Thursday, October 15, 2009

မအိမ့်ကံ(13)

ရွာအလှူရှိပြီဆိုကတည်းက ဆို့တန်တာဆို့၊ ပိတ်တန်တာ ပိတ်လုပ်ခဲ့ရသည်။ အချိန်တန်တော့မှ သိပါစေတော့ရယ်လို့ သဘောထားခဲ့ရသည်။ အခုတော့ အချိန်တန်ခဲ့ပြီ။ အခုပဲ ကျေးဥကို မေးနေပြီမဟုတ်လား။ ကျေးဥကကော ဘယ်နှရက် များ ရှောင်နိုင်မှာလဲ။ ကျေးဥက ရှောင်နေပါပြီတဲ့ ဒေါ်ပန်းရုံကို မေးတော့မည်။ မလှအုံကို မေးတော့မည်။ ဖိုးတုတ်နှင့် ဖိုးကူး ကို မေးတော့မည်။ အနှစ်နှစ်ဆယ်လုံးလုံး အေးချမ်းသာယာ လှသော သည်အိမ်ကြီးမှာ သိပ်မကြာခင် အပူတိုက်ရတော့ မှာပါလား။

မအိမ်ကံ...။

သည်ရက်ထဲမှာ ရွာထဲရပ်ထဲ မရောက်နိုင်ဘဲ ရှိခဲ့ရသည်။ မြင်းခြံကပြန်ကတည်းက စမ်းဝယ်လာသည့် နိုင်ငံခြား ဆိုးဆေးတွေကို မေးမြန်လာခဲ့သည့်အတိုင်း ချည်ရောင်ဆိုးကြည့်၊ လှမ်းကြည့်၊ ပြန်လျှော်ကြည့်လုပ်ရင်း အလုပ်တွေများ နေခဲ့သည်။ ရက်ကန်းတန်း မဆင်နိုင်သေးသောကြောင့် အပျိုတွေ မစုံနိုင်သေးသော်မှ ချည်ခင်ဆေးဆိုး ကူကြသူတွေတော့ ရှိသည်။ ခါတိုင်း သီချင်းတအေးအေး၊ ဟေးဟေးဟားဟား ရှိကြသော ရက်ကန်းသမများပင် တိတ်ဆိတ်နေကြတာကလည်း ထူးတော့ထူးဆန်းသား။ မအိမ်ကံမေးမှ ပြောကြသည်။ မအိမ်ကံရယ်မှ ရယ်ကြသည်။ သည်လိုနှင့် တစ်ရက်က နှစ်ရက် ကူးလာခဲ့သည်။ နှစ်ရက်က သုံးရက်ကူးလာခဲ့သည်။ မအိမ်ကံပင် လူတွေနှင့် အဟပ်ကွာသလို ဖြစ်လာခဲ့သည်။ ကျေးဥကလည်း အနားရောက်မလာ။ မလှအုံကလည်း မရှိ တာများသည်။ အမေပန်းရုံကတော့ အခင်းထဲ အကြောင်းပြကာ အိမ်ကို မအိမ်ကံနှင့်လွှဲထားပြီး မကြာခဏ ပျောက်နေတတ်ပါ၏။

"ကျေးဥက ဘာတဲ့လဲ အမေ။ မလာတော့ဘူးတဲ့လား"

"မကြာညွန့် သည်းနေလို့ သမီးရေ။ တောင်ရွာက ဆရာနဲ့ ကုနေရသာ။ မနက်ဖြန်တော့ လာကောင်းပါရဲ့။ လူမမာက ထူထူထောင်ထောင် ရှိလာပါပြီတဲ့"

"ဟုတ်ပါရဲ့ အမေရယ်။ သမီးလည်း ၀တ္တရားပျက်လိုက် သာ။ အရီးကြာညွန့်ကိုတောင် သွားမမေးရဘူး။ သမီး သွားဦးမှပါ"

"ကျေးဥ လာမှာပဲ သမီးရယ်။ သမီး မရောက်ပေမယ့် အမေ ရောက်ပါသယ်။ ဓာတ်စာဖိုးလေး၊ ဆေးဖိုးလေးတောင် ပေးခဲ့သေးသာကော။ ငါ့သမီးနားပါအေ၊ သမီးကြည့်ရသာ ပင်ပန်းလိုက်သာ။ လက်မလဲ ဆေးတွေစွန်းလို့"


"ဆေးတွေစမ်းကြည့်နေသာ အမေရဲ့။ သမီးသဘောတော့ ပေါက်တောက်တောက် ဖြစ်နေပါပြီ"

အမေပန်းရုံကိုလည်း ကွမ်းတောင်ကိုင်အကြောင်း မမေးချင်တော့။ မအေနှင့် စကားဆုံခိုက် သည်လောက်နှင့်ပြီးရသည်။ မအိမ်ကံ တစ်ယောက်တည်း အိပ်ရသည်ပင် သုံးညရှိခဲ့ပြီ။

ထိုညကတော့ လေပူကြီးတိုက်နေသဖြင့် ပူစပ်ပူလောင် ရှိလှ၏။ ဦးတန်ခူးဆိုသော်လည်း တပေါင်းအရှိန်မကုန်ချင်သေး။ နေ့လယ်နေ့ခင်းများ အပူတွေ လျှပ်လျှပ် ထနေခဲ့သည်။ မိုးခေါင်တော့ တွင်းရေ၊ ကန်ရေတွေပင် ခန်းချင်ချင်။ မအိမ်ကံ အိပ်မရသဖြင့် ပြတင်းပေါက်တွေဖွင့်ကာ နှီးယပ်တောင် ကလေး တဖျပ်ဖျပ်နှင့် နေရသည်။ အိမ်အောက်ထပ် နာရီကြီးဆီက ဆယ့်တစ်နာရီထိုးသံကြားနေရသည်။ တိတ်ဆိတ်သော ညမို့ စူးစူးကြီး ကျယ်လောင်လှသည်။ တောရွာတွေဆိုတော့ လုလင်ပြန်ချိန်ပေါ့။ လုလင်ပြန်ချိန် ကြက်ကြီးပင်တွန်ပြီ။ လုလင်ပြန်ချိန်ဆိုတာ ခေါင်းထဲဝင်လာတော့ မလှအုံ ဆိုဆို ပြသည့် သီချင်းလိုလို၊ ကဗျာလိုလို စာတွေကို မအိမ်ကံ သတိရမိသေး၏။

"စံပယ်သုံးကုံး၊ ညကကုံး၊ သုံးကုံးပြီးတောင် မောင် မလာ၊ ပြန်တော့ မင်းရှင် မင်းညိုစင်။
စပါးသုံးတင်း၊ ညကနင်း၊ သုံးတင်းပြီးတောင် မောင် မလာ၊ ပြန်တော့မင်းရှင်၊ မင်းညိုစင်
ပြန်တော့မင်းရှင် မချမ်းခင်၊ လုလင်ပြန်တော့၊ ပြန် ပါတော့"

ချစ်သူရည်းစားရှိသူ ကာလသားတွေကတော့ အပျိုတွေ စံပယ်ကုံးရာ၊ မောင်းထောင်းရာတွေမှာ ရစ်သီရစ်သီ ရှိကြလိမ့်မည်။ သူ့မှာတော့ ရည်းစားဆိုလို့ မူး၍ပင် ရှူစရာမရှိသေး။ မချမ်းမစီးခင် ပြန်ပါတော့မောင်လို့ ပြောရမည့်ကာလသားလည်း မရှိ။ ဟိုရက်တွေကတော့ မြင်းတစ်စီးနှင့် ကျောင်းဆရာကိုလူချောကို ပြန်ပါတော့ နှင်ခဲ့ဖူးပါ၏။ စဉ်းစားကြည့်တော့ သူကလည်း ချစ်သူမဟုတ်ရပါ။ သို့သော် မအိမ်ကံ သူ့ကို သတိတရ ရှိနေခဲ့တာ မအိမ်ကံပဲ သိပါသည်။ ဇာတ်မင်းသားထက်တောင် ချောသေးရဲ့ဆိုသူ မြို့သားကျောင်းဆရာကတော့ စံပယ်ဆယ်ကုံး၊ ညကကုံး၊ ဆယ်ကုံးပြီးတောင် ရောက်လာနိုင်စရာမရှိ။ မအိမ်ကံတစ်ယောက်တည်း တွေးရင်း ပြုံးမိရပါ၏။

ထိုစဉ်မှာပင် ငှက်ကြီးတစ်ကောင်၏ အတောင်ရုပ်သံကို မအိမ်ကံ ကြားလိုက်ရသည်။ အသံကြီးက ကြီးလှသဖြင့် မြင်နေကျ ငှက်တွေထဲကတော့ မဟုတ်နိုင်။ အိမ်ခေါင်ဆီက ထိုးစိုက်ဆင်းလာပြီး အတောင်ခတ်လျက် ပြန်သွားတာကို မအိမ်ကံ မြင်လိုက်ရသည်။ ခတ်လက်စ ယပ်တောင်ပင် ပြတင်းဝက ပြုတ်ကျသွားခဲ့ပါ၏။ မအိမ်ကံကိုယ်တိုင် ကြက်သီးတွေ နွေးခနဲ ထသွားသဖြင့် ဂုဏ်တော်ကို စိတ်မှမှတ်ရင်း ရွတ်နေမိ၏။ ငှက်ကြီးက ပဲမှော် တိုက်ဘက်ကို ပျံသွားတာတော့ သေချာသည်။ မမှားဘူးသာဆိုလျှင် ပဲမှော်တိုက် ပေါ်မှာ နားရာက မအိမ်ကံကို လှမ်းကြည့်နေလိမ့်မည်။ သည်ငှက်ကြီးကို မအိမ်ကံ မတွေ့ရတာ ကြာပြီ။ အပြင်ခန်းမှာ ဖိုးကူးတို့ ညီအစ်ကို ရှိမှန်းသိ၍ မကြောက်လှသော်လည်း မအိမ်ကံ ပြတင်းတံခါးတွေကို ပိတ်လိုက်လေသည်။

"ဂီး"

တံခါးပိတ်လိုက်လို့လား၊ တိုက်ဆိုင်တာလားတော့ မသိ။ ငှက်အော်သံကြီးက ရင်ဘတ်ကို ဆောင့်တွန်းလိုက်သလို ကျယ်လောင်လှသည်။

"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ"

မအိမ်ကံမှာတော့ ချွေးအလူးလူး။ ညသည်ပိုမိုပူလောင် လာသည်ဟုပင် ထင်ရ၏။ ကမ္ဘာလောကထဲမှာ မအိမ်ကံ သူတစ်ယောက်တည်း ရှိနေသလို အားငယ်လွန်းလှသည်။ ကျေးဥရယ်လာပါတော့။
မအိမ်ကံ အိပ်ပျော်တော့ မိုးလင်းလုလေပြီ။

တစ်မနက်ခင်းလုံး မအိမ်ကံ အလုပ်တွေ များနေခဲ့သည်။ အလှူအတွက် ကူဖို့ပြုဖို့ဆိုကာ ချည်စာရှင်းကြသူတွေ ရက်ကန်းစင်ကို မလာနိုင်ကြတာကို မအိမ်ကံ နားလည်ပါ၏။ ရွာမှာ အလှူရှိလျှင် သည်လိုပဲ ၀ိုင်းကြ၀န်းကြရတာ မဟုတ်လား။ တကယ်ဆိုလျှင် အရီးထီတို့ အလှူအိမ်ကို မအိမ်ကံ ရောက်သင့်ပါ၏။ တစ်ခုထူးဆန်း နေတာက မအိမ်ကံကို ခါတိုင်းလို အပျိုဖိတ် လာမကမ်းခြင်းပဲ ဖြစ်သည်။ အပျိုဖိတ် လက်ခံပြီးလျှင်တော့ အလှူအိမ်ကိုသွားကာ ကူရညီရတာ ရွာ့ထုံးစံ။ အခုတော့ မအိမ်ကံအတွက် အပျိုဖိတ်မလာ။ အလှူက အလှူကြီးမဟုတ်ဘဲ သားကြီးရှင်ဖြစ်ပဲ လှူရလို့လား။ ဒါမှ မဟုတ် မအိမ်ကံကိုယ်တိုင် ဖက်စိမ်းကွမ်းတောင် ကိုင်ရမည့်သူမို့ တမင်နောက်ချန်ဖိတ်မည့် သဘောပေလား။ ညနေဘက်တော့ အလှူအိမ်သွားလိုက်ဦးမည်လို့ တေးထားလိုက်သည်။

မအိမ်ကံက ခြောက်သွေ့ပြီသား ချည်ခင်တွေကို ချည်စာရှင်းလျှင် အရန်သင့်စေဖို့ ဖိုးတုတ်နှင့် ဖိုးကူးတို့အား အားသန်သန်ဖြင့် ချည်ခင်တွေ ၀ါးလုံးလျှိုကာ ခပ်မြင့်မြင့်တန်းဆင် စေသည်။ ချည်အရောင်တွေကို ရက်ရမည့် ရက်ကန်းအဆင် အသွေး လိုက်ဖက်မှု ရှိမရှိ စိတ်ကူးဖြင့် တွဲဖက်ကြည့်သည်။ နဖူးမှ ချွေးကလေးများပင် တုတ်တုတ်ကျလေ၏။

"ရပြီ ဖိုးတုတ်ရော၊ ဖိုးကူးရော ထမင်းစားကြတော့။ မမကံ မစားသေးဘူး။ မောလွန်းလို့။ ရေချိုးပြီးမှ စားတော့မယ်"

မအိမ်ကံမှာ အလုပ်တွေသာ ကျုံးလုပ်နေရသော်လည်း စိတ်က အလှူအိမ် ရောက်နေခဲ့ပါ၏။ အလှူဝင်ရက်ပင် လေးငါးရက်လောက် လိုတော့သည်။ မအိမ်ကံ စိတ်ထဲတစ်စုံ တစ်ရာ လွဲချော်နေပြီဆိုတာတော့ သိနေခဲ့ပြီ။ သို့သော် ဘာရယ် လို့တော့ မပြောတတ်နိုင်ပါ။ ကျေးဥပြန်ရောက်မလာ သေးတာလည်း သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား။ ကျေးဥသာရှိလျှင် သည်သတင်းရအောင် စုံစမ်းခဲ့။ သတင်းမကြားမချင်း ပြန်မလာခဲ့နဲ့လို့ တွန်းလွှတ်လိုက်ရုံ။ အခုတော့ ကနေ့ညမှ ကျေးဥ လာအိပ်မည်ဆို၏။ လာချင်လာ မလာချင်နေ။ သည်ကနေ့တော့ မအိမ်ကံ သင်္ဘောစေ့လား၊ ငရုတ်ကောင်းလား ကွဲချင်ပြီ။ အလှူအိမ်ကို မသွားခင် မမစိမ်းမြဆီ ခဏ၀င်ရမည်။ မမစိမ်းမြရက်ကန်းစင်က အထည်ကလေးတွေ အဆင်ကောင်း လှကြောင်း မအိမ်ကံ ကြားထားတာကြာပြီ။ မမစိမ်းမြက တစ်ပိုင်တစ်နိုင်၊ ကိုယ်ပိုင်ရက်ကန်းစင်ကလေးရှိသည်။ စင်က ထွက်သမျှ သူ့ဖောက်သည်ကလေးနှင့်သူ သွင်းရသူဆိုတော့ မအိမ်ကံတို့လိုတော့ အင်အားမကြီးလှပါ။ မမစိမ်းမြဆီ ၀င် မည်ဆိုတော့ ခမျာ ကွမ်းတောင်ကိုင် လာဘ်ဦးလွဲခဲ့ရဖူးတာကိုလည်း သတိရမိပါ၏။ မနက် ဖက်စိမ်းကွမ်းတောင်ကိုင်တော့မည့် ဒင်္ဂမော် မိန်းမချော။ ညဘက် ဓားပြတိုက်ရာမှ လူသေရသဖြင့် အလှူရက် ရွှေ့ရာက မမစိမ်းမြပါ လာဘ်ဦး လွဲရသူအဖြစ် ဖက်စိမ်းကွမ်းတောင်ကိုင် ဘ၀က လျောကျခဲ့ ရတာကိုလည်း မအိမ်ကံ မမေ့ပါ။ မမစိမ်းမြခမျာ ဘယ်လို ခံစားရမည် မသိသော်လည်း မအိမ်ကံပင် ကြေကွဲခဲ့ရသည်။ သည်လိုစည်းကမ်းတွေ ဘယ်သူကများ လုပ်သွားတာပါလိမ့်။ ကွမ်းတောင်ကိုင်တစ်ယောက်ဖြစ်ဖို့ မလွယ်ကူနိုင်တာလည်း သိထားပါ၏။ သို့သော် သည်လောက်အထိ ရက်စက်သည့် စည်းကမ်းတွေကတော့ လွန်လွန်းသည်ထင်သည်။

ရေမိုးချိုးပြီး ထမင်းတောင် ကောင်းကောင်းမစားနိုင်ခဲ့ဘဲ မမစိမ်းမြတို့ အိမ်ဘက် ထွက်လာခဲ့သည်။ အိမ်မှာ အမေပန်းရုံနှင့် မလှအုံကို မတွေ့သဖြင့် အဖေ့ကို ပြောကာ ထွက်လာခဲ့ခြင်းဖြစ်၏ မအိမ်ကံ ရွာထဲမရောက်တာကြာပြီ။ ထွက်လက်စနှင့် မမစိမ်းမြအိမ် ၀င်မည်။ အရီးကြာညွန့်အိမ် ၀င်မည်။ ကျေးဥကိုဝင်ခေါ်ကာ အလှူအိမ်သွား မျက်နှာပြမည်။ သည်လောက်ဆိုလျှင် အလှူမဏ္ဍပ်ထိုးပြီးရော့မည်။ မဏ္ဍပ်ထဲ မှာ ကွမ်းတောင်ကိုင် အမည်စာရင်းတော့ ပေါက်နေလောက်ပြီ။ "မအိမ်ကံကတော့ ကွမ်းတောင်ကိုင်ဖို့ အ၀တ်အစားကအစ အထူး ရှာဖွေနေရမယ့် မိန်းကလေးမဟုတ်ပါဘူးဟယ်။ နီးမှ လက်ဖက်ချောင်းကမ်းရင်း ပြောလည်း ဖြစ်ပါသယ်"လို့များ ခပ်အေးအေး တွေးထားကြရော့လား။ မအိမ်ကံကလည်း ကွမ်းတောင်ကိုင် ဖိတ်ပါပြီဆိုသည်နှင့် ကျောက်စိမ်းရောင်ချိတ်နှင့် မြစိမ်းရောင်ပိုးလက်ရှည်ကလေးဝတ်ဖို့ စဉ်းစားထားပါ၏။ အမေပန်းရုံကြိုက်သည်ဆိုသော ကျောက်ရောင်စုံပါ ဘယက်ခွက်ကြီးကို ဆွဲမည်။ ကျောက်လက်ကောက်ကို တစ်ဖက် နှစ်ရန်စီဆို များများနေလေမလား။

"မအိမ်ကံ ဘယ်တုံးဟဲ့"

လမ်းမှာ ဖျင်တဘက်ကလေး ခေါင်းပေါ်တင်ရင်း လျှောက်လာသည့် အရီးလုံးတင်က မေးလိုက်သဖြင့် မအိမ်ကံ အတွေးပြတ်သွားရသည်။ အရီးလုံးတင်နှင့်အတူ မိန်းမကြီး သုံးလေးယောက်လည်း ပါသေးသည်။ လက်ထဲမှာ ကြက်သွန် နွှာဓားကိုယ်စီနှင့်။ အလှူအိမ်ကို ကြက်သွန်လှီးသွားကြမည့် သူတွေထင်ပါရဲ့။

"အလှူအိမ်ဘက်သွားမလို့ ရီးလုံးတင်။ မမစိမ်းမြတို့ အိမ်မတ်တတ်ခဏတော့ ၀င်စရာလေးရှိသေးလို့ ၀င်ဦးမှာပါ"

"သြော် အေးအေး။ ရှင်ပန်းရုံကော နေကောင်းရဲ့လားဟဲ့"

"ကောင်းသယ် ရီးလုံးတင်"

"အေးအေး"

မမစိမ်းမြတို့ အိမ်ဝိုင်းကြီးက ဆူးစည်းရိုးများ ကာရံလျက် သပ်သပ်ရပ်ရပ် ရှိလှသည်။ မ၀င်ခင်ကပင် ရက်ကန်းစင်က ခြူသံကလေးတွေ ကြားနေရသည်။ မမစိမ်းမြက ရက်ကန်းစင်နှင့်ဝေးဝေး သရက်ပင်ကြီးအောက်က ကွပ်ပျစ်မှာ အထည်ပုံတွေကြား ညပ်နေသည်။ မအိမ်ကံကို လှမ်းမြင်လိုက် တော့ "မအိမ်ကံရေ သည်ကိုလာဟေ့"လို့ လှမ်းခေါ်သည်။ မလာစဖူး အလာထူးလို့ အံ့သြနေပုံရပါ၏။ မျက်နှာကလေး ပြုံးထားတာကလည်း ချစ်စရာကောင်းလှသည်။ မမစိမ်းမြ လှတုံးပါလား။ မအိမ်ကံက ကွပ်ပျစ်စွန်းမှာ ၀င်ထိုင်ရင်း ပုဆိုးဆင်ကလေးတွေ လိုက်ကြည့်သည်။

"မမစိမ်းမြရေ... မမစိမ်းမြအထည်ကလေးတွေ လှလို့ တဲ့၊ မအိမ်ကံကို ပြောကြလွန်းလို့ လိုက်လာသာ။ ပြောလည်း ပြောလောက်ပါရဲ့။ လှလည်းလှပါရဲ့။ မြင်သာနဲ့ ခတ်ချက် နာမှန်း သိသာလိုက်သာတော်"

မမစိမ်းမြက စည်းနှောင်ထားသည့် အစည်းတွေကို ဖြေ ဖြန့်ပြသည်။ တစ်ထည်ချင်း စေ့စေ့ပေါက်ပေါက် ကြည့်နိုင်ရန် ဖြစ်ပါ၏။ မအိမ်ကံ အထည်တွေကို ကြည့်နေသလို မမစိမ်းမြ ကလည်း မအိမ်ကံကို ငေးနေခဲ့သည်။ လှလိုက်တဲ့ မိန်းမချော ရယ်။ ညည်းနှယ် ဖြစ်ရလေလို့လည်း တွေးနေပုံရသည်။ အထည်တွေကို ငုံ့ကြည့်နေတော့ မအိမ်ကံ မျက်တောင်ရှည် ကြီးတွေက ကော့ညွှတ်လွန်းလှသည်။ သနပ်ခါးရေကျဲ ကလေးလူးထားတာပေမယ့် အသားအရေက သနပ်ခါးဝါ၀ါ ကို ဖောက်ထွက်နေသလို ၀င်းစက်ကြည်လင်လွန်းလှသည်။ အလှဆုံးကတော့ နှုတ်ခမ်းကလေးများပင်။ လက်မောင်းဆင်း လှသလောက် ရင်ကလေးချီချီကလည်း မိုးစင်သည့်ပန်းလို့ ပွင့်လန်းလှလေခြင်း။ မအိမ်ကံ မော့လိုက်တော့ မမစိမ်းမြက ပြုံးပြုံးကလေး ငေးကြည့်နေသည်။

"သည်အဆင်ကလေးတွေက မမစိမ်းမြ ထွင်သာလား ဟင်။ အဆင်ကူးရင် မမစိမ်းမြ ကြိုက်ပါ့မလားမသိဘူး။ မအိမ်ကံ ရက်ကြည့်ချင်လိုက်သာ"

"ကူးပါအေ။ မမထွင်သာရယ်လို့တော့ မဟုတ်ပါဘူး။ စမ်းရက်ကြည့်ရာက အဆင်ပြေသွားသာပါ။ ဟိုဘက်ရွာတွေကလည်း သည်လိုအဆင်ကူးရက်ကြသာပါပဲ။ မမကလည်း ယူရသာပဲ။ မအိမ်ကံ စင်က အဆင်ကလေးတွေတောင် ယူရက်ချင်သေးသာ။ မအိမ်ကံက မျက်စိရေးပိုတတ်ပါသယ်"

"ယူပါ မမစိမ်းမြရဲ့။ အိမ်ကိုလာခဲ့ပါဦး"

ထိုစဉ်မှာပင် မစိမ်းမြတို့ အိမ်ဝိုင်းဝမှာ အမျိုးသမီးကြီး တစ်ယောက်ရပ်နေတာကို လှမ်းမြင်လိုက်ကြရသည်။ မစိမ်း မြက လှမ်းခေါ်လိုက်တော့ သရက်ပင်ရိပ်ကို တောက်လျှောက် ၀င်လာခဲ့၏။ မျက်နှာက မကြည်မသာ။ မအိမ်ကံက အထည် တွေကို တစ်ထည်ချင်း ကောက်ကိုင်ကာ နေရောင်မှာ ထောင်အကြည့်၊ သူ့ကို စိမ်းစိမ်းကားကား ကြည့်နေသည့် မျက်လုံး တွေကို သတိထားလိုက်မိသည်။ အို ဘယ်နှယ့်ပါလိမ့်။

"ကြီးတော်စံရွှေ ဘယ်ကလှည့်လာသာတုံး။ နေပူလိုက်သာ ထိုင်ပါဦး"

မစိမ်းမြက ထိုင်ခိုင်းသော်လည်း ကွပ်ပျစ်မှာ ၀င်မထိုင်ဘဲ မအိမ်ကံကိုသာ စိုက်ကြည့်နေတာကို သတိထားလိုက်မိတော့ မစိမ်းမြသည်ပင် အားနာသွားခဲ့သည်။ ကြီးတော်စံရွှေက သည်လိုပဲ မျက်နှာထားဆိုးနေကျဆိုတော့လည်း ဘာရယ်လို့ မခန့်မှန်းနိုင်။

"သာအောင့်အတွက် ပုဆိုးဆင်ကလေး လာကြည့်သာပါ အေ။ ညည်းစင်က အဆင်တွေကောင်းလှဆိုလို့ လေး၊ ငါး ကွင်း ယူမလားလို့။ သည်ကောင်က မအေ့နို့နံ့တောင် မစင်ချင်သေးဘူး လူပျိုလုပ်ချင်ပြီကော စိမ်းမြရဲ့"

မအိမ်ကံပင် တောင့်ခနဲ ဖြစ်သွားခဲ့သည်။ မအေ့နို့နံ့ မစင်သေးဘဲ လူပျိုလုပ်ချင်တယ်ဆိုတာ သာအောင်နှင့် နှစ်ကိုယ် တွေ့ခဲ့ကြတာကိုများ ပြောချင်ရော့လား။ မအိမ်ကံက ဣနြေ္ဒ မပျက်အောင် အထည်တစ်ထည် ကောက်ယူပြန်ကာ လက်နှင့် ပွတ်ကြည့်နေလိုက်သည်။ မစိမ်းမြကတော့ ပြောရိုးပြောစဉ် ပြောနေတာပဲလို့ ထင်ပုံရသည်။

"သာအောင်က နှစ်ဆယ်ကျော်ပြီ မှုတ်လားကြီးတော်ရဲ့။ သည်ခေတ် အသက်နှစ်ဆယ် မငယ်တော့ပါဘူး။ ကြားရ သလောက်လည်း လိမ္မာရှာသားပဲ။ ထိုင်ပါဦး ကြီးတော်ရဲ့ မတ်တတ်ကြီး"

ကြီးတော်စံရွှေက မလှုပ်။ မျက်လုံးတွေက မအိမ်ကံ ကိုသာ ကြည့်နေခဲ့သည်။ မအိမ်ကံက မော့မကြည့်သော်လည်း သူ့ကို ကြည့်နေတာကို စိတ်ထဲက သိနေပါ၏။ ရင်ထဲမှာလည်း ဖျင်းခနဲ စူးခနဲ ခံစားနေရသည်။ မအိမ်ကံကို ထိပါးသည့် စကားတစ်ခွန်းမှ မပါသေးသော်လည်း ထိပါးနေသလို ခံစား နေမိရပါ၏။

"နှစ်ဆယ်တော့ နှစ်ဆယ်ပေါ့အေ။ မိဘများမတော့ ကိုယ့် သားသမီးငယ်သေးသယ် အောက်မေ့သာချည်းပဲ။ အကြီး ကောင်သာမောင်ကို ဂွမ်းဖြူနဲ့ပေးစားသအေ၊ အလတ်ကောင် သာဆောင်ကို ခင်အိနဲ့ ပေးစားသအေ၊ ငါကိုယ်တိုင်ရွေးဆယ် ပေးစားထားသာ စိမ်းမြရဲ့။ ကွမ်းတောင်ကိုင် ခေါင်ဆိုသာတွေ နဲ့ ပေးစားသာ ရွာလုံးသိ၊ နယ်လုံးသိ"

"သိပါသယ်ကြီးတော်ရဲ့။ အခုက ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမှာတုံး စိမ်းမြရဲ့။ အခုဟာက သည်ကောင်က မိဘလက်နဲ့ရေးသာ ခြေနဲ့ဖျက်ချင်သာကောအေ့။ မိန်းမတွေ ကလည်း သာအောင့်လိုချင်တော့ မျက်နှာကလေးဗန်းပြ၊ ဟိုကောင်ကလည်း ဖျာလိပ်ထဲ ခွေးဝင်ရုန်းမရဘူးနဲ့တူပါရဲ့။ ဖွဲထောင်းလို့ ဆန်ကောင်းရပါ့မလားအေ့"

မစိမ်းမြက အသံကြီးအောအောနှင့် ရန်တွေ့သလို ပြောနေ သည့် ကြီးတော်စံရွှေကို နားမလည်နိုင်သလိုသာ ကြည့်နေမိ သည်။ ၀ိုင်းတိုက်ထဲ မလာစဖူးရောက်လာသည့် မအိမ်ကံ။ မအိမ်ကံနှင့် မရှေးမနှောင်း ရောက်လာသည့် ကြီးတော်စံရွှေ။ ကြီးတော်စံရွှေ ပြောနေသည့် စကားတွေကလည်း တစ်စထက် တစ်စရင့်သီးလာသည်။ မအိမ်ကံကိုများ ပြောနေတာလား။ မအိမ်ကံကို စောင်းမြောင်းပြောရအောင် မအိမ်ကံက စာရိတ္တ ကောင်းသူဖြစ်ရုံမက သူကြီးသမီးဆိုသည့် ဂုဏ်ဒြပ်ကြီးသူ ကလေး ဖြစ်သည်။ ကိုယ့်ရွာသူအချင်းချင်း ဆိုပေသိ အနေချင်း မနီးတာသာရှိချင်ရှိမည်။ ရွာကလေးငယ်ငယ်မှာ ဘယ်အရာ ဘယ်ကိစ္စမှ ထိန်းဝှက်ထားချင်လို့ မရနိုင်ပါ။ ဘာပဲဖြစ်ဖြစ် သူ့ဝိုင်းတိုက်ထဲမှာ စာရင်းလာရှင်းကြတာမျိုး အဖြစ်မခံနိုင်။ တစ်ဦးက ငွေကြေးချမ်းသာသူ၊ တစ်ဦးက သူကြီးသမီး။ စကားနည်းရာ နည်းကြောင်း ပြောလိုက်သည်။

"ကြီးတော်ရယ် တော်ပါတော့။ ကြိုက်တဲ့အဆင်သာရွေး ပါ။ ယူသွားပါ။ ကြုံတော့မှ ပေးသာပေါ့"

ထိုအခါ ကြီးတော်စံရွှေက မတ်တတ်ရပ်နေတာ ညောင်းသွားဟန်ဖြင့် မြေပေါ်ငုတ်တုတ်ထိုင်ချလိုက်သည်။ သည်တော့ ကွပ်ပျစ်ပေါ် ထိုင်နေကြသည့် ငယ်ရွယ်သူ မစိမ်းမြရော၊ မအိမ်ကံပါ အနေကျုံ့ကြရတော့သည်။ မအိမ်ကံက ချက်ချင်း မြေပေါ်ဆင်းထိုင်လိုက်သည်။

"ကြီးတော်စံရွှေရယ် မဟုတ်သာ။ အပေါ်ထိုင်ပါ။ ကျွန်မ တို့ ငရဲငအုံကြီးနေပါ့မယ်"

မအိမ်ကံက အသံကိုထိန်းပြီး ခပ်အေးအေးပဲ ပြောလိုက်သည်။ ကြီးတော်စံရွှေက စကားဝိုင်းထဲ မအိမ်ကံအ၀င်ကို စောင့်နေသူဆိုတော့ ချက်ချင်းတုံ့ပြန်လေတော့သည်။ မျက်နှာ ကြီးက ကြောက်စရာကောင်းလောက်အောင် မည်းပုပ်နေ သည်။ ပါးစပ်က ပြောချင်ဇောဖြင့် တဆတ်ဆတ် လှုပ်နေသည်။ မျက်လုံးတွေက မီးလျှံတွေ ထွက်နေသလို တောက် လောင်လျက်ရှိပါ၏။

"ညည်းကို ကန်တော့ချင်လို့ပါအေ။ လုံးတင်တို့က ညည်း သည်ဘက်သွားသယ်ဆိုလို့ လိုက်လာသာ။ ညည်းငါ့သားနဲ့ ကင်းကင်းရှင်းရှင်းနေပါ။ ကန်တော့ဆိုရင် ကန်တော့ပါရဲ့အေ။ ငါ့သားက ဖက်စိမ်းကွမ်းတောင် ကိုင်မယ့်သူနဲ့ တန်းထားသာ အေ့။ ညည်းက ဆင်ပေါက်ဆိုပြီး ကောက်ရိုးခိုးစားလို့အေ"

မစိမ်းမြရော၊ မအိမ်ကံပါ အံ့သြခြင်းကြီးစွာဖြင့် ကျဉ်ခနဲ ထုံသွားခဲ့ကြပါ၏။ အထူးသဖြင့် မအိမ်ကံက သူ့ကိုရည်ရွယ်ပြီး ပြောနေမှန်း မသိခဲ့ရိုး အမှန်။ အခုတော့ စော်ကားလွန်းပြီ။ မအိမ်ကံတစ်ကိုယ်လုံး သွေးတွေဆူလာခဲ့ကာ တပွက်ပွက် မြည်သံပင် ကြားရမတတ် ရှိလာခဲ့သည်။ မအိမ်ကံ ဘ၀တစ် လျှောက်လုံး ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ ရွေးကြီး တစ်ရွေးသား အတင်မခံခဲ့သူ။ ကိုယ်တိုင်က မတရားမရှိခဲ့သလို မတရားတာကိုလည်း နှမ်းတစ်စေ့မခံခဲ့သူ။ သို့ပေသိ အခုကိစ္စက အကျယ်အကျယ်ဖြစ်လို့ မကောင်းတာကို သတိရ လိုက်သည်။ ရက်ကန်းသံတွေ ရှိသည်။ သည်နေရာက အိမ်မကြီးနှင့် ဝေးသည်။ သည်ကိစ္စ သူမဟုတ်ကြောင်း ရှင်း ပြလိုက်လျှင် သည်မှာတင်ပြီးနိုင်သည်။ မအိမ်ကံက ဒေါသကို ထိန်းရင်း ခပ်တိုးတိုး ပြောလိုက်သည်။

"ကြီးတော်ရယ် မဟုတ်သဲ့ စကားမပြောပါနဲ့။ သာအောင်နဲ့ ကျွန်မ ဘာမှလည်း မဖြစ်ရပါလား။ ကြီးတော်ပေးစားချင်သူပေးစားပါ။ သည်စကား သည်မှာတင် ပြီးပါရစေတော့"

ကြီးတော်စံရွှေက ဆတ်ခနဲ ပြန်ရပ်ပြန်သည်။ မစိမ်းမြ ကလည်း မတ်တတ်ရပ်လိုက်ပြီး ကြီးတော်စံရွှေကို တောင်းပန်သည်။ အေးအေးဆေးဆေးပြောဖို့ နားချသည်။

"ညည်းစကားလားအေ ဖွဲထောင်းလို့ ဆန်မထွက်။ ရွာက မိန်းကလေးတွေ စင်ထောင်ပေးပြီး ငါ့စီးပွားလည်း ပြိုင်သေး၊ ငါ့သားလည်း ချိုင်သေး။ ညည်းမှတ်ထားလိုက် ငါ့သားက"

မအိမ်ကံက သည့်ထက်ဆိုးလာလျှင် ဘာလုပ်ရမလဲ စဉ်းစားထားသည်။ မနီးမဝေးမှာ တောခုတ်သည့် ပိဿာစီး ဓားတစ်လက်ရှိနေတာ မြင်လိုက်သည်။ သည်ကနေ့တော့ သွေးမြင်ရမှပြီးရမှာ ထင်ပါရဲ့။

"ကိုင်းပါ ကြီးတော်ရယ် တိုးတိုးလုပ်ပါ။ မအိမ်ကံတို့ ကလည်း ဂုဏ်နဲ့ဒြပ်နဲ့ပါ"

မစိမ်းမြက စကားဝင်ဖြတ်ပြီး တောင်းပန်သော်လည်း ကြီးတော်စံရွှေက မရပါ။ ပြောစရာရှိတာပြောပြီးမှ ပြန်မည့်ပုံ။ မအိမ်ကံက သည်မှာဆက်နေလို့ မကောင်းတော့မှန်း သဘောပေါက်လိုက်ကာ မတ်တတ်ထရပ်လိုက်သည်။ ထိုအခါ မတ်တတ်ရပ်နေသည့် ကြီးတော်စံရွှေနှင့် ယှဉ်ရပ် လိုက်သလို ဖြစ်သွားတော့သည်။

"ငါ့သားက ကွမ်းတောင်ကိုင်နဲ့ ယူရမှာအေ့။ ညည်းရုပ်က ပပ၀တီလောက် ချောတယ်ပဲပြောပြော၊ နဂါးဘုံ ဂဠုန်မကူး နိုင်သလိုပဲ၊ ညည်း သည်တစ်သက် ကွမ်းတောင်ကိုင် မဖြစ်ဘူး။ ညည်းမိဘက ငယ်လင်ငယ်မယား မဟုတ်လို့ ညည်း ဖြစ်စရာလည်း အကြောင်းမရှိဘူး။ ငါ့သားနဲ့များ ဝေးပါသေး ရဲ့အေ"

မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ မအိမ်ကံမှ မဟုတ်ပါ။ မစိမ်းမြပင် အားနာခြင်းကြီးစွာဖြင့် ကြီးတော်စံရွှေကို ဒေါသဖြင့်ရင်ဆိုင်ရန် မျက်နှာချင်း ဆိုင်လိုက်သည်။ မိန်းမသားသုံးယောက်စလုံး၏ ဒေါသတွေက အနိမ့်အမြင့် မညီကြသော်လည်း မအိမ်ကံ၏ဒေါသကို မည်သူမျှ မီလောက်စရာ မရှိတော့။ မအိမ်ကံက ပိဿာစီးဓားကြီးကို ပြေးဆွဲဖို့ ဆုံးဖြတ်လိုက်လေပြီ။ ချက်ချင်းလိုလို လှစ်ခနဲပြေးကာ ပိုင်ပိုင်ကြီး ဆုပ်ကိုင်ရင်း ပြေးလာခဲ့သည်။ မစိမ်းမြက "မအိမ်ကံ မလုပ်နဲ့" လို့အော်ရင်း မအိမ်ကံရှေ့က ဆီးတားသည်။ မအိမ်ကံကိုလည်း လုံးဖက်လိုက်သည်။ ကြီးတော်စံရွှေက အခြေအနေမလှကြောင်း သိသည်နှင့် ချွေးခံအင်္ကျီအိတ်ထဲက ပစ္စည်းတစ်ခု ကပျာကယာ ထုတ်ယူလိုက်ပြီး ကွပ်ပျစ်ပေါ် ပစ်ချလိုက်သည်။ မအိမ်ကံက ရုန်းသော်လည်း မစိမ်းမြက မလွှတ်။ ဓားကိုင်ထားသော်လည်း မခုတ်သာ ဖြစ်နေရတော့သည်။

"ရော့ ညည်းပစ္စည်း ညည်းယူ။ သာအောင့် သေတ္တာထဲ ကတွေ့သာ။ ညည်း မငြင်းပါနဲ့တော့အေ"

ကြီးတော်စံရွှေက ပြောပြောပြေးပြေး ထွက်သွားသည့် အခါမှာတော့ မအိမ်ကံ ကျောက်ရုပ်တစ်ရုပ်လို တောင့်နေခဲ့သည်။ စကားတစ်ခွန်း မဟနိုင်ခဲ့ဘဲ ဓားမတိုကိုင်လျက်က ငုတ်တုတ်အရှုံးပေးလိုက်ရပါပကော။ ကွပ်ပျစ်ပေါ်က အရာကို မအိမ်ကံရော မစိမ်းမြပါ ကြည့်နေကြဆဲ။ မအိမ်ကံက ပစ္စည်းကလေးကို တုန်ရီနေသော လက်များဖြင့် ကောက်ယူလိုက်သည်။ မျက်ရည်တွေက တပေါက်ပေါက်။ အံ့သြခြင်းကြီးစွာ နှုတ်ကပင် အသံထွက်သွားခဲ့ရပါ၏။

"ဘုရား ဘုရား"


(ဆက်လက်ဖော်ပြပါမည်)

ခင်ခင်ထူး

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ