မလှအုံကို မအိမ်ကံပင် အံ့သြမိရပါ၏။ ကိုပြေသိမ်းကို ချက်နှင့် လက်နှင့် ပြန်တွယ်နေတော့ မအိမ်ကံပင် မ၀င်သာ။ ကိုပြေသိမ်းကကော ဘာဖြစ်လို့များသည်လို ဘဲ့တိုက်နေရတာ ပါလိမ့်။ တစ်ခုခုတော့ ဖြစ်လာခဲ့ပုံရသည်။ အမေ ပန်းရုံကတော့ မလှအုံနှင့် ကိုပြေသိမ်း တစ်ယောက် တစ်ခွန်း ဖြစ်နေကြတာကို စိတ်မကောင်းဖြစ်ပုံရသည်။ အပြင်ဘက် ထွက်သွားခဲ့ ပါ၏။
“ပျောက်ရင်ပြီးတာပါပဲဗျာ”
“ပျောက်ပါ့တော်။ ပြဒါးဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ ဆိုသာတွေ အလကား ဖြစ်ရရောလား။ နံ့သာမျိုး ဆယ်ပါး မလွတ်သဲ့ ဆေးဝါးများ အာဂမှတ်လို့”
မလှအုံကလည်း တစ်ခွန်း မခံ၊ ကိုပြေသိမ်းကလည်း ကပ်ဖိုး ကပ်ဖဲ့။ ကြားထဲက မအိမ်ကံ စိတ်ညစ်ရပြီ။ မအိမ်ကံ ကတော့ သုံးရက်မြောက်သည် အထိ အဖျား မကျတာကို စိတ်ပူ သော်လည်း ကျောက်ကြီးရောဂါ လက္ခဏာမပေါ်လာလို့ တစ်စိတ်တော့ အေးရပါ၏။ အရှင်း မပျောက်သေးတော့လည်း ပြောဖို့တော့ ခက်သားပင်။ မလှအုံက သမီးကို ထမင်းခူး ကျွေးဖို့ မီးဖိုထဲ ၀င်သွားတော့၏။ သည်တော့မှ ကိုပြေသိမ်းကို ပြောစရာရှိတာ ပြောရသည်။
“အစ်ကိုကလည်း အိမ်ကလူတွေမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ တစ်အိမ်လုံးကို ပျာလို့။ မအိမ်ကံတို့ တောမှာ နေမကောင်း ထိုင်မသာဖြစ်ရင် ကိုယ့်ဆေးနဲ့ ကိုယ်ပြီးကြရတာပါ။ အင်္ဂလိပ်ဆေး သွားထိုးချေဦးမယ်ဆိုတာ ခေါင်းထဲ မရှိကြပါဘူး။ မအိမ်ကံ ပူသလို သူတို့ခမျာလည်း ပူကြရှာသာပါပဲ။ နေ့မအိပ်၊ ညမအိပ် ပြုစုကြရှာပါသယ်။ အစ်ကိုက အဲသလို ပြောနေတော့ သူတို့ ဘယ်စိတ်ကောင်းပါ့မလဲ”
“အေးပါလေ။ အစ်ကိုက ဗမာဆေးတွေ ညံ့သယ် မပြောပါဘူး။ မြန်မြန်ပျောက်စေချင်လို့ပါ။ အစ်ကိုတို့လည်း ဗမာ ဆေးနဲ့ ကြီးခဲ့ရတာပါပဲလေ။ အိမ်ကလေးတို့က ရိုးလွန်းကြလို့ ပြောတာ။ ခေတ်ကာလဆေးဝါးတွေက ခေတ်မီနေပြီ။ ဒါကို ပြောတာပါ။ မသက်သာလည်း အစ်ကိုတို့ မြင်းခြံပြေးကြ တာပေါ့”
သည့်ထက် ပြောနေရင်လည်း ရန်ဖြစ်ရုံဆိုတော့ မအိမ်ကံ စကား မဆက်တော့။ ကိုပြေသိမ်းက မအိမ်ကံ လက်ထဲ ကလေး ထည့်ပေးထားခဲ့ပြီး အင်္ဂလိပ် စာအုပ် တစ်အုပ်ကိုင်ကာ သရက် ပင်ရိပ်က ကွပ်ပျစ်ဆီ ထွက်သွားခဲ့ပြီ။ မလှအုံက ထမင်းဆီ ဆမ်းနှင့် ငါးရံ့လုံးငါးပိကောင်နှပ်၊ ပဲရွက်ဟင်းချိုပူပူကလေး ကို လင်ပန်း တစ်ချပ်နှင့် ခူးလာခဲ့ပြီး မအိမ်မြိုင်ကို ထမင်းခွံ့ ဖို့ပြင်သည်။ ဆန်ပြုတ်တွေချည်း သောက်နေရသည့် မြိုင်ကလေး ထမင်းခွံ့တော့ စားရှာပါသည်။ သမီးကို ကျွေးနေသည့် ငါးရံ့လုံး ငါးပိကောင်နံ့က မွှေးနေတော့ မအိမ်ကံပင် ၀မ်းဟာလာခဲ့သည်။ မလှအုံကိုလည်း ချော့ချင်သည်။
“မလှအုံ မအိမ်ကံဖို့ပါ ထမင်းဆီဆမ်း လုပ်ပေးဦး။ မလှအုံ သမီးကိုကျွေးတာ ကြည့်ပြီး မအိမ်ကံပါ ဆာလာပြီ”
“ညည်းယောက်ျား မောင်အင်္ဂလိပ်ကို မေးပါဦးအေ။ တော်ကြာ တောစာ ကျွေးသယ် ဖြစ်နေပါဦးမယ်။ ခုနင်က ငါ နားကြားပြင်းကပ်လို့ ပြောသာပါအေ။ မအိမ်ကံရေ ညည်းတို့ ငါတို့က ခေတ်ပညာ ခေတ်စာမတတ်ကြပေသိလို့ ငါတို့ ဘ၀နဲ့ ငါတို့ ဘယ်လို နေထိုင်စားသောက်ရမယ်၊ ဘယ်လိုဆိုရင် အကျိုး ယုတ်တယ်၊ ဘယ်လိုဆိုရင် အကျိုးရှိ သယ် သိကြပါသယ်အေ။ ညည်းတို့၊ ငါတို့က ဆွေကြီးမျိုးကြီး ဂိုဏ်းကြီးကျိုင်းကြီးက ဆင်းသက်လာသာပါအေ့။ တစ်သက်လုံး မိကျောင်းမှန်လို့ ရေဆန်ခဲ့ကြသာပါ။ ညည်းယောက်ျားက တစ်ခါတလေ တို့ကို မိကျောင်းမထင် သစ်တုံးထင်မှာ စိုးလို့ ငါပြောရသာ စိတ်ဆိုးလည်း မတတ်နိုင်ဘူးအေ”
မလှအုံကသည်လို ပြောခဲသည်။ ကိုပြေသိမ်းကိုလည်း ချစ်ရှာသည်။ အားလည်း ကိုးရှာပါ၏။ ဂုဏ်လည်း ယူရှာပါ ၏။ ကိုပြေသိမ်းကလည်း အဖေတို့၊ အမေတို့ သာမက အားလုံးကို ချစ်ခင်မှန်း မအိမ်ကံ သိပါ၏။ အခုလည်း သမီးဇောနှင့် ပြောတာဆိုတော့ အပြစ်တင်ချင်လို့လည်း မဖြစ်။ မလှအုံ ပြောနေတာကလည်း သဘာဝ ကျသည်။ တောသူ တောင်သား ဆိုပေသိ ကိုယ့်ရိုးရာနှင့်ကိုယ် ကျက်သရေရှိရှိ ဂုဏ်ရှိရှိ နေနိုင်ကြ၊ နေခဲ့ကြသူတွေပင်။ မလှအုံတို့ မိသားစုကလည်း စားစရာမဲ့ နေစရာမဲ့ မဟုတ်။ မအိမ်ကံ မမွေးခင်ကတည်းက သည်အိမ်ကြီးကို မိသားစုလိုက် ရောက်လာခဲ့ကြသူတွေ။ မလှအုံတို့ မိသားစုရှိလို့လည်း သည်အိမ်ကြီးမှာ အစစအရာရာ မျက်နှာလွှဲရသည်။ အိမ့်ဗာဟီရတွေမှာ မလှအုံတို့သားအဖ တစ်တွေလက် မရောက်သည့် နေရာမရှိ။ မအိမ်ကံ အဖို့တော့ မလှအုံသည်ပင် ဒုတိယ မအေဖြစ်ခဲ့သည်။ နောက်ဆုံး မလှအုံ ချွေးမ ကျေးဥအထိ မအိမ်ကံ ခင်တွယ် အားကိုးခဲ့ရသည်။
သားအမိနှစ်ယောက် ထမင်းတွေ မြိန်မြိန်ကြီး စားနေ တာကို မလှအုံကပြုံးပြီး ကြည့်နေခဲ့သည်။ မအိမ်ကံက သမီးကို ကိုယ်ပူ မပူ စမ်းကြည့်သည်။ နည်းနည်းတော့ အဖျားကျသွားသည်။ ချွေးကလေးစို့လို့။ မျက်လုံးကလေးတွေက ၀ိုင်းကြည် လို့။ သမီးကိုကြည့်ရင်း မအိမ်ကံ စိတ်ထဲက စကားတွေ ပြောဖြစ်ပါ၏။
“မြိုင်ကလေးရယ် ငါ့သမီး ကျောက်ကြီးရောဂါ မဖြစ်တော့ဘူးဆိုရင် အမေ ၀မ်းသာပါပြီအေ။ ငါ့သမီး အရုပ်ဆိုး အကျည်းတန်မှာ အမေ ကြောက်လှချည့်။ ကိုယ်ပူကျသွားရင် အမေ စိတ်ချမ်းသာပါပြီ။ ဘုရား သိကြားမလို့ သမီးကလေး ဘေးဘယာ ဝေးကွာပါရစီ”
အမေ ပန်းရုံ ရောက်လာပြီး မြေးမ နဖူးကလေးကို စမ်းသည်။
“ငါ့မြေး အဖျားလျော့သလားလို့ လှအုံ။ ဟုတ်ကဲ့လား”
“အဖျားကျသွားပါပြီတော်။ နာလန်တောင် ထပေါ့။ မနက်ဖျင် ထမပြေးတော့ပြော။ ဆရာဆောင့် ဆေးစွမ်းပါသယ် ဆိုနေမှ အင်္ဂလိပ်ဆေး မလိုပေါင်တော်”
“လှအုံရယ် ညည်းကလည်း စိတ်လျှော့ပါအေ။ ဟိုခမျာ ဖအေဆိုတော့ ပူပန်လို့ ပြောရှာသာပါ”
“ကျုပ်တို့က သာပြီး ပူတော့မပေါ့တော်။ ဖအေက စိတ်မထင်လို့ ဖုတ်ဖက်ခါ ထသွားရင် ဖြစ်သေးတယ်။ ကျုပ်တို့ က သည်ကလေးတွေနဲ့ တစ်သက်လုံး နေရမှာ အရီးရဲ့။ အခုပဲ ရှင်အိမ်ကံကို ပြောနေရသာ။ ညည်းယောက်ျားက ဖျင်မြင်တိုင်း ပင်နီမှတ်နေသာလို့”
အမေပန်းရုံကတော့ ပြုံးသည်။ မလှအုံက လူကိုယ် ရိုးပုံရိုးလက်နှင့် နှုတ်ရေးကြွယ်သည်။ မြိုင်ကလေး ထမင်းတွေ စားသည်ဆိုတော့လည်း မလှအုံ အစီအမံ တတ်ရှာလို့ ဆိုတာသိပါ၏။ မအိမ်ကံကတော့ အမေပန်းရုံ စိတ်ချမ်းသာ တာတွေ့တော့ ၀မ်းသာရပါ၏။ သမီးကလေး နေကောင်းစပြု လာတော့ သူပါ ရင်ကလေး ငြိမ်းရသည်။ မလှအုံက ထမင်း ဆီဆမ်းနှင့် ပဲရွက်ဟင်းချို ထပ်ယူလာပြီး အမေ ပန်းရုံကိုပါ စားစေပါ၏။ အမေပန်းရုံလည်း အခုမှ ထမင်းစားဖြောင့် ရှာတော့သည်။ စားရင်းက အမေပန်းရုံ တစ်စုံတစ်ရာ သတိရ သွားပုံပေါ်သည်။
“သမီး မအိမ်ကံ မောင်ပြေသိမ်းစားဖို့ တစ်ခုခုလုပ်ပေးဦးလေ။ ခမျာ စာဖတ်ရင်း စားရအောင်လို့ ရေနွေးကြမ်းကလေး နဲ့ လက်ဖက်ကလေး သုပ်လိုက်ပါလား”
“ဟုတ်ကဲ့ အမေ”
မလှအုံက ထမင်းစားနေသည့် မအိမ်ကံကို ဆက်စား စေသည်။ သူပဲ လက်ဖက်သုပ် သွားပေးမည်ဆို၏။
“နေ နေ မအိမ်ကံ အစ်မ သွားလိုက်မယ်။ ငါ့မောင် ချော့ရချေသေးအေ။ လက်ဖက်ကို အင်္ဂလိပ်လို သုပ်လိုက်ရ ဦး...”
မအိမ်ကံမှာ ထမင်းသီးအောင် ရယ်မိသည်။ ဘာပဲ ပြောပြော မအိမ်ကံတို့ မိသားစုနှင့် လာနေရှာမှတော့ လင်သားကို စိတ်မဆင်းရဲစေချင်။ နေရသည့် အိမ်က အပြစ် တင်ကြသည် မထင်စေချင်။ ကာယကံရှင် မလှအုံက သွားချော့မည် ဆိုတော့ လူကြီးတွေများ အမြော်အမြင်ရှိလေ ခြင်းလို့ တွေးမိရပါ၏။ တစ်ခုတော့ မအိမ်ကံ ရင်ထဲမှာ ရှိနေသည်။ မလှအုံ ပြောလိုက်သည့် စကားထဲက “ဖအေက စိတ်မထင်လို့ ဖုတ်ဖက်ခါ ထသွားရင် ဖြစ်သေးသယ်။ ကျုပ်တို့က သည်ကလေးတွေနဲ့ တစ်သက်လုံးနေရမှာ အရီးရဲ့” ဆိုသည့် စကားဖြစ်သည်။ သည်လင်၊ သည်မယား၊ သည် အဖေ၊ သည်သမီး ဖုတ်ဖက်ခါ သွားစရာ မရှိ။ မလှအုံက ကိုပြေသိမ်းကို စိတ်ချသေးပုံ မပေါ်။ ဒါကြောင့်လည်း သည်စကားပြောလိုက်လေသလား။ ရိုးရိုးတန်းတန်း ပြောတာလည်း ဖြစ်နိုင်တာပါပဲလေ။
မအိမ်ကံ ထမင်းစားပြီးတော့ သမီးကို ဆေးလူးပေးသည်။ ဆရာဆောင့် ဆေးတိုက်သည်။ ပြီးတော့ သမီးဘေးမှာပဲ လှဲနေလိုက်သည်။ သမီးက စကားတွေ ပြောနေတာကို နားထောင်နေခြင်း ဖြစ်၏။ ခိုင်ကလေးကတော့ ဖအေရောက် ကတည်းက မအေ့နားမကပ်တော့။ မလှအုံ ရောက်လာပြန် သည်။
“မောင်ပြေသိမ်းက တောင်းပန်ရှာသယ်။ ကျွန်တော်လည်း ခရီးရောက် ရောက်ချင်းဆိုတော့ ပူပန်သွားမိလို့ပါသဲ့။ သမီးတွေကို အစ်မအုံ လက်အပ်ပါသယ် သဲ့တော်။ ပြောရှာပါတယ်အေ”
ကိုပြေသိမ်းက တောင်းပန်လိုက်သည် ဆိုတော့လည်း မအိမ်ကံ စိတ်ကြည်နူးမိရပါ၏။ အိမ်ဆိုမှတော့ ၀င်ပေါက် လည်းလွယ်၊ ထွက်ပေါက်လည်း လွယ်ရမှာပေါ့လေ။
ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်။
ပူပြင်းလှသော နွေခေါင်ခေါင်ရက် တစ်ရက်တွင် ထနောင်းတိုင် ရွာကြီးတွင် ခင်မင်ခဲ့ရသော ကိုကံကြီးမောင် ဆိုသူ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာခဲ့သည်။ ဘယ်က ဘယ်လို ဇောင်ချမ်းကုန်းကို ကူးလာသည် မသိရ။ ထနောင်းတိုင် ရွာတွင် တွေ့ခဲ့ရသလို အင်္ကျီကြွေတိုက်နှင့် ကြော့ကြော့ကလေး မဟုတ်တော့။ လည်ခေါင်းတုံး အင်္ကျီက ကြေးလက်လေးသစ် ထလျက်ရှိကာ ပုဆိုးကတော့ မြောက်ပြင်ထည် ခပ်လတ်လတ် နှင့်ဖြစ်ပါ၏။ ပိုလိုဘူး တစ်ဘူးနှင့် ဒန်မီးခတ်ကိုတော့ လက်တွင်း ဆုပ်ထား မပျက်။ ကိုကံကြီးမောင် ရောက်လာချိန်တွင် ကိုပြေသိမ်းက ကျောင်းကို ရောက်နေခိုက် ဖြစ်၏။ မအိမ်ကံနှင့် မျက်မှန်း တန်းဖူးသည် ဖြစ်၍ အိမ်မှာပဲ ဧည့်ခံထားလိုက်သည်။ မအိမ်ကံက ကိုကံကြီးမောင်ကို ဧည့်ခံရင်းက ကိုပြေသိမ်း ဖတ်သည့် စာအုပ်တွေ အကြောင်း စိတ်ရောက် သွားခဲ့သည်။ အတော်ပဲ။ သည်အချိန်မှာ မသိမသာ မေးလျှင် အစွန်းအစတော့ ရနိုင်သည်။
“ကိုကံကြီးမောင်တို့များ ကျွန်မတို့ အိမ်က ကျောင်းဆရာကို ဘာစာအုပ်တွေများ ငှားလိုက်သာလဲ မပြောတတ်ပေါင်ရှင်။ ဖတ်လိုက်သာမှ သည်းကြီးအူပြတ် ရောက်ကတည်းက ဖတ်သာ ခေါင်းမဖော်ဘူး”
“ကျုပ်ကလည်း လူကြုံနဲ့ပါ ပို့ပေးသေးသာဗျ။ ကွန်မြူနစ်ဝါဒ အတွေးအခေါ် စာအုပ်တွေပါပဲ။ ကျုပ်က ရန်ကုန်မှာ မိတ်ဆွေတွေရှိတော့ စာအုပ်တွေ ရတတ်ပါသယ်။ ကိုပြေသိမ်းလည်း ဖတ်ခိုင်းရသယ်။ ကိုပြေသိမ်းက ကျုပ်နဲ့တော့ ဓာတ်တည့်သားဗျ”
ကွန်မြူနစ်ဝါဒ အတွေးအခေါ် စာအုပ်တွေတဲ့။ မအိမ်ကံ နားမလည်။ ကွန်မြူနစ်ဆိုသည့် ခေတ်ပညာတတ်တွေ ဆိုတော့ အသိတွေ၊ ပညာတွေက အများသား။ သည့်ထက်ပို သိရအောင် မေးချင်သဖြင့် စကားကောက်ရပြန်ပါ၏။ ကိုကံကြီးမောင်က ပါလီမန် ရွေးကောက်ပွဲတွေ လုပ်နေသော်လည်း တိုင်းပြည် မအေးချမ်းတာတွေ ပြောနေသည်။ အာဏာနှင့် အခွင့်အရေးတွေ နောက်လိုက်ကြရင်း အစုတွေ ကွဲပုံတွေလည်း ပါသည်။ ဘောင်းဘီဝတ်က တစ်မျိုး၊ တောင်ရှည်က တစ်မျိုးဆိုတာ လည်းပါသည်။ လွတ်လပ်ရေးရခဲ့သည်ပင် နှစ်နှစ်သား ရှိခဲ့ သော်လည်း တိုင်းပြည်က ဆူကြပူကြတုန်းဆိုတာလည်း ပါသည်။ မအိမ်ကံ သိချင်သည့် စာအုပ် မရောက်တော့ဘဲ ကိုကံကြီးမောင် ပြောသမျှ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေရလေသည်။
ကိုပြေသိမ်း ပြန်လာတော့ သရက်ပင်အောက်မှာ တန်းလျားခုံခင်းပြီး ထိုင်ကြသည်။ စကားတွေ ပြောကြသည်။ ရေနွေးကလည်း တစ်အိုးပြီး တစ်အိုး။ ကိုကံကြီးမောင်က ဇောင်ချမ်းကုန်းမှာ တစ်ည အိပ်သွားတာကလွဲလို့ အခြားထွေ ထွေထူးထူးတော့ မရှိ။ ကိုပြေသိမ်းလည်း အငြီးပြေသွားပုံ ပေါ်ပါ၏။
မအိမ်မြိုင်လည်း နေကောင်းစပြုလေပြီ။ မအိမ်ကံလည်း ရက်ကန်း ပြန်ဝင်ကာ အစပြန်ကောက်ရသည်။ အလုပ်ကိုတော့ စောစော သိမ်းရပါ၏။ ညဘက်တွင် အခြေအနေတွေက ပိုဆိုး လာသည်။ သေနတ်သံတွေ ဟိုကသည်က ကြားရသလို ဓားပြရန်၊ သူခိုးရန်ကလည်း ပူလှသည်။
မအိမ်ကံတို့ရွာတွင် ဆိုးဆိုး ရွားရွား မကြုံတွေ့ရသေးသော်လည်း နရန်း ရွာတွေက သတင်းဆိုးတွေ ကြားနေရသည်။ ဓားပြယောင်ဆောင်ကာ လူဝင်သတ် သွားတာတွေပါ ကြားလာရပါ၏။ ဟိုရွာသည်ရွာမှာ ကင်းတွေ ဖွဲ့သံကြားတော့ ဇောင်ချမ်းကုန်းက လူငယ်လူရွယ်များက ကိုပြေသိမ်းဆီ ရောက်လာကြကာ ရွာစည်းရိုးကာရေး၊ ၀ါးချွန် တပ်ဖွဲ့ရေး၊ ဒူးလေးတပ်ဖွဲ့ရေးတွေမှာ ခေါင်းဆောင်ဖို့ ပြောလာကြသည်။ ကိုပြေသိမ်းက တော်လှန်ရေးပြန် မျိုးချစ်စိတ် ရှိသူတစ်ဦးအနေဖြင့် လွတ်လပ်ရေးရကာမှ ကိုယ့်ရွာကိုယ် ပြန်ကင်းစောင့်ရတာကို မကျေနိုင်မချမ်းနိုင် ဖြစ်နေခဲ့သည်။
“အေး ကောင်းတယ်။ ဒါပေမယ့်ကွာ ဆရာကတော့ မင်းတို့ လူငယ်တွေလို များများ ပါနိုင်မှာတော့ မဟုတ်ဘူး။ ခေါင်းဆောင်ဆိုရင်လည်း ခေါင်းဆောင်ရုံပေါ့ကွာ။ လူရွယ် ထဲက တစ်ယောက်တော့ ခေါင်းဆောင်ထားကြရမှာပေါ့”
မအိမ်ကံတို့ အိမ်ကြီးထဲမှာ ရွာက ကျောင်းသားကြီးတွေ၊ အရွယ်ကောင်း ယောက်ျားသားတွေ လာစုကြသည့်နေ့က အားရစရာပင် ကောင်းလှပါသည်။ ရွာကင်းတဲလေးလုံး ဆောက်ရန် အရေးပေါ်အချက်ပေးသံချောင်း ခေါက်ပုံတွေ တပြေးညီဖြစ်စေရန်၊ တုတ်၊ ဓားလက်နက်၊ ဒူးလေး၊ လင်းလေးတွေ အိမ်တိုင်းထားကြရန်နှင့် အရေးပေါ်လျှင် ချက်ချင်း လူစုကြရန်တွေပါ ဆွေးနွေးကြသည်။ အများက ကိုသာအောင် ကို ရွာခေါင်းဆောင် တင်ကြသည်။ ကိုသာအောင်ကလည်း လိုလိုလားလား လက်ခံပါ၏။
မအိမ်ကံက သာအောင် ကုပ်ကုပ်ကလေး ထိုင်နေတာကို လှမ်းကြည့်ရင်း ငယ်ငယ်က အကြောင်းတွေ စိတ်ရောက် နေခဲ့သည်။ ကွင်းထဲက တဲကလေး တစ်တဲထဲမှာ သာအောင်နှင့် နှစ်ကိုယ်ချင်း တွေ့ခဲ့ဖူးသည်။ အခုတော့ သူလည်း ရွှေမှုံနှင့် အိမ်ထောင်ကျပြီ။ မအိမ်ကံလည်း သမီးနှစ်ယောက် ရခဲ့ပြီ။ သာအောင်နှင့် ရွှေမှုံက မွေးသည့် မှုံနံ့သာ။ ကိုပြေသိမ်းနှင့် မအိမ်ကံက မွေးသည့် မအိမ်မြိုင်။ ဇောင်ချမ်းကုန်း တစ်ရွာ လုံးမှာ သည်မိန်းကလေး နှစ်ယောက်တည်းအား ပြိုင်စရာရှိတာ မဟုတ်။ သည်ကလေးနှစ်ယောက်နှင့် ရွယ်တူ မတိမ်း မယိမ်းတွေ များစွာရှိလိမ့်မည်။ ရှိလည်းရှိကြပါ၏။
သို့သော် မအိမ်ကံ ကိုယ်တိုင်က ရွှေမှုံကို ရှုံးခဲ့ရသည်ဟု ခံယူခဲ့ပြီး ကတည်းက တခြားဘယ်သူပဲ ကွမ်းတောင် ကိုင်ရကိုင်ရ ဘယ်လိုမှ ဥပဒ်စရာမရှိသော်လည်း ရွှေမှုံသမီး မှုံနံ့သာကိုတော့ အဖြစ်မခံနိုင်။ မအိမ်ကံမှာ သည်စိတ္တဇက မရုန်းသာဘဲရှိခဲ့ပါ၏။
သာအောင့်ကို လှမ်းကြည့်ရင်း မအိမ်ကံ တွေးနေမိခြင်း ဖြစ်၏။ ခုတော့ သာအောင်သည်လည်း ကိုသာအောင် ဖြစ်နေလေပြီ။ မအိမ်ကံကလည်း တွက်ကြည့်တော့ အသက်မနည်း တော့ပြီ။ ကြီးတော် စံရွှေတို့၊ အမှုပွဲစား ကျော်ဒင်တို့လည်း ဂျပန်ခေတ် နောက်ပိုင်း မတရားရှာခဲ့သည့် စီးပွားပျက်သူက ပျက်၊ ရွာက ပျောက်ချင်းမလှ ပျောက်သူကပျောက်။ ကျော်ဒင်ကတော့ တစ်နေရာမှာ သေသလိုလိုလည်း ကြားရပါ၏။ တချို့ကလည်း ကျော်ဒင်မသေဘဲ အလံနီထဲမှာ လိုလိုပြော ကြသည်။ လတကယ်တမ်း စီးပွားဖြစ်လာသူက သာအောင် ဖြစ်၏။ မအိမ်ကံ ကြားရသလောက် ခေတ်အပျက်မှာ ငွေတော်တော် ရလိုက်သည်ဟု ဆိုပါ၏။ ကြီးတော် စံရွှေတို့နှင့် အတူ မနေတော့ဘဲ ကိုယ့်ဝိုင်းကိုယ့်အိမ်နှင့် ဖြစ်နေကြပြီ။
“ကျွန်တော်တို့ အားလုံး သဘောပိုက်ရမှာက ကိုယ့်ရွာကိုယ် ကာကွယ်ရမယ်ဆိုတဲ့ စိတ်ကလွဲလို့ အခြား သူတစ်ပါးကို စော်ကားဖို့ အနိုင်ကျင့်ဖို့ ရန်စဖို့ မရှိကြစေချင်ဘူး။ ရွာက ညီညွတ်မှ မကောင်းသူမကောင်းသား မကပ်နိုင်မှာကို စိတ်စွဲ ကြဖို့လိုတယ်။ ရွာကင်းတွေမှာ တာဝန်ကျရင် တာဝန်ကို တိတိကျကျ ဆောင်ရွက်ကြဖို့လိုတယ်။ သူသွားလိမ့်မယ်။ ငါမရှိလည်းဖြစ်တယ် ဆိုတာမျိုးကနေ လျော့ရဲသွားတာမျိုး မဖြစ်စေချင်ဘူး။ နောက်အရေးကြီးတာက...”
ကိုပြေသိမ်းက အားလုံး ကြားအောင် မတ်တတ်ရပ်ရင်း ပြောနေခြင်း ဖြစ်သည်။ ရွာ့ယောက်ျားသားတွေ အားလုံး ငြိမ်ပြီး နားထောင်နေကြသည်။ ကိုပြေသိမ်းကို ရွာက ချစ်ခင် လေးစားကြသလို ကျောင်းဆရာဆိုသည့် ဂုဏ်ကြောင့် ကြည်ညိုကြတာ ပိုသေးသည်။ သည့်နောက်တော့ ရွာကင်းတဲ တည်ဆောက်ရေး ကိစ္စ၊ ဆူးစည်းရိုး ကာရံရေး ကိစ္စတွေ ဆက်ဆွေးနွေးကြလေသည်။ ရွာက သည်လို စုစုဝေးဝေးရှိကြတာ ကို မအိမ်ကံ ၀မ်းသာသည်။ ညဘက် ညဥ့်နက်နက် လူတွေ ပြန်ကြတော့ သမီးနှစ်ယောက် အိပ်ကြပြီဖြစ်သော်လည်း ကိုပြေသိမ်းနှင့် မအိမ်ကံ စကားတွေ ပြောဖြစ်ကြသည်။
“ရွာက ညီညွှတ်တော့ စိတ်ဖြောင့်ဖြောင့် အိပ်ရသာပေါ့။ အစ်ကို မြို့ကိုသွားသဲ့ ညတွေဆိုရင် မအိမ်ကံ ချောက်ချားနေမိ သယ်။ ရွာတွေမှာ ဗြောင်ကျကျ နွားဆွဲတာတွေ အနုကြမ်း စီးသာတွေ လုပ်နေကြသာကြားရလေ ကြောက်လေပဲ”
“အေးကွယ် တိုင်းပြည်က လွတ်လပ်ရေးရမှပဲ ပိုဆိုးတော့တယ်။ ဂိုဏ်းဂဏတွေ ကွဲကြတယ်။ နိုင်ငံရေး ကွဲနေကြတယ်။ အိမ်ကလေး မသိလို့။ အခြေအနေက တော်တော်ဆိုးနေပြီ။ သတင်းစာတွေမှာ လူသတ် ပစ္စည်းလုတာတွေချည်း ဖတ်နေရ တယ်။ ပါလီမန်တွင်းမှာလည်း ပြင်းပြင်းထန်ထန် အကွဲအပြဲ ဖြစ်နေကြတယ်”
သည့်နောက်ပိုင်း ကျေးရွာတွေမှာ ကင်းတပ်တွေဖွဲ့ လာကြသည်။ တစ်ရွာ့တစ်ရွာ အသံနားစွင့်နေကြရန် ညှိထားကြ ရပါ၏။ အချို့ရွာတွေက ကိုပြေသိမ်းထံ ရောက်လာကြကာ ရပ်ရွာကာကွယ်ရေး ကိစ္စတွေ တိုင်ပင်ကြသည်။ အချို့ရွာတွေ ဆိုလျှင် ကိုပြေသိမ်းကို လေးစားကြသဖြင့် သူတို့ရွာတွေ အထိ ဖိတ်ပြီး ရပ်ရွာစည်းလုံးရေး ကိစ္စတွေ ဟောပြောခိုင်းတာတွေ ရှိလာသည်။ မအိမ်ကံကတော့ စီးပွားက တစ်ဖက်၊ သမီး နှစ်ယောက်က တစ်ဖက် အပြင် မအေအိုကြီးကိုပါ ထည့်တွက် နေရပါ၏။ အမေပန်းရုံလည်း အသက်အရွယ် ရလှပေပြီ။ ဟိုတုန်းကလို ရွာထဲ ရပ်ထဲတောင် မရောက်တော့။
Saturday, October 24, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ