်နိုင်ဘဲ ရှိခဲ့ရသည်။ မြင်းခြံကပြန်ကတည်းက စမ်းဝယ်လာသည့် နိုင်ငံခြား ဆိုးဆေးတွေကို မေးမြန်လာခဲ့သည့်အတိုင်း ချည်ရောင်ဆိုးကြည့်၊ လှမ်းကြည့်၊ ပြန်လျှော်ကြည့်လုပ်ရင်း အလုပ်တွေများ နေခဲ့သည်။ ရက်ကန်းတန်း မဆင်နိုင်သေးသောကြောင့် အပျိုတွေ မစုံနိုင်သေးသော်မှ ချည်ခင်ဆေးဆိုး ကူကြသူတွေတော့ ရှိသည်။ ခါတိုင်း သီချင်းတအေးအေး၊ ဟေးဟေးဟားဟား ရှိကြသော ရက်ကန်းသမများပင် တိတ်ဆိတ်နေကြတာကလည်း ထူးတော့ထူးဆန်းသား။ မအိမ်ကံမေးမှ ပြောကြသည်။ မအိမ်ကံရယ်မှ ရယ်ကြသည်။ သည်လိုနှင့် တစ်ရက်က နှစ်ရက် ကူးလာခဲ့သည်။ နှစ်ရက်က သုံးရက်ကူးလာခဲ့သည်။ မအိမ်ကံပင် လူတွေနှင့် အဟပ်ကွာသလို ဖြစ်လာခဲ့သည်။ ကျေးဥကလည်း အနားရောက်မလာ။ မလှအုံကလည်း မရှိ တာများသည်။ အမေပန်းရုံကတော့ အခင်းထဲ အကြောင်းပြကာ အိမ်ကို မအိမ်ကံနှင့်လွှဲထားပြီး မကြာခဏ ပျောက်နေတတ်ပါ၏။

"ကျေးဥက ဘာတဲ့လဲ အမေ။ မလာတော့ဘူးတဲ့လား"

"မကြာညွန့် သည်းနေလို့ သမီးရေ။ တောင်ရွာက ဆရာနဲ့ ကုနေရသာ။ မနက်ဖြန်တော့ လာကောင်းပါရဲ့။ လူမမာက ထူထူထောင်ထောင် ရှိလာပါပြီတဲ့"

"ဟုတ်ပါရဲ့ အမေရယ်။ သမီးလည်း ၀တ္တရားပျက်လိုက် သာ။ အရီးကြာညွန့်ကိုတောင် သွားမမေးရဘူး။ သမီး သွားဦးမှပါ"

"ကျေးဥ လာမှာပဲ သမီးရယ်။ သမီး မရောက်ပေမယ့် အမေ ရောက်ပါသယ်။ ဓာတ်စာဖိုးလေး၊ ဆေးဖိုးလေးတောင် ပေးခဲ့သေးသာကော။ ငါ့သမီးနားပါအေ၊ သမီးကြည့်ရသာ ပင်ပန်းလိုက်သာ။ လက်မလဲ ဆေးတွေစွန်းလို့"

မအိမ့်ကံ(12)

မအိမ်ကံ(September) 2008

မအိမ်ကံက ဘယ်လိုမှ မျှော်လင့်ထားသူမဟုတ်။ မအိမ်ကံမှ မဟုတ်ပါ။ လှည်းသုံးစီးစလုံးက လူတွေအားလုံး ထင်မှတ်မထားသူက မြင်းကြီးတစ်စီးနှင့် ရေးကြီးသုတ်ပြာ လိုက်လာတာကို အံ့သြနေခဲ့ကြသည်။ မအိမ်ကံဆိုလျှင် ပါးစပ်ကို လက်ကလေးဖြင့်ပိတ်ကာ "အို" လို့ပင် အော်မိရသည်အထိ ထိတ်ပျာခဲ့ရသည်။ နောက်လှည်းက လူတွေကတော့ စစ်ပုလိပ်တွေပြန်တော့ တစ်ကိုယ်တော် ဓားပြများလား တွေးကြရာက လှည်းတွေကို တောင့်ထားရင်း သတိကြီးစွာ ထားလိုက်ကြရသည်။ တစ်ယောက်တည်းဆိုတော့ ကြောက်ကြပုံတော့မပေါ်။ အံ့သြသွားသလား မအိမ်ကံရဲ့။ ပုလိပ်တွေ အကဲမလှတာနဲ့ မြင်းတစ်စီးငှားပြီး အတွင်းလမ်းက ပုန်းလိုက်လာတာ။ ကူညီစရာရှိတာ ကူညီရအောင်ပါ မအိမ်ကံက ကိုပြေသိမ်းကို ငေးကြည့်နေရှာသည်။ လက်တစ်ဖက်က ဖုန်တွေပေနေသည့် ပ၀ါစကိုခါလျက်၊ လက်တစ်ဖက်က မြင်းဇက်ကြိုးကို ပူးကိုင်ထားရင်း မအိမ်ကံတို့ စီးလာသည့် လှည်းဘေးမှာ မြင်းပေါ်က မဆင်းဘဲ ပြောနေခြင်း ဖြစ်ပါသည်။ မြင်းကမငြိမ်တော့ မြင်းလှည့်ရာလူပါ လှည့်နေရသည်။ မျက်နှာချင်းဆိုင်မိလိုက်၊ ဘေးတိုက်ဖြစ်လိုက်။ ခမျာ စိတ်မချလွန်းလို့ လိုက်လာရှာပါပကော။ မအိမ်ကံ ကျေးဇူးတင်မိပါ၏။ ရင်တွေလည်း ရှိန်းရှိန်းထအောင် ခုန်ရပါ၏။ မအိမ်ကံက လှည်းရံတိုင်ကို ကိုင်ထားရင်း စကား ဘယ်လိုစရမှန်း မသိအောင် ဖြစ်နေခဲ့သည်။ တော်ပါသေးရဲ့ ကျေးဥက စကားဝင်ပြောလို့သာပေါ့။

မအိမ့်ကံ(11)

မအိမ်ကံက နောက်ကို တကြည့်ကြည့်။ ထိုစဉ်မှာပင် မအိမ်ကံတို့ လှည်းနားကို စက်ဘီးတစ်စီး ရောက်လာခဲ့သည်။ လှည်းရံတိုင်ကို လှမ်းကိုင်လိုက်သည့် ကိုပြေသိမ်းကို မအိမ်ကံ တွေ့လိုက်ရသည်။ ၀မ်းသာလိုက်သည့်ဖြစ်ချင်း။ မြို့သားက သည်တစ်ခါတော့ ယောပုဆိုးနှင့် ပင်နီချောထည်ကို သန့်သန့် ကလေးဝတ်ထားပါ၏။ မအိမ်ကံက လှည်းတွေကို အရပ်ခိုင်း လိုက်သည်။


"မနက်က စောစောကလေး ထွက်လာခဲ့ဖို့ပါပဲ မအိမ်ကံ။ အကြောင်းကလေးပေါ်လို့ သွားရပါတယ်။ စိတ်ကတော့ တစ်မနက်လုံး အင်း တစ်ညလုံးဆိုပါတော့လေ ရောက်နေမိပါရဲ့။ မအိမ်ကံအတွက် ရှင်မတောင်သနပ်ခါးတုံးကလေးတွေ လက်ဆောင်ပေးချင်လို့ပါ"


စက်ဘီးကယ်ရီယာပေါ်မှာ ညှပ်တင်လာသော သနပ်ခါး တောင်းကလေးကို ကိုပြေသိမ်းက ဖြုတ်ယူလိုက်သည်။ စက်ဘီးထောက်ကို ထောက်လိုက်ပြီး မအိမ်ကံရှိရာ လှည်းနောက်မြီးဆီ ရောက်လာခဲ့၏။


"ရှင်မတောင်သနပ်ခါးတော့ စစ်ပါရဲ့။ ကျွန်တော် သနပ်ခါးတုံး မရွေးတတ်ပါဘူး။ ကောင်းမကောင်းတော့ ကျွန်တော့် နှမများကံပဲ။ ဟိုနှမလေးအတွက်က နှစ်တုံးပါ။ ရော့ ရော့ ဟောသည် တောင်းကလေးကတော့ မအိမ်ကံအတွက်ပါဗျာ"


မြင်းခြံဝါးခြင်းတောင်းကလေးထဲမှာ သနပ်ခါးတုံးတွေ အပြည့်။ မိန်းကလေးပီပီ မအိမ်ကံ သနပ်ခါးတုံးကလေးတွေကို အမက်သား။ ကိုပြေသိမ်း ကမ်းပေးလိုက်သော ခြင်းတောင်းကလေးကို လှမ်းယူလိုက်ပြီး သနပ်ခါးတစ်တုံး ယူနမ်းလိုက်သည်။ မွှေးလိုက်တဲ့ သနပ်ခါး။ လူပျိုတစ်ယောက်က ပေးသော သနပ်ခါးတုံးကို သူ့ရှေ့မှာပဲ နမ်းကြည့်မိပါပကော။ အပွေးကောင်း၊ အသွေးရင့်၊ အတုံးကျစ်သော သဘာဝ သနပ်ခါးတုံးကလေးတွေ။


"အားနာစရာကြီး ကိုပြေသိမ်းရယ်။ တန်ဖိုးသေးမှာ မဟုတ်ဘူး။ ကျေးဇူးများတင်ပါရဲ့"


"ကျွန်တော့်နှမများအတွက် ဘာလက်ဆောင်ပေးရမလဲ စဉ်းစားနေတာဗျ။ မိတ်ဆွေဆိုင်က သနပ်ခါးပင်ရင်းဆိုင်ဆိုတော့ သည်အတိုင်းဆွဲလာရတာပဲ။ ပိုက်ဆံတောင် မပေးခဲ့ရ သေးပါဘူး"


ကိုပြေသိမ်း အရွှန်းဖောက်လိုက်သော စကားကြောင့် မအိမ်ကံမှာ ရယ်လည်းရယ်ချင်၊ စိတ်မကောင်းလည်း ဖြစ်ရပါ၏။ ကိုပြေသိမ်းကတော့ သနပ်ခါးခြင်းတောင်းကလေး ပေးပြီးကတည်းက လှည်းနောက်မှာရပ်ရင်း မအိမ်ကံကိုပဲ ကြည့်နေတော့သည်။

မအိမ့်ကံ(10)

မအိမ်ကံ (August) 2008

လူရွယ်က မျက်နှာတစ်ချက်ပျက်သွားရာမှ သတိပြန်ဝင်လာသုလို လှုပ်သွားလေသည်။ မျက်နှာက အားနာဟန်ရှိပါ၏။ "သြော် ကိုမြတ်သာရဲ့ နှမပေကိုး စိတ်မကောင်းလိုက်တာဗျာ။ ကိုမြတ်သာ သည်မနက်ပဲ ခရီးထွက်သွားပါတယ်။ မောင်နှမချင်း လွဲရပြီကောဗျာ။ ဆရာကြီးတို့ ရှိကြပါတယ်" လူရွယ်က တံခါးနှစ်ချပ်ကို လှပ်ကာ ဖွင့်ပေးလိုက်ပြီး ကိုယ်ကို ယို့ပေးတော့ မအိမ်ကံလည်း ခြံထဲဝင်လာခဲ့သည်။ လူရွယ်က မအိမ်ကံနောက်က ပါလာမှန်း မအိမ်ကံ သိနေခဲ့သည်။ ဖိုးကူးနှင့် ကျေးဥတို့ကတော့ လှည်းပေါ်ကပဲ အကဲခတ်နေကြပုံဖြင့် မဆင်းပဲရှိနေကြ၏။ မအိမ်ကံကို ဆရာကြီး ဦးဘခင်က ဆီးကြိုသည်။ ဆရာကြီးပင် နည်းနည်းပိန်သွားသည် ထင်ရ၏။ "အလို မောင်မြတ်သာ နှမလေးပါလား။ လာ ထိုင်ပါဦးကွယ့်။ ညည်းအစ်ကိုတော့ ခရီးထွက်သွားပြန်တယ်။ လူငယ်တွေဆိုတော့ တိုင်းရေးပြည်ရေး လုပ်ရမယ်ဆိုရင် စိတ်ကနောက် လူကရှေ့ကကိုး သမီးရဲ့။ မိဘနှစ်ပါးကော ကျန်းခံ့သာကြရဲ့လား"


မအိမ်ကံက ဧည့်ခန်းကွပ်ပျစ်စားပွဲဝိုင်းမှာကျုံ့ကျုံ့ကလေး ၀င်ထိုင်သည်။ မအိမ်ကံ ၀င်ထိုင်တာကို တွေ့မှ ဖိုးကူးနှင့် ကျေးဥက ဆရာကြီးကို ကန်တော့ဖို့ ရွာလက်ဆောင်တွေကို ထမ်းချကြသည်။ ကျေးဥက မအိမ်ကံ ဘေးမှာ ၀င်ထိုင်သော်လည်း ဖိုးကူးက လှည်းရှိရာပြန်သွားကာ ဖိုးတုတ်နှင့်အတူ လှည်းကူချွတ်ရင်း အိမ်ရှေ့သစ်ပင်ရိပ်မှ စောင့်နေလေသည်။ မအိမ်ကံတို့ စားပွဲဝိုင်းမှာ ဆရာကြီးနှင့်အတူ စောစောက တံခါးဖွင့်ပေးသူ လူချောကလည်း ၀င်ထိုင် သည်။


"ကျန်းမာကြပါတယ် ဆရာကြီး။ အဖေကတော့ ခါတိုင်းလောက် မသွက်တော့ဘူး။ အမေကတော့ အဖေအိမ်မှာ နားနေတော့ ၀မ်းသာရှာပါ သယ်"


"အေးပေါ့ကွယ်။ သူကြီးမင်းကလည်း အရွယ်ရပြီ စိတ်ဆောင်နေလို့သာကိုး။ သားစိတ်လည်း ပါပေမပေါ့။ ဆရာကြီးတို့ကလည်း မိရယ် ဘရယ် သွားတွေ့ချေပါဦးကွယ်လို့ မောင်မြတ်သာကို ပြောပါသကွယ်။ နို့ပေမယ့် မောင်မြတ်သာခမျာလည်း စိတ်ရှိတိုင်း လွတ်လွတ်လပ်လပ် သွားခွင့်မသာလေ တော့..."


"နားလည်ပါသယ် ဆရာကြီးရယ်။ မအိမ်ကံတို့ကလည်း မျှော်ကြရတာပဲ ရှိသာပါ။ အစ်ကို့အလုပ်ကို သဘောပေါက်ပါသယ်။ တိုင်းရေးပြည်ရေးမှာ ရေတွင်းခဲ ကျမြုပ်နေသာကိုပဲ ၀မ်းသာရပါသယ်။ တိုင်းပြည်အရေးထက် အရေးကြီးသာ မရှိပါလားရှင်"


ဆရာကြီးက မအိမ်ကံ စကားကို နှစ်ထောင်းအားရ ရှိနေရှာသည်။ နိုင်ငံရေးစိတ် ရှိပါသကောဆိုသည့် မျက်နှာဖြင့် ဘေးမှာထိုင်နေသည့် ကိုလူချော၏ မျက်နှာကို လှမ်းကြည့်ရင်း စိတ်ဓာတ်ကတော့ မာပေ့ကွယ်ဆိုသည့် မျက်နှာဖြင့် ပြုံးပြသည်။

မအိမ့်ကံ(9)

နှင်းခင်က စကားလှမ်းစလိုက်တော့ ကျေးဥ ကိုယ်က လေး ဆတ်နဲပင် တွန့်သွားလေ၏။ နှင်းခင်က အရိုးခံအတိုင်း မေးလိုက်ခြင်းဖြစ်သော်လည်း ကျေးဥက စကားစမရှည်ချင် တော့ လေပျော့ကလေးနှင့် စိတ်မ၀င်စားသည့်ပုံပြုသည်။


"ပြောတတ်ပေါင်ဟာ။ ရွာရပ်က ရွေးကြမှာပေါ့။ သေချာ ပါသယ်အေ ညည်းရောငါရော ကွမ်းတောင်ကိုင်မဖြစ်သာ တော့..."


"အလှူကလည်း ဝေးပါသေးအေ...။ တန်ခူးမှဆိုတော့ ဒါတွေ ဘယ်သူမှ ခေါင်းထဲ ထည့်အားပေါင်။ ကိုင်း ကောင်မတွေ စကားတွေနင်းများမနေကြနဲ့။ လုပ်စရာရှိသာ တွင်အောင် လုပ်ကြစမ်း.."


မလှအုံက ၀င်ငေါက်လိုက်တော့ နှင်းခင် ဇက်ကလေးပု သွားရသည်။ မလှအုံ လောလည်းလောစရာ။ ညဘက်မှာ ဗိုင်းငင်ကြဦးမည်။ အရီးကြာညွှန့်က တောင်ရွာ၊ မြေက်ရွာက လက်ရာကောင်း ဖျင်ထည်ကလေးတွေယူလာပြီး မအိမ်ကံကို နမူနာပြသည်။ မအိမ်ကံက တစ်ထည်ချင်းယူကြည့်ရင်း အဆင်ကောင်း၊ အထည်ကောင်းကလေးတွေကို ရွေးသည်။ အတိုင်ချည်ပင်တွေ မပူးရန် တစ်ပင်ချင်းဖော်၍ ချည်လမ်းရှင်း ခြင်း၊ ခွဲခြင်းကို စည်းဖော်သည်ခေါ်ကြ၏။ ကမ်းကတော့

မအိမ့်ကံ(8)

မအိမ်ကံ (july)

ရုတ်တရက် ကောက်ကာငင်ကာ ထဆိုလိုက်သော သီချင်းသံကြောင့် မအိမ်ကံခမျာ ကြားချင်သည့်စကား မကြားလိုက်ရတော့ပါ။ မအိမ်ကံနှင့် မနီးမဝေးမှာ ရွာ့ကွမ်းတောင်ကိုင် လျာထားသည့်အကြောင်း ပြောဆိုနေကြတာကို အသက်အောင့် နားထောင်နေမိသည်။ ရွာသူတစ်ယောက်က သူ့သဘောထားကို ပြောရန် စကားဟလိုက်စဉ်မှာ သီချင်းသံ ထွက်လာခြင်း ဖြစ်၏။ မအိမ်ကံ လှမ်းကြည့်လိုက်တော့ အပျိုကြီး မသောင်းလှ ဖြစ်နေသည်။ မသောင်းလှက သီချင်းတွေ ပြောက်တိပြောက်ထိုး ဆိုတတ်သော်လည်း ဘယ်သီချင်းမှ အစအဆုံးမရ။ သို့သော် ဇာတ်ထုပ်ဇာတ်လမ်းတော့ အခင်းကောင်း။ သည်လို အုပ်နှင့် သင်းနှင့် လုပ်ရသော အလုပ်တွေမှာ မသောင်းလှကို တကူးတကပင် ခေါ်ရသည်။ ကြားချင်တာ မကြားလိုက်ရတော့ မအိမ်ကံ သက်ပြင်းကလေးသာ ရှိုက်လိုက်ရတော့သည်။


"သောင်းလှရယ် အမေက ရစ်ရိုးနဲ့ ရိုက်တာ ကျောသိသိ ကြေသယ်ဆိုတော့ အပြစ်က ကြီးလှပါကောဟဲ့..."

"ကြီးဆို ရည်းစားထားသယ့်အမှုကိုး ၀ိုင်းစိန်မရဲ့။ ရည်းစားထားသာ အမေသိသွားတော့ လာစမ်းဟဲ့ဆိုပြီး ရစ်ရိုးနဲ့ ရိုက်သာ ကျောလုံးပုပ်ကရော..."


မသောင်းလှနှင့် မသောင်းစိန်တို့ ရိုးရိုးသားသားပြောနေကြတာမှ ဟုတ်ရဲ့လား။ မအိမ်ကံ ထိတ်ခနဲပင်ဖြစ်သွားရပါ၏။ မအိမ်ကံနှင့် သာအောင်တို့ တဲပျက်ထဲ တွေ့ခဲ့ကြတာကိုများ သိကြရော့လား။ သူတို့နှစ်ယောက်ကိုများ သမီးရည်းစားထင် ကြရော့လား။ ရည်းစားထားလို့ အမေက ကျောစိစိကြေအောင် ရိုက်သတဲ့။ သီချင်းကထူးတော့ထူးဆန်းသား။ ပျိုတို့မောင်လာကာမှ ဒဏ်ရာကိုလှန်ကာပြလို့ရယ် ငိုပါ့မယ်လေး...ဆိုတာက ကော။ အမေရိုက်သည့်ကျောဒဏ်ရာကို ချစ်သူကိုလှန်ပြရရင် ရှက်စရာကြီး။


"တစ်ချို့ကချောသနှင့်... တို့တောနယ်ရွာစဉ်မတော့ မြို့ကျောဘွယ်တန်ဆာဆင်ကြပုံက... အပြာတွင်ဖဲရောင် ခရမ်း ရယ်နှင့်...ပ၀ါယဉ်ဖဲစောင်မှဆန်းတယ်လို့... ထာဝစဉ်ပွဲ ဆောင်ကိုမြန်းကြတယ်... ကဲ ပြောင်ခန်းဖော်တယ်နော်ကွယ်... အလိုရှင်... လှည်းဆောင်ပန်းပေါ်..."

မအိမ့်ကံ(6)

မအိမ်ကံ (june) 2008

သည်တစ်ဒင်္ဂအတွင်း မအိမ်ကံ၏ခံစားမှုမှာ နွေးအိသော အထိအတွေ့အာရုံကို သိလိုက်ခြင်းဖြစ်ပါသည်။ သူမတစ်ကိုယ်လုံးလေထုထဲ မြောက်တတ်သွားရာက လေဟာနယ်ထဲမှာ အသည်းတအေးအေး ပြုတ်ကျသွားသလို ခံစားနေရပြီး ရင်တွေကလည်း တလှပ်လှပ် ခုန်လာခဲ့ခြင်းဖြစ်၏။ မိန်းကလေး ဗီဇသဘာဝ ရင်ကို လက်နှစ်ဖက်ယှက်လိုက်ရင်း ကာထားလိုက်မိတာကိုလည်း မျက်တစ်ခတ်အတွင်းမှာ သိလိုက်ပါ၏။ မအိမ်ကံ သတိမထားမိ လိုက်သည့်အရာမှာ တဲပျက်တံခါးဝမှာ ရှိနေသော ဒဂကျော် (တံခါးကျော်)မြေတစ်ဝက်မြုပ် ၀ါးလုံး ဖြစ်သည်။ မြေစိုင်ခဲမဟုတ်။ အရင်က သည်တဲကလေးကို သေသေသပ်သပ် ဆောက်ထားခဲ့ပုံ ပေါ်ပါသည်။ အဆင်းစောင့်တဲတွေလို အမိုးမိုး အကာလေး ဖက်ချထားတာမျိုးမဟုတ်။ ကဲလားထောက် ပြတင်းတွေပါ ပါအောင်ဆောက်ထားသည့် လူနေတဲကြီးတစ်တဲ ဖြစ်ခဲ့ဟန် တူပါ၏။

မအိမ်ကံ ဟန်ချက်အပျက်မှာ သာအောင်က လက်တစ်ဖက်ဖြင့် ထိန်းလိုက်သဖြင့် ကျေးဇူးတင်လိုက်မိသော်လည်း မခံချင်စိတ်ကလေးကလည်း ဖျင်းခနဲ ပါလာခဲ့သေးသည်။ သို့သော် မအိမ်ကံက စိတ်ကိုချက်ချင်းလိုလို ထိန်းလိုက်နိုင်၏။ သာအောင်သာ လှမ်းမဖက်လိုက်လျှင် ရှေ့ကိုဟပ်ထိုးလဲဖို့သာ ရှိတော့သည်။ မအိမ်ကံ ရင်ခုန်တာ မပျောက်ချင်သေး။ ရင်ထဲမှာ မောတောဆို့တို့ ကတုန်ကယင်ကြီး ဖြစ်နေသည်။

မအိမ့်ကံ(7)

ရွယ်တူ သူငယ်ချင်းမတစ်ယောက်က မအိမ်ကံကိုကြည့်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။ မအိမ်ကံကတော့ ပြုံးရုံသာ။ တစ်ရွာလုံးက မိန်းမသားတွေချည်း စုရာဝါခင်းထဲကို မအိမ်ကံ တမင်လိုက်လာခြင်း ဖြစ်သည်။ ကျောပူခေါင်းပူ ပင်ပန်းတကြီး ရှိကြသော်လည်း တဟေးဟေး တဟားဟားဖြင့် အော်ကြ၊ ဟစ်ကြ၊ စကြ၊ ပြောင်ကြတာကို မအိမ်ကံ ပျော်သည်။

“၀ါဖတ်လေး ဖြူဖြူစင်စင် ရွှေလက်ကောက်နဲ့ငင်

မြနဘန်ဒီ ရှင်ဘန်ဒီ... ဇော်ဂျီဝင်တဲ့ နတ်ကယ်လေး

(တိမ်းပေတော့ ယိမ်းပေတော့)

တောင်ခြေရင်း ၀ါခင်းစောင့်တဲ့ ဖိုးအောင်ကျော်

မိုးခေါ်လို့ပေး ခေါ်လို့ပေး (မိုးထိုး...မိုးထိုး)”
 
Copyright© ညအလင်္ကာ