ဦးသာထန်က ကိုပြေသိမ်းကို ကျုပ်သားစာရင်း သွင်းတယ် ဆိုတော့ မအိမ်ကံကပင် မနေတတ် မထိုင်တတ် ဖြစ်ရပါ၏။ ဦးသာထန်က ရိုးရိုး ပြောလိုက်ခြင်းပေမယ့် စကားက အဓိပ္ပာယ် တစ်မျိုးရောက်တာ မဟုတ်လား။ ဒေါ်ပန်းရုံက ဦးသာထန်ကို မျက်စောင်း လှမ်းထိုးလေသည်။ ဘယ်စကား ဘယ်ရောက်မှန်းမသိ။ သို့သော် ဘယ်သူ့အပေါ်မှ ဘယ်တုန်း ကမှ စိတ်ဝင်စားမှု မရှိခဲ့သော ဦးသာထန်က ကိုပြေသိမ်းကို ဓာတ်ကျခဲ့လေသည်။ ဦးသာထန်၏ ပင်ကိုစိတ်ကလည်း ခေတ်ပညာတတ် လူငယ်တွေကို အထင်ကြီး လေးစားစိတ် ရှိသည်။ ကိုပြေသိမ်းလို ဥပဓိရုပ် ကြည်စင်သလောက် စကား ပြောမွန်ရည်သူ တစ်ယောက်ကို ဦးသာထန် ဓာတ်ကျမည် ဆိုလည်းကျစရာ။ ကိုပြေသိမ်းက ဦးသာထန် နားလည်လောက် သော စကားလုံးတွေကို ရွေးချယ် သုံးပြီး စကားကို အေးအေး ဆေးဆေး ပြောသည်။ စကားပြော နူးညံ့သလောက် ခြုံငုံမိ အောင် စီကာပတ်ကုံး ပြောတတ်သည်။ ဦးသာထန်က ခေါင်း တညိတ်ညိတ်။ အခုမှ ရေလည်တော့သယ် ဆိုသည့် စကားဖြင့် ထောက်ခံ၏။
"ကိုင်း နေပါဦး။ မောင်က ကနေ့ပြန်မှာလား။ ဘာ အကြောင်းများ နောက်ဆံ ငင်စရာရှိသေးလို့လဲ။ အိမ်က သားမယား"
"မရှိပါဘူးခင်ဗျာ။ ကျွန်တော် လူလွတ်ပါ။ မိဘများကို လုပ်ကျွေးနေပါသယ်"
သည်တစ်ခါတော့ ဒေါ်ပန်းရုံက ဦးသာထန်ကို ၀င်ငေါက် ရတော့သည်။
"ကဲပါ ကိုရွှေသူကြီးမင်းရဲ့။ သဂျိုးပဂျိုးနဲ့ ဘယ် စကား ဘယ်ရောက်။ သည်လိုပါ မောင်ရင်ရယ်။ မောင့်ဦးလေးက မောင်ပြေသိမ်းနဲ့ စကားပြောချင်လှ ထင်ပါရဲ့ကွယ်။ နောက်ဆံ ငင်စရာ မရှိရင် သည်တစ်ညတော့ နေစေချင်သယ်။ မိုးတောင် ချုပ်လုကမင့်ပဲဟာ"
အဖေတို့၊ အမေတို့က မထင်မှတ်ဘဲ တားနေတော့ မအိမ်ကံ စိတ်ချမ်းသာသွားခဲ့သည်။ ဧည့်သည် ကိုလူချောကို ချက်ချင်း မပြန်စေချင်ခဲ့။ အစ်ကိုဖြစ်သူ ပါးလိုက်သော စာယူလာသူကို တစ်ညတော့ နားစေ့ချင်သည်။ ဘာပဲ ပြောပြော မြင်းခြံနှင့် ဇောင်ချမ်းကုန်းက မဝေးသော်လည်း မနီးလှပါ။ မိန်းမပျိုဆိုတော့လည်း နေလှည့်ပါဦး အတားရခက်ပါ၏။ အခုတော့ မိဘနှစ်ပါးက တားနေပြီ ဆိုတော့ စကားခိုင်အောင် ၀င်ချည်ရပြန်သည်။
"ဟုတ်သားပဲ ကိုပြေသိမ်းရယ်။ လာပြီး တန်းပြန်ရသယ်လို့။ တစ်ညတော့ တည်းခိုပါဦးရှင်။ ကျွန်မတို့မှာ အစ်ကို ပြန်ရောက် လာသလို မှတ်ပါသယ်"
"ကျွန်တော့်မှာ အလုပ်ရယ် လို့တော့ အရေးတကြီး မရှိပါဘူး။ သို့သော်လည်း အားနာလှပါတယ်။ နောင်များတော့ သည်ရွာတွေ တာဝန် ကျရင်ဖြင့် နေပါလေ့ခင်ဗျာ"
သည်တစ်ခါတော့ အနားမှာ ထိုင်နေသော မလှအုံက ဆိုးဆိုး ဆတ်ဆတ် ၀င်ပြောသည်။
"ကိုင်းပါ ကိုမင်းသားရဲ့။ တစ်ညများတော့ ဘယ့်နှယ့်မှ မနေပါဘူး။ ကျုပ်က ချက်ကျွေးရမယ့် ဟင်းကောင်းစပ်ပြီး ပေါ့ဟာ။ ညနေကျ ကျုပ်တို့ရွာက ရန်ပြေမာန်ပြေ ဆုတောင်းပြည့် ဘုရားလည်း ဖူးသွားဦး။ ဆုတောင်းများ တကယ်ပြည့်သာ။ ဖြစ်ချင်သာ ဆုတောင်းရုံပဲ"
"ဟုတ်ကဲ့ပါ ခင်ဗျာ။ ဘုရားဖူး ဖိတ်တော့လည်း မငြင်းသာ တော့ပါဘူး။ ဇောင်ချမ်းကုန်းက ဆုတောင်ပြည့် ဘုရားမှာ တိုင်းပြည် လွတ်လပ်ရေး ရအောင် ဆုတောင်းရမှာပဲ"
ထိုညနေက ကိုပြေသိမ်းနှင့် မအိမ်ကံတို့ နှစ်ဦးသား မလှအုံနှင့်အတူ ရွာ့အရှေ့ဘက် ကွင်းထဲက ရန်ပြေမာန်ပြေ ဆုတောင်းပြည့် ဘုရားဘက် လျှောက်ခဲ့ကြပါ၏။ မအိမ်ကံက ခါတိုင်းလို ရွာက ဘာထင်ကြမှာပါလိမ့် ဆိုသည့် စိတ်ကလေး မရှိတော့တာလား။ တစ်စုံတစ်ရာကို အရွဲ့တိုက်ချင်တာလားတော့ မသိ။ ရွာ့အရှေ့ဘက် ဘုရားကွင်းကို လမ်းတည့်တည့် ကြီးက မသွားဘဲ ရွာလယ်လမ်းထဲက သွားခဲ့ကြသည်။ မအိမ်ကံကို ကိုပြေသိမ်းနှင့် တွဲမြင်ကြခြင်းတွင် ရွာက နှစ်မျိုး အံ့သြနေခဲ့ကြသည်။ တစ်မျိုးက လူရေးလှသလောက် ကြည်ကြည် သန့်သန့် ရှိသော ကျောင်းဆရာလေး ကိုပြေသိမ်းကို မြင်ကြသဖြင့် အံ့သြကြခြင်း ဖြစ်သည်။ ချောလိုက်သဲ့မြို့သား နှယ်။ အိမ်တိုင်းက ထွက်ကြည့်ခဲ့ကြသည်။ အချင်းချင်း လက်တို့ကြသည်။ မကြည့်လိုက်ရသူ၊ မမြင်လိုက်ရသူ မရှိရ လေအောင် ခေါ်ကာငင်ကာ ကြည့်စေခဲ့ကြသည်။ အချင်းချင်း တိုးတိုး ပြောကြတာလည်း ရှိသည်။
"သူက ဘယ်သူတုံး။ မအိမ်ကံ ရည်းစားလား"
"သိဘူးလေ။ အချောတော့ ရက်စက်သယ်။ မအိမ်ကံနဲ့တော့ လိုက်ပါ့အေ"
နောက် အံ့သြခြင်းကတော့ ယောက်ျားသား တစ်ယောက် နှင့်အတူ သွားလာဖို့ ဆိုတာဝေးရော။ တစ်ယောက်တည်းပင် မြင်ရခဲသော မအိမ်ကံကို မြို့သူတွေ ညနေခင်း လမ်းလျှောက်သလို လမ်းထွက်လာတာကို ဖြစ်ပါ၏။ သည်မြင်ကွင်းကြောင့် မအိမ်ကံနှင့် လူကြီးမိဘချင်း သဘောတူညီ ထားကြသူလားလို့လည်း တီးတိုး ဆိုချင်ကြပုံပေါ်သည်။ မအိမ်ကံကလည်း သည်လိုပဲ တွေးစေချင်သည်။ မြို့သားပညာတတ် ကျောင်းဆရာ၊ ရုပ်ရည် တင့်တယ်သူ တစ်ယောက်နှင့် အထင်ခံချင်၍ မဟုတ်။ သူ့မှာ သူ့ကိုယ်သူသာ သိသော စိတ်ကူး တစ်ချက်ရှိသည်။ ဒါဖြင့် ကိုပြေသိမ်းကို မအိမ်ကံ စိတ်မညွှတ်ဖူးတဲ့လား။ မအိမ်ကံ ကိုယ့်ရင်ထဲ ကိုယ်မေးတော့လည်း ပျို့ခေါင်းက ဇွန်ပန်းခွေ လေသင့်ရာအေး၊ ညနေဆီလေပြည်လှိမ့် ခေါင်းညိတ်တိုင်း မွှေးစေချင်သည် အမှန်ပင်။ ဒါပေသိ မိန်းကလေး မဟုတ်လား။
"ကျုပ်တို့ ရွာကလေးက ကျုပ်တို့ အဖေတို့ ပြောသမျှတော့ ဘုရင့်ခေတ်ကတည်းက ရှိခဲ့သာတဲ့။ သည်စေတီ ကလေးကလည်း မိဖုရားတစ်ပါး တည်ခဲ့သာလို့ ပြောကြသယ်။ အဓိဋ္ဌာန်နဲ့ တည်သဲ့ ဘုရား ဆိုတော့ ဆုတောင်းလည်း ပြည့်သယ်"
မလှအုံက စေတီဆီ သွားရာလမ်းကို ချိုးရာက စေတီကို လှမ်းပြရင်း ပြောခြင်းဖြစ်သည်။ မလှအုံက ရှေ့က သုတ်သုတ် သွားနှင့်သည်။ မအိမ်ကံက ယောက်ျားကလေး တစ်ယောက် ရှေ့က မသွားချင်သဖြင့် ကိုပြေသိမ်းကို ရှေ့ကသွားစေသည်။ ကိုပြေသိမ်းက မအိမ်ကံကို စကားစသည်။
"နေပါဦးတော့ စေတီက ဆုတောင်းပြည့်တယ် ဆိုတော့ မအိမ်ကံ ဆုတောင်းဖူးလို့လား။ မေးသာ မေးရတာပါလေ၊ ပျိုလေးတို့ အိမ်ဦး၊ ဆပ်သွားဖူး တစ်ရုံနှစ်ရုံ ကျေးတွေကအုံ ဆိုတာလို ဆုတောင်းစရာလည်း လိုမယ်မထင်ပါဘူး"
ဆပ်သွားဖူးတစ်ရုံ၊ နှစ်ရုံကျေးတွေက အုံတဲ့လား ကိုမြို့သားရယ်။ မအုံရပေါင်ရှင်။ အခုအချိန်အထိ မအိမ်ကံက ဘယ်သူ့စကားတင်မှ မခံခဲ့တဲ့ အပျိုစင်ပါတဲ့တော်။ အာဂ မှတ်လို့။ မအိမ်ကံ ပြုံးနေလိုက်သည်။
"မအိမ်ကံကတော့ ဘာဆုမှ မတောင်းရ သေးပါဘူး ကိုပြေသိမ်းရယ်။ ဆုတောင်းလောက်စရာ အကြောင်းမရှိသေး လို့များလား ပြောတတ်ပေါင်ရှင်။ ဒါပေသိ ပျိုတို့မောင် ရှင်လိင်ပြန်ရင် နားပန်ဖို့တော့ ခူးထားရဦးမလားဘဲ"
ကိုပြေသိမ်းက မအိမ်ကံကို ငေးကြည့်နေသည်။ ညနေခင်း တိမ်နီရောင်ကလေး ပက်ထားသဖြင့် မျက်နှာလေး တစ်မျိုး လှနေပါ၏။ နေ၀င်ချိန် တိမ်တောက်တောက်မှာ အရုပ်ဆိုးသူများပင် လှကြတာဆိုတော့ မအိမ်ကံအဖို့တော့ ပြောစရာမရှိပြီ။ လေညင်းက သွေးလျက်ရှိ၏။ ပဲခင်းတွေ သိမ်းပြီးစဆိုတော့ ဘယ်ကြည့်ကြည့် မျက်စိတဆုံး မြင်နေရသည်။ ကောင်းကင် ပြာပြာနှင့် ထုံးစေတီဖွေးဖွေးက ပနံရလှသည်။ ကုက္ကိုပင်ကြီးက စေတီတော် ပရ၀ဏ်ဘေးမှာ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့ပုံပေါ်သည်။ ကောင်းလိုက်တဲ့ အရိပ်၊ အရွက်သိပ်သိပ် အခက်စိပ်စိပ် ရှိလေသည်။ ဘုရားကန်တော့ကြတော့ မအိမ်ကံက ကိုပြေသိမ်း နောက်ဆွယ်မှာ မလှအုံနှင့် ယှဉ်ထိုင်ကာ ကန်တော့သည်။
"ဆုတောင်းပြည့်ပါစေ ဆုတောင်းရတော့မှာပဲ။ ကျွန်တော်တော့ ဆုတောင်းခဲ့ပြီ"
"ဘာများပါလိမ့် ဆရာလေး"
မလှအုံက ချက်ချင်း ကောက်မေးလိုက်တော့ ကိုပြေသိမ်းက ပြုံးရုံပြုံးလေ၏။ အတူ ပြန်လျှောက်လာသည်အထိ မဖြေ။ မလှအုံနှင့် နည်းနည်းလှမ်းတော့မှ မအိမ်ကံကိုပြောသည်။
"ရှင်လိင်ပြန်ရမယ့် အရွယ် မဟုတ်တော့ပေမယ့် နားတော့ ပန်ပါရစေ ဘုရားလို့ ဆုတောင်းခဲ့တယ်"
မအိမ်ကံ၏ မျက်နှာက အနောက်တောတန်းထဲ ၀င်တော့မည့် နေလုံးလို ရဲမှည့်သွားသည်။ မြို့သားကတော့ ရင်နူး စဖွယ် စကားထည့်လာပါပကောလား။ မြို့သားများကတော့ မယုံဝံ့ပေါင်ရှင်လို့လည်း ရင်ထဲက တွေးနေမိပါ၏။ ပျိုလေးတို့ ၀ိုင်းရစ်ခုံ ပန်းပုံလို့ပေး၊ ဘယ်အပျိုပန်ပြီလဲ မောင်ကြီးကိုမေး ဆိုတာလို မြို့ကြီးသားကို ၀ိုင်းရစ်ခုံပေါ် ပန်းတွေပုံလို့ ပေးခဲ့သူတွေ မရှိဘူး မပြောနိုင်။ မအိမ်ကံကတော့ နှုတ်ဆိတ်နေခဲ့ပါ၏။ ဘုရားက အပြန်မှာ မအိမ်ကံတို့ ရွာဝန်းကျင်ကိုလည်း ပြခဲ့ကြသေးသည်။ မလှအုံက ရွာဝင်ခါနီးတော့ မအိမ်ကံနှင့် ယှဉ်လျက် လျှောက်ခဲ့သည်။ ထိုညနေက အိမ်ပြန်ရောက်တော့ မိုးလည်း ချုပ်လေပြီ။
ညပိုင်းရောက်တော့ ဆရာလေး ကိုပြေသိမ်းနှင့် အိမ်သားတွေ စကားပြောလိုက်ကြတာ ညဥ့်နက်မှ စခန်းသိမ်းခဲ့ကြသည်။ မနက်စောစောထ ရေမိုးချိုးပြီးသည်နှင့် မနက်ခင်းစာ ကလေးဧည့်ခံဖို့ ပြင်ရသည်။ မလှအုံက ပဲလွမ်းစေ့နိုင်းချင်းနှင့် ကောက်ညှင်းဖြူကလေး သန့်သန့်ပေါင်းထားသည်။ ငါးရံ့ခြောက်ကို မီးကျီး ရဲရဲအုံးကာ ထုထောင်းပြီး ဆီကလေး လက်တစ်ဆစ် မြုပ်အောင် စိမ်သည်။ ရေစိမ်မတ်ပဲကို ညက် ညက်ထောင်း၍ အကွင်းခတ်ကြော်ထားတာကလည်း ကြွပ်ကြွပ်ရွရွ ရှိလှပါ၏။ ဧည့်သည်တော့ ဘယ်လိုနေမည် မသိ။ မအိမ်ကံပင် ၀မ်းနင့်အောင် စားမိပါ၏။ ကိုပြေသိမ်းကို ဧည့်ခံ ကျွေးမွေးပြီးတော့ ဖိုးကူးက မြင်းကို ဆွဲထုတ်လာခဲ့သည်။
"ကိုပြေသိမ်းရယ် ကျွန်မတူက ကိုပြေသိမ်း မြင်းစီးသာ သဘောကျလို့သဲ့။ ကိုပြေသိမ်းကို အသင်ခိုင်းရမယ်ချည်း ပြောနေသာ။ အခါအခွင့်ရရင် သင်ပေးပါဦး"
ကိုပြေသိမ်းက ဖိုးကူးခေါင်းကို ပွတ်သည်။
"သင်ပေးရသေးပေါ့ကွယ်။ သည်ဘက်မယ် ကျောင်းဖွင့်ရင် အချိန်ရပြီပေါ့။ မြင်းတော့ရှိရဲ့ မဟုတ်လား မအိမ်ကံ"
"အဖေ့မြင်း စိန်ပွင့်တော့ ရှိပါရဲ့။ အိုရှာပါပြီ။ မအိမ်ကံ မြင်းတစ်ကောင်ဝယ်ဖို့ စိတ်ကူးထားသယ်။ ဖိုးကူးတင် မဟုတ်ဘူးရှင့် မအိမ်ကံပါ မြင်းစီးတော့မှာ၊ မအိမ်ကံကိုလည်း သင်ပေးပါဦး"
"အပျိုချောချောရယ်လို့ တစ်ခါမှ မသင်ဘူးလေတော့ အချိုးမှ ကျပါ့မလား မသိဘူး။ မအိမ်ကံက မြင်းစီးသင်ဦး မလို့လား"
"စီးရသေးပေါ့ရှင်"
ကိုပြေသိမ်းအတွက် အမေပန်းရုံက အမဲခြောက်စည်းနှင့် စားစရာတွေ ထည့်ပေးသည်။ မအိမ်ကံကလည်း ရက်ကန်းရုံထွက် လက်ရက်ထည် ကလေးတွေထဲက ကိုပြေသိမ်းနှင့် လိုက်မည် ထင်သည့် အဆင်ကလေးတွေ ရွေးကာပေးလိုက်သည်။ ပုဆိုးသုံးကွင်း၊ ပင်ညိုတစ်အုပ်၊ ဖျင်တဘက်တစ်ထည်။
"မအိမ်ကံတို့မှာ ပေးသာ ပေးရပါသယ်။ မြို့သားဆိုတော့ ၀တ်မှ ၀တ်ပါ့မလားမသိ"
"မအိမ်ကံက ကျေးဥကို ပြောသလိုလိုနှင့် အထည်ထုပ်ကလေး ကမ်းပေးလိုက်တော့ ကိုပြေသိမ်းက "တစ်သက်လုံး ၀တ်မှာပါဗျာ"ဆိုကာ လှမ်းယူလိုက်သည်။ မအိမ်ကံက အစ်ကို မောင်မြတ်သာနှင့် တွေ့လျှင် အစ်ကိုသုံးချင်ရာ သုံးနိုင်ဖို့ ငွေစကလေးလည်း ထည့်ပေးလိုက်ပါ၏။
ကိုပြေသိမ်း ပြန်ခါနီးတော့ သူကြီး ဦးသာထန်နှင့် အမေ ပန်းရုံကို ထိုင်ကန်တော့သည်။ အဖေရော၊ အမေရော မအိမ်ကံ တို့ပါ ၀ိုင်းဝအထိ လိုက်ပို့ကြသည်။ ကိုပြေသိမ်းက မြင်းပေါ် လွှားခနဲ တက်လိုက်ရင်း နှုတ်ဆက်သည်။
"ကျေးဇူးရှင်များ ခွင့်ပြုပါဦးခင်ဗျာ"
"သွားလမ်းသာလို့ ပြန်လမ်းချောပါစေ"
အားလုံးအိမ်ကြီးထဲ ပြန်ဝင်သွားကြသော်လည်း မအိမ်ကံ ကတော့ ငေးလျက်ကျန်ခဲ့သည်။ မြင်းကိုတော့ မမြင်ရတော့ပါ။ အူအူထ ကျန်ရစ်ခဲ့သော ဖုန်ငွေ့တွေကို ငေးနေမိခြင်း ဖြစ်ပါ၏။
သည့်နောက်ပိုင်း ရက်တွေမှာတော့ ခြောက်သွေ့ခြင်းနှင့် ဘယ်ဆီ ဘယ်ဝယ်မှန်း မသိရသော တမ်းရော် စိတ်ကလေး မအိမ်ကံမှာ ရှိနေခဲ့သည်။ အသက်နှစ်ဆယ် သီသီကျော်ရုံရှိ သေးသော်လည်း ရင်ထဲမှာ အမျိုးအမည် ဖော်ပြရန် ခက်လှ သော ခံစားမှု တစ်မျိုးက ရင်မှာခုနေခဲ့တာ မကြာလှသေးပါ။ မှန်တာပြောရလျှင် ကိုပြေသိမ်းကိုတော့ လွမ်းမိသား။ ချစ်သူ မဟုတ်။ ရည်းစားမဟုတ်။ ခလုတ်တိုက်အောင် လာချင်လို့ လည်း မရနိုင်မှန်းသိပါရဲ့။ ဒါပေသိ ရွာလမ်းမှာ ဖုန်ထလျှင် မြင်းကောင်းစီး ကိုလူချောကို မအိမ်ကံ မျှော်မိရပါ၏။ တစ်ခါ တစ်ခါ ရက်ကန်းရုံဆီက ထွက်လာသော တောဓလေ့ သီချင်း အီသံကလေးတွေကလည်း မအိမ်ကံ ရင်ကို ခုန်စေခဲ့သည်။ သီချင်းသံက ခပ်ညည်းညည်းသံ ဆိုတော့ လွမ်းစရာလည်း ကောင်းပါ၏။
"လသာကြမ်းပြင်ဗိုင်းရစ်ခွင် ... သခင်လိုလို လင် လိုလို... စောင်ညိုကာပါ့ ရွှေခေါင်ရမ်း။ လသာ ကြမ်းပြင် ဗိုင်းရစ်ခွင် ... သခင်တစ်ပိုင်း လင်တစ်ပိုင်း... စောင်ဖြူ ကာပါ့ ရွှေဖီပန်း။ လသာကြမ်းပြင်ဗိုင်းရစ်ခွင် ... သခင်တစ်ခု လင်တစ်ခု... စောင်ဝါကာပါ့ စကားဝါပန်း။ မျှော်ရှုပါရ ပျို့ချစ်ဝေး ... ဝေ့ဝေေ၀း... ဝေ့ဝေေ၀း..."
"အနောက်ဆို တောခြေစ... နေကျပေါ့ အေတို့ရယ်...
ရွှေကြိုးရွှေကမြင်းလှလှ...လာပါ့မလား အေတို့ရယ်...
သူ့ရွာတကျေးဟိုရပ်ဝေး...သေချာဖူးပေါ့ အေတို့ရယ်...
လ ဦးကွေးကွေး ကြယ်ဖွေးဖွေး ... ငေးရတာလည်း မောပေါ့အေ...
သန်းခေါင်လ ချဉ်း ကြယ်တွေဝင်း... ပျင်းရတာလည်း ညောင်းပေါ့အေ...
အရုဏ်လမင်း ကြယ်တွေရှင်း ... ဒင်း မလာလဲ နေတော့အေ..."
ငါ့များ စောင်းဆိုနေရော့လား။ သီချင်းကြောင့် မအိမ်ကံ ပြုံးလည်း ပြုံးမိရပါ၏။ သခင်လိုလို လင်လိုလို၊ သခင်တစ်ပိုင်း လင်တစ်ပိုင်း၊ သခင်တစ်ခု လင်တစ်ခု ဆိုတာတော့ မဟုတ် သေးပါ။ ဒါဖြင့် ကိုပြေသိမ်းရယ် လာပါတော့ ကျီးကန်း တမော့မော့လို့ မျှော်ရမယ့် ရည်းစားလား။ အဲသလိုလည်း မဟုတ်ပြန်။ ဘာမှန်းမသိရသော ဝေဒနာပင်။
သည်ရက်တွေထဲမှာ မအိမ်ကံအတွက် မဆန်းသော်လည်း ထူးသည့်သတင်းတွေ ကြားရပြန်သည်။ တစ်ရက်မှာ အမေပန်းရုံက မအိမ်ကံကို အသာလက်တို့ ခေါ်ကာ အခင်းတွေဘက် ထွက်ခဲ့ကြသည်။ မအိမ်ကံလည်း အသာလိုက်သွားရုံ သာ။ အခင်းစပ်မှာ ဖရုံညွန့်၊ ဟင်းနုနွယ်ညွန့်ကလေးတွေ ဆိတ်ကြရင်း အမေပန်းရုံက ပြောပြသည်။
"သမီးရေ အမေ စကားပြောချင်လို့ ခေါ်လာသာ။ အိမ်မှာ ပြောမဖြစ်လို့။ သည်လို တို့အိမ်က ဖိုးတုတ်ရှိပါရောလား။ ဖိုးတုတ်နဲ့ ကျေးဥနဲ့က လူငယ်ချင်း ရည်ငံနေကြပုံပေါ်သယ်။ မောင်တွေ နှမတွေလို နေကြလို့သာကိုးသမီးရဲ့။ သွေးမတော် သားမစပ်ဆိုတော့လည်း မလွန်ဆန်သာဘူးဆိုသာ အမေ နားလည်ပါရဲ့။ ဒါပေသိလို့ နှစ်ယောက်စလုံးက အမေတို့အိမ်မှာ နေကြသာ မှုတ်လား။ မတော် ကြေးနှဲခရာ သာယာချင်လျက် လင်းကွင်းဖျက်ဆိုသာလိုပဲ စောင့်ရှောက် လာခဲ့သမျှ အရုပ်ဆိုး အကျည်းတန်သွားနိုင်သာလည်း ထည့်တွက်ရသေးသယ်လေ"
"ဟောတော့် ဟုတ်ရဲ့လား အမေရယ်။ ကျေးဥဖြင့် မအိမ်ကံနဲ့ အတူရှိနေသာပဲ။ မအိမ်ကံဖြင့် ထူးခြားသယ် ထင်မိပေါင်"
"အမေတို့က ငယ်ရာက ကြီးလာသာပါအေ။ မိန်းကလေး ဆိုသာက မျှော်ကြိုက်ကြရသာပါ။ ကျေးဥကို အပြစ်မတင်ပါဘူး။ ဖိုးတုတ်ကလည်း သည်နှစ်မှ လူကောင်ကြီး ထွက်လာပေမယ့် အသက်မငယ်တော့ဘူး။ လှအုံလည်း ရိပ်မိ လောက်သယ်။ မကြာညွန့်တော့ အမေ မပြောသေးဘူး။ အမေတို့က ထိန်းရမှာပေါ့။ အရွယ်တိုင်လို့ ယူကြတော့လည်း မတားသာပါဘူး။ သဘောပေါ့"
"အဲသည်တော့"
"ဖိုးတုတ်ကို အောက်ဆင်းအိပ်ဖို့ အမေ ပြောလိုက်ပြီ။ ဟိုဘက်ရွာတွေဘက်မှာ နွားသူခိုးပူသာတွေ ကြားကြားနေရသာကို အကြောင်းပြရသာပေါ့။ ဖိုးကူးတော့ သမီးတို့အဖော် ရအောင်ထားပါဦးမယ်။ အဲသာ သမီးကို ပြောချင်လို့"
"ဟုတ်ကဲ့ပါ အမေ"
နောက်ထပ် သတင်းတစ်ခု ကတော့ ရွှေမှုံ သတင်း။ ထုံးစံ အတိုင်းပင်။ ရွှေမှုံကို သာအောင်နှင့် ပေးစားဖို့ ကြီးတော်စံရွှေတို့ ဘက်က ပြင်ဆင်နေကြသတဲ့။ သည်စကားကိုတော့ ကျေးဥကပဲ သယ်လာ ခဲ့ပါ၏။ ညဘက် အိပ်ရာဝင်တော့ ကျေးဥက ကြားလာသည့် သတင်းကို ပြောပြခဲ့သည်။ ရွာမှာ အလှူကျဲ သွားတာကြာပြီ။ ရွှေမှုံက ဖက်စိမ်းကွမ်းတောင် တစ်ခါပွေ့ ပိုက်ကာမျှဖြင့် ကွမ်းတောင်ကိုင်စာရင်း ၀င်သွားခဲ့သည် မဟုတ်လား။ ရွှေမှုံတို့ဘက်ကလည်း သောင်သောင်သာသာ ရှိပေသိ ကြီးတော်စံရွှေတို့ အသိုက်အ၀န်းကို မလွန်ဆန်သာ။ သားသုံးယောက်ကို ဖက်စိမ်း ကွမ်းတောင်ကိုင် သုံးယောက် နှင့် ပေးစားခြင်းသည်ပင် ကြီးတော်စံရွှေ၏ အိပ်မက်တွေ မဟုတ်လား။ ခုတော့လည်း ရွာက တွက်ကြသည့် အတိုင်း တကယ်ဖြစ်ခဲ့ပါပကော။
"ရွှေမှုံကကော ဘာတဲ့လဲ"
"ဘာပြောလို့ ရမှာလဲ မအိမ်ကံရဲ့။ လူကြီးချင်း ပြောဆိုကြောင်း မြန်းကြဖို့တောင် နားဖောက် ပြီးသွားကြပြီ။ ကြီးတော် စံရွှေက တောမျောက် တောသစ်ပင် မထီသလိုပဲပေါ့အေ။ ရွှေမှုံကို ၀ယ်ယူသဲ့ သဘောပါပဲ။ ငါကြားသလောက်တော့ ရွှေမှုံကလည်း လိုချင်ချင်ပါ"
"ဟုတ်လား ကျေးဥ"
"လိုချင်ချင်ပေါ့။ သာအောင့်ကို ကြိုက်သာတွေ အပုံဟာ။ ကွမ်းတောင် မကိုင်ကြရလို့ မမျှော်ဝံ့ကြသာ မအိမ်ကံရေ။ ရွှေမှုံ က ကွမ်းတောင်လည်း ကိုင်ရ၊ သာအောင့်လည်းရဆိုတော့ ဘ၀လှပြီလို့ တွတ်နေမှာပေါ့"
"ဥပန်းယောင်ယောင် ဖောင်းယောင်ယောင်ပါ ကျေးဥ ရယ်။ ဖြစ်ရပုံများ သာအောင်တို့ ဈေးကောင်းလှချည့်လား"
ထိုညက မအိမ်ကံရင်ထဲက အနာဟောင်း ပြန်ကြွလာခဲ့သည်။ ကြီးတော်စံရွှေက သူ့ကို လူပုံအလယ်မှာ အရှက်ခွဲခဲ့သည်။ သူ့သားနှင့် စွပ်စွဲခဲ့သည်။ "ကြီးတော့်သားက မက်လောက်စရာမှ မရှိသာ။ မအိမ်ကံက သာအောင့်ကို မှန်းပါ့မလား"လို့ ချေပခဲ့သည်။ အခုတော့ "ဘာပဲပြောပြောပါအေ။ ငါ့သားက ရွာ့ကွမ်းတောင်ကိုင်နဲ့ညားသာအေ့။ ညည်းသာ တင်ကျီးလိုလို ကျီးလိုလို"ပါလို့များ ဆိုချင်ရော့လား။ ရွှေမှုံ ကတော့ကော။ ကွမ်းတောင်လည်းကိုင်ရ၊ သာအောင့်လည်းရ၊ ဘ၀လှပြီတဲ့လား။ သာအောင်ကလည်း မထူးပါ။ ယောက်ျား တန်မယ့် အကျင့်တန်သူပင်။ အခုတော့ သည်သုံးဦးသား ဆုံတော့ ဖိုခုံလောက်ဖြစ်ရပြီ။ သည်ဖိုခုံလောက်တွင်းက မီးတောက်တွေ တညီးညီး တောက်လောင်ကြတော့မည်။
"ဒါပေသိ မအိမ်ကံ ရယ်။ တို့ရွာက မိန်းကလေး တွေခမျာ ကိုယ့်ရွာက ကိုယ့် လူပျို လှည့်ယူကြရသာနဲ့ ဆီ ဆုံပွတ်သလို လည်နေကြရ သာချည်းပါအေ။ နွားများ ခလောက်မြည်သံ ဆန်းရုံနဲ့တော့ နှမ်းပိုမထွက်ဘူး မအိမ်ကံရဲ့။ ညည်းအိမ်ထောင် ရက်သား ပြုရင် ပညာတတ် လူရည်သန့် မြို့သားကို မှန်းပါအေ။ ညည်း ရုပ်က တောသားနဲ့ ညားရမယ့် ရုပ်မဟုတ်ဘူး။ ကတော်ရုပ်တဲ့"
ကျေးဥ စကားကြားရတော့ မအိမ်ကံမှာ သူ့စိတ်ဓာတ်နှင့် တစ်ထပ်တည်း ကျနေသည့် အတွက် ရင်ထဲနွေးသွားရသည်။ နွားများ ခလောက်မြည်သံဆန်းရုံနဲ့ နှမ်းပိုမထွက်ဘူးတဲ့။ ကျေးဥပြောချင်တာ မအိမ်ကံသိပါ၏။ ကွမ်းတောင်ကိုင် သူဌေး သားပဲရရ၊ သူဌေးသားက ကွမ်းတောင်ကိုင်ကိုပဲ ယူယူ။ ကိုယ့်လိုသူ့လို လူချင်း ဒုံရင်း ဒုံရင်းပါပဲဟာ ဆိုလိုခြင်း မဟုတ်လား။ ကျေးဥ မျက်နှာကလေးကို မအိမ်ကံ ငေးကြည့်နေခဲ့သည်။
အင်း ကျေးဥရယ် ညည်းလည်း ရည်းစားနဲ့ မဟုတ်လား။ အချစ်ဆိုတာ ဆန်းတော့ အဆန်းသား။ ကျေးဥကို ထုတ်မေး ချင်သော်လည်း မမေးရက်။ ခမျာရှက်ရှာလိမ့်မည်။ ကျေးဥနှင့် ဖိုးတုတ်တို့တောင် အချစ်ဆိုတာကို ရှာတွေ့ခဲ့ကြပြီပဲ။
"မြို့သားတော့ မယူပါရစေနဲ့ ကျေးဥရယ်။ ခေါင်းနောက် သာနဲ့ ထုံးနဲ့လျက်ဆား ပွတ်ရှူနေရဦးမယ်"
ကျေးဥ ပြောခဲ့ဖူးသည့် စကားကို ဆိုလိုက်တော့ ကျေးဥ ကရယ်သည်။ နှစ်ယောက်သား ငြိမ်သွားတော့လည်း ကိုယ့် အတွေးများနှင့် ကိုယ်။
၁၉၄၂ ခုနှစ်၊ နှစ်ဆန်းပိုင်း။ ၁၃၀၃ ခု၊ ပြာသို တပို့တွဲလ။
ဆောင်းရာသီက ခါတိုင်းနှစ်တွေထက် ပိုပြီး အေးလွန်းလှပါ၏။ မအိမ်ကံတို့ ခြံဝင်းပေါက်မှာ တောကြီးထနေသော ဂေါ်သဇင်ရုံကြီးက ဖွေးဖွေးလှုပ်အောင် ပွင့်နေသည်။ မအိမ်ကံ တစ်ယောက် မနက်စောစော ကတည်းက ဂေါ်သဇင်ခက်တွေ ချိုးကာ ဘုရားတင်သည်။ သနပ်ခါး ရေကျဲကလေးလူးပြီး ဆံထုံးတစ်ဝိုက် ဂေါ်သဇင်ပန်းတွေ ဝေနေအောင် ပန်ထား လိုက်၏။ ဖျင်ထည် ရင်ဖုံးအင်္ကျီ လက်ရှည်ကလေးကို အပေါ် ထပ်ဝတ်ပြီး ရက်ကန်းရုံဘက် ကူးခဲ့သည်။ ဆောင်းသီးနှံပေါ်ချိန် ဆိုတော့ အိမ်ရှိလူကုန် အားရ နားရသည် မရှိကြ။ တောထဲ သီးနှံသိမ်း သွားသူက သွား။ ထမင်းဟင်း ချက်သူက ချက်။ ရက်ကန်းခတ်သူက ခတ်။
မအိမ်ကံ ကိုယ်တိုင် ရက်ကန်းတန်း ဆင်ပြီး အထည်တွေ အကွက်ဆန်းထွင်ကာ ရက်ကြည့်နေမိပါ၏။ ထိုစဉ်မှာပဲ အိမ်ရှေ့ကို လှည်းတစ်စီး ထိုးရပ်ကာ လှမ်းအသံပြုသံကို ကြားလိုက်ရသည်။ အိမ်ဝကို လှည်းဆိုက်သည်နှင့် ဖိုးကူးက ၀င်းတံခါး ကြီးကို ပြေးဖွင့်ပေးသည်။ မြင်းခြံမြို့မှ ဆရာကြီး ဦးဘခင်၊ ဆရာလေး ကိုပြေသိမ်းနှင့်အတူ ဧည့်သည် နှစ်ယောက်၊ သုံးယောက်ကို လှမ်းမြင်လိုက်တော့ မအိမ်ကံ အံ့သြ၀မ်းသာဖြစ် သွားရပါ၏။
"ကြွကြပါရှင်။ ဆရာလေးတို့ကို မျှော်နေကြသာပါ။ ဖိုးကူး လှည်းဝိုင်း ဖြုတ်စမ်း။ နွားတွေကို သစ်ပင်ရိပ်မှာ ချည်။ အစာ ကျွေးလိုက်နော်"
အမေပန်းရုံက ဧည့်သည်တွေကို ဆီးကြိုသည်။ ဧည့်သည်တွေ ရောက်လာသဖြင့် မအိမ်ကံတို့ အိမ်ကြီးမှာ လှုပ်လှုပ်ရွရွ ရှိလာခဲ့သည်။ ဦးသာထန်က ကိုဖိုးငွေကို ဟင်းရံ အရှာခိုင်းလိုက်သည်။ မလှအုံနှင့် ကျေးဥတို့က အိမ်အောက်ထပ် ခုတင်ကြီးနှစ်ချပ်မှာ ကော်ဇောခင်း၊ ခေါင်းအုံးနှင့် အညာ စောင်များချပေးကြ၏။ ခရီးဝေးက လာကြသော ဧည့်သည်များ ခြေဆင်းလဲလူ အနားယူနိုင်ရန်ဖြစ်ပါ၏။ ရေနွေးပွဲ၊ ကွမ်း၊ ဆေး၊ လက်ဖက်စုံ တည်ခင်းကြသည်။ ဆရာကြီးတို့က ဇောင်ချမ်းကုန်းမှာ တစ်ထောက် နားပြီးသည်နှင့် ကြည်တော်ကုန်းကို ဆက်ကူးကြမည်ဟု ဆို၏။ ကြည်တော်ကုန်းက ကျောင်းမှာ ဆရာ မရှိတော့သဖြင့် ကိုပြေသိမ်းကို အ၀င်ပြရမည်ဟု ဆိုပါသည်။
"အ၀င်ပြ ပြပါဦး ဆရာကြီးရယ်။ ဇောင်ချမ်းကုန်းရောက် သခိုက် တစ်ညတော့ တည်းစေချင်ပါသယ်။ ကျုပ်တို့ကလည်း ဧည့်ဝတ်ကျေ လိုက်ချင်ပါသေးသယ် ဆရာကြီးရဲ့"
"အခြေအနေက တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေပါသယ် သူကြီးမင်းရယ်။ အခုဟာက တကယ့် အကျပ်အတည်းကြီး ဆိုက်နေ ပါပြီ။ ကျွန်တော်တို့ လုပ်နေသဲ့ နိုင်ငံရေးက တစ်ဘာသာ ဆိုသလို ခွင့်ကလေးပြုတုန်း ပညာရေးကို အခြေချ ထားလိုက်ဖို့ပါပဲ"
"ခေတ်ကာလ အခြေအနေကတော့ ရွာက အမှုပွဲစား ပြောသလောက်တော့ ရန်ကုန်မြို့ကို ဂျပန်တွေ ဗုံးကြဲဆိုသလိုလို ဟုတ်ကဲ့လား ဆရာကြီး"
"ဟုတ်ပါတယ်ခင်ဗျာ။ နှစ်ကုန်ခါနီးမှာပဲ ဗုံးနှစ်ခါကြဲ လိုက်တာ လူတွေ ထောင်ချီသေကြသာပဲ။ ဂျပန်လေယာဉ်က အစင်းရေ တစ်ရာကျော်ပါတယ်"
"မြတ်စွာဘုရား။ ဒါနဲ့ မောင်မြတ်သာ တစ်ယောက်ကော ဘာသတင်းများ ကြားပါသလဲ ဆရာကြီး"
သည်မေးခွန်းကိုတော့ ဆရာလေး ကိုပြေသိမ်းက ၀င်ဖြေသည်။
"သခင်မြတ်သာ နေကောင်းပါတယ်။ လောလောဆယ်တော့ ရန်ကုန်မှာ ရောက်နေပါတယ် ဦးမင်းခင်ဗျား"
မအိမ်ကံ ကတော့ ကိုပြေသိမ်းတို့ ကျောင်းလာဖွင့်တာကို ၀မ်းသာသလို သည်ရွာတွေမှာ ကိုပြေသိမ်း ရှိနေတော့မှာကို တွေးရင်း ပျော်နေခဲ့သည်။ ဧည့်သည်တွေ ထမင်းခူးခပ် ကျွေးရတာကို မမောနိုင်ဘဲ ရှိနေခဲ့ပါ၏။ ကိုပြေသိမ်း လက်ထွက်ဆေးတော့ မအိမ်ကံ ကိုယ်တိုင် ရေလောင်းပေးသည်။ အတွင်းမှာ စကားသံတွေ ညံနေသဖြင့် မအိမ်ကံက ပြောချင်သည့် စကားကို ခပ်တိုးတိုး ပြောလိုက်သည်။
"သည်တစ်ခေါက် ကြာလိုက်သာ ကိုပြေသိမ်းရယ်။ မအိမ်ကံဖြင့် သတိတွေရနေသာ"
ကိုပြေသိမ်းက မအိမ်ကံကို တစ်ချက် စိုက်ကြည့်ကာ ပြုံးပြသည်။ လက်သုတ်ပ၀ါဖြင့် လက်ကိုသုတ်ပြီး မအိမ်ကံ ကိုပြန်ပေးသည်။ မအိမ်ကံက လက်သုတ်ပ၀ါ လှမ်းအယူမှာ ကိုပြေသိမ်းက တိုက်ပုံထဲက စာအိတ်တစ်အိတ် ရောထည့် ပေးလိုက်သည်။ စာက စာအိတ်ပါသော်လည်း ခေါက်ချိုး ခေါက်ထားလိုက်တာ ကြေမွနေလေပြီ။
"သခင်မြတ်သာ ပေးလိုက်တာပါ မအိမ်ကံ။ မအိမ်ကံ လက်ထဲပဲ ထည့်ပါတဲ့။ လူကြုံနဲ့ ရောက်လာတဲ့ စာပါ။ ကျွန်တော့် လက်ထဲ နည်းနည်းကြာသွားတယ်"
မအိမ်ကံက အစ်ကို့ဆီက စာဆိုတော့ ၀မ်းသာ သွားသည်။ ပြီးတော့ မအိမ်ကံလက်ထဲပဲ ထည့်ပါ ဆိုတာက ဘာသဘော ပါလိမ့်။ အစ်ကိုတို့ အဖွဲ့အတွက် အလှူခံတာများလား။ ကိုပြေသိမ်းတို့ ဧည့်သည်တွေ ကြည်တော်ကုန်းရွာဘက်ဆီ ကူးဖို့ ထွက်သွားကြတော့ မအိမ်ကံ အပေါ်ထပ်ကို ပြေးတက်ခဲ့သည်။ စာအိတ်ကို ဖွင့်လိုက်တော့ စာက ဗလာစာရွက်နှင့် ရေးထားသည့်စာ။ များများလည်း ရေးမထား။ သို့သော် သည်နည်းနည်းကလေးသော စာတိုကလေးသည်ပင် မအိမ်ကံ ရင်ကို တဒိတ်ဒိတ် ခုန်တိုးနေလေသည်။ စာဖတ်ပြီးသောအခါ မအိမ်ကံ မျက်နှာတွင် ရှက်ခြင်း၊ ကြောက်ခြင်း၊ ထူပူခြင်း၊ အံ့သြခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းစသော ခံစားမှုပေါင်း များစွာက ချည်ရောင်စုံ ထည့်ခတ်ထားသော ဖျင်ပ၀ါကဲ့သို့ အရောင်အသွေးစုံတို့ လှိုက်၍ လှိုက်၍ တက်လာခဲ့လေသည်။
(ဆက်လက်ဖော်ပြပါမည်)
ခင်ခင်ထူး
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ