Thursday, October 15, 2009

မအိမ့်ကံ(11)

မအိမ်ကံက နောက်ကို တကြည့်ကြည့်။ ထိုစဉ်မှာပင် မအိမ်ကံတို့ လှည်းနားကို စက်ဘီးတစ်စီး ရောက်လာခဲ့သည်။ လှည်းရံတိုင်ကို လှမ်းကိုင်လိုက်သည့် ကိုပြေသိမ်းကို မအိမ်ကံ တွေ့လိုက်ရသည်။ ၀မ်းသာလိုက်သည့်ဖြစ်ချင်း။ မြို့သားက သည်တစ်ခါတော့ ယောပုဆိုးနှင့် ပင်နီချောထည်ကို သန့်သန့် ကလေးဝတ်ထားပါ၏။ မအိမ်ကံက လှည်းတွေကို အရပ်ခိုင်း လိုက်သည်။


"မနက်က စောစောကလေး ထွက်လာခဲ့ဖို့ပါပဲ မအိမ်ကံ။ အကြောင်းကလေးပေါ်လို့ သွားရပါတယ်။ စိတ်ကတော့ တစ်မနက်လုံး အင်း တစ်ညလုံးဆိုပါတော့လေ ရောက်နေမိပါရဲ့။ မအိမ်ကံအတွက် ရှင်မတောင်သနပ်ခါးတုံးကလေးတွေ လက်ဆောင်ပေးချင်လို့ပါ"


စက်ဘီးကယ်ရီယာပေါ်မှာ ညှပ်တင်လာသော သနပ်ခါး တောင်းကလေးကို ကိုပြေသိမ်းက ဖြုတ်ယူလိုက်သည်။ စက်ဘီးထောက်ကို ထောက်လိုက်ပြီး မအိမ်ကံရှိရာ လှည်းနောက်မြီးဆီ ရောက်လာခဲ့၏။


"ရှင်မတောင်သနပ်ခါးတော့ စစ်ပါရဲ့။ ကျွန်တော် သနပ်ခါးတုံး မရွေးတတ်ပါဘူး။ ကောင်းမကောင်းတော့ ကျွန်တော့် နှမများကံပဲ။ ဟိုနှမလေးအတွက်က နှစ်တုံးပါ။ ရော့ ရော့ ဟောသည် တောင်းကလေးကတော့ မအိမ်ကံအတွက်ပါဗျာ"


မြင်းခြံဝါးခြင်းတောင်းကလေးထဲမှာ သနပ်ခါးတုံးတွေ အပြည့်။ မိန်းကလေးပီပီ မအိမ်ကံ သနပ်ခါးတုံးကလေးတွေကို အမက်သား။ ကိုပြေသိမ်း ကမ်းပေးလိုက်သော ခြင်းတောင်းကလေးကို လှမ်းယူလိုက်ပြီး သနပ်ခါးတစ်တုံး ယူနမ်းလိုက်သည်။ မွှေးလိုက်တဲ့ သနပ်ခါး။ လူပျိုတစ်ယောက်က ပေးသော သနပ်ခါးတုံးကို သူ့ရှေ့မှာပဲ နမ်းကြည့်မိပါပကော။ အပွေးကောင်း၊ အသွေးရင့်၊ အတုံးကျစ်သော သဘာဝ သနပ်ခါးတုံးကလေးတွေ။


"အားနာစရာကြီး ကိုပြေသိမ်းရယ်။ တန်ဖိုးသေးမှာ မဟုတ်ဘူး။ ကျေးဇူးများတင်ပါရဲ့"


"ကျွန်တော့်နှမများအတွက် ဘာလက်ဆောင်ပေးရမလဲ စဉ်းစားနေတာဗျ။ မိတ်ဆွေဆိုင်က သနပ်ခါးပင်ရင်းဆိုင်ဆိုတော့ သည်အတိုင်းဆွဲလာရတာပဲ။ ပိုက်ဆံတောင် မပေးခဲ့ရ သေးပါဘူး"


ကိုပြေသိမ်း အရွှန်းဖောက်လိုက်သော စကားကြောင့် မအိမ်ကံမှာ ရယ်လည်းရယ်ချင်၊ စိတ်မကောင်းလည်း ဖြစ်ရပါ၏။ ကိုပြေသိမ်းကတော့ သနပ်ခါးခြင်းတောင်းကလေး ပေးပြီးကတည်းက လှည်းနောက်မှာရပ်ရင်း မအိမ်ကံကိုပဲ ကြည့်နေတော့သည်။



"မအိမ်ကံ"


"ရှင်"


"အပြန်လမ်းမှာ သတိဝီရိယတော့ ထားသွားပါဗျာ။ ဆရာကြီးအိမ် အ၀င်အထွက်ကို ပုလိပ်တွေက စောင့်ကြည့်နေကြလို့ပြောတာပါ။ ကြောက်လည်း ကြောက်မသွားပါနဲ့။ ဆရာကြီးရေးပေးလိုက်တဲ့ စာကို သတိထားဖို့လိုတယ်"


မနေ့ညနေက လမ်းမှာ ကိုပြေသိမ်း လှည်းခဏအရပ်ခိုင်း ကတည်းက မအိမ်ကံ ရိပ်စားမိပါ၏။


"လူကိုများ ဖမ်းကြဦးမှာလားရှင်။ ဖမ်းရင်လည်း လိုက်ဝံ့ ပါရဲ့"


"မအိမ်ကံ မကြောက်တတ်မှန်း ကျွန်တော်သိပါတယ်ဗျာ။ လူကိုလည်း စိုးရိမ်တာအမှန်ပါ။ ကျွန်တော်က ကိစ္စ ကလေးတွေသာ ပြတ်ရင် ဇောင်ချမ်းကုန်းအထိ လိုက်ပို့ချင် ပါရဲ့"


"ဇောင်ချမ်းကုန်းမှာ အသိရှိလို့လားရှင့်။ ဆရာ ဘယ်မှာ တည်မှာတုံး"


"အလို ဆရာဆိုပါရောလား။ ပွဲကတော်ကြီးတို့ ပြောလိုက်တယ် မှတ်ပါတယ်။ ကိုပြေသိမ်းပဲ ခေါ်ပါဗျာ။ ဇောင်ချမ်းကုန်းမှာတော့ သူကြီးအိမ်တည်းမှာပေါ့။ သူကြီးသမီးကို သနပ်ခါးတုံး လက်ဆောင်ပေးထားတာကောခင်ဗျ"


မအိမ်ကံက မျက်နှာကလေးကို ချစ်စဖွယ်ပြုံးလိုက်ရင်း က ကိုပြေသိမ်းကို နှုတ်ဆက်လိုက်သည်။


"ကိုင်း မအိမ်ကံတို့ သွားပြီနော် ဆရာကိုပြေသိမ်း။ ရွာကို စောစောရောက်ချင်လို့ပါ။ စာအတွက်တော့ စိတ်ချလို့သာ နေပါတော့နော်"


ကိုပြေသိမ်းက တစ်ခါဖြင့် ခွဲရပြီဆိုသည့် မျက်နှာဖြင့် မအိမ်ကံကို တစ်ချက်စိုက်ကြည့်လိုက်သည်။ မအိမ်ကံ ရင်ထဲကို ထွင်းဖောက်သွားသော အကြည့်ဆိုတာကို မအိမ်ကံပဲ သိပါသည်။ စက်ဘီးကို လှည်းက ခွာလိုက်ကာ နှုတ်ဆက်ရှာပါ၏။


"ဆရာလေး သွားပြီးနှော"


ကျေးဥကပင် နှုတ်ဆက်လို့ နေပါပကော။ မအိမ်ကံ တို့လှည်းတွေ ထွက်လာတော့ ကိုပြေသိမ်းတစ်ယောက် နေရာ က မရွေ့သေးတာကို မအိမ်ကံမြင်နေရသည်။


မြင်းခြံမြို့အထွက်ကို လှည်းတွေရောက်သည်အထိ မောင်းလာခဲ့ကြသည်။ မြင်းခြံမြို့အထွက်မှာ ထနောင်းပင်တန်း ကြီးရှိသဖြင့် အရိပ်တော့ကောင်းလှသည်။ ထနောင်းပင်တန်း ကိုကျော်ပြီး မြင်းခြံမြို့ရိပ်က လွတ်သည်နှင့် နေကို မျက်နှာ ပြုရတော့၏။ နွားတွေကို သနားလှသော်လည်း အရိပ်ကောင်း ရောက်အောင် ဖိုးတုတ်ကို ခပ်သွက်သွက်ပင် မောင်းခိုင်း လိုက်သည်။ လှည်းပေါင်းမိုးထဲသို့ လုံးဝင်လာသော ဖုန်လုံး များကြောင့် ဖျင်တဘက်ကလေးကိုထုတ်ကာ မအိမ်ကံ ခေါင်းပေါင်းလိုက်သည်။ နွားတွေပင် ချွေးစို့လာကြပြီ။ ရှေ့မှာတော့ ကုက္ကိုပင်ရိပ် ကောင်းကောင်းကို လှမ်းမြင်နေရသည်။ ခရီးတစ်ထောက်နားဖို့ မအိမ်ကံ စိတ်ကူးလိုက်ပါ၏။ ထိုစဉ် မှာပင် မအိမ်ကံတို့ လှည်းသုံးစီးနောက်သို့ စက်ဘီးလေးစီး ဖြင့် ပုလိပ်သားများ လိုက်လာကြောင်း မအိမ်ကံ လှမ်းမြင် လိုက်ရသည်။ ရင်ထဲမှာ တစ်ချက်ထိတ်သွားခဲ့၏။ စက်ဘီးလေးစီးက မအိမ်ကံတို့လှည်းများကို ပန်းတက်သွားကာ ခပ်ဝေးဝေး ကုက္ကိုရိပ်မှာ ရပ်လိုက်ကြသည်။ စက်ဘီးတွေပေါ်မှ ဆင်းကာ မအိမ်ကံတို့ လှည်းတွေအလာကို စောင့်နေကြတာ မြင်ရတော့ မအိမ်ကံ သဘောပေါက်သွားသည်။


"ဖိုးတုတ်တို့၊ ကျေးဥတို့ ဘာမေးမေး စကားဦးမသန်း ကြနဲ့။ ပုလိပ်မေးရင် ငါဖြေမယ်"


"ဆရာကြီးပေးလိုက်သဲ့စာကော"


"ရင်ပုံထဲမှာ"


ပုလိပ်သားတွေက မအိမ်ကံတို့ လှည်းသုံးစီးကို လမ်းဘေးချရပ်ခိုင်းသည်။ လူနှစ်ယောက်မှ စက်ဘီးပေါ်က ဆင်းကာ လှည်းသုံးစီးကို တစ်ပတ်ပတ်ကြည့်သည်။ ခါးကြားမှာ ခြောက်လုံးပြူးတွေချိတ်ထားတာ မြင်တော့ ဖိုးကူးမှာ နေစရာ မရှိ။ အစ်ကိုဖြစ်သူကိုကွယ်ကာ ပုလိပ်တွေကို ချောင်းကြည့်သည်။ မအိမ်ကံက ဖျင်တဘက်ကို ဖုန်တွေ မွှန်ဟန်ဖြင့် မျက်နှာကို အုပ်ပေါင်းထားသည်။ ကြောက်ရွံ့ဟန် တစိုး တစ်စိ မပါဘဲ ရဲရဲကြီး ပြန်ကြည့်နေခဲ့သည်။ မျက်နှာပေါက် ဆိုးဆိုးနှင့်လူက တုတ်တိုတစ်ချောင်းကို ခပ်တင်းတင်းကိုင် ထားကာ သူ့လက်ဝါးကို သူ တဖျပ်ဖျပ် ရိုက်နေသည်။ တစ်ယောက်ကတော့ မျက်နှာခပ်ပြုံးပြုံး။ သို့သော် သွေးအေး အေးနှင့် ရက်စက်မည့်ပုံမျိုး။


"ဘယ်ကများ ပြန်လာကြတာပါလိမ့်"


"မြင်းခြံက ပြန်လာတာပေါ့ရှင်။ ရွာလှည်းတွေ မြင်းခြံ လာဈေးဝယ်တာ ထူးဆန်းနေလို့လား"


မအိမ်ကံ မျက်နှာတည်တည်ဖြင့် ပြန်ပြောလိုက်တော့ မေးသူပင် ကြောင်သွားသည်။


"ကျုပ်တို့က တာဝန်ရှိလို့မေးနေတာ။ ဘယ်ရွာက လှည်းတွေလဲ"


"ဇောင်ချမ်းကုန်းက ဇောင်ချမ်းကုန်းသူကြီး ဦးသာထန်ရဲ့သမီး မအိမ်ကံ"


သူကြီးသမီးဆိုသည့် စကားကို မအိမ်ကံ တမင် ထည့်ပြောလိုက်ခြင်း ဖြစ်သည်။ တကယ်လည်း ထိရောက်သွားခဲ့ပါ၏။ မျက်နှာထားတွေ ပြောင်းသွားကြ သည်။ မအိမ်ကံ လှည်းပေါ်က လျှောဆင်းလိုက်သည်။ မျက်နှာကို အုပ်ပေါင်းထားသည့် ဖျင်တဘက်ကို ဖယ်လိုက်သည်။ ချောမောလှပသည့် မိန်းမပျိုကလေးတစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လိုက်ရတော့ အံ့သြသွားကြသည်။ မျက်နှာထားဆိုးဆိုးနှင့် ပုလိပ်က လှည်းပေါ်က အထုပ်တွေကို ကိုင်ထားသည့် နံပါတ် တုတ်နှင့် လှမ်းထိုးသည်။ မအိမ်ကံ၏ မျက်နှာကလေး ရဲခနဲ ဖြစ်သွားလေသည်။


"တုတ်နဲ့မထိုးပါနဲ့။ ရှင်တို့ရှာချင်ရင် တစ်လှည်းလုံးဖွင့်ရှာ။ ရှင်တို့ဗမာတွေ မဟုတ်ဘူးလား။ ကိုယ့်လူမျိုးချင်း မသင်္ကာဖြစ်နေကြသလား။ ဘုန်းကြီးရဟန်းလှူမယ့် ပစ္စည်းတွေရှင့်"


အထုပ်တွေကို တုတ်နှင့် ထိုးနေသော ပုလိပ်ပင်လန့်သွား၏။ မအိမ်ကံ အသံက မာလွန်းလှသည်။ နှုတ်စလျှာစ ကောင်းလှသဖြင့် ကုက္ကိုပင်အောက်မှာ စက်ဘီးထောက်ထောက်ရပ်နေသော ကုလားပုလိပ်နှစ် ယောက်ပင် ပြူးခနဲ လှမ်းကြည့်ကြသည်။ ပုလိပ်တွေက အကဲမလှကြောင်း သိကြဟန်ဖြင့် လိုရင်းကို မေးကြသည်။


"သခင်မြတ်သာနှမပေါ့။ သခင်မြတ်သာ ရွာမှာလား"


"အစ်ကိုနဲ့ ကျွန်မတို့မိသားစု မတွေ့ကြတာ တစ်နှစ် လောက်တောင်ရှိပြီ။ ဘယ်မှာရှိသလဲဆိုတာ ကျွန်မ မသိဘူး။ ကျွန်မ မြင်းခြံကို အထည်လာရောင်းသာ"


"ကျုပ်တို့သိပါတယ်။ ဆရာကြီးဦးဘခင်အိမ်ကို ၀င်ကြသေးတယ် မဟုတ်လား"


"၀င်ပါ့ရှင်။ ကျေးဇူးရှင်အိမ်ပဲဟာ ၀င်ရာသာပေါ့။ ကန်တော့ရသာပေါ့။ ဘာများဖြစ်လို့ပါလိမ့်ရှင်"


ပုလိပ်နှစ်ယောက်က ဘာမျှ မပြောကြတော့ဘဲ နောက်လှည်းတွေဘက် လျှောက်သွားကြသည်။ လှည်းပေါ် ပါလာသမျှ လူတွေကို လှည်းအောက်ဆင်းခိုင်းကာ ပုလိပ်သား လေးယောက် ၀ိုင်းထားကြ၏။ သစ်ခေါက်တွေ၊ ၀န်စည် စလယ်တွေကို ဖွင့်ခိုင်းကြသည်။ လှည်းပေါ်ခင်းလာသည့် ဖျာစမကျန် လှန်လှောရှာကြတာတော့ တဆိတ်လွန်လွန်း လှသည်။ မအိမ်ကံက မျက်နှာကလေးတင်းကာ ပုလိပ်တွေ လှုပ်ရှားသမျှ မျက်တောင်မခတ် ကြည့်နေမိ၏။ ဘာမှ မတွေ့ တော့မှ မအိမ်ကံတို့ကို သွားဖို့ခွင့်ပြုသည်။ မျက်နှာထား ဆိုးဆိုးပုလိပ်က ကျေနပ်ဟန်မတူ။ မအိမ်ကံကို မဲနေခဲ့သည်။


"ကျုပ်တို့က တာဝန်အရ ဆောင်ရွက်နေတာ ကလေးမ။ စကားကို ကောင်းကောင်းပြောပါ။ သွားတော့ ရပြီ"


"ကျွန်မပြောတဲ့ စကားထဲ ဘာများအမှားပါသွားလို့လဲ ပုလိပ်မင်းရဲ့။ ဖိုးတုတ် မောင်း ရွာအ၀င် နောက်ကျရော့မယ်။ အရေးထဲ အရာပေါ်"


မအိမ်ကံက လှည်းပေါ် တင်ပါးလွှဲတက်လိုက်ရင်း ဗျစ်တောက်ဗျစ်တောက်လုပ်သည်။ လှည်းတွေကို မောင်းခိုင်းလိုက်တော့ ဖိုးတုတ်က နွားအမြီးကိုဆွဲကာ ကြိမ်တို့လိုက်သည်။ နောက်လှည်းတွေပါ အိခနဲ မောင်းလိုက်လာကြ၏။ ပုလိပ်တွေက ချက်ချင်းမပြန်ကြသေးဘဲ ကုက္ကိုပင်အောက်မှာ ရပ်ကြရင်း မအိမ်ကံတို့ လှည်းတွေကို ကြည့်နေကြသည်။ ပုလိပ်တွေနှင့် ဝေးသွားတော့ ဖိုးကူးက လက်ဝါးတစ်ချက် ဖြောင်းခနဲ ရိုက်ချလိုက်ရင်းက ဆိုသည်။


"ကျုပ်ဖြင့် ကြောက်လိုက်သာ၊ ကျောကိုချမ်းနေသာပဲ။ မမ ကံကတော့ ပုလိပ်ကိုတောင်ငေါက်ပစ်သာ၊ အားရချက်တော့"


"ဟုတ်ပါ့ ဖိုးကူးရယ်။ ငါဖြင့် မရိုသေ့စကား လှည်းပေါ်တင် ဖျန်းဖျန်းပါရော့ အောက်မေ့သာ။ မအိမ်ကံက မကြောက်ဘူးတော် အာဂမိန်းမ"


မအိမ်ကံကို နောက်လှည်းက လှည်းသမားတွေကလည်း ချီးကျူးကြသည်။ သူကြီးတပည့် သုံးယောက်ကလည်း မအိမ်ကံကို ဖြုံသွားကြပါ၏။ မအိမ်ကံတော့ ကြောက်စိတ် မရှိဘဲ တစ်ခွန်းမခံ ပြန်အော်နိုင်ခဲ့တာကိုပဲ သူ့ကိုယ်သူလည်း အံ့သြမိရပါ၏။ အပြစ်ကဘာလဲ။ ဆရာကြီးအိမ်ဝင်လို့လား။ သခင်မြတ်သာနှမမို့လား။ အင်္ဂလိပ်မင်း မကြိုက်လောက်သည့် ပစ္စည်းတွေ တင်လာသည်ထင်လို့လား။ တောသူတောင်သား တွေဆိုတော့ နည်းနည်းပါးပါး ခြောက်လန့်တာလည်း ဖြစ်နိုင် သည်။ သူ့ကိုတောင် သည်လောက်ဖြစ်နေလျှင် အစ်ကို မောင်မြတ်သာ၊ ကိုပြေသိမ်းတို့၊ ဆရာကြည်တို့လို လူတွေကို ဘယ်လောက်တောင် လိုက်နေကြမည်မသိ။


တိုင်းရေးပြည်ရေးကို ခရေစေ့တွင်းကျ နားလည်လှ သည်တော့မဟုတ်ပါ။ သို့သော် ပုလိပ်တွေက မြန်မာတွေ ဖြစ်နေကြပြီး ကိုယ့်လူမျိုးအချင်းချင်း ဒုက္ခပေးချင်နေကြတာ ကိုတော့ စိတ်မချမ်းသာ။ သည်ကိစ္စ အဖေများသိလျှင် ဘာ ပြောမည်မသိ။ အမေပန်းရုံကတော့ မိန်းမသားပီပီ အစိုးရိမ် ကြီးရှာလိမ့်မည်။ မြင်းခြံကိုမှ လွှတ်ပါတော့မလား။ ရက်ကန်း ရုံကလေးထူထောင်ပြီးကာမှ ရပ်ပစ်ရတာမျိုးတော့ အဖြစ်မခံနိုင်။ ရက်ကန်းထည်ကလေးတွေ ရက်နိုင်သမျှ ပေါ်လာသည့် ငွေကို မအိမ်ကံ အစ်ကို့အလုပ်အတွက် အားလုံးလှူဖို့ ရည်စူး ပြီးသားဖြစ်သည်။


ညနေလုံးကြီး ရွာတန်းတွေပေါ် မေးတင်သွားပြီဖြစ်သော်လည်း သဲပူ၊ ဖုန်ပူကို ရုန်းရသဖြင့် နွားတွေပန်းလှသည်။ ခရီးမတွင်ဘဲ ရှိနေသည်။ သည်တော့ နွားတွေကို မှန်မှန်ပဲ မောင်းဖို့ ဖိုးတုတ်ကို ပြောလိုက်သည်။ ဖိုးကူးကတော့ ကြောက်စိတ်ကလေး ခုနေလို့ ထင်ပါရဲ့။ ရာကျော်ဇရပ်မှာ မနားတော့ဘဲ ရွာဝင်တောက်လျှောက် မောင်းစေချင်နေသည်။ မအိမ်ကံ က လူရော၊ နွားပါ ခဏတအောင့် နားဖို့ ဆုံးဖြတ်ထားပါသည်။ နွားတွေအစာကျွေး၊ ရေတိုက်လုပ်ရင်း ချွေးသိပ်စေ ချင်သေးသည်။


"ရာကျော်ဇရပ်မှာတော့ နားမှပေါ့ ငါ့မောင်ရယ်။ နွားတွေ ပန်းနေပါ့မယ်။ သည်ဘက်ရောက်မှတော့ ကိုယ့်နယ်ထဲရောက်ပြီပဲ ဘာမှကြောက်စရာမလိုပေါင်ဟယ်။ ပွဲကတော်ကြီး ထည့်ပေးလိုက်တဲ့ထမင်းတွေ စားကြဦးစို့။ဆာသလိုလိုတောင်ရှိပါရဲ့"


နေကလေးစောင်းသည်နှင့် ရာကျော်ဇရပ်ကို လှမ်းမြင်ရပြီ။ မြင်ရသလောက် ဇရပ်တစ်ဝိုက် လှည်းတစ်စီးမှ မရှိပါ။ မအိမ်ကံတို့လှည်းတွေ ဇရပ်ဦးတိုက် ရပ်လိုက်ကြကာ နွားတွေချွတ်ကြသည်။ ရာကျော်ဇရပ်ပေါ်တက်ပြီး ညနေခင်းစာ စားဖို့ပြင်ကြ၏။ ပွဲကတော်ကြီးက ခရီးစာဆိုတော့ ငါးရံ့ခြောက်ဖုတ်ကို ဆီရွှဲရွှဲဆမ်းပေးလိုက်သည်။ အချဉ်သနပ် တစ်ချိုင့်နှင့် ငရုတ်သီးငါးပိချက်၊ လက်ဖက်ချိုင့်၊ ငါးကျောက်ဖိကို ထန့်ထန့်ကလေးချက်ကာ ထည့်ပေးလိုက်သေးသည်။ ထမင်းတစ်အိုးကလည်း အမောက်။ ထမင်းတောင်း လှပ်လိုက်ကတည်းက ဆာလို့ထင်ပါ၏၊ စားလိုက်ကြစမ်းဆိုတာများ။


"တို့မလည်း ပုလိပ်လိုက်လို့ ထင်ပါရဲ့ဟယ် စားကောင်း လိုက်သာ။ ပတ်ထုတ်လို့ မရဘူး"


မအိမ်ကံစကားကြောင့် အားလုံးကရယ်ကြသည်။ ဖိုးတုတ်ရော ဖိုးကူးပါ လူပျိုပေါက်သန်သန်ကြီးတွေဆိုတော့ သီးသီးလုံးလောက် ထမင်းလုပ်ကြီးတွေ နင့်နင့်ကြီး စားနိုင် ကြပါ၏။ သူကြီးတပည့်တွေကတော့ ညနေထန်းရည်သောက်ဖို့ ရှိလို့လား မပြောတတ်ပါ။ စကောစကကြီးပါ မအိမ်ကံ ရယ်။ မစားတော့ပါဘူး ဆိုကြ၏။ ဘာပဲဖြစ်ဖြစ် ရာကျော်ဇရပ် ရောက်မှတော့ ရွာခြေနီးပြီ။ လှည်းလမ်းလေးခွစုံ ဇရပ်ဆိုတော့ ဟိုရွာသည်ရွာကလှည်းတွေ တစ်ကြောင်း မဟုတ် တစ်ကြောင်း ဆိုက်နေကျ မဟုတ်လား။ ညနေပိုင်းဆိုတော့ ခရီးသွားတွေလည်း ပါးကုန်ကြပြီ။


ထမင်းစားပြီး လှည်းပြန် ကောက်ကြကာ ရွာခရီးဆက် ဖို့ ပြင်ကြရပြီ။ လှည်းတွေလမ်း ပေါ်အတက်မှာတော့ အရှေ့ဆီက မြင်းတစ်စီး အပြင်းစိုင်းလာတာကို မြင်လိုက်ကြရသည်။ မြင်းစီးသူက ဖျင်ကြမ်းအင်္ကျီ ၀တ်ထားပြီး ပခုက္ကူခေါင်းပတ် စောင်ကို မင်းသားပေါင်း ပေါင်းကာ အမြိတ်စလေးထုတ် ထားပါ၏။ မျက်နှာမှာတော့ ဖုန်ခိုးတွေကို ကာသည့်အနေ ဖြင့် ပ၀ါတစ်စဖြင့် မျက်နှာ တစ်ခြမ်း အုပ်ထားသည်။ မြင်း စီးလူက လှည်းတွေရှေ့ ကျော် တက်သွားပြီးမှ မြင်းကို ပြန် လှည့်သည်။


လှည်းပေါ်က လူအားလုံးလိုလို ရင်တွေဖိုသွားကြပါ၏။ လာပြန်ပြီကော။ မအိမ်ကံက လှည်းကတ်ကြမ်းနှင့် လှည်းကတ်အိမ်အခြေမှာ ကပ်ထားသော ဓားရှည်လက်ကိုင်ရိုးကို လက်နှင့် စမ်းထားလိုက်သည်။ ခရီးဝေးသွားကြပြီဆိုလျှင် လှည်းတွေပေါ်မှာ ဓားရှည်တစ်လက်စီတော့ ပါနေကျ။ လမ်းခရီးမှာ လုချင်ယက်ချင်သူတွေ ကလည်း မရှားဘူးမဟုတ်လား။မအိမ်ကံက မြင်းစီးသမား တစ်ယောက်တည်း ဟုတ်ရဲ့လား။ ဘေးဘီဝဲယာကို လည်ကလေးဆန့်ကာ လှမ်းအကဲ ခတ်လိုက်သည်။ မြင်းသမားက မြင်းကို တဒေါက်ဒေါက် နင်းလာကာ မအိမ်ကံတို့ လှည်းအနီးမှာရပ်လိုက်သည်။ ခေါင်းပေါင်းကို ဖြေချလိုက်သည်။ ပြီးမှ မျက်နှာပေါ်က ပ၀ါစကို ရစ်ဖြုတ်လိုက်လေ၏။ မအိမ်ကံပင် အံ့သြလွန်း၍ ယောင်ယမ်း မိတော့သည်။


"အို..."


(ဆက်လက်ဖော်ပြပါမည်)

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ