Thursday, October 15, 2009

မအိမ့်ကံ(14)

မအိမ်ကံ (Oct) 2008

၁၈။ ဘုရား ... ဘုရား ဘုရားကို အကြိမ်ကြိမ် တနေမိတာကိုပဲ မအိမ်ကံ နောက်ဆုံး သတိ ရလိုက်တော့သည်။ အသည်းအဆုတ် တစ်မြုံလုံးကို ဘီလူးသဘက် တစ်ကောင် သွားစွယ်ဖြင့် ကိုက်ခဲ လိုက်သလို လှပ်ခနဲ ကျင်တက် သွားသည့် ဝေဒနာက ပြင်းထန်လွန်းလှ၏။ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ သည်အရွယ်အထိ မုန်ညင်းတစ်စေ့စာမျှ ထိပါးစော်ကားခြင်း မခံရဘူးသည့် အပျိုစင် မိန်းကလေးတစ်ယောက်အဖို့ရာ စွပ်စွဲချက်တွေက အဆိပ်လူးမြားဒဏ်ကြောင့် တရှိန်ရှိန်ပြန့်လာသော အဆိပ်ဓာတ်များပမာ တစ်ကိုယ်လုံး စီးဆင်းလျက် ရှိလေသည်။ ရှက်ခြင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း များနှင့်အတူ နာကြည်းခြင်း၊ စက်ဆုပ်ခြင်း၊ ဒေါသဖြစ်ခြင်းတို့ ပူးပေါင်းသွားကြရာက အမျိုး အမည် မပြောနိုင်သော ခံစားမှု တစ်မျိုး ဦးနှောက်ကို ဆောင့်တိုး လိုက်သည့်ခဏ မအိမ်ကံလည်း ဖြေချလိုက်သော ခေါင်းခုစုတ်ကဲ့သို့ ခွေခနဲ ပုံကျသွား လေတော့သည်။ မအိမ်ကံ လက်ထဲကမွမွကြေနေသော လက်ကိုင်ပ၀ါကလေးသည်လည်း မအိမ်ကံနှင့် အတူပင် မြေပေါ်ကျသွားခဲ့သည်။
မအိမ်ကံကိုတော့ မစိမ်းမြက အလိုက်သင့် ဖက်လိုက် သဖြင့်သာ ပြိုကျမသွားခဲ့ခြင်း ဖြစ်ပါ၏။

"ဟဲ့ ဟဲ့ လုပ်ကြပါဦး။ မအိမ်ကံ ငါ့ညီမ သတိ ထားပါဦး။ အထဲက အေးလှတို့၊ ထွေးတင်တို့ လာကြပါဦးဟေ့"

မစိမ်းမြ အော်သံက ရက်ကန်းခတ်သံ တဂျောင်းဂျောင်း၊ ခြူသံ တချွင်ချွင်ကြား ပေါက်သွားပုံရပါ၏။ ရက်ကန်းခတ် နေသူ မိန်းကလေး သုံး၊ လေးယောက် ပြေးလာကြသည်။ မအိမ်ကံကို ကွပ်ပျစ်ပေါ် အလိုက်သင့် ပွေ့ချကြကာ ယပ်ခတ် ပေးကြသည်။ တစ်ယောက်က ထုံးနှင့် လျက်ဆားကို လက်ဖ၀ါးပြင်ချင်း ပူနေအောင်ပွတ်ကာ မအိမ်ကံကို ရှူစေသည်။ မအိမ်ကံခမျာ သတိလက်လွတ်ဖြစ်နေသော်လည်း ဒေါသတွေ အရှိန်ပြေသေးဟန်မတူ။ ရင်ကလေး မောက်ချည်နိမ့်ချည်ဖြင့် အသက်ရှူ မမှန်သလို ဖြစ်နေသည်။ ချွေးကလေးတွေ ပြန်တက်လာကာ မျက်နှာတစ်ပြင်လုံး ပုစွန်ဆီရောင် ပြေးလျက် ရှိ၏။ ရှည်သွယ်သွယ်လက်ချောင်းကလေးတွေက ဖြေမရ လောက်အောင် ကုပ်ကုပ်ကွေးကွေး ဆုပ်ထားသည့်အတွက် မစိမ်းမြက အားနှင့်ညှစ်ကာ ဖြန့်ပေးနေရသည်။

"မအိမ်ကံ မအိမ်ကံ။ ငါ့ညီမ ဟဲ့ တစ်ယောက်ပြေးစမ်း။ ရီးပန်းရုံတို့၊ မလှအုံတို့ကို သွားပြောချေ။ ဖြစ်ရလေအေ။ ကြီးတော်စံရွှေဟာလေ အသက်လည်းကြီးပါပြီ။ ပြောရင်လည်း ငရဲကြီးရော့မယ်။ မအိမ်ကံ ညီမလေး"

မစိမ်းမြက မအိမ်ကံကို လည်းခေါ်၊ မအိမ်ကံတို့ အိမ်ကိုလည်း အကြောင်းကြားခိုင်း၊ ဒေါ်စံရွှေကိုလည်း အပြစ်တင်လျက် စိတ်တွေပူနေရှာပါသည်။ မအိမ်ကံကတော့ ကြိုးတွေ လျှော့လိုက်သော ရုပ်သေးမင်းသမီး ရုပ်ကလေးပမာ ပုံ့ပုံ့ ကလေး ငြိမ်သက်လျက်ရှိလေသည်။ မအိမ်ကံတို့ အိမ်ကို မိန်းကလေးနှစ်ယောက် ပြေးကြသည်။

"မအိမ်ကံ... မအိမ်ကံ... သတိရပြီလား မအိမ်ကံ"


"မအိမ်ကံ... မအိမ်ကံ... သမီး... မအိမ်ကံ... သတိထားလေ သမီး။ ဖိုးကူး အိမ်ပေါ်ဘုရားစင်မှာ ပရိတ်တော် ရေပုလင်းတက်ယူစမ်း။ လှအုံ ခါးကထဘီကို လျှော့ပေး။ ဖိုးတုတ် အပြင်ထွက်စမ်း။ ဆရာဆောင် သွားပင့်ချေ။ ကျေးဥ အင်္ကျီအပေါ်ကြယ်သီးတွေ ဖြုတ်ပေးစမ်းဟဲ့။ မြနှစ်က ခေါင်းကို ယပ်ခတ်စမ်း။ အေးနေအောင်ခပ်၊ ငါကသွေးဆေးနံ့ ပေးထားမယ်"

အမေပန်းရုံက သမီး သည်လိုဖြစ်လာလျှင် သည်လို ကုရမည်ဆိုတာ ကြိုသိထားသလို အနားရှိသည့် လူတွေကို အော်ဟစ် နေခဲ့ရှာသည်။ မအိမ်ကံကို မစိမ်းမြတို့ ၀ိုင်းတိုက်ဆီက လှည်းနှင့် ပွေ့တင် ယူခဲ့ကြခြင်းဖြစ်၏။ မအိမ်ကံအခန်းပေါ် အရောက် မတင်ဘဲ အိမ်အောက်ထပ် အေးကုတင်ကျယ်ကျယ် ကြီးပေါ် အသာလှဲစေကာ သတိလည်အောင် ပြုစုနေကြ ခြင်းဖြစ်၏။ ဖခင်ဖြစ်သူ သူကြီးမင်း မရှိ၍သာတော်တော့သည်။ ဒါတောင် ပြန်လာလျှင် ဘာပြောဦးမည်မသိ။ ဒေါ်စံရွှေတို့ ၀ိုင်းတိုက်ဘက် နှစ်လုံးပြူးနှင့် လိုက်သွားမှာကိုလည်း ကြောက်ရသေးသည်။ သမီးဇောနှင့် ထင်မိထင်ရာ လုပ်လိုက် ပြန်လျှင် စိတ်မချမ်းသာ စရာတွေ ဆက်တိုက်ကြုံရမှာကို အမေ ပန်းရုံစိုးပါ၏။ ဖအေပြန်မလာခင် သမီး သတိပြန်လည်ပါစေ လို့သာ ပူပူပန်ပန် ဆုတောင်းနေမိရှာသည်။

ကျေးဥက အိမ်ရှေ့ဝင်းတံခါးကြီးကို ပြေးပိတ်သည်။ ယောက်ျားသားတွေ ၀င်လာမှာစိုး၍ ဖြစ်သည်။ မအိမ်ကံဝတ်စားထားသမျှ ဖြေလျော့ထားသည် မဟုတ်လား။ ဆရာ ဆောင် ၀င်လာကာနီးမှ လုံလုံခြုံခြုံ ပြန်ဝတ်ကြသည်။

"သမီး မအိမ်ကံ သတိရပြီလားသမီး။ မအိမ်ကံ ကလေးမ"

ဇောင်ချမ်းကုန်းတစ်ရွာလုံး မအိမ်ကံ တစ်ယောက် သတိမေ့သွားလို့တဲ့ဆိုသည့် စကားကစကာ မစိမ်းမြတို့ ၀ိုင်းတိုက်ထဲမှာ ဒေါ်စံရွှေနှင့် ခွန်းကြီး ခွန်းငယ်ပင် ဖြစ်ကြသည့် အကြောင်း၊ ဖြစ်ရသည့် အကြောင်းကလည်း မအိမ်ကံ၏ လက်ကိုင်ပ၀ါကို ဒေါ်စံရွှေသား မောင်သာအောင့် သေတ္တာ ထဲက တွေ့၍ဖြစ်ကြောင်း၊ ဖက်စိမ်း ကွမ်းတောင်ကိုင်ခွင့် ရသူကိုမှ သားများနှင့် လက်ဆက်စေခဲ့သူ ဆိုတော့ မအိမ်ကံ နှင့် သဘောမတူသည့် စကားကို ရက်ရက်စက်စက် ပြောခဲ့သည့်အကြောင်း၊ မအိမ်ကံခမျာ ခိုးထုပ်ခိုးထည်ဖြင့် အမိခံ လိုက်ရသကဲ့သို့ ခွန်းတုံ့မပြန်နိုင်ရှာဘဲ ခေါင်းငုံ့ခံခဲ့ရသည့် အကြောင်း စသည်ဖြင့် အကြောင်းပေါင်းများစွာတို့သည် လေပွေမွှေ့ရာပါလာသည့် ရွက်ခြောက်များကဲ့သို့ ဆောက်တည် ရာမရ ရှိနေခဲ့သည်။

တချို့ကလည်း သည်စကားတွေကို နားမ၀င်ကြပါ။ မအိမ်ကံ၏ ကာဣနြေ္ဒနှင့် ကိုယ်ကျင့်တရားကို ယုံကြည်ကြ၍ ဖြစ်၏။ မအိမ်ကံနှင့် မောင်သာအောင် ဘယ်လိုမှ အကြောင်း ဆက်စပ်၍ မရကြဘဲ၊ ဒေါ်စံရွှေကိုသာ အပြစ်တင်ကြသည်။ သို့သော်လည်း ထောင့်စွန်းမှာ ပိုးချည်ဖြင့် မအိမ်ကံလို့ ထိုးထားသော လက်ကိုင်ပ၀ါ တစ်ထည်က ဘာကြောင့်သာအောင့် သေတ္တာထဲ ရောက်ရသလဲ ဆိုတာကိုတော့ မည်သူမှကျန ရေလည်အောင် ရှင်းမပြနိုင်ကြ။ အပျို့လက်ကိုင်ပ၀ါ တစ်ထည် လူပျို့သံသေတ္တာထဲ ရောက်နေရသည် ဆိုတာကပင် ပဟေဠိ ဆန်သော ပုစ္ဆာတစ်ပုဒ်ပင်။ သည်ကိစ္စက ကာယကံရှင်များ ဖြစ်သော မအိမ်ကံမှပဲ သိလိမ့်မည်။ မောင်သာအောင်မှပဲ သိလိမ့်မည်။

ဆရာဆောင် ကြွလာတော့ မအိမ်ကံကို ကြည့်သည်။ လက်သွေးကြော စမ်းသည်။ ဆံပင်ကို ဖြန့်စေကာ စောင်ပါးပါး တစ်ထည်လွှားစေသည်။ မိန်းမပျိုဆိုတော့ အမြင်တင့်တယ် အောင်အရင်ဆောင်ရွက်ခြင်းဖြစ်၏။ ဆရာဆောင်က မလှအုံကို ဆေးမှုန့် တစ်မျိုးကို စက္ကူလိပ်သေးသေး ကတော့ထိုးစေကာ နှာမှုတ်စေသည်။

"အလွန်ပြင်းသဲ့ နှာမှုတ်ဆေး ပေါ့ကွယ်။ မိန်၊ ဆေးဒန်း၊ ကန့်နဲ့ ဟင်းရိုင်းများနဲ့ ဖော်ထားသာ။ အာကာသမရသူ၊ မူးမေ့ သူ၊ သတိလစ်သူ၊ အကြောတက်သူ၊ ၀က်ရူး ကြက်ရူးပြန်သူ၊ မီးယပ် သွေးတက်သူတွေ ဒါသုံးသာပဲ။ ယုတ်စွပြောရစေတော့ စုန်း၊ တစ္ဆေပူးရင်တောင် လွင့်စင်သာများ အာဂမှတ်လို့..."

မှန်လည်း မှန်ပါ၏။ မလှအုံက နှာမှုတ်သွင်းပေးလိုက်သည့် တခဏ မအိမ်ကံ အင်းခနဲ ညည်းကာ လှုပ်လာသည်။ မျက်လုံးတွေတော့ မပွင့်ကြသေး။ ချွေးတိတ်သွားရာက အေးစက်စက်နေသော မအိမ်ကံမှာ ဆေးအာနိသင်ကြောင့် ချွေးကလေးများပင် စို့လာခဲ့သည်။ ဆရာဆောင်က လိမ်းဆေး၊ ရှူဆေး၊ မှိုင်းဆေးဟူ၍သုံးမျိုးပေးသည်။ မှိုင်းဆေးကတော့ မှိုင်းခံ၍ ရှူစေရန်ဖြစ်သည်။ လျှာပွတ်ဆေးခွံ့သည့်အခါ မအိမ်ကံမျက်လုံးတွေ ပွင့်လာခဲ့လေပြီ။ သတိလည်လာတာ တော့ ဟုတ်ပုံမရ။

"သမီး မအိမ်ကံ သတိရပြီလား။ အမေလေ အမေပန်းရုံ သိသလား"

ဆရာဆောင်က နံ့သာဖြူရည်ကျဲဖြင့် လိမ်းရမည့်ဆေးတွေ ပေးခဲ့သည်။ ရင်အုပ်ဆေး၊ ရင်လူးဆေး ပေးခဲ့သည်။ ခြေဖ၀ါး တွေကို လက်မသန်သန်ဖြင့် ထောက်ရင်း မအိမ်ကံကို အကဲ ခတ်နေခဲ့သည်။ တစ်ချက်အထောက်မှာတော့ "အမေရေ"လို့ ညည်းရင်း မအိမ်ကံ သတိလည်လာခဲ့ပါ၏။

"အမေ အမေပန်းရုံ"

အသံက ဖျော့တော့ လွန်းလှပါ၏။ ဆရာဆောင်က လက်ကောက်ဝတ်ကို စမ်းပြန်ကာ ပြုံးလေသည်။ သွေး၊ လေ၊ သလိပ်၊ သည်းခြေ ပုံမှန်ဖြစ်ပါပြီဟု ကတိပေးသည်။ ပါးစပ် ကလည်း တတွတ်တွတ် ရွတ်နေခဲ့ပါ၏။

"မလိုမုန်းထား၊ ရန်သူငါးနှင့်ရှစ်ပါးဒေါသ၊ ဒဏ္ဍ တစ်ဆယ်၊ နှိပ်နယ်သက်ခတ်၊ ဥပါဒ်ဆယ့်ခြောက်၊ လန့် ကြောက်တုန်အေး၊ ဘေးတစ်ဆယ့်ငါး၊ အများဆက်ဆံ၊ ကံ သုံးဆယ်နှင့်၊ စီစစ်ထွေလာ၊ နာကိုးဆယ့်ခြောက်၊ ကယောက် ကယက်၊ အိပ်မက်တပေါင်၊ နားထောင်စနည်း၊ ကမ္ပည်း အတိတ်၊ နိမိတ်နိမက်၊ အချက်မကင်းတာမှန်သမျှ ရှင်းပါ စေဗျား။ အသွားချွတ်ယွင်း၊ ပူပြင်းသောက၊ ဗျာပါရနှင့်၊ ဒုက္ခစွန်းငြိ၊ ရောက်ရှိစစ်လည်း၊ ဆံခြည်မြူခြမ်း၊ မျှမသမ်း အောင်၊ တနင်္ဂနွေ ဂြိုဟ်မင်း မ စေဗျား"

ဆရာဆောင်က သည်နယ်တကြောမှာ ဓာတ်ဆရာအဖြစ် ကျော်စောသည်။ ကြည်တော်ကုန်းရွာက ဆရာကြည်ကတော့ ဆေးဖော်၍ကုသော ဆေးဆရာဖြစ်၏။ ဆရာဆောင် ပြန်ကြွ သွားချိန်မှာတော့ မအိမ်ကံ သတိကောင်းစွာ ရနေပြီ။ အမေပန်းရုံက ဆရာဆောင်ကို ကွင်းပုဆိုးတစ်ထည် ကန်တော့သည်။ ငွေအစိတ် ကန်တော့လိုက်သည်။ မအိမ်ကံကတော့ ပက်လက် ကလေးလှဲနေရာက မျက်ရည်တွေ ခေါင်းအုံးပေါ် စီးကျအောင် ငိုလျက်ရှိ၏။ အသံတော့ မထွက်ရှာပါ။ မအိမ်ကံ စိတ်ချ လက်ချကြီး ရှိပါပြီဆိုမှ အမေပန်းရုံနှင့် မလှအုံတို့ အသာ ထွက်လာခဲ့ကြသည်။ မအိမ်ကံ ခံစားမှုရှိသလောက် ခံစား လိုက်ရလျှင်တော့ စိတ်ကလေး ပေါ့တန်ကောင်းရဲ့ထင်ကာ မနီး မဝေးမှာ သွားနေကြခြင်းဖြစ်ပါ၏။

ကျေးဥကိုတော့ မအိမ်ကံ အနားမှာပဲ နေစေသည်။ မအိမ်ကံငိုတော့ ကျေးဥလည်း ငိုချင်သည်။ သည်ပြဿနာတွေက သူ သယ်လာတာ မဟုတ်လား။ သာအောင်က တွေ့ချင်သည်ဆိုသည့် စကားကို ကျေးဥပဲသယ်လာခဲ့သည်။ မအိမ်ကံက တွေ့ဖြစ်အောင် တွေ့မည်ဆိုတော့လည်း ကျေးဥ တားခဲ့ပါသေးသည်။ ဒါပေသိ မအိမ်ကံကို ကျေးဥလွန်ဆန် ၀ံ့တာမဟုတ်။ သူရင်းတိုင်နှင့် သူရင်းငှားလို ဘ၀မှာ မအိမ်ကံ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ပေးဖို့က လွဲလျှင် အခြားမရှိ။ သည်လိုနှင့် စိုက်ခင်းတွေထဲက တဲဟောင်း တစ်လုံးမှာတွေ့ဖြစ်ခဲ့ ကြတာကိုလည်း ကျေးဥသတိရမိပါ၏။ မအိမ်ကံနှင့် သာအောင် ဘာတွေပြောကြလို့၊ ဘာတွေပေးကြတာတော့ ကျေးဥအကုန် အစဉ် မသိရိုးအမှန်။ အခု ရွာထဲမှာ သတင်းတွေ ပြေးနေသလို မအိမ်ကံနှင့် သာအောင်တို့ တကယ်ကော ချစ်သူ တွေဖြစ်နေကြ ရော့လား။ ဒါတော့လည်း ကျေးဥလက်မခံချင်။ မအိမ်ကံ၏ စိတ်နေစိတ်ထားနှင့် အနေအထိုင်ကို သူသိနေတာ ပဲမဟုတ်လား။ ဒါဖြင့်ရင် မအိမ်ကံ လက်ကိုင်ပ၀ါကလေး တစ်ထည် သာအောင့်သေတ္တာထဲ ဘယ်လိုလုပ်ေ ရာက်နေရတာပါလိမ့်။ ဒါတော့ ကျေးဥ ဥာဏ်မမီ။

မအိမ်ကံမှာ မြို့က၀ယ်ထားသော ပိုးချည်လုံးကလေး တွေ ရောင်စုံရှိသည်။ တစ်ကွင်းကျဉ်း၊ တစ်ကွင်းကျယ် ခွင်ကျစွပ်နိုင်သော ကြိမ်ကွင်းလို ကွင်းကလေးလည်း ရှိသည်။ ကွင်းကျဉ်းပေါ်မှာ ပိတ်စကလေးအုပ်၊ ကွင်းကျယ်ဖြင့် စွပ်လိုက်သည့်အခါ ပိတ်စက အ၀ိုင်းလိုက် တင်းသွားသည်။ သည်အပေါ်မှ ခဲနီပြာဖြင့် နာမည်ကလေးတွေ၊ ပန်းပွင့်ကလေး တွေ၊ လိပ်ပြာကလေးတွေ အရာပေးသည်။ သည်အရာပေါ်မှာ စိတ်ကြိုက်ပိုးချည် ရောင်စုံကလေးများဖြင့် ကင်းခြေလိုက်သလို စာဖော်သည်။ အရုပ်ဖော်သည်။ မအိမ်ကံ၏ ခေါင်းအုံးစွပ် ဖွေးဖွေးမှာ ပိုးချည်ဖြင့် ထိုးထားသော မအိမ်ကံဆိုသည့် စာလုံး ကလေးတွေ ထိုးထားတတ်သည်။ အောက်တစ်တန်းမှာတော့ သစ်ခက်သစ်နွယ်ကလေးတွေ၊ နှင်းဆီပွင့်လို ပန်းပွင့်ကလေး တွေပင် ပါသေးသည်။ မအိမ်ကံသုံးသော လက်ကိုင်ပ၀ါ ဖြူဖြူကလေး တွေမှာလည်း သည်လိုပင် စာလုံးကလေးတွေ ပါနေကျပင်။ အထူးသဖြင့် လက်ကိုင်ပ၀ါထောင့်စွန်းကလေး တွေမှာ ထိုးတတ်ပါ၏။

အခုတော့ မအိမ်ကံတစ်ဦးတည်းသာ ကိုင်တတ်သော နာမည်ထိုး လက်ကိုင်ပ၀ါတစ်ထည် သာအောင့်ဆီမှာရှိနေခြင်း သည် လူအများဝေခွဲမရသည့် ပြဿနာ ဖြစ်နေသည်။

"ကျေးဥရယ်ငါတစ်ခါတည်း သေသွားရင်ကောင်းသား"

ကျေးဥတွေးနေတုန်းမှာ မအိမ်ကံဆီက ထွက်လာသော အသံဖြစ်ပါ၏။ ကျေးဥ ၀မ်းသာသွားသည်။ မအိမ်ကံ စကား တွေပြောပြီ။ ခပ်လှမ်းလှမ်းက အကဲခတ်နေကြသော အမေ ပန်းရုံနှင့် မလှအုံတို့ကလည်း မအိမ်ကံကို လှမ်းကြည့်ကြကာ ၀မ်းသာနေကြသည်။

"သမီးမအိမ်ကံ နေကောင်းရဲ့လား။ စကားတွေ မပြောပါ နဲ့ဦးသမီးရယ်။ နေကောင်းထိုင်သာရှိတော့ ပြောတာပေါ့"

အမေပန်းရုံနှင့် မလှအုံတို့ အနား ရောက်လာကြသည်။ မအိမ်ကံ နဖူးလေးကို စမ်းကြည့်ကြသည်။ ဆေးငွေ့ကြောင့် နွေးတေးတေး ခံစားရသည်။ မအိမ်ကံဆီက စကားသံတိတ် သွားပြန်၏။ ကျေးဥကို စကားပြောပြီး မအေကို စကားမပြော တော့လည်း အမေပန်းရုံ စိတ်မောရပြန်ပါ၏။ သမီးဖြစ်သူကများ နာကြည်းသွားလေပြီလား။ သမီးဖြစ်သူခမျာ ဟုတ်သော် ရှိ၊ မဟုတ်သော်ရှိ ရွာကာလသားတစ်ယောက်နှင့် အစွပ်စွဲခံ ခဲ့ရသည်။ ဖက်စိမ်း ကွမ်းတောင်ကိုင်ဖြစ်စရာ အကြောင်းမရှိ တော့တာကို သိသားခဲ့ပြီ။

နှစ်ခုစလုံးပင် မအိမ်ကံအတွက် ကြီးမားသော ထိခိုက်မှု ဖြစ်ခဲ့ရသည်။ သာအောင်နှင့် ကိစ္စကိုတော့ အမေပန်းရုံ အပ်ကျမပ်ကျ မပြောနိုင်။ ပီလောပင် ပက်ကျိတက်၊ ချော်ချင် လည်းချော်မည်။ ရောက်ချင်လည်း ရောက်မည်။ ခေတ်အခါ က မိန်းမချင်းပေါင်တင်၊ လုလင်ချင်း ပန်းတောင်းသည့် ခေတ်မဟုတ်လား။ ကိုယ့်သမီးလေး တော်လှ တော်လှ ယောက်မမြင်းစီးထွက်နေတာ မသိလိုက်ရတာတွေလည်း ရှိတတ်လေတော့ မိုးလင့်၍ ပျိုးရင့်ရတာမျိုး ရှိတတ်ပါ၏။ ဖနောင့်ချော်လေသမျှ တင်ပါးဒဏ်ခံဆိုသလို မိဘဆိုတာက လည်း သားသမီးမကောင်း သမျှ ရင်စည်းခံကြရစမြဲပင်။ သို့သော် သမီးဖြစ်သူကို အမေပန်းရုံ ယုံကြည်ပါ၏။ သည်သမီးကလေးနှင့် သည် မိဘ တစ်ရေအိုးတည်း တစ် မှုတ်တည်း သောက်ခဲ့ကြသူ တွေ။ ပြီးတော့ အချို့မိန်းကလေးတွေလို ဆန်ကော မမည် ဆန်ခါမမည်မဟုတ်။ တင်းပြည့်၊ တောင်းပြည့်၊ ပဲပြည့်၊ ဆီပြည့် နေနိုင်သည့် မိန်းကလေး။ ၀ိုင်းတိုက်ထဲက ထွက်လေ့သူ မဟုတ်တာလည်း မိခင်တစ်ယောက် အနေဖြင့် သိထားပါ၏။ သည်လိုဆိုတော့ မောင်သာအောင့် ကိစ္စက တစ်စုံတစ်ရာ လွဲချော်မှုသာ ဖြစ်လိမ့်မည်။

ဖက်စိမ်းကွမ်းတောင်ကိုင်ဘ၀ မရနိုင်သည့် အခြေအနေ ကတော့ သမီးကလေးမွေးပါပြီ ဆိုကတည်းက မဖြစ်နိုင်မှန်း သိခဲ့သူ တစ်ယောက်အနေဖြင့် သည်ကိစ္စ သည်လိုပဲ ပြီးသွား လိမ့်မည်ထင်ခဲ့သည်။ သူကြီးသမီးမို့ တင့်တောင့်တင့်တယ် ဘ၀မှာ နေရမှတော့ ဖက်စိမ်း ကွမ်းတောင်ကိုင် ဘ၀ကို တပ်မက် စရာအကြောင်းမမြင်။ ဒါပေသိ သမီးကထင်သလို ဖြစ်မလာ။ စာဥမို့ ဒေါင်းအုပ်ရတာ ကိစ္စမရှိသော်လည်း ဒေါင်းဥကို စာအုပ်ရတာမျိုး ဖြစ်လာတော့ မိခင်ပီပီ ပူရပြီ။ မနိုင်ရင် ကန်တွေ ဖြစ်လာမှာစိုးခဲ့သည်။ စိုးသော်လည်း ဖြစ်လာခဲ့ပါ ပကော။

သမီးကိုကြည့်ပြီး အမေပန်းရုံ ရင်နာမိပါ၏။ မျက်လုံးတွေ စုံမှိတ်ထားသော်လည်း ခံစားရသည့် ဝေဒနာက ကြီးလွန်းလှပုံရသည်။ မလှအုံခမျာလည်း မအိမ်ကံဘေးမှာ ကျောပေးထိုင်ရင်း မျက်ရည်တွေတွေကျနေရှာပါ၏။ ကျေးဥ ကတော့ကော။ ကျေးဥကလည်း ငိုပါသည်။

မအိမ်ကံအပါးက အမေပန်းရုံထလာခဲ့သည်။ မလှအုံ ကလည်း တော်ရာထသွားခဲ့သည်။ ကျေးဥကတော့ မအိမ်ကံ ကို ဆေးလူးပေးရဦးမည်။ မအိမ်ကံကို တစ်ညလုံးစောင့်ပေး ရဦးမည်။

"ကျေးဥ အမေပန်းရုံ စိတ်ဆင်းရဲနေသလားအေ။ အကုသိုလ်က မအိမ်ကံမှလာပြီး ထမ်းပိုးတိုးနေသာကို စိတ်မကောင်း သာပါ။ သာအောင့် ကိစ္စမှာလည်း ငါ့အပြစ် မပါပါဘူး။ ဖက်စိမ်း ကွမ်းတောင်ကိုင်ခွင့် မရှိဘူး ဆိုတာလည်း ငါ့အပြစ် မပါပါဘူးအေ။ သည်ကနေ့အထိ မအိမ်ကံစိတ်နဲ့တောင် အကုသိုလ် မမွေးမိပါဘူး"

ကျေးဥက မအိမ်ကံ မျက်နှာကလေးကို ငေးကြည့်နေခဲ့ မိသည်။ မအိမ်ကံပြောတာ အမှန်ပင်။ မအိမ်ကံ စိတ်ကောင်း နှလုံးကောင်း ရှိသည်။ သွက်လက် ဖျတ်လတ်သည်။ တောသူ ချင်းဆိုဦးတော့ မအိမ်ကံက ဒင်ကမော် ခေါင်က ချိုးပေလိမ့် ဆိုသူဖြစ်သည်။ သာအောင့်ကိစ္စမှာ သူ့အပြစ်မရှိပါ ဆိုတာကို ဖွင့်ပြောလာတော့လည်း ကျေးဥယုံပါ၏။ မအိမ်ကံက ဆိုခဲစေ မြဲစေမဟုတ်လား။

ထိုညက ဦးသာထန် အိမ်အပြန် နောက်ကျသည်။ ဦးသာထန်အိမ်ကို ရောက်လာတော့ မအိမ်ကံ သူ့အခန်းရှိရာ အပေါ်ထပ်ကို ရောက်နေခဲ့ပြီ။ ကျေးဥက တံခါးကို ချက်ကျ အောင် ပိတ်သည်။ ဖိုးကူးနှင့် ဖိုးတုတ်ပါ အပေါ်မတက်စေ ရဘဲ မအိမ်ကံကို ဆေးလိမ်းဖို့ ပြင်သည်။ မအိမ်ကံက ကျေးဥ ကိုပင်ရှက်နေသဖြင့် တောင်းတောင်းပန်ပန် လိမ်းပေးရပါ၏။ သည်တစ်ခါတော့ ကျေးဥက သူ့ရင်ထဲရှိသည့် စကားကို ပြောရှာသည်။

"မအိမ်ကံရယ် ငါစိတ်မကောင်းသာက သာအောင့်ကိစ္စ ပါအေ။ သာအောင့်ကိစ္စက ငါသယ်လာသဲ့ ဇာတ်ထုပ် မဟုတ် လား။ ပြုမိလေခြင်းရယ်လို့ ငါ့မှာ စိတ်ရောက်တိုင်း စိတ်မချမ်း သာဘူး။ ရွာကသာသိရင် ငါ့ကို အပြစ်တင်ကြမှာ။ မအိမ်ကံ ခမျာ စုန်းကို သားကင်ခိုင်းသယ်ရယ်လို့လေ"

"ကျေးဥရယ် ညည်းနဲ့ မဆိုင်ပါဘူးအေ။ မအိမ်ကံက အစ်ကိုမောင်မြတ်သာကို ရွှေလှူချင်သယ်။ အစ်ကိုမောင်မြတ် သာကလည်း စာနဲ့မှာတော့ စာနဲ့လက်ကောက်တွေကို မအိမ်ကံ ရဲ့ လက်ကိုင်ပ၀ါနဲ့ထုပ်ပြီး အိတ်ရှုံ့ထဲ ထည့်ပေးလိုက်ရုံပါ။ သာအောင်က အစ်ကို့ကို ရွှေတွေတော့ ပေးလိုက်ပါရဲ့၊ လက်ကိုင်ပ၀ါကို ယူထားလိုက်သာနေမှာ။ သည်တစ်ချက်ပဲရှိသယ်။ ဒါပေမယ့် ငါ့မှာညည်းကိုပဲ ရှင်းပြနိုင်သာမျိုး မဟုတ်လား။ ညည်းဝမ်းထဲသာ ထားပါတော့အေ"

သည်တစ်ခါ သွေးဆူသွားသူက ကျေးဥ ဖြစ်သည်။ သည်လောက်တောင် ယုတ်မာရသလား သာအောင်ရယ်လို့လည်း တွေးမိသည်။ မအိမ်ကံကို သူ့သားနှင့် စွပ်စွဲသူ ကလည်း ကြီးတော်စံရွှေ။ ဖက်စိမ်းကွမ်းတောင် မကိုင်ရသည့် မိန်းကလေးအဖြစ် ပထမဆုံး ဖွင့်ပြောခဲ့သူကလည်း ကြီးတော် စံရွှေ။ မအိမ်ကံဆီက စကားသံ ထွက်လာပြန်၏။

"ကျေးဥ အလှူရက်က ဖိန်းနွှဲခါနော်"

"ဟုတ်သယ်။ သန်ဘက်ခါအလှူဝင်၊ ဖိန်းနွှဲခါ အလှူ ကြီးလှည့်"

"ဖက်စိမ်းကွမ်းတောင်ကိုင် ဘယ်သူတဲ့တုံး၊ ကျေးဥ"

ကျေးဥ ငြိမ်သွားခဲ့သည်။ ခုမှတော့လည်း ကျေးဥ မပြော လို့မဖြစ်တော့။ သို့သော် မပြောရက်သလို နှုတ်တွေ ဆွံ့နေ ခဲ့ပြန်သည်။ မအိမ်ကံရယ် မအိမ်ကံသာ ဖက်စိမ်းကွမ်း တောင်ကိုင် ဖြစ်လိုက်ပါတော့လား။ လှလိုက်မယ့်ဖြစ်ခြင်း။ ကျက် သရေ ရှိလိုက်မယ့်ဖြစ်ခြင်း။ မအိမ်ကံနှင့် လိုက်ဖက်တဲ့ ဒေါင်းစိမ်းထဘီ၊ ဒေါင်းစိမ်း လက်ရှည်ရင်ဖုံးကလေးနဲ့ ဆိုရင် ဘယ်လောက်များ လှလိုက်မလဲမအိမ်ကံရယ်...။

"ကျေးဥ မေးနေတယ်လေ။ ဖက်စိမ်းကွမ်းတောင် ဘယ်သူကိုင်ရသာတုံးလို့"

"ရွှေမှုံ"

"ဘယ်သူရယ် ကျေးဥ"

"ရွှေမှုံ"

"ရွှေမှုံက မိစုံဖစုံ ငယ်လင်ငယ်မယားက မွေးသာပေါ့ လေ။ သည်တော့ဖြစ်ကရောပေါ့ ဟုတ်လားကျေးဥ။ ငယ်လင် ငယ်မယား မဟုတ်တော့ကော ဇနီးခင်ပွန်း မဟုတ်ရတော့ဘူး တဲ့လား။ ဥုံမပါတဲ့ ဂါထာက မစွမ်းရတော့ဘူးတဲ့လား။ ချိုကုပ်သာနဲ့ပဲ နပျင်း(နွားပျင်း)ဖြစ်ရရောလား။ မမစိမ်းမြ တုန်းကလည်း သည်လိုပဲ။ အလှူရက် လူသေလို့ ရက်ရွှေ့ ရသာနဲ့ လာဘ်ဦးလွဲရသတဲ့ ကျေးဥရယ်။ ဒါတွေ ဘယ်သူ ကများ လုပ်ခဲ့သာလဲအေရယ်"

မအိမ်ကံ၏အသံက တုန်လှိုက်နေသော အသံဖြစ်သည်။

"မသိပေါင်တော်။ ငါလည်း အဲသဟာ တွေးနေသာပါ"

ကျေးဥက မအိမ်ကံကို အ၀တ်အစားတွေ ကူဝတ်ပေးသည်။ နွေးနွေးထွေးထွေး ဖြစ်အောင် ပင်နီထည်ချည်ပွ လက်စကနှင့် ရက်ကန်းကျ ထဘီကလေးဝတ်စေသည်။ ဆေးအရှိန်ကြောင့် ထင်ပါ၏။ မအိမ်ကံ ငြိမ်ကျသွားသည်။ အိပ်ပျော်တာတော့ ဟုတ်ချင်မှ ဟုတ်မည်။ မှိန်းနေတာလည်း ဖြစ်နိုင်သည်။ ၀မ်းနည်းနေတာလည်း ဖြစ်နိုင်သည်။ တဘက်စောင် ပါးပါးကလေး လွှားပေးခဲ့ကာ ကျေးဥအသာ ဆင်းလာခဲ့သည်။
သည်အချိန်မှာပင် ငှက်ကြီးတစ်ကောင်က ဖွင့်ထားသော ပြတင်းပေါင်ပေါ်မှာ လာနားခဲ့သည်။ ငှက်ကြီးက မျက်လုံး တွေမှိတ်ထားသော မအိမ်ကံကို စိုက်ကြည့်နေခဲ့ပါ၏။ ပြီးမှ အသံမပြုဘဲ ထပျံသွားခဲ့သည်။ ငှက်ကြီးထပျံပြီး တစ်ဒင်္ဂ မှာပဲ မအိမ်ကံ မျက်လုံးတွေ ပြန်ပွင့်လာခဲ့ပါ၏။ ကျေးဥက သူအိပ်ပျော်သွားသည် အထင်ဖြင့် ထသွားခြင်းဖြစ်မည်။ တကယ်တော့ မအိမ်ကံ အိပ်မပျော်ပါ။ ထိုညကစ၍ မအိမ်ကံ တစ်သက်လုံး အိပ်ပျော်နိုင်စရာ မရှိတော့ဟုပင် ထင်သည်။ နေ၀င်ရီတရော တစ္ဆေခြောက်သကဲ့သို့ ခြောက်လှန်နေသည့် အဖြစ်ကို မေ့မပစ်နိုင်ပါ။
မအိမ်ကံမြင်နေရသော ပြတင်းကွက်ကွက်ကလေးမှာ တော့ အမှောင်သည် ကျိုင်းအုပ်ကြီးကျသလို ကျလာခဲ့လေ သည်။

"ငါ့တို့မိဘများ မတိုင်ခင်ဘိုးကြီးဘွားကြီးများ၊ ဘေးကြီး ဘေးမကြီးများ မတိုင်ခင်ကတည်းကရှိခဲ့သယ့် စည်းကမ်း ပြောပါတော့ မအိမ်ကံရယ်။ တစ်နယ်နဲ့ တစ်နယ် တူချင်မှ လည်းတူမယ်။ တူချင်လည်း တူမှာပေါ့။ ဖက်စိမ်းကွမ်း တောင်ဆိုသာက သည်အလှူပွဲကြီးအတွက် မင်္ဂလာယူပြီး ထိုးရ သယ့်ကွမ်းတောင်။ သစ်သားကို ခုတ်ပြီးလုပ်ထားသယ့် ရွှေကွမ်းတောင်၊ ငွေကွမ်းတောင်များကတော့ အပျိုမှန်ရင် သင့်တင့်သလို ခေါင်းခေါက်ရွေးနိုင်ပေသိ ဖက်စိမ်းကွမ်း တောင်ကတော့ ငါတို့ရွာများမယ် အပျိုဖြစ်ရုံနဲ့ ချောလို့လှလို့ ဆိုသာနဲ့ မဖြစ်ဘူး။ ဒါဖြင့် ဘယ်လိုအပျိုမှ ကိုင်ရမယ်ရယ်လို့ စည်းကမ်းချက် ချထားသာလည်း မရှိဘူး။ သို့ပေသိ အဓိက ကျသဲ့ အချက်ကလေးတွေတော့ ရှိသယ်။ အရေးကြီးသယ်ပေါ့ အေ"

မအိမ်ကံ နေကောင်းလာသည့် မနက်က အိမ်လုပ် ဆန်ပြားသုပ်ကလေး တက်ကျွေးရင်း မလှအုံကပြောပြနေခြင်း ဖြစ်သည်။ မအိမ်ကံက မနက်စောစောကြီး နိုးနေခဲ့သည်။ ကျေးဥကတော့ သူ့ထက်ပင် စေစောနိုးကာ အောက်ထပ်ထမင်း အိုးချောင်၊ ဟင်းအိုးချောင် ၀င်နှင့်ရပြီ။ မအိမ်ကံက အိမ်ပေါ်မှာပဲ ၀ရန်တာဘက်ထွက်ပြီး မျက်နှာသစ်သည်။ ဆန်ပြား ကတ်ကြေးကိုက် အငွေ့တစ်ထောင်းထောင်းက မြေပဲမှုန့်၊ ဆီချက်နှင့် ကြက်သားဖတ်ကလေးတွေ ရောနယ်ထားသော မနက်ခင်းစာဖြစ်ပါ၏။ မအိမ်ကံစားနေတာကို ကြည့်ရင်း မအိမ်ကံအမေးကို ဖြေနေရခြင်းဖြစ်ပါ၏။

"သည်လိုအေ သည်အပျိုမှာ မိစုံဖစုံ သက်ရှိထင်ရှားရှိရဲ့ လား။ ရှိရင် ငယ်လင်ငယ်မယား ဟုတ်ရဲ့လားဆိုသာ ကြည့်သယ်။ နောက်တစ်ချက်က ရုပ်ရည်။ သနရုပ္ပရှိရင်ဖြစ်သယ်။ စက်နေအောင်လှမှ ရွာမှာ အချောဆုံး၊ အလှဆုံးဆို ကွမ်းတောင်ကိုင် ဖြစ်သယ်လို့ လူတွေထင်နေကြသာ။ မလိုပါဘူး။ ရုပ်ရည်ပြေပြစ်သယ်၊ ကြည့်ပျော်ရှုပျော်လောက် ချောသယ် ဆိုရင်လည်း ဖြစ်သာပဲ။ နောက် ဖက်စိမ်းကွမ်းတောင် ကိုင်ရ မယ့် မိန်းကလေးရဲ့ မိဘများက ရေမျောကမ်းတင်၊ တုံးမှီတိုင်ကပ်ဆိုလည်း မဖြစ်ဘူး။ ဥစ္စာပစ္စည်း အသင့်အတင့် ရှိရသယ်။ စားနိုင်သောက်နိုင် ရှိရသယ်။ ကုန်းကောက်စရာမရှိသဲ့ သူရင်းငှားသမီးက ထမဖြစ်ဘူး။ အချမ်းသာကြီး မဟုတ် သော်မှ ကျီနဲ့ပုတ်နဲ့၊ လှည်းနဲ့နွားနဲ့တော့ ရှိရမှာပေါ့"

"ပြောပါဦး မလှအုံ"

"တစ်ချက်က ဆွေဂုဏ်မျိုးဂုဏ်ရှိရသယ်။ ဆွေဂုဏ် မျိုးဂုဏ်ဆိုသာ ဆွေမျိုးပေါများသာ ဆိုတာထက် ဆင်းရဲဆင်းရဲ၊ ချမ်းသာချမ်းသာ ရိုးရိုးသားသား လုပ်ကိုင် စားသောက်ကြသဲ့၊ လူရိုသေ၊ ရှင်ရိုသေ ဆွေမျိုးကလည်း ရှိပါဦးမှ။ ဦးလေးက ဖဲသမား၊ အဒေါ်က ပခြုပ်သယ် ဆိုသလိုမျိုးတော့ ဝေလာ ဝေးပေါ့"

"ပခြုပ်သည်ဆိုတာ ဘာလဲ မလှအုံရဲ့"

"သြော် ပခြုပ်ဆိုသာ ဟိုဒင်းအေ။ ပခြုပ်တို့၊ ဖာတို့၊ ပလုံးတို့လေ"

"သြော် သြော် သိပြီ ဆက်ပြော"

"အဲသာပေါ့။ အမျိုးထဲ ပဆစ်ကိုင်၊ ဖဲကိုင်၊ ကက်ကိုင် တွေနဲ့ချည်းဆိုတော့လည်း မကောင်းဘူးပေါ့အေ။ အမျိုးထဲ ပခြုပ်သည်လည်းပါရဲ့။ မိန်းမရွှင်လည်းပါရဲ့။ မိန်းမပေါ့ လည်းပါရဲ့ဆိုလို့လည်းမဖြစ်ဘူး။ သဘောကအေ မိန်းကလေးက ဘယ်မျိုး ဘယ်ဆွေထဲကတုံး၊ ဘယ်ပင်စည်က ထွက်သဲ့ အကိုင်းအခက်တုံးဆိုသာများ အင်မတန် ကြည့်ကြသာ။ ဒါကြောင့် တောသူတောင်သားများ မဟုတ်သာ မလုပ်ဝံ့ကြ ဘူး။ ယောက်ျားသားများက ဆိုးဝံ့ဦးတော့ မိန်းမသားတွေက အမြှောင်ကပ်ပါး မလုပ်ဝံ့ကြဘူး။ ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ မရှိဝံ့ကြဘူး။ အမျိုးထဲမှာ ဈေးသည်မ ခံတောင်းလို စုံစီနဖာ ရှိကြသာပေမယ့် မသန့်မရှင်းမရှိရဘူးပေါ့အေ"

မအိမ်ကံက ရွာထဲ ရပ်ထဲ၊ ဆွေထဲ၊ မျိုးထဲ သည်လို ကြီးခဲ့ရသာပေမယ့် မလှအုံရှင်းပြတော့မှ သူတို့ကြီးပြင်းရသည့် ဘ၀တွေမှာ အဓိပ္ပာယ်တွေရှိကြောင်း သိခဲ့ရသည်။ အထူးသဖြင့် ကိုယ်ကျင့်တရားကို အသက်လိုစောင့်ထိန်းကြသည်။ ကွမ်းတောင်ကိုင်ရမည့် မိန်းကလေးမှ မဟုတ်၊ ဘယ်မိန်းကလေးမဆို ကိုယ်ကျင့်တရား ကောင်းကြရသည်။ ကောင်းလည်းကောင်းကြသည်။ လူဆင်းရဲသော်လည်း အကျင့် စာဂမဆင်းရဲကြတာ မအိမ်ကံနားလည်ပါ၏။

"အကျင့်စာရိတ္တကောင်းရသယ် ဆိုသဲ့အချက်ကတော့ အရေးအကြီးဆုံး ပေါ့အေ။ အိမ်ထောင်ရက်သား ပြုမယ်ဆိုရင် တောင် ယောက်ျားကလေး မိဘများက ရိုသေသယ်။ အဆင်း ရုပ်ရည်မရှိဦးတော့ အချင်းစာဂ ကောင်းရင် တန်ဖိုးထားကြ သာပေါ့။ ဖက်စိမ်း ကွမ်းတောင်ကိုင်မယ့် မိန်းကလေးက ရည်းစားမရှိရဘူး။ ရည်းစားတော့ မရှိပါဘူး၊ လူကနန့်တန့်တန့် ဆိုလို့လည်း မဖြစ်ဘူး"

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ