(Mar-09)မအိမ်ကံ
၂၃။"ကံကလေး ..." အူအသည်းတွေ ပြောင်းပြန် လန်သွားလေသလား ထင်ရအောင် တုန်လှုပ်သွားခဲ့ရာက သူမ အမည်ကို ပီပီသသ ခေါ်လိုက်သံကြောင့် မအိမ်ကံမှာ သည်းကြီး အူပြတ် အထိတ်တလန့် ခံစားမှုမှ တအံ့တသြ ခံစားမှုကို ပြောင်းသွား ခဲ့ရသည်။
ရုတ်တရက် မြင်လိုက်ရစဉ်က ဂျပန် စစ်ဗိုလ် ၀တ်စုံကြောင့် ပြာဝေ သွားခဲ့သော မျက်စိကို သေသေချာချာ ပွတ်ကြည့်တော့မှ မျက်နှာကြီး ပြုံးထားသော အစ်ကို မောင်မြတ်သာမှန်း သိလိုက်ရတော့သည်။
"အစ်ကို .."
မအိမ်ကံက အစ်ကိုဖြစ်သူထံ ပြေးဝင်သွားပြီး မျက်နှာ အပ်ထားလိုက်သည်။ မောင်မြတ်သာကလည်း ပြေးဝင်လာသော နှမဖြစ်သူကို ဆီးထွေးပွေ့ရင်း သိုင်းဖက် ထားရှာပါ၏။ မအိမ်ကံမှာ အစ်ကိုဖြစ်သူ ပခုံးကို မျက်နှာအပ်ရင်းက မျက်ရည်များပင် တွေတွေ ကျလာခဲ့သည်။ ၀မ်းသာ ရှာလွန်းတာကြောင့် တစ်ကြောင်း၊ လူမြင်သူမြင် ပေါ်ပေါ်ထင်ထင် ရွာဝင်လာရှာတာက တစ်ကြောင်း ဆိုတော့ ၀မ်းသာရာက ကျသည့်မျက်ရည် များပင်။
"အစ်ကိုက စစ်ဗိုလ်ကြီးပေါ့။ ခုမှ ကြည့်ကောင်း သွားတော့သယ် အစ်ကိုရယ်။ မအိမ်ကံက ဂျပန် စစ်ဗိုလ် မှတ်သွားသာ လိပ်ပြာများတောင် စင်ရော့ အောက်မေ့မိသယ်။ အဖေနဲ့ အမေကတော့ ၀မ်းသာကြမယ့် အမျိုး။ ကိုပြေသိမ်းလည်း ရောက်နေလေရဲ့၊ အစ်ကို ဘာနဲ့ လာသာလဲဟင်။ အစ်ကို ရောက်လာသာ အားရှိလိုက်တာတော် "
မအိမ်ကံက ရင်ထဲ ရှိသမျှ စကားတွေကို ကတွတ်ရေပွင့် တရစပ်ကြီး ပြောနေခြင်း ဖြစ်ပါ၏။ မောင်မြတ်သာ ကတော့ နှမဖြစ်သူကို အလိုက်သင့် ဖက်ထားရင်း ခေါင်းကလေးကို ပွတ်နေမိသည်။ နှမကလေး အရွယ်ရောက်ပါပြီ ဆိုကတည်းက မောင်ကြီး တစ်ယောက် အနေဖြင့် ရင်အုပ်မကွာ စောင့်ရှောက်ခဲ့ရ။ မိန်းကလေး တန်မဲ့ မိအို၊ ဖအိုတို့ကို ကျွေးမွေး ပြုစု စောင့်ရှောက်ရုံမက သူ လိုသမျှ၊ သူ တောင်းခံသမျှ အကူအညီကို ရက်ရက် ရောရော ရှိရှာသော မိန်းကလေး။
တစ်သက်လုံး နိုင်ငံ့ အရေးဖြင့် ရုန်းထွေးရင်း နှလုံးသားတွေ ကြမ်းနေခဲ့သော ဗိုလ်ကလေး မြတ်သာ တစ်ယောက် နှမကလေးကို ပိုက်ထွေးရင်း မျက်ရည်များပင် လည်လာ မိတော့၏။ ပြီးတော့မှ အိမ်မကြီးဘက် နှမကို ဖက်ရင်း လျှောက်လာခဲ့သည်။ မောင်မြတ်သာနှင့် မအိမ်ကံ ၀ိုင်းမှာ တစ်ယောက် တစ်ယောက် ဖက်နေကြတာကို ဖျတ်ခနဲ မြင်လိုက်ရသော မလှအုံက ကျုံးအော်တော့သည်။
"ဟဲ့... လာကြပါဦး။ ဂျပန်စစ်ဗိုလ် မအိမ်ကံကို ဆွဲလွဲနေ ပါကောလား။ လုပ်ကြပါဦး မောင်ပြေသိမ်း။ မောင့်နှမ ဂျပန်စစ်ဗိုလ်က အတင်းဆွဲ နေလေရဲ့..."
မလှအုံ အော်သံကြောင့် အမေပန်းရုံကော ကိုပြေသိမ်းပါ စိုးရိမ်တကြီး ပြေးထွက်လာကြသည်။ ဂျပန်စစ်ဗိုလ်က မအိမ်ကံ ပခုံးကို ဖက်လျက်။ အမေပန်းရုံခမျာ ဟပ်ထိုး လဲလုမတတ် ကြောက်လန့် သွားရှာသည်။ ကိုပြေသိမ်းက ၀ိုင်းဝကို ပြေးထွက် လာခဲ့၏။ မောင်မြတ်သာမှန်း သိတော့ ၀မ်းသာ သွားရှာသည်။
"သခင်မြတ်သာ..."
"သခင်ပြေသိမ်း..."
မောင်မြတ်သာက ပြေးလာသည့် ကိုပြေသိမ်းကိုပါ လက်တစ်ဖက်က သိုင်းဖက်ရင်း လျှောက်လာခဲ့သည်။ ဂျပန်စစ်ဗိုလ်က အလယ်က။ တစ်ဖက်မှာ မအိမ်ကံ၊ တစ်ဖက်မှာ ကိုပြေသိမ်း။ ဘယ့်နှာပါလိမ့်။ မလှအုံက အံ့သြခြင်းကြီးစွာ ငေးနေသကဲ့သို့ အမေပန်းရုံကလည်း မျက်လုံးကလေးတွေ မှေးကာ အကဲဖမ်း နေရှာပါ၏။ မောင်မြတ်သာက နှမနှင့် ကိုပြေသိမ်းကို လွှတ်လိုက်ပြီး ဒေါ်ပန်းရုံဘက် လျှောက်လာခဲ့သည်။
"အမေပန်းရုံ ကျွန်တော်ပါ။ မောင်မြတ်သာရယ်"
"အလိုတော် မထိတ်သာ မလန့်သာ ငါ့သားရယ်။ ဟဲ့ လှအုံ ဖအေကြီး နောက်ဖေးမှာ သွားပြောစမ်း"
"အံမယ်လေး မောင်မြတ်သာရယ်၊ ငါ့ဖြင့် ရင်ကို တုန်သွားသာပဲ။ မင်းလာလိုက်ရင် အမြဲတမ်း အထိတ်တလန့် ရှိရသာ ချည်းပါပဲလား ငါ့မောင်ရယ်"
အမေပန်းရုံက ဂျပန်စစ်ဗိုလ် အ၀တ်အစား ၀တ်ထားသည့် သားကို ခြေဆုံးခေါင်းဆုံး ကြည့်နေခဲ့သည်။ ဖအေဦးသာထန် ပြောသလို လူတကာ မျက်မုန်း ကျိုးနေသည့် ဂျပန်စစ်ဗိုလ်များ ဖြစ်နေရော့လားလို့ တွေးနေမိသည်။ အိမ်ထဲမှာ ထိုင်မိကြတော့ သူကြီး ဦးသာထန်လည်း ရောက်လာခဲ့ပါ၏။ ဂျပန်ခေတ် ဘီဒီ အေ အ၀တ်အစားကလည်း ဂျပန် စစ်ဝတ်စစ်စားနှင့် မကွာလှပါ။ ဦးထုပ်တွင် အ၀ါရစ် ပတ်ထားပြီး ရှေ့တွင် အ၀ါရောင် ငါးမြှောင့်ပြားပေါ်တွင် ထောင့်ငါးထောင့် အစိမ်းရောင် ကြယ်တစ်ပွင့် ပါသည်။ အင်္ကျီကော်လာမှာတော့ ဒေါင်းရုပ် တံဆိပ်။ ဘယ်ဘက် ရင်အုံပေါ်မှာတော့ ငွေရောင်ရာထူး အဆင့် အတန်းပြ ဘားတန်းနှင့် ရာထူးပြ ကြယ်ပွင့်များ။
"ဘီဒီအေတပ်က သည်လို ၀တ်စုံဝတ်ရသာ အဖေ။ ရာထူးတွေတောင်းကြ၊ လုကြ။ မရလို့ ဆူကြ၊ ပူကြနဲ့ပါဗျာ။ တို့ဗမာ သခင်တွေကို သခင်မြတို့၊ သခင်ဗစိန်တို့၊ သခင်ထွန်း အုပ်တို့က ရာထူးခေါ်ပေး ကြလို့သာကိုး။ လွတ်လပ်ရေး အတွက် ထောင်ကျခံ၊ အဆင်းရဲ ခံရသူတွေခမျာ နောက်တန်း ရောက်နေ ကြရသယ်။ ရာထူး မရလို့ သတ်မယ် ပုတ်မယ်တွေ ကလည်းတစ်မျိုး။ အခွင့်အရေး သမားတွေကလည်း တစ်မျိုး"
"နို့...ငါ့သားက ဘီဒီအေ စစ်ဗိုလ်ဆို စစ်များတိုက်နေရ ဦးမှာလားကွာ"
"မတိုက်ရပါဘူး အဖေရာ။ အင်္ဂလိပ် ပြန်ဝင်လာရင် ကာကွယ်ရမယ့် တပ်အဖြစ် ဂျပန်က ဖွဲ့ခွင့် ပေးထားသာပါ။ ကျွန်တော်တို့မှာလည်း ရည်ရွယ်ချက် ရှိသေးသာကိုး အဖေရဲ့။ သဘောကတော့ ကျွန်တော်တို့ရော မောင်ပြေသိမ်းတို့ အာရှလူငယ် အစည်း အရုံးကပါ တစ်ချိန်မှာ ပေါင်းစည်းပြီး အားယူထားတဲ့ သဘောပဲ"
အဖေနှင့် စကားတအောင့် ခဏပြောပြီး မောင်မြတ်သာက အ၀တ်အစား လဲလှယ်ကာ ထမင်းစားသည်။ ကိုပြေသိမ်းရော အစ်ကိုဖြစ်သူတို့ပါ ရှိနေကြသဖြင့် တစ်အိမ်လုံး ၀မ်းသာ နေကြသလို မအိမ်ကံလည်း ပျော်သည်ပင်။ ဖိုးကူးကတော့ ကိုကြီး မြတ်သာ အနားက မခွာတော့။ ကိုကြီးမြတ်သာကို အင်္ဂလိပ် မျက်နှာဖြူတွေကို မောင်းထုတ် လိုက်နိုင်သော ဧရာမသူရဲကောင်းကြီး အဖြစ် အထင်ကြီး၍ မဆုံးတော့။ ကိုဖိုးငွေကတော့ မောင်မြတ်သာ ခါးကြားက ပြောင်းတိုကိုကြည့်ကာ မောင်မြတ်သာလည်း ဖအေလို သေနတ်ဆု ရလာသည် ထင်နေပါ၏။ "ငါ့ညီသေနတ်တော့ မသိဘူး။ ဦးလေး သေနတ်ကဖြင့် ရွာ ဓားပြတွေ ၀င်တုန်းက တစ်ခါလားပဲ ဖောက်လိုက်ရရဲ့" ဆိုလို့ ဦးသာထန်က တူဖြစ်သူကို ဇက်ပိုး လှမ်းအုပ်လိုက်သည်။
"အဖေ့ သေနတ် ဂျပန်တွေ သိမ်းသွားတဲ့ သတင်း ကျွန်တော် ကြားပါသယ်။ အန္တရာယ်ကင်းတာပေါ့ အဖေရာ။ အင်း... ကံကလေးလည်း ကံကောင်းလို့ ပါလားကွယ်"
မတွေ့ရသည့် နှစ်တွေ အတွင်း အစ်ကို အတော်ကြီး ရင့်ကျက်သွားခဲ့ပြီ။ ခါတိုင်းလို ပုန်းလျှိုးကွယ်လျှိုး ဘ၀ဖြင့် ရွာကို ရောက်လာရခြင်းမျိုး မဟုတ်သဖြင့် သည်တစ်ချီတော့ သားအဖ တစ်တွေ လွတ်လွတ် လပ်လပ် ပျော်ပျော်ကြီး နေခွင့်ရတာကိုပဲ မအိမ်ကံ ၀မ်းသာလို့မဆုံး။ အစ်ကိုမောင်မြတ်သာက သည် တစ်ခေါက် ရွာမှာ ရက်နည်းနည်းတော့ နေခွင့်ရသည် ဆိုပါ၏။ ကိုပြေသိမ်းကလည်း အ၀တ်အစားတွေ တစ်အိတ်ကြီး ပါလာခဲ့သည်။ ရက်ကြာကြာ နေမည့် သဘော ထင်ပါရဲ့။
သည်ရက်တွေ ထဲမှာတော့ မအိမ်ကံတို့အိမ်မှာ လူတွေ တရုန်းရုန်းနှင့် ပျော်စရာ ကောင်းနေခဲ့သည်။ ညဘက်တွေမှာ အိမ်အောက်ထပ်တွင် စုကြပြီး စကားတွေ ပြောဖြစ်ကြသည်။ မအိမ်ကံကတော့ နားထောင်လို့ပင် မငြီးနိုင် ရှိရပါ၏။ ကိုပြေသိမ်း ပြောပြသည့် အတွေ့အကြုံတွေကလည်း ဆန်းကြယ်လှပါ သည်။ အစ်ကို ပြောပြသည့် နိုင်ငံရေး အတွေ့အကြုံ၊ တိုက်ပွဲ အတွေ့အကြုံတွေကလည်း ရင်တုန်စရာ ကောင်းလှပါ၏။ စကားလက်ဆုံ ပြော၍ပဲ မကုန်နိုင်ကြ။ ဦးသာထန်သည်ပင်လျှင် သည်ရက်ထဲမှာ အတော်ကလေး ထူထူထောင်ထောင် ရှိလာခဲ့သည်။ တစ်လျှောက်လုံး သားဖြစ်သူကို အလိုမကျ ဖြစ်ခဲ့ရသမျှ သည်တစ်ခေါက်မှာတော့ သားကို အရိပ် တကြည့်ကြည့်နှင့်။ "လူကလေး" ဆိုတာကလည်း ပါးစပ်ဖျား ကမချ။ မအိမ်ကံ စိတ်များ ချမ်းသာချက်တော့။
တစ်ရက်မှာတော့ ကိုပြေသိမ်း တစ်ယောက်တည်း အနောက်ရွာတွေဘက် ခရီးထွက်သွားခဲ့သည်။ အိမ်ကလှည်းနှင့် ဖိုးကူးက မောင်းပို့ခြင်း ဖြစ်သည်။ အစ်ကို မောင်မြတ်သာကလည်း မမစိမ်းမြတို့ အိမ်ဘက် ရောက်နေခဲ့သည်။ အမေပန်းရုံက မအိမ်ကံကို အနားထိုင်စေကာ မိသားစု ကိစ္စတွေ ပြောပြခဲ့ လေသည်။
"ငါ့သမီးလည်း အရွယ်ရောက်နေပြီ ဆိုတော့ အမေ့မှာ ပြောစရာ၊ တိုင်ပင်စရာဆိုလို့ သမီးပဲရှိသယ်။ သည်လို သမီးရဲ့။ သည်တစ်ခေါက် ညည်းအစ်ကို ပြန်လာသာ အကြောင်းရှိ သယ်အေ့။ စိမ်းမြကို မိသားဖသား ပီပီ တောင်းရမ်းပေးပါလို့ ပြောလှာသယ်။ သူတို့သူငယ်ချင်း မေတ္တာရှိကြဆိုလား။ အမေတို့ကလည်း မတားသာပါဘူးအေ။ ခမျာ အရွယ်လည်း ရရှာပါပြီ။ ကိုယ့်ရွာ သူပြန်လာသာပဲ တော်လှပြီ အောက်မေ့ရသာ။ လူကလေးခမျာလည်း အိမ်ပစ် ရာပစ် နေရသာ များလှပြီ ဆိုတော့ သားမယား သံယောဇဉ်လေးနဲ့ ခြေပြန်ချုပ်လိမ့်မယ် ထင်ရသာပဲ"
မအိမ်ကံ ကြားထားတာတွေ အမှန်ပါပဲလား။ အစ်ကို မောင်မြတ်သာနဲ့ မမစိမ်းမြ ဘယ်တုန်း ဘယ်အခါကများ မေတ္တာရှိနေ ကြတာပါလိမ့်။ ရွာမကပ်ရသော အစ်ကိုက ရွာ့အပျိုကို ဘယ် အချိန်ကများ လှစ်ခနဲ ပိုးလိုက်တာပါလိမ့်။ မအိမ်ကံတွေးရ သလောက်တော့ ကိုယ့်ရွာ သူရွာသားချင်း ခင်မင် ရင်းစွဲရှိတာက လွဲလို့ ထင်းခွေရင်းလည်း မကြုံ၊ ရေခပ်ရင်းလည်း မကြုံနိုင်ပါဘဲလျက် အစ်ကိုထွက်ပြေးရစဉ်က မမစိမ်းမြတို့ ရက်ကန်းရုံပေါ် နှစ်ညတာ ခိုအောင်းခဲ့စဉ်က တွယ်ငြိခဲ့သော သံယောဇဉ်ပဲ ဖြစ်လိမ့် မည်ထင်၏။ ရွာက တီးတိုးတီးတိုး သဖန်းပိုးပြောတာ ကြားတယ်လို့ ကျေးဥကတော့ ပြောသား။ ဘာပဲဖြစ်ဖြစ် မအိမ်ကံ ၀မ်းသာပါသည်။ မမစိမ်းမြလို မိန်းကလေးနှင့် သဘော မတူစရာ မရှိ။ အိမ်တွင်းရေး နိုင်နင်းသည်။ တောအလုပ် တောအကိုင်များတော့ ကျားစီးဖားစီး လုပ်နိုင်သည်။ မမစိမ်းမြကို ယောက်မတော်ရမှာ ဆိုတော့ သမီးယောက်မ တုပစရာ မရှိ။
"သည်တစ်ခေါက်ပဲ အပြီး ယူကြတော့မှာလား အမေပန်းရုံ"
"တောင်းရမ်းပေးပါ ဆိုတော့ ယူကြရုံပေါ့။ တောင်းရမ်းသာက သတ်သတ်၊ မင်္ဂလာဆောင်မှာက သတ်သတ် လုပ်နေဖို့လည်း လူကလေးမှာ အချိန်မရှိဘူး ထင်ပါရဲ့အေ။ အဲသာ ငါ့သမီးကို အသိပေးသာ"
သြော်... အစ်ကို အိမ်ထောင်ပြုတော့မှာပါလား ဆိုသည့် စိတ်ကလေး ၀င်လာတော့လည်း မအိမ်ကံ ၀မ်းနည်းရပါ၏။ သည်အစ်ကိုနှင့် သည်နှမ တစ်ဘ၀ ၀အောင်ပင် မနေလိုက်ရသလို ရှိခဲ့ရတာ မဟုတ်လား။ မအိမ်ကံ လူမှန်း သိရပြီဆိုကတည်းက အစ်ကိုက မြင်းခြံကို ရောက်နေခဲ့သည်။ မြင်းခြံမှာ ကျောင်းတက်ရင်းကပဲ နိုင်ငံရေးနယ်ထဲ ရောက်သွားခဲ့သည့် အတွက် ပိုလို့ပင် ဝေးခဲ့ရပါ၏။ တစ်ခါတစ်ရံ အဆက်အသွယ် လေးရသည့်အခါ ရတာက လွဲလျှင် ကိုယ့်အိမ် ကိုယ့်ရွာရယ်လို့ မကပ်နိုင်ခဲ့တာက ခပ်များများ။ အဖေ အသက်ရလာတော့ အစ်ကို့ကို မအိမ်ကံ မျှော်မိခဲ့သည်။ သည်အိုး၊ သည်အိမ်၊ သည်စည်းစိမ်တွေကို စောင့်ရှောက်ဖို့ ယောက်ျားသားရယ်လို့ အစ်ကို့ကို မျှော်မိခြင်းဖြစ်သည်။ အဖေနှင့်အမေကတော့ ရွာမှာ သြဇာရှိကြသေးသည့် အတွက် အများက အရိုအသေ ရှိကြသည် မှန်ပါ၏။ သို့သော် သည်အဖေ၊ သည်အမေ မျက်စိမှိတ်ကြပြီဆိုလျှင်တော့ မအိမ်ကံ တစ်ယောက်တည်း ရှိရတော့မည်။ အခု တော့ မအိမ်ကံမှာလည်း ချစ်သူရှိခဲ့ပြီ။ မအိမ်ကံ့ ဘ၀မှာ သူစိမ်း ၀င်လာသလို အစ်ကို့ဘ၀မှာလည်း သူစိမ်း ၀င်ခဲ့ပြီ။ သည်လိုဆိုတော့လည်း အစ်ကို့ကို ရွာမှာပဲ ရှိစေချင်ပါ၏။ အစ်ကိုကြီးတော့ အဖအရာ ဆိုသလို မအိမ်ကံ တစ်သက်လုံး အစ်ကို့ကို ရှိခိုးဦးတင် ထားချင်သည်။ အစ်ကိုကကော ရွာမှာ နေပါဦးမလား။
"အစ်ကို မင်္ဂလာဆောင်သာတော့ ဟုတ်ပါပြီ။ မမစိမ်းမြနဲ့ ယူပြီးရင် ရွာမှာ နေမှာသဲ့လား အမေ"
သမီး မေးလိုက်သည့် မေးခွန်းကို ဒေါ်ပန်းရုံ သိပါ၏။ ဇောင်ချမ်းကုန်းမှာ မအိမ်ကံ တစ်ယောက်တည်း နေရမည့်ရက်တွေကို မျှော်မှန်းကာ မေးလိုက်သာ မဟုတ်လား။ သမီး မေးလိုက်တော့လည်း ဒေါ်ပန်းရုံ မျက်ရည်ဝေ့ရသည်။ သမီးပျို အားငယ်နေရော့လား။
"လောလောဆယ်တော့ မင်္ဂလာဆောင်ပြီးရင် စိမ်းမြကို ခေါ်သွားနိုင်ဦးမယ် မဟုတ်ပါဘူး။ သူတောင် ဘယ်လိုနေလို့ ဘယ်လို စားနေသလဲ မသိရသဲ့ဟာ။ စိမ်းမြတော့ အမေတို့ပဲ ခေါ်ထားမလို့။ သမီး သဘောကကော"
"မမစိမ်းမြ သည်လာနေတော့ သမီးလည်း အဖော်ရသာပေါ့ အမေရယ်။ မမစိမ်းမြက သူ့ရက်ကန်းရုံနဲ့၊ သူ့မိ သူ့ဖနဲ့ သိုက်သိုက် ၀န်းဝန်းကြီး နေနေတဲ့ဟာ မအိမ်ကံတို့အိမ် လိုက်နေ ပါ့မလား အမေ။ အစ်ကို့ကို သူ့အိမ် ခေါ်သွားရင်ကော"
"ညည်းအစ်ကို သဘောပေါ့အေ"
အမေပန်းရုံ ထသွားတော့ မအိမ်ကံ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ဘ၀တွေကလည်း ဆန်းကြယ် လှပါလားလို့လည်း တွေးမိပါ၏။ တကယ်တမ်း ကျတော့ ကိုယ့်ကိစ္စတွေနဲ့ ကိုယ်၊ ကိုယ့်ဘ၀နဲ့ကိုယ်၊ ကိုယ့်ခရီးနဲ့ ကိုယ်။ ကံအလှည့်သင့်ရာ သွားနေကြသူတွေချည်းပင်။ မအိမ်ကံ ကိုယ်တိုင်ပင် တစ်ရွာသား၊ တစ်မြို့သားကို မေတ္တာကမ်း ခဲ့ပြီးလေပြီ။ ကိုပြေသိမ်းကကော မအိမ်ကံနှင့် အိမ်ထောင်ပြုပြီးလျှင် ဘယ်မှာနေမှာတဲ့တုံး။ သူ့ရွာ ထနောင်းတိုင်ကို ခေါ်သွား မှာလား၊ မြို့ကိုခေါ်သွားမှာလား။ ဇောင်ချမ်းကုန်းလို ရွာမှာကော ဘ၀ပုံပြီး နေနိုင်မှာတဲ့လား။ ဇောင်ချမ်းကုန်းရွာမှာ ကျောင်းဆရာ လုပ်ရတုန်းတော့ နေချင်နေမှာပေါ့။ မနေချင်တော့ပါဘူး ဆိုသည့် အချိန် သျှောင်နောက် ဆံထုံးပါရတော့မည်။ သည်မြေ၊ သည်ရေ၊ သည်လေ၊ သည်ဘိုးဘွား ဇာတိရပ်ရွာကို မအိမ်ကံကော ထားရစ်ခဲ့နိုင်ပါ့မလား။ သည်တော၊ သည်ယာ၊ သည်စိုက်ခင်းများ၊ သည်သစ်၊ သည်ဝါး၊ သည်ထန်းတောများကို လင့်တစ်မျက်နှာနှင့် ချိန်ခွင်တင် ချိန်ရတော့မှာပါလား။ သည်လိုဆိုလျှင်တော့ မအိမ်ကံ မလိုက်ချင်ပါ။ အဖေနှင့် အမေတို့ အသက် အရွယ်ရလို့ ဖွ မတိုင်းကောင်း တိုင်းကောင်း မျက်စိမှိတ်ကြပြီ ဆိုဦးတော့ အဖေ့ရွာ၊ အမေ့ရွာ၊ ကိုယ့်ဇာတိရွာကို မအိမ်ကံ မထားရစ်ခဲ့နိုင်ပါ။ သည်ရွာကခွာလို့ တခြားတစ်ပါးမှာ ချမ်းသာကြွယ်ဝ ဘ၀ လှစေဦးတော့ ထိုသို့သော ဘ၀ကို မအိမ်ကံ တစ်ဆံခြည်စာမျှ မမက်ပြီ။
"ကိုပြေသိမ်းကို သည်ကိစ္စလေး ပြောထားရဦးမှာပါလား။ ခုရှုပ်မှ နောင်ရှင်း။ မသကာ သူ့ဆွေမျိုး၊ သူ့မိ၊ သူ့ဖ၊ သူ့ရွာ၊ သူ့ပြည် လိုက်ရစေဦးတော့ ခဏတစ်ဖြုတ်ပဲ ဖြစ်ရမှာပေါ့။ အရှည်သဖြင့်တော့ အဖြစ်မခံနိုင်ပါဘူး"
မအိမ်ကံ တွေးနေမိခြင်း ဖြစ်သည်။ ယောက်ျားသား ဆိုတာ ချစ်တုန်းတော့ လုံးလုံး၊ မုန်းပြန်တော့ လားလားမဟုတ်လား။ သည်ကတိစကားကိုမှ ကိုပြေသိမ်း မပေးနိုင်လျှင် ရှိစေတော့လို့သာ ပိုင်းဖြတ်မိရပါ၏။ ကိုပြေသိမ်းကကော လိုက်လျောပါ့ မလား။ မအိမ်ကံ တောင်းဆိုတာကကော တရားရဲ့လား။ ကိုယ်ကမှ သူ့ရွာ သူ့ပြည် မလိုက်နိုင်ဘူး ဆိုမှတော့ သူကကော ကိုယ့်ရွာ ကိုယ့်ပြည်မှာ ရိုးမြေကျ နေနိုင်ပါ့မလား။ အခုပဲကြည့် လေ။ မိသားစုထဲမှာ သည်အိမ်ကြီးထဲမှာ ဖြစ်လာသည့် အကြောင်းတွေက မအိမ်ကံ တစ်သက် မစဉ်းစားခဲ့တာတွေ ချည်းပင်။ သည်အချိန်အထိတော့ မိသားစု အသိုက်မပျက်နေနိုင် ကြသေးသည်။
သည်အဖေ၊ သည်အမေ၊ သည်အစ်ကို၊ သည်နှမ ဘယ် လောက်များ အတူနေခွင့် ရကြ မှာပါလိမ့်။ အစ်ကိုနှင့်မမစိမ်းမြ တို့ အိမ်ထောင်ကျကြပြီ ဆိုပါတော့။ သူ့အိုး၊ သူ့အိမ်၊ သူ့ဘ၀ သူ့မိသားစု အရေးတွေထက် ဘယ်ဟာကများ အရေးကြီး တော့မှာလဲ။ မအိမ်ကံက ကော။ သားသမီးတွေ ပွားစီး လာကြဦးမည်။ သားရေး သမီးရေးတွေ ရှိလာလိမ့်မည်။ မအိမ်ကံသည်လည်း အမေပန်းရုံလို မိခင်နေရာက ရှိလာရတော့မည်။ မအိမ်ကံ ကလေးလို နေချင်လို့ ရတော့မည် မဟုတ်။ မအိမ်ကံကို အမေ ပန်းရုံက အုပ်ထိန်းခဲ့သလို မအိမ်ကံမှာလည်း သားသမီး တာဝန်တွေ တသီကြီး ထမ်းရတော့မည်။ သားသမီးလို့ စဉ်းစားမိတော့ မအိမ်ကံရင်ထဲက အနာဟောင်းသည် အိုင်းအနာလို ဖူးဖူးကြီး ရောင်လာရပြန်ပါ၏။ သည်ဘ၀မှာ သူအဖြစ်ချင်ဆုံးသော ရွာ့ကွမ်းတောင်ကိုင် ဘ၀နှင့် ဖက်စိမ်း ကွမ်းတောင်ကြီးကို မကိုင်ခဲ့ရတာကို သူ ကြေကွဲမဆုံး ရှိခဲ့ရသည်။ သည်နစ်နာမှုကို မအိမ်ကံ ကိုယ်တိုင်က ရှုံးနိမ့်မှု အဖြစ် ခံယူထားသည်။ ဘယ်သူ့ကို ရှုံးခဲ့တာလဲ ဆိုတော့လည်း တရားခံ ဆွဲပြစရာ မရှိ။ ကံကြမ္မာကို ရှုံးနိမ့်ခဲ့ရတာလို့ ပြောချင်လည်း ပြောနိုင်ပါ၏။ သို့သော် အနားမှာရှိသည့်လူ ဆွဲပြသည်ပဲ ဆိုဆို ရွှေမှုံ့ကို သူ ရှုံးနိမ့်ခဲ့ရသည်လို့ပဲ စိတ်ထဲ တေးထားခဲ့သည်။
"ရွှေမှုံ့ထက်သာတဲ့ ဘ၀ကို ငါ ရရမယ်။ ငါ ကွမ်းတောင်ကိုင် မဖြစ်ခဲ့တာထား။ ငါက မွေးတဲ့ ငါ့သမီးက ဇောင်ချမ်းကုန်းရွာ ကွမ်းတောင်ကိုင် ဖြစ်ကိုဖြစ်ရမယ်။ ဆရာကတော် မအိမ်ကံရဲ့ သမီးက ဖက်စိမ်းကွမ်းတောင် ကိုင်ရမှကို ဖြစ်မယ်"
မအိမ်ကံရင်ထဲမှာ အပူငွေ့များဖြင့် ဗလောင်ဆူလျက် ရှိသည်။ ကွမ်းတောင်ကိုင် မဖြစ်ခဲ့ရသည့် ကိစ္စ ခေါင်းထဲဝင်လာတော့ ဒေါသစိတ်တွေ တငွေ့ငွေ့ အူရပြန်ပါ၏။ အဖေနှင့်အမေတို့ အကြောင်းတွေးမိတော့ စိတ်မချမ်းသာ။ အစ်ကို့အကြောင်း တွေးမိတော့လည်း နှမြောမိသလိုလို၊ တွန့်တိုမိသလိုလို။ ကိုယ့် ဘ၀ ကိုယ့်အကြောင်း အတွေး ရောက်ပြန်တော့ နာကြည်းခံပြင်း မိရသည်။ သည်တစ်ထိုင်တည်းမှာပဲ မအိမ်ကံ စိတ်တွေ ခုနစ် ထွေအကလို ဘီလူးဖြစ်လိုက်၊ မျောက်ဖြစ်လိုက်။ မအိမ်ကံ ရက်ကန်းရုံဘက် ထွက်လာခဲ့သည်။ ရက်ကန်းသမကလေးတွေ ဆီက သီချင်းညည်းသံတွေ ကြားနေရသည်။ သူတို့များတော့ လည်း အပူအပင် မရှိကြသလိုပါပဲလား။
တစ်မနက်။
မအိမ်ကံ အိမ်ပေါ်မှာ ဘုရားပန်း လဲနေခဲ့သည်။ ရေကြည် သန့်သန့်တစ်ပုံး ဘုရားစင်ရှေ့တည်ကာ ဘုရားပန်းတွေ စိုက်ထားရင်း ပန်းဟောင်းတွေကို စွန့်သည်။ အနောက်တောဘက် မျိုးမြေပဲ သွားတင်ရင်း ဖိုးတုတ် ချိုးလာခဲ့သော အင်ကြင်းနီ ရိုးတံရှည်တွေကို တစ်တက်ချင်းရွေးကာ ရွက်ရင့်တွေ ခြွေသည်။ ပြီးတော့မှ ညောင်ရေအိုး သုံးလုံးကို ရေသန့်လဲကာ အမျှစီထိုးရပါ၏။ ပန်း၊ ရေချမ်းပါ ကပ်ပြီး အထမှာတော့ အစ်ကိုမောင်မြတ်သာကို မြင်လိုက်ရသည်။
"အစ်ကို ဘာလိုချင်လို့လဲ"
"ဘာမှ မလိုပါဘူး ကံကလေးရယ်။ အစ်ကို ငါ့နှမနဲ့ စကားပြောချင်လို့ပါ"
မအိမ်ကံ အစ်ကို့ အပါးမှာ ထိုင်ရပါ၏။ သည်တစ်ခေါက် အစ်ကို ရောက်လာခဲ့သော်လည်း မောင်နှမချင်း တစ်ခါမျှ စကားလက်ဆုံ မကျသေးပါ။ အစ်ကိုနှင့် ကိုပြေသိမ်းတို့ နှစ်ယောက်စလုံး ရွာစဉ်လှည့်ကာ အလုပ်တွေ များနေကြတာ လည်းပါသလို ညဘက်ရောက်တော့လည်း စကားဝိုင်းဖွဲ့နေ တတ်ကြသည် မဟုတ်လား။ ဘယ်အချိန် အိပ်ရာဝင်လို့ ၀င်ကြမှန်းပင် မသိပါ။ ညဥ့်ကလေး နက်လာလျှင် မအိမ်ကံနှင့် ကျေးဥတို့က အိမ်ပေါ်တက်ကြမြဲ။ သမီးရည်းစား ရယ်လို့လည်း ကိုပြေသိမ်းအနား မအိမ်ကံ မကပ်ရဲပါ။ မိဘမောင်ဖားများရှေ့မှာ အနေအထိုင် သိုသိပ်ရတာကလည်း မအိမ်ကံတို့ မိန်းကလေးများ စောင့်ထိန်းရမည့် ဣနြေ္ဒပဲ မဟုတ်လား။
အစ်ကိုက မအိမ်ကံနှင့် ဘေးတိုက်အနေအထားမှာ ထိုင် ရင်း ဘာတစ်လုံးမျှ မပြောသေးပါ။ မအိမ်ကံကလည်း အစ်ကို ဘာတွေ ပြောမှာပါလိမ့်လို့ တွေးမနေတော့ပါ။ မအိမ်ကံစိတ်ထဲ သိနေသလိုလိုပင်။ ကိုပြေသိမ်းအကြောင်း ပြောကြရုံကလွဲလျှင် အခြား ဘာမျှမရှိနိုင်။ အစ်ကို့မျက်နှာကို မအိမ်ကံ စိုက်ကြည့်နေ လိုက်သည်။ အစ်ကို့မျက်နှာက နိုင်ငံရေးဆွေးနွေးတော့မည့် မျက်နှာမျိုး။ မျက်နှာက တည်ကြည်လွန်းလှသည်။ နှမဖြစ်သူ ကို ဘယ်စကားက စပြောရမှန်းမသိသလို တအောင့်တော့ အားယူနေပုံရပါ၏။
"ကံကလေး အစ်ကို ရေးလိုက်သဲ့စာ ဖတ်ပြီးပြီလို့ အစ်ကို ထင်သယ်။ ငါ့နှမသဘော မသိရပေမယ့် အစ်ကိုကတော့ ငါ့နှမ လက်ခံလိမ့်မယ်လို့ တွက်ပါရဲ့။ ကံကလေးလည်း အရွယ်ရပြီ။ အဖေကလည်း အသက်ကြီးရှာပြီ။ အမေပန်းရုံ ခမျာလည်း နဲ့ရှာပြီ။ အစ်ကိုဆိုသာတော့ တာဝန်တွေ မဲ့သလို ဖြစ်နေရသာလည်း သိပါရဲ့။ အစ်ကို့ ခံယူချက်ကတော့ တိုင်းပြည် လွတ်လပ်ရေးရမှပဲ နားမယ် စိတ်ကူးသယ်။ နှမအတွက် တော့ဖြင့် ရောက်လေရာမှာ ပူပန်မိသာ အမှန်ပါ။ နှမကို အိမ်ထောင်ရက်သား ချထားပေးချင်တယ်"
"အစ်ကို့စာ ဖတ်ပြီးပါပြီ အစ်ကို။ မအိမ်ကံ မှန်သာပြော ပါရစေတော့။ ကိုပြေသိမ်းကလည်း မအိမ်ကံကို မေတ္တာစကား ပြောပါသယ်။ မအိမ်ကံကလည်း..."
သည်စကားရောက်တော့ မအိမ်ကံ ရှေ့မဆက်ရဲ။ အစ်ကိုက ခေါင်းကြီး တစ်ဖက်စောင်းကာ နားထောင်နေပါ၏။
"မအိမ်ကံကလည်း လက်ခံလိုက်သယ် အစ်ကို။ အမေတို့တော့ မပြောရသေးပါဘူး။ ဒါပေသိ..."
"ပြောပါ ငါ့နှမ ရင်ထဲရှိသာပြော"
"မအိမ်ကံ ရွာက ခွာရမှာ စိုးသယ်။ အဖေတို့ အမေတို့ကို ခွဲရမှာစိုးသယ်။ ကိုပြေသိမ်းကိုတော့ ဒါတွေ မပြောရသေးပါဘူး"
"နွားကောင်းမကောင်း ချောင်းတက်မှသိ၊ လူကောင်း မကောင်း ပေါင်းဖက်မှသိ ဆိုသလိုပဲ။ မောင်ပြေသိမ်း အကြောင်းတော့ အစ်ကို သိသင့်သလောက် သိပါသယ်။ နှမလေး စိတ်ထဲရှိသာ ပြောပြပေါ့။ တစ်ခုတော့စဉ်းစားပေါ့ ကံကလေးရယ်။ ပညာတတ်၊ ကျောင်းဆရာ၊ နိုင်ငံရေးသမား တစ်ယောက် ရွာမှာပဲ အရိုးထုတ်ဖို့တော့ ခက်ရှာမှာပေါ့။ လူက ဗွေတစ်ရာ ကြာတစ်လုံး ဆိုသူမျိုးဟ။ ရှားသယ်"
မအိမ်ကံ အစ်ကို့ကို မရှက်နိုင်တော့ပါ။ အစ်ကိုကလည်း သဘောတူသည်။ မအိမ်ကံကလည်း မေတ္တာရှိပြီ ဆိုမှတော့ အဖေနှင့်အမေတို့ခမျာ သဘောမမျှစရာ မရှိနိုင်။ အစ်ကိုကတော့ ဗွေတစ်ရာ ကြာတစ်လုံး ဆိုနေပါပကော။ မအိမ်ကံက ခေါင်းကလေး ငုံ့ထားလိုက်သည်။ အစ်ကို့ဆီကလည်း အသံ မထွက်။ တစ်အောင့်နေတော့မှ အစ်ကို့အသံကြားရသည်။
"အဖေနဲ့အမေကို အစ်ကို ပြောလိုက်ပြီ"
"အစ်ကိုရယ်..."
အစ်ကို့ကို မအိမ်ကံ အလန့်တကြား မော့ကြည့်လိုက်သည်။ အမေပန်းရုံ ကိုယ်တိုင်က မအိမ်ကံကို အိမ်ထောင်ချထားဖို့ တစ်လောတုန်းကပဲ ပြောခဲ့သည်။ သမီးခေါင်းထဲ ရောက်နေ စေချင်လို့ပါ ဆိုသည့် စကားကလွဲလို့ ဘယ်သူဘယ်ဝါ မပြောခဲ့။ အဲသလိုလည်း လူကောင် မတ်တတ်ရှိကြပုံမပေါ်။ အခုတော့ အစ်ကိုက အဖေတို့ အမေတို့ကို ပြောလိုက်ပြီ ဆိုပါပကော။ အမေ့မျက်နှာကို ဘယ်လိုကြည့်ရပါ့။ အဖေ့အနား ဘယ်လို သွားရပါ့။ အဖေတို့ အမေတို့ကို တစ်ရက်ရက်မှာ ပြောရမည်ကို သိထားပေသိ သည်လောက်ကြီး မြန်မြန် မသိစေချင်။ အစ်ကို ကကော ဘယ်လို ပြောလိုက်တာပါလိမ့်။ မအိမ်ကံ အစ်ကို့ကို မော့ကြည့်လိုက်သည်။
"မောင်ပြေသိမ်းက ကံကလေးကို မေတ္တာရှိနေသဲ့ အကြောင်း ပြောထားသာပါ။ အဖေကတော့ ငါ့သားပဲ သင့်တော်သလို စီမံပါတဲ့။ အဖေတို့ အမေတို့မှာ ရုန်းနိုင်မှ ချောင်းကျော်ရမယ့် အရွယ်တွေ ဆိုတော့ ငါ့သားသဘောမျှရင် ပြီးသာပါပဲသဲ့"
မိဘနှစ်ပါး၏ သဘောကိုကြားရတော့ မအိမ်ကံ မျက်ရည်များ စို့တက် လာခဲ့ရသည်။ ရုန်းနိုင်မှ ချောင်းကျော်ရမယ့် အရွယ် တွေတဲ့လား။ မအိမ်ကံ တစ်ချက် ရှိုက်လိုက်တော့ အစ်ကိုဖြစ် သူက မေးကိုကိုင်ကာ မော့စေသည်။
"မငိုပါနဲ့ကွယ်။ ရေများဟာ နိမ့်ရာကို စီးကြသယ်။ မီးများဟာ မြင့်ရာကိုလောင်ကြသယ်။ ပြုပြင်စီရင်ခြင်းက ကင်းရသာ မရှိပါဘူး။ ငါ့နှမ ဘ၀လှဖို့ ဖြစ်လာ ရသယ် မှတ်ပါကွယ်"
အစ်ကိုမောင်မြတ်သာ ထသွားတော့လည်း မအိမ်ကံ မထ သာခဲ့ပါ။ ဘုရားစင်ရှေ့မှာပဲ ထိုင်နေမိခဲ့သည်။ အစ်ကိုရော ကိုပြေသိမ်းရော အိမ်ရောက်လာကြခါမှ မအိမ်ကံ မျက်ရည်တွေ အခါခါကျခဲ့ရပြီ။ အိမ်ထောင်ရက်သား ချကြတော့မှာပါလား။ အနှစ်နှစ်ဆယ် လုံးလုံး ငုပ်လျှိုးနေခဲ့သော အချစ်ဆိုသော အရာက တစ်မြို့သားနှင့်တွေ့မှ ပဲပင်ကလေးတွေ အစို့ပြူသလို မင်္ဂလာညွန့်ကလေး စိုခဲ့ရသည်။ တစ်မြို့သားကို ချစ်ခဲ့မိသော်လည်း ဘ၀နှစ်ခု ပေါင်းစပ်ဖို့ရာတော့ ချက်ချင်း ဖြစ်မလာနိုင် သေးလို့ ထင်ခဲ့ပါ၏။ အခုတော့ အမေကလည်း ပြောပြီ၊ အစ်ကို ကလည်းပြောပြီ။ ပြန်စဉ်းစားကြည့်တော့လည်း မအိမ်ကံအဖို့ရာ ၀မ်းနည်းစရာ မရှိပြန်။ မအိမ်ကံမှာ ချစ်ရသူရှိပြီ။ ထိုချစ်ရ သူနှင့်လည်း မိဘများက သဘောတူ လက်ထပ်ခွင့်ပြုပြီ။ ဒါဖြင့် မအိမ်ကံကို ဘာက ၀မ်းနည်း စေမိတာလဲ။ မအိမ်ကံ ၀မ်းနည်းတာက မိရိပ်ဖရိပ်မှာ အကြောင့်ကြမဲ့စွာ နေထိုင်ခဲ့ရသူ အဖြစ်မှ တစ်ဘ၀ တစ်အိမ်ထောင် ထူရမှာကို ၀မ်းနည်းနေမိခြင်း ဖြစ်သည်။ သည်ကြားထဲ သည်ရပ်၊ သည်မြေက ခွာဖို့ဖြစ်လာလျှင် စလယ်ဝင် ဖင်မမြဲခင်က ကွဲရမည့် အဖြစ်တွေကို ကြိုမြင်မိတာလည်း ပါပါ၏။
ထိုညက အိပ်ရာ ၀င်ကြသည့်အခါ ကျေးဥကို ဖွင့်ပြောမိခဲ့သည်။ မျက်ရည်တွေလည်း ကျခဲ့ရပြန်ပါ၏။
"ကျေးဥရယ် ညည်းအဖြစ်ကမှ စိတ်ချမ်းသာ စရာပါအေ။ ဖိုးတုတ်နဲ့ညည်းက ကိုယ့်ရွာသူရွာသား ချင်းဆိုတော့ ဆင်းရဲ အတူ၊ ချမ်းသာအမျှ ဘ၀၀န်ကို ရုန်းနိုင်ကြပါရဲ့။ ငါ့မှာတော့ တစ်မြို့သားကို ကြိုက်ရသာ မှုတ်လား။ ကိုပြေသိမ်းနဲ့ ယူကာမှ မိရွာ ဖရွာက ခွာရမှာ တွေးပူနေမိသယ်"
"ကိုပြေသိမ်းက မင်္ဂလာဆောင်ပြီး ခေါ်သွားမယ်ပြောလို့လား"
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ