မအိမ်ကံ(September) 2008
မအိမ်ကံက ဘယ်လိုမှ မျှော်လင့်ထားသူမဟုတ်။ မအိမ်ကံမှ မဟုတ်ပါ။ လှည်းသုံးစီးစလုံးက လူတွေအားလုံး ထင်မှတ်မထားသူက မြင်းကြီးတစ်စီးနှင့် ရေးကြီးသုတ်ပြာ လိုက်လာတာကို အံ့သြနေခဲ့ကြသည်။ မအိမ်ကံဆိုလျှင် ပါးစပ်ကို လက်ကလေးဖြင့်ပိတ်ကာ "အို" လို့ပင် အော်မိရသည်အထိ ထိတ်ပျာခဲ့ရသည်။ နောက်လှည်းက လူတွေကတော့ စစ်ပုလိပ်တွေပြန်တော့ တစ်ကိုယ်တော် ဓားပြများလား တွေးကြရာက လှည်းတွေကို တောင့်ထားရင်း သတိကြီးစွာ ထားလိုက်ကြရသည်။ တစ်ယောက်တည်းဆိုတော့ ကြောက်ကြပုံတော့မပေါ်။ အံ့သြသွားသလား မအိမ်ကံရဲ့။ ပုလိပ်တွေ အကဲမလှတာနဲ့ မြင်းတစ်စီးငှားပြီး အတွင်းလမ်းက ပုန်းလိုက်လာတာ။ ကူညီစရာရှိတာ ကူညီရအောင်ပါ မအိမ်ကံက ကိုပြေသိမ်းကို ငေးကြည့်နေရှာသည်။ လက်တစ်ဖက်က ဖုန်တွေပေနေသည့် ပ၀ါစကိုခါလျက်၊ လက်တစ်ဖက်က မြင်းဇက်ကြိုးကို ပူးကိုင်ထားရင်း မအိမ်ကံတို့ စီးလာသည့် လှည်းဘေးမှာ မြင်းပေါ်က မဆင်းဘဲ ပြောနေခြင်း ဖြစ်ပါသည်။ မြင်းကမငြိမ်တော့ မြင်းလှည့်ရာလူပါ လှည့်နေရသည်။ မျက်နှာချင်းဆိုင်မိလိုက်၊ ဘေးတိုက်ဖြစ်လိုက်။ ခမျာ စိတ်မချလွန်းလို့ လိုက်လာရှာပါပကော။ မအိမ်ကံ ကျေးဇူးတင်မိပါ၏။ ရင်တွေလည်း ရှိန်းရှိန်းထအောင် ခုန်ရပါ၏။ မအိမ်ကံက လှည်းရံတိုင်ကို ကိုင်ထားရင်း စကား ဘယ်လိုစရမှန်း မသိအောင် ဖြစ်နေခဲ့သည်။ တော်ပါသေးရဲ့ ကျေးဥက စကားဝင်ပြောလို့သာပေါ့။
"ဆရာလေး ကိုပြေသိမ်းမြင်ရမှပဲ အလုံးကျတော့ သယ်တော်။ လိပ်ပြာတောင် လွင့်သွားရောလား အောက်မေ့သာ။ မြို့တစ်ခေါက် လိုက်လာရသာ ရင်တွေတုန် လိုက်ရသာ ဆရာလေးရယ်"
ကျေးဥစကားကြောင့် ကိုပြေသိမ်းက ရယ်သည်။ မအိမ်ကံက အလိုက်သင့် ပြုံးပြရင်း နှုတ်ဆွံ့နေမိ၏။ စစ်ပုလိပ်တွေကို ငေါက်ငေါက်ငမ်းငမ်း တစ်ခွန်းမခံ ဆိုးဆိုး ဆတ်ဆတ်ပြန်ပက်ခဲ့သော မအိမ်ကံက မြင်းတစ်စီးနှင့် ကိုလူချောကျမှ ရင်တွေဖိုနေမိပါလား။
"ကျေးဇူးတင်လိုက်သာ ဆရာလေးရယ်။ မအိမ်ကံဖြင့် ထင်ကိုမထင်သာ။ အဝေးကြီး လိုက်လာသာ အားများနာပါရဲ့"
"အားမနာရပါဘူး။ ဘယ့်နှယ့်လဲ၊ ပုလိပ်တွေ တားသေးသလား"
"တားပြီကော ဆရာလေးရဲ့"
"နေဦး နေဦး။ ဆရာလေး မခေါ်နဲ့ မအိမ်ကံ။ ကိုပြေသိမ်း ပဲ ခေါ်ပါ။ ရင်းရင်းနှီးနှီးပေါ့။ ဒါထက်ပြောပါဦး စောစောကစကား"
မအိမ်ကံက အသေးစိတ် ပြောပြလိုက်သည်။ မအိမ်ကံက ပုလိပ်တွေကို ပြန်အော်ခဲ့တာလည်း ပါ၏။ ကိုပြေသိမ်းတို့ သတိဝီရိယနှင့် နေကြဖို့လည်းပါ၏။ သည်လိုလိုက်လာပြီး စောင့်ရှောက်တာကို ကျေးဇူးတင်သော်လည်း မြင်းခြံအပြန်ခရီး မိုးချုပ်မှာစိုး၍ ပြန်စေချင် ကြောင်းလည်း ပါ၏။
"ဆရာလေးရယ်... အဲ ကိုပြေသိမ်းရယ်။ မိုးကြီးတောင် စုတ်စုတ်ချုပ်လှပြီကောရှင်။ ပြန်ပါရော့နှော။ ရွာဘက်ခရီး လှမ်းပေမယ့် စိတ်ချရပါပြီ။ နောက် နှစ်တိုင်လောက် လိုတော့သာပါ။ ပုလိပ်ရန်ကလည်း လွတ်ပေါ့ဟာ"
ကိုပြေသိမ်းက မြင်းပေါ်ကမဆင်းဘဲ ရွာဘက်ကို လှမ်းမျှော်ကြည့်သည်။ ဖုန်နှင့်ရောထွေးနေသော ရွာအုပ်အုပ်ကလေး တွေကို မြင်ရ၏။ ဆိတ်အုပ်၊ သိုးအုပ်တွေ ရွာပြန်ဝင်ကြပြီ ဆိုသော်လည်း ဖုန်ခိုးတွေက လမ်းတစ်လျှောက်လုံး မှုန်မှိုင်းနေသည်။ မြို့သားဖြူချောချောကို ဖုန်ခိုးတွေ မွှန်မှာစိုးတော့ မအိမ်ကံက ပြန်ဖို့ချည်း တိုက်တွန်း နေတော့သည်။
"ပြန်ပါရော့ ကိုပြေသိမ်းရယ်။ ဖုန်တွေနဲ့မို့ပါ။ ကိုပြေ သိမ်းတို့ မြို့သားတွေနဲ့ မဖြစ်ပါဘူးရှင်"
မအိမ်ကံက ရိုးရိုးပြောလိုက်သော်လည်း ကိုပြေသိမ်းက ရယ်သည်။
"ဘယ့်နှယ် ပြန်ဖို့ချည်း ပြောနေတာတုံး မအိမ်ကံရဲ့။ ပို့မယ့်ပို့ ကျောင်းရောက်အောင်ပို့ဆိုတာလို ရွာခြေအထိတော့ လိုက်ခဲ့စမ်းပါရစေဗျာ။ နောက်လာတော့လည်း လမ်းမမှားအောင်ပေါ့"
"လမ်းမမှားပါဘူးရှင်။ သည်တစ်လမ်းရှိသာပါ။ ဇောင်ချမ်းကုန်းက လှည်းဦးတိုက်ပါရှင်"
"မဟုတ်ဘူး။ နောက်ပိုင်း ကျွန်တော်က လှေနဲ့လာရမှာဗျ"
"အလို လှေနဲ့ ဘယ်လိုလုပ် လာလို့ရမှာတုံး"
ကျေးဥတို့ တစ်တွေကပါ ကိုပြေသိမ်းကို တအံ့တသြ လှမ်းကြည့်ကြသည်။ မြစ်မနီး၊ ချောင်းမနီး ဇောင်ချမ်းကုန်း ရွာကလေးကို လှေနဲ့လာမယ်ဆိုပါရော့လား။ မအိမ်ကံလည်း ဇဝေဇ၀ါ။ မျက်လုံးကလေး ၀ိုင်းလည် သွားသည်အထိ အံ့သြသွားပုံရသော မအိမ်ကံ၏ ချစ်စရာမျက်နှာ ကလေးကို ငေးကြည့်ရင်း ကိုပြေသိမ်းက ပြုံးသည်။
"သည်လိုပါ ဇောင်ချမ်းကုန်းကို လာပါများတော့ ချောင်းပေါက်တော့မှာလေ မအိမ်ကံရဲ့။ ချောင်းပေါက်တော့ လှေနဲ့ လာရမှာပေါ့"
ဇောင်ချမ်းကုန်းကို လှေဝင်ချောင်းပေါက်အောင် လာမလို့တဲ့လား ကိုမြို့သားရယ်။ စကားတွေတတ်လှချည့်လား။ မအိမ်ကံတို့ကတော့ အရိုးခံပါတော်။ စကားဆန်းတွေ နားမလည်ရိုးအမှန်ပါ။ ဒါပေမယ့် ကိုပြေသိမ်းရယ် ရှင်ပြောတာ ကျွန်မသိပါ့။ မအိမ်ကံမျက်နှာကလေး မှည့်သွားရာက ခေါင်းကလေး ငုံလိုက်သော်လည်း စိတ်ထဲကတော့ စကားတွေပြော နေမိပါ၏။
"ကိုင်းပါလေ ရွာခြေအထိ ကျွန်တော် လိုက်ပါ့မယ်။ မအိမ်ကံတို့ လိုက်လာခဲ့ကြပါ။ ခေတ်အခါက မကောင်းလို့ပါ။ ယောက်ျားသားများပါပေမယ့် ကျွန်တော်လည်း အခါ သင့်တုန်း စောင့်ရှောက်လိုက်စမ်းပါရစေ"
ကိုပြေသိမ်းက စကားမစောင့်တော့ဘဲ မြင်းကိုလမ်းဘက် လှည့်လိုက်သည်။ ပြီးတော့ မပြောမဆို ထွက်သွားလေသည်။ သည်တော့မှ မအိမ်ကံတို့လှည်းတွေ ကျည်ကနဲ လိုက်ထွက် လာခဲ့ရပါ၏။ အနောက်ဘက် အဝေးရွာတွေအထိ လှမ်းမြင်ရသော မြင်ကွင်းထဲမှာ နေလုံးတော့ ရှိပါသေးသည်။ ကျီးအာသီး မှည့်တစ်လုံးလို ရဲရဲတောက်နေသည့် နေလုံးက မအိမ်ကံ မျက်နှာကလေးကို အရောင်တွေ ဆမ်းပေးထားသလို ဖြစ်နေလို့ လားတော့ မသိပါ။ မျက်နှာကလေးက ခါတိုင်းထက်ပိုပြီး ရဲနေလေတော့ စွန်လည်ပျံ မျက်နှာချေ လိမ်းထားတာနှင့်ပင် တူသည်။ ရှက်သွေးတွေ ဖျန်းနေတာလည်း ဖြစ်နိုင်ပါ၏။
တကယ်တော့ မနေ့ကမှတွေ့၊ သည်ကနေ့မှ ကောင်းကောင်းစကားပြောခဲ့ရသော မြို့သားတစ်ယောက်က ရွာအခြေအထိ လိုက်ပို့ရလောက်အောင် ဘာသဘောများပါလိမ့်လို့လည်း တွေးရပါ၏။ ကျေးဥတို့က ဘယ်လိုများ ထင်ကြလေမလဲ။ ပြီးတော့ အဖေ့လူတွေပါသေးသည်။ အဖေ့ဆီစကား တွေရောက်ဖို့လည်း သေချာသည်။ နောက်တော့လည်း ကိုယ့်စိတ်ကိုယ်ဖြေရပါ၏။ အစ်ကိုမောင်မြတ်သာ၏ မိတ်ဆွေ ဆိုတော့ အစ်ကိုမရှိသခိုက် မိတ်ဆွေကောင်းပီပီ စောင့်ရှောက်လိုသည့် သဘောလည်းဖြစ်နိုင်တာပဲ မဟုတ်လား။
မအိမ်ကံတို့ရွာအရှေ့ရှိ ပါးပျဉ်းကြီးတွေ ခွက်ခွက်ထနေသော ရွာဝင် လက်ပံပင်ကြီးနားရောက်တော့ ကိုပြေသိမ်းက သစ်ပင်အောက်မှာ ရပ်နေသည်။ မြင်းကိုတော့ ခပ်ဝေးဝေးမှာ လှန်ထား၏။ မအိမ်ကံတို့ လှည်းတွေရောက်လာတော့ ခဏ စောင့်ပေးလိုက်ကြရသည်။ မအိမ်ကံက ဧည့်သည်ကို လေးစားသည့်အနေဖြင့် လှည်းပေါ်က ဆင်းလိုက်သည်။ ဖိနပ် ပင်မစီးတော့ဘဲ ကိုပြေသိမ်းရပ်နေသည့် သစ်ပင်အောက်ကို သွားလိုက်သည်။ ဆံပင်ကလေးတွေ ခွေကျနေသော နဖူး ရှင်းရှင်းမှာ ဖုန်တွေပေကျံနေတာ တွေ့ရတော့ အားနာ စိတ်ကလေး ၀င်ရပါ၏။ ကိုပြေသိမ်းကတော့ ပြုံးလျက်။
"ကိုင်း မအိမ်ကံ။ ကျွန်တော် သွားတော့မယ်။ ရွာမ၀င်တော့ပါဘူးဗျာ။ သခင်မြတ်သာ သည်ကြားထဲရောက်လာတော့လည်း ပြောပြလိုက်ပါ့မယ်"
"ကျေးဇူးကြီးပါလေ့ ဆရာလေး အဲ ကိုပြေသိမ်းရယ်။ အဖေတို့၊ အမေတို့ကိုလည်း ပြောပြလိုက်ပါ့မယ်။ သွားရော့နှော"
"ကျွန်တော်က လူတွေလိုက်ပို့တာ မဟုတ်ပါဘူးဗျာ။ သနပ်ခါးတောင်းကလေး လိုက်ပို့တာပါ။ တော်နေ မသူတော် လက်ပါမှာစိုးလို့ပါ"
"မပါစေ့ရပါဘူးရှင်။ လိမ်းတိုင်းလည်း မေတ္တာပို့သယ် မှတ်ပါ"
ကိုပြေသိမ်းက လှန်ထားသော မြင်းကိုသွားဆွဲလာကာ လှစ်ခနဲ တက်လိုက်သည်။ မအိမ်ကံက လှည်းပေါ်မတက်သေးဘဲ မြင်းကြီးစီးလျက် ထွက်သွားသော ကိုပြေသိမ်းကိုသာ လိုက်ကြည့်နေခဲ့သည်။ ကိုပြေသိမ်းက တစ်ချက်လှည့် မကြည့်ဘဲ အလင်းရောင်နည်းနေပြီဖြစ်သည့် ရွာလမ်းကြမ်းအတိုင်း ဒုန်းစိုင်းထွက်သွားတော့သည်။ ခမျာ ဘယ်အချိန်ကျမှ မြင်းခြံကို ရောက်ရှာပါ့မလဲနော်။ မအိမ်ကံ စိတ်တွေ ပူလိုက်ရသာတော်။
"တောက် ချောလိုက်သဲ့လူနှယ်။ တို့ငယ်ငယ်က ဘုန်းကြီးပျံပွဲလာကတဲ့ မင်းသားတက်ခေတ်တင် ဘာသည် လောက်ချောလိမ့်မတုံး"
နောက်လှည်းဆီက အသံကိုကြားမိတော့ မအိမ်ကံပြုံးရ သည်။ မအိမ်ကံ လှည်းပေါ်ရောက်တော့ နေလုံးလည်း ၀င်ခဲ့ လေပြီ။ တက်ခေတ်တင်ထက် ချောလှသူရယ်။
"၀ိမုတ္တိတရား အလုပ်များကြသဖြင့် အမှားပြုတ်၍ အမှန်ကိုမြင်၊ သဏ္ဌာန်အသွင်ဆိုတာ ရာဇဂြိုဟ်မြို့အလားကဲ့သို့၊ စာအဆို ရွာနဂိုလှပေသော၊ စေတနာ့ စေတနာ သဒ္ဓါဖြိုးဝေလျက်၊ ရွာရိုးအခြေ ယာမြေကောင်းတို့နှင့် စေတီ အပေါင်း ပတ်လည်ရံလျက်၊ နတ်ပြည်ဟန်တမျှကဲ့သို့၊ အဆောင်ဆောင် အခန်းမဆုံးပေသော၊ ဇောင်ချမ်းကုန်းမင်္ဂလာ ဂါမ၌ ထာဝရ ပုည ကုသလဓမ္မာဖြင့်၊ ယခုဘ၀အခါ အတုလဘဂ၀ါ စိတ်တူ မှန်းပြီး၊ နိဗ္ဗူလမ်း အတူတကွ မြန်းရအောင်၊ အလှူစခန်း ဖွင့်တော်မူကြသော အလှူ့ဒါယကာ ဦးသောင်းကြည်၊ အလှူ့ ဒါယိကာမ ဒေါ်ထီတို့က..."
ဦးတန်ခူးလမို့ လေရူးကလေးတွေ တောင်ကမြောက်က ဝှေ့နေကြသည်။ သည်နှစ်အလှူတွေ လှူနိုင်ဖို့ အားခဲထားကြသော်လည်း စီးပွားရေးမကောင်းကြသဖြင့် ဘာသံမှမကြားရ။ ဦးသောင်းကြည်တို့၊ ဒေါ်ထီတို့ လှူကြမည်ဆိုသည့် စကားလည်း ကြားခဲ့ရတာမရှိ။ အခုကောက်ကာငင်ကာ ဖိတ်စာ ရောက်လာတော့ မအိမ်ကံ အံ့သြရသည်။ မအိမ်ကံ သိသလောက် ဦးသောင်းကြည်နှင့် ဒေါ်ထီတို့က ရွာတောင်ဖျားမှာ နေကြသူတွေဖြစ်၏။ ဦးသောင်းကြည်က လှည်းတိုက်လိုက် ရရှာသူဖြစ်၏။ တချို့ လှည်းမအား၊ လူမအားရှိလျှင် ဦးသောင်းကြည်ကိုငှားရသည်။ ထန်းလက်တိုက်၊ ပဲမှော်တိုက်၊ ပဲလုံးတိုက်စသည်ဖြင့် ဘောက်အငှားလိုက်သူ ဖြစ်သည်။ သို့သော် သားကြီးကို ရှင်ပြုဖို့တော့ တမြန်နှစ်ဆီကတည်းက အားခဲထားခဲ့ကြပါ၏။ သားလူပျိုက ရှင်မပြုရသေးသော် လည်း ရည်းစားသနာ သတင်းသဲ့သဲ့ကြားနေရပြီ။ တစ်နှစ် သောင်သာနိုး စောင့်ခဲ့ရတာနှင့်ပင် မောင်ရင်လောင်းကအသက် ဆယ့်ငါးနှစ် ကျော်ခဲ့ပြီဆိုတော့ မဖြစ်မနေ လှူရတော့သည်။ အလှူတစ်လှူစာဖြစ်အောင် လှူဖို့ဆိုတာမလွယ်။ အားခဲထားကြ သည့်ကြားက မဖြစ်မည်စိုး၍ ရွာကိုအသံမပစ်ဘဲ ငြိမ်နေခဲ့ ကြသည်။
မအိမ်ကံက အလှူဖိတ်စာကို တအံ့တသြ ကောက်ဖတ် နေမိသည်။ ပြီးတော့ ကျေးဥကို လိုက်ရှာသည်။
"ကျေးဥ"
ကျေးဥက မနက် ပဲဆွမ်းလောင်းရန် ပဲကြီးစေ့တွေ ညှစ်ရင်းခေါင်းကြီးငုံ့ထားသည်။ မအိမ်ကံကတော့ ရွာမှာ အလှူ ရှိလာတာကိုပဲ ၀မ်းသာသည်။ အလှူရှိတော့ ကွမ်းတောင်ကိုင်လိုပြီ။ ဘ၀အဆက်ဆက် ဆုတောင်းခဲ့ရသည်ဟုပင် ပြောရလောက်အောင် ဖက်စိမ်းကွမ်းတောင်ကိုင်ချင်လှသူဆိုတော့ ကနေ့လား၊ မနက်ဖြန်လား ကွမ်းတောင်ကိုင် အမည်စာရင်း ထွက်ရတော့မည်။ မအိမ်ကံစိတ်ထဲ မသိုးမသန့်ဖြစ်နေတာ တော့ ရှိသည်။ အလှူဖိတ်စာပင် အိမ်ရောက်လာပြီ ဆိုတော့ အလှူရက်မဝေးတော့ပြီ။ ဒါနဲ့တောင် ကွမ်းတောင်ကိုင် မည်သူ မည်ဝါ စာရင်းမချတာကတော့ လွန်လွန်းလှသည် ထင်၏။
"ကျေးဥရယ် အလှူဖိတ်စာတောင် ကမ်းပြီပဲဟာ။ ကွမ်းတောင်ကိုင် ဘယ်သူဘယ်ဝါ မသိရသေးဘူးတဲ့လား။ သည် အချိန်မှမရွေး ဘယ်အချိန်ရွေးလိမ့်မတုံး။ နေပါဦး ညည်း ဘာကြားထားသလဲ"
မအိမ်ကံက ကွမ်းတောင်ကိုင် ငါပဲမဟုတ်လားလို့ မမေးချင်တော့ ဝေ့ပြီးမေးသည်။ ကျေးဥကတော့ ခေါင်းကိုမဖော်ဘဲ ပဲစေ့တွေသာ တပြွတ်ပြွတ် ညှစ်နေခဲ့သည်။
ကျေးဥ ဘယ်လိုပြောရမှာလဲ မအိမ်ကံရယ်။ မအိမ်ကံတွေးတာ အမှန်ပါပဲ။ ကွမ်းတောင်ကိုင်ဆိုတာ သည်အချိန်မှာ ဘယ်သူဘယ်ဝါဆိုတာ ရှိနှင့်သိနှင့်ရမှာပေါ့။ ရှိလည်းရှိ၊ သိလည်းသိနေကြပါပြီလေ။
အလှူက ကတိုက်ကရိုက် အလှူဆိုပေသိ အလှူတစ်လှူဖြစ်ဖို့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ကြရသည်။ ရွာဘုန်းကြီးကို လျှောက်ထားရသည်။ ဆွေဆွေမျိုးမျိုးတွေနှင့် ညှိနှိုင်းရသည်။ ရွာကို တိုင်ပင်ကြရသည်။ အကြမ်းအလုပ်၊ အနုအလုပ် ခွဲဝေပိုင်းခြားကြရသည်။ သင်္ကန်းပရိက္ခရာ၊ ရှင်လောင်းဝတ် ရှင်လောင်းစားမြို့တက်ဝယ်ကြ၊ ခြမ်းကြ၊ ငှားကြ၊ ရမ်းကြရသည်။ ဒိုးပတ်ဝိုင်း၊ အိုးစည်ဝိုင်း ဖိတ်ကြား ကြရသည်။ ပရိတ်အိုးရွက်၊ ကန်တော့ပွဲရွက်ကအစ ပရိက္ခရာကိုင်၊ ရွှေကွမ်းတောင်၊ ငွေကွမ်းတောင်ကိုင်တွေ ဖိတ်နှင့်ရသည်။ ရွာကာလသားတွေကို ထင်းခွဲ၊ ရေခပ်၊ ထမင်းတောင်း ထမ်း ဟင်းတောင်းထမ်း အလုပ်ခွဲဝေရသည်။ ရွာနီး၊ ရွာဝေး ဖိတ်ကြားရသည်။ ချက်ရေး၊ ပြုတ်ရေး အိုးသူကြီးတွေကလည်း ကျင်းတူး၊ ရုံကာ ချက်ဖို့၊ ပြုတ်ဖို့စီမံကြရသည်။ ဒါတောင် ကျေးဥကိုယ်တိုင် မသိတာတွေ ရှိသေးသည်။ အခုတော့ မအိမ်ကံက ညည်း ဘာကြားထားသလဲ မေးနေပါ ပကော။
မအိမ်ကံရယ် ငါဘယ်လိုဖြေရပါ့မလဲဟယ်။ ကျေးဥမှာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျမလာအောင်သာ ကြိုးစားနေရပါ၏။ ပဲကြီးစေ့စိုစိုတွေကိုသာ ငုံ့ကြည့်နေမိခဲ့၏။ မအိမ်ကံကို ဘယ်လိုဖြေရပါ့မလဲ။ ကျေးဥ စကားလုံးတွေ ရွေးချယ်နေမိပါ၏။
"ကျေးဥ"
မအိမ်ကံက စိတ်မရှည်သလို ခေါ်လိုက်တော့ ကျေးဥ ပင် တုန်သွားခဲ့သည်။
"မအိမ်ကံရယ် အလှူက ကြိုဖိတ်သာပါအေ။ ဆယ့်လေး ငါးရက်တော့ လိုပါသေးသယ်။ ရွာက သည်နှစ်အလှူ မဖြစ်ဘူးပစ်ထားရာက မဖြစ်မနေ ထလုပ်ရသဲ့အလှူပါ။ ဒါကြောင့် ရွာသံမကြားရသာပေါ့။ ဗြုန်းခနဲ ထလုပ်လိုက်သာကိုး မအိမ်ကံရဲ့"
မအိမ်ကံက ဖိတ်စာကို ကောက်ကြည့်လိုက်သည်။ ရက်အရဆိုလျှင်တော့ ဆယ့်တစ်ရက်လောက်တော့ လိုသေးသည်။ ဒါကလည်း ရွာသဘာဝပင်။ အဝေးကဆွေမျိုး မိတ်သင်္ဂဟတွေဆီကို ဖိတ်စာတွေရောက်ပါမှ။ မရောက်လို့ကတော့ ဆွေခန်းမျိုးခန်းပြတ်ကြသည်အထိ စိတ်နာတတ်ကြတာ မဟုတ်လား။ ဆင်းရဲချမ်းသာမရွေး ဖိတ်စာလက်ရောက် ကမ်းရသည်။ ဖိတ်စာလောက်ငအောင် မတတ်နိုင်ကြသည့် အလှူတွေကတော့ ရွာလုံးကြား "ဗျိုး"ဟစ်ရသည်။ လက်ဖက် ထုပ်ကမ်းဖိတ်ကြတာမျိုးလည်းရှိပါ၏။ ညောင်ရွက်သန့်သန့်တွင် လက်သန်းတစ်ဆစ်လောက် လက်ဖက်သားထည့်ပြီး သုံးမြှောင့်ချိုး၊ တည်းစပ်ချောင်းဖြင့်ထိုးကာ အထုပ်ကလေးတွေ ရာချီထုပ်ကြရသည်။ ရပ်မိရပ်ဘ၊ သက်ကြီးဝါကြီးတွေကိုတော့ ရှေးမြန်မာဘုရင်များလက်ထက်ကလို လက်ဖက် ချောင်းကမ်း သည်ပင်ရှိပါ၏။ လက်ဖက်ညွန့်၊ လက်ဖက်ဖူး တွေချည်း ရွေးချယ်ကာ ရှည်လုံးလုံးဝါးခြင်းရက်၊ အတွင်းက ငှက်ပျောရွက်ခံပြီး လက်ဖက်များများ ထည့်ထားသည့် ခြင်းတောင်းကလေး ဖြစ်သည်။ အလှူရက် ရှင်လောင်းလှည့် အပြန် လက်ဖက်နှင့် ချင်းရောနယ်ထားသော ချင်းလက်ဖက်ကို ကန်တော့ပွဲပြင် ကြွေရည်သုတ်ဇလုံကြီးထဲ အမောက်ထည့်ကာ မဏ္ဍပ်တွင်း ၀င်လာသူတို့ကို တစ်နှိုက်စာစီ ဆီးကမ်းကြတာမျိုးလည်း မအိမ်ကံတို့ရွာမှာ လေ့ကြပါသည်။
"ဆယ့်တစ်ရက်လို လိုပါဦးတော့ ကျေးဥရယ်။ သည် ရက်တွေထဲတော့ အပျိုခေါင်း မမခင်တုတ်လာရမှာပေါ့။ ဖိတ်ဟယ်၊ ကြားဟယ်၊ သတင်းရယ်၊ စကားရယ် ပြောရမှာပေါ့။ ငါဖြင့် မတွေ့ပေါင်"
မအိမ်ကံ ပြောလည်းပြောစရာပင်။ သူကြီးအိမ်ဆိုတော့ အကြောင်းကိစ္စရှိတာကလွဲလျှင် ကူသယ်ခေါက်သယ် စွတ်ခနဲ ၀င် စွတ်ခနဲထွက်ကြတာမျိုး မရှိတော့ တချို့သော သတင်းတွေက သူကြီးဝိုင်းတိုက်ထဲ မရောက်နိုင်။ ရောက်နိုင်တာကျ တော့လည်း သူကြီးကတော်နှင့် ပြီးရတာများသည်။ ကျေးဥ အထင်တော့ သည်သတင်းတွေ ငြိမ်ချက်သားကောင်းနေတာ အကြောင်းရှိလိမ့်မည်။ အလှူရက် မရောက်မချင်း မအိမ်ကံ ကို အလှူကိစ္စ မပြောရဆိုသည့် စကားရှိလောက်သည်။ ဒါကို မအိမ်ကံကလည်း ရိပ်မိပုံရသည်။ တကယ်ဆိုလျှင် ကွမ်း တောင်ကိုင်ကိစ္စအသာထား၊ အလှူရှိတာ ကိုယ်က အုတ်အော် သောင်းတင်း ဖြစ်ရမည့်ကိစ္စ မဟုတ်လား။ အခုဟာက ဖိတ်စာကြီး ဒုတ်ဒုတ်ထိရောက်ကာမှ မအိမ်ကံ သိရတာမျိုး ဖြစ်နေခဲ့သည်။ မမခင်တုတ်ကိုလည်း ကြီးပန်းရုံတို့ ပိတ်ထားတာပဲ ဖြစ်ရမည်။ သည်ရက်တွေထဲမှာလည်း ချည်ခင်တွေ ဆေးဆိုး အလုပ် လုပ်နေရသောကြောင့် ရက်ကန်းစင်မှာ အပျို တွေ မ၀င်နိုင်ကြသေး။ ထိုစဉ်မှာပင် ဒွေးလှအုံက လှမ်းအော် သည်။
"ကျေးဥရေ ပဲစေ့ညှစ်သာ မပြီးသေးဘူးလားဟေ့။ လင်များ ရနေသလားတော်"
"ပြီးပါပြီ ဒွေးလှအုံရေ လာပြီ"
ကျေးဥ စိတ်သက်သာရာရသွားသလို ပဲစေ့အင်တုံကို ကောက်မကာ ထပြေးလေ၏။ မအိမ်ကံက လိုက်မသွားဘဲ ဖိတ်စာကလေးကို ကောက်ကိုင်ကြည့်မိပြန်၏။ ဖိတ်စာအောက် နားမှာ နေသူရိန် စာပုံနှိပ်စက်၊ မြင်းခြံမြို့လို့ ရိုက်ထားတာ တွေ့တော့ မြင်းခြံကို စိတ်ရောက်သွားခဲ့သည်။ မြင်းခြံကို စိတ်ရောက်တော့လည်း အစ်ကိုဖြစ်သူ ပါရတာပဲပေါ့။ ကျောင်းဆရာ ကိုပြေသိမ်းပါရတာပဲပေါ့။ မြင်းကြီးစီးလိုက်လာသည့် ကိုလူချော ကျောင်းဆရာကို စဉ်းစားမိတော့ ရင်ကလေး နွေးရပါ၏။ ကျွန်တော့် သနပ်ခါးတောင်းလေး မသူတော့် လက်ထဲ ရောက်မှာစိုးလို့ပါလို့ ပြောခဲ့သည့် စကားက ဘာစကားပါလိမ့်။ တွေ့တွေ့ချင်း ဆောက်နဲ့တော့ မထွင်းလောက်ပါဘူးလေလို့သာ ခပ်ပေါ့ပေါ့တွေးရသည်။ ပြီးခဲ့သည့်ရက်တွေထဲတုန်းက ဖိုးကူးပြောခဲ့သည့် စကားကိုလည်း မအိမ်ကံသတိရမိပါ၏။ ဖိုးတုတ်နှင့် ဖိုးကူးတို့ ညီအစ်ကို အိမ်ကနွားတွေ နွားစာကျွေးနေတုန်း မအိမ်ကံ အနားရောက်သွားခဲ့သည်။
"မမကံရာ မြင်းခြံက ပြန်လာတုန်းက မြင်းကြီးစီးလိုက်လာသဲ့ ကျောင်းဆရာ ချောလိုက်သာဗျာ။ မြင်းစီးသာများ ဟန်ပါချက်တော့ ရက်စက်သယ်။ ကျုပ်ကြီးရင် ဘကြီးထန် မြင်းကြီး စိန်ပွင့်ယူစီးမှာပဲ"
ဖိုးကူးစကားကို ဖိုးတုတ်က လက်မခံပါ။ ညီဖြစ်သူကို ထငေါက်တော့သည်။
"မင်းကြီးတော့ ဘကြီးထန်ရော စိန်ပွင့်ရော သေလောက်ရောပေါ့ကွ"
မအိမ်ကံမှာ ဖိုးတုတ်စကားကြောင့် ရယ်ရခက် ငိုရခက်။ ဟုတ်တာတော့ ဟုတ်လောက်တယ် ထားပါဦး။ အဖေ့ကို သေစကားမပြောစေချင်။ ဖိုးတုတ်က ရိုးရိုးပြောလိုက်သော်လည်း မာန်ရသေးသည်။
"အလိုတော် တော်တို့မြင်းစီးဖို့ ကျုပ်အဖေဂိုဏ်းမလွတ် မပြောပါနဲ့။ မဦးမချွတ် ဖွဟဲ့။ ဖိုးကူးမြင်းစီးချင်ရင် မမကံ တစ်ကောင်ဝယ်ပေးပါ့မယ်။ မင်းသာ မြင်းစီးသင်ထား"
"ကျုပ်က ကျောင်းဆရာကိုပဲ သင်ခိုင်းမှာ။ အတော် မြင်းစီးကျွမ်းသဲ့လူ"
ဘာပဲဖြစ်ဖြစ် မအိမ်ကံတို့အိမ်မှာ ကျောင်းဆရာ ကိုပြေသိမ်းအကြောင်း ပြောကြရပြီကော။ မအိမ်ကံ မြင်းခြံကအပြန် ပုလိပ်အစစ်ခံရပုံ၊ ကိုပြေသိမ်းလိုက်ပို့ပုံတွေ အမေပန်းရုံကို ပြောပြခဲ့ပါ၏။ အမေပန်းရုံကတော့ ရင်ကလေးမကာ စိုးရိမ်ရှာသော်လည်း တခြားဘာမှတော့ မပြောပါ။ မလှအုံကတော့ ခပ်တိုင်းငန် ၀သီအတိုင်း ပါဖြစ်အောင် ပါလိုက်ပါသေးသည်။
"ဖိုးတုတ်တို့က ပြောပါ့တော်။ မအိမ်ကံက ပုလိပ်တွေကို ငေါက်သာများ မာချက်ဆိုပဲ။ ငေါက်သာငေါက် ငါ့မောင် မောင်မြတ်သာလိုက်ဖမ်းနေသဲ့ကောင်တွေ။ အင်္ဂလိပ်က တော်တော် တို့ပုလိပ်တွေက ကဲကြသာများ၊ ကိုယ့်လူမျိုးချင်း မညှာသဲ့ဟာတွေ။ ငါမပါလို့ပေါ့အေ"
"မလှအုံပါရင် ဘာလုပ်မှာတုံး"
မအိမ်ကံကမေးတော့ မလှအုံက ဟီးခနဲ တစ်ချက်ရယ်သည်။
"ကိုပုလိပ်တို့ နေကောင်းကြလား မေးမှာပေါ့အေ့"
မလှအုံစကားကြောင့် အမေပန်းရုံရော၊ မအိမ်ကံတို့ပါ ရယ်ကြရသည်။ အမေပန်းရုံက အထည်တွေကို ပွဲကတော်က သိမ်းယူလိုက်လို့ ၀မ်းသာနေရှာသည်။ ရွာကလည်း မအိမ်ကံ ရက်ကန်းရုံကလေး ထူထောင်တာကို ၀မ်းသာနေကြပါ၏။ ရွာက မိန်းကလေးတွေ အလုပ်ကိုယ်စီရကြတော့ လုပ်အားအပေါ်မူတည်ပြီး လုပ်ခရကြသည်။ တောရွာဆိုတော့ ပိုက်ဆံ မြင်ရဖို့ ခက်သား။ အခုတော့ မအိမ်ကံကြောင့် ပိုက်ဆံမြင်ရ ပြီ။ စားရေးသောက်ရေး ကျပ်သည်ဆိုသော်လည်း အရင်က လောက်မခဲယဉ်းတော့။ မနက်ထမင်း ညထမင်း ဆက်နိုင်ကြတာကိုပဲ ၀မ်းသာကြရှာသူတွေ ဖြစ်သည်။
ထိုနေ့က မလှအုံလှမ်းခေါ်ရာက ပျောက်သွားခဲ့သော ကျေးဥပေါ်မလာတော့ မအိမ်ကံပင် မေးယူရသည်။ အမေ ပန်းရုံက သည်တော့မှ ကျေးဥပေါ်မလာသည့် အကြောင်းကို ပြောပြသည်။
"ကျေးဥအမေ မကြာညွန့် ခေါင်းမူးပြီးလဲလို့ လာခေါ်သွားကြသယ် သမီးရဲ့။ သက်သာရင်ပြန်လာမှာပါ။ မသက်သာတော့လည်း တစ်ညလောက် သူ့အိမ်မှာ အိပ်ပါရစေ ပြောသွားသယ်။ အကယ်တန္တု ပြန်မလာခဲ့ရင် လှအုံကို ခေါ်အိပ် လေ သမီးရဲ့"
"မအိမ်ကံ အိပ်ရဲပါသယ်။ နေပါစေ။ အပြင်ခန်းမှာ ဖိုးကူး တို့လည်းရှိသားပဲ။ မအိမ်ကံ အရီးကြာညွန့်ဆီ လိုက်သွားဦးမှ ကောင်းမှာပါ။ သမီး သွားဦးမယ်နော် အမေ"
ဒေါ်ပန်းရုံခမျာ ထိတ်ခနဲ ဖြစ်သွားရာက စကားဖာသည်။ တကယ်တော့ ကျေးဥကို မအိမ်ကံအပါးက ခဏကလေး ခွာခိုင်းထားခြင်း မဟုတ်လား။ မအိမ်ကံ မေးနေသမျှ ကျေးဥက ကြောက်ကြောက်ရွံ့ရွံ့ ဖြေနေမှာစိုးတာလည်း ပါပါ၏။ မအိမ်ကံက ကွမ်းတောင်ကိုင် ဘယ်သူဖြစ်မယ် ကြားသလဲ မေးနေကြောင်း ကျေးဥက ဒေါ်ပန်းရုံနှင့် မလှအုံကို ပြောပြခဲ့သည်။ ကျေးဥက ကြာလျှင် မအိမ်ကံကို သနားတာ နှင်ပင် ပြောမိတော့မှာ ဖြစ်ကြောင်း ပြောလာသည့်အခါ မအိမ်ကံနှင့် ခဏခွဲထားလိုက်ရခြင်း ဖြစ်ပါ၏။ မလှအုံက မအိမ်ကံကို ပြောင်ဖွင့်ပြောသင့်ပြီဖြစ်ကြောင်း၊ နောက်မှသိလျှင် လူကြီးမိဘတွေကိုပါ အထင်လွဲစရာတွေဖြစ်ဖို့သာရှိကြောင်း၊ အရီးပန်းရုံ မပြောလျှင် သူပြောပြလိုက်မည့် အကြောင်း ပြောပါသေးသည်။
"အလှူက ကပ်နေပြီ။ ကွမ်းတောင်ကိုင် ဘယ်သူတုံး မသိရသေးဘူးဆိုတာ အဓိပ္ပာယ်မရှိတော့ဘူး။ မအိမ်ကံက ပါးကပါးပါဘိသနဲ့တော်။ သူများပြောမှ သူမဟုတ်မှန်း သိရင် မိုးမီးလောင်လိမ့်မနှော"
ဒေါ်ပန်းရုံမှာ မျက်ရည်တွေ မဆည်နိုင်အောင် ကျခဲ့ရသည်။ သည်မျက်ရည်က အခုမှ ကျရသည့် မျက်ရည်မဟုတ်။ သည် သမီးကလေး သိတတ်သည့်အရွယ် ရောက်ပါပြီဆိုကတည်း က ကျခဲ့ရသည့်မျက်ရည်။ လူတကာ့အလှူ၊ ရွာတကာ့ အလှူတွေကို သူကြီးသမီးရယ်လို့ ကိန်းကြီးခန်းကြီး အိမ်ဦးခန်း ထိုင်ရသည့် အတန်းအစား ဆိုသော်လည်း အိမ်ဦးခန်းမှာ မထိုင်ချင်ဘဲ ဖက်စိမ်းကွမ်းတောင်ကိုင်နောက် တကောက်ကောက် လိုက်နေတတ်သည့် သမီး။ ရှက်တတ်သည့်အရွယ် ရောက်လို့ အသွားအလာနည်းသွားခဲ့သော်လည်း ကွမ်းတောင်ကလေး ကိုင်လိုက်ချင်သည့် စိတ်ကတော့ အခေါင်အဖျားတက် ချိတ် ထားသူကလေး မဟုတ်လား။ တစ်ကမ္ဘာမှာ တစ်သက်၊ တစ်သက်မှာ တစ်ခဏ၊ သည်ဖက်စိမ်းကွမ်းတောင်ကိုမှ မကိုင်ရလျှင် လူ့ဘ၀ လူဖြစ်ရကျိုး မနပ်တော့ပြီလို့ ခံယူခဲ့ရှာသူ သမီးကို မဖျောင်းဖျရက်ဘဲ ကျိတ်ငိုခဲ့ရသည့် ရက်တွေနှစ်တွေလည်း များခဲ့လှပြီ။
"လှအုံရယ် ဖအေသူကြီးကတော့ သမီးကလေးစိတ်ကို မသိရှာတော့ ဘာသာခပ်အေးအေးပေါ့။ ငါ့မှာသာ ခေါင်းမီး တွေတောက်ပြီး သည်ကိစ္စကို ဘယ်လိုရင်ဆိုင်ရပါ့မလဲ ဆိုတာနဲ့ ပဲ မီးစာခန်းရတော့မယ့် ဘ၀ပါအေ။ သည်အသက်အရွယ် ရောက်တဲ့အထိ ငါ့မှာ သည်အကြောင်းရောက်လာရင် ရှောင်ဟယ်လွှဲဟယ် လုပ်ခဲ့ရသာ ညည်းအသိပဲ။ အခုတော့ ငါဘယ် နှယ့်လုပ် ရှောင်ရပါတော့မလဲ လှအုံ။ ငါသေမှ မမြင်ရမှာပဲ။ ငါသေမှသည်ကိစ္စ လွတ်တော့မှာပဲလို့တောင် တစ်ခါတစ်ခါ တွေးမိတယ်။ မအိမ်ကံ ကွမ်းတောင်ကိုင်ခွင့်ကို ငါ့ အသက်နဲ့ လဲရမယ်ဆိုရင်တောင် ငါလဲဝံ့ပါရဲ့အေ။ အခုတော့ သည်ကိစ္စ တို့မိသားအပေါ် လုံးလုံးကြီး ကျလာပါပကောလားအေရယ်"
မအိမ်ကံကို အသက်နှစ်ဆယ်ပြည့် သည့်အထိ သည်ကိစ္စ မသိအောင် ဖုံးထားလို့ရသလားလို့ မေးစရာရှိပါ၏။ ရွာကတော့ အခြေအနေတွေ၊ အကြောင်းအချက်တွေကို သိကြပြီးသား။ ဖက်စိမ်းကွမ်းတောင်ကိုင်ဆိုသည့် ရာထူးကို ရုပ်ရည် ချောမောလှပသလောက် သဘောမနော ဖြူလှသူ မအိမ်ကံအတွက် ရွာကလည်းကမ်းချင်လျက်နှင့် မကမ်းနိုင်၊ ပေးချင်ပါလျက်နှင့် ပေးခွင့်မသာ ဖြစ်ခဲ့ရသည်။ ကွမ်းတောင်ကိုင် ဖြစ်သင့် သည့်အကြောင်းအချက်တွေထဲက တစ်ချက်ကလေးငြိနေ သည့်အတွက် စာရင်းမပေါက် ရရှာသူကလေးမို့ အသနားပိုကာ ရွာကလည်း ကျိတ်မှိတ်မျိုသိပ် ထားခဲ့ကြသည်ပင် နှစ်ပေါင်း နှစ်ဆယ်ရှိခဲ့ပြီ။ နောက်ပြီး မအိမ်ကံတို့ ၀ိုင်းတိုက်ထဲကို တော်ရုံ လူ ၀င်ဝံ့ကြသည် မဟုတ်သလို မအိမ်ကံ ကိုယ်တိုင်ကလည်း လူသူလေးပါးနှင့် ဒွေးရောယှက်တင် နေတတ်ခဲ့သူ မဟုတ်။ သူကြီးသမီးဆိုသည့် ဂုဏ်ဒြပ်ကြောင့် ဘယ်သူကမှလည်း အကျိုးရယ်၊ အကြောင်းရယ် ရှင်းပြရဲကြတာမဟုတ်။ အတူ တကွ နေထိုင်စားသောက်ကြရင်း မအိမ်ကံကိုသာ အရိပ် တကြည့်ကြည့် အနေနီးရှာသူ ကျေးဥသည်ပင်လျှင် စကား မဟ၀ံ့။ သည်ကိစ္စတွေ မအိမ်ကံကို ဘယ်သူပြောသလဲ ဆိုသည့် လက်သည် တရားခံဖြစ်မှာကို စိုးကြသူတွေချည်း ဖြစ်ပါ၏။ သည်သမီးကလေး စိတ်မချမ်းမသာ ဖြစ်ရှာမှာကို တစ်ရွာလုံးက စိုးရိမ်ကြသည့်အတွက်လည်း ဒေါ်ပန်းရုံကျေးဇူး တင်ရပါသည်။ သည့်အတွက်လည်း ရွာကို တစ်လှည့် စောင့် ရှောက်ခဲ့သည်ဟု ဆိုနိုင်ကောင်းပါ၏။
"အရီးရယ် သည်ကိစ္စတစ်နေ့တော့ ပေါ်လာမှာပဲဆိုတာ မလွှဲမရှောင်နိုင်ဘူးပေါ့လေ။ သို့ပေသိ မအိမ်ကံသဘောတစ်ခုပါ။ မအိမ်ကံကသာ တရားနဲ့ဖြေရင် ပြီးရမယ့်ကိစ္စပါ။ ကျုပ်ကတော့ သည်အတိုင်း စိတ်ဆင်းရဲနေရာတာထက်စာရင် ဖွင့်သာပြောလိုက်ချင်သတော်"
မလှအုံကတော့ ဆိုမြဲတိုင်း စကားကိုသာဆိုပါ၏။ ဒေါ်ပန်းရုံကတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို သမီး မအိမ်ကံ၏ အစွဲအလမ်းကို သူမလောက် မည်သူမှ ပိုမသိနိုင်။ မအိမ်ကံက တရားနှင့် ဖြေလောက်စရာလည်း မမြင်။ ကွမ်းတောင်ကိုင်ဖြစ်တော့လည်း ဖြစ်ပေါ့။ မဖြစ်တော့လည်း နေပေါ့လို့ သဘောထားနိုင်လို့ ကတော့ အကြောင်းလား။ မအိမ်ကံက အဲသလို မိန်းကလေးမဟုတ်။ အမျှော်ကြီးမျှော်၊ အစောင့်ကြီး စောင့်ရင်း ကံအလှည့်ကျချိန်ကို သည်းခံနေရှာသူသာ ဖြစ်သည်။ သည်ဘ၀ ကံအလှည့်ကျစရာ အကြောင်းမရှိတော့သည်ကို သိခဲ့ပြီဆိုလျှင်တော့ အသည်းကြီးလှသော သမီး အတွက် ဒေါ်ပန်းရုံ မတွေးတတ်တော့ပြီ။
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ