Thursday, October 15, 2009

မအိမ့်ကံ(22)

အမေပန်းရုံက မအိမ်ကံတို့ နှစ်ယောက်သား ၀ိုင်းထဲဝင် လာတာကို ပြုံးကြည့်နေပါ၏။ အိမ်ထဲရောက်မှ ကိုပြေသိမ်းက အ၀တ်အစား အိတ်ကြီး ပါလာမှန်း သိရသည်။ ဒါဆို ကိုပြေသိမ်းက ရွာမှာ ကြာဦးမယ့် သဘောလား။ တခြားရွာကို သွားဦးမှာလား။ ဘာမှန်းတော့ မသိရသေး။ မအိမ်ကံမှာတော့ ရင်ခုန် မပျောက်ချင်။ လောလော လတ်လတ် ရည်းစားစကား အပြောခံရသူ မဟုတ်လား။ မပြောခင်တုန်းက မပြောလို့။ ပြောပြန်တော့လည်း ဖိန်းဖိန်းနွေးနွေး ရင်နှင့် အမျှပါလား။ မအိမ်ကံက တစ်ကိုယ်လုံး လေထဲကို မြောက်နေသလို ပေါ့ပါးနေခဲ့ရသည်။ ကိုပြေသိမ်း မေတ္တာစကား ပြောတာကို ဘယ်သူကမှ မသိသော်လည်း အဖေတို့ အမေတို့ကိုပင် ရဲရဲ မကြည့်ဝံ့ ဖြစ်ရသည်။

"မောင်ပြေသိမ်းက ကျောင်းလိုက်သွား စမ်းပါရစီ ဆိုလို့ သမီးရေ၊ ရောက်ရောက်ချင်း ထလိုက်သွားသာပဲ။ နေပါဦး တားတာတောင် မရပါဘူးအေ"

ကိုပြေသိမ်း အထုပ်တွေ နေရာချပေးရင်း အမေပန်းရုံက စကားရိုးရိုး ပြောနေသော်လည်း မအိမ်ကံက မျက်နှာ ပူနေမိသည်။ ကိုပြေသိမ်းက အဖြစ်ပဲ သည်းသလိုလို အဓိပ္ပာယ်အငွေ့ ကလေးပါသည် မဟုတ်လား။ မအိမ်ကံကလည်း အလိုက်သင့် ဖြေရပါ၏။

"လိုက်လာသာ ခပ်ကောင်းကောင်းပါ အမေရယ်။ ဆရာတော်ကြီးက တိုင်းရေးပြည်ရေးတွေ မေးနေသာ အကြာကြီး။ ကိုပြေသိမ်းကလည်း မေးသမျှ ရှင်းပြလို့ ၀မ်းသာတော် မူရှာတယ်"

ကိုပြေသိမ်းက ရေမိုးချိုး ထမင်းစားပြီးတော့ အိမ့်အောက်ထပ်မှာ အဖေတို့ အမေတို့နှင့် ၀ိုင်းဖွဲ့ စကားပြောကြသည်။ နှစ်ရက်သုံးရက် အတွင်း အစ်ကိုမောင်မြတ်သာလည်း ရောက်လာတော့မည် ဆိုလေရာ မအိမ်ကံတို့ မိသားစု ၀မ်းသာကြရသည်။ ကိုပြေသိမ်း ပြောသလောက် ဆိုလျှင် အစ်ကို မောင်မြတ်သာက ဘီဒီအေ ဗိုလ်ကလေး ဖြစ်နေပြီ ဆို၏။ ဘီဒီအေဗိုလ် ကလေး ဆိုတာ ဘာမှန်းမသိသော်လည်း မအိမ်ကံကတော့ ၀မ်းသာသည်။ ဟိုတုန်းကလို ပုန်းလျှိုးကွယ်လျှိုး ဘ၀က အစ်ကို လွတ်မြောက် သွားရပြီပေါ့။ ဒါဆို အစ်ကို ရွာကို ပေါ်ပေါ်ထင်ထင်ကြီး ပြန်လာနိုင်တော့မည်။ မအိမ်ကံက ဘီဒီ အေဗိုလ်ကလေးရဲ့နှမပေါ့။ ကိုပြေသိမ်းကတော့ ဆရာတော်ကို လျှောက်တုန်းက ကြားခဲ့ရသလောက် အာရှလူငယ် စည်းရုံးရေးမှူးဆိုလား။ အဖေ့ကိုတော့ ကိုပြေသိမ်းက သေသေချာချာ ရှင်းပြသည်။

"အင်္ဂလိပ်ကို တိုက်ကြတုန်းကတော့ မြန်မာမျိုးချစ် လူငယ်တွေက ဂျပန်နဲ့ ပေါင်းတိုက်ကြရတာကိုး ခင်ဗျ။ အဲသည်တုန်း ကတော့ ဘီအိုင်အေ ခေါ်ပါတယ်။ ဗမာ့ လွတ်လပ်ရေး တပ်မတော်ပေါ့။ အခုတော့ ဂျပန်က လွတ်လပ်ရေး ပေးတော့မလို လိုဆိုနေတော့ ဗမာ့ကာကွယ်ရေး တပ်မတော်ရယ်လို့ ပြောင်းဖွဲ့ ကြရတယ်။ အင်္ဂလိပ်ရန်က တစ်ကျော့ကာကွယ်ရမယ့် သဘော ပေါ့။ ဒါကို ဘီဒီအေ ခေါ်ပါတယ်"

"ကျုပ်သားက ဂျပန်စစ်ဗိုလ်လား မောင်ရာ။ လူတကာ ပါးရိုက်တဲ့ အလုပ်မျိုး လုပ်နေရသလား။ ဒါဆိုရင်တော့ ကျုပ် လက်မခံဘူး။ ရွာပြန် လယ်ထွန်ခိုင်းမယ်"

"သူများ မျက်ရည်ပေါက် ကြီးငယ်ကျရတဲ့ အလုပ်မျိုး မလုပ်ရပေါင်ဗျာ"


ကိုပြေသိမ်းက မဟုတ်သည့် အကြောင်း၊ ဘီဒီအေသည် မြန်မာလူမျိုး လူငယ်များနှင့်ဖွဲ့ထားသော တိုင်းပြည် ကာကွယ်ရေးတပ်ဖြစ်ကြောင်း၊ အချိန်တန်လျှင် ဂျပန်ကိုပါ မောင်းထုတ်ရန် အသွင်တစ်မျိုးဖြင့် ဖွဲ့စားစည်းထားခြင်းသာ ဖြစ်ကြောင်း၊ ဂျပန်တွေ ရက်စက်နေကြတာကို ဘီဒီအေကလည်း သိရှိနေကြောင်း၊ အချိန်မတိုင်သေးသရွေ့ ငြိမ်နေရခြင်းသာ ဖြစ်ကြောင်း ရှင်းပြရှာပါ၏။ သည်တော့မှ ဦးသာထန်နှင့် ဒေါ်ပန်းရုံလည်း ရင်အေး ကြရသည်။

"နို့... မောင်က ဘီဒီအေ မ၀င်ဘူးလား။ အခုက ဘယ်လို အလုပ်လဲ"

"ဆရာကြီးတို့က အာရှလူငယ် အစည်းအရုံးမှာပဲ လုပ်ဖို့ တာဝန်ပေးပါတယ်။ အာရှလူငယ် ဆိုတာကလည်း ဘီဒီအေကို ကူညီမယ့် အမာခံ အဖွဲ့ပါပဲခင်ဗျာ။ ဗလငါးတန် ဖွံ့ဖြိုးရေး ရှေ့တန်းတင်ထားပေမယ့် ကိုမြတ်သာတို့နဲ့ တစ်သွေးတည်းပါပဲ"

ထိုနေ့က ပျော်စရာ ကောင်းလှသည်။ ကျေးဥနှင့်မအိမ်ကံကပဲ ကိုပြေသိမ်းကို တောသရေစာ အမြည်းတွေ ကြော်လှော်ပေးပြီး ရေနွေးပွဲပြင်ပေးကာ အောက်ထပ်မှာ အနားယူစေသည်။ သည်အိမ်ကြီးမှာ ဖြစ်ပျက်ခဲ့သည့် ဂျပန်စစ်ဗိုလ် သေနတ်လာသိမ်းသည့် အကြောင်းတွေ ပြောပြတော့ ကိုပြေသိမ်းက စိတ်မကောင်း ဖြစ်နေခဲ့သည်။ မအိမ်ကံ နှစ်လုံးပြူး သေနတ်ကြီး ကိုင်ပြီး ထွက်လာတာကို ပြောပြတော့ ကိုပြေသိမ်းပင် မျက်လုံး ပြူးခဲ့ရသည်။ အာဂသတ္တိပါလား ဆိုသည့် မျက်နှာဖြင့် ကြည့်သည်။ မသေကောင်း မပျောက်ကောင်းပါလား မအိမ်ကံရယ် ဆိုသည့် ခံစားမှုက သူ့မျက်နှာပေါ်မှာ မြင်နေရပါ၏။

"သေနတ်ကို အဖေက ပဲမှော်တိုက် ကြွက်လျှောက်တန်းမှာ သိမ်းထားသာ မအိမ်ကံ သိသယ်။ အဖေ့ကို သေနတ်မပေးလို့ ရိုက်နှက် နေသံကြားတော့ မအိမ်ကံလည်း ဖြစ်ချင်ရာ ဖြစ်ဟယ် ဆိုပြီး သေနတ် ဆွဲဆင်းခဲ့သာပဲ။ ဂျပန်ဗိုလ်က သေနတ် လာအပ်သာလို့ ထင်ပုံရသယ်။ ဂျပန်လက်ကိုင် တုတ်ကျော်ဒင်က မအိမ်ကံကို ဦးနှောက် မကောင်းဘူး ပြောလိုက်သတဲ့"

ဘာပဲဖြစ်ဖြစ် ကိုပြေသိမ်းက သည်မှာ နှစ်ရက် သုံးရက် နေပြီး အစ်ကိုမောင်မြတ်သာကို စောင့်မည် ဆိုတော့လည်း အစ်ကို တစ်ယောက် ရောက်လာသလို အားရှိရပါ၏။ ကိုပြေသိမ်း ပြောသလောက် ဆိုလျှင် ဇောင်ချမ်းကုန်းမှာပဲ ကျောင်းဖွင့်မည် ဆို၏။ အနားရွာတွေမှာ အာရှလူငယ် အဖွဲ့ကလေးတွေ ဖွဲ့ကြရမည်လို့လည်း ပြောနေသည်။ မအိမ်ကံကတော့ နိုင်ငံရေးကို သိလှသူ မဟုတ်သော်လည်း ရပ်ရေးရွာရေး ကိစ္စတွေမှာ ပါရတော့မှာကို ၀မ်းသာနေ သည်။ ဇောင်ချမ်းကုန်းမှာ လောကဓာတ်စာသင်ကျောင်းတစ် ကျောင်း ရှိစေချင်ခဲ့တာ ကြာပြီ။ အခုလည်း ရက်ကန်းသမ တွေကို အလုပ် ပေးထားနိုင်ပြီ။ တချို့ဈေးရောင်း ၀ါသနာ ပါသူတွေကို ငွေရင်း ထုတ်ပေးကာ ဈေးဆိုင်တည်စေခဲ့သည်။ နှစ်ပြည့်တော့ ငွေရင်းပြန်ဆပ်။ အတိုးမရှိ။ မဆပ်နိုင်လျှင်လည်း မအိမ်ကံကတော့ မတောင်း။ သည်လိုနှင့်ရွာမှာ ကုန်စုံဆိုင် ကလေးတွေ ရှိလာသည်။ သကြားတစ်ပွင့်၊ ဆားတစ်ပွင့် ရနေပြီ။ လယ်ရှိလျက် မျိုးမကြဲ နိုင်သူတွေကို မျိုးထုတ် ပေးသည်။ လယ်ပေါင်၊ ယာပေါင်၊ အိမ်ပေါင်၊ ရွှေပေါင်တွေ မအိမ်ကံ လုံးဝလက်မခံပါ။ တတ်နိုင်သမျှ ဖြည့်စွမ်း ပေးလိုက်သည်သာ။ ဂျပန်ခေတ် တစ်လျှောက် ဂျပန်စက္ကူတွေ သုံးလာကြရပြီ ဆိုသော် မအိမ်ကံတို့ ရွာတွေမှာ ထန်းလျက်နဲ့ပဲ လဲစားလို့ ရသေးသည်။

မအိမ်ကံ ကိုယ်တိုင်က နိုင်ငံရေး နားလည်လှ၍ မဟုတ်ဘဲ ရွာသူရွာသား၊ ဆင်းရဲသူ ဆင်းရဲသားတွေကို စာနာစိတ်ဖြင့် ဖေးမကူညီခြင်းသာ ဖြစ်ပါ၏။ ဒါကြောင့်လည်း မအိမ်ကံကို တစ်ရွာလုံးက ချစ်ခင် လေးစားကြသည်။ ရက်ကန်းရုံမှရသည့် အမြတ်အစွန်းကို မအိမ်ကံက ကိုယ်ကျိုးအတွက်မသုံးဘဲ ရပ် ရေးရွာရေးတွင်သုံးခဲ့သည်။ ရွာဦးဆရာတော်ကျောင်းရိပ်က သောက်ရေကန်ကြီးကိုဆယ်ကာ တာဘောင်ခတ်ပေးခဲ့သည်။ တစ်ရွာလုံးသုံးကြသည့် အများသုံးရေတွင်းမှာ စက်သီးတပ် လှူခဲ့သည်။ ရွာဦးဘုရားစေတီကို နှစ်စဉ် ထုံးသင်္ကန်းကပ်လှူရုံ မက ဘုရားရင်ပြင်တော်နှင့် အုတ်တံတိုင်းလှူဒါန်းခဲ့သည်။ ရွာအ၀င်အထွက် မတ်တတ်ရပ်တံခါးကြီးနှစ်ချပ်နှင့် ကင်းတဲ နှစ်လုံး ဆောက်လှူခဲ့သည်။ နွမ်းပါးသူတွေကို ထောက်ပံ့သည်။ တစ်ခါတလေ အိမ်ကပင် အဆစ်ပါ ရသေးသည်။ ဦးသာထန် နှင့် ဒေါ်ပန်းရုံတို့ကလည်း သမီးခြေ၊ သမီးလက် ခွင့်ပြုထား သဖြင့် မအိမ်ကံမှာ အခက်အခဲ မရှိခဲ့။ ကိုပြေသိမ်းတို့၊ အစ်ကို မောင်မြတ်သာတို့ လုပ်ကြမည့် လုပ်ငန်းတွေမှာ လိုသမျှ လှူဒါန်းဖို့ပင် စိတ်ကူးထားနှင့်လေပြီ။

"ဇောင်ချမ်းကုန်းမှာ ကျောင်းဆောက်မယ် ဆိုရင် မအိမ်ကံ ရွာ့ရှေ့က မဲပင်ကွင်း မြေတစ်ကွက် လှူမယ် ကိုပြေသိမ်း။ ကျောင်း အဆောက်အအုံတော့ အနီးအနား ရွာတွေပါ ၀ိုင်းရင် ဖြစ်ရမှာပေါ့"

မအိမ်ကံက မိဘနှစ်ပါးရှေ့မှာပင် ကတိ ပေးဖြစ်ခဲ့သည်။

"ဒါဆိုရင် စာသင်ကျောင်းဆောင် အတွက်တော့ အဖေလှူ မယ် သမီး"

ဦးသာထန်က လှိုက်လှိုက်လှဲလှဲ ဆိုလိုက်တော့ အမေပန်းရုံက သားအဖကိုကြည့်ကာ ပြုံးနေရှာပါ၏။

ညဘက်မှာတော့ ကိုပြေသိမ်း အနား တလျားလျားနေဖို့ မကောင်းတော့တာက တစ်ကြောင်း၊ အဖေတို့ အမေတို့ရှေ့မှာ အမူအရာတွေ ထူးခြားနေမှာ စိုးတာက တစ်ကြောင်းကြောင့် ကျေးဥနှင့် အိမ်ပေါ် တက်လာခဲ့ရသည်။ ကျေးဥက အိပ်ရာခင်းတော့ မအိမ်ကံ ၀ါးဘီးကလေးဖြင့် ခေါင်းရှင်းသည်။ ဆံပင် ကလေး တစ်ပတ်လျှို လိုက်ပြီးမှ ကျောဆန့် လိုက်သည်။ အပြင် ဘက်ခန်းမှ ဖိုးကူးပင် ရှိပုံမပေါ်။ ကိုပြေသိမ်း အနား မော့နေတုန်းပဲ ဖြစ်မည်။ မအိမ်ကံ စိတ်တွေက နတ်လမ်းကလေးထဲမှာ။ ကိုပြေသိမ်းက လက်ကလေး ကိုင်လိုက်တော့ မအိမ်ကံ သိမ့်ခနဲ တုန်သွားခဲ့တာကိုလည်း သတိရနေမိသည်။

"မအိမ်ကံ"

"အင်..."

ကျေးဥက စကား စသော်လည်း အသံထွက်မလာခဲ့။ ပြောမည်ပြုပြီးမှ ရပ်သွားခြင်းဖြစ်သည်။

"မအိမ်ကံကို ပြောစရာ ရှိလို့အေ့"

"ပြောလေ ကျေးဥ။ ဘာပြဿနာများ သယ်လာပြန်ပြီ တုံးအေ"

"မဟုတ်ရပါဘူး မအိမ်ကံရယ်။ ဟိုလေ... ငါ ဖိုးတုတ်နဲ့ မေတ္တာရှိနေပြီ။ အဲသာ ညည်းကို မပြောရဲသာနဲ့ မပြောသာ။ အမေလည်း သိသွားပြီ။ ကြီးပန်းရုံတို့က ပြောလိုက်သာတဲ့။ မအိမ်ကံကော သဘောတူရဲ့လား"

"ငါသိသာဖြင့် ကြာလှပေါ့ ကျေးဥရယ်"

"ဟုတ်လား...။ အယ်တော်"

"မထူးဆန်းပါဘူး ကျေးဥရယ်။ တစ်အိမ်တည်း နေကြရသဲ့ သူစိမ်းတွေပဲလေ။ သဘော မတူစရာလည်း မရှိပါဘူးဟယ်။ ၀မ်းတောင် သာပါသေးသယ် ကျေးဥရယ်။ မအိမ်ကံလည်း ကနေ့ပဲ မေတ္တာစကား အပြောခံရပြီ"

"ဟယ်တော်... ဘယ်သူတုံး။ သည်ကနေ့ မအိမ်ကံနဲ့ငါ ဘုန်းကြီးကျောင်းနဲ့ အိမ်မှာပဲရှိကြတာပါ။ ဘယ်သူက ဘယ်အချိန် လာပြောသွားသာတုံးအေ"

"ဘုန်းကြီးကျောင်းကအပြန် နတ်လမ်းရိပ်မှာ ကိုပြေသိမ်း က ပြောသာလေ"

"အဲတော့... မအိမ်ကံက"

"သူကတော့ အဝေးကြီးက သူစိမ်းပေါ့ ကျေးဥရယ်။ မအိမ်ကံ ၀မ်းထဲကတော့ လက်ခံပြီးသားပါ။ သူ့ကိုတော့ စကား မပြန်ရသေးပါဘူး။ ဒါပေမယ့် သူသိပုံပါအေရယ်"

"ငါတော့ ၀မ်းသာပါ့အေ"

တစ်အိပ်ရာထဲ အတူ အိပ်ကြရသော သူငယ်ချင်း နှစ်ယောက်။ ချစ်သူ ရှိနေကြပြီ ပြောဖြစ်ကြတာကလည်း တိုက်တိုက်ဆိုင်ဆိုင် တစ်ညတည်းပါလား။ တကယ်တော့ ပြောစရာလည်း တခြားလူ မရှိပါ။ ကျေးဥကတော့ ရေငုံ ထားခဲ့ရတာ ကြာပြီ။ မအိမ်ကံကို မပြောရဲတာလည်း အမှန်ပင်။ မအိမ်ကံ ကတော့ ရင်ခုန်တာပင် မပျောက်ချင်သေး။ နှစ်ယောက်သား ပြောစရာ ရှိတာပြောပြီး သွားကြသလို ငြိမ်သွားခဲ့ကြသည်။ အိပ်ပျော်သွားကြတာတော့လည်း မဟုတ်ပါ။ အတွေးကိုယ်စီ ရှိနေကြပုံဖြင့် စကား မပြောဖြစ်ကြတော့။ ကိုပြေသိမ်း၏ ချောမော သိမ်မွေ့သော မျက်နှာက မျက်လုံး မှိတ်ထားသည့်ကြားက တ၀ဲဝဲ ပေါ်လျက်ရှိပါ၏။ အောက်ထပ်ဆီက စကားပြောသံတွေ ကြားနေရသည်။ မအိမ်က အောက်ထပ်ကို ဆင်းချင်လှသော်လည်း မဆင်းဖြစ်ခဲ့။

ညက ရင့်သည်ထက် ရင့်လာခဲ့ပြီ။ လပေါင်းများစွာ မျှော်မော စောင့်စားခဲ့ရသော ချစ်ရသူ ကိုပြေသိမ်း တစ်ယောက် အခုတော့လည်း တစ်မိုးအောက်မှာ မအိမ်ကံနှင့် အတူ ရှိနေပါပြီကော။

"မအိမ်ကံ၊ ကျေးဥ... အပျိုမတွေသဲ့တော် အိပ်လိုက်ကြ သာ။ ဟဲ့... ကလေးမတွေ"

မနက်ခင်း ဝေလီဝေလင်း။ မလှအုံက မအိမ်ကံကိုရော ကျေးဥကိုပါ အိမ်ပေါ်တက် နှိုးနေခြင်း ဖြစ်သည်။ မအိမ်ကံနှင့် ကျေးဥ နှစ်ယောက်စလုံး ငုတ်တုတ် ထထိုင်ကြသည်။ မအိမ်ကံမှာ ညက ညဥ့်နက်မှ အိပ်ပျော်သွားသဖြင့် အိပ်ရေးတော့ မ၀။ ကျေးဥပင် ကနေ့မှ အိပ်ရာထ နောက်ကျနေခဲ့သည်။ ခါတိုင်း မအိမ်ကံ နိုးချိန်ဆိုလျှင် ကျေးဥ မရှိတော့တာများသည်။ အခုလည်း ကျေးဥ ဆင်းမလာသဖြင့် မလှအုံ တက်နှိုးတာပဲဖြစ်မည်။ မအိမ်ကံက မလှအုံကို မျက်နှာကလေး အိုကာ ရန်တွေ့ လိုက်သည်။

"မလှအုံကလည်း ကျေးဥကို အသာနှိုးလို့ ရရဲ့သားနဲ့။ မအိမ်ကံပါ အိပ်ရေး ပျက်ပြီ"

မလှအုံက မအိမ်ကံကို လက်တို့ကာ အနားကပ်သည်။ တိုးတိုးကလေး ပြောနေလေ၏။

"နှိုးသာက နှစ်ယောက် စလုံးကို နှိုးသာ။ သည်လို၊ မောင်ပြေသိမ်းတော့ မနိုးသေးဘူး။ မနက် ၆ နာရီ၊ ၇ နာရီ လောက် ဆရာကြည်တို့ ရွာတွေဘက် သွားချင်လို့သဲ့။ ညက စကားတွေ ပြောကြရင်းပြောလို့ ရီးပန်းရုံက ညည်းတို့ နှစ်ယောက်ကို ထည့်မလို့သဲ့။ အနောက်တန်းရွာတွေဘက် ရောက်ရအောင်လို့ ဖိုးတုတ် လှည်းမောင်း ပို့လိမ့်မယ်"

"ဟုတ်လား မလှအုံ။ အမေက ထည့်မယ်သဲ့လား"

"ညည်းအဖေရော အမေရော ထည့်သာပါအေ။ မောင့်နှမတွေ ခေါ်သွားပေါ့သဲ့"

မအိမ်ကံ လှိုက်ခနဲ ၀မ်းသာ သွားရသည်။ အဖြေမပေးရသေးသော ချစ်သူနှင့် အနောက်တန်းရွာတွေဘက် လှည်းနှင့် သွားကြရမှာတဲ့။ ဖိုးတုတ်က လှည်းမောင်းပြီး ကျေးဥလည်း အဖော် အဖြစ်ပါမည်တဲ့။ မလှအုံ ဆင်းသွားတော့ မအိမ်ကံနှင့် ကျေးဥ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြုံးလိုက်ကြ သည်။ ကိုပြေသိမ်း မနိုးသေးဘူး ဆိုတော့ ရေချိုးလို့ ရသေးသည်။ မအိမ်ကံ အောက်ထပ်ကို အရင်ဆင်းသွားတော့ အမေ ပန်းရုံက နောက်ဖေးချောင်မှာ ထမင်းပင် ကြော်ပြီးနေပြီ။ မအိမ်ကံက ရင်ကလေး ရှားပြီး ခြုံတဘက် တစ်ထည်ခြုံကာ ရေချိုး ခုံဘက် ထွက်လာခဲ့သည်။ ဖိုးတုတ်ကို တွေ့တော့ ခိုင်းစရာလေး တစ်ခုရှိတာ ခိုင်းလိုက်ပြီး ရေးချိုးသည်။ ကျေးဥကတော့ ရေတွင်းမှာ ပြေးချိုးခြင်း ဖြစ်၏။ မအိမ်ကံဝင်လာတော့ အမေ ပန်းရုံက ရေနွေးဗန်း ချနေပြီ။

"သမီး လှအုံ ပြောသလား။ အနောက်တန်းရွာတွေဘက် မောင်ပြေသိမ်းက သွားချင်သတဲ့။ သူ့ခမျာ မောင်မြတ်သာမလာခင် ငုတ်တုတ် ထိုင်မနေချင်ဘူးနဲ့ တူပါရဲ့ကွယ်။ အဲသာ သမီးနဲ့ ကျေးဥလိုက်သွား။ ညတော့ မအိပ်နဲ့ကွယ်။ စောစော ပြန်ခဲ့ကြပေါ့"

"ဟုတ်ကဲ့ အမေ"

မအိမ်ကံနှင့် ကျေးဥတို့ ဖြီးလိမ်း ၀တ်စားနေကြခိုက်မှာပင် ကိုပြေသိမ်း နိုးလာသည်။ ရေမိုးချိုးပြီးတော့ အိမ်ရှင်ကျွေးသည့် ထမင်းကြော်စားကာ မအိမ်ကံတို့ ဆင်းအလာကို စောင့်နေလေသည်။ ဖိုးတုတ်က ထမင်းကြော် ကပျာကသီ စားပြီးသည်နှင့် လှည်းကောက်လေ၏။ မအိမ်ကံတို့ ဆင်းလာတော့ သွားဖို့ အသင့်ဖြစ်ကြပြီ။ မအိမ်ကံနှင့် ကျေးဥက ထမင်းကြော် မစားကြတော့။ နေမြင့်မှာ စိုး၍ ဖြစ်သည်။ ရွာ့အနောက် တာလမ်းက အကြော်တဲမှာ မုန့်ပေါင်းနှင့် အကြော်တွေ ၀ယ်စားကြဖို့ စီစဉ်ပြီးသား။

မအိမ်ကံက မနက် အလင်းရောင်ထဲမှာ ၀င်းမှည့်နေပါ၏။ ပုစွန်ဆီရောင် ဂျော်ဂျက်အင်္ကျီ လည်ထောင်ကလေးနှင့် ရှားညိုခံမှာ လိမ္မော်အသွေး သရက် ထည်ပွင့် ရိုက်ဆင်ကလေးက ပန်းပု ရုပ်ကလေး အသွင် ကြွလွန်း လှလွန်းလှပါ၏။ ဆွဲကြိုးကလေး တစ်ကုံး၊ လက်ကောက် တုတ်တုတ်ကလေး တစ်ကွင်းသာ ၀တ်ထားခဲ့သည်။ ပန်းအလွန်ကြိုက်သော မအိမ်ကံက ဆံထုံး ကလေး မြင့်မြင့်ထုံးကာ ဆံတောက် ကောက်ကလေးနှင့် ပန်းမပန်ဘဲ ရိုးရိုးရှင်းရှင်းသာ ထုံးဖွဲ့ထားပါ၏။ နားသယ်နှင့် ကုပ်မှ မွေးညင်းနုနုကလေးတွေကတော့ မျှင်မျှင် ကလေးကျ နေသည်။ လှည်းပေါ်တက်ကြတော့ အမေပန်းရုံနှင့် မလှအုံ တို့က စောစော ပြန်ခဲ့ကြနော်လို့ ထပ်မှာသည်။ ၀ိုင်းတိုက်ထဲက လှည်းထွက်လာတော့ နေပင် ကောင်းကောင်း မထွက်ချင်သေးပါ။

ခရုခွေ နောက်ထုံးကလေးနှင့် မျက်နှာကလေး ရှင်းသန့်နေသော မအိမ်ကံကို ကိုပြေသိမ်းက ငေးနေလေသည်။ သနပ်ခါးနံ့က သင်းသည်။ နွားနှစ်ကောင်က ခလောက်ကယ် ဒေါင်ဒင်၊ ထိပ်အုပ်၊ လည်ခွံပတ်၊ ၀မ်းပတ်၊ ဒူးတိုက်၊ ဘို့သိုင်း ကကြိုး စုံက ချူကုံးသံလွင်လွင်...။

"ဟဲ့ ဆိုကာ ကြိမ်တံမြှောက်ရုံနှင့်၊ လှည့်လိုရာတိမ်ယံ ရောက်နိုင်ရဲ့၊ အိမ်ခြံပေါက် နွားညီနောင်၊ အားစည်အောင် ပ၀စေကြောင်း၊ စားအီတောင်မှ ညနေစောင်း။ ဆောင်ခွင့်ကိုရွယ်၊ မောင်နှင့်မယ် တူယှဉ်တွဲပါလို့၊ နောင်တင့်တယ် လူမြင်ရဲကာမှ၊ ယူငင်ကာ ချူဆင်ပါ့မယ်၊ ပွဲဝင်မယ့် ချောင်းသူရဲ့ လှည်းယဉ် နှင့်မောင်း..."

သည်လှည်းကလေးတော့ လည်းယဉ် မဟုတ်ပါ။ လှည်းကြမ်း ဆိုသော်လည်း ပျော်စရာ ကောင်းလှပါ၏။ ကိုပြေသိမ်းက မအိမ်ကံကိုပဲ အရိပ်တကြည့်ကြည့် ရှိနေခဲ့သည်။ မအိမ်ကံက လှည်းဆောင် ပန်းခြေမှာ ဖိုးတုတ် ဖက်နှင့် ထုပ်လာသည့် အထုပ်ကို လှမ်းယူလိုက်သည်။ မနက်စောစော အိပ်ရာက နိုးတော့ ဖိုးတုတ်ကို ခူးခိုင်းလိုက်သော ပန်းထုပ်ကလေး။ ဖက်ကို အသာလှပ်လိုက်တော့ ဆပ်သွားဖူးပန်းတွေ။ ဆပ်သွားဖူး ပန်းနံ့ကလေးပင် ကြိုင်သွားခဲ့ပါ၏။ မအိမ်ကံက ပန်းထုပ် ကလေးကို ကိုပြေသိမ်း လက်ထဲ ထည့်လိုက်သည်။

"ကိုပြေသိမ်းနား ပန်ဖို့ပါရှင်"

ကိုပြေသိမ်းက ပထမတော့ သိပ်နားမလည်လိုက်။ တဒင်္ဂ အတွင်းမှာပင် သတိရလိုက်သလို အားရ ၀မ်းသာ နမ်းကြူ လိုက်သည်။ တကယ်လည်း နားနှစ်ဖက်ကြား ထိုးပြ နေသဖြင့် မအိမ်ကံပင် ရယ်မိရသည်။ မအိမ်ကံက လက်ကလေးကို ဖြန့်ပေးလိုက်တော့ ကိုပြေသိမ်းက အုပ်ကိုင်လိုက်တာ မလွှတ် တော့။ မအိမ်ကံ၏ ဆံထုံးကလေးထဲကို ဆပ်သွားဖူးပန်းကလေး တစ်ငုံ ထိုးပန် ပေးလိုက်ပြန်သည်။ ကိုပြေသိမ်းက ပြုံးပြတော့ မအိမ်ကံကလည်း ပြန်ပြုံးပြပါ၏။ ကျေးဥက လှည်းရံတိုင် နှစ်ချောင်းကို ဆုပ်ကိုင်ရင်း တစ်ဖက်ကို လှည့်နေပါသည်။ လမ်းပေါ်မှာ လှည်းတစ်စီး တလေပင်မရှိ။ ကိုပြေသိမ်းက မအိမ်ကံ၏ လက်ချောင်း သွယ်သွယ်ကလေးတွေကို တစ်ချောင်းချင်း ကိုင်ကြည့်နေခဲ့သည်။ သည်တစ်ခါတော့ မအိမ်ကံ မရုန်းတော့ပါ။

မနက် နေရောင်ကလေး ကျလာလေပြီ။ တောလမ်း တစ်လျှောက် ချစ်သူတို့၏ ရင်ခုန်သံနှင့် လှည်းဘီး ကြိတ်သံကလွဲလျှင် ဘာမှမရှိ။ ရွာနှင့် ဝေးဝေး အစွန်က ညောင်ကြတ်ပင်ကြီးကို လှမ်းမြင်ရပြီ။ ညောင်ကြတ်ပင်ကြီးအောက်မှာ ခရီးလှည်းတွေကို မျှော်ရောင်းသည့် မုန့်ပေါင်းနှင့် အကြော်ဆိုင် ကလေးတွေ ရှိသည်။ ဖိုးတုတ်ကို လှမ်းသတိပေးရပါ၏။

"ဖိုးတုတ် အကြော်ဆိုင်တွေရှေ့ရောက်ရင် ခဏရပ်စမ်း ငါ့တူ"

အနောက်တန်း ရွာတွေဘက်ကလှည်းတွေ အများဆုံး ဖြတ်ရသည့် နေရာဆိုတော့ သည်နေရာကလေးက လှည်းဆိပ်လိုဖြစ် နေသည်။ ကျပ်ခိုးတွေ မှောင်မှောင်ထိုးနေကြသည့်တဲတ စောင်းကလေးတွေ တဲချင်းယှက်လျက်ရှိ၏။ ရွာမုန့်တွေရနိုင် သည်။ မုန့်ချိုသွင်း၊ ကတိုးဝါ၊ မုန့်လုံးကြီး၊ မတ်ပဲကြော်၊ ပဲ ကပ်ကြော်၊ ပဲစာဥကြော်၊ ရေမုန့်၊ မုန့်ပေါင်း စသည်ဖြင့် ပူပူ နွေးနွေးရနိုင်သည်။ ဖိုးတုတ်က လှည်းရံတိုင်မှာ ကြိုးရစ်ခဲ့ပြီး ဖျိုးဖျိုးဖျတ်ဖျတ် ခုန်ဆင်းကာ မအိမ်ကံမှာသည့် မတ်ပဲကြော်နှင့် မုန့်ပေါင်းတွေဝယ်သည်။

"ဖိုးတုတ် ဆီပါ ဆမ်းခဲ့"

မအိမ်ကံတို့လှည်း ရပ်လိုက်ပြီ ဆိုကတည်းက လူပေါင်းစုံ၊ လှည်းပေါင်းစုံက အာရုံ ရောက်နေကြသည်။ မအိမ်ကံကို သိကြသည့်ဈေးသည်တွေက ဆင်းပါဦး၊ နားပါဦး၊ ရေနွေးသောက် ပါဦးခေါ်ကြသည်။ မအိမ်ကံက ခရီးဆက်ရဦးမှာမို့ မဆင်းတော့ပါဘူး။ မမသောင်းရယ်၊ ကြီးတော်ညွန့်ရယ်၊ ဒေါ်ကြီး ပေရယ် စသည်ဖြင့် ခေါ်သမျှထူးရ နှုတ်ဆက် နေရပါ၏။ ကိုပြေသိမ်းကိုလည်း ကြည့်ကွက် ကြည့်ကွက် လုပ်ကြသည်။


"မအိမ်ကံရယ် ချောလိုက်သဲ့ မိန်းမနှယ်။ တောက်..."

မအိမ်ကံတို့ လှည်းဆက်ထွက်လာတော့ ကြားလိုက်ရသော အသံ ဖြစ်ပါ၏။ ကိုပြေသိမ်းကတော့ ချစ်သူ၏ အလှကို ကြည့်မ၀နိုင် ရှိရပါ၏။ ကျေးဥနှင့် ဖိုးတုတ်တို့ကို မုန့်တွေ ခွဲပေးလိုက်ပြီး ကိုပြေသိမ်း လက်ထဲကို မအိမ်ကံက မုန့်တွေ ထည့်ပေး လိုက်သည်။

"မုန့်ပေါင်းဆိုသာ နိမိတ်ကောင်းသယ် ကိုပြေသိမ်းရဲ့။ ပေါင်းရတဲ့မုန့်လို့ ပြောသာလေ။ မတ်ပဲကလည်း ထူထူမတ် မတ်ရှိသဲ့ နိမိတ်ကိုယူသာ"

ကိုပြေသိမ်းကို ရွှန်းရွှန်းစားစား ကြည့်ရင်း ပြောလိုက်တော့ ကိုပြေသိမ်းပင် အံ့သြခဲ့ရသည်။ တောသူကလေး တစ်ယောက်၏ မေတ္တာသံယောဇဉ်က ရိုးစင်း လှပါလားလို့ တွေးမိပုံလည်း ရသည်။ မအိမ်ကံကို ပို၍ပင် လေးစားသွားခဲ့သည်။ အတိတ် နိမိတ် ယုံကြည်မှုသည်ပင် နက်ရှိုင်းလှသော စိတ်ခွန်အား မဟုတ် လား။ ကိုပြေသိမ်းက မုန့်ပေါင်းနှင့် မတ်ပဲကြော် ပူပူနွေးနွေးကို မအိမ်ကံနှင့်အတူ စားနေရတာကိုပဲ အဓိပ္ပာယ် တစ်ခု ရှိနေသလို ခံစားရပါ၏။ မအိမ်ကံ၏ ဆီတွေ ပေနေသော လက်ကလေးတွေကို ကိုပြေသိမ်းက သူ့လက်ကိုင်ပ၀ါဖြင့် သုတ်ပေးသည်။ ကျေးဥနှင့် ဖိုးတုတ်ကတော့ လှည်းဆောင် ပန်းခွက်ထဲမှာ အတူ တူထိုင်ကြရင်း တိတ်တိတ်ကလေး စားနေကြသည်။

လှည်းက ရွာတွေ ဘေးက ပန်းသွားရတာများတော့ ရွာရိပ် သစ်ရိပ်ကြီးတွေက အေးမြလှပါ၏။ ကြီးမားလွန်းသော ကုက္ကိုပင်ကြီးတွေ အောက်ကဖြတ်ရသည်။ ပါးပျဉ်းတွေစူထွက်နေ သောလက်ပံပင်အိုကြီးတွေအောက်ကဖြတ်ရသည်။ မုတ်ဆိတ် တွေ တန်းလန်းလန်းကျနေသောညောင်မုတ်ဆိတ်ပင်ကြီးတွေ အောက်ကဖြတ်ရသည်။ တစ်နေရာမှာတော့ သစ်ပင်တန်းကြီး ရှည်လှသည်။ ပြီးတော့ ရေချမ်းစင်ကလေး။ လှည်းရပ်ကာ ရေဆင်း သောက်ကြသည်။ မအိမ်ကံက ရေတစ်မှုတ် ဦးဦးဖျား ဖျားခပ်ပြီး ကိုပြေသိမ်းကို ကမ်းသည်။ ရေက အေးမြလှပါ၏။

"ရေချမ်းစင်ကလေးတွေ တည်ချင်သေးတယ် ကိုပြေသိမ်းရယ်။ ကိုပြေသိမ်းနဲ့ မအိမ်ကံ ကောင်းမှုပေါ့။ ရေချမ်းစင် ကုသိုလ်က ကြီးလှပကောရှင်"

ဘယ်နေရာကို ကြည့်ကြည့် တောရိပ် တောသွေးတွေချည်း မြင်နေရသည်။ မအိမ်ကံက ရွာနာမည်ကလေးတွေကို ရွတ်ပြသည်။ လမ်းပေါ်မှာ လှည်းတွေ အကူးအလူး များလာခဲ့ပြီ။ ညောင်ငါးခွက ကျော်ပြီး ကြည်တော်ကုန်းကို ၀င်တော့ နေသာလှပြီ။ ဆရာကြည့်အိမ်ကို ၀င်ပြီး ကိုပြေသိမ်းနှင့် တွေ့ပေးရသည်။ ဖိုးတုတ်ကို လှည်းနှင့် အတူ ကိုပြေသိမ်းနှင့် ထားခဲ့ကာ မအိမ်ကံနှင့် ကျေးဥတို့ ဒွေးလေးခင်ငြိမ်းတို့ အိမ်ဘက် လျှောက်ခဲ့ ကြသည်။ မကြီးနှင့် မငယ်တို့ကို နေ့ခင်းစာစားဖို့ စီစဉ်ခိုင်းရပါ၏။ မအိမ်ကံ လာသည်ဆိုတော့ ကြည်တော်ကုန်းမှာ ပွဲခင်းထဲ မြွေဝင်သလို လှုပ်သွားရတော့သည်။ မအိမ်ကံက ဆွေဆွေ မျိုးမျိုးတွေကို ပေးတန်တဲ့ သူပေး၊ ကမ်းတန်တဲ့သူကမ်း ဆိုတော့လည်း ရွာကလေး လှုပ်သွားရတာ မဆန်းလှပါ။ ကိုပြေသိမ်းကိုမြင်တော့ ဆရာလေး ကိုတောက်ထိန်ကို လွမ်းသူတွေက လွမ်းကြရှာသည်။ ကျောင်းဆရာလေး ကိုပြေသိမ်းကို မအိမ်ကံနှင့် ဆက်စပ်ပြီး မြင်ကြသူတွေ ရှိသလို မမြင်ဝံ့ကြရှာသူတွေ လည်းရှိပါ၏။ ကြည်တော်ကုန်းမှာ တစ်နေခိုပြီး ညနေစောင်းတော့ မအိမ်ကံတို့ ပြန်ဖို့ပြင်ကြရပြီ။

"ကိုင်း... ဆရာလေး ကြုံတိုင်းသာ လာခဲ့တော့။ သည်ရွာကလည်း မအိမ်ကံတို့ အမျိုးတွေချည်းပဲဗျာ။ ဆရာလေးတို့ ရှင်းပြတော့လည်း လင်းရပါသဗျာ။ သည်ဘက်ရွာတွေတော့ ကျုပ် တာဝန်ထား။ ကိုင်း ပြန်ကြရော့..."

တစ်နေကုန် ကိုပြေသိမ်းနှင့် စကားပြောရတာကိုပင် အားမရလေဟန်ဖြင့် ဆရာကြည်က ရွာရိပ်အထိ လိုက်လာရှာသေးသည်။ ဆရာကြည် အိုရှာပါပကော။ မအိမ်ကံက လှည်းပေါ်ကနေ ဆရာကြည့်ကို လက်အုပ်ချီရင်း နှုတ်ဆက်လိုက်ပါသည်။

ညနေရိုးရီမှာ လှည်းကလေး စီးပြီးပြန်လာခဲ့ရသည့် လမ်းတစ်လျှောက်လုံး မအိမ်ကံ ပျော်ပါသည်။ ရွာကိုဝင်တော့ နေကလေးတောင် တိမ်းချင်ချင်။ မအိမ်ကံတို့ အိမ်ဝ ရောက်တော့ ၀ိုင်းတံခါးကြီးက ဟလျက်။ ဖိုးတုတ်က လှည်းကို တန်းပြီး မောင်းဝင်လိုက်သည်။ မအိမ်ကံ လှည်းယူသွားတော့ ရွာက လှည်းတိုက်ငှားကာ ပဲလုံးတွေ သယ်နေကြဟန်တူသည်။ တစ်လှည်းဝင် တစ်လှည်းထွက်ဆိုတော့ ၀ိုင်းတံခါးကြီး တောက်လျှောက် ဖွင့်ထားခြင်းဖြစ်မည်။ အမေပန်းရုံနှင့် မလှအုံက အိမ်ဝက ကြိုကြသည်။

"ဘယ့်နှယ်လဲ မောင်ပြေသိမ်း အဆင်ပြေခဲ့ရဲ့လား"

"ပြေပါတယ်ခင်ဗျာ။ စိတ်လည်း ချမ်းသာခဲ့ပါတယ်။ အမျိုးတွေလည်း တွေ့ခဲ့ရပါတယ်"

အားလုံး အထဲ ၀င်သွားကြတော့ ဖိုးတုတ်က လှည်းချွတ်ရန် အိမ်ဘေး နွားစာကျင်းဘက် မောင်းသွားခဲ့သည်။ မအိမ်ကံက အိမ်ထဲ မ၀င်သေးဘဲ ၀ိုင်းတံခါး ပိတ်ရန် ထွက်လာခဲ့သည်။ ပဲလှည်းတွေ လာလျှင် ဖွင့်ခိုင်းလိမ့်မည်။ လောလောဆယ်တော့ ပိတ်ထားတာ စိတ်အချရဆုံး မဟုတ်လား။

မအိမ်ကံက ၀ိုင်းတံခါး တစ်ချပ်ကို အရင်ဆွဲကပ်သည်။ နောက်တစ်ချပ်ဆီ အသွား။

ခြေသံကြောင့် မအိမ်ကံ လှည့်ကြည့် လိုက်သည်။ ဂျပန် စစ်ဝတ် စစ်စားနှင့် ဂျပန်စစ်ဗိုလ်။ တောင့်တောင့်ကြီး ရပ်လျက်။ ပြီးတော့ တစ်ယောက်တည်း။ မအိမ်ကံကို ပြုံးကြည့်နေသည်။ မအိမ်ကံ အသည်းတွေ အူတွေ ပြောင်းပြန် လန်သွားသလို တုန်ခိုက် သွားရလေသည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်ခင်ထူး

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ