(jan'09) မအိမ်ကံ
(၂၁)
၁၃၀၄ ခု၊ ပထမ၀ါဆိုလဆုတ် ၄ ရက်။
နှမကလေး မအိမ်ကံ ..
အစ်ကို မောင်မြတ်သာ စာရေး လိုက်ပါသည်။ သည်စာကိုတော့ နှမကလေးသာ ဖတ်ရန် မှာလိုက်ပါသည်။ အစ်ကို့မှာ စာများများ ရေးဖို့ရာလည်း အခွင့်မသာသည့် အတွက် လိုရင်းကိုသာ ရေးလိုက်ပါသည်။ နှမကလေး ကောင်းစားတာကို မြင်လို၍ အစ်ကို မရေးမဖြစ် ရေးလိုက်သည်လို့ပင် မှတ်ပါတော့။ နှမကလေး အရွယ် ရောက်ပြီ။ နှစ်ဆယ်ကျော် အရွယ်ဟာ မိန်းကလေး တစ်ယောက် အတွက် အခါလင့်ပြီဟု ဆိုနိုင်ပြီ။ ခေတ်အခါ ကာလ အလျောက်ရော၊ အသက်အရွယ် ရကြပြီ ဖြစ်သော မိဘများအတွက်ပါ အစ်ကို အမျိုးမျိုး စဉ်းစားပြီးမှ ရေးလိုက်သည်ဟု သာမှတ်ပါလေ။နှမကလေး အိမ်ထောင်ပြုပါ။ အထူး ပြောလို သည်မှာ မောင်ပြေသိမ်းက နှမကလေးကို မေတ္တာရှိနေကြောင်း သူ့ပြော စကားများအရ အစ်ကို ရိပ်မိနေ၍ ဖြစ်ပါသည်။ မောင်ပြေသိမ်းမှာ မျိုးရိုးဇာတိ၊ စာရိတ္တနှင့် မိဂုဏ် ဘဂုဏ် ရှိသော အမျိုးကောင်းသား ပညာတတ်ဖြစ်၍ အစ်ကို့ အနေဖြင့်လည်း သဘောတူမိပါသည်။ နိုင်ငံရေးအရ အစ်ကိုနှင့် မတူတာရှိ၊ တူတာရှိဆိုသော်လည်း ဖြောင့်မတ်သူ တစ်ဦးအဖြစ် အစ်ကို ယုံကြည်လျက် ရှိပါသည်။ သည်စာက နှမကလေးကံ အတွက် ဆန်းကောင်း ဆန်းနေ ပါလိမ့်မည်။ သို့သော် လောကနိယာမသာဖြစ်၍ အထူး ရှက်ရွံ့စရာ မရှိပါ။
ကံကလေး၏ နောင်ရေး အတွက် ပြောရခြင်း ဖြစ်ပါ၏။
ကျန်းမာချမ်းသာပါစေ
အစ်ကို မောင်မြတ်သာ
P/S အစ်ကို လောလောဆယ် ပျဉ်းမနားမြို့တွင် ရှိနေပါသည်။ မကြာမီ တွေ့နိုင်မည် ထင်ပါ၏။
မအိမ်ကံက စာရွက်ကလေးကိုရော နွမ်းရိ ပါးလျားလှပြီ ဖြစ်သော စာအိတ်ဟောင်း ကလေးကိုပါ ငေးကြည့် နေခဲ့သည်။ စာဖတ်ခါစတုန်းကတော့ မအိမ်ကံ မျက်နှာ မထားတတ်ခဲ့ပါ။ အစ်ကို မောင်မြတ်သာကို မမြင်ရပါဘဲလျက် ရှက်နေ မိခဲ့သည်။ ရှက်ခြင်းနှင့် အတူ ကြောက်ခြင်း၊ ထူပူခြင်း၊ အံ့သြခြင်း၊ ၀မ်းသာသလိုလို ၀မ်းနည်းသလိုလို ခံစားရခြင်းများ တစ်ပြိုင်နက် ခံစားနေခဲ့ရသည်။ အစ်ကိုနှင့် မအိမ်ကံတို့ မောင်နှမ နှစ်ယောက်အဖို့ ကံကောင်းသည် ဆိုရပါမည်။ အဖေ ကလည်း သူ့သားမို့၊ အမေကလည်း သူ့သမီးမို့ ဆိုတာမျိုး မရှိ။ အဖေတူ အမေကွဲ မောင်နှမ ဆိုသော်လည်း မောင်ရင်း နှမပမာ ငယ်စဉ်ကပင် မအိမ်ကံကို အလို လိုက်ခဲ့သည်။ ချစ်ရှာခဲ့သည်။ မအိမ်ကံနှင့် အသက်ချင်း ကွာတော့ ဒိုးတူ ပေါင်ဖက် ကစားခဲ့ရတာမျိုး မရှိသော်လည်း နှမ ကလေး လိုချင်တာ မှန်သမျှ မျက်နှာ အညိုမခံခဲ့။
တစ်ခါက ၀ိုင်းတိုက် စည်းရိုးစပ်မှာ ပေါက်နေသည့် ပုန်းညက် ပင်ပျိုကလေးမှာ ပုန်းညက်ပန်းတွေ အဆုပ်လိုက် အခဲလိုက် ဖွေးဖွေးလှုပ်လျက် ရှိရာ မအိမ်ကံမှာ ပန်းတွေကို မော့ကြည့်ရင်း ခုန်ဆွခုန်ဆွ ဖြစ်နေခဲ့သည်။ သည်အပင်ကလေးက သည်နှစ်မှ ပန်းစပြခြင်း ဖြစ်သည်။ မအိမ်ကံက ပုန်းညက်ပန်းတွေ လိုချင်သဖြင့် အစ်ကို့ကို ခူးပေးရန် ပူဆာခဲ့သည်။ အစ်ကိုက သူ့ အရပ်အမောင်း၊ သူ့အရွယ်နှင့် တက်ခူးလျှင် ခူး၊ ၀ါးတံချူနှင့် ချူလျှင်ချူ ပုန်းညက်ပန်းတွေ အခိုင်လိုက် ရနိုင်သော်လည်း မအိမ်ကံ အတွက်ကတော့ မြင့်လွန်းနေသည်။ အပင်က သိပ်ကြီး လှတာတော့ မဟုတ်ပါ။ ပင်စည်လုံးသည်ပင် လက်တွင်း တစ်ဆုပ်(တူရွင်းရိုး)လောက်သာ ရှိသည့်အပင်။
"ကံကလေးက ဘယ်နှခိုင် လိုချင်သာတုံး"
"တစ်ပင်လုံး လိုချင်သာ"
"ရစေ့မဗျာ"
သိပ်မကြာပါ။ ကံကလေးရေ ပန်းတွေ လာခူးလှည့်တော့လို့ အော်သဖြင့် မအိမ်ကံ ပြေးလာခဲ့သည်။ အစ်ကို လုပ်သူက ပုန်းညက်ပင်ကြီးကို ပြရင်း တစ်ပင်လုံး ခူးပေတော့ဗျာတဲ့။ ဟုတ်ပါ့။ ပုန်းညက် တစ်ပင်လုံး ခူးစမ်းပါလေ့။ သို့သော် သို့သော် အပင်က ပင်စည်က ခုတ်လှဲ ထားသဖြင့် ကျွမ်းထိုး မှောက်ခုံ။ မအိမ်ကံခမျာ ပန်းတွေခူးရင်း ကျူကျူပါအောင် ငိုရပါ၏။
"အစ်ကို့ကို အပင် လှဲခိုင်းသာမှ မဟုတ်သာကြီးကို၊ နောက်နှစ် ဘယ်လိုလုပ် ပွင့်တော့မှာလဲ"
"ကံကလေးပဲ တစ်ပင်လုံး လိုချင်ဆို သည်နည်းရှိသာဗျား"
သည်တုန်းက အစ်ကို့ကို အဖေဆူတာလည်း မှတ်မိသည်။ နှမကို သည်လောက် အလိုလိုက်ရပါ့ မလားလို့ ဆူခြင်း ဖြစ်သည်။ အစ်ကိုကတော့ ခပ်အေးအေးပင်။ သူလုပ်စရာ ရှိတာ လုပ်ပေးရလို့ ၀မ်းသာသည့် ပုံပင် ဖမ်းနေခဲ့သည်။ နောက်တစ်ခေါက်တော့ မအိမ်ကံက ခြံထောင့်က ဆပ်သွားဖူးရုံကြီးကို ပြရင်း အူအူလည်အောင် ပွင့်နေကြသည့် ဆပ်သွားဖူးပန်းတွေ တစ်ပင်လုံး လိုချင်သည် ပူဆာလိုက်သည်။ ဆပ်သွား ဖူးရုံကြီးက ရုံကြီးကြီးလှသည် ဖြစ်၍ မရနိုင် မှန်းသိ၍ ပူဆာခြင်း ဖြစ်သည်။ သည်တစ်ခါတော့ အစ်ကိုက စမှန်းသိ၍ ပဲလား၊ တကယ်ပြောတာပဲလား မသိ။ လေးနက်သော စကား တစ်ခွန်း ဆိုခဲ့သည်။ သည်စကားကို မအိမ်ကံ သည်အရွယ် အထိ မမေ့။
"သည်ဆပ်သွား ဖူးရုံကြီးတော့ မခုတ်ပါရစေနဲ့ ကံကလေးရာ၊ အမေပန်းရုံ ပြောဖူးသယ် သည်အပင်က မပွင့်တာ နှစ်ထမ်း ကြာပြီတဲ့၊ ကံကလေး မွေးတဲ့ ညကမှ ထူးထူးဆန်းဆန်း ပွင့်သာတဲ့၊ သည်ဆပ်သွားဖူးရုံနဲ့ ကံကလေးတို့ချင်း လိပ်ပြာဆက် သယ်နေသာလို့ ပြောဖူးသယ်"
"လိပ်ပြာဆက်သယ် ဆိုသာ ဘာလဲ အစ်ကိုရဲ့"သည်မေးခွန်း ကိုမေးတော့ အစ်ကိုမောင်မြတ်သာ တွေသွားခဲ့သည်။ ရှင်းပြရမည့် စကားလုံး ရွေးနေတာလည်း ဖြစ်နိုင်သည်။ မအိမ်ကံက ဇွတ်မေးတော့မှ တစ်လုံးချင်း ဖြေတော့သည်။
"လိပ်ပြာချင်း ဆက်နေသယ် ဆိုတာ အသက်ချင်း ဆက်နေသယ်လို့ ပြောသာပေါ့"
အစ်ကို့ စကားကြောင့် မအိမ်ကံပင် ထိတ်လန့် သွားခဲ့ရသည်။ အစ်ကိုက သူနားလည် သလောက်ပြောလိုက်တာ ဆိုပေသိ ကြောက်များပင် ကြောက်စရာ မဟုတ်လား။ မအိမ်ကံကလည်း ခုနစ်နှစ်၊ ရှစ်နှစ်သမီး ဆိုတော့ သည်စကားကို မလှအုံအား မေးရသည်။ မလှအုံက "ဟယ် ကြံကြီးစည်ရာ မောင်မြတ်သာကတော့ လုပ်ကရော့မယ်" ဆိုတာလောက်နှင့် ပြီးသွားခဲ့သည်။ အခုတော့လည်း ဒါတွေ စဉ်းစားတာကပင် ရယ်စရာလိုလို၊ လွမ်းစရာလိုလို ဖြစ်ရပါ၏။ အစ်ကိုငယ်က မအိမ်ကံမ အတွက် ဖက်စိမ်း ကွမ်းတောင်ကလေး ချိုးပေးဖူးတာလည်း သတိပါ၏။ အမေက ချက်ချင်း ဖယ်ရှား ပစ်လိုက်တာကကော။ အတွေးတွေက ဖက်စိမ်း ကွမ်းတောင်ဆီ ရောက်ရပြန်တော့ ရွှေမှုံတို့၊ သာအောင်တို့ဘက် ကူးရ ပြန်သည်။ သည်လိုဆိုပြန်တော့ ကိုပြေသိမ်းက ခေါင်းထဲ ၀င်လာပြန်သည်။ ဆပ်သွားဖူးပန်း ကလေး နားပန်ပါရစေ ဆုတောင်းခဲ့သူ မဟုတ်လား။
"အစ်ကို မောင်မြတ်သာ ငယ်ငယ်က ပြောခဲ့ဖူးသလို သည်ဆပ်သွားဖူးပင်က မအိမ်ကံနဲ့ လိပ်ပြာချင်း ဆက်နေသာ သေချာရင် မအိမ်ကံ ပေးတဲ့ ဆပ်သွားဖူး ပန်းနားနှစ်ဖက်ဝေအောင်သာ ပန်ပါ့တော့ ကိုပြေသိမ်းရယ်" အတွေးတွေက ကယောက် ကယက်။ ပြတင်းဝမှ တိုးနေသည့် လေကြောင့် အစ်ကိုရေးပေးလိုက်သည့် စာရွက်နှင့် စာအိတ်ကလေးက တဆတ်ဆတ်တုန် နေလေသည်။ မအိမ်ကံ ရင်တွေကကော...။ မထူးပါ။ တလှပ်လှပ် ခုန်လျက်ရှိပါ၏။
အစ်ကို့ စာထဲမှာ ခေတ်အခါကလည်း မကောင်းဘူးတဲ့။ အဖေတို့ အမေတို့ကလည်း အရွယ်ရကြပြီတဲ့။ အစ်ကိုရေးတာ မှန်ပါ၏။ အဖေက ခုနစ်ဆယ်ကျော်ပြီ။ အမေပန်းရုံလည်း ခြောက်ဆယ်ကျော်ရှာပြီ။ ကျန်းကျန်းမာမာ ရှိကြလို့သာ ရပ်ရေး ရွာရေး ဆောင်ရွက်နိုင်ကြတာ မဟုတ်လား။ လယ်အလုပ်၊ ကိုင်းအလုပ်ထဲ အဖေတို့အမေတို့ မပါနိုင်ကြရှာတော့။ တစ်အိမ်လုံး ရှိသမျှ လုပ်ငန်းအ၀၀ မအိမ်ကံကပဲ တက်ကစီး ၀င်လုပ် နေခဲ့ရတာ ကြာပြီ။ မအိမ်ကံက အစ်ကိုရေးပေးလိုက်သည့် စာရက်စွဲကို ပြန်ကြည့်သည်။
၁၃၀၄ ခု၊ ပထမ၀ါဆိုလဆုတ် ၄ ရက်။
ကနေ့ ဘာနေ့ပါလိမ့်။ မအိမ်ကံက မြင်းခြံက ၀ယ်လာ သည့်ပြက္ခဒိန်ကို ထကြည့်သည်။ ဒုတိယ ၀ါဆိုလဆန်း ၁၀။ နှစ်ပတ်ကျော်ကျော်ပင် ရှိခဲ့ပြီ။ အစ်ကိုကတော့ ပျဉ်းမနားမှာဟု ဆိုပါ၏။ ပျဉ်းမနား ဆိုတာကတော့ ဘယ်မှာပါလိမ့်။ အဝေးကြီးလား။ မအိမ်ကံက စာရွက်ကို ပြန်ခေါက်၊ စာအိတ်နွမ်း ကလေးထဲ ပြန်ထည့်ဖို့ စိတ်ကူးပြီးမှ တစ်ခေါက်ပြန်ဖတ်သည်။ သည်တစ်ခေါက်နှင့် ဆိုရင် ဆယ်ခေါက်ထက် မနည်းတော့ပြီ။
"အစ်ကို သည်စာကို ဘာဖြစ်လို့ ရေးတာပါလိမ့်"
ထိုနေ့က မအိမ်ကံ အိမ်ပေါ်က မဆင်းဖြစ်ခဲ့။ သည်စာကို ရေးရခြင်း အကြောင်းကိုသာ စဉ်းစား နေမိခဲ့သည်။ အစ်ကို တိမ်းရှောင်ရသည့်နေ့က မမစိမ်းမြတို့ အိမ်မှာ နှစ်ရက်လောက် ခိုခဲ့သည်။ မမစိမ်းမြတို့ အိမ်မှာ နှစ်ရက်ခိုနေရသော အစ်ကို့ထံကို မအိမ်ကံတို့ မသွားရဲခဲ့ကြ။ ရွာထဲမှာ ပုလိပ် လက်ထောက်တွေ ရှိနေနိုင်တာမို့ အဖေက ပိပိရိရိ နေကြဖို့ ပြောထားခြင်းကြောင့် ဖြစ်ပါ၏။ အစ်ကို သုံးဖို့စွဲဖို့ ငွေစကလေးတောင် မပေးလိုက်ရတာကို မအိမ်ကံ စိတ်မကောင်း ဖြစ်ရပါသည်။ အစ်ကိုက လူလုံးပြ လိုက်လျှင် မမစိမ်းမြတို့ပါ ဒုက္ခရောက်ရမှာ မဟုတ်လား။ မမ စိမ်းမြတို့ အိမ်မှာ ခိုနေရစဉ်က ကြီးတော်စံရွှေတို့နှင့် ဖြစ်ရသည့် ပြဿနာ၊ သာအောင်နှင့် ဖြစ်ရသည့် ပြဿနာတွေ အစ်ကို ကြားသွားပုံရသည် ထင်၏။
မိန်းကလေး ဆိုတာ ဆန်းလွန်းတော့လည်း တကြွကြွထင်ကြ၊ ရိုးလွန်းတော့လည်း တအအ အထင်ခံကြရတာ မဟုတ်လား။ ချည်ခင်စွပ်လို၊ ငှက်ဝံပိုလို ရေလှိုင်းကြီးတိုင်း စီးချင်၍လည်း မဖြစ်နိုင်။ မိန်းကလေး ဆိုတာ အနီးမွှေးရသလို အဝေးလည်း ကြိုင်ရပါ၏။ ပြန်စဉ်းစား ကြည့်တော့ မအိမ်ကံမှာ ရည်းစား မရှိ။ အချစ်ဦး အချစ်ဖျားရယ်လို့ စိတ်ကူးကလေး ယဉ်ရအောင်လည်း မရှိခဲ့။ စည်းသောင် ပိတ်လျက်၊ လှေသွား ခက်သတဲ့။ မြစ်ဝဲကြီးလျက် ဖောင်သတ် ခက်သတဲ့။ အမေတို့ ပြောနေကျ စကားတွေက အဓိပ္ပာယ်ရှိသည်။ မိန်းကလေးဆိုတာ ယူမိတဲ့လင်နဲ့ ညားရတယ် ဆိုကတည်းက အခါလင့်လို့ပေါ့တဲ့။
ထားပါတော့လေ။ အစ်ကိုက ဖြစ်စေချင်သည် ဆိုဦးတော့ ကိုပြေသိမ်းကကော။ ရုပ်ရည်ချောမောသူ၊ ပညာတတ်သူ၊ မြို့စွန်မြို့နား ကြီးပြင်းရသူ ဆိုတော့ သူကကော မအိမ်ကံသာ အချစ်ဦးလို့ ပြောဝံ့ပါ့မလား။ တည်အိုးဖြစ်မှတော့ ရေနှင့် လည်း မကင်းနိုင်၊ မီးနှင့်လည်း မကင်းနိုင်။ သို့သော် မအိမ်ကံမှာ စိတ်ကူးတွေ ရှိသည်။ ရုပ်ချောတာ၊ မချော တာထက် အရေးကြီးတာက ပညာတတ် ကျောင်းဆရာ ဖြစ်နေခြင်းပင်။ ကိုပြေသိမ်းကိုသာ လက်ခံလိုက်လျှင် ဆရာကတော် ဖြစ်ရဖို့သာ ရှိသည်။ တစ်နယ်လုံး၊ တစ်ရွာလုံးက လေးစား ကြည်ညိုရသော ကျောင်းဆရာ။ ထိုကျောင်းဆရာ၏ ဇနီးက ဆရာကတော်ပေါ့။ ဖက် စိမ်းကွမ်းတောင် ကိုင်ရသည်နှင့် ရွာသားကို ယူလိုက်ရသည့် ရွှေမှုံဘ၀ထက် အသာကြီး သာဖို့ သာ ရှိပါ၏။ စိုပင်စိုသော်လည်း မလန်းရမှတော့ အဓိပ္ပာယ်မရှိ။ မအိမ်ကံက စာကို ခေါင်းအုံးအောက် ထိုးထား လိုက်သည်။
အောက်ထပ်ကို ဆင်းလာတော့ လူသံသူသံတွေ ကြားနေရသည်။ ဘယ်သူတွေများပါလိမ့်။ ဆရာကြည်နှင့် ရွာသား အချို့။ သည်တစ်ခါတော့ ဆရာကြည်ခမျာ မြင်းမပါတော့။ သူ့မြင်းကြီးကလည်း အဖေ့မြင်းကြီး စိန်ပွင့်လို အိုလှရော့မည်။ အဖေနှင့် စကားလက်ဆုံ ကျနေတာ မြင်လိုက်ရတော့ နည်းနည်းတော့ အံ့သြရပါ၏။ အဖေနှင့် ဆရာကြည်က ပြဒါး တစ်လမ်း သံတစ်လမ်း မဟုတ်လား။ အခုတော့ လက်ဖက်တစ်အစ် အလယ်ချကာ ခေါင်းချင်း ဆိုင်နေကြပြီ။ အရေးကြီး ပုံလည်း ရပါ၏။ အမေနှင့် မလှအုံတော့မရှိ။ မအိမ်ကံ ဆင်းလာတော့ အဖေက လှမ်းကြည့်သည်။ ဧည့်သည်တွေ အတွက် ကွမ်း၊ ဆေး၊ ရေနွေးကလေး ချပါဦး ခိုင်းလိုက်ခြင်း ဖြစ်သည်။မအိမ်ကံက ပြည့်စုံအောင် ဧည့်ခံပြီးတော့မှ လူကြီးဝိုင်းနား ၀င်ထိုင်ရပါ၏။
"အဲသာပဲ သူကြီး၊ အခုဟာက တော်တော် ကလေးကို ရှုပ်ထွေးစရာတွေ ဖြစ်နေပြီ။ ကျုပ်က အင်္ဂလိပ်ကိုလည်း ကြိုက်ခဲ့တာ မဟုတ်ဘူး၊ အခု ဂျပန်ဆိုသာကိုလည်း ကြိုက်စရာ မရှိဘူး၊ အခုဟာက ငကန်းသေလို့ ငစွေ ရောက်လာ သာမျိုးပဲ၊ သတိ ၀ီရိယ မလျော့ကြနဲ့ဗျို့၊ ဒါပြောချင်လို့ လာခဲ့သာပဲ"
ဆရာကြည်က ကွမ်းတစ်ယာ ယာစားရင်း စကားအနား သတ်သည်။ မအိမ်ကံက ရှားလား၊ မန်ကျည်းလား မကွဲ လိုက်တော့ ဆရာကြည့်ကို စကားအနှစ်လောက် ပြန်မေးရသည်။ ဆရာကြည်က ခေတ်ကာလ အခြေအနေတွေ မကောင်းတော့ကြောင်း၊ ရွာတွေမှာ ရွာကင်းတွေ ဖွဲ့ကြဖို့ လိုအပ်လာပြီ ဖြစ်ကြောင်း၊ ဆူးစည်းရိုးတွေ ကာရံပြီး အရေးအကြောင်း ဖြစ်လာလျှင် သံချောင်းခေါက် အချက်ပေးရန် ကိစ္စတွေပါ ပြောပြနေခဲ့သည်။ သည်နှစ် နှစ်ဆန်း ကတည်းက ဒုတိယ ကမ္ဘာစစ် အခြေအနေ ပိုဆိုးလာတာလည်း ပါပါ၏။ ဘီအိုင်အေ တပ်များ တိုင်းပြည် တောင်ဘက် ဆီက ၀င်နေပြီ ဆိုတာလည်းပါ၏။ ဂျပန်တပ် တွေဝင်လာချိန်မှာ အင်္ဂလိပ်တပ်တွေ ရန်ကုန်မြို့က ဆုတ်ခွာ နေကြတာ လည်း ပါ၏။
"အင်္ဂလိပ်က စစ်ဆုတ်သာ ရိုးရိုးဆုတ်သာ မဟုတ်ဘူး ငါ့မြေး၊ မြို့တွေကို ဖျက်ဆီးပြီးမှ ဆုတ်ကြသာတဲ့၊ ဂျပန်ကလည်း အထက်ပိုင်းကို တက်လာပြီတဲ့၊ အင်္ဂလိပ်နဲ့ ဂျပန်တွေ ကြုံသဲ့နေရာ တိုက်နေကြသာပဲ"
"ဂျပန်တွေ ရောက်လာပြီပေါ့ အဲသလိုလား ဆရာကြည်"
"အေးကွယ့်၊ သည်နှစ် တပေါင်းလ ထဲမှာပဲ ရန်ကုန်မှာ စစ်ရုံး ဖွင့်လိုက်ကြပြီ။ မြန်မာဗိုလ်တွေပါသဲ့ ဘီအိုင်အေ တပ်တွေ ကလည်း ဂျပန်နဲ့ ပူးပေါင်းပြီး စစ်ထွက် နေကြသယ်။ သည်နှစ် သင်္ကြန်အပြီးမှာ ဘီအိုင်အေနဲ့ အင်္ဂလိပ်စစ်တပ် မိတ္ထီလာမှာ တိုက်ကြသယ်"
"အဲသာက ဟုတ်ပါပြီ၊ မအိမ်ကံတို့ ရွာတွေကို ရောက်လာ နိုင်လို့လား"
"အခု နောက်ဆုံးရသဲ့ သတင်းအရတော့ ဂျပန်တွေက ဘီအိုင်အေတပ်ကို ဖျက်ပြီး ဘီဒီအေ ဆိုသာကို ပျဉ်းမနားမှာ ဖွင့်ဖို့ လုပ်နေကြသယ်"
ပျဉ်းမနား ဆိုသည့် နာမည် ပါလာတော့ မအိမ်ကံ အစ်ကို့ကို သတိရလိုက်သည်။ အဲသည် ဘီဒီအေ ဆိုတာမှာ အစ်ကို အလုပ် လုပ်နေတာလား။ ဘီအိုင်အေတို့၊ ဘီဒီအေတို့ ဆိုတာကကော ဘာလဲ။ အင်္ဂလိပ် အခေါ်အဝေါ်တွေကို မအိမ်ကံ နားမလည်။ ဦးသာထန်ကတော့ မျက်မှောင်ကြီး ကြုတ်ကာ ရေနွေးကြမ်း ခွက်ထဲမှာ ထောင်နေသော လက်ဖက်ခြောက်ရိုးကို ငေးနေသည်က လွဲ၍ အခြား ဘာတစ်ခွန်းမှလည်း မပြောဘဲ ရှိနေပါ၏။
"အခုက ဂျပန် စစ်အုပ်ချုပ်ရေး အောက်မှာ ပုလိပ်တပ်ဖွဲ့ ဖွဲ့ထားပြီး ပုလိပ်ထဲ ၀င်ချင်ကြသူတွေကိုလည်း ခေါ်နေကြသယ်။ ကျုပ်ထင်သာကတော့ ဂျပန်က တောရှင်းလိမ့်မယ် ထင်သာပဲ။ ကိုင်းကိုင်း ကျုပ်ပြန်မယ် သူကြီး၊ ကျုပ်တို့ ရွာတွေတော့ အချင်းချင်း ကျောကပ်ဖို့ပဲ။ ကျုပ်ကြားသလောက်တော့ ဂျပန်တွေက အင်မတန် ရက်စက်သတဲ့ဗျ"
ဆရာကြည့် လှည်းက ရွာလမ်း ကုက္ကိုရိပ်မှာ ရပ်ထားခြင်း ဖြစ်၍ ဆရာကြည် ၀င်လာတုန်းက မအိမ်ကံ လှည်းသံ မကြားလိုက်ရခြင်း ဖြစ်၏။ ဆရာကြည်တို့ ပြန်သွားတော့ ၀င်းဝအထိ မအိမ်ကံ လိုက်ပို့ပြီး ပြန်ဝင်လာခဲ့သည်။ အဖေ ကတော့ စောစောက အတိုင်း ငြိမ်လျက်ရှိ၏။ မအိမ်ကံက အဖေ့ဘေး ပြန်ထိုင် လိုက်သည်။ အဖေ့ ကြည့်ရတာ စိတ်ချမ်း သာပုံ မပေါ်။ ဆရာကြည် ဘာတွေများ ပြောသွားပါလိမ့်။ မအိမ်ကံကို ပြောပြသလောက်တော့ တိုင်းရေး ပြည်ရေး တွေသာ ဖြစ်၍ ဇောင်ချမ်းကုန်းနှင့်တော့ သိပ်ကြီးဆိုင်လှသည် မဆိုသာ။ အခုလည်း အင်္ဂလိပ်တွေ ဆုတ်သွားကြပြီတဲ့။ ဂျပန်တွေ ၀င်လာပြန်ပြီတဲ့။ အင်္ဂလိပ်ကို မုန်းတီးခဲ့သော အစ်ကို မောင်မြတ်သာတို့ကတော့ ဂျပန်တွေကို ကြိုက်ကြ ရဲ့လား။ မအိမ်ကံ ဘာမှတော့သိလှသည် မဟုတ်။ သို့သော် တိုင်းရေး ပြည်ရေးသည် ခါတိုင်းလို မဟုတ်တော့တာကိုတော့ မအိမ်ကံ ရိပ်စားမိပါ၏။
"ဂျပန်တွေဆိုသာ မအိမ်ကံတို့ ရွာကို ရောက်လာနိုင်သယ်ပေါ့ ဟုတ်လား အဖေ"
"ရောက်ချင်လည်း ရောက်နိုင်သာပေါ့ သမီးရယ်။ သူများ တိုင်းပြည် လာခြေချမှတော့ ပေါ့ပေါ့တွက်လို့ မရတော့ဘူး ပေါ့အေ။ အဖေ စိုးရိမ်သာက ဆရာကြည် ပြောသဲ့ စကားတစ်ခွန်းပဲ။ သူကြီး သေနတ်ကို ဂျပန်တွေက အမှု လုပ်လာ နိုင်သယ်တဲ့။ ဒါ မှန်သယ်ကွယ့်၊ ခက်သာက တခြားမှာ သွားထားပြန်တော့လည်း မလုံရင် မီးခိုး ကြွက်လျှောက်ဖြစ်မှာ စိုးရ သေးသာကိုး"
"သေနတ်က ဘာဖြစ်လို့လဲ အဖေရဲ့"
"အင်္ဂလိပ်က ပေးတဲ့ သေနတ်ကိုး သမီးရဲ့။ သည်သေနတ်က ထပေါက်မှာ စိုးမှာပေါ့။ ရွာက အမှုပွဲစား ကျော်ဒင်က မြို့က သူ့ဆရာရှေ့နေအားကိုးနဲ့ ရပ်ရွာအုပ်ချုပ်ရေး ၀င်ဖို့ လုပ်နေသတဲ့။ ပြီးခဲ့တဲ့ လကစပြီး ဂျပန်စစ် အုပ်ချုပ်ရေး ၀င်ပြီ"
သားအဖ နှစ်ယောက် စကားပြော နေကြတုန်းမှာပင် အမေ ပန်းရုံနှင့် မလှအုံတို့ ပြန်လာကြသည်။ အမေပန်းရုံက ကြီးတော် စံရွှေတို့ ယောက်ျားလေးရှင်ဘက်က မောင်သာအောင်နှင့် မရွှေမှုံ တို့ နားဖောက်ပြီး ကြကြောင်း၊ ရပ်ရွာ လူကြီး သူမတွေကို ခေါ်ယူ အသိပေးပွဲကို သွားခြင်းဖြစ်ကြောင်း ဦးသာထန်ကို ပြောပြနေသည်။ ဒါကလည်း ဇောင်ချမ်း ကုန်းမှာ ဓလေ့ရှိသည်။ စေ့စပ် ကြောင်းမြန်းခြင်း ကတော့ ခေါင်ကောက် ဖိတ်ထားသော လူကြီး စုံရာပါ တတ်ကြသော် လည်း မင်္ဂလာပွဲ မကျင်းပမီ တစ်လလောက် အလိုမှာ ပြုလုပ်သည့် လူကြီးသူမ အသိပေးပွဲမှာတော့ ရွာက အထင်ကရ ရှိကြသူတွေကို ဖိတ်ကြားလေ့ ရှိကြသည်။ သည် လိုပွဲမှာ မင်္ဂလာရက်ကိုပါ ချပြ အသိပေးကြသည့် အပြင် တတ်နိုင်သူ များက ကာဖီချို တိုက်ကျွေး ဧည့်ခံတတ်ကြပါသည်။
"မအိမ်ကံနှယ် ငါတော့ ကာဖီချို နှစ်ခွက် ဆင့်သောက်လာခဲ့သယ်။ မြင်းခြံက နို့ဆီနဲ့ အင်္ဂလိပ်ကာဖီမှုန့်တွေ ရေနွေးနဲ့ရော မွှေထားသာပါအေ"
"မင်္ဂလာဆောင်ရက်က ဘယ်ရက်သဲ့တုန်း မလှအုံ" မအိမ်ကံက မင်္ဂလာဆောင်ပွဲရက်ကို မေးလိုက်ခြင်း ဖြစ်သည်။
"သီတင်းကျွတ် ပြီးမှပါအေ။ အပုံကြီး လိုပါသေးသယ်။ ပိုက်ဆံရှိတော့ ထမြည်သာပေါ့ ဘာလိမ့်မတုံး"
"မြည်သယ်လည်း မဟုတ်ပါဘူး လှအုံရယ်၊ ကြောင်းမြန်း ပြီးသာ ၀ါမ၀င်ခင်ကဆိုတော့ ခမျာများ ရွာကို အသိပေး နောက်ကျသယ် ထင်မှာ စိုးရိမ်ရှာကြသာပါ။ အသိပေးရသယ်ဟဲ့။ သည် ကာလသားနဲ့ သည်ကာလ သမီး မြန်းပြီး ကြပါပြီရယ်လို့ ရွာရပ်က စောင့်ရှောက်ကြပါ အပ်သာပေါ့၊ ရွာ့ထုံးစံများ အဓိပ္ပာယ်မရှိဘဲ ရှိပါ့မလား"
မအိမ်ကံကတော့ အမေ ပြောနေတာတွေပင် မကြားမိတော့။ စိတ်တွေ တဗွမ်းဗွမ်း ဆူနေခဲ့သည်။ တစ်ကိုယ်လုံးက အငွေ့တွေက တခြောင်းခြောင်း ထွက်လာသလိုလည်း တရှိန်ရှိန်ကြိုင် လျက်ရှိ၏။ အဖေကတော့ သူ့အခန်း ကလေးထဲ ၀င်သွားခဲ့ပြီ။ မအိမ်ကံလည်း အိမ်ပေါ် ပြန်တက်လာခဲ့ပါ၏။ ရင်ကတော့ လှိုင်းထန်နေဆဲ။ ခေါင်းအုံးအောက်က စာကို ပြန်ထုတ်ပြီး ဖတ်မိ ပြန်သည်။
ကိုပြေသိမ်း... သူကကော ဘယ်ရောက်သွား ပြန်ပါလိမ့်။ မအိမ်ကံကို မေတ္တာရှိတာ အစ်ကို မောင်မြတ်သာကတောင် ရိပ်မိသတဲ့။ မအိမ်ကံကလည်း ရိပ်မိပါရဲ့။ နှုတ်က ဖွင့်မပြောသေးသော်လည်း မျက်လုံးတွေထဲက ချစ်ရိပ် ချစ်ငွေ့တွေကို မအိမ်ကံ တွေ့နေရပါ၏။ ကြမ်းကြားလေကြား ယောက်ျား ဆိုတာ အပေါ်ယံ ပျားရည်ချွဲ ၀မ်းထဲ သံကောက်စွဲတဲ့။ ကိုပြေသိမ်းကတော့ အဲသလို မဟုတ်တန်ရာပါ။
"ကိုပြေသိမ်းရယ် လွမ်းလိုက်သာတော်၊ ကျုပ်က စံပယ်ကောင်း တစ်ပွင့် ဆိုသာမျိုးပါ"
မအိမ်ကံ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ မျက်စိထဲမှာတော့ မြင်းတစ်ကောင်ကို ကဆုန်စိုင်း စီးလာသည့် ကိုပြေသိမ်း။ မြင်းခွာသံတွေ။ မြင်းခွာသံတွေ။ ဖုန်တထောင်းထောင်း ထကျန်ခဲ့သော ဖုန်လုံးကြီးတွေ...။
ဖုန်တထောင်းထောင်းထ ကျန်ခဲ့သော ဖုန်လုံးကြီးတွေ။
ဇောင်ချမ်းကုန်း ရွာတာလမ်းတွင် ဖုန်ထောင်းထောင်း ထအောင် မောင်းသွားသော ကားတစ်စီး အကြောင်းကို တစ်ရွာလုံးက ရက်အတန်ကြာချိန် အထိ ပြောလို့ပဲမပြီးနိုင်ကြ။ မအိမ်ကံပင် အိမ်ပေါ်က ပြေးဆင်း ကြည့်ခဲ့ရသည်။ ရွာလမ်း တစ်လမ်းလုံး ရှင်ပြုပွဲကြည့်သလို ကြည့်ခဲ့ကြသည်။ ဇောင်ချမ်းကုန်း ရွာမှာတင် မကပါ။ အနောက်တန်း ရွာတွေကပါ သည်ကား အကြောင်း လှိုင်လှိုင်ထအောင် ပြောနေကြသည်။ ကားက မကြီးလှဘဲ ဒရောသောပါး မောင်းသွားခြင်း ဖြစ်၍ ရွာသူ ရွာသားတွေ ထွက်ကြည့် ကြချိန်မှာ အတော် ဝေးဝေးကိုပင် ရောက်နေပြီဆို၏။ မြင်းခြံ ဇောင်ချမ်းကုန်းလမ်းသည် လှည်းလမ်း ဆိုသော်လည်း ကားမောင်းလို့ ရသည့် မြေမာလမ်း ဖြစ်သည်။ ထိုနေ့က တန်ဆောင်မုန်း လပြည့်ကျော် နှစ်ရက်နေ့ဖြစ်သည်။
"ကားက မှုန်ကုပ်ကုပ်နဲ့ ပါတော်၊ ဘီလူးမျက်နှာကြီးသာ ကြည့်တော့။ အလံကလေး ထိုးထားလိုက်သေးသာ၊ ကားပေါ်မှာ စစ်ပုလိပ်တွေလား မသိဘူး။ နှစ်ယောက်ပါ သွားသာ။အနောက်ထဲ ထိုးမောင်းသွားသာများ ဘုန်းကြီးပျံပွဲ ဒုံးလွှတ် လိုက်သယ့် အတိုင်းပဲ"
"ရော် ကျုပ်တွေ့သာ သုံးယောက်ဗျ။ မောင်းသွားသာက တစ်ယောက် သတ်သတ်ရယ်၊ နားရွက် နှစ်ဖက်က ဖတ်လတ် ဖတ်လတ်နဲ့၊ တစ်ယောက်က မျက်မှန်နဲ့"
"နှုတ်ခမ်းမွေး ပါသာက တစ်ယောက်ရယ်၊ ကျုပ်က နွားစာရိတ်က အပြန် မြက်ထုံးကြီးနဲ့ ကားပေါ်က လူတွေက ကျုပ်တောင် ပြုံးပြသွားသေးသာ"
ဝေါခနဲ ဖြတ်မောင်းသွားသော ကားကို ဘယ်သူကမှ ကတွတ်ဝ ဗျိုင်းစောင့်သလို ကြိုကြို တင်တင်က ကြည့်နေခဲ့ကြတာ မဟုတ်။ ထွက်ကြည့်ကြပြီ ဆိုကတည်းက တရကြမ်း မောင်းသွားသည့် ကားကို နောက်မြီးက မှုန်မှုန်လောက်မြင် လိုက်ရခြင်းသာ ဖြစ်ပါ၏။ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည့် ကာလ တစ်လျှောက်လုံး ကားရယ်လို့ တစ်ခါဖူး မျှမလာ ဖူးခဲ့သော သည်ဘက်ရွာတွေကို ကားတစ်စီး ရောက်လာတာကလည်း ထူးဆန်းနေသည်။ မြို့ကို အရောက် အပေါက် မရှိသူတွေ ကတော့ ကားဆိုတာ မမြင်ဖူးတော့ ၀ိုးတိုးဝါးတား နိုင်လှသည်။
သည်တစ်ခါတော့ အလံထိုးထားသော ကားမှုန်ကုပ်ကုပ် ဆိုတာကြီးက ဘာသဘောနဲ့များ ဒရောသောပါး အပြေးအလွှား ရှိရပါလိမ့်။ ကားပေါ်က လူတွေကကော ဘယ်သူတွေပါလိမ့်။ သည်ဘက်ရွာတွေမှာ ဘာကိစ္စတွေများ ရှိလို့ပါလိမ့်။ မအိမ်ကံပင် အိမ်ပေါ်က ဆင်းကြည့်ခဲ့သည် ဆိုသည်ဆိုသော်လည်း အရိပ်အယောင်ပင် မတွေ့လိုက်ရ။ သတင်းတွေကတော့ အမျိုးမျိုးပင်။ ဖြတ်သွားသည့် ကားအကြောင်းကို ပြောကြသည်ပင် စကားအပိုတွေ၊ စကားအကားတွေ ပါကြသည်။ သို့သော် သေချာလှသော သတင်းစကားသည် သည်ကား ရွာလမ်းကိုဖြတ်မောင်း သွားပြီး သုံးရက်လောက်ရှိမှ ရောက်ရှိလာခဲ့၏။ သတင်း ကိုသယ်ဆောင်လာသူက အမှုပွဲစား ကျော်ဒင်ပင် ဖြစ်လေ၏။
"ဂျပန် မာစတာတွေက မြင်းခြံမှာ ရုံးစိုက်ကြသာကိုးဗျ။ မြေတော်မှာလည်း ဂျပန်ရုံးရှိသယ်။ ဆမိတ်ခုံမှာလည်း ရှိသယ်။ သူတို့ကို နိပွန်မာစတာ ခေါ်ရသတဲ့ဗျ။ ဂျပန်လို့ ခေါ်သာ လားလားမှကို မကြိုက်သာတဲ့။ ပါးများကျိုးအောင် ရိုက်သာတဲ့ ဗျား"
"ကျုပ်တို့ ရွာတွေဘက်ကို ဘာလာ လုပ်သာတုံး၊ ပါးရိုက်ဖို့လား ကိုကျော်ဒင်ရဲ့"
"ထွက်ပေါက်၊ ၀င်ပေါက်တွေ၊ လမ်းတွေ၊ တံတားတွေ၊ လမ်းဆုံလမ်းခွတွေ အကုန် လိုက်ကြည့်သာဗျ။ နိပွန်မာစတာတွေ အာဂမှတ်လို့"
ဂျပန် ဆိုသူတွေကို မမြင်လိုက် ကြရသော်လည်း ဂျပန်တို့၏ သတင်းကတော့ မကောင်းလှပါ။ ဆရာကြည် ပြောမယ် ဆိုလည်း ပြောစရာ။ ဇောင်ချမ်းကုန်း တာလမ်းကို ဖြတ်သွားခဲ့သော ဂျပန်ကား ခေါ်ကြသည့် ထို မှုန်ကုပ်ကုပ် ကားတစ်စီး၏ နောက်တွင် ဖုန်တွေ တလုံးလုံးထ ကျန်ရစ်ခဲ့သလိုပင် မအိမ်ကံ၏ ဘ၀ နောက်ပိုင်းတွင်လည်း ထိုကားနှင့် အတူ ပါလာခဲ့သော ဆိုးရွားလှသော ကံကြမ္မာဖုန်လုံးက မစဲနိုင်အောင် ရှိခဲ့ပါ၏။ ရွာလမ်းကို ကားတစ်စီး ဖြတ်သွား ခဲ့သည့်နောက် တစ်ပတ်လောက် အကြာတွင် ဇောင်ချမ်းကုန်း ရွာလမ်းတွင် ဒုတိယအကြိမ် ထူးဆန်းသော အဖြစ် အပျက် တစ်ရပ် ကြုံရပြန်ပါ၏။
ထိုညက တပို့တွဲလဆန်း ဆယ့်သုံးရက်လသည် ဇောင်ချမ်းကုန်း ကောင်းကင်၌ ထိန်ထိန်သာလျက် ရှိ၏။ လသာ ရက်ကိုသာ ည၏ အလင်းရောင်အဖြစ် မျှော်ကြရသော ကလေးတွေ ကတော့ ထုံးစံအတိုင်း ရွာလမ်းတွင် ကျွက်ကျွက်ညံအောင် ဆော့ကစား နေကြလေသည်။ ကိုယ့်အိမ်ရှေ့လမ်းပေါ်မှာ ဒါမှ မဟုတ် ကိုယ့်ဝိုင်းတိုက် ကျယ်ကျယ်ထဲမှာ အော်ဟစ်ပြေးလွှား ကစားနေကြသည် ဖြစ်ရာ ဇောင်ချမ်းကုန်းညသည် အော်သံ ဟစ်သံ၊ ငြင်းသံခုသံ၊ ဆူသံညံသံ တို့ဖြင့် လှုပ်ခတ်လျက် ရှိရာမှ တဖြည်းဖြည်း လကလေးပင် ရင့်လာခဲ့ပါ၏။ မအိမ်ကံတို့ အိမ်က တိုင်ကပ်နာရီပင် ကိုးချက် ဒင်ဒင်မြည်ပြီးခဲ့ပြီ။ ရွာဦး ဆရာတော်ကျောင်းဆီမှ ဘုရားဝတ်ပြုပြီးချိန် စည်မောင်းထိုးသံ ကြားလိုက်ရပြီ။ လရောင်အောင်မှာ ဇောင်ချမ်းကုန်း ရွာကလေး၏အလှက အေးမြသော ရာသီ နှင့် လိုက်ဖက်အောင် ၀င်းပနေ လေသည်။ ထိုစဉ်မှာပင် ကျယ်လောင်လှသော သေနတ်သံ တစ်ချက်သည် ရွာအရှေ့ဆီက အုန်းခနဲ ကြားလိုက်ရလေသည်။ ထိုအခါ ပွက်ပွက်ညံနေသော လရောင်အောက်က ရွာကလေးသည်လည်း ချက်ချင်းပင် တိခနဲ ငြိမ်သက် သွားလေသည်။ သေနတ်သံက အေးစက်သော ညကို ကျယ်လောင်စွာ လှုပ်လိုက်သည့် အတွက် ရွာသူ ရွာသားများ အားလုံး သို့လော သို့လော ဖြစ်ကုန်ကြသည်။ မအိမ်ကံနှင့် ကျေးဥတို့ပင် လရောင်ကျနေသည့် အိမ်ရှေ့ ကွက်လပ်မှာ ထိုင်ကြရင်း ရွာသတင်း ရပ်သတင်းတွေ ပြောနေကြခိုက်ဖြစ်၏။
"မအိမ်ကံ ဘာတုံးဟဲ့"
မလှအုံသည်ပင် အိမ်ထဲက ပြေးထွက်လာကာ အမော တကော မေးလိုက်သည်။
"သေနတ်သံ ထင်သယ် ဒွေးလှအုံ၊ ရွာရှေ့ဆူး တံခါးက နေမှာ"
"မဟုတ်လောက်ပါဘူးနော် ကျေးဥ၊ ငါ့စိတ်ထင်သာ ပြောရရင် ကိုဘကွန်းတို့ ၀ိုင်းတိုက်လောက်က နေမှာ"
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ