Thursday, October 15, 2009

မအိမ့်ကံ(17)

မအိမ်ကံ (Dec) 2008

၂၀။
ကမ္ဘာစစ်ကြီး၏ စစ်ရိပ် စစ်ငွေ့များက ဇောင်ချမ်းကုန်း ရွာကလေးကိုပင် အရိပ်မည်းကြီး သဏ္ဍာန်ဖြင့် ထင်ဟပ်လျက် ရှိလေပြီ။ ရွာက အမှုပွဲစား ကျောင်ဒင်က မြို့နှင့် အကူးအကန်း ရှိသဖြင့် သတင်းစာဟောင်း တကိုင်ကိုင် အာပေါင်အာရင်း သန်သန် ပြောပြချက်တွေကို အများက စိတ်ဝင်စား နေကြပြီ။ ဥရောပဘက်တွင် စစ်ကြီး စလောင်မြိုက် နေပြီတဲ့။ ကောင်းကင်မှာ ဌက်တွေလို ပျံသန်းနိုင်သော လေယာဉ်ပျံ ဆိုတာတွေနှင့် ဗုံးတွေကြဲချနေတာ လူတွေ သေလိုက်ကြတာများ အတုံးအရုံးတဲ့။ ဥရောပ ဆိုတာ ဘယ်မှာလဲ မအိမ်ကံ မသိ။ အစ်ကို့ အတွက်သာ စိုးရိမ်မိခဲ့သည်။ အစ်ကို့မှာ မိရိပ် ဖိရိပ် လာလို့မှ အေးအေး သက်သာ မရှိခဲ့ရ။ ကြည့်တော်ကုန်းက အပြန် ခဏနားရုံရှိသေး။ စစ်ပုလိပ်တွေ ရောက်လာသဖြင့် နောက်ဖေးက ထွက်ပြေး ခဲ့ရှာသည်။ အစ်ကိုက ပါးနပ်ပါ၏။ သူရောက်ကတည်းက ဖိုးကူးကို တခြားအလုပ် မခိုင်းတော့ဘဲ အိမ်ရှေ့ တာလမ်း တစ်လျှောက် အရှေ့အနောက် ကူးစေပြီး လူရိပ်လူခြေ ထူးခြားမှု ရှိမရှိ လူစောင့် ချထားခဲ့သည်။ လူစိမ်း သို့မဟုတ် မသင်္ကာဖွယ် တွေ့လျှင် အိမ်ခေါင်ပေါ် ခဲပစ်လိုက်ဖို့ မှာထားခဲ့သည်။ ရွာတွေ ဆိုတော့ စာပစ်၊ ငှက်ပစ် လောက်စာလုံးတွေက အခန့်မသင့်လျှင် အိမ်ခေါင်မိုးပေါ် ကျတတ်သဖြင့် ပထမတော့ ငှက်စာ ခဲကျတာ ထင်ပါရဲ့လို့ မအိမ်ကံ တွေးလိုက် မိသေးသည်။ သို့သော် အသံက လောက်စာလုံး ကျသံမဟုတ်။ ကျယ်လောင် နေသည်။ အစ်ကို မောင်မြတ်သာက ကံကလေး လမ်းဘက် ကြည့်စမ်းဆိုရာက ကြည့်လိုက်တော့ စစ်ပုလိပ် သုံးယောက်။

တစ်ယောက်က သေနတ်ကို ထောင်ကိုင်လျက် နှစ်ယောက်က နောက်က သုတ်သုတ်ပါအောင် လိုက်လာကြခြင်းဖြစ်၏။ မအိမ်ကံ အစ်ကို့ကို မြင်ရသမျှ လှမ်းအော်လိုက်သည်။ အစ်ကိုက သူ့လွယ်အိတ် အဟောင်းကို ကောက်ယူကာ နောက်ဖေး ပြတင်းပေါက်က ခုန်ချကာ အိမ့်အနောက် ခြံစည်းရိုးကို ပြေးသည်။ "မမစိမ်းမြတို့ အိမ်ဘက်ကိုပြေး"လို့ မအိမ်ကံ လှမ်းအော် လိုက်ရင်းက စားပွဲပေါ် တင်ထားသော အစ်ကို့ အသုံးအဆောင် ကလေးတွေကို သိမ်းကျုံးပြီး ဆေးတောင်းထဲ ထိုးသိပ် ထည့်လိုက်ရပါ၏။ အစ်ကိုက သူ့ပစ္စည်း ပစ္စယ စာရွက် စာတမ်းတွေကို လွယ်အိတ်ကြီးထဲ ထည့်ကာ ကိုယ်နှင့် မကွာ ထားသူဖြစ်သည်။ ဗြုန်းခနဲဆိုတော့ စားပွဲပေါ်မှာ အစ်ကို ဖတ်လက်စ စာအုပ်ထူကြီးနှင့် ဖောင်တိန် ကျန်ခဲ့သဖြင့် မအိမ်ကံ ဖျတ်ခနဲ သိမ်းဆည်း လိုက်ရခြင်းပင်။
မအိမ်ကံတို့ အိမ်နောက်ဖေးဘက်မှာ သစ်သား ဇလီတန်းရိုက် ခြံစည်းရိုး ရှိသည်။ ခြံစည်းရိုးထောင့် တစ်နေရာမှာ လူ တစ်ဝင်စာ ကျင်းပေါက် တစ်ပေါက် နှိုက်တူးထားပြီး အမှိုက်တွေ ဆို့ထားတာကိုလည်း ဖိုးကူး ပြောပြမှ မအိမ်ကံတို့ သိရပါ၏။

"ကိုကြီးမြတ်သာက သူ့ လူတစ်ကိုယ် ၀င်သာထွက်သာ ကျင်းကလေး နှိုက်တူးခိုင်းထားသာ မမကံရ။ ပြီးတော့ အမှိုက်တွေ ဆို့ထားသဲ့။ ပုလိပ်တွေ လာတော့ အဲသည့် အပေါက်က ထွက်သွားသာ။ မြန်လိုက်တာဗျာ။ မြွေထွက်သွားသဲ့ အတိုင်းပဲ"

"အိမ်ခေါင်ပေါ် ခဲကျသာလည်း နင်ပဲ မဟုတ်လား ငါ့သား"

မလှအုံက မေးခြင်း ဖြစ်သည်။


"အစစ်ပေါ့ အမေရာ။ ကိုကြီး မြတ်သာက လူစိမ်းတွေ မသင်္ကာသာတွေ တွေ့ရင် အိမ်ပေါ် ခဲပစ်လိုက်လို့ ကြည်တော်ကုန်း သွားသဲ့နေ့က လှည်းပေါ်မှာ မှာထားသာ။ ကိုကြီးမြတ်သာ ကြည်တော်ကုန်းက ပြန်ကတည်းက သူမှာသာ ကျုပ် အကုန် လုပ်ထားသာ။ အဲသည့်နေ့က ပုလိပ်တွေ တာလမ်းထိပ်က မားမား မားမားနဲ့ လာသာမြင်တော့ ကျုပ်လည်း အိမ်ခေါင်ပေါ် ခဲနဲ့ ကောက်ပစ်လိုက်သာပဲ"

ဖိုးကူးက တကယ့် စွန့်စားခန်းကြီး တစ်ရပ်ကို လုပ်လိုက် ရသလို ဂုဏ်ယူပြီး ပြောနေခြင်း ဖြစ်၏။ မအိမ်ကံ အပါအ၀င် အားလုံးက ဖိုးကူးကို ကျေးဇူး တင်ခဲ့ကြသည်။ အစ်ကို မောင်မြတ်သာလည်း ထိုနေ့ကတည်းက ပျောက်သွားလိုက်တာ ဘေးကင်းချမ်းသာ ရှိကောင်းပါရဲ့လို့သာ ဆုတောင်း နေရတော့သည်။ တိုင်းပြည် လွတ်လပ်ရေးအတွက် ဂယ်ပေါက်ထဲက ယို့ထွက်ရတာမျိုးလည်း ပါရသကိုးလို့ မအိမ်ကံ တွေးမိတော့ ရယ် လည်းရယ်ချင်သည်။ စိတ်မကောင်းလည်း ဖြစ်ရပါသည်။ နောက်ပိုင်း ကြားရသည့် သတင်းအရတော့ အစ်ကိုက မမစိမ်းမြတို့ ရက်ကန်းရုံကြီးထဲ ခဏခိုနေခဲ့သည် ဆို၏။ မမစိမ်းမြတို့ အိမ်ဘေးမှာ ရက်ကန်းချည်စာ တန်းပစ်ရန် ထိုးထားသော တဲပြန့်ကြီးရှိသည်။ တဲပြန့်ကြီးက အကာ မရှိသော်လည်း အပေါ်မှာ အထပ်ခိုးလေး ရှိသည်။ အစ်ကိုက အထပ်ခိုးလေးပေါ်မှာ နှစ်ညခိုကာ နောက်တစ်နေ့ မနက် စောစော ရွာက ထွက်သွားခဲ့သည် ဆို၏။ မမစိမ်းမြ ကိုယ်တိုင် အနောက်အောက် တောရွာဘက်ဆီ လှည်းမောင်း ပို့ခဲ့ရသည် ဆိုသည့် အတွက် မမစိမ်းမြတို့ မိသားစုကို ကျေးဇူး တင်ရတော့သည်။ ရွာထဲက ချက်ချင်း မထွက်တာကလည်း ရွာပြင်မှာ စစ်ပုလိပ် တွေက အစောင့်တွေ ချထားနိုင်မှန်း အစ်ကို သိထားပုံရ၍လည်း မမစိမ်းမြတို့ အိမ်မှာ နှစ်ည ခိုလိုက်ပုံရပါ၏။

ထိုနေ့က စစ်ပုလိပ်တွေ ရောက်လာကြသော်လည်း ရုန်းရုန်း ရင်းရင်း ရှာကြတာမျိုးတော့ မရှိ။ ရွာက သတင်းပေးသဖြင့် လာမေးကြခြင်း ဖြစ်ကြောင်း တစ်ဆင့်စကား သိရသဖြင့် ဘယ်သူကများ မြင်းခြံမြို့ရောက် သတင်းပေးခဲ့သူ ဆိုတာ စဉ်းစား စရာ ဖြစ်ရသည်။ ဘယ်သူ ဖြစ်နိုင်မလဲ။ ကိုယ့်ရွာသူ ရွာသား တစ်ယောက် ဒုက္ခရောက်အောင် ကိုယ်ထိလက်ရောက် သတင်း ပေးခဲ့သူဆိုတာ ဘယ်သူဖြစ်နိုင်သလဲ။ မအိမ်ကံ ဒါကိုပဲ စဉ်းစား နေခဲ့သည်။ အစ်ကို မောင်မြတ်သာကပင် ကိုယ့်ရွာသူ ရွာသားချင်း ဒုက္ခမပေးတန် ကောင်းပါဘူး တွက်ထားခဲ့သော်လည်း သတိဖြင့် အကာအရံ လုပ်ထားလို့သာ တော်တော့သည်။ မအိမ်ကံ စဉ်းစားလို့ ရသလောက်တော့ ကြီးတော် စံရွှေ သို့မဟုတ် ကြီးတော်စံရွှေက ခိုင်းလိုက်သော ရွာက တစ်ယောက်ယောက် ဖြစ်ရမည်။ ကန်တော့ပွဲနှင့် လာတောင်းပန် ရသည့်နေ့က မောင်မြတ်သာ ရောက်နေသလားလို့ မေးခဲ့တာကို မအိမ်ကံ မှတ်မိနေပါ၏။ မအိမ်ကံပင် စိတ်ကလေး ထင့်သွားခဲ့သော်လည်း သည်လောက်တော့ လုပ်ရက် လိမ့်မည် မထင်ခဲ့။ သာအောင် မွှေလိုက်သည့် စနက်က သိန်းခိုပြည်ကို ဟနုမာန် မီးရှို့သကဲ့သို့ ဖြစ်ရလေပြီ။

သည်ရက်တွေထဲမှာ စွာလာသူ အမှုပွဲစား ကျော်ဒင် ကလည်း တစ်မှောင့်။ စစ်ကြီး ဖြစ်တော့မည့် အကြောင်း၊ အင်္ဂလိပ်တွေ ပြေးကြရတော့မည် ဆိုသည့်အကြောင်း သတင်းတွေ လှိုင်လှိုင်ကြီး ဖြန့်နေတော့သည်။ ညောင်ငါးခွဆီက ဇောင်ချမ်းကုန်းကို ဖြတ်လာကြသမျှ လှည်းသမားတွေပင် မနေရ။ ကျော်ဒင့်တရား နာကြရသည်။ ရွာဦးဆရာတော် ကျောင်းမှာလည်း လူ စုစု စုစု။ အိမ်ကြီး၊ ၀ိုင်းကြီး၊ သစ်ရိပ် ကြီးတွေမှာလည်း လူ စုစု စုစု။

တစ်ရက် အမေပန်းရုံ မအားသဖြင့် ရွာဦးဆရာတော် ကျောင်းကို မအိမ်ကံ ဆွမ်းအုပ် ပို့ရသည်။ မနက်ဆွမ်းခံပြန်ချိန်လောက် ကျေးဥနှင့် နှစ်ယောက်သား ဆွမ်းစားအမီကျောင်းကို လာခဲ့ခြင်းဖြစ်သည်။ ကျောင်းဝ မကန်းလှေကားက တက်သည် ဆိုသည်နှင့် ကျော်ဒင့် အသံကို ကြားနေရသည်။ ကျောင်းပေါ် မှာ ရွာသား လေး၊ ငါးယောက်လည်း ရှိသည်။ မအိမ်ကံနှင့် ကျေးဥက ဘုရားဝတ်ဖြည့်၊ ဆရာတော်ဝတ်ဖြည့်၊ ဆွမ်းအုပ်ကို လက်ထိကပ် လိုက်ပြီး ဆွမ်းစားဆောင်ဘက် ကိုယ်တိုင် ဆွမ်းလှယ်ကြသည်။ အသံတွေတော့ ကြားနေရပါ၏။

"ဟင်္သာတနဲ့ ဇလွန်မှာ မနှစ်က သခင်အောင်ဆန်းတို့ တရားဟောလို့ အင်္ဂလိပ် ရာဇ၀တ်အုပ်က ဖမ်းသာကောဘုရား။ ဗမာ့ ထွက်ရပ်ဂိုဏ်းက မြို့လုံးကျွတ် အစည်းအဝေးကြီး ရန်ကုန်မှာ လုပ်လိုက်သာလည်း လူ ၀က်ဝက်ကွဲ တက်ကြသတဲ့ ဘုရား။ အမျိုးသား ကာကွယ်ရေးတပ်၊ တပ်ဖွဲ့ချုပ်ကြီးဖွဲ့တော့ ဗမာ့လက်ရုံးတပ်ကရော၊ ကာကွယ်ရေး သံမဏိတပ်ကရော၊ ရဲတပ် အပျော်တမ်း တပ်တွေကပါ ပါသယ်လို့ တပည့်တော်တော့ ကြားခဲ့သာပဲ။ တပည့်တော်တို့ မြင်းခြံက သံမဏိတပ် ဗိုလ်မောင်မောင် လည်း ပါသတဲ့ဘုရား"

"နို့ သခင်အောင်ဆန်းတို့က အခု တရုတ်ပြည်ကြီးမှာ ဆိုကွယ့်"

"တင်ပါ့ အခုဟာက သခင်တွေကို တွန်းဖမ်းနေလို့ ရန်ကုန်မယ် လူထုကန့်ကွက်ပွဲများ လုပ်နေကြပါ့ဘုရား"

"အမျိုးသစ္စာ ဖောက်တွေကလည်း ရှိသကိုး မောင်ကျော်ဒင်ရဲ့။ တစ်လောက သူကြီးသား မောင်မြတ်သာကို မြင်းခြံ ပုလိပ်က တို့လိုရွာကလေးအထိ လာဖမ်းသာများ တွက်ကြည့်ပါလား။ မြင်းခြံအထိ ကိုယ့်စရိတ် ကိုယ်ခံပြီး မျက်နှာလို အားရ လုပ်ကြသာကောကွယ်။ အမျိုးသားချင်း မညီညွတ်မှတော့ ၀ဇီးပြေ(၀ါးစည်းပြေ)ကြရုံပေါ့"

"သည်ကြားထဲ ဦးပု အစိုးရကပြုတ်။ ဦးစောညွန့်ပေါင်း အစိုးရတက်လာ"

"နို့ နေပါဦး။ မန္တလေးဘုရားကြီး မြောက်စောင်းတန်းမယ် အာဏာရှင်ဘွဲ့ ခံဆိုသလိုလို ကြားရပါသေးကော"

"တင်ပါ့ဘုရား။ ဆင်းရဲသား ၀ံသာနုခေါ်ကြပါသ ဘုရား။ သည်နှစ်တော့ ဂျပန်ပြည်ကို စစ်ပညာသင်ဖို့ အသုတ်လိုက် သွားနေကြပါပြီဘုရား"

မအိမ်ကံက ဆွမ်းအုပ်ထဲက ဆွမ်းဟင်း လှယ်ရင်း စကားဝိုင်းကို နားထောင် နေခဲ့ပါ၏။ ဆွမ်းလှယ်ပြီးတော့ ဆရာတော်ကို ၀တ်ဖြည့်တော့မှ ဆရာတော်က တိုင်ကပ်နာရီကို ကြည့်တော်မူ၏။ သည်တော့မှ ဆွမ်းစားရန် သတိရဟန်ဖြင့် သင်္ကန်း ထရုံသည်။

"မအိမ်ကံ မောင်မြတ်သာ သတင်း ဘာကြားသေး သတုံးဟဲ့"

"ဘာမှတော့ မကြားရပါဘုရား။ အဖမ်းပဲ ခံရလေ သလား၊ လွတ်ပဲ လွတ်လေသလား တပည့်တော်မတို့လည်း စုံစမ်း နေရပါ့ဘုရား"

"အိမ်း ဟင်္သာကိုးသောင်းပျက်သဲ့ ဇာတ်မျိုးပေါ့ဟယ်။ အချင်းချင်း ခေါင်းနင်း နေကြမှတော့ တော်တော်တော့ ရုန်းရ လိမ့်မဟေ့။ ကိုင်း ဒကာတို့ မပြန်ကြနဲ့ဦး။ ကျုပ်ဆွမ်းစားပြီးရင် ကျောင်းမှာပဲစားကြ"

မအိမ်ကံနှင့် ကျေးဥ အိမ်ပြန်ရောက်တော့ မွန်းတည့် နေပြီ။ ကျေးဥက သည်စကားတွေကို ဘာပြောကြလို့ ပြောမှန်း မရေလည်သော်လည်း မအိမ်ကံကတော့ စကား အဆက်အစပ်ကို ရေလည်လိုက်သည်။ အမှုပွဲစား ကျော်ဒင်က သည်ရက်တွေထဲ ရွာမှာ အကပ်အပြုများနေလို့ပဲလားတော့မသိ။ စကားတွေကို နှမ်းကြဲသလိုပဲ ဆုပ်ဆုပ်ကြဲ နေခဲ့သည်။ အသံတွေ ကျယ်လွန်း လှသည်။ ဘာသဘောများ ပါလိမ့်။ မအိမ်ကံ အိမ်ရောက်သည် အထိ အတွေးစတွေ မငင်နိုင်ခဲ့ပါ။

တစ်ရွာ့တစ်ရွာ အသွားအလာတွေ၊ အရောင်းအ၀ယ်တွေ၊ အပေးအကမ်း၊ အလှမ်းအပြုတွေ ကျဲပါးသွားတာတော့ အမှန်ပင်။ မအိမ်ကံ ရက်ကန်းထည် ကလေးတွေတောင် ဖိုးကူးတို့ ညီအစ်ကို မြင်းခြံကို သွားသွင်းကြတော့ အကြွေးမကျစဖူး ကျလာခဲ့သည်။ ပွဲကတော်ကြီးက စီးစီးပိုးပိုး နိုင်တာမဟုတ်ဘဲ၊ အထည်တွေ အရောင်းအ၀ယ် မလိုက်သဖြင့် လက်ငင်း ငွေမချေ လိုက်နိုင်။ အထည်ကြွေးတွေကျတော့ မအိမ်ကံ ရက်ကန်းရုံကို ခဏ နားလိုသော်လည်း မအိမ်ကံ အဆင်ရယ်လို့ပင် မြင်းခြံနယ် လုံးပေါက် နာမည်ရနေကာမှ ရပ်မထားချင်။ ခေတ်အခါ မကောင်းတုန်း ခဏပေါ့။ ပြီးတော့ သည်လို အလုပ် ရပ်ဆိုင်း လိုက်လျှင် ရွာကမိန်းကလေးတွေ ၀င်ငွေမရှိကြတော့မှာကိုလည်း ထည့်တွက်ရပါ၏။

သတင်းတွေကလည်း မျိုးစုံနေတော့ လူတွေမှာ ထိတ်ကြ၊ လန့်ကြ ရှိရသည့် ကြားထဲ ဟိုရွာ သည်ရွာ သူခိုး ဓားပြ ပူတာတွေကိုလည်း စိတ်မချမ်း သာစရာ ကြားနေရပါ၏။ သူကြီးအလုပ်က နားပြီးကတည်းက အဖေလည်း ရွာမှာမြဲ နေခဲ့သည်။ အလွန် လမ်းများခဲ့သော အဖေ့ခမျာ အိမ်မှာချည်း နေရတော့ ခြေချုပ်မိနေပုံလည်း ရပါ၏။ ဇိနတ္ထပကာသနီ တစ်အုပ်လုံး အလွတ်ပင် ရလောက်ပေပြီ။ ကိုယ်တိုင်ကလည်း အိုကြီး အိုမအရွယ် ရောက်လာတော့ ကျန်းမာရေးကလည်း မကောင်းချင်တော့ သူကြီးဆိုသည့် အရှိန်အ၀ါကတော့ ရှိနေဆဲ။ ပြီးခဲ့သော သူကြီးရွေးကောက်ပွဲတုန်းက ညောင်တောရွာက ဦးဘဖေ ဆယ့်နှစ်ရွာအုပ် သူကြီး ဖြစ်သွားခဲ့သော်လည်း ရွာတိုင်းက သူကြီးတွေကတော့ အဖေ့ကို လာတိုင်ပင်ကြမြဲ။ သို့သော် အဖေကိုယ်တိုင်က အင်္ဂလိပ်မင်း အုပ်ချုပ်ရေးကို မပါဝင်လိုတော့ကြောင်း မအိမ်ကံ ရိပ်စားမိပါ၏။ ရွာ့ရပ် အခြေအနေ တွေကလည်း မကောင်းလှ။ ဇောင်ချမ်းကုန်းသည်ပင် ခြောက်ခန်းလှသည်။ မီးသွေးလှည်း၊ ထင်းလှည်း၊ အိုးလှည်းတွေက လွဲ၍ ရွာလမ်းမှာ ဘာမှမရှိ။ ဆိတ်တွေ၊ သိုးတွေ မွေးထားသော ဦးအီစမန်ကြီးပင် ဆိတ်တွေ၊ သိုးတွေ ထုတ်ရောင်းလိုက်သဖြင့် ရွာလမ်းတစ်လျှောက် ဖုန်မထတာ ကြာပြီ။

ထိုနေ့က မအိမ်ကံ ရက်ကန်းထည် ကလေးတွေ တစ်ထည်ချင်း လိုက်ကြည့်နေလေသည်။ ခုတလော ပုဆိုးအကွက် တုံးကြီးတွေ အမှာအကြား များသဖြင့် ကွက်တုံးကြီးတွေ ရက်နေကြရသည်။ လေးလက်မပတ်လည် နှစ်ရောင်ကွက်ကြီးတွေ ခတ်ရုံသာ။ အဖြူအနက်ကွက်၊ အဖြူအနီကွက်၊ အဖြူအညို ကွက်စသည်ဖြင့် အရောင်ကစားရတာတော့ ရှိပါ၏။ မအိမ်ကံ ကိုယ်တိုင်ကတော့ မြင်းခြံကို သိပ်မသွားဖြစ်တော့ ဖိုးတုတ်နှင့် ဖိုးကူးညီအစ်ကိုကို အထည်ရေအပ်၊ ငွေပေးငွေယူ စာရေးပြီး လှည်းနှင့် ထည့်ပေးလိုက်ရုံသာ။ လူငယ်တွေ ဆိုတော့ အဖေ့ တပည့်တွေထဲက ချက်ချက် ချာချာ ရှိသူတစ်ယောက်၊ နှစ်ယောက် ကိုတော့ ထည့်ပေးလိုက်ရသည်။ ခေတ်ကာလက မကောင်းတော့ လမ်းခရီး ဂရုစိုက်ဖို့နှင့် အချိန်နှင့် သွားကြ၊ ပြန်ကြဖို့ မှာကြားရ၏။ အရောင်းအ၀ယ် မလိုက်သော်လည်း ပွဲကတော်ကြီးက မအိမ်ကံ ဆီကတော့ အထည်တွေ မှာမြဲမှာ၏။ ဖိုးတုတ်က အထည်တွေကို ဆယ်ထည်စီ စုထပ်ပြီး ချည်စာကျစ်ကြိုးဖြင့် စည်းနှောင်ထားတာကို အထည်ရေ မမှားအောင် မအိမ်ကံကိုယ်တိုင် စစ်ဆေးနေခဲ့သည်။
ထိုစဉ်မှာပင် အိမ်ရှေ့ဆီက လူရိပ် မြင်လိုက်သဖြင့် အသာ လှမ်းကြည့် နေမိသည်။ ၀င်းတံခါးကြီး ပိတ်ထားသဖြင့် ဘယ်သူ ဘယ်ဝါတော့ မကွဲ။ မြင်းလိုလို တလှုပ်လှုပ် ရွေ့လျား နေတာကိုလည်း ရိုးရိုးရိပ်ရိပ် မြင်နေရသည်။

"ဖိုးကူး သွားစမ်း။ ၀ိုင်းဝမှာ လူလားလို့၊ ရမ်းမဖွင့်နဲ့။ ဘယ်သူလဲ ကြည့်ဦး"

"ဟုတ်ကဲ့ မမကံ"

ဖိုးကူးက ပုဆိုးတွေ စည်းနှောင်နေရာက ၀ိုင်းဝဘက် ထပြေးသည်။ အပေါက်က ချောင်းကြည့်သည်။ မအိမ်ကံ ဘက်ကို အားရ၀မ်းသာ လှမ်းအော်သည်။

"မမကံရေ တက်ခေတ်တင်ရယ်"

"ဟဲ့ ဘယ်သူ"

"မင်းသားလေး တက်ခေတ်တင်"

ဖိုးကူး ဘာတွေ ပြောနေမှန်း မအိမ်ကံ မသဲကွဲတော့ ရက်ကန်းရုံဝက ထွက်လာခဲ့သည်။ ၀ိုင်းလယ်လောက် ရောက်တော့ ဖိုးကူးက ၀င်းတံခါးပင် ဖွင့်ပြီးနေလေပြီ။ လူတစ်ယောက် မြင်းကြီး စီးလိုက်လို့။ ခြံထဲကိုတော့ မြင်းကြီးစီးလျက် မ၀င်ပါ။ မြင်းပေါ်က သုတ်ခနဲ ဆင်းကာ မြင်းအာကြိုးကို ဆွဲလျက် ရပ်နေသည်။

"မအိမ်ကံ ကျွန်တော်ပါ။ ပြေသိမ်းရယ်"

"အို ကို ပြေသိမ်း။ လာပါရှင်၊ ကြွပါရှင်။ ဖိုးကူး မြင်းကိုယူလိုက်ပါ။ သရက်ပင်မှာ ချည်ထားလိုက်။ မြင်းကို ရေတိုက်၊ အစာလည်း ကျွေးထားနော် ငါ့တူ။ ကြွပါရှင်။ ၀မ်းသာလိုက်သာ"

ဖိုးကူးက ကိုပြေသိမ်း လက်ထဲက မြင်းကို ဆွဲယူသွားသည်။ ကိုပြေသိမ်းက လည်မှာ ရောက်လာသည့် မာဖလာကို ဖြုတ်ပြီး သူ့ကိုယ်သူ တဖန်းဖန်း ရိုက်နေသည်။ မျက်တောင်တွေ၊ ဆံပင်တွေ၊ ပခုံးတွေမှာ ဖုန်တွေ။ အခွေလိုက်ကျနေသော နဖူးပေါ်က ဆံစတွေမှာကကော။ မအိမ်ကံက ကိုပြေသိမ်း အနားကို သွားကာ တစ်ကိုယ်လုံး ဖုန်တွေခါပေးရင် ကောင်းမလား တွေးနေမိ၏။ ဒါကလည်း မရိုးမသား မဟုတ်ပါ။ တစ်မြို့သား လူပုံချောကို အားနာလွန်း လှသဖြင့် ရွာကို စိတ်ပျက် မသွားစေချင်သည့် စိတ်အရင်းခံ ဖြစ်သည်။ သို့သော် သည်လောက် အထိ လုပ်ပေးဖို့ မသင့်မှန်း စဉ်းစားမိတော့လည်း ကိုပြေသိမ်း ကိုသာ မော့ကြည့်နေမိလေ၏။

"အားနာလိုက်သာ ကိုပြေသိမ်းရယ်။ ဖုန်တွေ မနည်း မနောပါလား။ တအောင့်နားပြီးရင် ရေကလေး ချိုးသာပေါ့။ ကြွပါရှင် အိမ်ထဲကို"

မအိမ်ကံကပဲ အိမ်ထဲကို ဦးဆောင် ခေါ်လာခဲ့သည်။ အမေပန်းက လက်ကို ဖျင်စဖြင့် သုတ်ရင်း ထွက်လာသည်။ မအိမ်ကံ နောက်က ဧည့်သည် လူစိမ်းကို လှမ်းအကဲ ခတ်သည်။ ဖိုးကူး လှမ်းအော်လိုက်သော မင်းသား တက်ခေတ်တင် ဆိုတာ နားစွန်နားဖျား ကြားထားမိသည့် အတွက် တကယ့် မင်းသား တက်ခေတ်တင် မှတ်သွားခဲ့သည်။ ပြောလည်း ပြောလောက် စရာ။ အသားဖြူဖြူ၊ လူပုံနွဲ့နွဲ့ ချောလိုက်သည့် ရုပ်ရည်နှယ်။ မင်းသား ဖြစ်လောက်ကရောပေါ့။

"ဧည့်သည်ကို နေရာပေးပါဟဲ့ သမီး။ လှအုံရေ အေးခုတင်ပေါ် ကော်ဇောခင်းစမ်း လာ လာ မောင်တက်ခေတ်တင်"

သမီး ဧည့်သည်တော့ မဟုတ်တန်ရာ။ ဇာတ်မင်းသားနှင့် သမီးဖြစ်သူ ဆက်စပ်စရာ မရှိတော့ ရွာ့ အကူ အညီ လိုချင်လို့ ရောက်လာသူ ဖြစ်ရမည်။ အမေပန်းရုံက မောင်တက်ခေတ်တင် လို့ ခေါ်လိုက်တော့ မအိမ်ကံ အားနာ သွားခဲ့ရပါ၏။ ဘယ့်နှယ့် တက်ခေတ်တင် ပါလိမ့်။ ကိုပြေသိမ်းကလည်း သူ့ကို တက်ခေတ်တင်လို့ ခေါ်လိုက်တာကို ဘာမှန်းမသိ။ အေး ခုတင် ပေါ်မထိုင်ဘဲ အနားက တန်းလျားရှည်ကြီးမှာ ၀င်ထိုင်လိုက်သည်။ မျက်နှာက မအိမ်ကံကို တစ်လှည့်၊ အမေပန်းရုံကို တစ်လှည့် အကဲခတ်နေလေ၏။

"သခင်မြတ်သာ ပြောတဲ့ စကားထဲတော့ အမေပန်းရုံ အကြောင်း အမြဲပါလို့ အမေပန်းရုံပဲ ထင်ပါရဲ့"

ကိုပြေသိမ်းက အမေပန်းရုံကို ကြည့်ကာ ဟုတ်မဟုတ် မေးနေခြင်း ဖြစ်သည်။ မအိမ်ကံက မင်သားတက်ခေတ်တင် မဟုတ်ကြောင်း ရှင်းပြနေဆဲမှာပင် အမေပန်းရုံက လုပ်ပြန် လေ၏။

"ဟုတ်ပါ့ မောင်တက်ခေတ်တင်ရေ။ သားကိုသိသယ် ဆိုတော့ မိတ်ဆွေများထင်ပါရဲ့"

"ခင်ဗျာ ဟုတ်ပါသယ်ခင်ဗျာ။ အခုလည်း သခင်မြတ်သာက သတင်း ပါးခိုင်းလို့ လာရပါသယ်"

မအိမ်ကံ သည်တော့မှ ကပျာကယာ ၀င်ရှင်းရတော့သည်။

"အမေကလည်း ဘယ်က တက်ခေတ်တင် ရမှာတုံး။ အမေ့နှယ် ဒါ မအိမ်ကံ ပြောတဲ့ မြင်းခြံက ကျောင်းဆရာ ကိုပြေသိမ်း ဆိုတာလေ အမေရဲ့။ အစ်ကို့ သူငယ်ချင်းဟာကော။ မအိမ်ကံတို့ ဟိုတစ်ခါ မြင်းခြံ သွားတုန်းက လိုက်စောင့်ရှောက် ပေးတာလေ"

"ဟော်တော်၊ သိပေါင် သမီးရယ်။ ဖိုးကူးက မင်းသား တက်ခေတ်တင်လေ မမကံရဲ့လို့ ပြောလိုက်သံကြားလို့"

မအိမ်ကံ အူတွေနာအောင် ရယ်ချင် လှသော်လည်း ပြုံးရုံသာ ပြုံးရတော့သည်။ ကိုပြေသိမ်းကတော့ မြို့သားမို့ ဟန်လုပ် လေသလား မသိ။ အူတိအူကြောင် မျက်နှာဖြင့် သားအမိ နှစ်ယောက်ကို ကြည့်နေလေ၏။ အကျိုးအကြောင်းတွေ ရေလည်တော့မှ အမေ ပန်းရုံကလည်း ရယ်သည်။ မောင်မြတ်သာက လွှတ်လိုက်သာဆိုတော့ မောင်မြတ်သာ ဘေးကင်း ရန်ရှင်းရှိလို့ပေါ့လို့ တွေးမိကြသဖြင့် တစ်ပူ စိတ်အေးကြရပါ၏။ ကိုပြေသိမ်းက သူဝတ်လာသော ဖျင်အင်္ကျီ ကြယ်သီးတင် ချုပ်ရိုးနဘတ်ထဲက စာရွက်ရှည်ကလေး ထုတ်ယူလိုက်သည်။ စာရွက်ကို ဖြန့်လိုက်တော့ လက်တစ်ဝါးသာသာ စာရွက်ပိုင်း ကလေးဖြစ်သွားလေ၏။ မလှအုံက နောက်ဖေး ပဲမှော်တိုက်ဘေး အရိပ်မှာ ငိုက်နေသည့် သူကြီးကို သွားနှိုးသည်။ သားအဖ တစ်တွေ ဆုံတော့မှ ကိုပြေသိမ်းက စာကို ဖတ်ပြပါသည်။

"ကျေးဇူးရှင် မိဘနှစ်ပါးနှင့် နှမကလေး ကံ...

ကျွန်တော် ကျန်းမာလျက် ဘေးကင်းရန်ကွာ ရှိပါသည်။ ရွာက ထွက်ပြေးခဲ့ရသည့်နေ့ မစိမ်းမြတို့ ရက်ကန်းတဲပေါ်မှာ နှစ်ည ခိုခဲ့ရသည့် အတွက် မစိမ်းမြတို့ မိသားစုကို ကျေးဇူးတင်ကြောင်း ပြောပြစေလိုပါသည်။ နောက်တစ်ရက် မနက်စောစောကြီး မစိမ်းမြတို့ အိမ်ကလှည်းနှင့် အောက်တောဘက်ကို လိုက်ပို့ပေးပါသည်။ ထိုမှတစ်ဆင့် ရန္တပိုရွာ ရောက်ပါသည်။ မြင်းခြံမှာ စစ်ပုလိပ်များ ရှိနေသည့်အတွက် ကျွန်တော့်မိတ်ဆွေ ရှိရာ ရန္တပိုရွာမှာ ခိုနေပြီး အခုတော့ လုံခြုံသော တစ်နေရာကို ရောက်နေပါပြီ။
မြင်းခြံမှာ နေသော ကျွန်တော့်မိတ်ဆွေ သခင်ပြေသိမ်းနှင့် အချိန်းအချက်ပြုကာ သည်စာကို ရေးပို့လိုက်ပါသည်။ သခင် ပြေသိမ်းကိုလည်း အစစအရာရာ ကူညီကြစေချင်ပါသည်။ တိုင်းရေး ပြည်ရေးများလည်း မေးနိုင်ပါသည်။ ကျန်းမာ ချမ်းသာ တော်မူကြပါစေ။

စာကြွင်း။ နှမလေးကံ...
သနပ်ခါး ကုန်နေပြီ ဆိုလျှင် မောင်ပြေသိမ်းကို တောင်းပါလေ။ စပါးလောင်းတောင်းနှင့် အပြည့် သနပ်ခါးတုံးများ စုထားသည် ဆိုပါ၏။

သခင်မျိုးဟေ့ တို့ဗမာ
မောင်မြတ်သာ

ကိုပြေသိမ်းက စာဖတ်ပြနေရာက "စာကြွင်း"ကို ဖတ်မိတော့ သူ့ဟာသူလည်း အားနာပုံ ရသွားသည်။ မျက်နှာကြီး နီလာခဲ့ကာ အသံကလေး တိမ်သွားလေ၏။ မအိမ်ကံကတော့ ဆိုစရာမရှိပြီ။ အစ်ကို မောင်မြတ်သာက စလိုက်ခြင်းဖြစ် သော်လည်း ကာယကံရှင် နှစ်ယောက်ဖြစ်သည့် အပျို၊ လူပျို တို့ခမျာ ရှက်ရွံ့စရာ ဖြစ်ရပါ၏။ ဦးသာထန်က သနပ်ခါးတုံးတွေ လောင်းတောင်းနဲ့ အပြည့်ဆိုလို့ အံ့သြနေသည်။

"ငါ့သားနှယ် နှမကိုချစ်တော့ သနပ်ခါးကို လောင်းတောင်း နဲ့ အပြည့် တောင်းခိုင်းသာများ အားနာစရာကွယ်။ တန်ဖိုးသေး မှတ်လို့"

အဖေ့ စကားကြားတော့ မအိမ်ကံ ပို၍ပင် မနေတတ် မထိုင်တတ် ဖြစ်ရပါ၏။ ကိုပြေသိမ်းက စာကို ကိုယ်တိုင် ဖတ်ပြဖို့ မှာလိုက်သဖြင့် ဖတ်ပြရခြင်း ဖြစ်ကြောင်း၊ အိမ်မှာ လိုအပ်သမျှ မေးမြန်း ကူညီခဲ့ပါရန် မှာလိုက်ကြောင်း၊ သခင်မြတ်သာ နေကောင်း ထိုင်သာ ရှိကြောင်းများ ပြောပြသည်။ မလှအုံ ကတော့ လူပုံချောလှသော သခင်ပြေသိမ်းကိုသာ ကြည့်နေတော့သည်။

"မင်းတို့ လူငယ်သခင်တွေကော အခြေအနေ ဘယ်လိုလဲကွယ့်"

"အင်္ဂလိပ်က တို့ဗမာ အစည်းအရုံးကို မတရားအသင်း ကြေညာပေမယ့် လျှို့ဝှက် လုပ်ကိုင် နေကြရပါတယ်။ မနှစ်က လယ်သမား အစည်းအရုံး၊ အလုပ်သမား အစည်းအရုံးတွေလည်း ဖွင့်ပြီးကြပြီ။ တူရာ တူရာစုပြီး အင်္ဂလိပ်ကို ဖဲ့တိုက်တဲ့ သဘောပါပဲ ဦးမင်းရယ်"

"အခုက တိုင်းပြည်ကို ဘယ်သူ အုပ်ချုပ်နေသာလဲ။ တို့ကတော့ ကိုယ့်မြေက ထွက်သဲ့ပဲ ကိုယ်ပြုတ်စား နေရသာဆိုတော့ မြို့မှာ ခဏခဏ ပြောင်းနေသာ ဗြုန်းခနဲ သိရသာ မဟုတ်ဘူး။ စိတ်လည်း မ၀င်စားကြဘူး။ တိုင်းပြည်ပျက်မှာကိုပဲ စိုးရိမ်နေကြရသာ"

"အခုက ဥပဒေပြု လွှတ်တော်မှာ ဦးစောက နန်းရင်းဝန် ဖြစ်နေပါပြီ။ မနှစ်က ကမ္ဘာစစ် မိန့်ခွန်းပြောလို့ ဒေါက်တာ ဘမော်ကို အင်္ဂလိပ်အစိုးရက ထောင်တစ်နှစ် ချပြန်တယ်။ အုပ်ချုပ်တာကတော့ အင်္ဂလိပ်တွေပါပဲ။ ထူးတော့ မထူးပါ ဘူးခင်ဗျာ"

"အင်း ကိုယ့်ပြည် ကိုယ့်မင်း မဟုတ်မှတော့ ဘာဖြစ်ဖြစ် မဟန်ပါဘူးကွယ်။ ကမ္ဘာစစ်ဆိုသဟာကြီးများ ကြားရရုံနဲ့ နားကြောစိမ့်မိရဲ့။ ဒါနဲ့ မေးပါရစေဦး။ တို့ဆီမှာ အဲသလို စစ်ကြီးများ ဖြစ်နေဦးမလား"

"အခုတော့ ဂျပန်နဲ့ ပူးပေါင်းပြီး အင်္ဂလိပ်ကို မောင်းထုတ် ဖို့ လုပ်နေကြပြီခင်ဗျ"

စကားတွေ ကောင်းနေလိုက်ကြတာ တဖြည်းဖြည်း နေလည်း ညိုလာပြီ။ ကိုပြေသိမ်းလည်း ဆာလောက်ရောပေါ့။ ကိုပြေသိမ်းကို ရေမိုးချိုးစေပြီး ထမင်းခူးခပ်ကျွေးဖို့ ပြင်ကြသည်။ ကိုပြေသိမ်း ရေမိုးချိုးပြီး အ၀တ်ဟောင်းတွေ ပြန်ဝတ်မည်ပြင်တော့ အမေပန်းရုံက မောင်မြတ်သာ၏ အင်္ကျီ၊ လုံချည် ကောင်းကလေးတွေကို ထုတ်ပေးပြီး ၀တ်စေပါ၏။ မောင်မြတ်သာ အင်္ကျီတွေက ကိုပြေသိမ်းနှင့် အံကျ။ ကိုပြေသိမ်း ၏ အ၀တ်ဟောင်းတွေကို မလှအုံက လျှော်ဖွပ်ပေးခဲ့ပါ၏။ ဧည့်ခန်းထဲမှာပဲ ထမင်းပွဲကို ပြင်ဆင်ပြီး ကျွေးတော့ မအိမ်ကံက ယပ်တောင်ကလေးနှင့် ယပ်ခတ်ရင်း ဟင်းတွေခူးခပ် ထည့်ပေးသည်။ အမေပန်းရုံတို့ ရှေ့မှာဆိုတော့ ကိုပြေသိမ်းက ရှက်နေလေ၏။

"မနှစ်က မူလတန်း ပညာသင်ကြားရေး ဥပဒေဆိုတာ အစိုးရက ပြဌာန်းလိုက်တော့ ဆရာကြီး ဦးဘခင်တို့က သည်ဘက်နယ်မှာ ကျွန်တော့်ကို တာဝန်ပေးဖို့ စီစဉ်နေကြပါတယ်။ အခုကတော့ ဥပဒေအရ တရားဝင် ဖွင့်ရမှာ ဆိုတော့ သည်ဘက်ရွာက ကလေးတွေ အဆင်ပြေနိုင်တာပေါ့"

"မောင်တောက်ထိန်က ကောကွယ်"

"သခင်တောက်ထိန်က မြင်းခြံကို ပြန်ပါလိမ့်မယ်"

သည်စကားကိုတော့ မအိမ်ကံ စိတ်ဝင်စားသွားသည်။ မူလတန်း ပညာသင်ကြားရေး ဥပဒေဆိုပြီး ကျောင်းဖွင့်ခွင့်ရပြီတဲ့။ ကိုပြေသိမ်းကို သည်ဘက်ရွာတွေမှာ တာဝန်ချပေးတော့မတဲ့။ ဘယ်တော့ များလဲ ကိုပြေသိမ်းရယ်။ ကိုပြေသိမ်းက စာအသင်အပြ ကောင်းတယ်လို့ ပွဲကတော်ကြီးက ပြောဖူးသည်။ ရွာက ကလေးတွေ လောက ဓာတ်စာ တတ်ကြတော့မှာ ဆိုတော့ မအိမ်ကံ ၀မ်းသာသည်။ ထမင်းစားပြီး လက်ဖက်၊ ထန်းလျက်ပွဲမှာ စကားတွေ ပြောဖြစ်ကြပြန်သည်။ အဖေတို့၊ အမေတို့ စကားကောင်းနေတုန်း မအိမ်ကံလည်း ရေမိုးချိုးကာ အလှ တွေမှုန်နေအောင် ပြင်လေသည်။ သရက်ထည် ဆင်စွယ်နှစ် ရောင်ကလေးမှာ ရှားရောင်ပန်းခက်တွေပါသော ထဘီနှင့် ပင်နီဖျော့ရောင် ရင်ဖုံးကလေးကြောင့် မအိမ်ကံမှာ လေးညှင်း အုန်းခွံရောင်ပြေးလျက် ကျက်သရေရှိနေခဲ့၏။ နှစ်ကျပ်သား လက်ကောက် တုတ်တုတ်ကြီး တစ်ကွင်းတည်းသာ ၀တ်ထားသည်။ ကိုပြေသိမ်းက သနပ်ခါးနံ့ကလေး ကြိုင်သွားသော လှေကားဘက်ကို ခေါင်းလှည့်လိုက်တော့ အင်္ကျီကို ခါးအထိ ဆွဲချရင်း ဆင်းလာသော မအိမ်ကံကို တွေ့သွားခဲ့သည်။ ပြောလက်စ စကားပင် တုံ့သွားပါ၏။ ဦးသာထန် ကတော့ သူ့သား မောင်မြတ်သာ၏ အင်္ကျီ၊ ပုဆိုးတွေဝတ် ထားသော ကိုပြေသိမ်းကိုကြည့်ရင်း သားကိုသတိရပုံပေါ်၏။

"ကျုပ်သားကကို ယုံကြည် စိတ်ချသူဆိုတော့ ကျုပ်တို့ကလည်း အတွင်းလူလို့ သဘောထားပါသယ်။ ကျုပ်သားလည်း သတိရမိပါရဲ့။ မောင့်ကိုလည်း ကျုပ်သား စာရင်းသွင်းပါသယ်။ သည်ဘက်ရွာတွေမှာ ကျောင်းဖွင့် ဖြစ်ရင် ကျုပ်အိမ်ကို အမာခံထား တည်းပါ"

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ