ညဦးပိုင်း သည်စကားရောက်တော့ အစ်ကိုမောင်မြတ်သာက မျက်နှာမကောင်းရှာ။ မနက်ကသူလည်း သွားကြည့်ခဲ့သည် ဆိုသည်။ အနောက်တန်း ရွာတွေထဲက လင်းနေကုန်း ရွာနေ မောင်စံတင်ဟု ကြားခဲ့ရကြောင်း ပြောပြရာက ကိုပြေသိမ်းကို လှမ်းကြည့်သည်။
“ကိုပြေသိမ်းရေ မောင်စံတင်က လူထူရင် သူ့ရင်ထဲက မကျေနပ်တာတွေ အင်မတန်ပြောတတ်တဲ့လူတဲ့ဗျ။ ပြောကြ တာတော့ အလံနီလိုလိုပါပဲ။ ဟုတ်မဟုတ်တော့ မပြောတတ် ဘူး။ ဖဆပလကိုရော ဆိုရှယ်လစ်တွေကိုရော ညဘက် မူးမူး ပြီး ဆဲတာတွေ ဘာတွေတောင် လုပ်သတဲ့။ ခက်တာက ဘယ်သူ ရက်ရက်စက်စက် လုပ်လိုက်တယ် ဆိုတာထား၊ စကားတွေ ပြောတိုင်းမကောင်းနိုင်တော့ဘူး ဆိုတာကတော့ ရှင်းနေပြီ”
အစ်ကိုမောင်မြတ်သာက ဘာမဆို ပြင်းပြင်းထန်ထန် ဝေဖန်တတ်သော ကိုပြေသိမ်းကို ရည်စူးနေကြောင်း သိသာလှသည်။ ကိုပြေသိမ်းကတော့ ဘာမှမပြောပါ။ စားပွဲပေါ်က စာအုပ်တွေကိုသာ ငေးကြည့်နေပါ၏။ အစ်ကိုမောင်မြတ်သာက စကားဖြတ်ထားရင်း ရှေ့ဆက်ရမည့်စကားကို စဉ်းစား နေပုံရသည်။
“အခုက အဖွဲ့အစည်းတွေက များလွန်းတယ်။ တိုင်းပြည်က အခုမှ နွားရိုင်းသွင်းချိန် ပြန်ရောက်နေရတယ်။ မကောင်းသူ မကောင်းသားကပ်လို့ အကောင်းဆုံး အချိန်ကိုးဗျ။ ကျွန်တော်တပ်က မထွက်နိုင်သေးတာ ဒါတွေလည်းပါတယ် ပေါ့ဗျာ။ လာဘ်ပေးကြ၊ လာဘ်ယူကြ၊ လူမိုက်ရွေးကြ၊ တပည့် ခံကြ၊ ဆရာတင်ကြ၊ ဝေငှစားသောက်ကြ၊ လုလိုက်ကြ၊ ယက် လိုက်ကြ ဖြစ်နေသယ်။ ကျည်ဆံကြေး ဖဲရိုက်ကြသတဲ့။ ကောင်းကြရောပေါ့။ တောကြောင်တွေ စုန်းတောက်နေကြ တာပေါ့လေ”
အစ်ကိုမောင်မြတ်သာ ပြောတာ အမှန်တွေချည်း ဖြစ်သည်။ နေ့ခင်းကြောင်တောင် နွားဆွဲတာများပင် ရှိ၏။ ဗြောင်ဝင်လုတာများလည်း ကြားနေရသည်။ တောနယ်ထွက် လက်လုပ်ပြောင်း သေနတ်များကလည်း ငွေပေးနိုင်လျှင် အစစ် နှင့်မခြား ရနိုင်သည်ဆိုသည့် သတင်းတွေကလည်း ရွာတွေမှာ သတင်းတွေ ကူးစက်နေပါ၏။ ရွာတွေမှာ ကင်းတွေချကြရသည်။ ဆူးစည်းရိုးတွေ ထူထူထဲထဲကာကြရသည်။ ၀ါးချွန် တွေ၊ ဒူးလေးတွေ၊ လင်းလေးတွေ အိမ်တိုင်းထားကြရပြီ။ သည်ကြားထဲက ဓားပြသံ၊ သူခိုးသူဝှက်သံ၊ အနုကြမ်းစီး သံတွေကလည်း မကြာမကြာ ကြားနေရတာမျိုးလည်း ရှိပါ၏။
“ခက်သားပဲ ကိုမြတ်သာ။ လွတ်လပ်ရေးမရခင် လွတ်လပ်ရေးရဖို့ တိုက်ကြခိုက်ကြ၊ သေကြ၊ ကျေကြ။ လွတ်လပ်ရေးကို အသက်တွေနဲ့ရင်းပြီး ရယူပြီးပြန်တော့လည်း မီးမငြိမ်းနိုင်ဘူး။ သူ့နာမည်ကိုယ်ဖျက် ကိုယ့်နာမည်သူဖျက်။ တွက်ကြည့်တော့ တိုင်းပြည်လူထုက ဘယ်သူ့ကို အားကိုး ရမှန်းမသိဘူးဗျာ။ အရေးထဲ ဖဆပလ အစိုးရက ဗောဓိပင် ပင့်နေတော့ မခက်ဘူးလား”
ဗိုလ်မြတ်သာက အင်္ဂလိပ်စကားနှင့် တစ်စုံတစ်ရာ ပြောလိုက်လို့လားလို့ မသိပါ။ ကိုပြေသိမ်း စကားဆက်မပြော တော့။ မလှအုံက စကားဝိုင်းကို အကဲခတ်နေရာက စကား ၀င်ဖြတ်သည်။
“ကိုင်းကွယ် မင်းတို့နိုင်ငံရေးကလည်း ပြီးမပြီးနိုင်ဘူး။ သည်စကားတွေ ပြောနေရတာနဲ့ လယ်ကောရေမရ တို့လည်း စကားပြောချင်သေးသဟဲ့။ တကတဲတော်”
မလှအုံ ၀င်ငေါက်တော့မှ နိုင်ငံရေးသမားတွေလည်း စကားလမ်းကြောင်း ပြောင်းကြတော့သည်။ မိသားစု စကားဝိုင်းလေး ပြန်ဖြစ်သွားတော့မှ မအိမ်ကံလည်း စိတ်ရှုပ်နေရာက ကြည်လင်သွားရပါ၏။ ရွာက ရယ်စရာမောစရာတွေ ပြောကြရင်း ရယ်ကြမောကြရသည်။ အရူးကိုစက်ဖေ ကလေး လုတာပင် ပါလိုက်သေးသည်။ ထိုညကလည်း စကားပြော ညဥ့်နက်ရပြန်ပါ၏။ အစ်ကိုမောင်မြတ်သာတို့ ပြန်တော့ မအိမ်ကံ အပေါက်ဝ လိုက်ပို့သည်။ ကိုပြေသိမ်းက အိပ်ပျော် နေသည့် သမီးတွေကို အိမ်ပေါ်ပွေ့တင်နေခိုက်ဖြစ်၏။ မအိမ်ကံ က အစ်ကိုဖြစ်သူလက်မောင်းကို ဆွဲထားလိုက်သည်။
“အစ်ကို ကိုပြေသိမ်းဖတ်တဲ့ စာအုပ်တွေက ဘာဖြစ်နေလို့လဲဟင်။ မှန်သာပြောပါ အစ်ကို၊ မအိမ်ကံ စိတ်ပူလို့ပါ။ ကိုပြေသိမ်းကတော့ နိုင်ငံရေးစာအုပ်တွေလို့ပြောသာပဲ”
ဗိုလ်မြတ်သာက နှမဖြစ်သူကို ချက်ချင်းမပြောသေးဘဲ တံခါးတစ်ချပ်ကို ကိုင်ကာရပ်နေသည်။ မမစိမ်းမြကလည်း ကြားထဲက သိချင်နေဟန်တူပါ၏။ မောင်နှမနှစ်ယောက်ကြား ပေရပ်နေလေသည်။
“ဟုတ်တယ် ငါ့နှမရဲ့၊ နိုင်ငံရေးစာအုပ်တွေပါပဲ။ ကွန်မြူနစ်ဝါဒသဘောတရား စာအုပ်တွေပေါ့လေ။ သည်လို ကာလမှာ ဆန်းတော့မဆန်းဘူးပေါ့ ကံကလေးရယ်။ ဒါပေသိ မောင်ပြေသိမ်း ဖတ်နေသယ်ဆိုသာတော့ ထူးသယ်”
“အဲသာဖတ်တော့ ဘာဖြစ်လို့လဲ အစ်ကို”
“ငါ့နှမ ဒါတံခါးဝမှာ ရပ်ဖြေလို့ မပြည့်စုံနိုင်ဘူး။ ဒါပေသိ မစိုးရိမ်ပါနဲ့အေ။ မောင်ပြေသိမ်းကလည်း ပညာတတ်ပဲဟာ”
ဗိုလ်မြတ်သာက ဒါပဲပြောပြီး ထွက်သွားခဲ့သည်။ မမစိမ်းမြက နောက်က။ မအိမ်ကံ တံခါးဝမှာရပ်ရင်း ကျန်ရစ်ခဲ့သည်။ အမျိုးအမည် ဖော်ပြရန် မစွမ်းသာသော ခံစားမှုတစ်မျိုးက ရင်ထဲမှာ လှိုက်ခုန်နေခဲ့ပါ၏။ တံခါးဝမှာမေးသည့် မေးခွန်း တံခါးဝမှာ ရပ်ဖြေလို့မရနိုင်လောက်အောင် ကျယ်ဝန်းလို့များလား။ ကိုပြေသိမ်း ဘာတွေလုပ်နေသလဲ။ ကိုပြေသိမ်း ဘာတွေ ကြံစည်နေသလဲ။ မအိမ်ကံ အိမ်ပေါ်ကို တက်လာခဲ့သည်။ ကိုပြေသိမ်းက သမီးတွေကို ခြင်ထောင်ချပေးနေသည်။ ကိုပြေသိမ်းကို မေးဖို့စဉ်းစားပြီးမှ မမေးတာပဲ ကောင်းပါတယ်လေလို့ တွေးမိပြန်ပါ၏။
“အိမ်ကလေး အစ်ကိုတက်လာတော့ သမီးငယ်က တစ်ဖက်ပွေ့ထားရလို့ လက်ကလည်း မအားဘူး။ ငှက်ကြီးတစ်ကောင် ခြင်ထောင်တန်းပေါ်မှာ နားနေတာတွေ့တယ်။ အစ်ကို့ကို စိုက်ကြည့်နေသလိုပဲ။ ပြီးမှပြန်ထွက်သွားတယ်။ ညဘက်ဆိုတော့ ငှက်က မှားဝင်လာတာနဲ့တူပါရဲ့”
အို သည်ငှက်ကြီး ပေါ်လာပြန်ပြီလား။ မအိမ်ကံ မေ့တောင်နေပြီ။ မအိမ်ကံမှာ ကြက်သီးညှင်းညှင်းကလေးပင် ထမိရပါ၏။ ဘာတွေများဖြစ်လာဦးမှာလဲ။
အစ်ကိုမောင်မြတ်သာတို့ ပြန်သွားကြပြီ။ မအိမ်ကံက အစ်ကို့အတွက် လိုလေသေးမရှိ ပြည့်ပြည့်စုံစုံ ထည့်ပေးလိုက်ပါ၏။ အစ်ကိုပြန်သွားလေတိုင်း အားငယ်မိရသည့် စိတ်ကတော့ အခုချိန် ထိလျော့မသွားသေးပါ။ အဖေရှိစဉ် ကတည်းက မိသားစု သိုက်သိုက်ဝန်းဝန်း နေရမယ့် ရက်တွေကို မျှော်လင့်ခဲ့ရ သော်လည်း ဘာမှ ဖြစ်မလာတော့ပါ။ အိမ်အလုပ်တွေထဲ ခေါင်းထိုးနှစ်ရင်းဖြင့်သာ အရာရာကို မေ့မေ့ပျောက်ပျောက် နေရပါ၏။
သည်ကနေ့လည်း မနက်ပိုင်းတစ်ပိုင်းလုံး ရက်ကန်းရုံ ထဲမှာပဲ မအိမ်ကံရှိနေခဲ့သည်။ အရီးကြာညွန့်နှင့် ခေါင်းချင်းဆိုင်ခဲ့ရတာပင် သုံးရက်ရှိပြီ။ မအိမ်ကံက ဂမုန်းကြိုး၊ ခါးစည်း၊ ဘိလပ်ပန်း စသည့် အချိတ်ဆန်ဆန် ရက်ထည်ကလေးတွေ စမ်းသပ်ရက်လုပ် ချင်နေခဲ့တာ ကြာပြီ။ အသွေးအရောင် နှစ်မျိုးကို ကျော်ကာနင်းကာ ရက်သည့် ငုပ်ချည်ပေါ်ချည် အဆင်ကလေးတွေ စမ်းရက်ကြည့်ဖူးသည်။ လူကြိုက်များလှပါ၏။ ဂမုန်း၊ နရားပန်းခက်နှင့် ဘိလပ်ပွင့်တွေကိုလည်း စမ်းရက် ကြည့်ချင်သည်။ ဖီလာချိတ်၊ ကိုက်ချိတ်တွေလည်း အဆင် ကူးလာတာရှိသည်။ မြို့မှာ ဆေးရေးထည်၊ ပန်းထိုးထည် တွေ ခေတ်စားနေတာ မအိမ်ကံ ကြားနေရသည်။ ကိုပြေသိမ်း မန္တလေးသွားခိုက် အဆင်ဆန်းကလေးတွေ မှာလိုက်ရာက စိတ်ကူးရခဲ့ခြင်းဖြစ်သည်။ မအိမ်ကံတို့ လွန်းများများ မသုံးရဘဲ အဆင်ဆန်းတွေကို ရွေးရသည်။ အကပ်၊ အကွက်၊ အကျူး၊ အကျော် မှန်ရသည့်အပြင် ရက်သားမပွအောင် ခတ်ချက်လည်း နာရပါ၏။
“အရီး ခေါင်းခြောက်သွားပြီထင်တယ်။ ကိုင်းနားဦး မအိမ်ကံလည်း စဉ်းစားဦးမယ်။ မဖြစ်ဘူးဆိုသာတော့ မရှိပါ ဘူး အရီးရယ်။ မအိမ်ကံ အိမ်ဘက်ကူးလိုက်ဦးမယ်။ အရီးတို့ လည်း ထမင်းစားကြတော့လေ။ အိမ်ဘက် ဟင်းကြမ်းထည့် သွားယူလိုက်ကြဦး”
ဟင်းကြမ်းဆိုတာ အများစာချက်ထားသော လိုက်ဟင်း ကိုပြောခြင်းဖြစ်သည်။ မအိမ်ကံက တစ်နေ့တစ်မျိုး ဟင်းကြမ်း တည်ပေးနေကျ။ ဟင်းကြမ်းဆိုသော်လည်း မလှအုံလက်ရာ မို့ ဆီနှင့် ပျားနှင့် ကောင်းကောင်းချက်ထားခြင်းဖြစ်သည်။ ကျေးဥက မအိမ်ခိုင်နှင့် သူ့သားကို ပေတူလုံးပစ်ပြရင်း ထိန်း နေသည်။ သမီးကြီး မအိမ်မြိုင်ကို မတွေ့။
“ကျေးဥ သမီးကြီးကော ကလေးတွေထမင်းစားပြီး ကြပြီလား”
“အငယ်မတော့ ကျွေးပြီးပြီ။ အကြီးမက မစားဘူး။ မနက်ကတည်းက မှင်တင်တင်နဲ့ အပေါ်တက်သွားလေရဲ့”
မအိမ်ကံ အိမ်ပေါ်တက်လာခဲ့သည်။ မအိမ်မြိုင်က ခုတင် ပေါ်မှာကွေးကွေးကလေး အိပ်ပျော်နေသည်။ သမီး သည် ဒီအချိန် မအိပ်ဖူးတာ မအိမ်ကံ သိသည်။ သမီးအနား ထိုင်လိုက်တော့ မအိမ်ကံ တစ်စုံတစ်ရာကို သတိထား လိုက်မိပြီ။ ချက်ချင်းပင် နဖူးကို လက်ဖ၀ါးနှင့် စမ်းလိုက်သည်။ မအိမ်ကံပင် တုန်လှုပ်သွားခဲ့ ရပါ၏။ မအိမ်မြိုင် တစ်ကိုယ်လုံး ချစ်ချစ်ကြီး တောက်အောင် ပူနေ ခဲ့ပါပကော။ သံပြားပူနှင့် ကပ်လိုက်သလို အပူမျိုး။ သမီးမျက်နှာက ရဲရဲမှည့် နေပါ၏။
“မအိမ်ကံ ဟိုဘက်ရွာတွေမယ် ကျောက်ကြီးရောဂါတွေ ဖြစ်နေတယ်လို့ကြားတယ်။ အပျက်အစီးလည်းရှိကြသတဲ့ မပျက်စီးတော့လည်း ရုပ်ပျက်ဆင်းပျက်”
ပွဲကတော်ကြီးပြောလိုက်သည့် စကားကခေါင်းထဲဝင် လာခဲ့လေပြီ။ မအိမ်ကံ ချောက်ချောက်ချားချား အော်လိုက်လေ၏။
“ကျေးဥရေ..”
(ဆက်လက်ဖော်ပြပါမည်)
ခင်ခင်ထူး
Saturday, October 24, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ