Thursday, October 15, 2009

မအိမ့်ကံ(24)

"အဲသည်အထိတော့ မပြောကြ သေးပါဘူး။ တွေးပူရသာ ပေါ့အေ။ သူက ပညာတတ်။ ငါက ပညာမဲ့။ ကျီးနဲ့ခင်ပုပ်လို ဖြစ်မှာစိုးသာပါ"

"မအိမ်ကံ သဘောတစ်ခု နေမှာပါအေရယ်။ ကိုပြေသိမ်းက လူ့သဘောကောင်းပါ။ မအိမ်ကံ စိတ်ဆင်းရဲအောင်တော့ မလုပ်တန်ကောင်းပါဘူး"

ကျေးဥကပြောတော့ မအိမ်ကံ စိတ်ပြေ ရပြန်သည်။ မအိမ်ကံ တော်တော်နှင့် အိပ်မပျော်နိုင်ခဲ့။ ပြတင်းဝဆီက လရောင်တွေ ဖြာကျနေသဖြင့် အခန်း တစ်ခန်းလုံး လင်းနေသည်။ ညလေပြည်ထဲမှာ ပန်းရနံ့တွေ ဝေ့လာပြန်ပါ၏။ မအိမ်ကံ အသာကျုံးထ လာခဲ့သည်။ အဖေတို့ အမေတို့ကို ရင်မဆိုင်ရဲသဖြင့် တစ်နေကုန် အိမ်ကြီးပေါ်မှာပဲ အောင်းနေ ခဲ့မိသည်။ ခြေညောင်းလက်ဆန့် အိမ်အောက်သို့ တအောင့် ဆင်းချင်လာသည်။ ကျေးဥကတော့ အိပ်နေလေပြီ။

ကိုပြေသိမ်းနှင့် ဝေးနေရသည့် ရက်တွေတုန်းကတော့ သည်လို လရောင်ကို မြင်ရတိုင်း လွမ်းစိတ်ကလေးတွေ ၀င်နေကျ။ သူ ဘယ်ဆီမှာလဲ တွေးကာ ရော်ရမ်းမိတာလည်း အခါခါပင်။ ထိုစဉ်ကများ လရောင်ထဲမှာ မျက်ရည်များပင် ကျမိခဲ့တာတွေ ရှိပါ၏။ အလွမ်းတကာထဲမှာ ချစ်သူကို လွမ်းရတာ အထိ ခိုက်ဆုံးလို့ပင် တွေးမိရသည် အထိပင်။ အခုတော့ ကိုပြေသိမ်းက အိမ်ကြီး အောက်ထပ်မှာ ရောက်နေပြီ။ စောစောပိုင်းက စကားသံတွေ ကြားသော်လည်း အသံတွေ တိတ်သွားတာကြာပြီ။ ဘယ်နှနာရီများ ထိုးပါလိမ့်။ သက်ကြီးခေါင်းချချိန်ကျော် လောက်ပြီ။ အောက်ထပ် သံစုံနာရီကြီးကလည်း နာရီသံထိုးဖို့ မေ့များနေရော့လား။

မအိမ်ကံ တံခါးကို အသာလှပ်ပြီး ဆင်းလာခဲ့သည်။ လှေကားအဆင်းက တံခါးကို ထပ်ဖွင့်ရပြန်သည်။ လှေကား အတိုင်းဆင်းလာတော့ အမှောင်ထဲမှာ မတ်စေ့ကလေးတွေကို နင်းမိသည်။ အိပ်နေသူတွေ အသံမကြားရအောင် ခြေဖျား ကလေးနှင့် ဆင်းရပါ၏။ တစ်ထစ်၊ နှစ်ထစ်၊ သုံးထစ်။ မတ် စေ့ကလေးတွေက ခြေဖ၀ါးအောက်မှာ တစ်စေ့၊ နှစ်စေ့၊ သုံးစေ့။ သည်လိုနှင့် အောက်ကိုရောက်လာခဲ့ပြီ။ လရောင်က မြေပြင်ပေါ်မှာ တရှိန်ရှိန် အရောင် ပြန်လျက်ရှိ၏။ သစ်ပင်တွေပေါ်မှာ၊ ရက်ကန်းရုံပေါ်မှာ၊ ပဲမှော်တိုက်ပေါ်မှာ၊ နွားတင်းကုပ်ပေါ်မှာ၊ ဇွန်ပန်းရုံတွေပေါ်မှာ၊ ဆပ်သွားဖူးရုံကြီးပေါ်မှာ လရောင်တွေ။

ကနေ့ည သာသည့်လက ခါတိုင်းထက်များ လင်းနေတော့သယောင်ပင်။ မအိမ်ကံသည် လရောင်ကွင်းပြင်ထဲ ဆင်းလာခဲ့သည်။ အပြင်မှာတော့ အေးစိမ့်စိမ့် ရှိပါ၏။ တစ်အိမ်လုံး အိပ်မောကျကြပြီ။ အဝေးဆီက အိမ်လည်လွန်ကြသူတွေ ဆိုလိုက်သော သီချင်းသံ သဲ့သဲ့က လွဲ၍ အခြား ဘာသံမှမရှိ။ အပေါ့အပါး သွားပြီးနောက် တလင်းပြင် လရောင်ထဲမှာ မအိမ်ကံ တစ်ယောက်တည်း ရပ်နေမိသည်။ ထိုစဉ်မှာပင် ချွတ်ခနဲ အသံတစ်သံ ကြားလိုက်ရသည်။ နောက်ဖေး တံခါးကို ဖွင့်ထွက်လာပုံရသူ လူတစ်ယောက်၏ အရိပ်ကို မအိမ်ကံ မြင်လိုက်ရခြင်း ဖြစ်၏။ အစ်ကိုမောင်မြတ်သာလား၊ ကိုပြေသိမ်းလား။ မျှော်လင့်မထားဘဲ ရိပ်ခနဲမြင်လိုက်ရတာ ဆိုတော့ မအိမ်ကံ ထိတ်ခနဲပင် ဖြစ်သွားခဲ့သည်။ လူရိပ်က နောက်ဖေးဆောင်အကွယ် အမှောင်ရိပ်ဆီက ထွက်မလာဘဲ ရပ်နေသဖြင့် လရောင်ထဲ ထွက်လာဖို့ မ၀ံ့မရဲ ဖြစ်နေပုံရပါ၏။


မအိမ်ကံ သိလိုက်ပြီ။ လူရိပ်ဆီ တည့်တည့်ကြီး လျှောက်လာခဲ့သည်။ အမှောင်ရိပ်ဆီကို အ၀င်မှာတော့ မအိမ်ကံကို သိမ်းဖက်ခြင်း ခံလိုက်ရသည်။ မွှေးပျံ့ရီဝေသော ရနံ့တစ်မျိုးနှင့် အတူ မအိမ်ကံ တစ်ကိုယ်လုံး နွေးထွေးသွားခဲ့ပါ၏။

"ကိုပြေသိမ်းရယ်..."

အလွန်တိုးလှသော အသံဖြင့် ခေါ်လိုက်သော်လည်း ကိုပြေသိမ်းက မအိမ်ကံ နှုတ်ခမ်းတွေကို အသံမထွက်စေရန် လက်နှင့် ဖိလိုက်သည်။ မအိမ်ကံ ကိုယ်လုံး တင်းတင်းကလေးကို သိမ်းဖက်ထားရင်း မအိမ်ကံကို ပါးချင်းအပ်ကာ နမ်းလေသည်။ ချစ်သူ၏ အနမ်းဆိုသော်လည်း မအိမ်ကံ အနမ်းတွေ မထိစင်အောင် ရှောင်ရှား နေခဲ့သည်။ မအိမ်ကံ၏ လက်တွေက ချစ်သူမျက်နှာကို လိုက်စမ်း နေမိသော်လည်း မအိမ်ကံ တစ်ကိုယ်လုံး နတ်ဝင်သည်လို တဆတ်ဆတ် တုန်ခါနေပါ၏။ သည်ကြားထဲကပင် အနမ်းတွေ ပန်းပွင့်တွေ ကြွေသလို ကြွေကျနေလေသည်။ ဘယ်နှပွင့်မှန်းပင် မသိ။

"မအိမ်ကံကို ကျုပ် ချစ်တယ်။ တစ်သက်လုံး စိတ်ချမ်းသာအောင် ထားပါ့မယ်ဗျာ"

ချစ်သူ ရင်ခွင်ထဲမှာ နေချင်သေးသော်လည်း အတင့်ရဲရာကျမှာ စိုးပါသည်။ မအိမ်ကံက လေသံကလေးနှင့် တောင်းပန်ကာ ကိုပြေသိမ်း လက်ထဲက ရုန်းထွက် လိုက်သည်။

"သွားတော့မယ် ကိုပြေသိမ်းရယ်။ နိုးကုန်ကြလိမ့်မယ်နော်"

လှေကားဆံတွေပေါ်ကို မအိမ်ကံ ဘယ်လိုက ဘယ်လို ရောက်လာခဲ့သည်ပင် မသိ။ ရင်တွေ တလှပ်လှပ်ခုန်နေဆဲ။ အိပ်ရာထဲ ရောက်သည့်နောက် ရင်မငြိမ်သေး။ လရောင်က ပြတင်းဝမှ တစ်ဆင့် မအိမ်ကံ မျက်နှာကလေးပေါ် ဖြာကျလျက် ရှိပါ၏။ တစ်ခါက ချစ်သူမဟုတ်သော သာအောင့် ရင်ခွင်ထဲ ရောက်ခဲ့ဖူးတာကိုလည်း အမှတ်ရ လိုက်သေးသည်။ သည်တစ်ခါတော့ ချစ်ရသူ၏ ရင်ခွင်။ နွေးထွေး နူးညံ့လှသော ချစ်သူ၏ ရင်ခွင်။

အိမ်အောက်ထပ် သံစုံနာရီဆီက နှစ်ချက်ထိုးသံ တဒင်ဒင် ကြားရလေသည်။ မအိမ်ကံ အိပ်မပျော်သေး။ လင်းကြက်တွန် သံတွေ ဆူဆူဝေတော့မှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။

ဇောင်ချမ်းကုန်းတွင် စာသင်ကျောင်း ဆောက်မည့်နေ့ မတိုင်မီကပင် မအိမ်ကံတို့အိမ်မှာ အစည်းအဝေးတွေ လုပ်ကြရသည်။ ဇောင်ချမ်းကုန်းနှင့် အနီးတစ်ဝိုက် ရွာများဖြစ်သော ရှားတော၊ အိုးပေါက်၊ ကြက်တငို၊ ညောင်ကန်၊ ယာကြီးပြင်၊ ထိန်ကုန်း၊ အနောက်တန်း ရွာများဖြစ်သော အနောက်ကုန်း၊ တည်တော၊ လေးပင်အိမ်၊ ကြည်တော်ကုန်း၊ ချယားကုန်း၊ လင်းနေကုန်း စသော ရွာတွေက လူကြီးများ ပါလာကြသဖြင့် စည်ကားလှသည်။ မအိမ်ကံတို့ အိမ်ဘေးမှာ မီးဖိုကျင်းကြီးများ တူး၍ အိုးကြီးချက် ချက်ကြရပါ၏။ တချို့ရွာတွေက ဝေးသော်လည်း အရှေ့ရွာ၊ အနောက်ရွာ၊ အလယ်ဗဟို ကျသော ဇောင်ချမ်းကုန်းရွာကို စာသင်ကျောင်း ဖွင့်ဖို့အတွက် ဆရာကြီး ဦးဘခင်ကိုယ်တိုင်ကပဲ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ဘုန်းကြီးကျောင်းဘေး အဆွယ်မှာ ၀ါးတဲလေးထိုးကာ ကျောင်းဖွင့် ထားရသော ကြည်တော်ကုန်း ရွာကလေးကလည်း ဆရာကြည် သဘောဆိုတော့ ကျောင်းမြေနှင့် ကျောင်းဆောင် လှူဒါန်းမည့် နေရာကို လက်ခံကြပါသည်။ ကျေးရွာစုံ လူကြီးတွေလာကြ သည့်နေ့က ဆရာကြီးဦးဘခင်ပါ ရောက်လာခဲ့သည်။

"သူကြီးမင်းတို့ မိသားစုက ကျောင်းဆောက်မယ့် မြေနေရာရော ကျောင်းဆောင်ပါ ဆောက်ပေးကြမှာ ဆိုတော့ ကျွန်တော်တို့ မြင်းခြံ အာရှတိုက် လူငယ်များ အစည်းအရုံးအနေနဲ့ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ခင်ဗျား။ သည်နားရွာတွေမှာလည်း ရပ်ရွာဖွံ့ဖြိုးရေး ကိစ္စတွေလုပ်နိုင်ဖို့ အဖွဲ့တွေဖွဲ့ဖို့လည်း ရှိပါ တယ်။ သည်က စည်းရုံးရေးမှူး ဆရာကိုပြေသိမ်းက ကျောင်းတာဝန်အပြင် ရွာစဉ်လှည့် စည်းရုံးဖို့ပါရှိလေတော့ ကျေးရွာများက ကူညီကြစေချင်ပါတယ်"

ကျေးရွာလူကြီးတွေက မေးသမျှ ဆရာကြီးဦးဘခင်နှင့် မြင်းခြံ အာရှတိုက်လူငယ်များ အစည်းအရုံးက တာဝန်ရှိသူ တွေက ရှင်းပြကြသည်။ ကာယဗလ၊ ဥာဏဗလ၊ မိတ္တဗလ စသော လူမှုဝန်ထမ်း၊ စေတနာ့ဝန်ထမ်း လုပ်ငန်းများကိုလည်း ရှင်းပြကြပါ၏။

"ရွာတွေမှာ လူငယ်များ ကြံ့ခိုင်ကျန်းမာအောင် ကစားခုန် စားလုပ်ကြဖို့နဲ့ စာကြည့်တိုက်တွေ၊ ကျောင်းတွေဖွင့်ဖို့ကတော့ အရေးတကြီး လုပ်ကြရမှာပါပဲ။ ရပ်ရွာ ကာကွယ်ရေး ကိစ္စ၊ မီးဘေး ကာကွယ်ရေး ကိစ္စ၊ သူနာပြုအတတ်၊ ဗုံးဘေး၊ ရောဂါဘယဘေး၊ ရပ်ရွာသန့်ရှင်းရေး စတာတွေလည်း လုပ်ကြရမှာပဲ။ အာရှလူငယ် သီချင်းတွေကိုတော့ ရွာတွေမှာ မောင်ပြေသိမ်းက သင်ပေးပါလိမ့်မယ်။ အာရှလူငယ်လုံမေများ ဖွဲ့ဖို့တော့ မအိမ်ကံကို တာဝန်ပေးထားပါတယ်"

မအိမ်ကံတို့ အိမ်မှာ မနိုင်မနင်းတွေ ဖြစ်နေကြတော့ မမစိမ်းမြပါ လာရောက် ကူညီနေရပါ၏။ မောင်မြတ်သာက ဘီဒီအေ စစ်ဝတ်စစ်စား အပြည့်အစုံ ၀တ်ထားသဖြင့် ကျေးရွာ လူတွေက အထူးအဆန်း ဖြစ်နေကြသည်။ ရပ်ရွာလူကြီးတွေက ဘီဒီအေနှင့် ပတ်သက်၍လည်း မေးကြသည်။ မောင်မြတ်သာကို ဗိုလ်လေးခေါ်ကြ၏။

"ဘီဒီအေမှာ ခြေလျင်တပ်တို့၊ မြင်းတပ်တို့၊ စက်အမြောက်တပ်တို့၊ စိန်ပြောင်းကြီးတပ်တို့ကအစ လေယာဉ်ပစ် အမြောက်တပ်၊ အင်ဂျင်နီယာတပ်၊ ဆေးဝန်ထမ်းတပ်၊ စစ်မြင်းတပ် စသဖြင့် စနစ်တကျဖွဲ့ထားပါတယ်။ ဂျပန့်လက်အောက် မှာဖွဲ့ရတဲ့ တပ်ဆိုတော့ ဂျပန်မျက်စိ မနောက်အောင်လည်း သိုသို သိပ်သိပ်ရှိကြရပါတယ်"

လူတွေ များလွန်းသဖြင့် အသုတ်လိုက် ထမင်းကျွေးကြရသည်။ မအိမ်ကံကတော့ ပျော်လွန်းလှပါ၏။ အစ်ကိုလည်း ရှိနေသည်။ ကိုပြေသိမ်းလည်းရှိနေသည်။ ရွာစုံက ကျောင်းကြီး ထူမတ်ကြတော့လည်း မအိမ်ကံ ရင်တွေခုန်ခဲ့ရသည်။ ဘ၀ အကျိုးပေးကြောင့် အစ်ကိုသင်ပေးခဲ့သမျှ သေစာရှင်စာလောက် တတ်ခဲ့ရသော်လည်း နောင်ဘ၀တွေအတွက် ပညာ မျိုးစေ့ ချပေးနိုင်လေပြီ ဆိုသည့် စိတ်ကြောင့် ၀မ်းမြောက် ၀မ်းသာ ရှိခဲ့ရပါ၏။ မိဘနှစ်ပါးက လှူသည့် ကျောင်းဆိုသော်လည်း ရွာတွေက ကျောင်းဆောက်စဉ်ကပင် "မအိမ်ကံ့ ကျောင်း" လို့ ခေါ်ကြတော့သည်။
မအိမ်ကံ့ကျောင်းနှင့် ကျောင်းဆရာကိုပြေသိမ်း။

သည်လို ပူးတွဲ ခေါ်ဝေါ်ကြတော့လည်း မအိမ်ကံ ရင်တွေ တလှပ်လှပ် ခုန်ရပြန်လေသည်။ ကျောင်းဆောက်ပြီးသည့် နေ့က ကျောင်းရိပ်မှာပဲ ဆရာတော်များ ပင့်ဖိတ်ကာ ဆွမ်းကျွေးဖြစ်ခဲ့ပါ၏။ ဆိုင်ရာ ကျောင်းပရိဘောဂများနှင့် ကျောင်းသင်စာအုပ်များ ရရှိရေးအတွက် ဆရာကြီးဦးဘခင်တို့ကပဲ တာဝန်ယူကြသည်။ ကိုပြေသိမ်းခမျာ မြင်းခြံနှင့် ဇောင်ချမ်းကုန်း ကူးနေရတာပင် အခေါက်ပေါင်းမရေနိုင်။

"ဒါကြောင့် ပြောခဲ့တာပေါ့ မအိမ်ကံ။ ဇောင်ချမ်းကုန်းကို လှေနဲ့ လာရမှာပါလို့"

တစ်ခါက မြင်းကြီးတစ်စီးနှင့် လိုက်ပို့စဉ်က စကားကို ကိုပြေသိမ်းက ပြန်ကောက်ခြင်းဖြစ်ပါ၏။

"မအိမ်ကံကလည်း ပြောခဲ့ပါသယ်ရှင်။ ဇောင်ချမ်းကုန်းက လှည်းဦးတိုက်ပါလို့"

သည်နောက်ပိုင်းရက်တွေမှာတော့ ဇောင်ချမ်းကုန်းရွာ ကျောင်းကလေးဆီက ကျောင်းခေါင်းလောင်းသံ ကြားရပါပြီ။ စာအံသံတွေ ကြားရပါပြီ။ ရွာကျောင်း လွှတ်ချိန်တွေမှာ ဆိုင်ရာ ရွာတွေဆီ ပြန်ပြေးကြသော ကလေးများအသံကြောင့် ရွာလုံးစည် လေသည်။ လူပျိုမပေါက်တစ်ပေါက် ဖိုးကူးပင်လျှင် ကိုပြေသိမ်း၏ ကျောင်းသားကြီး ဖြစ်နေပြီ။ ကိုပြေသိမ်းက မူလတန်း ကျောင်းသားအရွယ်ရယ် မဟုတ်ဘဲ ဖိုးကူးတို့လို စာသင်ကျောင်းကို လာနိုင်သမျှသော ကျောင်းသားကြီးတွေကိုလည်း လောကဓာတ်စာတွေ သင်ကြားပေးခဲ့သည်။ တော်တော်လေး အပင်ပန်းခံနိုင်သည့် ကိုပြေသိမ်းပါပေ။ ရွာကလည်း ဆရာလေး ကိုပြေသိမ်းကို ချစ်ခင် လေးစားကြသည်။ အထူးသဖြင့် လူငယ်လူရွယ် ကာလသားတွေက အချိန်အားရတိုင်း ကိုပြေသိမ်းထံလာ၍ ပညာဆည်းပူးကြသည်။ ဒါတွေကို မြင်ရ၊ ကြားရတော့ မအိမ်ကံမှာ ဂုဏ်ယူလို့မဆုံး။

အဖေဦးသာထန်ပင် ခါတိုင်းလို မဟုတ်။ စာသင်ကျောင်း ဘက်ကို ကွမ်းအစ်တစ်လုံး အိတ်ထဲ ထည့်လွယ်ကာ သွားသွား ထိုင်ရတာ အမော။ ကိုပြေသိမ်းက ကျောင်းလွှတ်ချိန် အိမ်ပြန် ထမင်းစားလေ့ ရှိသည်။ ညစာထမင်းဝိုင်းကတော့ တစ်ရွာလုံးက ဆရာလေးကို ပို့သမျှဟင်းတွေက စားပွဲနှင့်မဆံ့အောင် မြိုင်လှပါ၏။ ကိုပြေသိမ်းကို မအိမ်ကံ ကိုယ်တိုင် ထမင်းခူးခပ် ကျွေးသည်။ မိဘများက သဘောတူထားကြပြီ ဆိုတော့ မအိမ်ကံ လူမြင်သူမြင် ခံဝံ့ရဲပြီ။ တစ်ခါတလေ ကိုပြေသိမ်းနှင့် အတူ ကျောင်းဘက် လိုက်သွားတတ်သည်။ တစ်ခါတစ်ရံ အာရှလူငယ်အစည်းအရုံး ကိစ္စဖြင့် ရွာတွေဆင်းရတော့လည်း မအိမ်ကံနှင့်ကျေးဥ လိုက်ကြရပါ၏။ လှည်းပေါ်မှာ အာရှလူငယ်သီချင်းတွေ သံပြိုင်ဆိုကြရတာ ပျော်စရာ ကောင်းလှပါ၏။

"ရာဇ၀င်ကြွေးကိုဆပ်ကြရအောင် +++ သူရသတ္တိရှိတဲ့ ဗမာတွေရယ် +++ ဘယ်လိုဆပ်ရမယ် +++ ချွေးနဲ့ဆပ်ရမယ် +++ သွေးနဲ့ဆပ်ရမယ်တဲ့ +++ ခါခါပင် စိတ်အားတက်ဖွယ် +++ အာဏာရှင်မိန့်ကြားမြွက်တယ် +++ ခါးတောင်းကျိုက်ကာ +++ ဟောဒီစစ်ကို နိုင်အောင်သာတိုက်မယ် +++ အောင် မြေနင်းပြီး သစ္စာအဓိဋ္ဌာန်ပြုခဲ့ပါပြီ ဗမာတွေရယ် +++"

အာရှစစ် ဆိုသည့် သီချင်းကို မအိမ်ကံ ရနေပြီ။ တစ်ခါ တစ်ရံ ဗမာ့ သူရဲကောင်း သီချင်းကို ဆိုကြ၏။ ကျေးဥနှင့် ဖိုးကူး တို့ပင် လိုက်ဆိုကြသည်။ အာရှလုံမေ မအိမ်ကံနှင့် ကျောင်းဆရာ ကိုပြေသိမ်းတို့ ရွာစဉ်လှည့်ကာ သီချင်းတွေ သင်ပေးကြသည်။

"ရာဇ၀င်ထုပ္ပတ္တိလည်းရှိရမယ် +++ မော်ကွန်းလည်း ထိုးလောက်တယ် +++ မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ် +++ တိုင်းပြည်ကျိုးစွန့်ခဲ့တဲ့ မျိုးဇာနည်နွယ် +++ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ် +++ တို့ဗမာစိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ် +++"

ရွာတွေမှာတော့ နဂိုက ခြောက်တိ ခြောက်ခန်း ဆိုသော်လည်း မအိမ်ကံနှင့် ကိုပြေသိမ်းတို့ကြောင့် သီချင်း တဆူဆူရှိခဲ့ ကြပြီ။ ရွာသောက်ရေကန် ဆည်ကြ၊ ဖို့ကြသည်။ ရေတွင်း ရေကန် ဆည်ကြသည်။ ရွာစည်းရိုးတွေ လုံအောင်ခတ်ကြသည်။ ကျေးရွာကာကွယ်ရေး အဖွဲ့တွေဖွဲ့ကြသည်။ တစ်ရွာ့ တစ်ရွာ အကူးအလူး ရှိကြသည်။ မအိမ်ကံ၏ ရက်ကန်းစင်က "အာရှလုံမေ" ဟု အမည် ပေးထားသည့် ထဘီဆင်က မိန်းကလေးများ ဆင်တူ ၀တ်ဆင်ကြရန် ရွေးချယ်ကြသည် အထိ နာမည်ကြီးသွား ခဲ့သည်။ မြင်းခြံမြို့က အထိ တကန်တက အမှာတွေ ရောက်လာခဲ့သည်။ ရက်လို့ပင်မလောက်နိုင်။

သည်ကြားထဲ ပျဉ်းမနားကို ပြန်သွားခဲ့သော အစ်ကိုမောင်မြတ်သာ ရွာကို တစ်ခေါက် ပြန်ရောက်လာကာ မမစိမ်းမြနှင့် ကြောင်းမြန်းကြသည်။ အဖေနှင့်အမေ၊ မအိမ်ကံနှင့် ကိုပြေသိမ်းတို့အပြင် ရွာလူကြီးတချို့ပါ လိုက်ပါကြကာ တောင်းမြန်းကြခြင်း ဖြစ်သည်။ မမစိမ်းမြ တို့ဘက်ကလည်း အကျယ်မချဲ့လိုကြသဖြင့် ကြောင်းမြန်းပွဲပြီး နောက်တစ်နေ့မှာပင် မင်္ဂလာဆွမ်းကျွေးသည်။ အိမ်တင်ပစ္စည်း အဖြစ် ရွှေ၊ ငွေ၊ လက်ဝတ်လက်စားနှင့် မြေငါးသွယ်ကို တစ်ပါတည်း လက်ဖွဲ့လိုက်ကြပါသည်။ လောလောဆယ် အစ်ကိုမောင်မြတ်သာ တပ်ကိုပြန်ရမည်။ မမစိမ်းမြကတော့ ရွာမှာပဲ နေခဲ့ရပါ၏။ လောလောဆယ်မှာတော့ မမစိမ်းမြက သူ့အိမ်မှာပဲ နေဦးမည်။ အစ်ကို တပ်က ထွက်လာလျှင်တော့ မအိမ်ကံတို့ အိမ်ကြီးပေါ်မှာပဲ မိသားစု သိုက်သိုက်ဝန်းဝန်း နေကြမည်။ နောက်တစ်ရက်မှာ မောင်မြတ်သာတို့ ဇနီးမောင်နှံက အဖေနှင့်အမေကို လာကန်တော့ကြပါ၏။

"အေး ငါ့သားကြီး ဘေးမသီ ရန်မခ တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး၊ ဘာသာသာသနာ အကျိုး သယ်ပိုးနိုင်ပါစေ။ စိတ်ချလက်ချသာသွား။ စိမ်းမြကလည်း အဖေတို့အိမ်ကို တစ်ရက်တစ်ခေါက် ရောက်ပစေ ကြားလား ငါ့သမီး"

"ဟုတ်ကဲ့ အဖေ"

မမစိမ်းမြက အဖေ့ကို အဖေလို့ ခေါ်လိုက်တော့ မအိမ်ကံပင် ပြုံးမိခဲ့သည်။ ကိုပြေသိမ်း မိဘတွေကိုလည်း မအိမ်ကံက အဖေတို့ အမေတို့ ခေါ်ရတော့မှာပေါ့။ အစ်ကိုက ကိုပြေသိမ်းကို မှာစရာရှိတာတွေ မှာသည်။

"ကိုင်း သခင်ပြေသိမ်း။ ကျွန်တော် မရှိသခိုက်မှာ ကျွန်တော့် မိသားစုကို ခင်ဗျားလက်ထဲ အပ်ခဲ့ပါရစေ။ အစစအရာရာ အားကိုးပါရစေ ခင်ဗျာ။ တိုင်းပြည် လွတ်လပ်ရေးကြီး ရတဲ့အခါ ခင်ဗျားနဲ့ကျွန်တော် လက်တွဲပြီး ရွာကျိုးရပ်ကျိုးတွေ လုပ်ကြ သေးတာပေါ့။ သခင်မျိုးဟေ့ တို့ဗမာ"

"စိတ်သာချပါရော့ သခင်မြတ်သာခင်ဗျာ။ အရေးတော်ပုံ အောင်ရမည်"

အစ်ကိုနှင့်ကိုပြေသိမ်း တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ကြပုံကို အဖေဦးသာထန်က ပြုံးပြုံးကြီး ကြည့်လျက်ရှိပါ၏။ အမေပန်းရုံက အစ်ကို့အတွက် ပေးစရာရှိတာတွေ ထည့်သို ပေးလိုက်သည်။ အစ်ကိုမောင်မြတ်သာ မမစိမ်းမြတို့ အိမ်ဘက်ကို လိုက်သွားတော့ မအိမ်ကံ ရင်ထဲမှာ ဟာကျန်ရစ်ခဲ့သည်။ အစ်ကို့ကို သူစိမ်းမိန်းမသား တစ်ယောက်က ယူသွားတာလား၊ မအိမ်ကံတို့ကပဲ သူစိမ်း မိန်းကလေးလက်ထဲ လက်ရောက်အပ် လိုက်ရတာလား။ ဘာပဲဖြစ်ဖြစ် မအိမ်ကံ အစ်ကို့ကို နှမြောမိရပါ၏။ သည်ကြားထဲ ကိုပြေသိမ်းက ကျောင်းကိစ္စဖြင့် မြင်းခြံ သွားရပြန်တော့ အိမ်ကြီးတစ်အိမ်လုံး "ချောင်"သွားသလိုပင်။ ကိုပြေသိမ်း မြင်းခြံကို အရင်အခေါက်တွေ သွားတုန်းက စက်ဘီးတစ်စီး ပါလာသဖြင့် ဖိုးကူးလှည်းကို ခေါ်သွားစရာမလိုတော့။ မအိမ်ကံနှင့်ကျေးဥက အိမ်သန့်ရှင်းရေး ၀င်ရပါ၏။ သည်တစ်လလုံးလုံး တစ်ရွာလုံး မအားကြရသလို မအိမ်ကံတို့ပါ မအားကြရ။

"မသက်သာလိုက်သာ မအိမ်ကံရယ်။ တို့လည်း ထမင်း ချက်လိုက်ရ၊ သီချင်းဆိုလိုက်ရနဲ့"

ကျေးဥ စကားကြောင့် မအိမ်ကံ ရယ်မိသေးသည်။ မအိမ်ကံပါတော့ ကျေးဥပါ ပါရသည်။ သည်ရက်တွေထဲ အိုးကြီး အိုးငယ် ထင်းမီး မငြိမ်းနိုင်အောင် ချက်ကြ ပြုတ်ကြရတာ ကလည်း နေ့စဉ် ရက်ဆက်ပင်။ မမစိမ်းမြကတော့ တစ်နေ့ တစ်ခေါက်ရယ်လို့ မဟုတ်ပါ။ တစ်နေ့ နှစ်ခေါက် သုံးခေါက် လောက်ကူးလာသည်။ အဖေတို့ အမေတို့ အ၀တ်အစားတွေ လျှော်ဖွပ် ပေးသွားတတ်သည်။ သူတို့အိမ်မှာ ချက်သည့် ဟင်းကောင်းတစ်မယ်တော့ ဦးဦးဖျားဖျား နေ့စဉ်ရောက်ပါ၏။ အာရှလုံမေဆင်တွေကို သမီးယောက်မ နှစ်ယောက်စလုံး သူ့ရက်ကန်း ကိုယ့်ရက်ကန်း မခွဲတော့ဘဲ မှာသမျှ ရက်ပေးနေကြရသည်။ ရွာတွေက မှာတာတွေ များလွန်းနေတော့ မျှပေးနေရသည်။

"ဗမာပြည်ကြီး ခေတ်သစ်ကောင်းလို့ အခါကောင်းပေါ်လာပြီ +++ ကမ္ဘာ့အရှေ့ပိုင်း တိုင်းရင်းသားမို့ ငါတို့ကူဝိုင်းမည် +++ (နိပွန်ဗမာချစ်ကြသည် +++ သွေးနဲ့ချွေးနဲ့အရင်း စိုက်တည်) +++ ဗမာ့ခေတ်သစ်ကိုတည်ထောင်ဖန်တီး ကြီးပွားရပေမည် +++"

ကျေးဥက ကိုပြေသိမ်း အ၀တ်တွေကို ကြေးမီးပူကြီး တစ်လုံးနှင့်တိုက်ရင်း သီချင်းညည်းနေသည်။ မအိမ်ကံက ကျေးဥ ဆိုနေသည့် သီချင်းကြောင့် ပြုံးကြည့် နေမိလေသည်။ ကျေးဥ သီချင်းဆိုရင်းက ရပ်လိုက်ပြီး မအိမ်ကံကို မေးသည်။

"မအိမ်ကံ ကမ္ဘာ့အရှေ့ပိုင်းဆိုသာ ဘာတုံး။ နိပွန်ဆိုသာ ကကော"

"ကမ္ဘာ့အရှေ့ပိုင်းဆိုသာ တို့ရွာလိုတော့ ရွာ့အရှေ့ပိုင်းပေါ့၊ ဟယ်။ နိပွန်ဆိုသာ ဂျပန်လို့ပြောသာပဲ"

မလှအုံက ၀င်ဟန့်လေ၏။

"တော်ကြစမ်းပါအေ၊ ကျက်သရေ မရှိသဲ့ကောင်တွေ။ ရွာ ရေတွင်း ကိုယ်တုံးလုံး ရေချိုးကြလို့ အပျိုတွေ ပြေးကြရပါပကော"

မလှအုံက လှမ်းငံ့တော့မှ ကျေးဥလည်း သီချင်းအဆို ရပ်တော့သည်။

မအိမ်ကံနှင့် ကျေးဥတို့ ညဘက် စကားတွေ ပြောဖြစ်ကြရာမှာတော့ ရွာ့အသံတွေ ကြားရပါ၏။ မအိမ်ကံထင်သည့် အတိုင်းပင်။ ရွာက ကိုပြေသိမ်းနှင့် မအိမ်ကံ လက်ထပ်တော့မှာ ဖြစ်ကြောင်း၊ နေနှင့်လ၊ ရွှေနှင့်မြလို လိုက်ဖက်ကြောင်း၊ တစ်နယ်လုံးက ဂွမ်းပေါက်နှင့် တို့ရလောက်အောင် အရိပ်တကြည့် ကြည့်ရှိရသူ မအိမ်ကံအဖို့ ဆရာကတော်ဆိုသည့် ဂုဏ်ကြောင့် ဆတက်ထမ်းပိုး ပွင့်လန်းဖို့သာ ရှိကြောင်းတွေပါကြောင်း ကျေးဥက ပြောပြသည်။

"ပြောနေကြသာ စုံလို့ပါ မအိမ်ကံရယ်။ ဆရာလေးကို ပြေသိမ်း ချောသဲ့ လှသဲ့အကြောင်းလည်း ပါပါရဲ့။ မအိမ်ကံ ရုပ်ရည်နဲ့ ဒါမျိုးမှ လိုက်တော့မပေါ့ ဆိုသာလည်း ပါရဲ့။ ကတော်ဝင်လောက်သဲ့ မိန်းမ။ ဆရာကတော်ဖြစ်ရမယ့်ဂုဏ်က နည်းရော့လားသဲ့"

"မအိမ်ကံကလည်း သည်အခါကို စောင့်နေသာပါ ကျေးဥရယ်။ မစားရအလျင်း စားမှတော့လည်း ဆီထမင်းဆိုသလိုပေါ့။ မင်္ဂလာပွဲကြီးကို ဟည်းနေအောင် လုပ်ပစ်လိုက်မယ် ကြည့်နေ။ ရွှေမှုံမင်္ဂလာဆောင်ထက် သာရမယ်။ ငါ့မင်္ဂလာဆောင်မှာ မန္တလေးက အငြိမ့် ခံလိုက်ရဦးမယ်"

"ရွှေမှုံကလည်း အသားထလိုက်သာ မပြောပါနဲ့တော့အေ။ ကြီးတော်စံရွှေက သည်ချွေးမရောက်လာမှ စီးပွားတွေ တက်သယ် ဆိုပြီး ဆင်ထားလိုက်သာ ညွတ်လို့။ သာအောင်က ရွာတွေမှာ နွားအလဲ အထပ်လုပ်သာကလည်း ပိုက်ဆံရသတဲ့။ သည်ကြားထဲ အရင်ချွေးမ နှစ်ယောက်က သားသမီးမရကြဘဲ ရွှေမှုံကျမှ ကိုယ်ဝန်ရတော့ မြေးတောင် မမွေးရသေးဘူး ရွှေပုခက် ဆင်ချင်နေကြသာ မအိမ်ကံရဲ့"

"သြော် ရွှေမှုံက ၀မ်းတောင် လွယ်နေပြီတဲ့လား။ အင်းပေါ့လေ။ ဒါနဲ့ ကြီးတော်စံရွှေက ဘာတွေလုပ်နေသာတုံး ကျေးဥ ရဲ့။ ရွာမှာ အသံမကြားရတော့လို့"

"အမှုပွဲစားကျော်ဒင်နဲ့ ပေါင်းပြီး ဂျပန်တပ်တွေကို ပဲတို့၊ ထန်းလျက်တို့လိုဟာတွေ သွင်းနေသယ်ပြောကြသာပဲ။ ကြီးတော်စံရွှေက ပစ္စည်းစိုက်၊ ကျော်ဒင်က ငွေပေး ငွေယူသဲ့။ အမြတ်ကို သုံးချိုးတစ်ချိုး ပေးရသာသဲ့"

"ဇယားတွေ ရှုပ်လာကြဦးမှာပေါ့အေ"

မအိမ်ကံတို့ အိပ်ရာထဲ စကားတွေ ပြောနေကြတုန်း မလှအုံ အပေါ်ထက်ကို တက်လာသည်။ အောက်ထပ်မှာ ကိုပြေသိမ်း ရောက်နေပြီဆိုလို့ နှစ်ယောက်သား ဆင်းလာခဲ့ကြရပါ၏။ ဘယ့်နှယ်ပါလိမ့်။ ညကြီးမိုးချုပ်မှ ပြန်ရောက်ရ သတဲ့လား။ မအိမ်ကံတို့ အောက်ထပ်ကို ရောက်တော့ ကိုပြေသိမ်းက ထမင်းစားရန် လက်ပင်ဆေးနေပြီ။

"ကျောင်းအတွက် ပစ္စည်းတွေ မနက်ဖြန်ပို့ဖို့ လှည်းဆင့်နေရသာ ကြာသွားသာ အမေပန်းရုံရဲ့။ အားလုံးပြီးလို့ မြင်းခြံက ထွက်တော့ နေစောင်းလှပြီ။ ထွက်လာလို့မှ မကြာဘူး စက်ဘီးက ဘီးပေါက်သာနဲ့ တွန်းရင်း လျှောက်လာရသာပဲ။ လကလည်းမိုက်၊ လမ်းကလည်းမှောင်။ လူသွားလူလာများ ပြတ်ချက်တော့..."

"နောက်ဆိုရင် နေရောင်နဲ့ ရွာဝင်ပါကွယ်။ ခေတ်အခါကာ လကြီးက မကောင်းလှဘူး။ မောင်ပြေသိမ်းနှယ်ကွယ် မြင်းတစ်ကောင်ဝယ်ပါရော့။ စက်ဘီးက မသေချာပါဘူး"

အမေပန်းရုံက ကရုဏာနှင့် ပြောနေခြင်း ဖြစ်သည်။ မအိမ်ကံကတော့ ရင်တွေပူနေရသည်။ ဂျပန်တွေဘာတွေနဲ့ မတွေ့လို့ တော်ပါသေးရဲ့။ မြင်းခြံနှင့် ဇောင်ချမ်းကုန်း စက်ဘီး တွန်းရင်း လျှောက်လာရသတဲ့လား။ အမေတို့ရှေ့မှာပေမယ့် မအိမ်ကံ တစ်ခွန်းတော့ ပြောဖြစ်လိုက်ပါ၏။

"နောက် ကိုပြေသိမ်း မြင်းခြံသွားရင် ဖိုးတုတ်နဲ့ဖိုးကူး တစ်ယောက်ယောက်ကို ခေါ်သွား။ လှည်းနဲ့သွားသာ ကြာမယ် ထင်ရင် အမေပန်းရုံ ပြောသလို မြင်းကောင်းကောင်း တစ်ကောင် ၀ယ်ရအောင်"

ကိုပြေသိမ်းက မအိမ်ကံကို လှမ်းကြည့်သည်။ ပြီးမှ စကားတစ်ခွန်း ပြန်ပြောလေသည်။

"အေးပါ အိမ်ကလေးရယ်။ အိမ်ကလေး စိတ်ပူမယ် ဆိုတာလည်း သိပါရဲ့ကွယ်"

ကိုပြေသိမ်းက ထူးထူးခြားခြား "အိမ်ကလေး"လို့ခေါ် နေပါကောလား။ အမေပန်းရုံနှင့် မလှအုံတို့က လှမ်းကြည့်တော့လည်း မအိမ်ကံ ရှက်မိသား။

တစ်ရက်။ မနက်စောစော မအိမ်ကံတို့ အိမ်ကို ဆေးဆရာ ဆရာကြည် ရောက်လာခဲ့သည်။ လှည်းကြုံနှင့် ရောက်လာခြင်း ဖြစ်၍ ဖျင်ကြမ်း အင်္ကျီထူထူ၊ တဘက် ခေါင်းပေါင်းကြီး ပေါင်းကာ ပြောင်းဖူးဖက် ဆေးလိပ်ကြီးငေါ့ရင်း အမှတ်တမဲ့ ရောက်လာခြင်း ဖြစ်သည်။ ဆရာကြည်ရောက်လာချိန်မှာ စောလွန်း လှသဖြင့် ကိုပြေသိမ်းပင် မနိုးသေးပါ။ မလှအုံက ဆရာကြည်ကို နေရာပေးသည်။ ဦးသာထန် နိုးနေပြီဖြစ်၍ ဆရာကြည့်ရှေ့ လာထိုင်သည်။

"ဘယ့်နှယ်တုံး ဆရာကြည်ရဲ့။ ဘာများထူးလို့တုံး စောစောစီးစီး"

"မောင်ပြေသိမ်းဆီ လာသာပဲသူကြီး။ ကျုပ်တို့ရွာတွေမှာသာ မသိကြသေးသာ။ ဂျပန်တွေက တော်တော့်ကို သောင်းကျန်းနေကြပြီ။ ကျုပ်တို့ဘက်က တို့ဗမာ ဆင်းရဲသား အစည်း အရုံးဆိုသာ မြို့တွေမှာဖွဲ့သယ်ကြားလို့ လာမေးသာ။ မောင်ပြေသိမ်း သိတန်ကောင်းရဲ့ထင်လို့"

ကိုပြေသိမ်းကို မလှအုံက နှိုးပေးသဖြင့် မျက်နှာကလေး တဖန်းဖန်း သစ်ပြီး ဆရာကြည့်ဘေး ၀င်ထိုင်သည်။ ဆရာကြည်က အကျိုးအကြောင်း ပြောပြတော့ ကိုပြေသိမ်းက သိသမျှရှင်းပြသည်။

"ကျွန်တော်တို့ ဗမာတွေဘက်ကလည်း ဂျပန်လေးစား လောက်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်တာပါပဲ ဆရာကြည်။ ဗမာ့ခေတ်သစ် ထူထောင်တဲ့ သဘောပါ။ တို့ဗမာ ဆင်းရဲသား အစည်းအရုံး၊ သံဃာ့အစည်းအရုံး၊ အမျိုးသမီးအစည်းအရုံး၊ တက်လူအစည်း အရုံးဆိုပြီး လေးဌာန ခွဲထားပါတယ်။ ကျေးရွာတွေက အသင်းတွေ ခေါ်တော့မယ်လို့လည်းကြားတယ်"

"ကျုပ်က အဲသာ သိချင်သာ။ ကျုပ်တို့ရွာက ၀င်ချင်ကြသူ တွေများသယ်။ ခက်သာက ကျုပ်ကို ဂျပန်ကင်ပေတိုင် လုပ်နေတဲ့ ဘဆောင်က စောင့်ကြည့်နေသယ်။ ကျုပ်ကို ခြေရှုပ်သယ် ပေါ့ဗျာ"

"သတိတော့ထားပေါ့ ဆရာကြည်။ ဂျပန်တွေက ခွင့်ပြုလို့ ဖွဲ့ကြရတာပေမယ့် ယုံတာတော့ မယုံကြဘူး။ ကျွန်တော့် သဘောတော့ စောင့်ကြည့်စေချင် သေးတယ်။ ကျွန်တော်လည်း ကြားရသလောက် ပြောရတာရှိပါသေးတယ်"

ဆရာကြည်ပြန်သွားတော့ မအိမ်ကံလည်း နိုးလာခဲ့သည်။ မလှအုံက ထမင်းကြော်ပန်းကန်တွေ လာချသည်။ ညကဟင်း ကျန်တွေနွှေးထားသည့် အထဲက ငါးပိချက်ကလေး တစ်ကော်ပုံကာ စားနေခဲ့သည်။ ဦးသာထန်က ဆရာကြည်ပြန်သွားတော့မှ ကိုပြေသိမ်းကို မေးသည်။

"ဘာတွေများ ဖြစ်ကြဦးမှာလဲ မောင်ပြေသိမ်း"

"ဆရာကြီး ဦးဘခင်တို့ ပြောတာတော့ ဂျပန်ကို တစ်ချိန်ချိန်မှာ ပြန်ချကြဖို့ပဲ ခင်ဗျ။ အခု မြေအောက်အဖွဲ့ကလေးတွေ တောင်ဖွဲ့နေကြပြီ။ နိုင်ငံရေး ဆွေးနွေးကြတာပေါ့ ခင်ဗျာ"

မအိမ်ကံကတော့ မြေအောက်အဖွဲ့ဆိုတာတွေ နားမလည်သော်လည်း ကိုပြေသိမ်းအတွက် စိုးရိမ်သွားခဲ့သည်။ ဂျပန်တွေကို အာခံပြီး တိုက်ကြခိုက်ကြလို့ ဖြစ်ပါ့မလား။ ဘာပဲဖြစ်ဖြစ် သည်အထဲမှာ ကိုပြေသိမ်း မပါစေချင်။ နိုင်ငံရေးစကားတွေ သူတို့ရွာကလေးကို ခုတစ်လော ရောက်ရောက်လာတာ မအိမ်ကံ သတိထားမိသည်။ အာရှလူငယ်၊ အာရှလုံမေ...။ ဒါက လည်း ကိုပြေသိမ်းလှုပ်လို့ သူပါ ထလှုပ်ရခြင်း ဖြစ်၏။ ခုတစ်လော သတင်းတွေကလည်း အမျိုးမျိုးပင်။ ဂျပန်တွေက မသင်္ကာသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြတာတွေ ကြားနေရသည်။ တစ်လောက ထင်းလှည်း တစ်စီးပေါ်က အင်္ဂလိပ် လက်နက်တွေ တွေ့သည်ဆိုကာ လှည်းသမားလေးယောက်ကို ဈေးဝမှာ သတ်ပစ်သည် ဆိုသည့်သတင်းတွေ ရောက်လာခဲ့သည်။ အင်္ဂလိပ်အပြေး ကျန်ရစ်ခဲ့သည့် လက်နက်တွေကို ဓားပြတွေက လိုက်ဝယ်ရာက မိသွားခြင်းဖြစ်သည်။ ဟုတ်မဟုတ် မသေချာသော်လည်း ဂျပန်ကို သတင်းပေးသူက အမှုပွဲစား ကျော်ဒင်လိုလို ပြောကြတာလည်း ရှိသည်။

ထမင်းကြော်စားပြီး မအိမ်ကံ အိမ်အပြင် ထွက်လာခဲ့သည်။ အရီးကြာညွန့်နှင့်အတူ ရက်ကန်းသမတွေပင် ရက်ကန်းစင်ဝင်ဖို့ ရောက်လာကြပြီ။ အရီးကြာညွန့်က မအိမ်ကံရှိရာ လျှောက်လာခဲ့သည်။

"မအိမ်ကံ၊ ကနေ့ အရီး မစံရွှေတို့ အိမ်က ခေါ်လို့ သွားချေဦးမယ်။ အဲသာ လာပြောသာ။ အရီး မနက်ဖြန်မှ လာတော့မယ်"

"သွားပါ အရီးရယ်။ ဘာလုပ်ဖို့သဲ့တုံး"

"ညက မစံရွှေချွေးမ ရွှေမှုံ မွေးသလေ"

"ဘယ်သူရယ် အရီး"

"ရွှေမှုံ ညက မွေးသာလေ မအိမ်ကံရဲ့။ ခိုင်းစရာရှိသယ် ထင်ပါရဲ့အေ"

"သြော် ဟုတ်လား အရီး။ ဘာလေးတဲ့လဲ"

မအိမ်ကံ၏ အမေးကို အရီးကြာညွန့်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သော်လည်း ထိုအဖြေစကားသည်ပင် မအိမ်ကံအဖို့ လောင်မီးမိုးကြိုး ကျလိုက်သည့်ပမာ တစ်ကိုယ်လုံး ရှစ်စိတ်ကွဲ ကွဲသွားခဲ့ရပါ၏။ ထိုမိုးကြိုး၏ အရှိန်ကြောင့် မအိမ်ကံပင် ပြာကျ သွားခဲ့လေသလား ထင်ရအောင် လောင်မြိုက် သွားခဲ့ရလေသည်။

(ဆက်လက်ဖော်ပြပါမည်)
ခင်ခင်ထူး

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ