ယခင်လမှအဆက်....
လရောင်က သာလွန်းလှသည်။ ဇော်ချမ်းကုန်း ရွာကလေးသည် လရောင်အောက်တွင် အေးမြငြိမ်သက် လျက်ရှိ၏။ တစ်နေ့ခင်းလုံး ပူပြင်းထားခဲ့သည့် အပူက ဟပ်ဟပ်ပြေးအောင် မပူတော့ သော်လည်း ညဦးတုန်းက အရှိန်တွေ ကျန်နေသေးသည်။ ညဥ့်နက်လာတော့မှ တဖြည်းဖြည်း ပြန်အေးလာခဲ့သည်။ သမီးကြီးက ပိတ်ခြင်ထောင်ထဲမှာ အိပ်ပျော်နေပြီ။ အရွယ်နှင့် မလိုက်အောင် ခံစားနေရသော ဝေဒနာကို ကြည့်ရင်း မအိမ်ကံ ရင်ထုမနာ ရှိခဲ့ရသည်။ ပိတ်ခြင်ထောင်ကြီးက လှောင်များနေရော့လား ဆိုသည့် စိတ်ကြောင့် မကြာခဏ လှပ်ကြည့်မိတာလည်း အကြိမ်ကြိမ် ရှိလေပြီ။ မအိပ်ခင်က အထိ သမီးနဖူးကို စမ်းကြည့်လိုက်တိုင်း လှည်းမီးချ ဒေါက်ဖိုက မီးတွေလို တရှိန်ရှိန် တောက်လောင်လျက်ရှိ၏။
ဇောင်ချမ်းကုန်း ဘုန်းကြီးကျောင်းကို သွားလျှင် ဘယ်ဘက်ချောင်မှာ လှည်းမီးဒေါက်ဖို ရှိသည်။ လှည်းဘီးတွေ သံခွေ စွပ်ပေးသည့် ဒေါက်ဖိုဖြစ်၍ ဒေါက်ဆရာ ဦးသာပိုဆိုလျှင် ဘယ်တုန်းကမှ အင်္ကျီ ကပ်ရသည် မရှိ။ ဖားဖိုထဲက ထုတ်ယူလာသော သံကွေးရဲရဲကို တပည့် နှစ်ယောက်က ညှပ်ဖြင့် ညှပ်ပေးထားရသည်။ ဘကြီးသာပိုက မီးမလျော့ခင် ပေါက်တူးကြီးနှင့် တထန်းထန်း ထုသည်။ မီးပွင့် မီးစာတွေ တဖွားဖွား။ မအိမ်ကံတို့ အိမ်က လှည်းကိုလည်း ဘကြီးသာပိုပဲဘီးခွေစွပ်ပေးခဲ့ခြင်း ဖြစ်သည်။ လှည်းက အရေးကြီးလို့ ဘကြီးသာပိုက မပြီးနိုင်လျှင် မအိမ်ကံ လိုက်သွားရတာ ရှိဖူး သည်။
“ဘကြီး တစ်နယ်လုံးက လှည်းတွေနဲ့ အပ်ထည်များလို့ ပါအေ။ နက်ဖြန်ကျတော့မှ ယူတော့ ငါ့တူမရယ်။ ဘကြီး မလည်း ဖိုကျင်ထိုးခံရတဲ့ မောင်တင့်တယ်သာ ကြည့်တော့။ မီးနဲ့ နပန်းလုံးနေရသာနဲ့ ဘ၀ပြီးရတော့မယ်နဲ့ တူပါရဲ့။ ထမင်း တစ်လုတ် အပူခံစားရသာပါအေ။ ဘကြီးလည်း လုပ်နေသာ ပါပဲနှော ငါ့တူမ”
သည်တုန်းက ဘကြီးသာပိုကို မအိမ်ကံ သနားခဲ့ရသည်။ ကိုယ့်အိမ်က လှည်းကျမှ ကြာသကောရယ်လို့ လိုက်သွားတော့မှ ဘကြီး သာပို၏ အပူကို မအိမ်ကံ ကိုယ်တွေ့မြင်ခဲ့ရသည်။ သမီးကြီး မအိမ်မြိုင် ခမျာလည်း သည့်ထက် မလျော့သော အပူဖြင့် ဝေဒနာကို ပြင်းစွာ ခံစားနေရတာကို နှိုင်းယှဉ် ကြည့်မိခြင်းဖြစ်သည်။ သမီးခမျာ အပူတရှိန်ရှိန်၊ အငွေ့တချောင်းချောင်း။ မအိမ်ကံမှာလည်း မထူးပါ။ သမီးအတွက် ရတက် မအေးရပြီ။ မီးလှည့်ခံရသော လှည်းဘီးသံခွေနှင့် မခြား အပူကြီးရလေပြီ။
“ရတနာသုံးပါး ဂုဏ်ကျေးဇူးတော်ကြောင့် သမီးကလေး ဘေးမသီ ရန်မခ ပကတိ အေးမြပါစေတော့။ ပွဲကတော်ကြီး ပြောသလိုများ ရောဂါကြီး ဖြစ်နေလေမလား။ ဘယ်လို အကုသိုလ်ကများ ခေါင်းပေါ်တည့်တည့် ကျလာရသာပါ လိမ့်။ ရောဂါကြီးဆိုရင်တော့ ပျက်စီးရင် ပျက်စီး၊ မပျက်စီးရင် ရုပ်ရည် အဆင်းမလှ ဖြစ်တတ်သတဲ့။ ဘယ်ဟာကမှ မကောင်း နိုင်ပါလား။ ဘယ်သူကများ ကျောက်ပေါက်မာ ဗရပွနဲ့ မိန်းကလေးကို ရွာ့ကွမ်းတောင်ကိုင် ရွေးကြမှာတဲ့လဲ။ ညည်း မဖြစ်ဘဲ ငါ့သာဖြစ်လိုက်ပါတော့လားအေ”
မအိမ်ကံခမျာ အရူးလို လူးလှိမ့် ပစ်လိုက်ချင်စိတ်သာ ရှိနေတော့သည်။ သည်အနီးအနား ရွာတွေမှာ သည်ရောဂါ ဖြစ်နေသတဲ့ ဆိုတာ ကြားနေရရင်လည်း ထားပါတော့။ ဟိုရွာမှာ ဖြစ်လို့တဲ့၊ သည်ရွာမှာ ဖြစ်လို့တဲ့ဆိုလျှင်လည်း ကလေးရဲ့ ဘ၀ကံလို့ အောက်မေ့ရပါရဲ့။ ခုတော့ ကွင်းကြီး ကျယ်ပါလျက်နှင့် တစ်ပင်တည်း မိုးကြိုးပစ်ခံရသော ထန်းပင်လို ဖြစ်ရပြီ။
ညဥ့်နက်လာတော့ လေညင်းကလေး သုန်လာသည်။ မအိမ်ကံ အိပ်မပျော်နိုင်သေး။ မလှအုံကတော့ ခွေခွေကလေး အိပ်ပျော်နေသည်။ သူ့ခမျာ တစ်နေ့ခင်းလုံး၊ တစ်ညနေလုံး ဆရာ ပြေးပင့်ရ၊ ဆေးလူး ဆေးတိုက်ရ ပင်ပန်းလှပြီ။ အမေပန်းရုံ ခမျာလည်း မြေးဦးဆိုတော့ မအိမ်မြိုင်ကို ဂွမ်းပေါက်နှင့် တို့မတတ် ချစ်ရှာလွန်းသူမို့ မျက်ရည်များပင် ကျခဲ့ရှာပါ၏။ ဖြစ်ချင်တော့ သည်ရက်မှာမှ ကိုပြေသိမ်းကလည်း ကုန်ဝယ် ထွက်သွားခဲ့သည်။ မနက်ဖြန်တောင် ပြန်လာဖို့ မသေချာ။
“သည်ရောဂါက ကူးသယ်တဲ့။ အမေ့ကို ကူးစမ်းပလေ့စေ။ သမီးမှာ ရောဂါ တစ်မှုန် တစ်စ မကျန်ခဲ့ရင် တော်ပြီ။ ရေလိုကဲ့သို့ သွန်လို့ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။ ရောဂါကို အမေကဲ့ ယူချင်စမ်းလှအေ။ ညည်းမလှ လို့ မဖြစ်ဘူး။ ညည်းအကျည်း တန်လို့ မဖြစ်ဘူး။ သည်တစ်ခါ အမေ ရင်အကျိုးမခံနိုင်ဘူး”
မအိမ်ကံခမျာ အေးမြသော လရောင်အောက်မှာ သူပါရော ပူလောင် နေရရှာလေသည်။ ဒေါက်ဖိုပေတုံးပေါ်က မီးလှည့်သံကွေးကို တထန်းထန်းထုလိုက်တိုင်း မီးပွင့်တွေ စင်ထွက်နေကြသလို မအိမ်ကံသည်လည်း တွေးမိလေတိုင်း ရင်နှင့်အမျှ စိုးရိမ် ထိတ်လန့်မှု မီးပွင့်တွေ ကျည်ခနဲ ကျည်ခနဲ ထွက်နေခဲ့၏။ မလှအုံကတော့ မအိမ်မြိုင် အပူကြီးကြီး ဖျားသည်ဆိုတာနှင့်ပင် သူ့ဆေးမြီးတိုတွေ မထုတ်တော့ပါ။ သူတကာကို ယတြာလေး၊ ဂါထာလေးနှင့် သမားမပါ၊ ဆေး မပါ ကုသခဲ့တာမျိုးရှိခဲ့သော်လည်း မြေးတူမ ကလေး အတွက်တော့ ဆရာဆောင်ကို ပြေးပင့်ရှာပါ၏။ ဆရာဆောင်က တောင်ရွာ ကြွသွားသည်ဆိုလို့ ဖိုးကူးကို လှည်းနှင့်အကြို လွှတ်ရပြန်သည်။ ဖိုးကူးလာတော့ ဆရာဆောင် ပါလာခဲ့ပါ၏။ ဆရာဆောင်က ကလေးကို အပူစမ်းသည်။ သွေးစမ်းသည်။
ဆရာဆောင်ကတော့ ရေကျောက်၊ ပဲသီတာ၊ ဂျိုက်သိုး၊ ပေါက်ချင်လို့ ကိုယ်တွင်း အပူတွေ ကန်နေခြင်းဖြစ်ကြောင်းသာ ဆို၏။ ကျောက်ကြီးလို့ မပြောသဖြင့် စိတ်ကလေး အေးရသော်လည်း သုံးရက်လောက် စောင့်ကြည့်ရဦးမည် ဆိုပြန်တော့ တစ်ဖန် ပူရပြန်သည်။ ဆေးတစ်မျိုးကို ပုလင်းတစ်လုံးတွင် ကဲ့ထည့်စေလျက် လေလုံ ပိတ်ထားစေသည်။ ဆေးဘုရင် ဖြစ်၍ အစွမ်းထက်လှကြောင်း ပြောရင်း သူ့ပုလင်းထဲက ဆေးမှုန့်ကို သနပ်ခါးရေကျဲဖြင့် တစ်ကိုယ်လုံး လူးခိုင်းသည်။ အပူဝမ်းသွားခဲ့သော် ဆေးကို ကြက်တက်ရေနှင့် တိုက်၊ အပူမကျသော် ကံ့ကူဆံ သွေးရေနှင့် တိုက်၊ ငန်းဖမ်းလျှင် ဇာတိပ္ဖိုလ်သီးသွေးပြီး တိုက်လေဟု မှာကြားခဲ့သည်။
“အပူရောက်ထ များကြသသူ၊ တွေ့ရှိမူကား၊ ကံ့ကူဆရေ၊ ဆက်တိုက်ပေရှင့်၊ တစ်တွေတစ်ခန်း၊ ငန်းဖမ်းလေပြီး သီးဇာတိပ္ဖိုလ် ထည့်သို သွေးကျိုက် ဆေးနှင့်တိုက်က မုချ ချမ်းသာ လွတ်မည်သာဟု ဆိုတဲ့ အတိုင်း ဆေးကိုချင့်ပြီး တိုက်ရင် ပျောက်ပါသယ်။ ၀ဋ်နာကြီး၊ ကံနာကြီး မဟုတ်ပါဘူး။ သို့ပေသိ သုံးရက်လောက်တော့ စောင့်ကြည့်ရမှာပေါ့။ အခုဟာက အပူကြီးလွန်းတော့ ၀မ်းများ သွားတတ်သယ်။ ငန်းဖမ်း တတ်သယ်။ ဒါကြောင့် အပူငြိမ်းအောင် လိမ်းလည်း လိမ်း၊ ကံ့ကူဆံရေနဲ့လည်း ၀င်အောင်တိုက်”
မလှအုံက ကလေးကို ဆေးလူးပေးတိုင်း ရှင်ဗာကုလ မထေရ်ကဲ့သို့ ရောဂါစင် ပျောက်ချမ်းသာရောက်ဟု သုံးခါ ရွတ်ရှာသည်။ မအိမ်ကံကတော့ ဘုရားရှင်ကိုသာ တနေမိ သည်ပင်။ တရှိန်ရှိန် တညီးညီး လောင်မြိုက်နေသလို ပူနေတော့ ကလေးက ကယောင်ကတမ်းတွေ ပြောနေတာတွေ ရှိပါသည်။ ဘယ်သူ့ကိုမှ မမှတ်မိသလို မျက်လုံးရွဲကြီးများဖြင့် တစ်အိမ်လုံးကို လိုက်ကြည့်သည်။ ကလေးကို ကိုင်တော့ လက်တွေကပူ။ ပါးကလေးကို ကိုင်တော့ ပါးတွေကပူ။ အပူကြီးရာက အတွင်းတက် တက်မှာ စိုးတော့ အမေပန်းရုံက ကလေးထိန်းပြီး ကျေးဥကို အစောင့်ခိုင်းသည်။
မအိမ်ကံကလည်း တစ်ဖ၀ါး မခွာဘဲ သမီး အရိပ်အကဲကိုသာ ဖမ်းနေရတော့သည်။ မအိမ်ကံက ကျောက်ကြီး ရောဂါများလားလို့ မေးတော့ ဆရာဆောင်က ၀ဋ်နာကြီး၊ ကံနာကြီး မဟုတ်ပါဘူးလို့တော့ ဆိုပါ၏။ အကယ် တည့်ဟုတ်ခဲ့သော်။ မလှအုံနှင့် အမေပန်းရုံတို့ကို စိတ်ထဲ စွဲထင်နေသည့် စိုးရိမ်မှုကို မပြောမဖြစ်တော့လည်း ပြောပြရ တော့သည်။ ပွဲကတော်ကြီး မှာလိုက်သည့် စကားများနှင့် ဆက်စပ်၍ ကိုယ်ပူပြင်းပုံ ပြင်းနည်းကလည်း ဟုတ်မှန် လောက်သည်ဖြစ်၍ ကျောက်ကြီး ဖြစ်နေလေမလား ပြောလိုက် ခြင်းဖြစ်သည်။
“မဟုတ်သာအေ။ သည်နားတစ်ကြော ဒါမျိုးဖြစ်သယ် မကြားဘူးပေါင်။ ဖွဟဲ့ ဥဿဖယားထိပ်ဖျား တံခွန်။ တို့ငယ် ငယ်က ရွာလုံးကျွတ်ဖြစ်လို့ ပြေးရသာတော် ပြေးလို့လည်း မလွတ်ပေါင်အေ။ အနာလုံးကြီးတွေရဲ့ ယိုသီးမှည့်မှည့်လာ ကြရာက မျက်နှာကြီး ဖူးဖူးထတော့သာ။ မြိုင်ကလေးက ရိုးရိုး ဖျားသာပါအေ။ ငါသိပါတယ်။ ရာသီကလည်း ပူသကောအေ။ ၀မ်းတွင်းနုံ့တဲ့သူ ထဖြစ်သာပေါ့”
အရာရာ သိတတ်၊ မြင်တတ်သော မလှအုံ စကားကလည်း မပစ်ပယ်သာပါ။ ဆရာဆောင်ကလည်း အရေးကြီးလျှင် မိန့်မှာပေါ့။ ဆေးတစ်ဖုံ ပေးပြီး ပြန်ကြွ ခဲ့လေပြီ။ သို့သော် မအိမ်ကံခမျာ မအေ ဆိုတော့ ပူရပါသကော။ ကိုယ့်ဝေဒနာနဲ့ ကိုယ်၊ ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတော့ ဆယ်ရေးတစ်ရေး၊ ကိုးရေး တစ်ရာ ဟုတ်နေခဲ့သော် ဘယ်လို လုပ်မလဲ။ သူတစ်ကာက ဖြစ်တော့မှ ဘွာဘွာခတ်ကြရုံက လွဲလို့ အခြား မတတ်နိုင်။ တို့ကလည်း တို့ထင်သာ ပြောရသာ ကိုးအေရဲ့ ဆိုတာနှင့်ပြီး ရတော့မည်။ မအိမ်ကံ သမီး အတွက် လက်ဦးချင်သည်။ ဆေးဦးချင်သည်။ ကိုပြေသိမ်း ပြန်လာလျှင် မြင်းခြံကိုသွားပြီး အင်္ဂလိပ်ဆေး ဆရာဝန်ကို ပြလျှင် ကောင်းလေမလား။ ဆရာဆောင်ကလည်း နယ်လုံးပေါက် သမားကောင်းပါပဲလေ။ ဒါတွေက တစ်နေ့လယ်လုံး၊ တစ်ညနေလုံး ဖြစ်ခဲ့တာ တွေပင်။
အမေပန်းရုံက ခြင်ထောင်လှပ်ကြည့်တာ အကြိမ်ကြိမ်။ မြေးဦးကို နဖူးစမ်းရတာ အခါခါ။ မျက်ရည် စမ်းစမ်းကျရတာ အလီလီ။ မလှအုံက အချိန်ကျသည်နှင့် ဆေးတွေလူး၊ ပါးစပ်က အန္တရာယ်ကင်း ဂါထာတွေရွတ်။ ပြောရလျှင် သူတို့က လည်းသည်အတိုင်း ထိုင်နေကြရုံပင်။ မအိမ်ကံ ပြောတာကို မယုံကြသလို ငြင်းဆန်ကြသော်လည်း ဟုတ်များ နေမလား ဆိုသည့် ဒွိဟစိတ်လည်း ရှိနေကြမှာအမှန်ပင်။ မအိမ်ကံက ကျေးဥကို တိုင်ပင်သည်။ ညဥ့်နက်စတုန်းက ကျေးဥ အိပ်နေသော်လည်း တစ်မှေးသာ မှေးခြင်းဖြစ်၏။ မိုးလင်းလုလု။ လရောင်က ရွာပေါ် ကျရောက်နေတာကို မြင်နေရပါ၏။
“ကျေးဥရယ်၊ ငါတော့ သမီးနဲ့ မခြား ပူလောင် နေရသယ်။ သမီးခမျာ ဝေဒနာနဲ့ မလိုက်အောင် ပူပြင်းရှာပါပကောအေ။ ညည်းတောင် မညည်းနိုင်ရှာတော့ဘူး။ မတော် ဖိတ်စင်”
“အို မဟုတ်သာအေ။ မအိမ်ကံကလည်း လူတကာသည် လိုဖျားချင်သဲ့ အခါ ဖျားကြသာပဲဟာ။ သည်လိုပါပဲ။ နောက် တော့လည်း ပျောက်ကြသာပါပဲ။ ဆရာဆောင့်ဆေးက ညည်း ငယ်ငယ်ကတည်းက မအိမ်ကံဖြစ်အောင် ထထူသဲ့ ဆေးတွေ ပါအေ။ သမားများ ကြည့်သာနဲ့ သိကြ သူတွေပါ။ ဆရာက စောင့်ကြည့်ဆိုသာ ကြည့်ရုံပ။ မအိမ်ကံ ညည်းအိပ်ပါတော့ ငါတစ်လဲ ကြည့်မယ်”
“မဟုတ်ဘူး ကျေးဥ။ ငါပူသာ တစ်ချက် ရှိသေးတယ်”
“ဘာများပါလိမ့်”
“သည်ရောဂါက ဟုတ်ခဲ့သော် ရုပ်ပျက် ဆင်းပျက် ဖြစ်ကျန်ခဲ့သာသဲ့။ ငါ့သမီးလေးများ မပြောကောင်း မဆိုကောင်း အဲသလိုများဆိုရင်”
“ပြောပါ မအိမ်ကံ။ ငါသိပါသယ်။ ကွမ်းတောင်ကိုင် မဖြစ်မှာ စိုးသာ မဟုတ်လား။ ညည်းစိတ်ကူး မလွဲစမ်းပါနဲ့အေ။ ညည်း ငါ့သူငယ်ချင်းပါ။ ငါ့ကျေးဇူးရှင်ပါ။ ညနေက စားထားသဲ့ ညည်းတို့ ထမင်းဝမ်းထဲ ရှိပါသေးသယ်။ ညည်း အစွဲကြီးလွန်းသယ်။ ညည်း အကုန်ကောင်းတယ်။ သည်တစ်ချက်တော့ ညည်း မဟုတ်ဘူး။ တောင်ယာရှင်ကို မျောက်က နှင်သလို ဖြစ်နေရင်လည်း ငါ့ကို ပါးသာရိုက်လိုက်ပါတော့အေ”
“မဟုတ်သာ ကျေးဥရယ်။ ညည်း ငါ့ကို မဟုတ်သာ မပြောဘူးဆိုသာ ယုံပါသယ်။ ငါငင်တိုင်း ညည်းသိမ်းရသာ ငါအသိဆုံးပါအေ။ ငါအစွဲကြီးသာ မဟုတ်ပါဘူး။ သည်ကိစ္စ မှာ ငါ့ကိုယ်ငါ ရှုံးခဲ့သယ်လို့ ထင်နေသယ်။ အဲသည့် စူးက ဆူးဖြူတစ်ချောင်းလို ရင်ထဲ နစ်ဝင်နေသာ ငါမနုတ်နိုင်ဘူး။ ဘယ်သူမှလည်း မနုတ်နိုင်ဘူး။ သည်ကိစ္စမှာတော့ ခုံကျူးတော့ ခုံတာ၊ ၀တ်လုံကျူးတော့ ၀တ်လုံတာ၊ မင်းစေကျူးတော့ မင်းစေတာပဲအေ”
ကျေးဥက မထူးတော့ပြီလို့များ တွေးမိလေသလား မသိ။ မအိမ်ကံ ပြောနေသမျှ ငြိမ်နားထောင်နေခဲ့သော်လည်း ပြော စရာရှိတာ ပြောမှဖြစ်တော့မည် ဆိုသည့် မျက်နှာဖြင့် မအိမ်ကံ ကို စိုက်ကြည့်နေခဲ့သည်။
“ညည်းစိတ်ကို ငါမမြင်နိုင်ပါဘူးအေ။ ညည်းက ခံစားရ သူဆိုတော့ ငါ့က ပြောနေရင် ယပ်လှဲ တရား ဟောသလို ဖြစ်ရော့မယ်။ ငါပြောမယ် သည်အချိန်မှာ ကလေး အသက်ရှင်ရေးကသာ အရေးကြီးသယ်။ အကျည်းတန်ကျန်တော့ကော ဘာဖြစ်သလဲ။ ကွမ်းတောင်ကိုင် မဖြစ်ရတော့ကော ဘာဖြစ် သလဲ”
“ဘာရယ် ကျေးဥ”
“ညည်းကို ငါပြောပြီးသား။ ငါ့ကို ပါးသာ ရိုက်လိုက်တော့လို့။ ငါက ညည်းတို့အိမ်မှာ ခရေပွင့်လည်းကောက်၊ စာလည်း ခြောက်ရသူပါ။ ငါတစ်လျှောက်လုံး နားထောင်လာခဲ့သူပါ။ တစ်လျှောက်လုံး ညည်းကို အကဲခတ် လာခဲ့သယ်။ တစ်နေ့နေ့ သည်စိတ်တွေ လျော့တန်ကောင်းရဲ့။ ပျောက်ပျက် တန်ကောင်းရဲ့လို့ အောက်မေ့ခဲ့သယ်။ ဘုရားမှာတောင် ဆုတောင်းပါ့အေ။ ညည်းယုံသာ ယုံလိုက်ပါတော့။ အခု ငါပြောသာက ပြောရမယ့် အချိန်မို့ ပြောသာ ညည်းစိတ်တွေ လျှော့ဖို့ကောင်းပြီ”
ကျေးဥက ကျိတ်ငိုရင်း ရှိုက်နေခဲ့သည်။ မအိမ်ကံမှာ အနာပေါ် တုတ်ကျသလို အသားဆတ်ဆတ်များပင် တုန်ရပါ၏။ သူ့ဘ၀မှာ အသက်တမျှ အရေးကြီးသော ရည်မှန်းချက်ကို လျှော့ရမတဲ့လား။ မလျှော့ဘူး။ လျှော့ကို မလျှော့ဘူး။ သမီးနှစ်ယောက်စလုံး ကွမ်းတောင်ကိုင် ဖြစ်ကိုဖြစ်ရမယ်။ မအိမ်ကံ ကိုယ့်နှုတ်ခမ်းကိုသာ ဖိကိုက်ထားမိလေသည်။
သည်စကားတွေက ကျယ်ကျယ်ပြောလို့ မကောင်း။ အနားမှာ မလှအုံ အိပ်နေသည်။ မလှအုံသာ နိုးနေလျှင် ကောင်းကောင်း ကြားနိုင်သည်။ မြိုင်ကလေးကိုလည်း ကွမ်းတောင် ကိုင်ဖြစ်ဖို့ မျှော်လင့်နေသတဲ့ဆိုတာ အမေပန်းရုံ မသိစေချင်။ ဘယ်သူမှလည်း မသိစေချင်ပါ။ အမေသာ သိလျှင် ရင်ကျိုး ရှာလိမ့်မည်။ ဖြစ်ရလေ သမီးရယ်။ ညည်းမှာ သည်အပင်ကြီး မကျနိုင်သေးပါလားလို့ ပြောရော့မည်။ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်လိမ့်မည်။ အနှစ် နှစ်ဆယ် လုံးလုံး သည်စိတ်၊ သည်ဝေဒနာ ကျေပါစေတော့ရယ်လို့ ဖုံးဝှက်ထားခဲ့ရ သူခမျာ မြေးမကလေးအထိ မခန်းမခြောက် ပါလာနေသေးတာကိုများ သိလျှင် ယူကျုံးမရဖြစ် ရှာလိမ့်မည်။
“အေးလေ။ ငါ့ရင်ထဲ မကောင်းဘူး။ ငါ့လင်စစ်ထွက်တုန်းက ငါသည်လောက် ဗလောင်မဆူခဲ့ဘူး။ အဖေ သေတုန်းကလည်း ငါသည်လောက် ယောက်ယက် မခတ်ခဲ့ဘူး။ အခုဟာက ငါမျှော်မှန်းထားမှန်းသိလို့ အကုသိုလ်က သက်သက်ဝင်ဖိစီးသာ။ ငါ့သမီးကျမှ သည်လိုဖြစ်ရလေခြင်း ရယ်လို့ သူတကာ့ သားသမီးဖြစ်ပါတော့လားလို့ ပြောချင်သာ မှုတ်ပါဘူးအေ။ ငါမယုတ်ညံ့ပါဘူး။ အခုဟာက မုန့်သည် မယားလုပ်ပြီး မုန့်အနားသား စားရတာမျိုး ဖြစ်နေလို့ပါ”
ကျေးဥက ဒူးပေါ် မေးတင်ကာ မအိမ်ကံကို ခပ်ငေးငေး ကလေး ကြည့်နေပါ၏။ တကယ်တော့ မအိမ်ကံကို သည်လို ကဏ္ဋကောစ မတိုက်ချင်ပါ။ မတိုက်လည်း မတိုက်ဝံ့ရဲခဲ့ ပါ။ သို့သော် မအိမ်ကံ ထင်သလိုသာ မြိုင်ကလေးတစ်ခုခု ဖြစ်လျှင် မအိမ်ကံ ရူးလောက်သည်။ ငယ်ပေါင်းဆိုတော့ မအိမ်ကံအကြောင်း အူမချေးခါးသိပြီးသား။ မအိမ်ကံ မကြိုက် သည့် စကားကိုပြောမိရပြီ။ ကျေးဥက စကားလွှဲလိုက်သည်။
“ကလေးဖြစ်ရသာ ငါ့အပြစ်လည်း ပါပါသယ်အေ။ အဲသည့် မနက်က ရက်ကန်းရုံထဲ အလုပ်များနေတော့ မြိုင်က လေးက တို့နဲ့ လာဆော့နေသာ။ ခဏနေတော့ ထမင်းစား မလားမေးသာ မစားချင်ဘူးတဲ့။ ဒါနဲ့ အိမ်ပေါ်တက် သွားသာပဲ။ ရိုးရိုးဖျား ထင်ပါရဲ့အေ စောင့်ကြည့်ပါဦး”
မအိမ်ကံနှင့် ကျေးဥ စကားတွေပြောနေတာကို မလှအုံ ကြားနေရပါသည်။ မလှအုံ နိုးနေတာကြာပြီ။ မအိမ်ကံ ပြောနေသည့် စကားတွေ ကြားသလို၊ ကျေးဥပြောနေတာတွေ လည်း လုံးစင်လုံးကောက် ကြားပါ၏။ မလှအုံ အသာမှိန်း နေရလေပြီ။ မအိမ်ကံ၏ စိတ်ကို သိလိုက်ရတော့ အံ့သြလွန်း ရပါသည်။ မအိမ်ကံကို စိတ်ပြင်ပါတော့လို့ အနူးအညွတ်ပြော နေသည့် ကျေးဥကိုလည်း ကျေးဇူးသိတတ်လေခြင်းလို့ အောက်မေ့ရပါ၏။ မလှအုံခမျာ ခန္ဓာကိုယ် မလှုပ်သော်လည်း စိတ်တွေ ပြေးလွှားနေရပြီ။ မအိမ်ကံ ဖက်စိမ်းကွမ်းတောင် မကိုင်ခဲ့ရတာကို နားကြည်းမှန်း သိခဲ့သော်လည်း သည်လောက် အထိပါလာလိမ့်မည် မထင်ခဲ့။
ဒါဆိုလျှင် မောင်ပြေသိမ်း စစ်ထွက်တုန်းကလည်း မအိမ်ကံ ခံစားခဲ့ရမှာပဲပေါ့။ အကယ်၍ စစ်မြေပြင်မှာသာ မောင်ပြေသိမ်း ကျခဲ့ပြီဆိုပါတော့ မြိုင်ကလေး ကွမ်းတောင်ကိုင် ဖြစ်စရာမရှိ။ ဒါနဲ့တောင် မအိမ်ကံ ဣနြေ္ဒကောင်းခဲ့လှချည်လား။ သည်ကိစ္စ အရီးပန်းရုံ သိလို့မဖြစ်။ အကြောင်းဆိုက်လာခဲ့သော် သူလည်း ဖျောင်းဖျရတော့မည်။ ကျေးဥနှင့် မအိမ်ကံ စကားစပြတ်လှတော့မှ မလှအုံ လှုပ်လာပါ၏။
“ဟောတော်၊ ငါ့အိပ်ပျော်သွားချက်တော့ ကလေးလည်း ကြည့်ကြပါဦးဟယ်။ ငါ့မြေး အိပ်ပျော်နေတယ်ထင်ပါ့။ နိုး ရင်ဆေးလူးကြစို့။ ကျေးဥ ဆန်ပြုတ်ကလေး တစ်ဆုပ်ပြေး ကျိုစမ်း။ မအိမ်ကံ အိပ်လိုက်တော့ အစ်မ ကြည့်မယ်။ ကနေ့ မောင်ပြေသိမ်း ရောက်ကောင်းပါရဲ့”
“ပြောသွားပုံတော့ သည်ကနေ့ ရောက်ရက်ပဲ။ မပြောတတ်ပေါင် မလှအုံရယ်။ သမီးနဲ့မှ တိုက်တိုက်ဆိုင်ဆိုင်”
“သြော် သူလည်း ဖအေပါဟဲ့။ ကျောင်းလည်းပါရ၊ ရက်ကန်းလည်းပါရ ရက်ကန်းရုံလည်းပါရ သွားဆို သွားရှာပါသယ်။ စိတ်မပူပါနဲ့ ငါ့မြေးက ၀က်သက်နေမှာပါ။ ၀က်သက်များ ထွက်ခါနီးပူသယ်”
ကျေးဥ ဆင်းသွားသော်လည်း မလှအုံက ဘာမှ မကြားသလို နေခဲ့သည်။ မိုးစင်စင်လင်းပြီဖြစ်၍ အိမ်အောက်ဆီက ဆွမ်းခံ ကိုယ်တော်တွေ အရုဏ်ဆွမ်း အိမ်စဉ်ရပ်တော်မူကြတာ ကြားရပြီ။ မအိမ်ကံက မျက်လုံးတွေကို မှေးရင်းက အိပ်ပျော် သွားရှာပါ၏။ သည်တော့မှ မလှအုံမှာ မျက်ရည်တွေ သွန်ကျ လာခဲ့ရသည်။ သည်အိမ်ကြီးမှာ ပွဲဦး အပျိုတော် ထွက်ပါပြီ ဆိုကတည်းက ကန်တော့ပွဲကြီး ရွက်ခဲ့ရသူ။ အခုတော့ မိုးလင်း ခါနီးပြီ။ နှစ်ပါး သစ္စာထားတွေလည်း ပြီးပြီ။ စခန်းချခဲ့ကြ ပြီ။ မအိမ်ကံခမျာ ဘယ်ဘ၀က ရေစက်၊ ဘယ်ဘ၀က အကြောင်းများလည်း မသိ။ ပုတ်ကျဲတော့ နချေး(နွားချေး) ၀င်သတဲ့။ ဘ၀အကြောင်းကံကျဲသခိုက် အကုသိုလ်တွေ စိမ့်ဝင် တာမျိုးပင်။
အမေပန်းရုံ အိမ်ပေါ်တက်လာသည်။ မလှအုံက မျက်ရည်သုတ်ရင်း အသံမထွက်ဖို့ လက်ရိပ်ပြပါ၏။ မြေးက လေးကို နဖူးစမ်းကြည့်တော့ ငွေ့ငွေ့ကြီး ပူနေသေးသည်။ ချွေးတွေလည်း ရွှဲလို့။ မလှအုံက အင်္ကျီလဲပေးဖို့ပြင်သည်။ အင်္ကျီမလဲခင် ဆေးလူးရပါ၏။ ဆရာဆောင့်ဆေးက ဆေးပတ် မလည်သေးလို့လားတော့ မသိ။ သိသိသာသာ အပူကျသွားတာမျိုး မရှိသေး။
“ညည်း ညီမက ဘာသဲ့လဲ လှအုံ”
“ဘာမှ မပြောရှာပါဘူး။ မောင်ပြေသိမ်း လာရင် မြင်းခြံမှာ အင်္ဂလိပ်ဆရာဝန်နဲ့တော့ ပြချင်သတဲ့”
“အေးလေ။ သူတို့သဘောပေါ့”
အမေပန်းရုံ ဆင်းသွားတော့ မအိမ်ကံ အိပ်နေတာကို မလှအုံ စိုက်ကြည့်နေရှာလေသည်။
နောက်တစ်ရက်တွင် ကိုပြေသိမ်း ပြန်ရောက်လာသည်။ ရက်ကန်း ပစ္စည်းနှင့် ဆိုးဆေးထုပ်တွေ ပါလာခဲ့သည်။ ရောက် ရောက်ချင်းပင် သမီးကြီး နေမကောင်းကြောင်း မအိမ်ကံက ပြောပြသည်။ ကိုပြေသိမ်းခမျာ ထမင်းပင် မစားနိုင်သေးဘဲ သမီး၏ အခြေအနေကို စိုးရိမ်တကြီး တက်ကြည့်ပါ၏။ အဖျား မကျသေး။ သုံးရက်ရှိပြီဖြစ်သော်လည်း ကိုယ်သား ကိုယ်ရေက အပူအားကြီးနေသေးသည်။ ကိုပြေသိမ်းက ပိတ်ထားသည့် တံခါးတွေ ဖွင့်ခိုင်းသည်။ ပိတ်ခြင်ထောင်ကြီးကို ဖြုတ်စေသည်။ လင်းလင်းချင်းချင်းဖြစ်အောင်နှင့် လေကောင်း လေသန့်ရအောင် စီစဉ်ပေးခြင်းဖြစ်သည်။ မအိမ်ကံကတော့ လေတဖြူးဖြူး တိုက်နေတာကို စိုးရိမ်နေပါ၏။ လေမိပြီး ချွေးငုတ် မခံနဲ့လို့ မလှအုံက မှာထားတာ မဟုတ်လား။
“အိမ်ကလေးတို့က တံခါးတွေလည်းပိတ်။ ပိတ်ခြင်ထောင်ကြီးကလည်း ချထားလေတော့ ကလေးက ဘယ်လန်း ပါ့မလဲ။ တကယ့်ကို လူမမာကြီးဖြစ်နေတော့တာပဲ။ ဒါမျိုးက လေနဲ့ အလင်းရောင် လိုတယ်။ ကြည့်စမ်းပါဦး။ ဒါကလေးကို ခြုံပေးတဲ့ စောင်ကြီးတွေလား။ ဖယ် ဖယ် ဖယ်ပစ်လိုက်”
ကိုပြေသိမ်း လုပ်နေကိုင်နေတာတွေကို မအိမ်ကံ ဘာမှ မပြောဘဲ ကြည့်နေလိုက်သည်။ သူတို့ပညာတတ်တွေ စဉ်းစားတာ တစ်မျိုးပါလားလို့သာ သဘောထားလိုက်သည်။ ကိုပြေသိမ်းက ဗမာဆေးဆရာကြီး ဆရာဆောင်ပေးသည့် ဆေးတွေ ကိုကြည့်ကာ အသာပြန်ချထားသည်။ ဘာမှတော့ မပြော။ သမီး၏ နဖူးတွေ၊ ချိုင်းတွေ၊ လည်ပင်းအောက်တွေ စမ်းသည်။ မျက်ခမ်းဖြဲကြည့်သည်။ လျှာထုတ်ခိုင်းသည်။
“အိမ်ကလေးတို့ မြင်းခြံကို သွားကြဖို့ ကောင်းတယ်။ ဒေါက်တာ ဆင်းဆေးတိုက်ကို ပြရမှာပေါ့။ ဟိုမှာ နေရမယ် ဆိုရင်လည်း အစ်ကို့ညီ ရှိနေတာပဲ။ ပွဲကတော်ကြီးတို့၊ ကိုဝေဠုတို့လည်း ရှိတာပဲ။ ဗမာဆရာနဲ့ ရွာမှာတင် ကုနေလို့ ဘယ်ပျောက်ပါ့မလဲ။ ဆေးတစ်မျိုးနဲ့ ရေလဲ လုပ်နေလို့ မရဘူး”
မအိမ်ကံ ဘာမှပြန်မပြောခဲ့ပါ။ ဖအေဆိုတော့ စိုးရိမ်လို့ ပြောနေတာလို့ပဲ အောက်မေ့လိုက်သည်။ ကလေးက ရိုးရိုး ဖျားတာမဟုတ်၊ ရောဂါကြီးမလာခင် အပူပျိုးနေတာပါလို့ လည်းပြောဖို့ခက်သည်။ ဒါတွေကလည်း မအိမ်ကံ၏ အထင်သာ ဖြစ်၏။ မအိမ်ကံတို့လည်း ဗမာဆေးနှင့် ကြီးခဲ့ရသည် မဟုတ်လား။ မအိမ်ကံမှ မဟုတ်။ ကျေးလက်တောရွာမှာ ဗမာဆေးကိုပဲ အားကိုးရသည်။ ခေတ်အင်္ဂလိပ် ဆေးဝါးတွေကို သုံးလေ့ သုံးထမရှိကြတော့ ဘယ်သူကမှ အာရုံ မရှိ။ အင်္ဂလိပ် ဆေးဝါးတွေလည်း ကောင်းချင် ကောင်းပါလိမ့်မည်။ သို့သော် ကိုယ့်ဆေးကိုယ့်ဝါးကိုလည်း မပစ်ပယ်သာ။ ကိုပြေသိမ်းက များများ မပြောတော့ဘဲ ရေမိုးချိုး၊ ထမင်းစားသည်။ မျက်နှာတော့ မကောင်း။ မအိမ်ကံကလည်း လင်ပြန်လာလျှင် သူစိုးရိမ်နေတာတွေ ပြောပြဖို့ အားခဲထားသော်လည်း လင်ဖြစ် သူက ရောက်ရောက်ချင်း အပြစ်တင်နေတော့ အသာငြိမ် နေရပြန်သည်။
သမီးဖျားတာ သုံးရက်ရှိပြီ။ မအိမ်ကံ စိုးရိမ်သလို အဖုတွေ၊ အပိမ့်တွေ ထွက်လာတာတော့ မရှိ။ တချို့လူမမာ လာမေးကြသူတွေကတော့ ကန်ဆေး၊ ပွင့်ဆေးတွေ တိုက်ဖို့ အကြံပေးကြသည်။ အနာထွက်စရာ ရှိတော့ မြန်မြန်ထွက် သည်။ နို့မို့ကလေး ခံရသည်ဆိုတာလည်းပါတော့ ဘာလုပ် လို့လုပ်ကိုင်ရမှန်း မသိ။ ဆရာဆောင်ကတော့ နေ့စဉ်လာ ကြည့်ပါသည်။ လူနာကို လာကြည့်ပြီး ပေးစရာရှိသည့် ဆေးပေးပါ၏။ မလှအုံက ကလေး ခံတွင်းလိုက်အောင် ငါးရံ့လုံး ငါးပိကောင် ထွက်ရှာသည်။ ထမင်းဆီဆမ်းနှင့် ဟင်းချိုကလေး စီစဉ်သည်။ မအိမ်မြိုင်ခမျာ သုံးရက်လုံးလုံး မှိန်းနေရသည့် အပြင် ထမင်းပါ မစားနိုင်တော့ ပါးပါးလျား လျားကလေး ဖြစ်သွားခဲ့သည်။ ကိုပြေသိမ်းက သမီးကိုကြည့်ရင်း စိတ်မချမ်းသာ။ ကိုပြေသိမ်း ထမင်းစားပြီးတော့ ကလေးကို အိမ်ကြီးပေါ်မှ အောက်သို့ ပခုံးပေါ် မှောက်ပြီး ဆင်းလာခဲ့သည်။ မအိမ်မြိုင်က ဖအေချစ်ဖြစ်၏။ ဖအေ ပြန်လာတော့ ပိုလို့တောင် ချွဲနေလိုက်သေးတော့၏။
“အမေတို့ အစ်မအုံတို့ကလည်း သမီးသည်လောက် ဖျားနေတာကို မြင်းခြံက ဒေါက်တာဆင်းဆေးတိုက်ကို လွှတ်မှပေါ့။ သမီးက သုံးရက်လုံးလုံး အဖျားမကျဘူးဆိုတာ မကောင်းဘူး။ ဆေးတစ်ချောင်း၊ နှစ်ချောင်း ထိုးလိုက်ရင် သည်လောက် ဘယ်ခံရပါ့မလဲ”
ကိုပြေသိမ်းက အမေပန်းရုံနှင့် မလှအုံတို့ကို အပြစ်တင်သည်။ မြင်းခြံကို ဖြစ်ဖြစ်ချင်း မသွားရကောင်းလား ပြောနေခြင်းဖြစ်၏။ အမေပန်းရုံကတော့ ဘာမှမပြောပါ။ သားမက် ပညာတတ် ကျောင်းဆရာက ပြောနေတာဆိုတော့ ငြိမ်နေခဲ့သည်။ မလှအုံကတော့ ထမင်း ဆီဆမ်းပြင် နေရာက ကိုပြေ သိမ်းကို ဖျန်းခနဲ လှမ်းကြည့်သည်။ ကြည့်ရုံသာရှိ၍ ထွေထွေ ထူးထူးတော့ မပြောပါ။ ကိုပြေသိမ်းက ဗမာဆေးတွေက ရောဂါနှင့် တိုက်ရိုက် မထိဘဲ အာနိသင်ပဲ နည်းသလိုလို ဆက်ပြောနေသည်။ မလှအုံက ကိုပြေသိမ်းရောက်ကတည်းက မအိမ်ကံကို အပြစ်တင်နေတာကို သည်းခံလို့သာ နေနေရပါ၏။ သည်တစ်ခါတော့ ပြန်ပြောဦးမှဆိုသည့်ပုံနှင့် လေပျော့ ကလေးနှင့် ၀င်ပြောလိုက်သည်။
“မောင်ပြေသိမ်းရယ်။ ကောက်ကာ ငင်ကာ ဖြစ်သာကွယ့် ဖြစ်ဖြစ်ချင်းတုန်းကများ သံပြားပူကြီး တစ်ချပ်လို ချစ်ချစ် တောက်လို့။ တို့လည်း ဆရာဆောင်ပင့်ပြီး ကုသာပဲ။ မြင်းခြံတော့ ခေါင်းထဲ မရောက်ပေါင်ကွယ်။ ကလေးကို လေတိုး ကြီးထဲ ဖျားရက်နဲ့ ခေါ်သွားလို့ ဘယ်ဖြစ်ပါ့မလဲ။ မြင်းခြံနဲ့ ဇောင်ချမ်းကုန်း ခရီးနီးမှတ်လို့”
“အဲဒါ ခက်တာပေါ့ဗျာ။ ကလေး လေတိုးမှာတို့၊ ညှော်မိမှာ ကြောက်တာတို့နဲ့ ကလေး အခန်းထဲ လှောင်ပိတ်ထားကြတော့ ပိုဆိုးတော့တာပေါ့”
“မခက်ပါဘူးတော်။ မြင်းခြံတောင် မဟုတ်ပါဘူး။ ရန်ကုန်မြို့သွားလည်း ဖြစ်ပါသယ်။ ရှင်အိမ်ကံသမီးဟာ ငါတို့ သွေးပါကွယ့်။ မောင်ပြေသိမ်းက သမီး ငါက တူမပါ။ တို့တောတော့ တောဘာသာ အလျောက်သည်လို ကြီးခဲ့ရသာပါ။ အင်္ဂလိပ်ဆေးက အင်္ဂလိပ်ဝင်လာမှ ပေါ်လာသာပါ။ တို့ဆေးက ဘိုးဘွားမိဘများ လက်ထက်ကတည်းက ရှိခဲ့သာ ပါ။ တို့ မြတ်စွာဘုရားတောင် ဇီဝကကြီးက ကုခဲ့ရသာပါ ကွယ့်။ မင်းနှယ်”
Saturday, October 24, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ