ဖိုးညောင်း အသံ။ စကားသံတွေ တိတ်ဆိတ်သွားပြန် သည်။
“မြင်းနောက်က စီးတဲ့ ကောင်က ရှေ့ကကောင်ကို ခါးဖက်ထားသယ်။ သည်တော့ လူလုံးချင်းယှဉ်ထိုင်သလို ဖြစ်နေသာပေါ့နော။ နောက်ကကောင်က လူပုပုရယ်ဗျ။ ပုပု ညှက်ညှက်ရယ်။ ကျုပ်မှတ်မိပြီ။ ဟုတ်သယ်။ ရှေ့ကကောင် နဲ့ ခေါင်းမညီဘူး။ ပုပုကလေးရယ်”
လူပုပုကလေး။ ဘယ်သူဖြစ်နိုင်သလဲ။ ကိုပြေသိမ်းက တရားခံကို မမျှော်လင့်ပါ။ အကြောင်း ရည်ရွယ်ချက်ကိုသာ သိချင်သည်။ အခုတော့ အစတစ်စ ထွက်လာပြီ။ အရပ်ပုပု လူတစ်ယောက်။ မီးကွင်းပစ်လိုက်သူဟာ အရပ်ပုပု။ သည်လောက်နှင့်ပင် ထိုနေ့က စကားသိမ်းလိုက်ရသည်။
မအိမ်ကံကတော့ အိပ်ရာထဲ ၀င်ခဲ့သည့်တိုင် မီးတောက် မီးလျှံများနှင့် လူပုပု တစ်ယောက်ကိုသာ မြင်ယောင်နေမိပါ ၏။ ကိုပြေသိမ်းက ဘာမှတော့ မပြော။ သူလည်း စဉ်းစားနေ ပုံရသည်။ နောက်တော့ ကိုပြေသိမ်း အိပ်ပျော်သွားသည်။ မအိမ်ကံကတော့ ရွာခေါင်းဆောင် သာအောင် တစ်ယောက် ဘာကြောင့် စကားတစ်ခွန်းမှ မပြောခဲ့တာလဲ ဆိုတာကို စဉ်းစား နေမိသည်။ တကယ်ဆိုလျှင် ရွာကင်း ခေါင်းဆောင် တစ်ယောက် အနေဖြင့် မေးရမည်။ မြန်းရမည်။ စကားတွေ ပြောရမည်။ ဆွေးဆွေးနွေးနွေး ရှိရမည်။ ဒါဖြင့် သူဘာကိစ္စ ငြိမ်နေရတာလဲ။ ပြောစရာ မရှိလို့ မပြောတာလည်း ဖြစ်နိုင်ပါ၏။ သို့ပေသိ မအိမ်ကံ စိတ်ထဲမှာ ၀ိုးဝိုးဝါးဝါး ခံစားနေ ရသည်။ တစ်စုံတစ်ရာ လွဲချော် နေသလို ရှိနေခြင်းပင်။ ရွာကျောင်းကို သာအောင် မီးရှို့ခဲ့တာ မဟုတ်။ ရှို့စရာလည်း အကြောင်းမရှိ။ သာအောင်မှာ သည်လို ယုတ်ညံ့သည့် စိတ်မရှိတာ မအိမ်ကံ ယုံကြည်ပါ၏။ တစ်စုံတစ်ယောက်က သည်အကြံအစည်မျိုး ရှိသည်ဆိုလျှင်ပင် တုတ်တပြက် ဓားတပြက် ထလုပ်မည့် လူမျိုး။ အစ်ကို မောင်မြတ်သာနှင့် အတူ တိုင်းပြည် ကိစ္စတွေမှာ ပါခဲ့သူပင်။
ဒါဖြင့်ရင် ကျောင်းမီးရှို့ခဲ့သည့် ကိစ္စမှာ ဘာကြောင့် သာအောင်ကို သံသယ ရှိနေတာလဲ။ မအိမ်ကံ ဒါကိုတော့ တွေးလို့ မရပါ။ ရေရေရာရာ ထင်းထင်းရှင်းရှင်း မရှိ။ မအိမ်ကံ စိတ်ထဲမှာ မှုန်မှိုင်းမှိုင်းအငွေ့ တစ်မျိုး ယှက်သန်းနေတာပဲ ရှိ၏။ မအိမ်ကံ မအိပ်နိုင်သေး။ အိပ်ရာက အသာထ လာခဲ့တာ ပြတင်းပေါက်နား လာရပ်သည်။ ဇောင်ချမ်းကုန်းရွာကလေးပင် ငြိမ်သက် အိပ်မောကျနေခဲ့ပြီ။ တပေါင်းလ၏ ညလေအေးအေးက တရှရှ တိုက်ခတ်နေသည်။ မအိမ်ကံပင် ခေါင်းကြည်သွားခဲ့သည်။ မအိမ်ကံမှာ ထူးခြားသော ဥာဏ်ရည် တစ်မျိုးရှိမှန်း သူ့ကိုယ်သူ သိသည်။ တစ်စုံတစ်ရာ ထင့်ခနဲ ဖြစ်သွားလျှင် သေချာအောင် တွေးသည်။ ရှင်းရှင်းလင်းလင်း ဖြစ်အောင်တွေးသည်။ ရုပ်လုံးသဏ္ဌာန် ပေါ်အောင် တွေးလေ့ ရှိသည်။ အခုလည်း သာအောင်ကို သံသယ မရှိသော်လည်း မအိမ်ကံ စိတ်ထဲမှာ ထင့်ခနဲ ခံစားရတာတစ်ခု ရင်ထဲမှာ စလုံး စခု ခံနေပါ၏။
ထိုညက ကျောင်းကြီး မီးဟုန်းဟုန်း တောက်နေချိန်မှာ မအိမ်ကံ ဖိနပ်မပါဘဲ ကျောင်းဘက်ကို ပြေးခဲ့သည်။ ကျောင်းကြီး မီးတောက် စွဲနေတာကို အရွာရွာက ပွဲတော်လာတွေ ကြည့်နေကြတာ အုံကြီးခဲရ။ မအိမ်ကံ လူကြားထဲ တိုးကာ တိုးကာ လာခဲ့တော့ ရှေ့ဆုံးကို ရောက်လာခဲ့၏။ သာအောင်တို့ ရပ်ရွာကာကွယ်ရေး ကင်းသမားတွေက လူတွေကို ပွဲခင်းထဲ ပြန်ဖို့ အော်နေကြသည်။ ဒါကလည်း ပွဲခင်းထဲမှာ ပွဲပျက်မှာ စိုးလို့ဆိုတာ မအိမ်ကံ နားလည်ပါသည်။ မအိမ်ကံက ကိုပြေသိမ်း ရောက်လာသလား မေးတော့ သာအောင်က မလာကြောင်း ဖြေတာကိုလည်း မှတ်မိသည်။
မအိမ်ကံ အတွေးတွေကို ပြန်စုစည်းသည်။ လူအတော် များများက ရင်ပေါင်တန်းကာ ရပ်ကြည့်နေသူတွေကို တွန်းလွှတ်နေကြတာကို စူးစူးစိုက်စိုက် မျက်စိမြင်အောင် ကြည့်သည်။ လူတွေကို ပြန်ကြပါ၊ ပြန်ကြပါ နှင်ကြသူတွေ။ သည်လူတွေကကော ဇောင်ချမ်းကုန်းက ချည်းပဲလား။ သည်အချိန်မှာ သူ့ရွာသား ကိုယ့်ရွာသားရယ် မရှိနိုင်။ တစ်ရွာ့ တစ်ရွာ အကြောင်းကိစ္စ ရှိလျှင် သည်လိုပင် ၀ိုင်းကြမြဲ။ မအိမ်ကံ ၀ိုးဝိုး ၀ါးဝါးဖြစ်နေတာကို သဘောပေါက်လိုက်ပြီ။ သာအောင့် ဘေးမှာ လူတစ်ယောက် ရှိနေခဲ့သည်။ လည်ပင်းပေါ်မှာ မျက်နှာသုတ် ပ၀ါတစ်ထည် ခွတင်ထားသည့်လူ။ အရပ်ပုပု။ သည်လူကလည်း ပွဲခင်းကို ပြန်ကြပါ၊ ပြန်ကြပါ အော်နေတာကို မအိမ်ကံ မှတ်မိပြီ။ သည်လူက သာအောင်နှင့် ဆက်စပ်နေသလား။ မဆက်စပ်ဘူးလား။ ဒါတော့ မအိမ်ကံ မသိ။ သေချာ တာက အရပ်ပုပု လူတစ်ယောက် ထိုနေ့က သာအောင်နှင့် အတူ ရှိနေခဲ့ခြင်းပင်။
မအိမ်ကံ အိပ်ရာထဲ ပြန်ဝင်ခဲ့ပါ၏။ သည်ကိစ္စက သေချာတာ မဟုတ်တော့ မအိမ်ကံကိုယ်တိုင် ၀မ်းထဲ မျိုချ ထားလိုက်သည်။ ကိုပြေသိမ်းကတော့ အိပ်ပျော်နေဆဲ။
“ငါ့ကျောင်းကို မီးရှို့တဲ့လူ ဘယ်သူလဲ။ ဘာဖြစ်လို့များ ငါ့ကျောင်းကိုမှ မီးရှို့ရသာလဲ။ သည်ကိစ္စ တစ်နေ့တော့ ပေါ်ကို ပေါ်လာရမှာပဲ။ သင်းမလွတ်နိုင်ပါဘူး”
မအိမ်ကံ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးက ရက်စက်ခြင်း၊ နာကြည်းခြင်း၊ ခံပြင်းခြင်း၊ ဆူဝေခြင်းစသော ခံစားမှုများအတွင်းက ယိုစိမ့်ကျလာသော အပြုံးပင် ဖြစ်လေသည်။
“သည်ကိစ္စ သာအောင့်ဆန္ဒတော့ မပါလောက်ဘူး။ ဒါပေမယ့် သာအောင် သိတယ်။ ဒါ ကြီးတော်စံရွှေနဲ့ ပတ်သက်တဲ့ လူဖြစ်ရမယ်။ မအေ လုပ်တဲ့ ကိစ္စဆိုတော့ သားတစ်ယောက် အနေနဲ့ ရေငုံနေတာပဲ ဖြစ်လိမ့်မယ်။ ဘယ်သူပဲ လုပ်လုပ်၊ ရွာက တောကြောင် တစ်ကောင်ပါနေပြီပဲ”
တစ်ခုတော့ ရှိပါရဲ့။ ကြီးတော်စံရွှေက ဂျပန်ခေတ် တစ်ခေတ်လုံး ငြိမ်နေခဲ့ပြီး ဘယ်လိုကြောင့် ခုမှ တစ်စခန်းထရ တာလဲ။ မအိမ်ကံ အတွေးတွေ မရပ်ခဲ့။ ထိုညက မိုးသာစင် စင်လင်းတော့သည်။
စာသင်ကျောင်း မီးလောင်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ကိုပြေသိမ်းမှာ မြင်းခြံမြို့ရှိ ပညာရေး ဌာနရုံးသို့ ဖြစ်ပျက် ပုံတင်ပြရန် သွားရသည်။ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း ကိုပြေသိမ်းကို ကျောင်းအုပ်ဆရာကြီး အဖြစ် တရားဝင် ခန့်အပ် ခဲ့ရုံသာမက ကျောင်းကိုလည်း အစိုးရ အသိအမှတ်ပြု မူလတန်းကျောင်း အဖြစ် သတ်မှတ်ပေးခဲ့သည်။ ဇောင်ချမ်းကုန်းရွာ မူလတန်းကျောင်းဆိုသည့် တရားဝင် အမည်ရခဲ့သည် မှန်သော်လည်း ရွာတွေက မအိမ်ကံကျောင်းလို့ပင် နှုတ်ကျိုး နေကြလေပြီ။ မအိမ်ကံကျောင်း မီးလောင်လို့တဲ့ဆိုသည့် သတင်းက ရွာတိုင်းတွင် ပျံ့နှံ့လျက်ရှိပါ၏။
“မအိမ်ကံကျောင်း မီးလောင်သာ ထင်းတို တစ်ချောင်း မရလိုက်ဘူးသဲ့။ လုပ်ကြတုန်းက မအိမ်ကံတို့ အိမ်ကြီးကို မီးရှို့ချင်သာသဲ့တော်။ အိမ်ကြီးကို မလုပ်ရတော့ ကျောင်းကို မီးရှို့သာပေါ့။ ရက်စက် ယုတ်မာချက်တော့ မလုပ်ကောင်းသာ လုပ်ကြတာများ...”
“မအိမ်ကံကျောင်း မီးလောင်သာ ထူးတော့ ထူးဆန်း သားဗျ။ ဘုန်းကြီးပျံပွဲရက်မှ ထလုပ်ကြသာ စဉ်းစားလို့ မရဘူး။ လူတွေ ပွဲလန့်ပြီး ဘာမှ မဖြစ်ကြသာ ကံကောင်း။ ဘယ်လို လူတွေကများ သည်လောက် လက်ရဲ၊ ဇက်ရဲ နိုင်ကြ သာပါလိမ့်”
“ဆရာလေးက နိုင်ငံရေး စကားတွေ တွန်းပြောလို့ မကျေနပ်သဲ့ လူက လုပ်သာလို့လည်း ကြားသာပဲ။ တချို့ ကလည်း ဆရာလေးက ရွာကင်းတွေ လိုက်ဖွဲ့လို့ သူခိုး၊ ဓားပြက အငြိုးနဲ့ ရှို့သာလို့လည်း ပြောကြသယ်။ အမှန်တရားတော့ ဘုရားမှ သိမှာပဲ”
အထင်တွေ အမျိုးမျိုး၊ အတွေးတွေက အမျိုးမျိုး။ ရွာတွေမှာ သည်စကားက ကြက်ရေသောက်သလို အ၀င်သာရှိ၍ အထွက် မရှိ။ ဝေဖန်ချက်သာ ရှိ၍ အဖြေမရှိ။ ဘယ်လိုပင် ဖြစ်စေ ရွာပေါင်းစုံက ကလေးတွေ ကျောင်းမရောက်ရတာပဲ အဖတ်တင်သည်။ ကျောင်းဆောက်ဖို့ဆိုတာ လွယ်တာ မဟုတ်။ ချက်ချင်း ထဆောက်လိုက်စမ်းမဟဲ့ဆိုသော်လည်း ပညာရေးဌာနက စုံစမ်းတာတွေ ရှိလာဦးမည်။ အမိန့်ချမှတ် ပေးမှ ပြန်ဆောက်ခွင့်ရှိသည်။ ကိုပြေသိမ်းမြို့ကို သွားပြီး ကျောင်းပြန်ဖွင့်ရေး လုံးပမ်းနေတာကိုလည်း ရွာတွေက သိကြပါ၏။ သည်တစ်ကြိမ်တော့ ရွာပေါင်းစုံက ငွေထည့် လှူချင်ကြသည်။ တစ်ချိန်က စာသင်ကျောင်းကလေး အပေါ် အာရုံ မရှိခဲ့ကြသော ရွာများကပင် အချိုးကျ ထည့်ဝင်ရန် ပြောလာကြပါ၏။
“သြော် ရွာတွေမှာလည်း ဘုန်းကြီးပျံပွဲ အတွက် လုံးပမ်း ထားရတော့ ပင်ပန်းနေကြမှာပါရှင်။ လက်မခံပါရစေနဲ့။ မအိမ်ကံကျောင်းကို မအိမ်ကံပဲ ပြန်ဆောက်လှူစမ်းပါရစီ။ ကျွန်မတို့ မိသားစုအဖို့ သည်လောက်တော့ ရုန်းနိုင်ပါသေးသယ်။ ပညာရေးဌာနက ခွင့်ပြုပြီဆိုတာနဲ့ ကျောင်းပြန်ဆောက်မှာပါ”
ရပ်ရွာတွေက လူကြီးတွေ ငွေထည့်ဝင်ဖို့ ပြောလေတိုင်း မအိမ်ကံ ယဉ်ယဉ်ကျေးကျေး ငြင်းသည်ချည်းပင်။ မအိမ်ကံ တို့မှာလည်း စီးပွားရေးအရ အရင်ကလို “မား”လှတာတော့ မဟုတ်။ စစ်ကြီး တစ်ခေတ်လုံး ဝေကာမျှကာ ကျုံးကာ ရုန်းကာ ကုန်ခဲ့ရတာ တစ်မျိုး၊ ဓားပြ သုံးကြိမ်ဝင် အတိုက်ခံခဲ့ရတာ တစ်မျိုး၊ ဆွေတွေမျိုးတွေကို လူလုံးမျှအောင် ဝေရခြမ်း ရတာ တစ်မျိုးဆိုတော့ မအိမ်ကံမှာ စိတ်ရှိတိုင်း ကိုယ်မပါနိုင်။ သို့သော် မအိမ်ကံတို့ အဖို့ ဆင်ပိန်တော့ ကျွဲလောက်ဆိုသလို ကျန်သင့်သလောက် ကျန်ပါ၏။ မအိမ်ကံတို့မှာ လယ်တွေ၊ ချောင်းတွေ ကျန်သင့်သလောက် ကျန်သည်။
အဖေသူကြီး ရှိစဉ်အခါကတည်းက ရွာကျောင်းမှာ ဆွမ်းစားကျောင်း လှူခဲ့သည်။ စာသင်ကျောင်း ဆောက်သည်။ ရွာဦးဇရပ် ဆောက်လှူသည်။ ရေတွင်း နှစ်တွင်း၊ ရွာလယ် တံတားတွေ အသစ် တည်ပေးခဲ့သည်။ ကျောင်းသုံး ပရိဘောဂတွေဆိုတော့လည်း မအိမ်ကံပင်။ ဆရာတော်ကြီး ဈာပနမှာလည်း မအိမ်ကံတို့ပင် နင့်နင့်နဲနဲ မတည်ခဲ့ရသည်။
အခုလည်း အမေပန်းရုံက စာသင်ကျောင်းကလေး ပြန်ဆောက်ချင်သည် ဆိုတော့ မအိမ်ကံ မဖြစ်ဖြစ်အောင် ဆောက်လှူရတော့မည်။ အမေ ပန်းရုံခမျာ အသက်ရရှာပြီ။ သူလှူချင် သည်ဆိုတာကို မအိမ်ကံ ဖြစ်အောင်လုပ်ပေးဖို့သာ ရှိပါ၏။ မီးလောင်သည့်ညကပင် သည်ကျောင်းကို ငါပြန်ဆောက်လှူ မယ် ပြောခဲ့တာ မအိမ်ကံအသိ။ မအိမ်ကံကလည်း လှူချင် သည်။ မအိမ်ကံကျောင်းကို မအိမ်ကံ ပြန်လည် တည်ထောင် ရမည်။ သည်လို ကိစ္စတွေမှာ ကိုပြေသိမ်းကို အိမ်သားအဖြစ် အသိပေးခြင်းသာ ရှိ၍ မအိမ်ကံကပဲ ဆုံးဖြတ်လေ့ ရှိ၏။ ကိုပြေသိမ်းကလည်း မအိမ်ကံ လုပ်ချင်တာ မှန်သမျှ ကန့်ကွက် တာမျိုး၊ တားတာမျိုး မရှိခဲ့။ “အိမ်ကလေး သဘောပါ”လို့ ဆိုသည်ချည်းပင်။ အစစအရာရာ ရှားပါးနေချိန်တွင် မအိမ်ကံ တစ်ချီတစ်မောင်း ရုန်းထဖို့ တော်တော် ကြိုးစားရမှာကိုလည်း သိပါ၏။ သို့သော် မအိမ်ကံ ဆုံးဖြတ်ပြီးပြီ။
ကိုပြေသိမ်း မရှိသည့် တစ်ရက်တွင် အစ်ကိုလေး ကိုစံကောင်းကို မအိမ်ကံ အခေါ်ခိုင်းလိုက်သည်။ ကိုစံကောင်းက အမေပန်းရုံ၏ အစ်ကို ၀မ်းကွဲက မွေးသည့်သား ဖြစ်သည်။ ရွာမှာပဲ နေထိုင်သူ ဖြစ်၍ မအိမ်ကံတို့ အိမ်အလုပ်တွေ မနိုင်တိုင်း ကိုဖိုးငွေတို့နှင့် လာဝိုင်းတတ်သူဖြစ်၏။ မဟုတ်မခံ စိတ်ရှိသည့် အပြင် မအိမ်ကံကိုလည်း ချစ်ရှာသည်။
ကိုစံကောင်း ရောက်လာတော့ မအိမ်ကံက သရက်ပင်အောက် ခေါ်လာခဲ့သည်။
“ကိုင်း...ငါ့နှမ ပြောစမ်း။ ဘာများပါလိမ့်”
“ကိုဖိုးညောင်းနဲ့ ကိုစံမြကို ခေါ်ပေးစေချင်လို့။ မအိမ်ကံ နည်းနည်းပါးပါး မေးစရာရှိလို့ပါ အစ်ကိုလေး”
“ဖိုးညောင်းနဲ့ စံမြ ဘာလုပ်ဖို့လဲ။ သည်ကောင်တွေကို ပြောစရာရှိရင် ငါ့မှာလိုက်လေ။ ပိုက်ဆံ ရစရာရှိလို့လား”
“မဟုတ်ပါဘူး အစ်ကိုလေးရယ်။ မအိမ်ကံ သိချင်သာ ရှိလို့ပါ”
“အေးလေ ခေါ်ဆို ခေါ်ပေးပါ့မယ်။ သည်ကောင်တွေ ဘယ်များ ရှိမှာပါလိမ့်။ တောထဲတော့ မဆင်းလောက်ဘူး။ တွေ့သာနဲ့ ငါခေါ်ခဲ့မယ်ဟာ။ ကိုင်း...”
“ကနေ့ပဲ ရှာခေါ်ခဲ့နော်။ ကိုပြေသိမ်း မသိစေချင်လို့”
“အေးပါ”
နေ့ခင်းနာရီပြန် နှစ်ချက်လောက်မှာ ကိုစံကောင်းနှင့် အတူ ကိုဖိုးညောင်းတို့ ပါလာခဲ့သည်။ မအိမ်ကံက သရက်ပင် အောက်ကိုပဲ ခေါ်လာခဲ့ပါ၏။ မအိမ်ကံ ဘာတွေများ မေးချင်လို့ပါလိမ့် ဆိုတာကို ထူးဆန်း နေကြပုံတော့ ပေါ်သည်။ မအိမ်ကံက စကားခံ မနေတော့ဘဲ လိုရင်းကိုသာ မေးတော့သည်။
“ကိုရင် ဖိုးညောင်း၊ မအိမ်ကံ မေးမယ်။ ဖြည်းဖြည်းဖြေ။ စဉ်းစားပြီး ဖြေနော်။ မီးလောင်တဲ့ ညက ကိုရင်ဖိုးညောင်း မြင်သာ ပြန်ပြောစေချင်သာပါ။ တစ်ချက်ချင်း စဉ်းစားဖြေနော်။ ကဲ...ပြော”
“ငါပြောပြီးသားပဲ ငါ့နှမရာ။ ဟိုညက နင်လည်း ကြား ပြီးသားပဲ။ အဲသာပဲရှိသာ။ နောက်ထပ် ငါဘာမှ မသိဘူး။ ဘုရားစူးရပါစေ့ဟာ”
မအိမ်ကံ ချက်ချင်း သိလိုက်ပြီ။ ကိုဖိုးညောင်းတို့ကို မအိမ်ကံ ခေါ်မေးတာကိုပဲ သူတို့ကို မသင်္ကာလို့ ခေါ်မေးတယ် ထင်ကြပြီ။ မျက်စိမျက်နှာတွေများ ပျက်လို့။ လူအများ ရှေ့မှာ သိသလောက် ပြောပြီးသားကိစ္စ။ မအိမ်ကံက တစ်ချက်ချင်း ပြန်ပြောပါဆိုတာကို လန့်နေကြပုံလည်း ပေါ်ပါ၏။ မအိမ်ကံက သူ့သဘောထားကို ပြောပြရတော့သည်။
“သည်လိုပါ ကိုရင်ရဲ့။ အခုကိစ္စက ရွာလည်း သိက္ခာ ကျသယ်။ မအိမ်ကံလည်း အစော်ကား ခံရလေခြင်းလို့ ခံစား ရသယ်။ အခု ကိုရင်တို့ကို ခေါ်သာလည်း မယုံတာ၊ မသင်္ကာ တာ မရှိရပါဘူး။ စကားဆိုသာ ကျန်တတ်သယ် မဟုတ်လား။ မအိမ်ကံ သိချင်သာပဲ မေးပါတော့မယ်လေ။ အဲသည် နေ့က မြင်းနောက်က စီးလာသူဟာ အရပ်ပုသယ်။ ဟုတ်သယ်နော်”
“အေးဟ။ ရှေ့က စီးသဲ့ကောင်ကို နောက်ကကောင်က ဖက်ထားသာ တွေ့သယ်။ နောက်ကကောင်က တော်တော့်ကို အရပ်ပုသယ်။ ငါမြင်ရသာက အလင်းရောင် ရှိသေးသာကိုး။ ဘုန်းကြီးပျံပွဲက ဒုံးလွှတ်ပြီး မကြာဘူးလေ။ ပွဲက ဧည့်ခံ ဆိုင်းတီးနေပြီဟာ”
“ဟုတ်ပြီ။ နောက်ကလူက မျက်နှာသုတ် ပ၀ါတစ်ထည် ကုပ်ကို ခွထားသယ်။ မြင်းစီးရင် လေလွင့်မှာစိုးတော့ အစ နှစ်ဖက်ကို အင်္ကျီထဲ တစ်ဖက်စီထိုးထည့်ထားသယ်။ ဟုတ်ကဲ့လား”
ကိုဖိုးညောင်း တွေသွားသည်။ လည်ကြီးစောင်းကာ ထိုညနေက အဖြစ်ကို ပြန်စဉ်းစားနေသည်။ ကိုစံကောင်းကတော့ မအိမ်ကံ ဘာတွေ မေးနေမှန်းမသိ။ မျက်နှာသုတ်ပ၀ါ ကုပ်ခွထားတာကို ဘယ်လိုများ သိတာပါလိမ့်။ ဥာဏ်မမီ တော့လည်း အသာငြိမ်နေလိုက်ရ၏။ ကိုဖိုးညောင်းဆီက အသံ မထွက်သေး။ ပြီးမှ မအိမ်ကံကို မျက်လုံးပြူးကြည့် သည်။ စုန်းမနှင့်တွေ့နေရပုံမျိုး။
“ဟုတ်သယ်၊ ငါ့နှမရေ။ ပ၀ါတစ်ထည် ကုပ်မှာပါသယ်။ ဟုတ်သယ်၊ ဟုတ်သယ်၊ သေချာသယ်”
“ဟုတ်ပြီ။ ကိုင်း...ကိုစံမြကို တစ်ချက်ပဲ မေးမယ်။ မြောက်တံခါးက ထွက်သွားတော့ မြင်းနှစ်စီး လူနှစ်ယောက်တည်း ဆိုသာ သေချာရဲ့လား”
ကိုစံမြက တစ်အောင့်ပဲ စဉ်းစားကာ သေချာကြောင်း ပြောခဲ့ပါ၏။ မအိမ်ကံ ကျေနပ်သွားသည်။ ကိုစံကောင်းတို့ သုံးဦးကို ပုဆိုး တစ်ကွင်းစီ ပေးလိုက်သည်။ မအိမ်ကံ တွက်သည့် ကိန်းတော့ တည့်တည့်ကြီး တိုးနေပါပကော။ ကိုစံကောင်းတို့ကို သည်ကိစ္စ ဘယ်သူ့မှ မပြောစေချင်ကြောင်း အထပ်ထပ်မှာတော့ မပြောဖို့ ကတိပေးကြကာ ပြန်သွားကြသည်။ တစ်ချက်ပဲ မေးစရာကျန်တော့သည်။ မအိမ်ကံ ရက်ကန်းရုံဘက်ကို လာခဲ့ကာ အရီးကြာညွန့်နှင့် စကားတွေ ပြောနေခဲ့သည်။ အရီးကြာညွန့်က ခေါင်းတညိတ်ညိတ်။ ထိုညက မနက်မိုးလင်းမှာကို မအိမ်ကံ စောင့်နေခဲ့သည်။ အရီး ကြာညွန့်လာမည့် အချိန်ကို စောင့်နေခဲ့သည်။ မနက်ဆွမ်းခံ ပြန် မောင်းတီးတော့မှ အရီးကြာညွန့် ရောက်လာခဲ့ပါ၏။ အရီးကြာညွန့် ၀င်းတံခါးဝ ရောက်သည်နှင့် မအိမ်ကံ ပြေးတွေ့သည်။ သိချင်လှပြီ မဟုတ်လား။
“မနေ့ညက အရီး သွားခဲ့သယ်။ မရောက်သာ ကြာပါပြီ အေရယ်။ မစံရွှေကြီး အတော်မမာ နေရှာသာကော။ စိတ်ထောင်း ကိုယ်ကြေဖြစ်ထင်ပါရဲ့။ စီးပွားကလည်း ကျ၊ လူကလည်း အိုပြီပဲ။ အရီးရောက်သွားတော့ နှိပ်ခိုင်းလို့ နှိပ်ပေးခဲ့ရသေးသယ်။ “န”နေရှာပါပြီအေ”
“ဘာဖြစ်သာတဲ့လဲ”
“အသက်ရှူ မ၀သာတဲ့။ ပါးစပ်က ဟစိဟစိနဲ့ အသက် ရှူနေရရှာသယ်။ ဗမာဆရာနဲ့တော့ ကုနေသယ်ပြောသာပဲ။ ရွာထဲလည်း ပြောသံမကြားပါဘူးအေ။ ခက်သာက သူတို့ကလည်း ဘယ်သူမှ လူမထင်ကြဘူးအေ့”
“မအိမ်ကံ သိချင်သာကော”
မအိမ်ကံက သိချင်တာကို အလျင်စလို မေးလိုက်သည်။ ကြီးတော်စံရွှေတို့ အိမ် ဒါမှမဟုတ် သာအောင်နှင့် ရွှေမှုံတို့ ခွဲနေသည်ဆိုသော အိမ်၊ တစ်အိမ်အိမ်မှာ မအိမ်ကံ မျှော်လင့် ထားသော လူတစ်ယောက် ရှိရမည်ဟု တွက်ထားခဲ့သည်။ အရပ်ပုပုဆိုသူ လူက ဘုန်းကြီးပျံပြီးတာနှင့် ပြန်ချင်လည်း ပြန်သွားနိုင်သည်။ ရှိချင်လည်း ရှိနိုင်သည်။ မအိမ်ကံက မြားတစ်ချောင်း ပစ်ကြည့်လိုက်ခြင်း ဖြစ်၏။ အရီးကြာညွန့်က မဖြေသေးဘဲ အနားက ထင်းပုံပေါ် တက်ထိုင်သည်။ စကား များများ ပြောစရာ ရှိသည့်ပုံ။ မအိမ်ကံကလည်း လိုက်ထိုင် လိုက်သည်။ မလှအုံကပင် “တူအရီးနှစ်ယောက် နေစရာ ထိုင်စရာ ရှားလို့တော်”လို့ လှမ်းအော်နေပါ၏။
“အရီး ရောက်သွားတော့ အကောင်ပု မရှိတော့ဘူး။ သည်လိုအေ။ အရီးပြန်မယ် လုပ်တော့ မစံရွှေက သူ့ချွေးမ အကြီးမကို ဆန်သုံးပြည် ထည့်ပေးလိုက်စမ်းလို့ ခိုင်းတော့ ကွမ်းတောင်ကိုင်မ မိကြည်သန်းက ဆန်လိုက်ခြင်ပေးသယ်။ ဒါနဲ့ အရီးက ညည်းတို့အိမ် ဟိုရက်က အရပ်ပုပုနဲ့လူ တစ်ယောက် တွေ့ပါသယ်။ သူရင်းငှားလားဆိုတော့ မဟုတ်ဘူးတဲ့။ အမေ့တူတဲ့၊ တူဆိုပေသိ ခပ်ဝေးဝေးထဲကပါတဲ့။ သမုန်းကိုင်းက ခဏလာနေသာတဲ့။ ကိုယ်မကောင်းဘူးလို့လည်း ပြောသယ်။ မအိမ်ကံပြောသဲ့ အရပ်ပုပုလူဆိုသာ အဲသည်ကောင် ဖြစ်မှာပဲ”
ဟုတ်ပြီ။ အကုန်လုံး ထင်ထားသည့် အတိုင်း ဖြစ်နေခဲ့ပြီ။ မြဲရာ သံပတ် ကျပ်ရာသပ်ပင်း သည့်ထက် ခိုင်စရာ မရှိ။ မအိမ်ကံ ကျောင်းကို မီးရှို့ခိုင်းတာ သင်းပဲဖြစ်ရမည်။ ကိုယ်ရေရောဂါသည်၊ သမုန်းကိုင်းသား၊ လည်ပင်းမှာ တဘက် တစ်ထည် ခွတင်ထားတတ်တဲ့လူ။ အရပ်ပုပု။ သမုန်းကိုင်းကို မအိမ်ကံ ငယ်ငယ်က ရောက်ဖူးသည်။ ဇောင်ချမ်းကုန်းနှင့် ဝေးလှသည်။ ကြီးတော် စံရွှေနှင့် သွေးဝေးသော တူတော်သူ၊ ဇောင်ချမ်းကုန်းကို အရောက်အပေါက် နည်းသူလည်း ဖြစ်ပြန်ဆိုတော့ လက်ထောက်ချခိုင်းလိုက်တာ ဖြစ်မည်။ ထားပါဦးတော့။ ဘာဖြစ်လို့များ စာသင်ကျောင်း ကလေးကို မီးရှို့ရတာလဲ။ အရီးကြာညွန့်က ဆက်ပြောနေပြန်ပါ၏။
“မအိမ်ကံ၊ ညည်းက ငါ့ကျေးဇူးရှင်ပါအေ။ ငါမှန်သဲ့ စကားတစ်ခွန်းတော့ ပြောစမ်းပါရစီ။ မစံရွှေဆိုသာကလည်း ငါ့ကို ကျွေးမွေးနေသာပါပဲ။ သူတကာ့အပေါ် မကောင်းပေမယ့် ငါ့အပေါ်တော့ ကောင်းရှာပါရဲ့။ ပြီးခဲ့သဲ့ နှစ်နှစ်လောက်က အရီးကို စကားတစ်ခွန်း ပြောဖူးသယ်။ ငါ့ဝမ်းထဲ ငါထားခဲ့သဲ့ စကားပါအေ။ တစ်ဖက်နား မရောက်ကောင်းသဲ့ စကားပါ”
“ပြောပါ အရီးရဲ့။ မအိမ်ကံ သည်းခံနိုင်ပါသယ်”
“အော်...မအိမ်ကံနဲ့ သူနဲ့ ဖြစ်ခဲ့သဲ့ ကိစ္စဟောင်းကို ပြောသာပါ။ ငါ့ဘ၀မှာအေ ဆင်းရဲတုန်းကလည်း ဆင်းရဲ ခဲ့ပါရဲ့။ ချမ်းသာတော့လည်း သူတကာ့ ခေါင်းပေါ် မော်ခဲ့ရပါရဲ့။ ဒါပေမယ့် ကန်တော့ပွဲရွက်ပြီး ဘယ်သူ့ကိုမှ မတောင်းပန်ခဲ့ ရဖူးဘူးတဲ့။ သာအောင် တစ်ချက် မှားသာနဲ့ ငါ့မလဲ ဗန္ဓရ သရက် ပိုးချက်မကင်း ဖြစ်ရသယ်။ ငါ့တစ်သက် မကျေဘူးတဲ့”
“တစ်သက်မကျေတော့ နှစ်သက်ပေါ့ အရီးရယ်။ မအိမ်ကံ မမှားဘူး။ သူတို့မှားသာ။ မအိမ်ကံကတော့ ကျေခဲ့ပါပြီ။ အခုတစ်ခါ အိုးကွဲ ရေမလုံ ဖြစ်ရပြန်ပြီကော”
Saturday, October 24, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ