တစ်ရက်မှာတော့ မြင်းခြံသား ကိုဝေဠု ဇောင်ချမ်းကုန်းကို ရောက်လာခဲ့သည်။ သူနှင့်အတူ အသားညိုညို မျက်လုံး မျက်ဖန် ကောင်းကောင်း ကိုဘဆန်း ဆိုသူလည်း ပါလာခဲ့ပါ၏။ သည်နှစ်ယောက်က စစ်မထွက်ခင် တစ်ခေါက် ရောက်လာ ကြပြီး စစ်ပြီးတော့ တစ်ခေါက်လာ နှုတ်ဆက်ကြသလိုပင်။ ကိုမင်းရာ ဆိုသူနှင့် ကိုဖူးခေါင် ဆိုသူ နှစ်ယောက်တော့ ပါမလာ။ မအိမ်ကံက ပွဲကတော်ကြီး၏ တူတော်သူ ဆိုတော့ ထွက်တွေ့ ဧည့်ခံရပါသည်။ ကိုပြေသိမ်းနှင့် သူတို့လေးဦးသား ငြင်းကြခုံကြ၊ အော်ကြဟစ်ကြတာကိုပင် သတိရမိ သေးတော့သည်။ အမေပန်းရုံနှင့် မလှအုံတို့က ဧည့်သည်တွေကို နေရာချထား ပေးထားနှင့်ကြပြီ။ မလှအုံက ကိုပြေသိမ်း၏ ဇာတ်သိမ်း မကောင်းပုံကို လာပြောကြသည် ထင်၍ မျက်နှာ မကောင်း။ ထွက်သွားကြတာ ငါးယောက်။ ပြန်ပေါ်လာတာက နှစ်ယောက်တည်း မဟုတ်လား။
မအိမ်ကံကတော့ မျက်နှာကို ချီချီပင့်ထားရင်း ကြုံသမျှ ကျသမျှ ရင်စည်းခံမည့်ပုံ။ ဒါကိုပဲ မလှအုံ အံ့သြရပါ၏။ မအိမ်ကံကို အမေပန်းရုံ စိုးရိမ်သလို မလှအုံကလည်း တစ်လျှောက်လုံး စိုးရိမ်ခဲ့ရသည်။ တစ်ဘ၀မှာ တစ်ချစ်၊ တစ်ချစ်မှာ တစ်ကြင်ဖော် ဆိုသူ မဟုတ်လား။ သို့သော် ကိုပြေသိမ်း ထွက်သွားသည့် နေ့က မျက်ရည်ကျခဲ့တာက လွဲလို့ နောက်ပိုင်း ၀မ်းနည်းရိပ် မရှိ။ မေးတာမြန်းတာကိုလည်း ကြိုက်ပုံမပေါ်။
"ငါ့သမီးကလေး မအိမ်ကံခမျာ ခံလိုက်ရရင် အချီကြီး ဆိုသလို ပါပဲလား လှအုံရယ်။ အပျိုဘ၀ အနှစ်နှစ်ဆယ် လုံးလုံး သူဖြစ်ချင်သာ မဖြစ်ခဲ့ရဘူး။ အိမ်ထောင်ပြုတော့လည်း သားနဲ့ မယား ဒုတ်ဒုတ်ထိ ထားသွားရက်သဲ့ သူငယ်နဲ့မှ အကြောင်းပါ ရလေသယ်။ သူ ရင်စီးခံနိုင်ပေမယ့် ငါဖြင့်အေ လင်သူကြီးမင်း သေသာ ဖြေနိုင်ခဲ့ပါရဲ့။ မအိမ်ကံ အတွက် မဖြေနိုင်ဘူး။ ဒါပေသိလို့ တိုက်လှေနဲ့ ရက်ကန်းလွန်း ဘ၀ချင်း မညီသာကိုပဲ ယိုးမယ်ဖွဲ့ရသယ်။ တစ်နေ့ သည်လို ရှိမယ်လို့တော့ ထင်သားပဲဟယ်"
ဒေါ်ပန်းရုံက မလှအုံကို ပြောခဲ့ဖူးသည့် စကားများပင်။ မလှအုံက သူတကာ စစ်ထွက်သူတွေ ပြန်လာကြတာတွေ ကြားထားသူ ဆိုတော့ ကိုပြေသိမ်းကိုလည်း မျှော်ခဲ့ပါ၏။ သို့သော် ရောက်မလာတော့လည်း ဘ၀ ကံကုန်ခဲ့ကြပြီ ထင်ပါရဲ့လို့ အဆုံး တွေးထားခဲ့သည်။ အခုပဲကြည့်လေ။ အတူသွားကြသည့် အထဲက နှစ်ယောက်သာ ရောက်လာကြတာ မဟုတ်လား။ ကိုဝေဠုကပဲ စကားစခံသည်။ မအိမ်ကံက ခါးကလေး တောင့်ရင်း သမီးကလေးကိုသာ ငေးနေခဲ့သည်။ တစ်နှစ်ခွဲ သမီး မအိမ်မြိုင်က ကြမ်းပေါ်မှာ တော့တီးတော့တာ ကစားနေသည်။ အနားတွေ့သမျှ ပါးစပ်ထဲ ကောက်ထည့် နေသဖြင့် ကျေးဥက နှိုက်နှိုက် ထုတ်နေတာကို ကြည့်နေခြင်း ဖြစ်၏။
"ကိုပြေသိမ်းနဲ့ ကျွန်တော်တို့ သွားတုန်းကတော့ အတူတူ ပါပဲ။ ကျွန်တော်တို့ အားလုံး ပခုက္ကူဘက်ကို ဖြတ်ထွက် ကြတာပါ။ ပခုက္ကူကမှ တာဝန်ခွဲကြတော့ ကျွန်တော်နဲ့ ကိုဘဆန်းက ပြည်မြို့ဘက် ပါသွားကြတယ်။ ကိုပြေသိမ်းက မန္တလေး၊ ကိုဖူးခေါင်က သရက်ဘက်၊ နောက် ကိုမင်းရာက တောင်တွင်းကြီးဘက်၊ ကိုဖူးခေါင်နဲ့ ကိုမင်းရာတို့ကတော့ တိုက်ပွဲမှာ ကျခဲ့ကြပြီ။ ကိုပြေသိမ်းကတော့ ကျတယ် ဆိုတဲ့ သတင်းမရတာ အမှန်ပါ။ ပြန်မလာ သေးတာကိုလည်း ကျွန်တော်တို့ နားမလည်နိုင်ဘဲ ဖြစ်နေပါတယ် ဒေါ်ဒေါ်"
ကိုဝေဠုက အမေပန်းရုံကိုသာ ကြည့်ပြီး ပြောနေသည်။ ကိုဘဆန်းက တစ်ခွန်းမှ မပြောဘဲ ငြိမ်နေသည်။ မျက်ခုံး ထူကြီးတွေကို ကုပ်ထားကာ စားပွဲပေါ်က ဒန်မီးခတ်ကိုသာ စိုက်ကြည့် နေပါ၏။ အမေပန်းရုံက သမီးကလေး ရှိနေတော့ ဘာပြောရမှန်း မသိ။ မအိမ်ကံသာ အနားမှာ မရှိလျှင် ပွင့်ပွင့် လင်းလင်း မေးလိုက်ချင်သည်။ သတင်းဆိုး၊ သတင်းကောင်း အကြောင်း မဟုတ်ဘဲ ပျောက်နေသည့် ဆံစု အထားမှားသလား၊ ကြွက်ချီသလား သိချင်နေခဲ့သည်။ သည်သူငယ်တွေကတော့ မဟုတ်တာ ပြောကြပုံ မရှိ။ သူတို့ သိသလောက် ပြောနေတာ မှန်းလည်း သိပါ၏။ မလှအုံကပဲ စကား စပြောသည်။
"ငါ့တူများကို အရီးတို့က အပြစ်မတင်ပေါင်ကွယ်။ တို့တောနယ်က လူငယ်တွေတောင် ကိုယ့်စိတ်နဲ့ကိုယ် ဂျပန် တိုက်ဖို့ လိုက်သွားကြသာ ကြားနေရသာပါ။ မောင်ပြေသိမ်းလို လူက ဘယ်မှာ ကျန်ရစ်နေပါ့မလဲ။ မိုးမရိပ်ခင်က ဆီခဲချင်နေ သဲ့လူ သိသားပဲ။ ဒါပေသိ ထမနဲလား၊ ယာဂုလား ကွဲချင်ကြ သာပါ"
မလှအုံကလည်း သည့်ထက်ပို အရိပ်မပြနိုင်။ ကိုဘဆန်း ဆိုသူက အသာလှုပ်လာပါ၏။
"ကိုပြေသိမ်းက မန္တလေးကနေ ရပ်***ဘက်၊ ရွာငံဘက် ပါသွားသလိုလိုတော့ သတင်းသန့်သန့် ကြားရပါတယ်။ တိုင်းတွေ ခွဲလိုက်တော့ ဆန်စင်ရာ ကျည်ပွေ့ လိုက်ရတာကိုး။ ကျွန်တော်တော့..."
မအိမ်ကံက သက်ပြင်းကလေးချကာ ကိုဘဆန်းကို လှမ်းကြည့် လိုက်သည်။ ကိုဘဆန်းက စကားဆက် မပြော ပြန်တော့ မျက်နှာလွှဲရ ပြန်သည်။ ကျေးဥက ကလေးကို ကောက်ချီကာ အပြင်ကို ထွက်သွားသည်။ ရက်ကန်းရုံ ဘက်ဆီက ရက်ကန်းခြူကုံးသံတွေ ချွင်ချွင်ဖျောက်ဖျောက် ကြားနေရ၏။ စကားဝိုင်းက ခြောက်ကပ် လှသည်။ ပြောသူတွေမှာလည်း စကားမရှိ။ မေးချင်သူတွေမှာလည်း စကားမရှိ။ မအိမ်ကံ စကားတစ်ခွန်း ၀င်ပြောခဲ့သည်။
"မအိမ်ကံကတော့ ကိုပြေသိမ်း ထွက်သွားသဲ့နေ့ ကတည်းက မေတ္တာပို့သယ်။ ကိုယ့်လင်သား ဆိုတော့ စိတ်လည်း ရောက်သယ်။ သမီးကလေး အိပ်နေသာ မြင်ရရင် ပိုတောင် သတိရမိပါရဲ့ ရှင်တို့ရယ်။ ညကြီးသန်းခေါင်တောင် ချိုးချိုး ချောက်ချောက် အသံကြားရင် ကိုပြေသိမ်း ပြန်လာ သာများလားလို့ ထကြည့်မိသယ်။ ဒါပေသိ သူထွက်သွား ကတည်းက မအိမ်ကံ နေတတ်အောင် နေခဲ့သယ်။ ဘယ်သူက မေးမေး အမျှ ဝေထားပြီးပြီလို့ပဲ ပြောသယ်။ တိုင်းပြည် အတွက် တစ်နေရာရာမှာ သူကျတယ် ဆိုရင်လည်း မအိမ်ကံ ဖြေနိုင်ပါရဲ့။ ကျွန်မလင်သား အဖြစ်သူ ကျဆုံးသွားတယ် ဆိုရင်လည်း ကျွန်မ ဖြေနိုင်အောင် ဖြေမယ့် သူပါ။ ကျွန်မ သမီးကလေး အတွက်တော့ ဖအေ ဖြစ်သူမဲ့ သွားသဲ့ အဖြစ်ကို ကျွန်မ ရင်မဆိုင်ရဲဘူး။ ကျွန်မလေ ကျွန်မ..."
ပြောရင်းက စကားတွေ တစ်ဆို့ သွားပြီး တစ်ချိန်လုံး တင်းဆယ် ထားသမျှ မျက်ရည်တာရိုး ကျိုးပေါက်သွားတော့သည်။ ထိုင်နေကြသူတွေ အားလုံး မအိမ်ကံကို ၀ိုင်းကြည့် နေခဲ့ကြသည်။ မအိမ်ကံ ဘာတွေ ပြောချင်တာလဲ။ မအိမ်ကံက စကားကို ဆက်ပြောသည်။
"စစ်ဆိုသာကြီး ဖြစ်လာမှတော့ လင်သေ သားဆုံး ဒုက္ခတွေ များကြရောပေါ့ရှင်။ သည်အဖြစ်ထဲ မအိမ်ကံ ပါနေရင် တော့လည်း အရင်းလည်း ထမ်း၊ အဖျားလည်းထမ်း ထမ်းရုံ ရှိတော့သာပေါ့။ မအိမ်ကံ ခံဝံ့သဲ့ သတ္တိရှိပါသယ်တော်"
ကိုဘဆန်းကတော့ ဒန်မီးခတ်ကိုပဲ စူးစူး စိုက်စိုက် ကြည့်နေလေသည်။ ကိုဝေဠုက မျက်လွှာကို ချထားသည်။ အမေပန်းရုံနှင့် မလှအုံက မအိမ်ကံ မျက်ရည်ကျတာကို ကြည့်ပြီး အင်္ကျီလက်မောင်းဖြင့် ကိုယ့်မျက်ရည် ကိုယ်တို့ ကြသည်။ စကားဝိုင်းက တစ်ဖန်ငြိမ်သက် သွားပြန်ပါ၏။
မအိမ်ကံ စိတ်တွေကတော့ စကားဝိုင်းမှာ မရှိ။ ရှေးဖြစ် နောက်ကြောင်းတွေကိုသာ စိတ်ရောက် နေခဲ့သည်။ တစ်သက်လုံး ရွှေလိုဥကာ နေလာခဲ့ပြီးမှ ကွမ်းတောင်ကိုင် မဖြစ်ခဲ့ရသော သူမဘ၀ ပုံရိပ်ဟောင်းများ...။
သူတကာတွေ ပြန်လာကြပြီ ကိုပြေသိမ်းရေ...၊ တော် ဘယ်မှာလဲ...။
ထိုနေ့က မအိမ်ကံတို့ အိမ်ဝိုင်းထဲမှာ ခတ္တာပန်းတွေ၊ လေးကျွန်းစကြာပန်းတွေ ဖွေးဖွေး လှုပ်လှုပ် ဖူးပွင့်နေကြသည်။ ပုန်းညက်ပင်အိုကြီးကလည်း ပုလဲခိုင်ပန်းတွေ တွဲရရွဲစီနေဆဲ။ အိမ်ထောင့်က ယင်းမာပင်ကြီးကလည်း အဖူးအခိုင်တွေ ထိုးထွက်နေကြသည်။ ပန်းတွေ ပွင့်နေတာမြင်တော့ အပျိုဘ၀ကို မအိမ်ကံ သတိရမိပါ၏။ ငယ်ကတည်းက ပန်းအလွန် ကြိုက်ခဲ့သော မအိမ်ကံသည် မနက်မိုးလင်းသည်နှင့် သနပ်ခါးပန်းမန် တဝေေ၀ဖြင့် လှချင်ရက် စက်စက် ယိုခဲ့သည်။ တစ်နယ်လုံးက မအိမ်ကံ၏ အလှကို ရင်သပ် ရှုမောရှိခဲ့ ကြသည်။ အခုတော့လည်း အပျိုလို မနေမိလို့ ကိုယ်ရိတယ် လေး ဆိုသလိုဖြစ်ခဲ့ရသည်။ အလှအပထက် ဘ၀ကို ဦးစား ပေးခဲ့ရပြီ။
အခါပျက် အတွင်းက ဓားပြသုံးကြိမ် အတိုက် ခံခဲ့ရသည်။ စစ်ဖြစ်နေသည့် အတွင်း လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရသည်။ ပြန်လည် ထူမတ်နိုင်ဖို့ အတော် အားယူခဲ့ရပါ၏။ ကျောက်ထည် ကလေးတွေကို သမီးကလေး မအိမ်မြိုင် အတွက် နတ်ကိုးကြတ်သလို သိမ်းဆည်း ထားခဲ့ပြီး ရွှေထည်အချို့ ရောင်းချခဲ့သည်။ မအိမ်ကံမှာ မိသားစုအတွက် သာမက ကိုဖိုးငွေ၊ မလှအုံတို့ တစ်ပြုံကြီးနှင့် အရီးကြာညွန့်၊ ကျေးဥတို့တစ်တွေ အတွက်ပါ တာဝန်ယူခဲ့ရသည်။ စစ်အတွင်းက မိဘနှစ်ပါး ဆုံးပါး သွားရှာသော ယောက်မဖြစ်သူ မမစိမ်းမြတို့ ညီအစ်မ၏ စားဝတ်နေရေးကလည်း မအိမ်ကံ ခေါင်းပေါ် ပုံကျလာခဲ့သည်။ တစ်ချိန်က ပေးခဲ့ကမ်းခဲ့ ရှိခဲ့ရသော ဆွေဆွေမျိုးမျိုးတွေကလည်း လက်ဖြန့်ခံ လာတော့လည်း မျှတပေးကမ်း ရပြန်သည်။ ဥစ္စာပစ္စည်း အတွက် အလို လောဘ မရှိလှသော်လည်း တာဝန်တွေက မအိမ်ကံအပေါ် အလိုလို ပိကျ လာခဲ့ပါ၏။ ရှေ့က ဦးဆောင်မည့်သူ မရှိသော်လည်း မအိမ်ကံအတွက် နောက်လိုက် ကောင်းတွေ ရှိနေတာကိုပဲ ၀မ်းသာရသည်။ မအိမ်ကံမှာ ရှေ့ဆုံးက လမ်းဖောက် ရသော ပုရွက်ဆိတ်လိုပင် နောက်က တသီတတန်းကြီး ကပ်ပါနေကြပါ၏။
ပထမဆုံး ရက်ကန်းရုံ ကလေးကို ဖြစ်ဖြစ်မြောက်မြောက် ထူထောင် ရသည်။ ကုန်ကြမ်းတွေ ၀ယ်လှောင်ပြီး ရက်ကန်းသားတွေကို ငွေကြို ပေးထား လိုက်သည်။ အရီးကြာညွန့်နှင့် အတူ မအိမ်ကံ ကိုယ်တိုင် လုံ့လ ၀ီရိယ စိုက်ခဲ့သည်။ သမီးကလေးကိုပင် ကျေးဥလက်ထဲ ထိုးအပ် ထားရတော့သည်။ မလှအုံခမျာလည်း အသက်အရွယ် ကြီးလာသည့်တိုင် အိုး သူကြီးရာထူးက မဆင်းရသေး။ အမေပန်းရုံကတော့ လင့်ဝတ္တရားတွေ ကင်းပြီမို့ အေးအေး သက်သာစွာ စိပ်ပုတီးကလေး တချောက်ချောက် စိတ်လျက်ရှိပါ၏။
"+++ တို့အိမ်တောင်က ချဉ်ပေါင်ခင်း+++ ယုန်ဖို ယုန်မ ဆင်းပါ လို့လေး +++ ဟဲ့ +++ ကရို့ +++ ယုန် +++ ကရို့ +++ ယုန် +++ သည်မယ်မွေးသဲ့ ခွေးကြန်စုံ +++ ဇိအထက်ကဇက်ကိုငုံ +++ ရွှေယုန်ထွန့်ထွန့်လူးပါလို့လေး +++"
ကျေးဥ တစ်ယောက် သမီး မအိမ်မြိုင်ကို မြှူနေသော သီချင်းကြောင့် မအိမ်ကံ ပြုံးမိရသည်။ သမီးကလည်း ကျေးဥ လုပ်ပြတာကို ကြည့်ရင်း ခိုးခိုးခစ်ခစ် ရယ်လေသည်။ သမီးကလေးကို လှမ်းကြည့်ရင်း နမ်းချင်စိတ် ပေါ်မိသဖြင့် ရက်ကန်းရုံထဲက မအိမ်ကံ ပြေးထွက်လာခဲ့သည်။
"မအိမ်ကံ..."
ဝိုင်းဝဆီက မအိမ်ကံကို ခေါ်သံ ကြားလိုက်ရသည်။ မအိမ်ကံ လှမ်းကြည့်လိုက်တော့ ရိုးရိုးရိပ်ရိပ်။ အသံက မိန်းမသံ။ ရွာထဲက တစ်ယောက်ယောက် ထင်ပါရဲ့။ မအိမ်ကံ ၀ိုင်းဝကို လျှောက်သွားပြီး တံခါးတစ်ချပ် လှပ်လိုက်သည်။ မအိမ်ကံ မမျှော်လင့်သော၊ ဘယ်သော အခါမှ မတွေ့ချင် မဆုံချင်သော မိန်းမ တစ်ယောက်။ စောစောက ကြည်နူးခဲ့ရသော စိတ်ကလေးပင် နောက်ကျိ သွားခဲ့သည်။ ၀ိုင်းပေါက်ဝမှာ ရပ်နေသူသည် မအိမ်ကံ အိမ်ရှေ့ကို ရောက်လာ လိမ့်မည်ဟု ထင်မထားခဲ့သူပင်။ လက်တစ်ဖက်က ကလေးကို ဆွဲထားရင်း မအိမ်ကံကို ပြုံးပြနေသည်။ မအိမ်ကံကတော့ ပြန်မပြုံး ဖြစ်ခဲ့။ နှုတ်တော့ ဆက်လိုက်သည်။
"အလို... ရွှေမှုံ ဘယ့်နှယ် မလာစဖူး"
မအိမ်ကံ၏ အသံက အလိုမကျခြင်းဖြင့် တုန်ရီနေလေသည်။
အရီးလှအုံဆီလာသာ မအိမ်ကံ။ သမီးက နေ့နေ့ညည ခဏခဏ အဖျားတက်လို့ ကြည့်ခိုင်းလို့ လာသာ။ နေကောင်းကြလား။ ငါဖြင့် စိတ်သာရောက်သယ် လူမရောက်နိုင်ပါဘူး သူငယ်ချင်းမရယ် ရွှေမှုံက စကားပြောရင်း ၀ိုင်းထဲဝင်လာတော့ မအိမ်ကံလည်း လိုက်လာခဲ့သည်။ ရွှေမှုံ နည်းနည်းလေးတော့ ပိန်သွားသည်။ အပျိုတုန်းက ကိုယ်သားကိုယ်ရေလည်း မရှိတော့။ သားသည် မအေကလည်း ဖြစ်ပြန်၊ စိတ်ထောင်းကိုယ်ကျေလည်း ရှိပုံရသည်။ ရွှေမှုံသမီးကလေးကို ငဲ့ကြည့်ပြန်တော့ မှင်တင်တင်။ ကလေးက မလန်းသလိုလို နွမ်းလှသည်။ မျက်လုံး မျက်ဖန်တော့ ရွှေမှုံနှင့် အတူသား။
“သည်လိုပါပဲ ရွှေမှုံရယ်။ ညည်းတို့ အိမ်မှ မဟုတ်ပါဘူး။ ငါလည်း ဘယ်သူ့ အိမ်မှကို မရောက်သာကြာပြီ။ ခေတ်ကာလကလည်း မကောင်းတော့ အိမ်က မခွာဝံ့ဘူး”
ရွှေမှုံက သမီးဖြစ်သူ၏ ရောဂါနှင့်ပတ်သက်၍ မလှအုံကို အကျိုးအကြောင်း ပြောပြသည်။ ကလေးက မနက်အိပ်ရာထ တိုင်းလည်း လန်းသည်မရှိ။ နေ့ခင်းနေ့လယ် ကိုယ်ကလေးပူ ချင်တော့လည်း ပူလာသည်။ တစ်ခါတစ်ရံ ညနေဘက်တွင် အပူအားကြီးတတ်ပြန်သည်ဆို၏။ ကလေးဖျား၊ ကလေးနာ ယတြာမန်းနှင့်ပတ်သက်၍ ရွာမှာ မလှအုံက နာမည်ရသည်။ တော်ရုံတန်ရုံအဖျားတော့ မန်းရုံ၊ ယတြာလုပ်ရုံ၊ ဆေးမြီးတို ကလေးသုံးရုံနှင့် ပျောက်နိုင်လို့ ဆေးဆရာဆီ မသွားလေ့ကြ။ အခုလည်း မလှအုံကို လာမန်းခိုင်းခြင်းဖြစ်ကာ ယတြာတောင်း ခြင်းဖြစ်၏။ မလှအုံက ကလေး၏ မျက်တွင်း မျက်ဆံနှိုက် ကြည့်သည်။ ကိုယ်သားကိုယ်ရေ စမ်းကြည့်သည်။ မေး အောက်၊ ချိုင်းအောက် လက်ခုံနှင့် စမ်းသည်။
“နေတက်ဖျား၊ မွန်းတည့်ဖျား၊ သုံးဗဟိုဖျား၊ နွားရိုင်း သွင်းချိန်ဖျား၊ သူငယ်အိပ်ဆိပ်ဖျား၊ ကြက်ဦးတွန်ဖျားရယ်လို့ ရှိသယ် ရွှေမှုံရဲ့။ ညည်းကလေးက နေ့နေ့ညညဖျားသာဆိုတော့ သူငယ်နာများ မစင်ရော့သလားအေ။ ငါ မန်းသယ်ဆိုသာက အဲသလောက် စုံစီနဖာဖျားသာမျိုးတော့ မစွမ်းဘူး။ အဲသာကျ တော့ဆေးဆရာများမှဖြစ်မှာ။ ကိုင်းပါလေ ရန်ကင်းအောင် တော့ မန်းပေးလိုက်ပါ့မယ်။ ညည်းသမီး နာမည်က ဘယ်သူ”
“မှုံနံ့သာပါ အရီး”
“ကြာသပတေးသမီးပေါ့။ မအေရုပ်ပါကောအေ။ သည် မယ်၊ ငါပြောမယ်။ ကလေး ခြေသည်းလက်သည်းကို ညှပ် ကရော၊ အ၀တ်သန့်သန့်နဲ့ ထုပ်ထား။ ကြာသပတေးသမီးဆို တော့ ပုန်းမဲဇာသားကို ညည်းသမီးအရပ်နဲ့တိုင်းဖြတ်၊ ညအိပ် တော့ ဘေးမှာမြှောင်သိပ်၊ ကြားလား”
“ဟုတ်ကဲ့ အရီး”
“ခုနင်က ခြေသည်းလက်သည်းထုပ်ထားသဲ့ အ၀တ်ထုပ် ကို ခြေရင်းမှာထား။ ဆန်ကို သုံးထုပ်ထုပ်အေ။ တစ်ထုပ်က ခေါင်းရင်းထား၊ တစ်ထုပ်က ခါးနားမှာထား၊ တစ်ထုပ်က ခြေရင်းမှာထား။ နောက်နေ့မိုးလင်းတော့ ခေါင်းရင်းကအထုပ် ကို ဆွမ်းချက်ပြီးလောင်း၊ ခါးကအထုပ်ကို ဆင်းရဲတဲ့လူပေး လိုက်၊ ခြေရင်းကဆန်ကိုချက်ပြီး ခွေးတို့ ကြောင်တို့ ကျွေး။ လက်သည်းခြေသည်းထုပ်ကို အိမ်အနောက်ဘက်ပစ်လိုက်။ အညံ့ကျေကရော၊ မှတ်မိလား”
“မှတ်မိပါတယ် အရီး”
မလှအုံက ကလေးခေါင်းကိုကိုင်ကာ မန်းသည်။ မအိမ် ကံကတော့ ရွှေမှုံ့သမီးကလေး မှုံနံ့သာကိုသာ သေသေချာချာ ကြည့်နေခဲ့သည်။ မလှအုံပြောသလို ရွှေမှုံနှင့်တူသလိုလို ရှိ သော်လည်း ကြီးတော်စံရွှေမျက်နှာကျ ပိန်းပိန်းရိုးရိုးရိပ်ရိပ်ပါ သည်။ မျက်တောင်စင်းစင်း၊ မအိုးမအီဆိုတော့ မျက်နှာက မပွင့်ချင်။ သူ့သမီးကို မအိမ်ကံ ကြည့်နေတာမြင်တော့ ရွှေမှုံက မအိမ်ကံ သမီးကို ဖျတ်ခနဲ သတိရသွားပုံပေါ်၏။ ကလေး ကြည့်ပါရစေ ဆိုလေသည်။
“မအိမ်ကံသမီးကို ငါ ကောင်းကောင်း မမြင်ဖူးသေး ပေါင်အေ၊ ပြစမ်းပါဦး။ ကြည့်စမ်းပါရစီ။ ညည်းသမီး ကလေးက ကံကောင်းပါသယ်အေ၊ လက်ပေါတော့ အထိန်းရ သက်သာမှာပေါ့။ ငါဖြင့် ကလေးတစ်ဖက်နဲ့ ဒေါင်ချာစိုင်း လိုက်ပုံ မပြောပါနဲ့တော့။ သည်ကြားမကျန်းမာတော့တအီအီနဲ့”
မအိမ်ကံက ကျေးဥကို လှမ်းခေါ်တော့ သမီးနှင့်အတူ ရောက်လာခဲ့သည်။ ရွှေမှုံက မအိမ်မြိုင်ကလေးကို အကဲခတ် သည်။ ပြုံးပြသည်။ ပါးကလေးကိုဖျစ်သည်။ လက်မောင်း နှစ်ဖက်ကကိုင်ရင်း ကလေးကို မ၀စတမ်းကြည့်နေခဲ့ပါ၏။ မအိမ်မြိုင်က အတင်းရုန်းသဖြင့် ကျေးဥက ကပျာကယာ ကောက်ချီရသည်။ ရွှေမှုံက ကျေးဥ ချီပိုးထားတာကိုပင် လိုက်ကြည့်နေသေးသည်။ မအိမ်ကံက ရွှေမှုံ့မှတ်ချက်ကို ကြားချင်နေသည်။ ရွှေမှုံ့မျက်နှာက တဖြည်းဖြည်း ပြုံးလာ ရာက အားရ၀မ်းသာဆို ရှာပါ၏။
“လှလိုက်သာတော် ဖအေတူ မအေတူကလေးပါလား။ နှုတ်ကောင်းတော့ နယ်စိုး၊ ရုပ်ကောင်းတော့ ပြည်စိုး။ ညည်းသမီး ညည်းလိုလာမှာပါပဲ မအိမ်ကံရယ်။ တကယ်ပြောသာ ရက်စက်ပါ့အေ”
ညည်းသမီး ညည်းလိုလာမှာတဲ့လား။ ဒါ ဘာကိုပြော တာလဲ။ ညည်းလို ရုပ်ရည်ချောလွန်းလို့ တစ်နယ်လုံးကြား ထင်ပေါ်မယ့် သမီးကလေးလို့ပြောတာလား။ ရုပ်ချောပေမယ့် ကွမ်းတောင်ကိုင်တော့ ဖြစ်မယ်မထင်ပေါင်လို့ဆိုလိုတာလား။ ကိုပြေသိမ်း သတင်းများ မကြားကောင်းမကြားရာ သိထားလို့ များလား။ ညည်းယောက်ျား စစ်မြေပြင်မှာ ကျသွားပြီဆိုမှ တော့ ညည်းသမီး ဘယ့်နှယ်လုပ် ကွမ်းတောင်ဖြစ်တော့မှာတုံး မအိမ်ကံရဲ့လို့များ သဘောရောက်ချင်တာလား။ ထင်လျှင် လည်း ခံရရုံပင်။ ကိုပြေသိမ်းနှင့် ပတ်သက်၍ မအိမ်ကံ ဘာကိုမျှ မကြားရတော့ပြီ။ သေပဲသေရော့လား။ ရှင်ပဲရှင် လေသလား။ မအိမ်ကံ ကိုယ်တိုင်ပင်မသိမှတော့ သူစိမ်း ပြောတာခံရုံပင်။ အမေပန်းရုံရောက်လာတော့ ကြီးတော်စံရွှေတို့ မာကြရဲ့လား မေးသည်။ ရွှေမှုံ့သမီးကလေး တရှောင်ရှောင် ဖျားတာကို မေးသည်။ ရွှေမှုံပြန်သွားတော့ အမေပန်းရုံနှင့် မလှအုံတို့ စကားပြောရင်းကျန်ရစ်ခဲ့ကြသည်။ မအိမ်ကံကတော့ ရက်ကန်းရုံဘက် ပြန်ထွက်လာခဲ့သည်။
ရွှေမှုံ ရောက်လာပြန်တော့ ငြိမ်နေသည့်စိတ်က လှုပ်ရပြန် သည်။ မအိမ်ကံကိုယ်တိုင်ပင် အဖေ အမေငယ်လင်ငယ်မယား မဟုတ်လို့ ကွမ်းတောင်မပိုက်ရသည့်အဖြစ်ကြုံခဲ့ရသည်။ မအိမ် ကံမှာ နှလုံးကွဲမတတ် ခံစားခဲ့ရပါ၏။ မိန်းမသားတစ်ယောက် အဖို့ ကွမ်းတောင်ကိုင်ဖြစ်ခဲ့ရသည်ဆိုသည့်ဂုဏ်က မသေးလှ။ ရွှေမှုံကိုပဲကြည့်။ ဘယ်လိုအခြေ၊ ဘယ်လိုဘ၀ရောက်ရောက် တစ်ချိန်က ရွာကဗန်းတင်ခဲ့ရတဲ့ကွမ်းတောင်ကိုင်ပါတော် ဆို သည့် မာန်ကလေးတ၀င့်ဝင့်။ သည်ရွှေမှုံကပဲ သမီးကလေး မွေးသလို မအိမ်ကံကိုယ်တိုင်လည်း သမီးကလေး မွေးပြန်လို့ သမီးတစ်ခေတ်တစ်ပြန်ကြုံကြပြန်ပြီ။
မအိမ်မြိုင်နှင့် မှုံနံ့သာ။
သူတို့နှစ်ဦးထဲကသာ ရွေးကြကြေးဆိုလျှင် ဘယ်သူ ကွမ်းတောင်ကိုင်ရလေမလဲ။ တွေးမိရာက မအိမ်ကံမှာ ရင်ထဲ ဆို့တက်လာခဲ့သည်။ သမီးကလေးအဖို့ရာ ကွမ်းတောင်ကိုင်ဖြစ် ဖို့အရေးမှာ ဖအေပျောက်ကိန်းကြုံရရှာပါပကော။ စဉ်စားကြည့်လေ ရင်နာစရာကောင်းလေ။ ကိုပြေသိမ်း က ရွာပြင်ထွက်ပြီး ချဉ်ပေါင်တစ်တက်၊ ရုံးပတီတစ်တောင့် သွားခူးတာမဟုတ်။ တစ်မြေတခြား ကုန်ရောင်းကုန်ဝယ် သွားတာမျိုးလည်း မဟုတ်။ စစ်မြေပြင်ကို သွားခြင်းဖြစ်သည်။ သွားပါပြီဆိုကတည်းက အသက်တစ်ဝက် ပေးထားနှင့်ပြီး သား။ ကိုယ်မဦးတော့ သူဦး၊ သူမဦးတော့ ကိုယ်ဦး။ ဘယ်သူ သေလို့ ဘယ်သူကြေမှန်းမသိရသည့်အဖြစ်။ သူတကာတွေ ပြန်ရောက်ကြပါလျက် ကိုပြေသိမ်း ပြန်မလာပုံထောက်တော့ မုဆိုးမစင်စစ် ဧကန်ဖြစ်ရပြီထင်ပါရဲ့လို့သာ အောက်မေ့ရတော့ သည်။ မအိမ်ကံအဖို့ရာ မုဆိုးမဖြစ်ရတာကိုလည်း မဥပါဒ်မိ။ အဖမဲ့သမီးမို့ ကွမ်းတောင်ကိုင် လွဲရရှာတော့မည့်သမီး အတွက်တော့ ဒုတိယအကြိမ် ရင်နှင့်အမျှခံစားရပါ၏။ မအိမ်ကံ ဒါကိုပဲ နာလွန်းလှသည်။
မအိမ်မြိုင်ကလေးကို ရွှေမှုံကပင် ချောလှပါပေ့ဆိုခဲ့သည်။ ရွှေမှုံက သူ့သမီးကလေးကို ကိုယ်တိုင်လက်ဆွဲလာသည့် ကြားက မအိမ်မြိုင်ကို အားရပါးရ ချီးကျူးခဲ့တာကိုတော့ မအိမ်ကံ ကျေနပ်နေမိခဲ့သည်။ သမီး မအိမ်မြိုင်က မှုံနံ့သာထက် ပိုချော၊ ပိုလှတာလည်း အမှန်ပင်။ သို့သော် အရွယ်တွေက ငယ်ကြသေးသည်။ သည်ရုပ်သည်ရည်လေးတွေကို အတည် ယူလို့ မရသေးမှန်းတော့ မအိမ်ကံ သိပါ၏။ နောင်ဆယ်နှစ် ကျော်ကျော်ဆိုလျှင်တော့ ခံဆူးလား၊ ဆီးဆူးလား ကွဲကြရော့ မည်။
ရက်ကန်းရုံထဲမှာ အလုပ်တွေ လုပ်နေခဲ့သည့်တိုင် မအိမ်ကံ ရင်မလင်းခဲ့။ ရေကြောင့် နွံဖြစ်ရပြီ။ နွံကြောင့်ပင် ရေနောက်ရ ပြန်ပါပကော။ ကျေးဥက ကလေးကိုချီလာတော့ သမီးကလေးကို မအိမ်ကံ ပွေ့ယူလိုက်သည်။ မအေ့ထက် တောင် ချောလှသူကလေးရယ်။ ညည်းအဖေနဲ့ငါ ရှင်ကွဲလား၊ သေကွဲလား။ ဘယ်လိုပဲကွဲကွဲ ကွဲကြပြီဆိုရင်တော့ လင်စုံ မယားဖက် မဟုတ်လို့ ညည်း ကွမ်းတောင်ကိုင်ဖြစ်စရာ မရှိ တော့ပါလား အေ။ အမေနဲ့ သမီး သည်နေရာမှာတော့ ဘ၀ချင်း မတူပါရစေနဲ့ သမီးရယ်။ သည်တစ်ခါတော့ ဇောင်ချမ်းကုန်း မှာ ညည်း ကွမ်းတောင်ကိုင်ပြစေချင်စမ်းပါဘိ။
မအိမ်ကံ မျက်ရည်ကျတော့ ကျေးဥက ကလေးကိုပြန်ဆွဲ ယူကာ ရက်ကန်းရုံထဲမှ ထွက်လာခဲ့သည်။ အခုတော့ လျှော့ တော့လည်း မိစ္ဆာ၊ သာတော့လည်း ဒိဋ္ဌိ။ ရှိပါစေတော့။ ဖရုံ တစ်ညှာ၊ ဘူးတစ်ညှာဖြစ်လာသမျှအကြောင်း အကောင်း ချည်းလို့သာ မအိမ်ကံ သဘောထားခဲ့လေသည်။
ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးပြီး၍ အုပ်ချုပ်ရေးသစ် ပြန်လည်စနေပြီဆိုသော်လည်း ကိုပြေသိမ်း ပြန်မလာသည့် အတွက် တစ်စတစ်စ စိတ်ပူပန်လာရသူမှာ အမေပန်းရုံဖြစ် သည်။ သမီးဖြစ်သူ၏ အိမ်ထောင်ရေးကိစ္စတွင် တောသူ တောင်သား မိဘပီပီ ၀င်ရောက်စွက်ဖက်ခြင်းမပြုဘဲ အခြေ အနေကိုသာ အကဲခတ်နေခဲ့သည်။ တစ်နေ့ပြန်လာနိုး၊ တစ်ရက် ပြန်လာနိုး မျှော်ကိုးနေခဲ့မိသည်။ ပြန်မလာတော့တာသေချာ လျှင်လည်း ကုသိုလ်ကောင်းမှုပြုဖို့ရာ တာဝန်ရှိသည်။ ဘ၀ကူး ကောင်းရန် ဆွမ်းသပိတ်သွပ်ရမည့် ကိစ္စတွေရှိသည်။ ဘ၀ကံကပေးသမျှ ပေါင်းဖက်ခဲ့ရသည့်သမီးအတွက် ရိုးမြေ ကျ မပေါင်းဖက်ရလေခြင်းဆိုသည့် စိတ်ဒုက္ခကို လူမသိ သူမသိ ကျိတ်ခံစားရခြင်းတွင် ကာယကံရှင် မအိမ်ကံထက် မလျော့ပေ။ ကျီးသာလေတိုင်း ထွက်ကြည့်ရင်း မျှော်ရတာ အမော။ သားသမက်ဆိုသော်လည်း သမီး၏အိမ်သားဆိုတော့ သားရင်းနှင့်မခြား မေတ္တာမျှရသူပင်။
“လှအုံရယ် ငါ့မလည်း တစ်ဒုက္ခပါအေ။ မအိမ်ကံ သူ့အိမ် သားကိုမျှော်သလို ငါ့မလည်း သားမလာလို့မျှော်ရသဲ့မအေလို ၀မ်းခါးလွန်းလှပြီ။ ဘယ်နှယ့်အေ သေလေသလား၊ ရှင်လေ သလားမသိရသဲ့အဖြစ်ကိုက ဆိုးလွန်းလှသယ်။ ဘယ်သူ့ မေးလို့ မေးရမှန်းမသိသဲ့အဖြစ်ပါကော။ ငါတော့ စိတ်တုံးတုံး ချချင်လှပြီ”
“ဟုတ်ပါရဲ့ အရီးရယ်။ မောင်ပြေသိမ်းက လူသူတော် ကောင်းပါ။ သားပစ်၊ မယားပစ် ကစုတ်ကညစ်ထဲကမဟုတ် လေတော့ ပိုလို့တောင်စဉ်းစားရကျပ်သယ်။ ရှင်သေးသရွေ့ တစ်တီတူးများ ကမ္ဘာပြိုသယ်ထင်သလို ဇောက်ထိုးပြေးလာ မယ့်လူပါ။ ကျုပ်တော့ ဆိုင်ရာမေးချင်လှသတော်”
“အေး ငါလည်း ဒါပဲတွေးနေသာ။ ခက်သာက နတ်က တော်တော်၊ နတ်ကတော်ကယိမ်းလွန်းဆိုသာလို မမှန်မကန်တွေ ကလည်း များသား။ ညည်း ဘယ့်နှယ်စဉ်းစားတုံး လှအုံ”
“မသိုင်းခြုံတော့ စိတ်တွေ့သားပဲ။ မောင်မြတ်သာ အတွက်မေးတုန်းက ကြည့်ပါလား၊ ဒက်ထိတိုးတာတော်။ သိုင်းခြုံက နတ်မျိုးရိုး မဟုတ်ပေသိ နတ်ကြီးကောက်မို့ အဟောအပြောမှန်လို့ကို ကျုပ်က သဘောကျသာ”
ဖအေဆုံးတာတောင် ပေါ်မလာသော မောင်မြတ်သာ တုန်းကလည်း နတ်မေးခဲ့ကြသေးသည်။ ပြန်လာလိမ့်မည်ဟု နတ်ကတော်မသိုင်းခြုံ ဟောသည့်အတိုင်း မောင်မြတ်သာ ရွာကို ပြန်လာခဲ့ပါ၏။ စစ်သားကြီးလုံးလုံး ဖြစ်သွားသော မောင်မြတ်သာကတော့ ရွာမှာ တအိုးတအောင့်နေထိုင်ပြီး ဇနီးသည် မစိမ်းမြကိုပါ တစ်ပါတည်း ခေါ်သွားခဲ့သည်။ မောင်မြတ်သာလည်း ပေါ်မလာ အတော်ကြာပါပကော။
“စစ်ကြီးပြီးပါပြီ အမေပန်းရုံ။ အဖေမရှိတော့ပေမယ့် အမေပန်းရုံတို့ သားအမိကိုစောင့်ရှောက်ဖို့ ကျွန်တော့်မှာ တာဝန် ရှိပါတယ်။ တိုင်းပြည်အေးဆေးသွားရင် တပ်ကထွက်ပြီး ရွာမှာပဲ တောအလုပ်လုပ်ရင်း အမေပန်းရုံတို့နဲ့အတူနေတော့ မယ်။ မောင်ပြေသိမ်းလည်း ပြန်လာမှာပါ”
မောင်မြတ်သာ အပူငြိမ်းခဲ့သော်လည်း မောင်ပြေသိမ်း အပူက နှစ်ဆတိုးလာခဲ့ပြန်၏။ အမေပန်းရုံတို့ မိန်းမသားများ အဖို့ သားကိုသခင်၊ လင်ကိုဘုရား ကိုးကွယ်တတ်ကြရုံမက လင်နှင့်သားအတွက်ကို ပူရသည့်အပူကလည်း လောင်မြိုက် လွန်းလှပါတကား။
“အေး လှအုံရယ် မသိုင်းခြုံခေါ်စမ်းပါအေ။ မေးစမ်း ကြည့်ရအောင်လား”
နတ်ကတော် မသိုင်းခြုံကို မေးကြမည်ဆိုတော့ မအိမ်ကံ က မမေးစေချင်။ အကျော်ကရမက်မှန်လျှင် ပင်ကိုနံ့ထွက်လာ လိမ့်မည်။ နတ်ကတော်ဟောတော့မှ စိတ်ဒုက္ခမပိုချင်တာလည်း ပါပါ၏။ မအိမ်ကံကိုယ်တိုင်က ဗေဒင်မေး၊ နတ်မေးတွေကို ၀ါသနာ မထုံလှသော်လည်း ဘီလူးစည်း နတ်စည်း ကွဲလိုက် ချင်စမ်းမဟဲ့ ဆိုသည့်စိတ်တွေဝင်မိတာလည်း ခဏခဏ။ သို့သော် မအိမ်ကံခမျာ စိတ်သာရှိ၍ ကိုယ်မပါချင်ခဲ့။ ထွက်သွား သည့်လင် မင်မနေချင်တော့။ ဆန်ချေးတာနှင့် အဆဲခံရတာ မမျှဆိုသလို နတ်ကတော်ဖဲ့သမျှ ပဲ့မကျချင်တော့။
“အမေတို့ စိတ်ချမ်းသာမယ်ထင်ရင်တော့ အမေတို့ သဘောပါလေ။ မအိမ်ကံကတော့ ပါးစပ်တစ်ပေါက်၊ နား နှစ်ဖက် နည်းနည်းပြော၊ များများနားထောင်ချင်သာပဲရှိသယ်။ ဟုတ်ရင် မြည်လာပါလိမ့်မယ် အမေရယ်။ မပြောကောင်းမဆို ကောင်း ဘာသတင်းအစမှ မထွက်မှတော့ သူ မရှိလောက် တော့ဘူး ထင်ပါရဲ့”
“အမေတို့ကလည်း ချိုင်တော့တစ်ကိုင်း၊ ပြတ်တော့ တစ်ကိုင်း မဖြစ်ချင်သာပါအေ။ ဖြစ်နေသာကတခြား ထင်နေ သာက တလွဲဖြစ်မှာစိုးလို့ ပြောရသာပါ။ ငါ့သား သူတော် ကောင်း နဘယံ ဘေးမရှိပါစေနဲ့တော်”
နတ်ကတော် မသိုင်းခြုံရောက်လာခဲ့ပြီ။ အိမ်ကြီးအပေါ် ထပ်မှာ သင်ဖြူးလေးချပ်ခင်းကာ နတ်မေးခဲ့ကြသည်။ အုန်းငှက်ပျော ဘုရားပွဲတစ်ပွဲ၊ ဆိုင်ရာရိုးရာပွဲတစ်ပွဲပြင်ကာ ဘအိုကြီးနတ်ခေါ်ကြသည့် အဘမြင်းဖြူရှင်နတ်ကို ပင့်ဖို့ပြင် သည်။ မြင်းဖြူရှင်နတ်က မအိမ်ကံတို့ မိဆိုင်ဖဆိုင်နတ် မဟုတ်ပါ။ ရွာတော်ရှင်နတ်သာ ဖြစ်သည်။ မသိုင်းခြုံက ရွာတော်ရှင့်မေးမှ အဟောကောင်းထွက်မည်ဟု ဆိုပါ၏။ မအိမ်ကံတို့နယ်က ရွာတိုင်းမှာ မြင်းဖြူရှင်နတ်ကွန်းထူ၍ ရွာတော်ရှင်အဖြစ် ကိုးကွယ် ကြသည်။
“ထိုးကွင်းမင်ကြောင် ဆေးနီစနှင့် လူယဉ်လှ ပျိုထိပ်တင်၊ မြင်းဖြူကြီးရှင်၊ ရွှေပေါင်းတော်နီလွင်လွင်နှင့် နေ၀င်လျှင် ပေါက္ကံရောက်အောင် မြင်းငေါက်လို့နှင်...”
နတ်ကတော်မသိုင်းခြုံ၏အသံက ပြာအစ်အစ်။ မျက်လုံး တွေက ပြူးအစ်အစ်။ အသားမည်းလိုက်တာကလည်း ကောက်ညှင်းငချိတ်ပေါင်းကမှ ဖြူသေးသည်ဆိုရမလောက် ပင်။ ရွှေချည်တွေပါသော ငါးပိရောင်အင်္ကျီနှင့် အသားအရောင် တို့ကန်လျက်ရှိကြ၏။ မသိုင်းခြုံကိုယ်တိုင်ပင် မြင်းဖြူကြီးစီး ၀င်လာသလို တရွရွဖြစ်လာသည်။ ခေါင်းကိုငဲ့တာ၊ စောင်းတာ ကလည်း မြင်းဖြူကြီးကနေသလို။ အမေပန်းရုံက လက်အုပ်ချီ ကာ မျက်လုံးတွေ မှိတ်ထားလေ၏။ မလှအုံ၊ မအိမ်ကံ၊ ကျေးဥ နှင့် မအိမ်မြိုင်တို့ကလည်း ရို့ရို့ကလေး ထိုင်နေကြရသည်။
“နေလို ၀င်းတဲ့မြင်းဖြူရှင်၊ ခွာလေးဖက်စိန်စီတယ်၊ ဟန် ချီတဲ့နတ်မြင်း၊ ရန်မလုံရင် ခွာစုံနင်းမယ်၊ ဘိုးတော်ရဲ့မြင်း”
မသိုင်းခြုံက အဘမြင်းဖြူရှင်လေးပါးစလုံးပင့်လို့ရ ကြောင်းတွေ မွှမ်းနေခဲ့သေး၏။
“ထမင်းဦးပေါင်းခုနစ်စုံ၊ ထန်းလျက်ခုနစ်ခဲ၊ အုန်းခုနစ် စိတ်၊ မုန့်ဖြူခုနစ်ယှက်၊ မုန့်နီခုနစ်ယှက်၊ ရင်ပေါင်စာငါးမြီးစုံ ခေါင်းစုံ ခုနစ်ကောင်၊ စီးတော်မြင်းအတွက် လယ်ကညွတ် ခုနစ်စီး အသီးသီးရောက်ပါပြီ။ ကိုင်း ဘုရားရှင်ကန်တော့ ကိုယ့်ရိုးရာမိဆိုင်ဖဆိုင် ကန်တော့။ ပြီးမှ မြင်းဖြူရှင်ဘအိုကြီး ကန်တော့ကြ”
မအိမ်ကံတို့ ဘုရားကန်တော့နေကြစဉ်မှာပင် မသိုင်းခြုံက ကိုယ်ကို ယိမ်းစပြုလေ၏။
“ရွာတော်ရှင်တင်မကဘူး။ မြို့စောင့်ရွာစောင့်နတ်တွေ ဖြစ်တဲ့ ကိုးမြို့ရှင်နတ်၊ ရွှေစစ်သည်နတ်၊ ပြည်ကန်တော် မောင်နှမ၊ အောင်စွာမကြီးနတ်။ သမုဒ္ဒဃောသနဲ့ ဥမ္မာဒန္တီတို့ ကိုပါ ထည့်ပင့်လိုက်ရင် မအိမ်ကံ ညည်းလင် ဘယ်ပြေး လွတ်မှာတုံးဟဲ့။ စိန်ရောင်ငယ်လက်လက်၊ နားတောင်းသိင်္ဂီ၊ ကိုးမျက်ကယ်စုံစီ၊ ကြက်သွေးနီကတ္တီပါနဲ့၊ မွှေးစွာကြိုင်ပျံ့၊ ခေါင်းပေါင်းငယ်ကြယ်စီ၊ ပန်းဆိုးနီနဲ့၊ နှင်းဆီသော်မော်၊ မြင်းကျော်သခင်၊ နတ်သွင်တင့်လွန်း...”
နတ်ကတော်မသိုင်းခြုံ၏ မျက်နှာမည်းမည်းက မျက်ဖြူ ကြီးလန်ကာ တဆတ်ဆတ် တုန်လျက်ရှိ၏။ ငါးပိရောင်အင်္ကျီ ဘော်ကြယ်ထိုးကိုဝတ်ထားသည့် နတ်ဝင်သည် ပိန်ပါးပါး သည် နတ်လိပ်ပြာဝင်လာသည့်ပမာ မျက်နှာကြီး မဲ့လာခဲ့ သည်။ အမေပန်းရုံကစကာ အိမ်ကြီးပေါ်ရှိလူတွေအားလုံးကို စားတော့ ၀ါးတော့မည့်မျက်နှာနှင့် လိုက်ကြည့်နေခြင်းကပင် ကြောက်စရာကောင်းလှသည်။ မအိမ်မြိုင်ကလေးက စူးစူး ၀ါးဝါးငိုလိုက်သဖြင့် မလှအုံက အခန်းအပြင် ခေါ်သွားခဲ့ရ သည်။ နတ်ကတော် မသိုင်းခြုံက မအိမ်ကံကို စူးစိုက် ကြည့်သည်။ မအိမ်ကံကလည်း မျက်တောင်မခတ်စတမ်း ပြန်ကြည့်နေလေ၏။ အားပြိုင်နေကြသော မျက်လုံးများတွင် အခိုးတွေများ ထွက်နေကြပြီလားထင်ရလေသည်။
“မအိမ်ကံ နင့်လင် မသေဘူးဟဲ့။ သေကံမရောက် သက် မပျောက်ဘူးဟဲ့။ ကိုယ့်မွေးနံကစရေရင် သုံးခုမြောက်သဲ့နံ အရင်း ခြောက်ခုမြောက်သဲ့နံအဖျားမှာရောက်နေလို့ ဆင်းရဲနေ ရှာသယ်။ ညည်းလင်က နာမည်ရင်း သက်နှင်း... သီးနဲ့ ဖက် သန်းသား အနောက်တောင်ထောင့်မှာထားရမယ်။ ဘုရားမှာ ရေချမ်း၊ ပန်း၊ ဆီမီး၊ ထီး၊ တံခွန်လှူရမယ်။ ရိပ် ညောင်ပင်ရင်း၊ ဆဒ္ဒန်မင်း၊ ထန်ပြင်းမြားစူးရှ၊ သန်းရွေမြ လယ်၊ လွန်တင့်တယ်၊ မင်းကြွယ်ဘုန်းသစ်ထ၊ ကံကောင်းသ ကွဲ့နော။ နင့် လင်ပြန်လာပြီ။ အိမ်တံခါးဝကသာမျှော်တော့။ လာမယ့်မနက် ကျီးညိုကြီးတစ်ကောင် ၀င်းဝကသာလိမ့်မယ်။ ကြားလားဟဲ့ မအိမ်ကံ”
“ကြားပါသယ် အဖေကြီး”
“သက္ကရာဇ်ကိုတည်၊ အသက်နဲ့စား။ လဂ်ကို ခုနစ်နဲ့ မြှောက်။ ဆယ့်ခုနစ်နဲ့ထပ်စား။ သုည၊ တစ်၊ နှစ်ကြွင်းတော့ ကမ္မယက္ခ၊ သုံး၊ လေး၊ ငါးကြွင်းတော့ ဥပစ္ဆေဒက၊ ခြောက်၊ ခုနစ်၊ ရှစ်ကြွင်းတော့ ဥပပိဠိက၊ ကိုး၊ တစ်ဆယ်၊ ဆယ့်တစ် ကြွင်းတော့ အာယုယက္ခ။ နင့်လင်က ဥပပိဠိကကျသယ်။ မသေဘူး၊ ကြားလားဟဲ့။ ငါ မြင်နေရပြီ လာနေပြီ လာနေပြီ”
အမေပန်းရုံက မျက်စိမှိတ်ထားရာက မအိမ်ကံကို လှည့် ပြုံးပြသည်။ သတင်းကောင်းရပြီ မဟုတ်လား။ မအိမ်ကံ ကတော့ ဗေဒင်ပါတွက်ပြနေသည့် နတ်ကတော်မသိုင်းခြုံကို စိုက်ကြည့်နေခဲ့သည်။ ကျေးဥ ထသွားပြီး မကြာခင် မလှအုံပြန် ၀င်လာခဲ့သည်။ မေးချင်တာ လေးငါးခွန်း မေးနေလိုက်သေး သည်။ မအိမ်ကံကတော့ ကိုပြေသိမ်း ပြန်လာတော့မယ်ဆို သည့် နတ်စကားကြားရသော်လည်း မတုန်လှုပ်သလိုရှိနေပါ ၏။ နတ်အဟော မှန်ပါစေလို့တော့ ဆုတောင်းမိသား။ ပြန် လာနေပြီတဲ့။ ဘယ်တော့လဲ။ ဘယ်ကိုရောက်နေပြီလဲ။ ကျီးညိုကြီးတစ်ကောင် ၀င်းဝကသာလိမ့်မတဲ့။ ရွှေကျီးညိုကို ပါ မျှော်ရတော့မှာပါလား။
နတ်ကတော် မသိုင်းခြုံပြန်တော့ အမေပန်းရုံက ဆန် တစ်စိတ်နှင့် ငွေတစ်ဆယ်ပေးလိုက်သည်။ မအိမ်ကံက ရက်ကန်းထည်ထဘီတစ်ကွင်းကိုပါပေးလိုက်ပါ၏။ နတ် အဟောမှန်တာ၊ မမှန်တာ နောက်ထား၊ သားသမက်ပြန်လာ နေပြီဆိုတာကိုပဲ အမေပန်းရုံ ၀မ်းသာနေရှာသည်။ မလှအုံ ကတော့ နတ်ကတော် မသိုင်းခြုံကို ဓာတ်ကျနေသူဆိုတော့ နတ်ကတော် ပေးသွားသော သဲစည်း၊ ခဲစည်း၊ ရေစည်းတွေ ၀ိုင်းဝသွားကြဲသည်။ တစ်ဝိုင်းလုံး အမှိုက်စင်စင်လှည်းသည်။ နတ်ကျသပြေပန်းတွေ ၀ိုင်းဝတိုင်နှစ်ဖက်မှာ နှီးတစ်ပင်စီနှင့် တုပ်သည်။
“ငါ့မောင်ပြန်လာမယ့်ရက် အိုးကြီးတိုက်ချက်လိုက်စမ်း မယ်။ တရော်ခုနစ်ပါးနဲ့ ခေါင်းဆေးခိုင်းရမယ်။ ရွှေကျီးညိုသာ ပါတော့ လှအုံတမော့မော့ပေါ့အေ”
မလှအုံ တတွတ်တွတ်ရွတ်သံကြောင့် မအိမ်ကံ ပြုံးရပါ ၏။ စိတ်ထဲက စကားတွေပြောနေမိပြန်သည်။
“ဟုတ်ပါရဲ့၊ ရွှေကျီးညိုသာပါတော့ မအိမ်ကံလည်း တမော့မော့ပါ အစ်ကို”
မအိမ်ကံ မျက်ရည်တွေကျရပြန်သည်။
ထိုနေ့က မအိမ်ကံတို့အိမ်ရှေ့က မနော်နွယ်သရက်ပင်ကြီး ထိပ်ဖျားမှာ ကျီးသာနေခဲ့သည်။ တအာအာသာနေသော ကျီးညိုကိုမော့ကြည့်ရင်း မအိမ်ကံရင်ထဲ လှိုက်ဖိုနေမိပါ၏။ မအိမ်ကံတို့အိမ်မှာ ကျီးသာတာ မဆန်းသလို ဧည့်သည်က လည်း တစ်ယောက်မဟုတ် တစ်ယောက်လာမြဲပင်။ သို့သော် မအိမ်ကံ မျှော်မောရသူကတော့ ပေါ်မလာခဲ့ပါ။ ကျီးညို ကလေးကိုမော့ကြည့်ရင်း မအိမ်ကံ မျက်ရည်တွေ ၀ဲလာမိ သည်။ သမီးကလေးက ဆပ်သွားဖူးရုံကြီးနားမှာ ပြေးလွှား ဆော့ကစားနေပါ၏။ ဖိုးကူးက ပြောင်းရိုးတွေစဉ်းရင်း သီချင်း ကလေးတအေးအေးဖြင့်။ ကျေးဥမှာ ကိုယ်ဝန်အရင့်အမာကြီး နှင့်မို့ ရက်ကန်းရုံမ၀င်နိုင်တော့ မအိမ်ကံမှာ မနက်စောစော ကတည်းက ရက်ထည်တွေနှင့် အလုပ်များနေခဲ့သည်။
ဖိုးကူးက သီချင်းညည်းရာက ၀င်ပေါက်ဆီလှမ်းကြည့် ရင်း ပဲညှစ်နေသောကျေးဥကို ရှူးခနဲအသံပေးသည်။ မေးထိုး ပြသည်။ ကျေးဥက ၀ိုင်းတံခါးဝဆီလှမ်းကြည့်သည်။
လူတစ်ယောက်...။
ပဲဇလုံကိုတွန်းဖယ်လိုက်ပြီး ၀င်းတံခါးဘက် ကျေးဥ တလှုပ်လှုပ် လျှောက်သွားလိုက်သည်။ တံခါးမင်းတုပ်ထဲလျှို ထားသောဝါးလုံးကို လက်တစ်ဖက်ဖြင့်ဆွဲပြီး တစ်ချပ်လှပ် လိုက်သည်။ ကျေးဥမှာ ရင်တွေပန်းတွေပင်တုန်သွားမိရပါ၏။
“အလိုတော် ဆရာလေး၊ ဆရာလေး မသေဘူးပေါ့”
မုတ်ဆိတ်တွေရင့်ထော်နေသည့်ကြားက ကိုပြေသိမ်း၏ အပြုံးက ခါတိုင်းလိုပင်။ အေးမြချိုရှလျက်။ အသားတွေ ကတော့ မည်းညစ်နေလေသည်။ ကုတ်အင်္ကျီကလည်း ဇောင် ချမ်းကုန်းနှင့် ရွာတွေကိုကူးနေတတ်သောအရူးစက်ဖေကြီး၏ အင်္ကျီကမှ ပြောင်ပြောင်စင်စင် ရှိလိမ့်ဦးမည်။ ကျေးဥဆီပြေး လာသော သမီးကလေး မအိမ်မြိုင်ကိုပြူးကြည့်ရင်း အံ့သြနေ လေသည်။ မအိမ်မြိုင်ကို စွေ့ခနဲ ကောက်ချီလိုက်တော့ ကလေးက ကျေးဥကိုလက်လှမ်းရင်း စူးစူးဝါးဝါး ငိုလေတော့ သည်။ ငိုကာမှငိုရော ကိုပြေသိမ်းက သမီးကို နမ်းရင်း အိမ်မ ကြီးဘက် ဆက်လျှောက်လာခဲ့သည်။ ဖိုးကူးက မြက်စဉ်းနေ ရာက လှမ်းကြည့်ရင်း ၀ုန်းခနဲထပြေးလာတော့၏။
“ဆရာလေး၊ ဆရာလေး သေပြီပြောလို့ဗျာ ကျုပ်ဖြင့် ညတိုင်းငိုရသာ။ မမကံရေ မမကံ၊ ဗျိုး မမကံ”
ဖိုးကူးက ကျုံးအော်ရင်း ရက်ကန်းရုံဘက်ပြေးလာသည်။ မအိမ်ကံရော ရက်ကန်းရုံသားတွေပါ အထိတ်တလန့်အော်ရင်း ပြေးလာသော ဖိုးကူးကိုမြင်တော့ အထိတ်တလန့်ဖြင့် ရက်ကန်းရုံအပြင်ဘက် ထွက်လာခဲ့ကြသည်။ အမေပန်းရုံရော မလှအုံပါ မနေသာကြတော့ဘဲ ထွက်ကြည့်ကြသည်။
“မမကံ ဆရာလေးရယ်ပြန်လာပြီ။ မမကံတို့ပဲသေပြီဆိုဗျ”
“အစ်ကို...”
မအိမ်ကံက ကိုပြေသိမ်းကို ပြေးကြိုရင်းက မှင်တက်ကြီး မိနေသည်။ တစ်ရွာလုံးက သေလူအဖြစ်ထားခဲ့သော ကိုပြေသိမ်းကို ၀ိုင်းတိုက်ထဲမှာ အရှင်လတ်လတ် တွေ့ကြရ သည့်အတွက် အံ့သြကြသည်။ ၀မ်းသာကြသည်။ ကိုပြေသိမ်းကို ၀ိုင်းလိုက်ကြပြီး တစ်ယောက်တစ်ပေါက် နှုတ်ဆက်ကြသည်။ အမေပန်းရုံနှင့် မလှအုံတို့ကတော့ အီခနဲ ငိုချလိုက်ကြပြီး ပြေးလာရှာကြပါ၏။ ကိုပြေသိမ်းချီထားသော သမီးကလေး မအိမ်မြိုင်ကလည်း တက်မတတ် ချက်မတတ် ငိုတုန်းရှိသေးသည်။ အရီးကြာညွန့်ပါ ငိုပြန်တော့ ရက်ကန်း သမတွေကလည်း ဒီးတိုက်ကာ ငိုကြလေသည်။ ကျေးဥက လည်းငို၊ ဖိုးကူးကလည်းငို။ တော်ပါသေးရဲ့ ကိုဖိုးငွေနှင့် ဖိုးတုတ်တို့ တောထဲသွားကြလို့။ ကျေးဥက ကိုပြေသိမ်း လက်ထဲက ကလေးကို လှမ်းယူလိုက်သည်။ မိန်းမအုပ်ကြီးက ကိုပြေသိမ်းကိုဝိုင်းကြရင်း အိမ်မကြီးဘက်ခေါ်ခဲ့ကြသည်။
“အစ်ကို့ကို အမျှတောင်ဝေထားပြီးပါပြီတော်။ မောင်မင်း ကြီးသား ပန်းမကိုင်ဘဲကြွလာပါသကော”
ကိုပြေသိမ်း ရေးပေးခဲ့သောစာထဲက စကားလုံးကို မအိမ် ကံ တမင်ထည့်ပြောလိုက်ခြင်းဖြစ်သည်။ ကိုပြေသိမ်းက အိမ် ထဲရောက်လျှင်ရောက်ချင်း အမေပန်းရုံကို ထိုင်ကန်တော့သည်။ အမေပန်းရုံက ငိုတုန်း။ မလှအုံကတော့ အသံအကျယ်ဆုံး။
“ထနောင်းတိုင်နဲ့ ဇောင်ချမ်းကုန်း အပြန်အလှန်ကူသယ် ခေါက်သယ်လာမေးကြ၊ သွားမေးကြပါတော်။ ဟိုက မအေ မိဘများကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ သည်က မအေမိဘများကလည်း ဆွမ်းချက်ရမလိုလို၊ သပိတ်သွပ်ရမလို လို၊ မင်းနှယ်ကွယ်။ ထမင်းစားရင်း ငရုတ်သီးဆင်းခူးသာ အောက်ပြည်အောက်ရွာ ခုနစ်နှစ်ကြာဆိုသာမျိုးပါကော”
“ကျွန်တော် ရှမ်းနယ်ထဲ ရောက်နေလို့ပါ အစ်မရယ်။ နောက်တော့ ပြောပြပါမယ်”
ရက်ကန်းသမတွေ ရက်ကန်းရုံဘက် ပြန်သွားကြတော့ အိမ်ထဲမှာ မိသားစုတွေသာ ကျန်ခဲ့သည်။ ၀ိုင်းအပြင်မှာလည်း ရွာသူရွာသားတွေက ကျွက်စီကျွက်စီ။ ကိုပြေသိမ်းတပည့်တွေ ကလည်း သတင်းကြားနှင့် ပြေးလာခဲ့ကြသည်။ ကိုပြေသိမ်း ကို သတင်းပလင်း မေးချင်ကြလို့ တပြူပြူရှိနေကြပါ၏။ ကိုပြေသိမ်းက လူလုံးထွက်ပြရပြန်ပြီး ညဘက်မှလာကြဖို့ တောင်းပန်ရသည်။ ဖိုးကူးက ကိုပြေသိမ်း ထိုင်နေသည့် ကုလားထိုင်ခြေရင်းနား ထိုင်ချပြီး သူ့ဆရာကို ခြေသလုံး ကလေးတွေ နှိပ်ပေးနေရှာ၏။
(ဆက်လက်ဖော်ပြပါမည်)
ခင်ခင်ထူး
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ