ယခင်လမှ အဆက် ...
၂၅။
"ဆရာကြည် ရေတိမ်နစ် ရှာပြီပေါ့။ ရင်ထဲ မကောင်းလိုက်တာ အစ်ကိုရယ် "
မအိမ်ကံ အသံက တိုးလွန်း လှသော်လည်း မျက်ရည်တွေက ချောင်းကြီး ရေကျ စီးနေသည်။ ဆရာကြည့် နိုင်ငံရေး စိတ်ဓာတ်က ပြင်းပြ လွန်းတာကိုလည်း မအိမ်ကံ သိတန် သလောက် သိပါ၏။ ပြောစရာ ရှိလျှင် ဘယ်သူ့မျက်နှာမှ မထောက်။ တိုင်းပြည် ကိစ္စ၊ လူမျိုး ကိစ္စ ဆိုလျှင် ဒိုးဒိုးဒေါက်ဒေါက် ရှိသူလည်း ဖြစ်သည်။ ရွာဆေးဆရာ ဆိုသော်လည်း နိုင်ငံရေး စိတ်ဝင်ပြီ ဆိုကတည်းက ဆေးကုပင့်ခေါ်လျှင်ပင် မလိုက်တော့။ အိမ်မှာ အခိုးပွင့်ဆေး တစ်ဖုံ ကောင်းကောင်းဖော်ထားပြီး ငှက်ပျောဖူး ပုလင်းများဖြင့် ထည့်ထားကာ လူနာ လာပင့်သမျှ ဆေးတစ်ဖုံကိုသာ ပေးသည်ဆို၏။ သားသမီးတွေက ဆေးကုစေချင်ကြသော်လည်း ဆရာကြည်က မကုတော့ပါ။
"တိုင်းပြည်က ငန်းမန်းကြီးလိုက်နေတာ အရင်ကုကြရမှာ ပေါ့ကွယ်။ လူနာက ငါမကုလည်း သူတကာ ဆေးဆရာတွေ ကုကြလိမ့်မယ်။ နောက်များ ငါ့ကို ဆေးကုဖို့ မပြောကြနဲ့"
သားသမီးတွေကို အဲသလို ငေါက်တတ်သူ ဖြစ်သည်။ တချို့က မျိုးချစ်ပုဂ္ဂိုလ် အဖြစ် ကြည်ညိုကြသကဲ့သို့ တချို့ ကတော့ လူ့တစ်ယူသန် အဖြစ် စကား ထည့်ချင်ကြသည်။ မအိမ်ကံကတော့ မြင်းတစ်စီးနှင့် ပွဲလာကြည့်ခဲ့သော ညကို သတိရ နေမိသည်။ အစ်ကိုမောင်မြတ်သာက မြင်းကြီးနှင့် ဆရာကြည်လာ လျှင် စာတစ်စောင် ပေးခိုင်း ခဲ့ဖူးတာ မှတ်မိနေသည်။ ဆရာကြည်နှင့် အဖေဦးသာထန်တို့ မတည့်ကြသော်လည်း အစ်ကို မောင်မြတ်သာ ကိုတော့ ချစ်ခင် ရှာသည်။ ဂျပန်တွေ ၀င်လာတော့ ကိုယ်တိုင် အိမ်ကို ရောက်လာကာ "သူကြီးရေ ခေတ်ကာလ မကောင်းတော့ဘူး၊ သတိဝီရိယနဲ့ နေပါရော့" ဟု မှာ သွားခဲ့သေးသည်။ အခုတော့ ဆရာကြည် ကိုယ်တိုင် သတိဝီရိယနှင့် မနေခဲ့ရှာသလား။ ကိုပြေသိမ်းနှင့် မအိမ်ကံတို့ အရှေ့ အာရှလူငယ် အစည်းအရုံး တာဝန်ဖြင့် ရွာတွေကို လှည့်ကြတော့ ဆရာကြည်က လူငယ်တွေထက်ပင် ခြေသွက် နေခဲ့သေးသည်။ အိုကြီးအိုမရယ်လို့ ဖင့်နွှဲလေးကန် မရှိ။ သွက်လက် ချက်ချာ ရှိလှပါ၏။
ကိုပြေသိမ်းက မျက်ရည်တွေ စိုစိုလူးနေသည့် ဇနီးသည်၏ မျက်နှာကလေးကိုကြည့်ရင်း စိတ်မကောင်း ဖြစ်နေပုံရသည်။ သူကိုယ်တိုင်ကလည်း ၀မ်းနည်း နေရှာပါ၏။ သည်သတင်းက ဇောင်ချမ်းကုန်း တစ်ဝိုက် ဘယ်လောက်များ ချောက်ချားနေမှာ ပါလိမ့်။ အဖေတို့အမေတို့ ခမျာ ဘယ်လောက်များ စိတ်ပူနေကြ ရှာလေမလဲ။ သည်လို တွေးမိတော့ မအိမ်ကံ ငေါက်ခနဲ ထပြန်ချင်တော့သည်။ ကိုပြေသိမ်းက မအိမ်ကံ ပခုံးကို ဖက်ရင်း ပြောနေပါ၏။
"ဆရာကြည်က ကိုယ်၊ နှုတ်၊ နှလုံး မစောင့်စည်း နိုင်ရှာဘူး ထင်ပါရဲ့ကွယ်။ ဂျပန်ဆိုတဲ့ ကောင်တွေက ပါးပါးကလေး ရယ်။ ဘယ်လောက်တောင် ပါးကြသလဲ ဆိုရင် အင်္ဂလိပ်တွေ ဘာမှ မလုပ်နိုင်ခင် ဂျပန်တွေက စီးမိနေကြပြီ။ စင်ကာပူ ခံတပ်ကြီး ပေါက်သွားတာသာ ကြည့်တော့ အိမ်ကလေး။ အင်္ဂလိပ်တွေ၊ သြစတြေးလျတွေ၊ ကုလားတွေ စစ်သား တစ်သိန်းလောက်နဲ့ ခံထားတဲ့ကြားက ဂျပန်တွေက ရေတပ် စစ်သင်္ဘောနှစ်စင်းကို နှစ်ပစ်လိုက်တာ ကြည့်တော့။ ပုလဲဆိပ်ကမ်းမှာ အမေရိကန် ရေတပ် ရှုံးတယ်"
မအိမ်ကံ နားလည်လေသလား၊ မလည်လေသလားပင် အမှတ် မထားတော့ဘဲ ကိုပြေသိမ်းက ယူကျုံးမရစွာ ပြောနေခြင်း ဖြစ်ပါ၏။ ရန်ကုန်မှာ လူထိ ဗုံးတွေကြဲချခဲ့ကြပြီ။ မီးလောင် ဗုံးတွေ ချခဲ့ကြသည်။ ရန်ကုန်နှင့် မန္တလေးဘက်က လူတွေ ရွာတွေဘက်ကို ဖြစ်သလို ပြေးကြရသည်။ ရရာမီးရထားများ၊ မော်တော်ကားများနှင့် မြို့က ဝေးနိုင်သမျှ ဝေးအောင် ရှောင်ကြ ရသည်။ လူတွေ ပြေးရာနောက် စစ်က လိုက်လာခဲ့လေပြီ။
"သည်လို ကာလကြီးမှာ ကိုယ့်တိုင်းပြည်ဘက်က နာကြ သူတွေချည်းပဲလို့ ထင်ရင်မှားပြီ။ ဂျပန်ဘက်က နာသူတွေလည်း ရှိတာပဲ။ ခေတ်အပျက်မှာ ပိုက်ဆံ ရရ၊ အာဏာရရ၊ အခွင့်အရေး ရရဆိုတဲ့ လူတွေ အများကြီး ရှိတယ်။ အစ်ကို စိုးရိမ်တာက ဆရာကြည်ကို နှိပ်စက်ရင်း ဘာလျှို့ဝှက်ချက်တွေများ ပေါ်ကုန်သလဲ ဆိုတာပဲ"
"အစ်ကို့များ ထိခိုက်နေဦးမှာလား အစ်ကိုရယ်"
"မပြောနိုင်ဘူးပေါ့ အိမ်ကလေးရယ်။ ဘာသတင်းရထား ကြသလဲမှ မသိတာပဲ။ အသားထဲက ထွက်တဲ့ လောက်ကောင်တွေကြောင့် ဖြစ်ရတာတော့ သေချာတယ်"
ကိုပြေသိမ်း စကားကြောင့် မအိမ်ကံခမျာ မျက်နှာကလေး ညိုရပြန်သည်။ လင်နှင့်မယား ဖြစ်လာမှတော့ လင့်နိုင်ငံရေးသည် သူ့နိုင်ငံရေး ဆိုတာလည်း မအိမ်ကံ နားလည်ပါ၏။ ဒါဖြင့်ရင် လင့်နိုင်ငံရေးကို မအိမ်ကံ တကယ် သိသလား ဆိုတော့လည်း သိရှာတာ မဟုတ်။ မအိမ်ကံ မသိတာတွေ အများ ကြီးရှိလိမ့်မည်။ မအိမ်ကံ သိစရာ မလိုတာတွေ များလှရော့မည်။ ထနောင်းတိုင်မှာပဲကြည့်လေ။ စစ်ရှောင်သူတွေ ရောက်နေကြပြီ။ တချို့က အနောက်မြစ် ခေါ်ကြသည့် ချင်းတွင်းမြစ်ကို ဖြတ်ကျော်ကြတာတွေလည်း ကြားရပါ၏။ ထိုနေ့က မအိမ်ကံ ရင်ထဲ မလင်းတော့ပါ။ ဝေဒနာ တစ်မျိုးက ဖိစီးနေတော့သည်။
နောက်တစ်နေ့မှာပဲ ကောက်ကာ ငင်ကာ ပြန်ကြဖို့ စီစဉ်ကြသည်။ ခေတ်အခါ မကောင်းတော့ မိဘများကရော၊ ဆွေမျိုး တွေကပါ မပြန်စေချင်ကြ။ ထနောင်းတိုင်မှာပဲ နေစေချင်ကြသည်။ ခက်သည်က မအိမ်ကံမှာ မိအို၊ ဖအိုတွေ ရှိကြသေးသည်။ မပြန်လို့ မဖြစ်တော့လည်း ခွင့်ပြုကြ ရရှာပါ၏။ ဇောင်ချမ်းကုန်းက ခမည်းခမက်များ အတွက် လှည်းတစ်တင်စာ ၀ယ်ခြမ်း ပေးလိုက်ကြသည်။ မိဘနှစ်ပါးကို ကန်တော့ ကြတော့ ဆုတွေ ပေးကြသည်။ ထနောင်းတိုင်က လှည်း တစ်စီးကို ငှားထည့်ပေးလိုက်ကြသည့် အတွက် ပစ္စည်းတွေရော၊ လူတွေပါ လှည်းကြီး နင့်နေတော့၏။ ကိုပြေသိမ်းရော၊ မအိမ်ကံရော၊ ကျေးဥပါ ကျပ်ကျပ်သပ်သပ် လိုက်ကြရသည်။
လှည်းနှစ်စီး ခေါ်လို့ ရသော်လည်း ကိုပြေသိမ်းက တစ်စီးတည်းသာ စီစဉ်စေခဲ့သည်။ လှည်းတစ်စီးတည်း ဆိုတော့ ချိုးချိုး ချောက်ချောက် ရောက်သွားနိုင်သည် မဟုတ်လား။ နှစ်စီး၊ သုံးစီး ဆိုလျှင် လှည်းတန်းဖြစ်မှာ စိုး၍ ဖြစ်ပါ၏။ လှည်းသမားက ကိုပြေသိမ်းတို့နှင့် ရင်းနှီးသော လူရင်းဖြစ်၍ စိတ်ချရသည်။
"ဆရာလေးနှယ် အခုက လှည်းတွေကိုပါ ရှာနေကြသာ ဗျ။ ဟိုရက်က ကျုပ် တလုတ်မြို့က ပြန်တော့ ဂျပန်ကဖြတ် သမျှလှည်းရှာကြသာများ နွားစအိုထဲတောင် နှိုက်ကြတော့မယ့် အတိုင်းပဲ။ လက်နက်တွေ ကျုပ်တို့ဘက် ၀င်နေသယ်ကြားလို့ သဲ့"
လှည်းသမားက သူ့ကိုယ်တွေ့ ပြောပြခြင်း ဖြစ်သည်။ သီချင်းနှင့် တခြားစီပါလား။
"+++ ကမ္ဘာသစ် အခါသစ် ဗမာသစ်ပေါ်ပြီ +++ တစ်သွေးတည်း တစ်သံတည်း တစ်မိန့်တည်း +++ လွတ်လပ်တော့မည် +++ လွတ်လပ်တော့မည် +++ ဗမာပြည် လွတ်လပ်တော့မည် +++ နိပွန်ကတိရပြီ +++"
ဒေါက်တာဘမော်က ရာထူး ပေးနိုင်သဖြင့် ဓားမပါတီ ဦးထုပ်နှင့် ဓားမပါတီ ဘောင်းဘီတွေ ခေတ်စားလှပါ၏။ ရာထူး လိုချင်သူတွေ ပဒူအုံ၊ ခါချဉ်အုံ မီးမြှိုက်သလို တရွရွ ပြေးနေကြသည်။ ဂျပန်တွေက မယုံကြသော်လည်း အရိပ်အကဲ ကြည့်နေကြသည်။ ပစ္စည်းတွေ ရှားပါးသည်။ စားစရာတွေ ရှားပါးသည်။ ဘုန်းကြီးကျောင်းတွေကို အုပ်ချုပ်ရေးရုံး လုပ်လာကြသည်။ ကားရှိသော်လည်း ဆီမရှိ။ အ၀တ် အထည်တွေကတော့ ဗမာချည်ထည် တွေကိုသာ အကောင်း လုပ်နေကြရပါ၏။ မြို့တွေမှာ ပစ္စည်း အရောင်းအ၀ယ်တွေ များနေကြသည်။ ငှက်ဖျားနှင့် ယားနာတွေ ပေါက်ကြသည်။ ၀ဲပေါက်လျှင် ကန့်မှုန့်ကို အုန်းဆီနှင့် ဖျော်ကာလိမ်းကြသည်။ အရက်တွေကတော့ ပေါလွန်းလှပါ၏။ ဒေါက်တာဘမော်က ရွှေဘိုမြို့မှ အလောင်းဘုရား အောင်မြေကို ရန်ကုန်သို့ သယ်ယူကာ အောင်မြေ ပျိုးတာတွေကိုလည်း ကိုပြေသိမ်း ကြားခဲ့ရသည်။ သည်ကြားထဲက မျိုးချစ်တွေ အကွပ်မျက်ခံ နေရတာကို ကိုပြေသိမ်း မခံချင်။ သူ့ရင်ထဲက စကားတွေ ပြောချင်လွန်းသော်လည်း အတူ ပါလာသည့် လှည်းသမားက တောသား၊ မယားက တောသူ ဆိုတော့ ကိုပြေသိမ်းမှာ မပြောသာဘဲ ရှိခဲ့သည်။ သည်တော့လည်း တောက်တစ်ချက် ပြင်းပြင်း ခေါက်မိရုံသာ။
"တောက်..."
မအိမ်ကံနှင့် ကျေးဥက အလန့်တကြား ကြည့်ကြသည်။ ကိုပြေသိမ်းက အံကြိတ်ထားကာ မျက်နှာကြီး နီရဲနေလေ၏။ ဆရာကြည့်အတွက် ယူကျုံးမရဖြစ်နေရှာပုံ ပေါ်ပါ၏လို့သာ မအိမ်ကံ တွေးလိုက်သည်။ လှည်းသမားလည်း ကိုပြေသိမ်း တောက်ခေါက်သံကြောင့် ငြိမ်သွားခဲ့ပါ၏။ လှည်းက တအိအိ ဖြင့် ရွေ့နေသည်။ လှည်းငဆီမထိုးနိုင်တော့သောတောလှည်းဆို တော့ လှည်းအီသံက ပျင်းစရာကောင်းလှသည်။ ကိုပြေသိမ်း က ရာကျော်ဇရပ်ကို မကျော်ချင်။ သို့သော် ဇောင်ချမ်းကုန်းကို ကျော်တော့မည်ဆိုလျှင် ရာကျော်ဇရပ်လမ်းဆုံကို မဖြတ်လို့မရ။ ဆရာကြည်ကို ဂျပန်စစ်ပုလိပ်နှင့် ကင်ပေတိုင်တွေက ရာကျော် ဇရပ်မှာ သုတ်သင် ခဲ့ကြသည် မဟုတ်လား။ ကိုပြေသိမ်းက လှည်းသမားဆီက သတင်းကြားချင်သဖြင့် မေးသည်။
"ရာကျော် ဇရပ်မှာ ဟိုရက်က အဘိုးကြီး တစ်ယောက် အသတ်ခံရဆို ခင်ဗျား ကြားသလား"
"အနောက်တန်း ရွာတွေဘက်က ဗိန္ဓောဆရာလို့ ပြောသာပဲ ဆရာလေးရ။ ကျုပ်မတွေ့ပေမယ့် ကိုစံဖူးတို့ လှည်းတွေ တွေ့ကြလို့ ပြောသာတော့ ကြောက်စရာပါဗျာ။ အလောင်းကို ပစ်ထား သာများ သပြေသီး ပုပ်ရောင်ထလို့သဲ့။ ရိုက်ထားသာ နေမှာပေါ့ ဆရာလေးရာ။ သည်ဘက်ရက်တွေတော့ ရာကျော် ဇရပ်နား သရဲခြောက်သယ်လို့ သတင်းတွေ ဖြစ်နေသယ်။ မြင်းကြီးနဲ့ လူတစ်ယောက် ရပ်ရပ်နေသတဲ့"
မအိမ်ကံပင် ကျောချမ်း သွားခဲ့သည်။ ကျေးဥက မအိမ်ကံ လက်ကလေးကို ဆုပ်ထားသည်။ ကိုပြေသိမ်းမှာ ကြားချင်သည့် သတင်းက တခြား၊ ကြားရတာက တခြား ဆိုတော့ စိတ်ပျက်သွားပုံရပါ၏။ "တော်စမ်းပါဗျာ" လို့သာ တားလိုက် ရတော့သည်။ ရာကျော်ဇရပ်ကို ဖြတ်တော့ လှည်းသမားက လှည်းကို သုတ်သုတ် မောင်းသည်။ ကိုပြေသိမ်းက ဇရပ် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေခဲ့သော်လည်း မအိမ်ကံနှင့် ကျေးဥက ခေါင်းတွေ ငုံ့ထားခဲ့သည်။ မအိမ်ကံတို့ ရွာကို ၀င်တော့ အချိန် လင့်လှပြီ။ မအိမ်ကံတို့ လှည်းပေါ်က ဆင်းကြတော့ မလှအုံက ဖွီဖွီဖတ်ဖတ် လုပ်ကြဦးလို့ သတိပေး၏။ ဖွီဖွီဖတ်ဖတ် ဆိုတာက မကောင်းသူ၊ မကောင်းသား ကပ်မပါအောင် ရေရွတ်ရခြင်း ဖြစ်သည်။ အမေပန်းရုံကတော့ သမီးနှင့်သမက် ပြန်ရောက်လာလို့ ၀မ်းသာနေရှာသည်။
"အမေက မအိမ်ကံတို့ နေကြဦးမယ် ထင်သာ။ ရောက်တော့လည်း ပြီးသာပါပဲကွယ်။ အမေတို့မှာ နေလည်း နေစေချင်ရဲ့၊ မျှော်လည်းမျှော်ရပါရဲ့။ မောင်ပြေသိမ်း ခဏနား ရေချိုးလိုက်ကြဦး။ ကျေးဥ မပြန်နဲ့ ကြီးတို့အိမ်မှာ ထမင်းစား"
ကျေးဥက လှည်းသမားနှင့် အတူ လက်ဆောင် ပစ္စည်းတွေ ၀ိုင်းချနေခဲ့သည်။ ဖိုးကူးလည်း ရောက်လာပါ၏။ မလှအုံက ဆရာကြည့် သတင်း ပြောချင်လှပုံဖြင့် မအိမ်ကံ အနားက မခွာ။ မအိမ်ကံကလည်း မသိသေးသည့် ပုံဖြင့် မလှအုံ အနား ကပ်နေလိုက်သည်။
"မအိမ်ကံ ညည်းတို့ ဆရာကြည့်သတင်း ကြားခဲ့ကြ လား"
"မကြားပေါင်၊ ဘာဖြစ်လို့လဲ။ မလှအုံဆီလာလည်လို့ လား"
"ဖွဟဲ့ တောစကား တောပျောက်။ ဆရာကြည် ဂျပန်သတ်လို့ သေပြီ။ ရာကျော်ဇရပ်မှာ အဲသာ"
"မဟုတ်သာ ပြောရော့မယ်။ ခုပဲ ရာကျော် ဇရပ်မှာ မြင်းကြီးတစ်စီးနဲ့ မားမားကြီးတွေ့ခဲ့ပါ့တော်"
မအိမ်ကံက ခပ်တည်တည် ပြောခဲ့ပြီး အိမ်ထဲ ၀င်လာခဲ့သည်။ မလှအုံကတော့ ခြေဖနောင့်က မြေမှုန့်ကို နဖူးပေါ် သပ်ရင်း မျက်လုံးပြူးကြီးနှင့် ကျန်ရစ်ခဲ့လေ၏။
၁၃၀၅ ခုနှစ်၊ ၀ါခေါင်၊ တော်သလင်း။
ဝါခေါင်၊ တော်သလင်း လတွေကတော့ အညာကျေး တောရွာတွေမှာ နေကြီး ကျောကွဲ ပူလွန်းလှဆဲ ဖြစ်သည်။ ပြီးခဲ့သည့် တန်ခူး၊ ကဆုန်၊ နယုန်လများဆီက ပုရစ်နုတွေ ဝေခဲ့သော သစ်ပင် ပန်းပင်တွေ အားလုံးလိုလို သစ်ရွက်စိမ်းတွေ ဝေခဲ့ပြန် လေပြီ။ ဇောင်ချမ်းကုန်းက အညာရွာ ဆိုသော်လည်း သစ်ရိပ် ၀ါးရိပ် သန်လှသည့်တိုင် မြစ်မနီး၊ ရေမနီးရွာ ဆိုတော့ အပူဒဏ်က ရှိန်ရှိန် ထနေတတ်လေသည်။ အခုတလော မအိမ်ကံ နေမကောင်း ထိုင်မသာ ရှိနေခဲ့ပါ၏။ မနက်အိပ်ရာ အထမှာ ခေါင်းမကြည်ချင်။ ရင်ထဲက ပျို့ချင်ချင်။ ဟိုဟာကလေး စားချင် သလိုလို၊ သည်ဟာကလေး ၀ါးချင်သလိုလို စိတ်ခံစားမှုတစ် မျိုးကလည်း ဖိစီးလျက် ရှိ၏။ အထိုင်အထ အသွားအလာကလည်း လေးလာသလိုလို ထင်မိသည်။
မလှအုံကတော့ မအိမ်ကံကိုကြည့်ပြီး ၀မ်းသာ ၀မ်းနည်း ဖြစ်နေရပါ၏။ တကယ်တမ်း ပြောကြကြေး ဆိုလျှင် မအိမ်ကံ ပလူမွေး ပလူတောင် ဘ၀ကတည်းက ရင်အုပ်မကွာ သိမ်းဆည်း စောင့်ရှောက် ခဲ့ရသူတွေထဲမှာ သူလည်းပါခဲ့သည်။ သူကြီးနှင့် သူကြီးကတော် မိဘနှစ်ပါးက ပေါက်ဖွားလာခဲ့သူ ဆိုပေသိ မလှ အုံသာ အထိန်းအချော့ များခဲ့ရသည်။ ထန်းစကားနှင့် ဆိုရပါလျှင် ကျေးမြီး လက်မြှောက် ဆင်ခြေပေါ် အရွယ်က စကာ ရည်ရ၊ ပင်ထွက် ထန်းပင် မားမားကြီး ဖြစ်ရသည် အထိ မအိမ်ကံ နှင့် ရင်အုပ်မကွာ ရှိခဲ့ရသည်။ မအိမ်ကံ၏ ကွမ်းတောင်ကိုင် ဖြစ်ချင်လွန်းလှသော စိတ်ဝေဒနာကို ပြေရာ ပြေကြောင်း သူပဲဖျောင်း ဖျခဲ့ရသည်။ မိခင်ရင်း ဒေါ်ပန်းရုံက အနှစ် နှစ်ဆယ်လုံးလုံး ကွမ်းတောင်ကိုင် မဖြစ်နိုင်မှန်း သိပါလျက် ဖုံးဖိ စောင့်စည်းထားသကဲ့သို့ မလှအုံကလည်း မထူးလှပါ။ ရင်နှင့်အမျှ ကြေကွဲစရာ ကောင်းလှသော ရက်စွဲတွေကို ရင်တထိတ်ထိတ် ရှိခဲ့ရသူသာ ဖြစ်သည်။ တကယ်တမ်း ကွမ်းတောင်ကိုင် မဖြစ်နိုင် တော့တာကို သိလိုက်သည့် နေ့က မအိမ်ကံ ပုံလဲကျသွားတာကို မလှအုံ မျက်စိထဲက မထွက်။ တစ်လျှောက်လုံး ကွမ်းတောင်ကိုင် ဖြစ်ချေရဲ့ဆိုသည့် မျှော်လင့်ချက်ကြီး ပြိုကျသွားသည့် နေ့က မအိမ်ကံ၏ ဝေဒနာကို မလှအုံပါ ရောယောင် ခံစားခဲ့ရသည်။
အမှတ်မထင် ရှိလှသော အဖြစ်အပျက် တစ်ခုကတော့ ဂျပန်စစ်ဗိုလ်နှင့် တွေ့ခဲ့ရသည့် အဖြစ်အပျက်ပင်။ မသေကောင်း မပျောက်ကောင်း၊ ကံကောင်း လွန်း၍သာ သေကံ မရောက်ခဲ့ရခြင်း မဟုတ်လား။ သည့်နောက်တော့ မအိမ်ကံ အိမ်ထောင် ကျခဲ့သည်။ မြို့သား၊ ကျောင်းဆရာ ပညာတတ်နှင့် ဘ၀ ဖက်ရလို့ ၀မ်းသာရပေသိ နှမြော စိတ်ကလေး မပျောက်ချင်။ မအိမ်ကံ ဘ၀နှင့် မအိမ်ကံ အကြောင်း အကောင်းတွေချည်း စုခဲ့သည်လို့တော့ မပြောသာပါ။ မအိမ်ကံမှာ မထင်သည့် ထောင့်က မထင်မှတ်သော အကြောင်း တစ်ရပ်ရပ် ခေါင်းမြီးခြုံကာ ၀င်လာတတ်တာ မျိုးတွေလည်း ကြုံခဲ့ရလှပြီ။ မအိမ်ကံမှာ ဝေဒနာ တစ်ခုခု ချင်ခြင်း မပြေရှိ နေရှာတာကိုလည်း လူ့အရိပ်အကဲ နောကျေသည့် မလှအုံအဖို့ သိသလိုလို ရှိခဲ့ပါ၏။ အခုလည်း မအိမ်ကံမှာ ကိုယ်ဝန် ရှိနေပြီလို့ မလှအုံ တွက်သည်။ သည်လိုဆိုပြန်တော့လည်း မလှအုံ ၀မ်းနည်းရသည်။ မလှအုံ စိတ်ထဲမှာ မအိမ်ကံက ကလေး သာသာ ဆံတောက်သိမ်းစ မိန်းကလေး အဖြစ်သာ ရှိသေးတာ မဟုတ်လား။
တစ်ရက်မှာတော့ မအေဖြစ်သူ ဒေါ်ပန်းရုံကိုပင် ပြောမိခဲ့သည်။
"အရီးပန်းရုံရယ်၊ ကျုပ်တော့ မအိမ်ကံ ကိုယ်လေး လက်ဝန် ရှိနေထင်သာပဲ။ ခါတိုင်း ငှက်မွေးကလေးလို လွင့်နေသဲ့ မိန်းမ။ ခုတလော လေးတေးတေး ကြီးလားလို့၊ အရီးကို ဘာပြောတုံး"
"ဘာမှတော့ မပြောဘူး လှအုံရဲ့။ ငါလည်း အကဲခတ် နေသာပါ။ ငါ့သမီးကလေး အပျိုဖော် ၀င်တုန်းကလည်း တစ်ခါ စိတ်မကောင်း ဖြစ်ရဖူးသယ်၊ ခုလည်း ကိုယ်လေး လက်ဝန် ရှိရှာ ပြန်ပြီရယ်လို့ တွေးမိတော့ ၀မ်းသာသလိုလို၊ ၀မ်းနည်းသလိုလို ပါအေ။ စိမ်းမြက မွေးမယ့်မြေးဦး ချီရမယ် ထင်သာ မအိမ်ကံက မွေးမယ့် မြေးဦး အရင်ချီရ ထင်ပါရဲ့အေ"
"အရီးနှယ် ကျုပ်ကော ဘာထူးမှာတုံး။ မအိမ်ကံကို ကျုပ်က ၀မ်းနဲ့သာ မလွယ်ရသာ သမီးကလေး အောက်မေ့ခဲ့ရသူ မဟုတ်လား။ အခု မပေါ့မပါးကြီးနဲ့ များလားလို့ တွေးမိရ ပြန်တော့ စိတ်ထဲ တစ်မျိုးကြီးပဲတော်"
"တစ်မျိုးတော့ ကောင်းသာပေါ့ လှအုံရယ်။ မြေးဦး ယောက်ျားကလေး ဆိုရင်တော့ ပရိက္ခရာ ရှစ်ပါး ရွက်ရပိုးရသဲ့ကု သိုလ်ရနိုင်သာပေါ့။ လှူရတန်းရမှာ တွေးပြီး ၀မ်းမြောက်ရသာပါ့။ တို့ကသာ တွေးနေသာပါအေ။ ညည်းညီမက ဟုတ်ချင်မှလည်း ဟုတ်ဦးမှာပေါ့"
"မဟုတ်ရိုးလား အရီးရယ်။ ကျုပ်လည်း ကလေးနှစ်ယောက် မွေးထားသဲ့ မိန်းမပါ။ သရိုးသရီ ဖြစ်နေသာ သေချာပါ့တော်"
"မေးစမ်းပါအေ၊ ဟုတ်တော့လည်း ဂရုစိုက်ရမှာပေါ့။ မအိမ်ကံ ရှက်လို့ မပြောသာနေမှာ"
မလှအုံ စကား မှန်လေပြီ။ တစ်ရက် မအိမ်ကံ လှေကား ပေါ်က အဆင်း မိုက်ခနဲ မူးဝေသွားခဲ့သည်။ လှေကား လက်ရန်းကို ဆုပ်ဆုပ်ကြီး မြဲအောင် ကိုင်နိုင်လိုက်လို့သာ ပြုတ်မကျခြင်း ဖြစ်သည်။ မအိမ်ကံက လှေကားဆံပေါ် ထိုင်ချလိုက်ရင်း "အမေရေ..." လို့ အော်လိုက်၍သာ သိကြရခြင်း ဖြစ်၏။ မလှအုံနှင့် အတူ အမေပန်းရုံပါ ပြေးတက်လာကြကာ အိပ်ရာ ပေါ်တင်ပေးကြရသည်။ မလှအုံက အမေပန်းရုံကို ပြုံးကြည့်သည်။ ဘယ့်နှယ်ရှိစ။
မလှအုံက နေ့ချင်းပင် စမုံမျိုးငါးပါး လှော်ကာ စွပ်ကျယ်စုတ် သန့်သန့်ဖြင့် ထုပ်သည်။ နေကလေးပြကာ လက်ဖ၀ါးပေါ် အနံ့စူးစူး ထွက်အောင် ပွတ်သည်။ နှမ်းထုပ် မွှေးမွှေးကို ရှူစေသည်။ မအိမ်ကံက သည်အနံ့ကို နှစ်သက်သည်။ ခေါင်းထဲ ကြည်ရှင်းသွားသည် ထင်၏။ မအိမ်ကံ နှမ်းထုပ် ရှူနေရပြီလား။ မအိမ်ကံပင် မေးနေခဲ့သည်။
"နှမ်းထုပ်ထဲမှာ ဘာတွေ ပါသာလဲ မလှအုံရဲ့"
"စမုံမျိုး ငါးပါးပါသတော်။ အိုးကင်းပူ ကလေးတိုက်လိုက်တော့ အနံ့ကလေး အူလာကရော။ အနံ့လျော့ရင် လက်ဝပူ ကလေး ပွတ်ပြီးရှူ မွှေးလိုက်သာမှ..."
"မလှအုံရယ် မအိမ်ကံ နေရသာ တစ်မျိုးကြီးပဲ"
"ငါ့ညီမရယ် တစ်မျိုးကြီးပေါ့အေ။ ညည်း မေးစမ်းပါဦးမယ်။ ဥတုပန်းများကော မှန်ရဲ့လား။ ငါထင်သာတော့ ငါ့ညီမ ကိုယ်လေးလက်ဝန် ရှိနေပြီလားလို့"
"ဟုတ်များနေရော့လား ပြောတတ်ပါဘူး မလှအုံရယ်"
"ပဋိသန္ဓေများ ရှိရင် ပြေးမလွတ်သာတွေ ကြုံရဦးမှာပါတော်။ အော့မယ် အန်မယ်တော်၊ မူးဝေမယ်တော်၊ မျက်စိတွေ ဝေမယ်တော်၊ မျက်နှာကလေး အန်းမယ်တော်၊ ခြေဆစ်လက် ဆစ်ကလေးတွေ ရောင်မယ်တော်၊ ၀မ်းနာမယ်တော်၊ ဗိုက်ကြောတက်ပြီး ခါးအောက်ပိုင်း နာမယ်တော်၊ စိတ်ကယောက် ကယက်ဖြစ်မယ်တော်၊ ဒေါသ ဖြစ်သလိုလို အလိုမကျ သလိုလို ဖြစ်မယ်တော်၊ နောက်ပြီး..."
"တော်ပါတော့ မလှအုံရယ်။ တစ်ချက်မှလည်း မကောင်းဘူး"
ပြောသာ ပြောရတာပါအေ။ မလှအုံ အိမ်အောက် ဆင်းသွားတော့လည်း မအိမ်ကံ ရင်ကလေး သိမ့်သိမ့် ခုန်ခဲ့ရသည်သာ။ သူ့ကိုယ်သူလည်း သတိထား မိခဲ့ပါ၏။ အမေ့ကိုသော်မှ မပြောဖြစ်ခဲ့။ တစ်ပတ်နှစ်ပတ် ကိုယ်တိုင် စောင့်ကြည့်ပါဦးမယ်လေ လို့သာ တွေးထားခဲ့သည်။ ကနေ့တော့ အမူးကလေး ကဲလာခဲ့ သည်။ မနက်စောစော ပျို့ခဲ့သေးသည်။ ခံတွင်းတွေက ထူးထူးခြားခြား ချဉ်ခါးခါးကြီး ဖြစ်နေခဲ့သည်။ ဒါဆိုရင် ရင်သွေး ကလေးကို လွယ်မိရပြီပေါ့။ ၀မ်းသာစရာ ကောင်းလိုက်တာ။ မအိမ်ကံ မျက်ရည်တွေပင် ပိုးပိုးပေါက်ပေါက် ကျလာခဲ့ရပါ၏။ ခုတင်ပေါ် မှေးရင်းက ၀မ်းဗိုက်ကို ပွတ်ကြည့်သည်။ သားလေး လား၊ သမီးလေးလား။
သမီးလေးပါလေ။ သမီးကလေး မအိမ်မြိုင်ပဲ ဖြစ်ရမှာပေါ့။ သမီးကလေး မဟုတ်လို့ သားကလေး မွေးတော့လည်း ရှင့်အစ်မ ဖြစ်ရရုံသာ။ အဖေနှင့်အမေ မြေးသာမဏေကို မြင်ခွင့် ကြုံရုံပ။ မဟုတ်ဘူး၊ မဟုတ်ဘူး သမီးဦးပဲ ဖြစ်ရမယ်။ ရွှေမှုံက သမီးကလေး ရသွားပြီ ဥစ္စာ။ ငါလည်း သမီးကလေးပဲ မွေးရမှာ ပေါ့။
"ရွှေမှုံ့ သမီးနဲ့ မအိမ်ကံ့သမီး ကံကြမ္မာ တစ်ပတ်လည်ခွင့် ကြုံရဦးမှာပေါ့လေ။ မုတ်ခါးရည် တစ်အိုးထက် ပျားရည်တစ် စက်က ယင်ကောင် ဖမ်းရသာ လွယ်တော့မပေါ့။ သမီးကလေး မွေးမှ ငါ့စိတ်ကူးတွေ တကယ် ဖြစ်ရတော့မှာ။ ရှင်ကြီးရှင် ကောင်းများ မတော်မူပါ၊ သမီးကလေး မွေးပါရစေတော်"
မအိမ်ကံ နှုတ်က တတွတ်တွတ် ရေရွတ်နေခြင်း ဖြစ်သည်။ မလှအုံ ပြန်သွားကတည်းက မအိမ်ကံမှာ သူမကိုယ်သူမ သေချာ သွားသလို ရှိခဲ့သည်။ တင်းကျပ်နေသော စိတ်တံခါးရွက်ကို ဖွင့်နိုင်ခဲ့ပြီ။ စိတ်ကူးနှင့် ဆန္ဒ၊ ရည်မှန်းချက်နှင့် မျှော်လင့်ရာ ဘယ်လောက်များ စရွေးကိုက်နိုင်မလဲ။ သည်လောင်းကစားပွဲ ကတော့ ဆယ်လစောင့်ကြည့် ရပါဦးမည်။ ဘ၀တွင် အရာရာ ပြည့်စုံပါလျက် အဖြစ်ချင်ဆုံး အရာတွေ လွဲခဲ့ရသူအဖို့ များများကြီးတော့ မမျှော်လင့်ဝံ့တာလည်း အမှန်ပင်။
ကိုပြေသိမ်း ကျောင်းက ပြန်လာတော့ မအိမ်ကံ ခုတင် ပေါ်မှာပဲ ရှိသေးသည်။ ကိုပြေသိမ်း အိမ်ပေါ် တက်လာတော့ ပြုံးပြုံးကလေး ထထိုင်ဖြစ်သည်။ ကိုပြေသိမ်း လက်ထဲ နှမ်းထုပ် ထည့်ကာ ရှူခိုင်းသည်။ ကိုပြေသိမ်းက ဘာမှန်းညာမှန်း မသိဘဲ ရှူကြည့်ပြီး မျက်နှာ ရှုံ့သွားခဲ့ပါ၏။ မအိမ်ကံက နှမ်းထုပ်ကို လက်ဖ၀ါးထဲ ထည့်ကာ နာနာ ပွတ်သည်။ အနံ့တွေ အူတက် လာတော့ တစ်ခါ ရှူခိုင်းလိုက်သည်။
"ကလေး အဖေရေ နှမ်းထုပ် ရှူရတော့မှာနော်၊ နနွင်းရည် သောက်ရတော့မှာနော်၊ ချေးကလူ သေးကလူ နေရတော့မှာနော်၊ ကိုမြို့သား ကိုကျောင်းဆရာ အရင်လို ရှိုးနဲ့ မရတော့ဘူး သိလား"
မအိမ်ကံ စကားကြောင့် ကိုပြေသိမ်းက ဇနီးသည် မျက်နှာကို စိုက်ကြည့်သည်။ ပြီးမှ သဘောပေါက် သွားပုံဖြင့် အားရ ပါးရ ပြုံးလေတော့သည်။ မအိမ်ကံ၏ ကိုယ်လုံးကလေးကို သိုင်းဖက်လိုက်သည်။ ရင်ခွင့်ထဲမှာ ပွေ့ထားခဲ့သည်။
"အိမ်ကလေး အိပ်မက်မက်တာ မှန်နေပြီပေါ့။ ဒါဆိုရင် သမီးကလေး မွေးလိမ့်မယ် ဆိုတာလည်း မှန်မှာပဲ"
"အစ်ကိုက သမီးကလေး လိုချင်ရဲ့လား။ မအိမ်ကံ ကတော့ မိန်းမသားမို့ ထင်ပါရဲ့ သမီးကလေး လိုချင်မိသယ်"
"အိမ်ကလေး သဘောပါဗျာ။ ကျုပ်ကတော့ ချစ်ရုံပေါ့"
မအိမ်ကံ မျက်စိတွေ မှိတ်ထားလိုက်သည်။ ဟုတ်ပေသားပဲ။ လူသူတော်ကြီး အိပ်မက်ပေးခဲ့တာ မှန်ပါပကော။ မအိမ်ကံ အာရုံတွေထဲမှာ အလှူတန်းကြီး လှည့်နေသည်။ ကြီးလိုက်တဲ့ အလှူ၊ စည်လိုက်တဲ့ အလှူ၊ များလိုက်တဲ့ လူတွေ။ သမီးမအိမ်မြိုင်က ဖက်စိမ်း ကွမ်းတောင်ကို ပွေ့လို့။ နေခြည်မှာ ရွှေဝင်း ဆယ်စင်းလည်းမက၊ ထီးတန်းကြီးကလည်း လှလိုက်ပါဘိ။
မအိမ်ကံ မျက်လုံးတွေ ပြန်ဖွင့်လိုက်သည်။ ကိုပြေသိမ်းက မအိမ်ကံကို ရွှန်းရွှန်းစားစား ကြည့်နေဆဲပင်။
မြန်မာသက္ကရာဇ် ၁၃၀၅ ခုနှစ်၏ မိုးရက်တစ်ရက်။
ထိုနေ့က ဇောင်ချမ်းကုန်းမှာ မိုးတွေဖြိုင်ဖြိုင် ရွာလျက်ရှိသည်။ မိုးက ကောင်းကင်ကိုခွဲကာ သည်းကြီး မည်းကြီး ရွာအား ကောင်းလွန်းလှပါ၏။ သုံး၊ လေးရက် စွေပြီး ရွာနေသဖြင့် ကိုပြေသိမ်းပင် အိမ်တွင်း အောင်းနေခဲ့ရသည်။ အစစအရာရာ ရှားပါးသည့် ခေတ်ကာလ ဖြစ်သည့် အလျောက် ကျောင်းကလည်း တဖြည်းဖြည်း ခြောက်ခန်း လာခဲ့သည်။ ကျောင်းသား ဦးရေ နည်းနည်း လာသော်လည်း အထက်အမိန့် မရသဖြင့် ကိုပြေသိမ်း ကိုယ်တိုင်က ဆက်ဖွင့် ထားရသည်။ စားရေးဝတ်ရေး၊ နေရေးက ရှားပါးလှသည့် အပြင် အုပ်ချုပ်ရေး စနစ်များကလည်း ကမောက်ကမ ဖြစ်နေသည်ဖြစ်၍ ကျောင်းကို စိတ်မ၀င် စားနိုင်ကြတာကိုလည်း ကိုပြေသိမ်း နားလည်ပါသည်။
ဇောင်ချမ်းကုန်း တာလမ်းမသည်ပင် မိုးရေတွေ စိုအိနေလေသည်။ အသွားအလာ မရှိဘဲ တစ်ချက်တစ်ချက်မှသာ အနောက်ကွင်းများဆီ ပဲပင်ပေါက် ကောက်ထွက်ကြသူ အချို့၏ အသံကို ကြားရတတ်သည်။ မိုးရေနူးနူးမှာ ပေါက်တတ်သည့်ပဲ ကျန်စေ့တွေက မိုးတစ်မနှစ် မရွာသည်နှင့် အစို့အညှောက်တွေ ထွက်ကြပြီ။ ပဲပင်ပေါက်ကိုပြုတ်ကာ စားကြခြင်းဖြင့် ထမင်း တစ်နပ် ခိုနိုင်တာလည်း ပါပါ၏။
မိုးကြီး တရစပ် သည်းနေသည့် ကြားကပင် သူကြီးအိမ်ကြီးဆီကို ဦးတည်လာနေသော လူတစ်ယောက်သည် ၀င်းထရံဘေး မယောင်မလည် ကပ်လာခဲ့ကာ ၀ါးထရံကြားက ချောင်း ကြည့်သည်။ လူက စုတ်စုတ်ပေပေ နိုင်လှသည့် အပြင် ၀ါးဖတ် ခမောက်ကြီးကို ဆောင်းထားလိုက်သေးသည်။ မိုးရေတွေ ရွှဲရွှဲစို နေသည့် ဖျင်ကြမ်း အင်္ကျီက ရေစိုကြောင့် အိကျနေသည်။ အိမ်ကြီးဆီကို အော်သံ ခပ်ကျယ်ကျယ်ဖြင့် လှမ်းခေါ်သည်။
"သူကြီးကတော် ထင်းများ ယူဦးမလားလို့"
မလှအုံက ၀င်းဝကို လှမ်းကြည့်သည်။ ကိုဖိုးငွေကလည်း ရေနွေးကြမ်း သောက်နေရာက ငေါက်ခနဲ ထရပ်လိုက်သည်။ ထင်းယူဦးမလား ဆိုသော်လည်း ထင်းလှည်း မပါတာကို သတိထားမိလိုက်သည်။ မလှအုံက ၀င်းတံခါးနား အထိ လျှောက်လာခဲ့ကာ တံခါးချပ်ကြီး နှစ်ချပ်ကြားက အကဲခတ်သည်။ လူတစ် ယောက်။ ခပ်နုပ်နုပ်။
"ဘယ်မှာတုံး မင်းထင်းလှည်း"
"ဆရာလေး မှာထားလို့ပါ"
"အလိုတော် မောင်ပြေသိမ်းက ထင်းမှာ ရမယ်လို့၊ မင်း မဟုတ်သာ မပြောပါနဲ့။ မင်းက ဘယ့်နှယ်များ အောက်မေ့လို့တုံး"
မိုးရေ စိုရွှဲနေသည့် လူက ထရံနား ကပ်သည်ထက် ကပ်လာကာ ဘေးဘီကို တစ်ချက်ငဲ့ကြည့်ပြီးမှ အသံတိုးတိုးဖြင့် ပြောလေသည်။
"ဗိုလ်လေးမြတ်သာ လွှတ်လိုက်လို့ပါ။ တံခါးသာ ဖွင့်ပေးပါ"
"အလိုတော်..."
မောင်မြတ်သာ ဆိုသည့် နာမည်ကြောင့် မလှအုံ တံခါးကို ဆွဲဖွင့်လိုက်သည်။ ထိုလူက စုတ်ခနဲ တိုးဝင်လိုက်ပြီး အိမ်ကြီးဘက်ကို လျှောက်သွားလေ၏။ အိမ်တွင်း တန်းဝင်ကာ နေရာ ထိုင်ခင်း ပေးသည်ကိုပင် မစောင့်ဘဲ တန်းလျားရှည်မှာဝင်ထိုင် သည်။ ခေါင်းကခမောက်ကြီးကိုချွတ်လိုက်ပြီး ပေါင်ပေါ်တင် ထားပါ၏။ တစ်ကိုယ်လုံး ရေတွေစီးကျနေသည်။ ကိုဖိုးငွေက အပေါ်ထပ် တက်ပြီး ကိုပြေသိမ်းကို ခေါ်လာခဲ့သည်။ ထိုလူက ကိုပြေသိမ်း တွေ့လိုက်ရတော့မှ အမောပြေ သွားသလို မျက်နှာ ၀င်းသွားသည်။ ၀ါးဖတ် ခမောက်ကြီး၏ အတွင်းသားကို ဆွဲခွာလိုက်သည်။ အတွင်းမှာ လေထီးပိုးစဖြင့် ပတ်ထားသည့် ခပ်ပါး ပါးအထုပ် တစ်ထုပ် ထွက်လာခဲ့သည်။
"ဗိုလ်လေးမြတ်သာ ပို့ခိုင်းလိုက်တာ ဆရာလေး။ ကျုပ် ကိစ္စက စာပေးပြီးရင် ပြန်ဖို့ပဲ။ ဆရာလေးက ကိုပြေသိမ်း မဟုတ်လား"
"ဟုတ်ပါတယ်။ သခင်မြတ်သာနဲ့ ဘယ်မှာ တွေ့တာလဲ"
"လယ်ဝေးဘက်မှာပါ။ ကျုပ် သွားမယ်"
"နေဦးလေ၊ ခင်ဗျား ထမင်း စားသွားပါဦး။ ဒါမှမဟုတ် ငွေလေး ကြေးလေးတော့ ယူသွားပါ"
"မယူပါရစေနဲ့၊ မြင်းခြံအထိ ရောက်အောင်ပြန်ရဦးမှာပါ"
တစ်ညတော့ အိပ်လိုက်ပါဗျာ။ မနက်မှ အနောက်တန်းရွာတွေက ထင်းလှည်း တစ်စီးစီးနဲ့ ကျွန်တော် ထည့်ပေးလိုက်ပါ့မယ်။ ခင်ဗျားအတွက် အန္တရာယ် ရှိနိုင်လို့ ပြောတာ။ ခုပဲ မှောင်တော့မယ်။ ကိုင်းပါ အ၀တ်အစား လဲလိုက်ပါဦး"
ထိုလူက သုတ်ခနဲ ထကာ ၀ါးဖတ်ခမောက်ကို ဆောင်းပြီး ထွက်သွားမည် ပြင်ပြီးမှ ကိုပြေသိမ်း စကားကို မလွန်ဆန်ဝံ့သလို ပြန်ထိုင်သည်။ မအိမ်ကံပါ အိမ်ပေါ်က ဆင်းလာခဲ့ပြီ။ မလှအုံက ဧည့်သည် လူစိမ်းကို ဖိုးတုတ်၏ ပုဆိုး၊ အင်္ကျီများ လဲလှယ်ခိုင်းရန် ခေါ်သွားသည်။ ပြီးလျှင် ထမင်းကျွေးဦးမှာ ဆိုတော့ အိမ်ထဲမှာ အိမ်သားတွေချည်းပဲ ကျန်သည်။ ကိုပြေသိမ်းက လေထီးပိုးစကို ဖြေလိုက်ပြီး အတွင်းက စာကိုဖြန့်လိုက်သည်။ ဗိုလ်မြတ်သာ၏ စာမှာ ရက်စွဲ မပါသော်လည်း သည်ရက်များအတွင်း ရေးထားမှန်း သိသာပါ၏။
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ