Saturday, October 24, 2009

မအိမ်ကံ(39)

သည်ကြားထဲ သက်တော် ကိုးဆယ်ကျော်ပြီဖြစ်သည့် ရွာဦးဆရာတော် ဘုရားကြီး ပျံလွန်တော်မူခဲ့သည်။ ဇောင်ချမ်း ကုန်းကို မဏ္ဍိုင်ပြု၍ နရန်းရွာတွေကပါ ဆရာတော်ကြီး ဈာပနကို ၀ိုင်းကြရသည်။ ခေတ်အခါကလည်း မကောင်း၊ ရွာကလည်း ကျပ်တည်းနေချိန်ဖြစ်သော်လည်း သက်တော်ကြီး၊ ၀ါတော်ကြီး ဆရာတော်ကြီး၏ အန္တိမ ဈာပနပွဲကို စည်ကားသိုက်မြိုက်အောင် ပူဇော်ချင်ကြသည် ဖြစ်၍ ကိုပြေသိမ်းကိုပင် တာဝန်ပေးလာကြပါ၏။ ၀ါဆိုဝါခေါင်လ ထဲမှာ ပျံတော်မူရှာတာဆိုတော့ ဘုန်းကြီးပျံပွဲကို ခြေခင်း လက်ခင်းသာသည့် တပေါင်းလအထိ ရွှေ့ဆိုင်းကြရသည်။ သို့သော် သည်လတွေကတည်းက စီမံစရာရှိတာ စီမံကြရသည်။ ဘုန်းကြီးပျံပွဲ အတွက် ဘုန်းကြီးပျံသိုင်းတွေ၊ ယိမ်းတွေ တိုက်သည့်ရွာတွေက တိုက်နေကြပြီ။ ဒိုးမောင်းသံ တညံညံ။

“သမီးရေ ဆရာရော ဒကာပါ ဘ၀တစ်ပါးပြောင်း သွားရှာပြီ။ ညည်းအဖေများ သူကြီး ဆိုပေသိ ဆရာတော်က ခေါ်ငေါက်ရင် နေစရာ မရှိရှာဘူး။ ကိုရင်၊ ကျောင်းသားများ ဆရာ ဘုန်းကြီးကို ကြောက်သလို ချစ်ကြောက်ရှာသယ်။ ဆရာတော် ပျံလွန်တော်မူတော့ ညည်းအဖေလည်း သတိရပါ့အေ”

အမေပန်းရုံက သတိတရ ညည်းရှာပါ၏။ ကိုပြေသိမ်းလည်း အမျိုးသားရေးစိတ် ပြင်းထန်သော ဆရာတော်ကို နှမြောလွန်းလှသည် ဆိုပါသည်။ မအိမ်ကံ တချို့ညတွေမှာ သမီးနှစ်ယောက် လက်ဆွဲကာ မောင်းဆိုင်းဝိုင်းဘက်ကို ရောက်သွားတတ်သည်။ ရွာမှာ မောင်းဆိုင်း ကောင်းကောင်း မရှိတော့ ဟိုကဒိုး၊ သည်ကနှဲ၊ ဟိုချောင်က မောင်း စသည်ဖြင့် စုရခြင်းဖြစ်၏။ ဘုန်းကြီး ပျံသိုင်း တိုက်သံတွေက ညီလှသည်။ ဆရာတော့် ဈာပနက လာမည့် တပေါင်းလမှ ဆိုသော်လည်း ရက်လအားဖြင့် ခြောက်လလောက်သာ ကျန်တော့သည်။ ကိုပြေသိမ်းက ရပ်ရွာလူကြီးများနှင့် တိုင်ပင်ကာ ကြည့်ချင်ပွဲကြိုငှားထား ရပြီ။ ဧယဉ်ကျူး မင်းသမီး ငှားထားရပြီ။ စပ်ပန်းချီဆရာကို ခေါ်ပြီး မဏ္ဍပ်၊ စင်ယှဉ်၊ လောင်တိုက်တွေ အပ်ရပြီ။ တည်းကျောင်း မဏ္ဍပ်တွေ ထိုးရန် တာဝန်ခွဲဝေပေးကြရသည်။ ရေကိစ္စ၊ ထင်းကိစ္စ၊ ဧည့်ခံကိစ္စတွေ တာဝန်ခွဲဝေရသည်။

“အစ်ကိုလည်း ပင်ပန်းရှာပြီ။ ရပ်ရွာ ကိစ္စတွေကလည်း အစ်ကို့ခေါင်းပေါ် ပုံကျနေပြီနော်”

“ရပါတယ် အိမ်ကလေးရယ် ကိုယ့်ရွာဆိုတော့ ကိုယ်ပါ ရမှာပေါ့။ ဘာလိုလိုနဲ့ ရက်နီးနေပြီ”

“ဟိုရက်က မောင်းဆရာဦးကျန်က မောင်းငှားရသာ ခက်သယ်တဲ့။ တခြားရွာပွဲတွေနဲ့ တိုက်နေရင် ငှားမရဘူးဆို လို့ မအိမ်ကံ ရွာပိုင် မောင်းဆိုင်းတစ်ဆင်စာ လှူလိုက်ချင် သယ်။ နောင်ဘ၀ အသံကောင်းအောင်လို့...”



ကိုပြေသိမ်းက ရယ်သည်။ ဇနီးဖြစ်သူကို ကြည့်ရင်း ပြုံးသည်။ မအိမ်ကံက ရွာကို မကြာခဏ လှူနေကျ။ လိုအပ်မှု အပေါ်လှူနေတာ ဆိုတော့ ကိုပြေသိမ်း သိလိုက်တာရှိသလို မလိုက်တာလည်း ရှိသည်။ နောက်တော့လည်း ပြောပြရှာ ပါ၏။

“အိမ်ကလေး သဘောပါဗျာ။ အစ်ကိုကတော့ သည်လို သဒ္ဓါစိတ်ရှိတဲ့ အတွက် အိမ်ကလေးကို ပိုလို့တောင် ချစ်မိပါ သေးသဗျာ”
သမီးနှစ်ယောက်ကတော့ ညတိုင်လျှင် မောင်းဆိုင်းဝိုင်း ဘက်သွားချင်နေကြသဖြင့် အားသူက အားသလိုပို့ကြရပါ၏။ ဘယ်သူကမှ မပို့လျှင် အမေပန်းရုံက ဗျစ်တောက် ဗျစ်တောက်။ သည်လိုဆိုတော့ မလှအုံ အလှည့်ကျလေ၏။

တပေါင်းလ။
ဘုန်းကြီးပျံပွဲကြီးက မထင်မှတ်လောက်အောင် စည်ကား လွန်းလှပါသည်။ ဇောင်ချမ်းကုန်း ဆရာတော်ဆိုသော်လည်း သက်တော်ကြီး ၀ါတော်ကြီး ဆရာတော်ဖြစ်၍ ရွာနီးရွာနား တွေကလည်း ဆရာရင်းနှင့် မခြား လေးစားကြည်ညိုခြင်း ခံရသည့် ဆရာတော်ကြီး ဖြစ်သည်။ ဆရာတော်ကြီး၏ သက်တော်ဂုဏ်၊ ၀ါတော်ဂုဏ်၊ သီလသိက္ခာ ပညာဂုဏ်တို့ကို နောက်ဆုံး ပူဇော်ကြသည့် ပွဲဆိုတော့ ရွာပေါင်းစုံက လူပေါင်းစုံ၊ လှည်းပေါင်းစုံ ရောက်လာကြသည်။ ဇောင်ချမ်းကုန်းရွာ အရှေ့ကွင်းကြီးသည်လည်း မျက်စိတစ်ဆုံး ပွဲတော်ကွင်းကြီး ဖြစ်နေတော့သည်။ တစ်ရွာလျှင် တည်းကျောင်း တစ်ကျောင်း ကျ လာရောက်ပူဇော်ကြရာမှာ အရွာရွာက “တည်းကျောင်း” မဏ္ဍပ်တွေ များလှသည်ဖြစ်ရာ ကွင်းပင် မဆန့်ချင်တော့။ “တည်းကျောင်း”တစ်ကျောင်းနှင့် တစ်ကျောင်းကူးရသည်ပင် မလွယ်။ နေပူခေါင်ခေါင်ကြီးမှာ ခေါင်းပေါင်းကြီးတွေပေါင်း ကာ ချွေးပြိုက်ပြိုက် ဆူနေသည့်ကြားက သည်လိုပွဲမျိုး နွှဲလိုက်မဟဲ့။ ဆရာတော်ကြီးကို ပူဇော်ကန်တော့လိုက်စမ်းမဟဲ့ ဆိုသည့် မျက်နှာများဖြင့် ကြိတ်ကြိတ်တိုး စည်းကားလွန်း လှပါ၏။

သည်နေ့ သည်ရက်မှာမှ တစ်ပြိုင်နက်တည်း ပူဇော်ကြ ရတာဆိုတော့ အရွာရွာက သိုင်းပြာသာဒ်ကြီးတွေကလည်း တယိမ်းယိမ်း တနွဲ့နွဲ့သိုင်းနင်းကာ ပူဇော်ကြသလိုတည်း ကျောင်းမဏ္ဍပ်ကြီးတွေဆီက ဆိုင်းသံဗုံသံတွေကလည်း တခြိမ်းခြိမ်း။

“ဒကာ၊ ဒကာမနဲ့ တပည့်တွေဟာ ဆရာဘုရားရဲ့ က၀ိထေရ်ကိုတော့ မနေနိုင်၊ မထိုင်နိုင်အောင် လွမ်းကြတာမို့ ပြည်ခရိုင်ကြဋ္ဌန်းမှာ ဒါယကာတွေမှန်သမျှရယ်က သံဃာတွေပါလွမ်း သံဃာတွေပါလွမ်း...”

“ယောက်ျားမောင် ဘသားလေးလေး (တောက်)
မြေကကောက်လို့ တစ်ထောက်ချီ ခင်ဗျ ဒူးပေါ်ညီညီ မြှောက်လိုက်ကြစို့ (တောက်)”

သိုင်းရိုက်သံတွေ တတောက်တောက် တဖြောင်းဖြောင်း ညံနေသည့်ကြားကို မအိမ်ကံတို့ သားအမိတစ်တွေ မတိုးနိုင်ကြ။ ပြာသာဒ်ဖျားက ၀ါးညွန့်ကလေး တယိမ်းယိမ်း တနွဲ့နွဲ့ လှုပ်တာကိုပင် ငေးကြည့်နေရပါတော့၏။

“ယောက်ျားမောင် ဘသားလေးလေး (တောက်)
ဒူးကမြှောက်လို့ တစ်ထောက်ချီခင်ဗျ ပခုံးပေါ်ညီညီ မြှောက်လိုက်ကြစို့ (တောက်)...”

ဒူးပေါ်ကနေ ပခုံးပေါ်တင် မြှောက်လိုက်ကြပြီဆိုလျှင်တော့ သိုင်းကွက်နင်းကာ သိုင်းကကြတော့မည်။ လူတွေ တိုးသထက်တိုး စည်သထက် စည်လာခဲ့ပြီ။ မအိမ်ကံတို့မှာ ထွက်ပေါက် မရှိအောင် လူအုပ်ကြားထဲ ပိတ်မိနေလေတော့ သည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြိုင်သိုင်းနင်းကြပြီဆိုလျှင် ပိုလို့ သာ ဆိုးတော့မည်။ မအိမ်ကံက ရွာခံတည်းကျောင်း မဏ္ဍပ် ထဲမှာပဲ ဣနြေ္ဒရရ ထိုင်ကြည့်တော့မည် စိတ်ပိုင်း ဖြတ်လိုက်ပါ၏။ “တည်းကျောင်း”ထဲ ၀င်ထိုင်လိုက်မိလျှင်လည်း ပြန်ထွက် နိုင်ဖို့ မလွယ်။ သည်တော့ အိမ်ပြန်ဖို့ရာသာ စဉ်းစားရတော့သည်။

“လာ လာ သမီးတို့ အိမ်ခဏပြန်ရအောင်။ ဧည့်သည်တွေ ရှိသေးသယ်။ ညနေကျမှ ဒွေးအုံကို တစ်ခေါက်လိုက် ပို့ခိုင်းမယ်နော်”

ကလေးနှစ်ယောက်ကို လက်ဆွဲကာ မအိမ်ကံ လူအုပ်ကို တိုးထွက်ခဲ့သည်။ ဘယ်ဘက်တိုးရပါ့။ ရွာပေါင်းစုံက လှည်းတွေက ပွဲတော်ကွင်းနှင့် ခပ်လှမ်းလှမ်း နောက်ဘက်မှ အထပ်လိုက် ၀ိုင်းပတ်ကာရပ်ထားကြသည်။ ပေါင်းမိုးလှည်းကြီးများ ဖြစ်၍ လှည်းတစ်စီးလျှင် မိသားစုတွေကလည်း အပြည့်။ ပွဲတော် ကွင်းထဲမှာလည်း ဟိုရွာကသိုင်း၊ သည်ရွာသိုင်း ပြေးကြည့်ကြသူတွေ၊ ဟိုမဏ္ဍပ်က ဧယဉ်ကျူးကောင်းနိုးနိုး၊ သည် မဏ္ဍပ်က ဧယဉ်ကျူးကောင်းနိုးနိုးဖြင့် “တည်းကျောင်း” တစ်ဆောင်က တစ်ဆောင် ကူးလူးနေကြသူတွေ။ နှစ်ပေါင်း များစွာ အတွင်း သည်ဘုန်းကြီးပျံပွဲလောက် စည်ကားသိုက် မြိုက်သည့်ပွဲ မရှိခဲ့ကြောင်း ရှေးမီနောက်မီ လူကြီးသူမများ ကပင် ပြောစမှတ်ပြုရပါ၏။

“ဟဲ့ သားအမိတွေ ဧယဉ်ကျူး မကြည့်ခဲ့ကြဘူးလား ဟဲ့”

မအိမ်ကံတို့ အိမ်ရောက်တော့ မလှအုံက ဆီးမေးသည်။ မအိမ်ကံက ပွဲတော် ကွင်းထဲတိုးနိုင်ဖို့ မလွယ်ကြောင်းပြောပြ တော့ မလှအုံက “ကတဲမှအေ၊ ညည်းတို့များ အဖြစ်မရှိချက်တော့။ ငါ့မြေးတွေ တစ်သက်တစ်ခါ ကြုံရသဲ့ပွဲ ပြမှပေါ့အေ့။ လာ ဒွေးအုံ လိုက်ပြမယ်” ဆိုကာ ကလေးနှစ်ယောက်လက် ဇောင့်ခနဲ ဆွဲကာ ထွတ်သွားလေတော့၏။

မအိမ်ကံတို့ အိမ်မှာလည်း ရွာလှည်းတွေ အပြည့်။ အိမ်ပေါ် အိမ်အောက် လူမဆံ့လို့ တချို့ကို ရက်ကန်းရုံထဲမှာပဲ နေရာချထားရပါ၏။ ထနောင်းတိုင်က ရောက်လာကြသော ဆွေမျိုးတွေကချည်း လှည်းလေးစီးတိုက်ဆိုတော့ အိုးကြီးချက် ချက်ပြီး ကျွေးမွေး ဧည့်ခံနေကြရသည်။ မလှအုံနှင့် ကျေးဥတို့ မနိုင်ကြတော့ ကြည်တော်ကုန်းက မကြီးနှင့် မငယ်တို့ အဖွဲ့ကို ခေါ်ကာ အိုးအပ်ရသည် အထိ။ မအိမ်ကံတို့ အိမ်မှ မဟုတ်၊ ရွာလုံးကျွတ် အိမ်ပေါက်စေ့ ဧည့်သည် မရှိသည့် အိမ်ရယ်လို့ မရှိ။ ဧည့်များများလာလေ ဂုဏ်ရှိလေ အောက်မေ့ကြသည်မို့ မရှိတာ ရှိတာထား တန်းစေ့လမ်းစေ့ လှူနိုင်တန်းနိုင်၊ ကျွေးနိုင် မွေးနိုင်အောင် ကြိုတင်ရှာဖွေ ချေးငှားကျွေးကြ၊ မွေးကြ သူတွေလည်း ရှိပါ၏။ အဝေးဧည့်တွေအတွက် ဇာတ်ပွဲတွင် ဖျာခင်းနေရာ ဦးထားရတာလည်း ရှိသေးသည်။ ဇာတ်က မြင်းခြံမြို့မှ နာမည်ကြီးဇာတ် ဖြစ်၍ ထိုဇာတ်မှ မင်းသမီးကြီး အောင်သန်းစိန်က ဧယဉ်ကျူး အလောင်းပိုက်ရမှာ ဖြစ်သည်။ ပရိသတ်က ဒါကိုလည်း အားခဲထားကြပါ၏။

“မအိမ်ကံရော ညည်းတို့ ညပွဲကြည့်ကြဦးမှာလား”

“မကြည့်တော့ပါဘူး အမေ။ အမေ့မြေးတွေကလည်း အိပ်ကြမှာပါ။ အမေတို့ ကြည့်ကြပါ”

ကိုပြေသိမ်း၏ မိခင်က မေးခြင်းဖြစ်၏။ ထနောင်းတိုင်က ဆွေမျိုးဧည့်တွေကတော့ မအိမ်ကံ အထူးဧည့်ခံစရာ မလိုပါ။ ခင်သီ တစ်ယောက် ပါလာတာကိုပဲ အားကိုးရလှပြီ။ ဖိုးတုတ်တို့ ညီအစ်ကိုကလည်း ရေစည်လှည်းတိုက်နေရာက ပြန်မလာကြ။ ဘုန်းကြီးပျံကွင်းမှာ သောက်ရေအိုး အလုံး တစ်ရာကို မအိမ်ကံ ကုသိုလ်ယူခဲ့သည်။ ရေအိုးရော ရေပါ လှူဒါန်းခဲ့ခြင်း ဖြစ်ပါ၏။

ညနေစောင်း နေကျပြီဆိုကတည်းက ဒုံးတွေ လွှတ်ကြ ပြီ။ ဒုံးကြီးတွေက ဆယ်ပေလောက်ရှိသော ဖယောင်းတိုင် ကြီးများနှင့်ပင်တူ၍ ဒုံးလွှတ်သည်နှင့် ပရိသတ်အော်သံကြီးတွေ ဟိန်းထွက်လာတော့၏။ ပွဲကွင်းက ညနေစောင်းလေ မြိုင်လေ။ အဝေးရွာလှည်းတချို့က နေချိုမှရောက်လာကြကာ ရွာလမ်း တစ်လမ်းလုံး ဖုန်တွေ သောသော ထနေကြလေ၏။ မလှအုံတို့ တူဝရီး တစ်တွေ ပြန်မလာတော့ မအိမ်ကံလိုက်ဖို့ ပြင်ရပြီ။

ကိုပြေသိမ်းကတော့ ပွဲတော်ကွင်းထဲမှာ အရွာရွာက လူကြီးတွေနှင့် အတူ ရှိနေလိမ့်မည်။ ခင်သီကို အဖော်ခေါ် ပြီး မအိမ်ကံ ပွဲကွင်းဘက် ထွက်ခဲ့သည်။ ပွဲတော်ကွင်းထဲ ရောက်တော့ ရွာတည်းကျောင်းကို တန်းမသွားသေးဘဲ သိုင်း အဖွဲ့တွေကို တစ်ဖွဲ့လျှင် နှစ်ရာနှုန်းဖြင့် အဖွဲ့ရှိသလောက် ဆုချခဲ့သေးသည်။ ရွာတည်းကျောင်းဝမှာလူတွေ ပိတ်ပိတ် သည်းလျက်ရှိ၏။ မင်းသမီးကြီး အောင်သန်းစိန်ပင် ဧယဉ် ကျူးနေခဲ့ပြီ။

“ကြော့ပါပေ့ဘုရာ့ ကန်တော့ကာလေ ပဏာမရယ်နဲ့ ဈာပနတော်စီမံပုံကောင်းလိုက်တာက ပြည်တန်တဲ့ အလောင်း ဆွေးချက်ကယ်ဖြာ လေးမျက်နှာပန်းတွေမံလို့ နန်းဝေယံရှုချင် ဖို့ တစ်ခန်းသာပ အများအတိဓဇနဲ့သဒ္ဓါဗလ၀ အခြေကောင်း သော်လည်း ဆရာတော်ဘုရာ့ အားမရှိကြပါဘု ဒကာ ဒကာမ ပြေရွာအပေါင်း...”

မအိမ်ကံက တည်းကျောင်းထဲ မျက်စိတောင်းမှောက် ရှာရသည်။ တွေ့ပါပြီတော် မလှအုံတို့ တူဝရီးတွေ။ စင်အလယ် တည့်တည့်နေရာမှာ ကျကျနနကြီး ထိုင်ကြလို့။ ဇာတ်စင်ပေါ် က မင်းသမီး ဧယဉ်ကျူးနေတာကို မလှအုံက အောက်ကနေ မျက်ရည်တို့ကာ တို့ကာ ငိုနေလေ၏။ သမီး နှစ်ယောက်ကတော့ မင်းသမီးကို ငေးနေကြသည်။ မအိမ်ကံက တစ်ဆင့် တစ်ဆင့်လက်တို့ပြီး မလှအုံတို့ တူဝရီးတွေကို ပွဲခင်းထဲက ဆွဲထုတ်ရပါ၏။ ကလေးတွေက မပြန်ချင်ကြ။

“ရေချိုးကြဦးလေ သမီးတို့ရဲ့။ ဒွေးအုံလည်း ဧည့်သည်တွေ ထမင်းကျွေးရဦးမှာ။ ညကျတော့ ထနောင်းတိုင်က အမေကြီးတို့နဲ့ ပွဲကြည့်ကြ ဟုတ်လား”

မလှအုံကတော့ ဧယဉ်ကျူးထဲ နစ်မျောပြီး မျက်ရည်တွေ ကျရလွန်း၍ထင့်။ ပွဲခင်းထဲက ထွက်လာတော့ မျက်လုံးတွေ နီပြီး လမ်းလျှောက်တာတောင် ဇိုးတိုးဇတ်တပ် ဖြစ်နေလေ၏။ မအိမ်ကံတို့ ပြန်လာတော့ လမ်းမှာ သွားသူပြန်သူတွေ အပြည့်။ တစ်နေကုန် တစ်နေခန်း ပွဲတော်ကွင်းတစ်ကွင်းလုံး ရုန်းရုန်းရင်းရင်း ရှိနေခဲ့သော်လည်း ညပွဲဦးထွက်ချိန်မှာတော့ ကွင်းလည်း ငြိမ်လေပြီ။ ဇာတ်စင်ရှေ့ ပွဲခင်းကတော့ လူများလွန်း လှ၍ ပွဲခင်းလျှံထွက်နေပါ၏။ ပွဲဆိုင်းက ဧည့်ခံတီးပြီး၍ ပွဲထွက်ခရာ သုံးကြိမ်မှုတ်လေပြီ။ အားလုံးက ပြည်ဖုံးကား ကြီးဆီမှာ အာရုံတွေရှိနေကြပါ၏။

ထိုစဉ်မှာပင်...။
ရွာကင်းဆီက သံချောင်း မွှေသံကြီး ကြားလိုက်ရလေသည်။ တစ်ကင်းမှ တစ်ကင်းကူးသွားသော သံချောင်း မွှေသံတွေက ကမ္ဘာပျက်တော့မလား မှတ်ရပါ၏။

(ဆက်လက်ဖော်ပြပါမည်)




ခင်ခင်ထူး

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ