ယခင်လမှ အဆက်....
၃၀။
မီးတောင်ကြီး ပေါက်သကဲ့သို့ တဟူးဟူး လောင်မြိုက်နေသော မီးလျှံကြီးကပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ လောင်စာ မကုန်မချင်း သစ်တိုသစ်စ သစ်ချောင်း တစ်ချောင်း မကျန်အောင်လောင်နေသော မီးအရှိန်ကြောင့် မည်သူမျှ အနီးကို မကပ်နိုင်။ မီးခိုးများက တစ္ဆေသရဲ၏ ၀တ်ရုံမည်းကြီး ပမာ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းအုပ်ရန် အလိပ်လိပ် တက်လျက်ရှိသည်။ မီးတောက် မီးလျှံတွေကလည်းမကောင်းဆိုးဝါး တစ်ကောင်၏ အစွယ်များသဖွယ်ပင်။ ဇောင်ချမ်းကုန်း တစ်ရွာလုံးရှိ ရွာသူရွာသားများ သာမက အနယ်နယ် အရွာရွာက စုရုံးရောက်ရှိလာကြသော ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ပွဲကြီးသည်ပင် ငြိမ်သက်သွားခဲ့ပါ၏။ မီးလောင်ရာသို့ အားလုံးလိုလို ရောက်လာကြသဖြင့် ဇောင်ချမ်းကုန်းရွာ လမ်းသည်ပင် ပြည့်သွားခဲ့သည်။ ပွဲကြည့် လှည်းတွေက နွားမလန့် ပွဲမပြိုအောင် ကွင်းထဲမှာ စောင့်နေကြ၍သာ တော်တော့သည်။
မအိမ်ကံ ကတော့ မျက်ရည် တွေတွေကျရင်း ကြောင်တောင်ကြီး ရပ်လျက်ရှိ၏။ ဘယ်သူကမှ ဘယ်သူ့ကို မဖေးမနိုင်ကြဘဲ မြင်ကွင်းကိုသာ ၀မ်းနည်း ကြေကွဲစွာ ကြည့်နေကြရတော့သည်။ လူအားနှင့် ၀ိုင်းဝန်း ငြှိမ်းသတ်ဖို့ပင် အချိန်မရတော့။ သံချောင်း မွှေသံကြီး ဆက်တိုက် ကြားရပြီးသည်နှင့် လူပေါင်းများစွာတို့ ဇောင်ချမ်းကုန်း ရွာဘက်ကို အပြေး လာခဲ့ကြပါ၏။ ဓားပြသူခိုး၊ အနုကြမ်း လူရမ်းကားတို့သာဆိုလျှင် လူအုပ်ကြီးကို မြင်ရုံနှင့် မူးမေ့ သွားကြလိမ့်မည်။ အခုက လက်သည်ကို ကောင်းကောင်း မသိလိုက်ကြရဘဲ ထလောင်လိုက်သော မီးဖြစ်၏။ ဘယ်သူက ဘယ်အငြိုးနှင့် မီးတုတ်တင် ရှို့ခဲ့သည် မပြောနိုင်သေးသော်လည်း ဇောင်ချမ်းကုန်း ရွာကျောင်းသည် နာရီပိုင်း အတွင်း ပြာပုံ ဘ၀ ရောက်ရတော့မည်။
“ရပ်ရွာလူကြီးတွေမှ အပ လူတွေ အားလုံး ပွဲခင်းကို ပြန်ကြပါ၊ ပြန်ကြပါ။ ဇာတ်ပွဲ ဆက်မှာပါ။ ဒါခင်ဗျား တို့အလုပ် မဟုတ်ပါဘူး။ လူကြီးတွေ အလုပ်ပါ။ ပြန်ကြပါ၊ ပြန်ကြပါ။ အေးအေးဆေးဆေး ပွဲဆက်ကြည့်ကြပါ”
အသံအောင်လှသော အသံကြီး တစ်သံက လူပေါင်း မြောက်မြားစွာတို့၏ အသံ ပေါင်းများစွာကို ကျော်ကာ စူးစူး ၀ါးဝါး ထွက်ပေါ်လျက်ရှိ၏။ လူတွေက မပြန်ကြပါ။ တ၀ုန်းဝုန်း ပြိုကျနေသော မီးလောင် သစ်ချောင်းတွေကို ယိမ်းပွဲ ကြည့်သလို ကြည့်နေကြဆဲ ဖြစ်၏။ တပေါင်းလ၏ လေက တဟူးဟူး တိုက်လျက်ရှိရာ အိမ်တွေဘက်ကို မီးမကူးရန် အရေးကြီးသည်။ သို့သော် ချက်ချင်းကြီး မကူးနိုင်။ ရွာနှင့်ကျောင်းက လှမ်းတာ တစ်ကြောင်း၊ ကြားမှာ မီးတားကွက်လို ကွင်းကြီး ခြားသဖြင့်လည်းကောင်း စိုးရိမ်စရာတော့ သိပ်မရှိ။ သာအောင်နှင့် ၀ါးချွန်ကိုင်၊ ဒူးလေးကိုင်၊ လူလေးငါးဆယ်က လူတွေ ရှေ့ရောက်လာကြကာ ပွဲခင်းသို့ ပြန်ကြရန် အတင်းတွန်းထုတ် နေကြရသည်။ လက်နက်များ ကိုင်ဆောင်ထားကြသည့် အပြင် လူဖြန့်ကာ အတင်းအဓမ္မ လူစု ခွဲခိုင်းနေသဖြင့် တဖြည်းဖြည်း ဆုတ်သွားကြသော်လည်း လူအုပ်ကြီးက မလျော့နိုင်ဘဲ ရှိသည်။
“သာအောင်၊ ဘယ်သူ့လက်ချက်တုံးကွ။ မိုက်ရင် ရွာကို စမ်းလိုက်ပါလားကွာ။ စာသင်ကျောင်းကို မီးရှို့တာ သူရဲဘောကြောင်လှသကွာ။ အသက်ချင်း လဲလိုက်စမ်းမယ်”
“ကိုမှတ်ကြီး၊ ကျုပ်တို့ ကိစ္စ ကျုပ်တို့ ရှင်းမယ်။ ခင်ဗျား တို့ရွာက လူတွေ ခင်ဗျားတို့သာ နိုင်အောင်ထိန်း။ ပွဲမပျက်ဘူးနော်။ လှည်းတွေ မပြန်စေနဲ့။ ကျုပ်တို့ ဆရာတော်ကြီး ဈပန အပျက်မခံဘူး။ သွားတော့။ ခင်ဗျားပွဲ သွားထိန်း”
အော်ဟစ် ဆူညံနေကြသော လူအုပ်ကြီး၏ တစာစာ အော်သံတွေကြားက သာအောင့် အသံ စူးထွက်နေတာကိုလည်း မအိမ်ကံ ကြားနေရသည်။ တခြားရွာတွေက လာတက်ကြရသည့် ကလေးတွေရှိကြတော့ ကျောင်းကြီး မီးလောင်တာကို အကုန်လုံးက တောက်တခေါက်ခေါက် ရှိကြသည်။ ငိုယိုသူတွေက ငိုယိုနေကြသည်။ အော်သူတွေက အော်နေကြသည်။ ဒေါသတွေ ဆူဆူ ကြိုင်ကြိုင် လောင်မြိုက်နေကြတာကပင် ကျောင်းကို လောင်သည့် မီးထက် အဟုန်ပြင်းလှပါ၏။ ကိုပြေသိမ်း ဘယ်ရောက်နေသလဲ။ မအိမ်ကံ ကိုပြေသိမ်းကို စိတ်ရောက်မှ ဆတ်ခနဲ လှုပ်လာခဲ့သည်။ သမီးနှစ်ယောက်ကတော့ အိမ်မှာ။ မီးတဲ့ မီးတဲ့ဆိုမှ မအိမ်ကံ သည်ဘက်ကို ပြေးလာခဲ့ခြင်း ဖြစ်သည်။ ဖိနပ်ပင် မပါခဲ့။ ဆူးလေဆူးတွေက မအိမ်ကံ ဖ၀ါးမှာ သီးနေသော်လည်း မအိမ်ကံ ဆူးကို မထွင်နိုင်။ လူတွေကြား တိုးရင်း သာအောင်တို့ ဘက်ကို မအိမ်ကံ ရောက်လာခဲ့သည်။ သာအောင်တို့တစ်တွေက ရင်ပေါင်တန်းကြရင်း လူတွေကို ရင်ဘတ်ကတွန်းရင်း ပြန်ကြပါ...ပြန်ကြပါ အော်နေကြ၏။
“သာအောင်၊ ဆရာကော...ကိုပြေသိမ်းတွေ့လား”
“မတွေ့ဘူး မအိမ်ကံ။ သည်ကိုတော့ မရောက်သေးဘူး”
လူတွေက မအိမ်ကံကိုတွေ့တော့ ပိုပြီး စိတ်ဝင်စားကြ ပြန်သည်။ စာသင်ကျောင်း အလှူရှင်၊ စာသင်ကျောင်း အစ်မ မဟုတ်လား။ မအိမ်ကံကတော့ မျက်ရည်တွေကို လက်ဖမိုးနှင့် သုတ်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ ရှိနေပါ၏။ လူကြားထဲက ပြန်တိုးလာခဲ့ကာ အိမ်ဘက်ကို လျှောက်လာတော့မှ ခြေဖ၀ါးတွေ ကျိန်းစပ် နာကျင်နေတာ သတိထားမိတော့သည်။ ဆူးလေ ဆူးတွေကိုမထွင်ဘဲ မအိမ်ကံ ဆက်လျှောက်လာခဲ့ရာက သမင်လည်ပြန် လှည့်ကြည့်လိုက်သည်။ မီးညွန့်ကျိုးပြီ ဖြစ်သော်လည်း မီးတောက်တွေ မသိမ်းသေး။ တစ်ခါက ကျောင်းသားလူငယ်များဖြင့် ဝေစည်ခဲ့သော မအိမ်ကံ၏ ကျောင်း။ ကျောင်းဆရာ ကိုပြေသိမ်း၏ ရွာကျောင်း။ ခေါင်းလောင်းသံ၊ စာအံသံ၊ ပြေးလွှား ပျော်မြူးကြသံများနှင့် ပွင့်လန်းခဲ့သော ဇောင်ချမ်းကုန်း စာသင်ကျောင်း။ ခုတော့ ပြာ၊ မီးခိုးနှင့် မီးလျှံတွေကြားမှာ အော်ဟစ် ညည်းညူနေသလို တဖြောင်းဖြောင်း ကျိုးကြေနေပါပကော။ ဆို့တက်လာသော ခံစားမှုကို မအိမ်ကံ တင်းမခံနိုင်တော့ဘဲ အသံထွက်အောင်ပင် ရှိုက်ငိုမိခဲ့လေသည်။ သိမ့်သိမ့် ခါအောင် ငိုမိခဲ့ရပါ၏။
စာသင်ကျောင်းကလေးမှာ ဘာအပြစ် ရှိလို့လဲ။ ဘာအငြိုးနဲ့ လုပ်ကြတာလဲ။ ဇောင်ချမ်းကုန်းရွာကို မုန်းတာလား။ ကိုပြေသိမ်းကို မုန်းတာလား။ မအိမ်ကံကို မုန်းတာလား။ ကျောင်းပညာ သင်ယူနေကြတဲ့ ရွာကလေးတွေကိုပဲ မနာလို မရှုဆိတ် ဖြစ်ကြတာလား။ မအိမ်ကံမှာ အမေးသာ ရှိ၍ အဖြေမရှိ။ အဖြေ မရနိုင်တော့ လည်း မျက်ရည်တွေသာ တသွင်သွင် ကျခဲ့ရသည်။ ရွာကင်းတွေကတော့ သံချောင်းမွှေ ခဲ့ကြသည်။ ဘုန်းကြီးပျံပွဲမှာ မဲနေကြတော့ ရွာစွန်က ပိုက်ဆံရှိ အိမ်တွေကို သူခိုး၊ ဓားပြ ၀င်တာနေမှာလို့ သံချောင်းမွှေသံကြားကြားချင်း ထင်မိခဲ့သည်။ ဘုန်းကြီးပျံပွဲကြီး ၀က်ဝက်ကွဲစည်သည့် ရက်မှာမှ သင်းတို့လာဝံ့၊ လုပ်ဝံ့ရဲကြသေးသည်။ ရွာပေါင်းစုံက လူပေါင်းများစွာ အုန်းအုန်းကျွက်ကျွက် ရှိနေကြချိန်မှာမှ သင်းတို့ ၀င်ဝံ့ရဲကြ သကောလို့ပင် မအိမ်ကံ တွေးမိခဲ့သည်။ ကျောင်းကို မီးတင် ရှို့မည် လုံးဝ ထင်ခဲ့။ နောက်မှ မီးတောက်ကြီး ရှိန်းခနဲ ဟုန်းခနဲ တောက်လောင်လာတော့မှ “မီးဗျို့ မီးမီး”ဆိုသည့် အော်သံကြီးတွေ ကြားခဲ့ရသည်။
“ဘုန်းကြီးပျံက ကောက်ရိုးဒုံးရုပ်ကြီးတွေ မီးရှို့ကြသာ ထင်ပါရဲ့အေ။ လေက ပြင်းတော့ မီးစိုးရိမ်ရသယ်”
မလှအုံက ခပ်အေးအေးပင် ပြောနေခဲ့သေးသည်။ မလှအုံက လူတွေလှည်းတွေ ငြိမ်မှ ပွဲခင်းကို ကူးဖို့ ပြင်ထားသဖြင့် မီးလောင်စဉ်က အိမ်မှာ ရှိနေခဲ့ပါ၏။ ကျောင်းမီးလောင်လို့ ဆိုသည့် အသံကြားတော့မှ မလှအုံက အိမ်အပေါ်ထပ်က ကလေးနှစ်ယောက်ဆီ တက်ပြေးသည်။ မအိမ်ကံက ကျောင်းဘက်ကို ပြေးလာခဲ့ခြင်း ဖြစ်၏။
မအိမ်ကံ အိမ်ဝကိုရောက်တော့ လူအုပ်ကြီးတစ်အုပ် ၀ိုင်းတိုက်ထဲက ထွက်လာသည်။ ရှေ့ဆုံးမှာ ကိုပြေသိမ်း။ လူတွေက ကိုပြေသိမ်းနောက်မှာ ဓားတွေ လှံတွေ ကိုယ်စီကိုင်ရင်း ရပ်နေကြသည်။ မအိမ်ကံက ကိုပြေသိမ်းကို တွေ့လိုက်မှ အရုပ်ကြိုးပြတ် လဲကျသွားတော့သည်။ ကိုပြေသိမ်းက အလိုက် သင့်ပွေ့လိုက်သဖြင့်သာ လဲကျမသွားခြင်းဖြစ်သည်။
“အိမ်ကလေး သတိထားမှပေါ့။ တစ်ကျောင်းပြိုတော့ နှစ်ကျောင်းဆောက်ရုံပေါ့ကွယ်။ သွား...သွား အိမ်ထဲမှာ နားချေ။ ကျေးဥလာစမ်း။ လာတွဲခေါ်သွားစမ်း”
ထိုစဉ်မှာပင် အမေ ပန်းရုံနှင့် ကျေးဥရောက်လာခဲ့ကြပါ၏။ ကျေးဥက မအိမ်ကံကိုတွဲကာ အိမ်မကြီးဘက် ခေါ်သွားခဲ့သည်။
“မောင်ပြေသိမ်း မင်းဘယ်လဲ၊ မင်းမထွက်နဲ့။ ကျောင်းကို မီးရှို့တာ မင်းကို မကျေနပ်လို့ဆိုသာ အမေသိသယ်။ ငါ့သား မထွက်ပါနဲ့တော့”
အမေပန်းရုံ အသံက ဆို့ဆို့ကြီး နင့်လှသည်။ ကိုပြေသိမ်း က အမေ ပန်းရုံကို ဖျောင်းဖျသည်။ အိမ်ထဲဝင်ဖို့ ပြောသည်။
“ကျွန်တော် ပွဲခင်းဘက်ကို သွားမှဖြစ်မှာပေါ့။ ပွဲပြိုရင် ပိုဆိုးတော့မယ် အမေ။ လှည်းတွေ၊ နွားတွေက အစီးထောင် ချီရှိနေတာ။ အခုတောင် ဘာတွေဖြစ်ကုန်မယ် မပြောနိုင်သေးဘူး။ ကျွန်တော် အိမ်စိတ်မချလို့ ပြန်လာတာ။ မကြာပါဘူး။ ကျွန်တော် ပြန်လာမှာပါ”
ကိုပြေသိမ်းနောက် ရွာကင်းအဖွဲ့က ကိုပြေသိမ်းကို ၀ိုင်းရံလျက် ရှိကြသည်။ ကိုယ့်ရွာကျောင်း မီးရှို့ခံရတာကို ရှက်ခြင်း၊ ယူကျုံးမရဖြစ်ခြင်း၊ နှမြောတသခြင်း၊ ခံပြင်းခြင်း မျက်နှာများဖြင့် သုန်မှုန်နေကြလေသည်။ ကင်းသမားထဲက စံကောင်းက လူကောင် လူလုံးသန်လှသူဖြစ်၍ ဒေါ်ပန်းရုံတို့နှင့် အမျိုးမကင်းသူ ဖြစ်သည်။ မျက်နှာကြီး ရဲလျက် တဆတ်ဆတ် တုန်နေသည်။
“စိတ်ချစမ်းပါ ဒွေးလေးရာ။ ကျုပ်တို့ တစ်ချက်သတိ လွတ်သွားလို့သာပါ။ ဇောင်ချမ်းကုန်းသား သွေးနီမှန်း သိလို့ မိန်းမလို မိန်းမရ လုပ်သွားတာပါ။ တစ်နေ့ ပေါ်လာရမှာပေါ့ ဗျာ။ အကုသိုလ် ဘယ်နေလိမ့်မလဲ”
“စံကောင်း ရန်ကို ရန်ချင်း မတုံ့နှင်းနဲ့တော့။ ပြီးပြီးသား ပြီးကြပါစေတော့။ ကိုင်း...ကိုင်း...သွား...ညဉ့်မနက်ကြ နဲ့”
ကိုပြေသိမ်းတို့ ထွက်သွားချိန်မှာတော့ မအိမ်ကံ အိပ်ရာ ပေါ်လဲလျက်ရှိ၏။ ကျေးဥက ပြုစုပေးနေသည်။ ကိုပြေသိမ်းတို့ ဆွေမျိုးသားချင်းတွေလည်း ပွဲခင်းထဲက ပြန်ရောက်လာကြပြီ ဖြစ်၍ အိမ်အောက်ထပ်မှာ တချို့၊ အိမ်ပေါ်မှာ တချို့ ရှိနေကြသည်။ မအိမ်ကံ နားထဲမှာ ပြေးလွှားနေသလို တဒီးဒီး အသံတွေ ကြားနေရသည်။ စိတ်ထဲမှာ မီးတောက် မီးလျှံတွေ တဟုန်းဟုန်း တောက်လောင်နေကြ၏။ မီးတောက်တွေထဲက အော်သံတွေ ကြားရသလိုလို။ မီးစွဲ သစ်သားချောင်းတွေ၊ ဆင့်တန်း ရက်မတန်းတွေ ပြုတ်ပြုတ်ကျနေကြသည်။ သက်ကယ် မိုးတွေ မီးလောင်နေကြတာကလည်း တရှိန်းရှိန်း မြည်ဟည်း နေသည်။ သံချောင်းမွှေသံတွေ၊ တစ်ကင်းက တစ်ကင်း၊ ကူးကာ...ကူးကာ။ အာရုံထဲမှာ ကမ္ဘာပျက်နေသလိုလို တစီစီ ပွက်လျက်ရှိ၏။
“မအိမ်ကံ”
“ဗုဒ္ဓမင်္ဂလံ၊ ဘုရားရှင်၏ မင်္ဂလာကျက်သရေတော်ကို အာဂမ္မ၊ အကြောင်းပြု၍၊ သဗ္ဗအန္တရာယာ၊ မကောင်းသော အန္တရာယ် အလုံးစုံတို့သည်၊ ၀ိနဿန္တု၊ ကင်းစင်လွင့်ပျောက်ပါစေ ဘုရား။ မကောင်းသော အတိတ်၊ မကောင်းသော နိမိတ်၊ မကောင်းသော ဘေးဥပဒ်၊ မကောင်းသော ဂြိုဟ်စီးဒသာ ကြမ္မာတို့ ကင်းလွတ်ပါစေ ဘုရား”
“မအိမ်ကံ...မအိမ်ကံ”
မီးတွေက တစ်ရွာလုံးကို ကူးစက် လောင်ကျွမ်းနေသည်။ မီးပင်လယ်ကြီးလို တပြင်တပြန့်ကြီး လောင်နေခြင်း ဖြစ်၍ ရွာသူရွာသားတွေက ဆောက်တည်ရာ မရကြဘဲ မီးဘေးလွတ်ရာ ပြေးနေကြလေ၏။ မအိမ်ကံလည်း သမီး နှစ်ယောက်ကို လက်ဆွဲရင်း ပြေးနေရသည်။ ဇောင်ချမ်းကုန်း၊ ဇောင်ချမ်းကုန်း။ အော်သံတွေက ငရဲပွက်နေကြပါ၏။ မအိမ်ကံ အာရုံထဲမှာ ရှုပ်ထွေးနေသည်။
“မအိမ်ကံ...မအိမ်ကံ”
လူပေါင်းများစွာက ခေါ်နေတာကို ကြားသော်လည်း မအိမ်ကံ ပြေးနေရဆဲ ဖြစ်ပါ၏။ ထိုစဉ်မှာပင် အေးမြသော ရေတွေ မျက်နှာကို လာစင်သလို ခံစားလိုက်ရသည်။ မီးတောက်မီးလျှံတွေပါ ငြိမ်းကုန်ကြသလို အသံတွေလည်း တိတ်ဆိတ်သွားပါ၏။ ပရိတ်တော်ရေ၊ ပရိတ်တော်ရေ ဆိုသည့် အသံကို အဝေးကြီးက ပြောနေသလို ကြားနေရသည်။
မအိမ်ကံ မျက်လုံးတွေ ပွင့်လာခဲ့သည်။ ရင်ထဲမှာ အသည်းတွေ အူတွေ တလှပ်လှပ် ခုန်နေကြပါ၏။ အမေ ပန်းရုံနှင့် မလှအုံက ပရိတ်တော်ရေဖြင့် ခေါင်းကို သပ်နေကြသည်။ မျက်နှာသစ် ပေးနေကြသည်။ အေးမြလိုက်သည့် ပရိတ်တော်ရေ။
“အမေ”
“သမီး”
မျက်နှာပေါင်းများစွာ ငုံ့ကြည့်နေကြတာကို မအိမ်ကံ မြင်နေရပါ၏။ အမေ ပန်းရုံ၏ မျက်ရည်ပေါက်တွေ မအိမ်ကံ ပါးပေါ် တပေါက်ပေါက် ကျနေလေသည်။ မအိမ်ကံ၏ စီးကျလာသော မျက်ရည်တွေကတော့ ခေါင်းအုံးပေါ် တသွင်သွင်။ ဘေးမှာ လာရပ်ကြသမျှသော ဆွေမျိုးတွေ အားလုံးမှာလည်း မျက်ရည်တွေ အလူးလူး ရှိကြပါ၏။ ပွဲခင်းဆီက ဆိုင်းသံတွေ ဝေ့ခနဲ ကြားနေရသည်။ ပွဲကို ထိန်းလိုက်နိုင်ပုံရသည်။ ဒါကိုတော့ မအိမ်ကံ ၀မ်းသာသွားသည်။ သတိကောင်းကောင်းရပြီ ဖြစ်သော်လည်း နှလုံး ခုန်တာတွေ ငြိမ်သွားအောင် မျက်လုံး မှေးရင်း ငြိမ်နေလိုက်သည်။ မလှအုံ၏ အန္တရာယ်ကင်း ပရိတ်ရွတ်သံ ဝေး၍ ဝေး၍ သွားပြန် လေသည်။
မအိမ်ကံတို့ ၀ိုင်းတိုက်ထဲမှာ လူလေးငါးခြောက်ဆယ်လောက် ရှိနေကြသည်။ အိမ်ရှေ့ကွက်လပ်တွင် ဖျာကြမ်းတွေ ခင်းထားသော်လည်း လူများသည့် အတွက် တချို့က ဖုန်ထဲမှာပဲ ထိုင်ကြသည်။ စိတ်ဝင်စားကြသော ရွာသူရွာသား တချို့နှင့် ရွာလူကြီးသူမ နှစ်ယောက် သုံးယောက်ပါ ရှိနေကြပါ ၏။ ရွာခေါင်းဆောင် သာအောင်နှင့် ကင်းမှူး စံကောင်းတို့က ကိုပြေသိမ်းနှင့် အတူ ထိုင်လျက်ရှိကြသည်။ ဘုန်းကြီးပျံပွဲကြီး ပြီးသွားတာ တစ်ပတ်ကျော်ခဲ့လေပြီ။ ဆိုင်ရာ ငှားရမ်း ထားရသော ပစ္စည်းတွေ ပြန်တိုက်ပို့ရသည့် အတွက် ရွာလှည်းတိုင်း ကုသိုလ်ပါခဲ့ကြရသည်။ တည်းကျောင်း မဏ္ဍပ်များ အတွက် ငှားရမ်းထားသော တိုင်များ၊ ၀ါးများ၊ ထန်းလက် များက အစ များလှစွာသော ပစ္စည်းတွေ ဆိုင်ရာ ဆိုင်ရာ ရွာတွေကို ရောက်အောင် ပို့ကြရသည်။ ရွာလည်း ပန်းကြလှပြီ။ ငွေကြေး အလှူဒါနပြု သည့်အထဲ ထည့်ဝင်ကြရ သကဲ့သို့ လုပ်အား ဒါနတွေလည်း ပေးခဲ့ကြရပါ၏။
ရွာ့ကိစ္စ မဆွေးနွေးရသေးတော့ အားလုံးအားလောက်သည့် ညနေပိုင်းတစ်ပိုင်းမှာ သာအောင်က လူစုပေးခဲ့သည်။ ကျောင်းမီးလောင်သည့် ညက ကင်းတာဝန်ကျကြ သူတွေပါ ဆင့်ခေါ်ထားကြသဖြင့် ရွာက အဖြစ်မှန်ကို သိချင်နေကြ သူများပီပီ တဖွဲဖွဲ ရောက်လာကြသည်။ ရွာကင်းက ကင်းမကြီး လေးကင်းရှိသော်လည်း ကြားကင်းတွေလည်း ဖြိုးဖြိုးဖြောက်ဖြောက် ဆောက်ထားတာ ရှိသည်။ တောင်ကင်းက ကင်းမွှေလျှင် မြောက်ကင်းက ကြားနိုင်ဖို့ မလွယ်သဖြင့် ကြားကင်း ထားရခြင်း ဖြစ်၏။ ကြားကင်းသမားတွေလည်း ပါကြရသည်။ ထိုညက ပထမဆုံး သံချောင်း မွှေခဲ့သူမှာ ဖိုးညောင်းဖြစ်သည်။ ဖိုးညောင်း အသံကို ၀ိုင်းတိုက်ထဲမှာ အကျယ်ကြီး ကြားနေရသည်။ မအိမ်ကံတို့ အမျိုးသမီး တစ်သိုက်က အိမ်ပေါ် ၀ရန်တာမှာ ထိုင်နေကြသော်လည်း ကြားနေရပါ၏။
“အဲသည့်ညနေက ကျုပ်နဲ့ အတူကျသာက ငပြောင်းရယ်။ ငပြောင်းက ပွဲတော်ကွင်း အကြော် သွားဝယ်မယ်ဆိုတော့ ကျုပ်က လွှတ်လိုက်သယ်။ ကင်းစင်အောက်မှာ ရေနွေး အိုးကလည်း တည်ထားတော့ ကျုပ်လည်း မီးဆင်းထိုးပါ သေးသယ်။ အကြော်လာရင် ထမင်းစားမယ်ပေါ့ဗျာ။ ကင်းစင်ပေါ် ပြန်တက်တော့ ရွာဘက်ကို ၀င်မယ့် လမ်းမှာ ဖုန်ထ သာတော့ တွေ့သား။ ပွဲရက်ဗျာ။ ရွာပေါင်းစုံက ဥဒဟို ၀င်ထွက်နေကြသာ ကျုပ်ကလည်း သည်လိုဖြစ်လိမ့်မယ် ခေါင်းထဲကို မရှိသာဗျာ။ ရွာတံခါးကြီးကလည်း ပွဲရက် ဆိုတော့ တောက်လျှောက် ဖွင့်ထားရသာ မှုတ်လား။ ကင်းတံခါးကလည်း ဒလဟောပေါ့ဗျာ။ ခဏနေတော့ အဝေးက ဖုန်လုံးထသာတွေ့တော့ တွေ့သား။ ကျုပ်က အဝေး လှည်းတွေပဲ ထင်သာ။ ဒါနဲ့ အကြော်သွားဝယ်သဲ့ ငပြောင်း လှမ်းမျှော်နေတုန်း ၀ါးဆယ်ပြန်လောက်မှာ မြင်းနှစ်ကောင်၊ လူသုံးယောက် လှမ်းတွေ့လိုက်သယ်။ ဒါလည်း ကျုပ်က မကောင်းသူ မကောင်းသား မထင်ပါဘူး။ မြင်းနဲ့လည်း သွားလာနေကြသာကိုးဗျ။ ဒါပေသိ ကျုပ်က ကင်းစင်ပေါ်က လှမ်းတော့ မေးလိုက်သယ်။ ပွဲကြည့်လား ဆိုတော့ မဖြေဘူးဗျ။ အတင်းနှင်ကြတော့သာ။ ကျုပ်စိတ်ထဲ ပွဲကြည့်တွေပဲ မှတ်သေးသာ။ နောက်တော့ ပွဲခင်းဘက် မသွားဘဲ ရွာအရှေ့ ချိုးသွားသာ တွေ့လိုက်တော့ စိတ်ထဲ ယနမကင်းသာနဲ့ ကျုပ်လည်း ကင်းသံချောင်း ထမွှေသာပဲ”
ကိုစံကောင်းက ၀င်မေးသည်။ မျက်နှာက ခပ်မှုန်မှုန်။
“လူသုံးယောက် မြင်းနှစ်ကောင်ဟုတ်လား။ တစ်ကောင်က နှစ်ယောက်စီးသာလား”
“ဟုတ်သယ်။ နောက်မြင်းမှာ နှစ်ယောက်ပါသာ။ နှစ်ယောက်စီးသာပေါ့ကွာ”
“ခင်ဗျား မှတ်မိလား”
“ဘယ် မှတ်မိမှာတုံး။ မင်းနှယ်၊ ဗြောဆို ၀င်သွားပါ တယ်ဆိုမှ”
ဖိုးညောင်းက ဒါပဲပြောနိုင်သည်။ ဒုတိယသံချောင်း မွှေသည့် ကင်းသမားက လှဦးဖြစ်သည်။
“ကျုပ်က ကိုဖိုးညောင်း သံချောင်းသံ ကြားလို့ တွန်းခေါက်သာ။ ဘာရယ် သိသာ မှုတ်ဘူး။ ကျုပ်စိတ်ထဲ ဖိုးညောင်းမူးနေသယ် ထင်သေးတာ”
“မဟုတ်သာကွာ။ ကင်းကျသခိုက်တော့ ငါမသောက် ရပါဘူး။ ဘုရားစူးရပါစေ့”
ကင်းတွေက သံချောင်းသံ ဆက်သွားအောင် မွှေနိုင်ခဲ့ ကြပါ၏။ သည်လူတွေ ဘယ်ကင်းတံခါးက ထွက်သွားကြတာလဲ။ ကိုစံမြက သူ့ကင်းက ထွက်သွားသည်ဟု ဆိုသည်။ ရွာ့မြောက်ကင်းက လမ်းတစ်ဆစ် ချိုးကွယ်နေသည့် နေရာ ဖြစ်သည်။ မြင်းနှစ်စီး ရုတ်တရက် ထွက်လာတော့မှ မြင်လိုက် ရသည်ဟု ရိုးရိုးသားသား ဖြေသည်။
“တစ်ခုတော့ ရှိသယ်။ ကျုပ်မြင်လိုက်သာတော့ မြင်းနှစ်ကောင် လူနှစ်ယောက်ပဲ။ ကျုပ်မျက်လုံးကလည်း ၀ါးတားတားရယ်။ နို့ပေသိ သေချာပါသယ်”
ကိုစံမြနှင့်အတူ ကင်းကျသူကို ဥသြကလည်း မြင်းတစ်ကောင် လူတစ်ယောက်စီပဲလို့ ဆိုသည်။ ဒါဆိုလျှင် တစ်ယောက် ကျန်ရစ်ခဲ့တာပေါ့။ ဘယ်သူလဲ။ ဒါကလည်း ရှာဖို့ သိဖို့ မလွယ်။ ဈာပနပွဲရက်ကြီးဆိုတော့ မြင်းပေါ်က ကျန်ရစ်သူ ဘယ်သူဆိုတာ သိနိုင်ဖို့မလွယ်။ သည်တစ်ယောက်က ဘာကိစ္စ ကျန်နေခဲ့တာလဲ။ စာသင်ကျောင်း မီးရှို့မည့်သူက ပွဲကြည့်ချင်လို့ ဆင်းနေခဲ့တာတော့ မဖြစ်နိုင်။ မြင်းပြေးရင်း မီးကွင်းပစ်ကြတာလား၊ မီးတုတ်ပစ် တင်တာလား။ ဒါဆိုရင် နောက်က ထိုင်လိုက်ခဲ့ပြီး မြင်းနှင့် ပါမသွားဘဲ ကျန်ရစ်သူသာ မီးနှင့်တိုက်သူ ဖြစ်ရမည်။ ၀ိုင်းတိုက်ထဲမှာ ရှိကြသူတွေက ကျွက်စီကျွက်စီ မြည်လာကြသည်။ တစ်ယောက်တစ် ပေါက် သဘောထားတွေ ပြောလာကြသည်။ အသံတွေက ကျယ်သည်ထက် ကျယ်လာခဲ့ပါ၏။
“သည်လိုဗျ”
ကိုပြေသိမ်းအသံကြောင့် အသံတွေ ရှဲခနဲ တိတ်သွား ကြသည်။
“ကျွန်တော်တို့ ကျောင်းကလေးကို မီးရှို့ချင်တာတော့ သေချာပြီ။ စဉ်းစားစရာတွေတော့ ရှိတာပေါ့ဗျာ။ သည့်ပြင် ရက်တွေ ညဘက် လာရှို့လည်း ဖြစ်သားပဲ။ ဒါပေမယ့် ရွာတံခါးက ရှိနေတယ်။ ကင်းတွေ ရှိနေတယ်။ သည်တော့ ကင်းတံခါးတွေ ဖွင့်တဲ့ ရက်ကို ရွေးကြတာပဲ”
ကိုပြေသိမ်း ပြောတာကို ရွာလူကြီးတွေက ထောက်ခံကြသည်။ သည်ဘက်ရက်တွေမှာ ကင်းတွေကို ကျကျနန စောင့်စေသည်။ ကင်းသား အလဲမှာ ကင်းအပ်ပြီးမှ လဲကြရ သည်ဖြစ်၍ လူလစ်စရာ မရှိ။ သည်ရက်ကို တမင်စောင့်ကြ ခြင်းဖြစ်လောက်ပါ၏။
“အခု ဘာတွေ့သလဲဆိုတော့ လူတစ်ယောက် ရွာမှာ ကျန်ရစ်ခဲ့တယ်။ ကင်းသမားတွေပြောတာ တွက်ကြည့်ရင်ပေါ့ဗျာ။ အနောက်ကင်းမက ၀င်တယ်။ မြောက်ကင်းက ထွက်တယ်။ ဟုတ်ပြီ။ ဘာဖြစ်လို့ မြောက်ကင်းက ထွက်ကြတာလဲ။ မြောက်ကင်းမှာလမ်းက တစ်ဆစ် ချိုးသွားတယ်။ နည်းနည်း ထွက်လိုက်တာနဲ့ လှမ်းမမြင်နိုင်တော့ဘူး။ ဒါကို ကြည့်ရင် ရွာအနေအထားကို သိတဲ့လူတွေ ဖြစ်ရမယ်”
ရွာမိရွာဖတစ်ဦးဖြစ်သော ဘကြီးတင်က ကိုပြေသိမ်း စကားအဖြတ်တွင် တစ်ခွန်း ၀င်ပြောလိုက်သည်။
“မောင်ပြေသိမ်းရဲ့၊ ဘကြီးပြောမယ်။ ရွာထဲမှာ တစ်ယောက် ကျန်ကျန်၊ သုံးယောက်စလုံးပဲ ကျန်ကျန်၊ အခု ဟာက မြင်းနဲ့ လာကြလို့သာကိုး။ ရွာကင်းတံခါးတွေ ဖွင့်ထားသဲ့ ရက်မှာ ခြေကျင်လာလည်း ဖြစ်သာပဲကွယ့်။ ၀င်လာနိုင်ရင် မီးရှို့နိုင်သာပဲ မဟုတ်လား” ကိုပြေသိမ်းက ၀င်ဖြေသည်။
“ဟုတ်ပါတယ် ဘကြီးပြောတာ။ မြင်းနဲ့လာတာက အကြောင်းရှိတယ် ဘကြီးရဲ့။ မြင်းနဲ့က ပြေးပြေးပစ်ပစ် လုပ် နိုင်တယ်။ လူချည်းဆိုရင် တစ်ယောက်မဟုတ် တစ်ယောက် တိုးနိုင်တယ်။ ပိတ်ဆို့ ဖမ်းနိုင်မယ်။ မြင်းကျတော့ လိုက်ဖို့ ခက်တယ်”
“အေးကွ။ မောင်ပြေသိမ်းပြောသာ မှန်သယ်”
“စောစောက ရွာအနေအထား သိတဲ့လူ ဖြစ်ရမယ်ဆိုတာ ကျွန်တော် ပြောခဲ့တယ်။ စဉ်းစားကြည့်တော့ တစ်ရွာ့ တစ်ရွာ လမ်းသိနေကြသူတွေချည်း ဆိုတော့ ပြောရတာ ခက်တယ်။ ထားပါတော့ဗျာ။ ပဲစေ့တစ်တင်း သွန်ပြီး စုန်းပြူးကောက်ရ သလို ဖြစ်ရော့မယ်။ ကျွန်တော် စဉ်းစားတာက ဘာကိစ္စ ကျောင်းကို မီးရှို့ရတာလဲဆိုတဲ့ အချက်ပဲ ခင်ဗျ”
ထိုနေ့က စကားဝိုင်းမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ မအိမ်ကံတို့ပင် ၀ရန်တာမှာ ထိုင်ရင်း စကား မဟခဲ့ကြ။ မအိမ်ကံ ကိုယ်တိုင်လည်း ကိုပြေသိမ်း စဉ်းစားသလို စဉ်းစားမိခဲ့သည်။ ရွာထဲက အိမ်တစ်အိမ် အိမ်ကို မီးရှို့သွားတာ မဟုတ်။ မအိမ်ကံတို့ကို ငြိုးသူဆိုရင်လည်း မအိမ်ကံတို့ အိမ်မကြီးကို လမ်းမပေါ်က မီးကွင်းပစ်ဖို့ မလွယ်။ လမ်းနှင့် အိမ်က တလင်းပြင်ကြီး ခြားနေတာ မဟုတ်လား။ သည်တော့ ကျောင်းကို ရန်ရှာသွားခဲ့တာ သေချာသည်။ သို့သော် ကိုပြေသိမ်း ပြောသလို လူမိဖို့ဆိုတာတော့ မဖြစ်နိုင်ပါ။ ပွဲရက် ဆိုတော့ တစ်ညလုံး ရွာတံခါးတွေက ဘယ်သူမဆို ၀င်နိုင် ထွက်နိုင်ကြတာ မဟုတ်လား။
“တစ်ခုတော့ ရှိသယ်ဗျ”
Saturday, October 24, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ