Thursday, October 15, 2009

မအိမ့်ကံ(31)

"မအိမ်ကံရယ် လူတွေကြည့်တော့ တို့ရွာစေတီ စောင်းတန်းက နိပါတ်တော်တွေထဲ ပါသဲ့ အာဠာဝက နောက်လိုက် တွေများ ကျလို့၊ ပြောလိုက်ကြသဲ့ ဘိုလိုတော်။ တောခြောက်နေကြသလား မှတ်ရသယ်။ တရွှီးရွှီးနဲ့ ဘာတွေ ပြောကြ သာတုံး။ ဗမာလိုပြော ဖြစ်ရက်ကနဲ့"

"မသိပါဘူး မလှအုံရယ် သူတို့ကိစ္စ။ ရွှေဘိုတဲ့၊ ဂန့်ဂေါ တဲ့၊ ပခုက္ကူတဲ့၊ မိတ္ထီလာတဲ့ အဲသာကျတော့ ဗမာလို ပြောကြပြန်ရော။ ကြက်တငို အိုးပေါက်လည်းပါရဲ့"

"အဲသာတွေကျတော့ အင်္ဂလိပ်နာမည် မရှိလို့ ဖြစ်မှာပေါ့အေ။ ဘိုလိုပြောသာ ဗိုက်ဆာ ကြပုံပေါ်သယ်။ ညည်းနှယ် ချပေးသမျှ ဝေသာလီပြည် ဘီလူးကျသာ ကျလို့ ပန်းကန်ကို ပြောင်နေအောင် စားကြသာအေ့"

မလှအုံ စကားကြောင့် မအိမ်ကံမှာ ရယ်ခဲ့မိသည်။ ဟုတ်လည်း ဟုတ်ပါရဲ့။ ကိုပြေသိမ်းတို့ စကားဝိုင်းက ကြာလွန်း လှသည်။ နေ့ခင်း ထမင်းစားချိန် ကလေးလောက်သာ အိမ်မကြီးဘက် ကူးကြတာ ရှိ၏။ ပြီးပြန်တော့ ရက်ကန်းရုံကြီးထဲ ပြန်ဝင်ကြကာ တကုပ်ကုပ် ရှိကြပြန်လေသည်။ ညနေဘက် ထမင်း စားကြပြီးသည့်နောက် အိမ်မကြီးထဲမှာ လက်ဖက်စား၊ ဆေးသောက်ကြရင်း အမေပန်းရုံတို့ မိသားစုနှင့် စကားတွေ ပြောကြတာတော့ ရှိပါ၏။ ကိုပြေသိမ်းကပဲ မိတ်ဆက်ပေးခြင်း ဖြစ်သည်။ တစ်ဦးက အသားညိုညို မျက်လုံး မျက်ဖန်ကောင်းကောင်း ဖြစ်၍ မျက်ခုံး ထူကြီးနှင့် ဖြစ်၏။ နာမည်က ကိုဘဆန်း။ လူလုံးလူဖန် ခပ်လှပ်လှပ်ကလေးက ကိုဖူးခေါင်။ ကိုမင်းရာ ဆိုသူက စကားနည်း သလောက် မျက်နှာကြီး တင်းလှပါ၏။

"သူက ကိုဝေဠု၊ မြင်းခြံသား။ အိမ်ကလေးတို့ ဖောက်သည် ပွဲကတော်ကြီးရဲ့ တူဝမ်းကွဲ တော်တယ်"

အိမ်ကို ရောက်လာကြသူတွေနှင့် ပတ်သက်လို့ သည်လောက်သာ သိကြရသည်။ မိတ်ဆက်ပေးသည် ဆိုသော်လည်း တောသူတောင်သားတွေ ဆိုတော့ အမေပန်းရုံကလည်း ငုတ်တုတ်။ မလှအုံတို့ကလည်း ငုတ်တုတ်။ မအိမ်ကံ ကိုယ်တိုင် ကတော့ လင့်ဧည့်သည်တွေ ဆိုတော့ ထမင်းခူး ဟင်းလိုက်။ လက်ဖက်ချ ကွမ်းချ။ ဧည့်သည်တွေ အားလုံးက မအိမ်ကံကိုရော အမေပန်းရုံကိုပါ ဟက်ဟက် ပက်ပက် မရှိကြသလိုပင်။ မျက်နှာတွေက အကြွေးဟောင်း ရှိသဖြင့် လာတောင်း နေကြသူများပမာ တင်းတင်း တောင့်တောင့်ကြီးတွေ။ ပြီးတော့ ညစ်ပေပေ ချွေးစေးများဖြင့် အစေးပေါက် နေကြသော်လည်း ရေမိုးသန့်စင်ပြီး အ၀တ်အစား သန့်သန့်ပြန့်ပြန့် ၀တ်ကြသည်လည်း မရှိ။ ညဘက် ကိုပြေသိမ်း အိမ်ပေါ် တက်လာတော့မှ အကျိုး အကြောင်း မေးရတော့သည်။ မိုးပင် လင်းလုလေပြီ။

"အဲသာ ဘယ်သူတွေလဲ အစ်ကို။ မျက်နှာထား တွေကလည်း ဆိုးလိုက်ကြသာ။ ဘယ်လိုလူတွေ ခေါ်လာသာတုံး။ မအိမ်ကံ တို့ကိုတောင် ခင်ခင် မင်မင် မရှိသလိုပဲ"

"မဟုတ်ရပေါင်ကွယ်။ လူတွေက လူရိုး လူကောင်းတွေ ပါ။ ခုဟာက တော်တော် အရေးတကြီး ကိစ္စတွေရှိလို့ပါ အိမ်ကလေးရယ်။ သည်လို အိမ်ကလေးရ၊ အင်္ဂလိပ်က အထက်ပိုင်း မြို့တချို့ကို ပြန်သိမ်းရင်း ၀င်လာနေပြီ။ တို့ရွာတွေ မှာတော့ သိပ်ပြီး မလှုပ်သေးပေမယ့် မြို့တွေမှာ ရုန်းရုန်းရင်းရင်း ဖြစ်နေ ကြတယ်။ သည်ရက်ထဲမှာပဲ မိတ္ထီလာ လေတပ်ကို အင်္ဂလိပ်က ပြန်သိမ်းလိုက်ပြီ။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်"

"မိတ္ထီလာမှာ တိုက်ပွဲတွေ ဖြစ်နေသာနဲ့ သည်လူတွေက မအိမ်ကံတို့အိမ် ရောက်နေကြသာနဲ့ ဆိုင်လို့လား အစ်ကို။ အစ်ကို့ စကားတွေ မအိမ်ကံ နားမလည် ပါဘူး"

ကိုပြေသိမ်းက စကားကို ရပ်လိုက်သည်။ သည့်ထက်လည်း ပိုပြောလို့ မကောင်းနိုင်တော့ဆိုသည့် သဘောလည်း ပါပါ လိမ့်မည်။ ပြောစရာရှိလို့ ပြောပြန်တော့လည်း နားလည်နိုင်စရာ မရှိလို့ ယူဆတာလည်း ဖြစ်နိုင်ပါ၏။ စကားတွေ ကျွံမိသွားခဲ့ပြီ ဆိုတာမျိုးလည်း ဖြစ်နိုင်သည်။ ကိုပြေသိမ်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သမီးကလေးကို ငုံ့နမ်းသည်။ ကလေးက တစ်ချက် လွန့်သွားရာက ပြန်လည် အိပ်ပျော် သွားပြန်ပါ၏။ ကိုပြေသိမ်းက အိပ်ရာထဲ လှဲလိုက်ပြီးမှ စကားတစ်ခွန်းကို လေးလေးကြီး ပြောလေသည်။

"သူတို့က တိုင်းပြည် အတွက် အသက်လှူထားကြပြီ အိမ်ကလေး။ တိုင်းပြည်အရေးထက် ဘာကိုမှ သူတို့ထည့် မတွက်ကြဘူး ဆိုတဲ့ လူတွေပဲ။ မြင်းခြံသား ကိုဝေဠုက အစ်ကို့ ကျောင်းနေဖက် သူငယ်ချင်း။ ကျန်တဲ့ လူတွေက အစ်ကိုတို့ အိမ်ကို အစည်းအဝေး လာတက်ကြတာ။ အစ်ကိုလည်း သူတို့ကို အခုမှ တွေ့ဖူးတာပဲ"

"အခု သူတို့ စကားတွေ ပြောကြတုန်းလား"

"မဟုတ်ဘူး အိမ်ကလေး ပြန်ကြပြီ။ အစ်ကို ကြက်တငို အိုးပေါက်ဘက်က လှည်းလေးစီး မိုးလင်းခါနီး အရောက် ထင်းတွေတင်ပြီး လာခဲ့ဖို့ ကြိုမှာထားတာ ရောက်လာကြလို့ တစ်စီး တစ်ယောက် စီးပြီး ပြန်ကြလေရဲ့"

မအိမ်ကံ မျက်လုံးတွေသာ မှိတ်ထားရတော့သည်။ နားလည်ဖို့ပင် ခက်ခဲလှချည့်လား။ ထိုညက ကိုပြေသိမ်း အိပ်မပျော်သလို မအိမ်ကံလည်း အိပ်မပျော်ခဲ့။

ကိုပြေသိမ်း ဘာတွေ လုပ်နေတာလဲ။ ဘာအစည်းအဝေး များပါလိမ့်။ သေချာတာ တစ်ခုကတော့ နိုင်ငံရေးက လွဲ၍ အခြားမဖြစ်နိုင်။ မအိမ်ကံ ဘ၀ တစ်လျှောက်လုံး အိမ်မှာ နိုင်ငံအရေးတွေသာ ထပ်ကာထပ်ကာ ကြားနေခဲ့ရသည်။ အဖေ့ လက်ထက်မှာရော၊ အစ်ကိုရော၊ ကိုပြေသိမ်းပါ ဘာကြောင့် သည်လောက် စိတ်ဇောတွေ သန်ခဲ့ကြတာပါလိမ့်။ မအိမ်ကံတို့ နိုင်ငံဟာ ဘယ်တော့များမှ ငြိမ်းငြိမ်းချမ်းချမ်း ရှိလာမှာပါလိမ့်။ သည်လိုပဲ အင်္ဂလိပ်က အုပ်စိုးလိုက်၊ ဂျပန်က တက်လာလိုက်နဲ့ လုံးလိုက်နေမှဖြင့် မအိမ်ကံတို့ မိန်းမသားများ အဖို့ အဖေရယ်၊ အစ်ကိုရယ်၊ လင်သားရယ်လို့ ဒိုးတူပေါင်ဖက် ဘယ်တော့မှ အတူ နေရမှာပါလိမ့်။ မအိမ်ကံ တွေးနေခဲ့မိသည်။ သည်ဘက်လတွေထဲမှာပဲ ကျေးဇူးရှင်ဖခင်ကြီး တိမ်းပါး ခဲ့ရသည်။ အဖေ သေတာတောင် ပြန်မလာနိုင်သည့် သားဖြစ်သူ နိုင်ငံရေး သမားကြီးကို အဖေ့ခမျာ တွေ့ချင်ခဲ့ ရှာလိမ့်မည်။ အခုတော့ အိမ်မှာ ယောက်ျားသားရယ်လို့ ကိုဖိုးငွေတို့ သားအဖ တစ်တွေ ရှိသည် မှန်သော်လည်း ကိုပြေသိမ်းက လူရင်းဖြစ်ရမည့်အစား သူကိုယ်တိုင်က မရှိတာ များနေတာကို မအိမ်ကံ သဘောမတွေ့တာ ကြာပြီ။ မအိမ်ကံ နှုတ်က မပြောသာတော့လည်း မပြောခဲ့။ သို့သော် ဇနီးမယား တစ်ယောက် အနေဖြင့် သိစရာ ရှိတာ သိချင်သည်။ ကြားစရာရှိတာ ကြားချင်သည်။ တစ်ခါတလေ အင်္ဂလိပ် စာအုပ်ကြီးတွေ ပါလာတတ်သည် ဖြစ်၍ နေကုန်နေခန်း ထမင်းမစားတမ်း သည်းကြီးအူပြတ် မက်ရေစက် ရေဖတ် နေတာတွေလည်း ရှိသည်။


လင်နှင့် မယား ဆိုပေသိ အသိတွေကွာသည်။ ပညာရည် ကွာသည်။ တွေးပုံခေါ်ပုံတွေ ကွာသည်။ ကိုပြေသိမ်းလို မြို့သား၊ ပညာတတ်၊ နိုင်ငံရေးသမား တစ်ယောက်နှင့် ညားမိတာ တောသူမ အိမ်ကံအဖို့ သိမ်ငယ်မိတာ လိုလို၊ နာကြည်း မိတာလိုလို ခံစားရတာလည်း အမှန်ပင်။


ကိုပြေသိမ်းခမျာ ကျီးတို့ကြား နားမိသည့် ဟင်္သာပမာ အသွင်ခြား၊ အမြင်ခြား၊ အဆင်ခြားရတာကိုလည်း မအိမ်ကံ နားလည်ပါ၏။ သည်တော့လည်း သမီးကလေး တပွေ့ပွေ့လုပ်ရင်း လယ်ကော ရေမရသလို နေခဲ့တာနှင့် ပြီးရတော့သည်။ သည်အဖြစ်အပျက်ကို သတိရ မိတော့လည်း သြော် သူကတော့ သူ့အလုပ်သူ ကြိုကြိုတင်တင် လုပ်နှင့်တာပါလားလို့သာ ခံစားမိရပါ၏။ ဖိုးကူးကို မေးတော့လည်း သိသလောက်သာ ဖြေနိုင်သည်။ မယားစင်စစ် ဖြစ်ပါလျက် ဘာမှ သိခွင့်မရတော့မှ ဖိုးကူးက သူ့ထက် ဘာမှ ပိုမသိနိုင်တာကိုလည်း စိတ်မဆိုးချင်တော့။ အမေပန်းရုံနှင့် မလှအုံတို့ကတော့ သမီးအဖြစ်ကို ယူကျုံးမရ ဖြစ်ရသည်က လွဲ၍ အခြား ဘာမှမပြောကြပါ။

"ဟံသာဝတီနဲ့ ဘုရင့်နောင် ယောင်လို့တောင် ခွဲမရသလိုပါအေ။ နိုင်ငံရေးနဲ့ ညည်းလင်က ယောင်လို့တောင် ခွဲမရမှတော့ ပြောရသာ ခက်သားအေရဲ့။ မောင်မြတ်သာ ကြည့်ပါလား။ မယားကလေး အသစ် စက်စက် ထားရစ်ခဲ့သာကြည့်။ စိမ်းမြဘက်က နာလို့ပြောသာ မဟုတ်ပါဘူး။ ဖအေသေသာရော ညည်းအစ်ကို အလောင်းတောင် မပိုက်လိုက်ရဘူး မဟုတ်လား။ မအေသေရင် ဖျာနဲ့ အုပ်ထားဆိုသာ မျိုးတွေဟဲ့။ ညည်း ယောက်ျားလည်း သည်အစားထဲက ဥစ္စာ"

မလှအုံကတော့ ကရုဏာဒေါသော ပြောရှာပါ၏။ အမေ ပန်းရုံကတော့ ချိုသည်လည်း မပြော၊ ခါးသည်လည်း မဆို။ ကိုပြေသိမ်းကိုလည်း အပြစ်မမြင်။ ဇနီးမယားကို မညှာလေခြင်း၊ ပလူမွေးပလူတောင် အခါလည် သမီးကလေးမျက်နှာကိုမှ မထောက်လေခြင်းရယ် လို့လည်း မရှိ။ လင်သားဆုံးတာ တစ်လရှိသေး၊ သမက်က တစ်ပူရယ်လို့လည်း ရင်ထုမနာ မဖြစ် ရှာပါ။ သို့သော် စိတ်လက်တော့ ချမ်းသာပုံ မရရှာ။

"မအိမ်ကံကတော့ သူ့စာထဲက အတိုင်း မနက်ဖြန်ပဲ ကိုပြေသိမ်း အတွက် အမျှဝေလိုက် တော့မယ် အမေ။ သူ ပြန်လာတော့လည်းလာပေါ့။ မလာတော့လည်း ဘယ်တတ်နိုင်မှာလဲ။ မအိမ်ကံ မမျှော်ချင်ဘူး။ တိုင်းပြည် အတွက် သွားတယ်ဆိုမှတော့ မအိမ်ကံ သူ့ကို အပြစ်လည်း မတင်ချင်ပါဘူး။ ဒါပေမယ့် မအိမ်ကံကို ဖွင့်တိုင်ပင်ရင်လည်း မအိမ်ကံက လိုက်တောင် ပို့မယ့် မိန်းမပါတော်"

မအိမ်ကံကတော့ ဒါပဲ ပြောခဲ့သည်။ ဖိုးကူး ပြောသလောက် ဆိုလျှင် မအိမ်ကံတို့ အိမ်မှာ တစ်ခါက လာစုကြဖူးသော လူလေးယောက်လည်း ပါပုံရသည်။ ကျေးဥကတော့ မအိမ်ကံ စိတ်မချမ်းသာမှန်း သိ၍ ကလေးကို တာဝန်ယူထား ရှာသည်။ သည်လိုနှင့်ပင် တပေါင်းမှသည် တန်ခူး။ တန်ခူးမှသည် ကဆုန်၊ နယုန်၊ ပထမ၀ါဆို၊ ဒုတိယ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်း။

သက္ကရာဇ် ၁၃၀၇ ခုနှစ် နှစ်ဆန်းမှသည် မငြိမ်မသက် ဖြစ်လာခဲ့သော တိုင်းပြည်အရေးက မအိမ်ကံတို့ ရွာကလေးကို အတော်ပင် ရိုက်ခတ်ခဲ့သည်။ ကျော်ဒင်နှင့် ဂျပန်များ ရွာတွေကို မကြာခဏ ၀င်သောင်းကျန်း ကြသည်။ ဂျပန်တော်လှန်ရေး လုပ်သည်ဟု စွပ်စွဲကာ ကြည်တော်ကုန်း တစ်ရွာလုံး မီးတိုက်ပစ် လိုက်ကြသည်။ မအိမ်ကံတို့ အိမ်ကို လာ၍ ကျောင်းဆရာ ဘယ်မှာလဲ ဆိုသည့် မေးခွန်းကို အကြိမ်ကြိမ် မေးခဲ့ကြသည်။ သည်လိုဆိုတော့လည်း ကိုပြေသိမ်း ရွာကထွက်သွားတာ အန္တရာယ် ကင်းကြောင်း မအိမ်ကံ ရိပ်စားမိလာခဲ့သည်။ သိပ်မကြာလိုက်ပါ မြို့ပေါ်တွေမှာ စစ်ကြီးဖြစ်နေပြီ ဆိုသည့် သတင်းနှင့်အတူ ပွဲစားကြီးတို့ မိသားစု မအိမ်ကံတို့ဆီ လာရောက် ပုန်းခိုခဲ့ကြသည်။ စစ်ပြေးတွေကို ဓားပြဆီးတိုက် သူတွေက မရှား။ မအိမ်ကံတို့ရွာလည်း မလွတ်။ မအိမ်ကံတို့ အိမ်ဆိုလျှင် သုံးကြိမ် တိတိ ဓားပြ၀င်ခဲ့သည်။ မအိမ်ကံကတော့ အသက်ထက် ဘာမှအရေး မကြီးသည်မို့ ထုတ်ပေးတန် သလောက် ထုတ်ပေးခဲ့ရပါ၏။ လူတွေ ဒုက္ခမရောက်တာပဲ တော်လှပြီ။ ကျော်ဒင် တစ်ယောက် ရွာက ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး သေပြီ ဆိုသည့် သတင်း ထွက်လာခဲ့သည်။ ဆရာလေး ကိုတောက်ထိန် တစ်ယောက် ရွာတွေဘက်ကို စည်မတီး၊ ဗျောမခေါက် ရောက်လာခဲ့ပြီး ဂျပန်တွေကို ရရာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ဖို့ ဆော်သြလာသည်။ ပြောက်ကျား တပ်ဖွဲ့တွေ ဖွဲ့ပေးသည်။ မြင်းခြံမြို့ကနေ ပြိုဆင်း ကျလာသော ဂျပန်တွေကို မအိမ်ကံတို့နယ်မှ တစ်ယောက်မှ အရှင်မထား စတမ်း သုတ်သင်ခဲ့ကြသည်။ စစ်သတင်းတွေနှင့် အတူ တစ်နယ်လုံး ပွက်လောကြီး ရိုက်ခဲ့ကြရပါ၏။

"ဆရာကိုပြေသိမ်းကို ရှမ်းပြည်ဘက် တာဝန်ပေးထားတာ မအိမ်ကံ။ သည်ဘက်နယ်မှာ သူ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရမှာ မဟုတ်လို့ ဆရာကြီး ဦးဘခင်က တာဝန်ခွဲ ပေးလိုက်တာပဲ။ သူက ကျွန်တော့်လိုပဲ စည်းရုံးရေးမှူး တစ်ယောက်ပါ။ ဗိုလ်ကြီးမြတ်သာကတော့ ရန်ကုန်တိုင်းမှာ ဗိုလ်မှူးကြီးဇေယျရဲ့ စစ်ကြောင်းကနေ တိုက်ပွဲ ၀င်နေပါတယ်။ ကျွန်တော်တို့ တိုင်းပြည်လွတ်လပ်တော့မှာပါ မအိမ်ကံ"

ဆရာလေး ကိုတောက်ထိန်၏ သတင်းစကားက လွဲ၍ မအိမ်ကံထံသို့ စာတိုကလေး တစ်စောင်မျှ ရောက်မလာနိုင်ခဲ့ပါ။ မမစိမ်းမြ ခမျာလည်း မအိမ်ကံနည်းတူ ပန်းသပြေ ညောင်ရေလောင်းလို့ ဆုတောင်း နေကြရုံကလွဲလို့ သမီး ယောက်မ ဘာမျှမတတ်နိုင်ခဲ့။ ကမ္ဘာစစ်ကြီးအတွင်းမှာ ဇောင်ချမ်းကုန်းလို ရွာသိမ် ရွာမွှားကလေးထဲက မအိမ်ကံတို့ အရေးက အစက်အပြောက်မျှပင် အရာမထင်ခဲ့ပါ။ အခုတော့လည်း အစစအရာရာ ငြိမ်သက်လို့ သွားခဲ့ပြီ ထင်ပါ၏။ ပွဲစားကြီးတို့ ပွဲကတော်ကြီးတို့ မိသားစုလည်း မြို့ကိုပြန်သွားခဲ့ကြပြီ။ ပွဲကတော်ကြီးက သားနှင့် ချွေးမကို အလုပ်တွေ လွှဲအပ်တော့မည့် အကြောင်းနှင့် မအိမ်ကံကိုပါ အလုပ်တွေ ဆက်ပေးသွားခဲ့ပါ၏။

မအိမ်ကံ၏ ရက်ကန်းရုံကြီးလည်း ပြန်လည် အသက်ဝင် လာခဲ့ရပြီ။ လက်ရက်ကန်းထည်တွေ ပြတ်လပ်သွားခဲ့သဖြင့် အားချင်း ရက်လုပ်ကြရမည်။ တစ်ရွာလုံး အလုပ်တွေ လှိုင်ကြ ရလေပြီ။ အရီးကြာညွန့်သည်လည်း ရက်ကန်းခေါင်း ဖြစ်ရပြန်ကာ မိန်းကလေး သုံးဆယ်လောက်ကို တွင်တွင်ကြီး ခိုင်းနေရပါ၏။ ပွဲကတော်ကြီး၏ သားကိုယ်တိုင် ဇောင်ချမ်းကုန်းကို လာရောက် မှာကြားရသည်မှ စ၍ မအိမ်ကံ ကိုယ်တိုင်ပင် ထဘီကို တိုတိုပါအောင် ၀တ်ကာ အထည်ဆန်းတွေ ရက်ခဲ့ရသည်။ ဂျပန်အပြေး အင်္ဂလိပ်အ၀င် အစစအရာရာ ရှားပါးသမျှ တစ်စ တစ်စ ပြန်မြင်လာခဲ့ရပြီ ဆိုသော်လည်း ကျေးရွာတွေမှာတော့ ထူးပြီး ပြောင်းလဲခြင်း မရှိ။ အစားဆင်းရဲ၊ အနေဆင်းရဲ၊ အ၀တ် ဆင်းရဲဘ၀က ရုန်းထ နေရချိန်ဖြစ်၍ အစစ အရာရာ လူလုံးမလှ နိုင်ကြသေးဘဲ ရှိခဲ့ပါ၏။ တစ်နှစ်ခွဲ သမီးကလေး မအိမ်မြိုင် ကိုတော့ ကျေးဥကိုပဲ ထိန်းခိုင်း ထားရသည်။ ကျေးဥမှာလည်း မပို့မပါးကြီးနှင့် ဆိုတော့ တစ်ဖက်တစ်လမ်းက ၀င်ငွေရအောင် မအိမ်ကံကပဲ စောင့်ရှောက်သည်။

"ကျေးဥ ညည်း မအိမ်မြိုင်ကိုပဲ ထိန်း။ ငါ့သမီးကလေးကို ပိုးမွေးသလို မွေးစမ်းပါအေ။ ညည်းတို့မိသားစု ငါက တာဝန်ယူသယ်။ ညည်း ၀မ်းဝအောင်၊ ခါးလှအောင် ငါဆင်မယ်၊ ငါကျွေးမယ်"

မအိမ်ကံ စကားကြောင့်ရယ် မဟုတ်ပါ။ ကျေးဥကလည်း မအိမ်ကံကို သံယောဇဉ် ကြီးပါသည်။ ငယ်စဉ် တောင်ကျေးကတည်းက အတူအိပ် အတူနေ မအိမ်ကံတို့ ကျေးဇူးတွေကလည်း သူတို့ မိသားစုအပေါ် ကြီးလှသလို လင့်ဘက်က နွယ်တော့ ဆွေမျိုးပင်တော်ခဲ့ကြပြီ မဟုတ်လား။ မအိမ်ကံက အလုပ်နှင့် သမီးတစ်လှည့်စီ ကြည့်ရင်း နေ့ရက်တွေကို ကုန်လွန်စေခဲ့သည်။ ကိုပြေသိမ်းကို တစ်ခါတစ်ရံ လွမ်းဆွတ် သတိရမိသည် မှန်သော်လည်း နာစရာနှင့် ဖြေခဲ့ သည်။ ထွက်သွားပြီ ဆိုကတည်းက မအိမ်ကံ အမျှဝေခဲ့ပြီးပြီ။ သို့သော် တစ်ဘက်က ကြည့်ပြန်တော့ သမီးကလေး အတွက် အဖမဲ့သည့် အဖြစ်ကို မအိမ်ကံ မခံစားနိုင်။ သမီး အတွက် မအိမ်ကံ မျှော်လင့် နေရပါသော ဖက်စိမ်းကွမ်းတောင်ကိုင် ဖြစ်ဖို့ မိစုံဖစုံရှိဖို့ အရေးကြီးသည် မဟုတ်လား။ သည်အကြောင်း တွေးမိလျှင် မအိမ်ကံ ဆောက်တည်ရာ မရ ဖြစ်ရပါတော့သည်။ တစ်ရက်တော့ မအိမ်ကံ ကိုယ်တိုင်သွားမှ ဖြစ်မှာမို့ မြင်းခြံကို ခရီးတစ်ခေါက် ရောက်ခဲ့ရပါ၏။ ကိုယ်ဝန်ရင့်စ ပြုနေသော ကျေးဥကို မခေါ်တော့ဘဲ ဖိုးတုတ်နှင့် ဖိုးကူး ညီအစ်ကိုနှင့် ထပြေးခဲ့ရခြင်း ဖြစ်၏။ တိုင်းရေးပြည်ရေး ခြေခင်း လက်ခင်းကလေး သာသလိုလို ဆိုတော့ အကူးအသန်း ရှိနေ ကြပြီ။ ပွဲကတော်ကြီးက အလုပ်ကိစ္စတွေပြီးလို့ မအိမ်ကံ လှည်းပြန်ထွက်ခါနီးမှ စကားတစ်ခွန်း ပြောခဲ့ပါ၏။

"တူတော်မောင် မောင်ဝေဠုတော့ တစ်နေ့က ပြန်ရောက်လာပြီ မအိမ်ကံ။ မောင်ပြေသိမ်းလည်း ရောက်လာတော့မှာပါ။ ဒေါ်ဒေါ် မေးကြည့်တော့ သူတို့ချင်းက သွားတုန်းကတော့ အတူတူဆိုလား။ တော်လှန်ရေးမှာ လူချင်း ကွဲသွားကြတယ် တဲ့။ မောင်ပြေသိမ်း အကြောင်း ဘာကြားသေးသလဲ မအိမ်ကံ"

"မအိမ်ကံ အမျှဝေပြီးပြီ ဒေါ်ဒေါ်။ ကိုင်း သွားပြီနော်"

ဆောင့်ခနဲ ထွက်လာသည့် လှည်းနောက်မှာ မအိမ်ကံ စကားတွေ ကျန်ရစ်ခဲ့သည်။ ပွဲကတော်ကြီးက အလွန်အားနာ သွားဟန်ဖြင့် ပွဲရုံထိပ်မှာပဲ မိုးတိုးမတ်တတ် ကျန်ရစ်ခဲ့ရှာပါ၏။ ဖိုးကူးက နားစွန်နားဖျား ကြားလိုက်သည် ဖြစ်၍ မအိမ်ကံ အရိပ်အကဲကို ကြည့်ကာ တစ်စုံတစ်ရာ မေးဖို့ ပါးစပ်ပြင်ထား ခဲ့သည်။ ကိုဝေဠု ပြန်ရောက်ပြီတဲ့။ ဆရာလေး ကိုပြေသိမ်း ကကော ဘာကိစ္စ ပြန်မရောက် သေးတာပါလိမ့်။ သူ့အပေါ် ကောင်းရှာသော သူ့ဆရာ ကိုပြေသိမ်းကို သတိရသည်။ လွမ်းလည်း လွမ်းသည်။ မအိမ်ကံက လှည်းရံတိုင်ကို ကျောမှီရင်း အဝေးကို ငေးလျက် ပါလာခဲ့သည်။ ဖိုးကူးက အရဲစွန့်ကာ မေးသည်။

"မမကံ..."

"ဖိုးကူး ဇောင်ချမ်းကုန်း အထိ နင့်ပါးစပ် ပိတ်ထားစမ်း။ နင် အသံထွက်ရင် နွားကန်စာ မိမယ်မှတ်"

"ဟုတ်... ဟုတ်..."

တကယ်လည်း ဇောင်ချမ်းကုန်း ရောက်သည် အထိ ဖိုးကူးမှာ နွားကိုပင် ရဲရဲ မငေါက်ဝံ့။ မမကံကို ငယ်ကြောက် မဟုတ်လား။ မအိမ်ကံကလည်း မျက်နှာထား တင်းထားခဲ့ ပါ၏။

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ