Thursday, October 15, 2009

မအိမ့်ကံ(20)

ဘယ်သူကမှလည်း သေသေချာချာ မသိတော့ ခံမငြင်းသာ။ ကိုယ့်စိတ် အထင်နှင့် ကိုယ်သာ မှန်းဆနေကြရသည်။ မအိမ်ကံကတော့ ရွာကို ဓားပြ၀င်ပြီလို့ တွက်လိုက်သည်။ ဖိုးတုတ်နှင့် ဖိုးကူးတို့ ညီအစ်ကို နှစ်ယောက်က ဓားရှည် တစ်လက်စီ ကိုင်ကြရင်း ခြံတံခါးဘက် ပြေးကာ အပြင်ကိုမြင်ရသလောက် ကြည့်နေကြ၏။ မအိမ်ကံနှင့်ကျေးဥက အိမ်အပေါ်ထပ်ကို တက်လာခဲ့ကြကာ တာလမ်း အရှေ့ဘက် မျှော်ကြည့်ကြသည်။ လရောင်က လွဲ၍ ဘာမှမရှိ။ ဆော့ကစားနေကြသည့် ကလေး သံတွေကတော့ တစိုးတစိမျှ မရှိကြတော့။ အမေပန်းရုံပါ အပေါ် ထပ်တက်လာခဲ့ကာ ရွာလမ်းကို ကြည့်နေခဲ့သည်။ သိပ်မကြာ ပါ။ ကွမ်းတစ်ယာ ညက်လောက်တွင် ဗြောဗြောမြည်သံကြီးကို ကြားရလေပြီ။ အသံက ညီလှသည်။ လမ်းမပေါ်ကို ပြင်းထန်သော ခြေဆောင့်သံမျိုးဖြစ်၏။

"ဟဲ့ ကျေးဥ လှမ်းကြည့်လိုက်စမ်း ကလေးမျက်စိနဲ့၊ ငါ့မျက်စိထဲတော့ မည်းမည်းအုပ်ကြီး မြင်သလားလို့"

"ဟုတ်ပါ့ အရီးရေ၊ လူတွေတော် မနည်းမနောပါလား၊ ဘာများ လုပ်ကြဖို့ပါလိမ့်တော်"

"ဘယ်က လူတွေလဲ တို့ရွာကလား"

"ပြောတတ်ပါဘူး အရီးရဲ့၊ လူတွေ မည်းမည်းလှုပ်နေ သာမြင်ရသာပဲ"

မအိမ်ကံလည်း မြင်နေရပါ၏။ ခြေဆောင့် နင်းသံတွေက မအိမ်ကံ ရင်ကို နင်းနေကြသလား ထင်ရသည်။ ဗြုတ်... ဗြုတ်.. ဗြုတ်...ဗြုတ်။ မအိမ်ကံတို့ ဘက်ကိုပင် နီးလာခဲ့ပြီ။ ရှေ့ဆုံးမှာ မြင်းစီးသူ တစ်ယောက်ပါသည်။ ထိုမြင်း နောက်မှာတော့ ငါးယောက်တစ်တွဲ လျှောက်လာကြသည့် လူတန်း။ လူတန်းက သိပ်မရှည်လှသော်လည်း များမှန်း သိသာသည်။

"အမေ ဂျပန်တွေဆိုသာနဲ့ တူသယ်၊ ဘာလုပ်ကြသာပါလိမ့်"

"အနောက်ရွာတွေဘက် သွားကြဖို့နဲ့တူသယ်"

"ဟုတ်ပါ့တော် ညကြီးမင်းကြီး"

"ဟုတ်သယ် ဂျပန်စစ်သား ဆိုသာတွေနေမှာ"

မအိမ်ကံတို့က လေသံဖြင့် ပြောနေကြသော်လည်း စစ်ဖိနပ်သံတွေကြောင့် ရွာပင် ခုန်နေသလား မှတ်ရပါ၏။ သိပ်တော့ မကြာပါ။ ရွာကလေးသည် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ လရောင်က ရွာကလေးကို မြှူဆွယ် နေသေးသော်လည်း အသံဟူ၍ ကလေးငိုသံပင် မရှိ။ ငြိမ်သက်ခြင်းက ကြီးစိုးလွန်းပြန်တော့ ချောက်ချားဖို့ပင် ကောင်းနေသည်။ ထွန်းထား ကြသည့် မီးခွက်များပင် ငြိမ်းကုန်ကြပြီ။ ရွာတုန်အောင် ဖြတ်သွားကြသော ဂျပန်စစ်တပ် ဆိုတာကို လရောင်ထဲမှာ တွေ့ခဲ့ကြရပြီ ဆိုတော့ ဘာမှန်းမသိကြဘဲ ကြောက်လန့် နေခဲ့ကြပါ၏။ မအိမ်ကံမှာ အဖေ့ နှစ်လုံးပြူးသေနတ်ကို စိတ်ရောက် သွားခဲ့ရသည်။ ရင်တွေ တဒိတ်ဒိတ် ခုန်ရပါ၏။ ထိုညက အဖြစ်အပျက်သည် ဇောင်ချမ်းကုန်းရွာကို ဒုတိယ အကြိမ် ဆောင့်ခါလိုက်သည့် ညဟုပင် ဆိုရတော့မည်။ ပြင်းထန်သော စစ်ဖိနပ်သံများဖြင့် ဖြတ်သွားခဲ့သော် ဂျပန် တပ်စိတ် တစ်စိတ်သည် လောလောဆယ် ဘယ်သူ့ကိုမှ ရန်ပြုခဲ့သည်မရှိ။ ရွာကလေးကိုပင် ရှိသည်မထင်။ သူတို့ လမ်းကြောင်းကျရာ အတိုင်း သွားကြရုံသာ။ သို့သော် ထို ကားသည် မြင်းခြံကို ဗဟိုပြု၍ မြင်းခြံ အရှေ့လက်၊ အနောက် လက်၊ တောင်လက်၊ မြောက်လက် ကျေးရွာများဆီ အရောက် အပေါက် များလာခဲ့သည်။ ကားက ပုပျပ်ပျပ်၊ ပါးစပ်ပြဲပြဲ။ မီးခွက်တွေက မျက်လုံး ပြူးပြူးဖြစ်ရာ ရွာတွေက သည်ကားကို "တောဘီလူး" ကားဟုခေါ်ကြပါသည်။

ကြာတော့လည်း တောဘီလူး ကားကို စိတ်မ၀င် စားနိုင်ကြတော့။ တောဘီလူး ကားပေါ်မှာ ဂျပန် စစ်ဗိုလ်တွေပါလာ တတ်သလို မြန်မာ တစ်ယောက်စ နှစ်ယောက်စလည်း ကား နောက်မှာ ပါလာတတ်သည်။ တစ်ခါမှာတော့ ရွာက အမှုပွဲစား ကျော်ဒင် အခန့်သား ပါလာခဲ့သည်။ ကျော်ဒင်က ဂျပန် စစ်ဗိုလ်ထက်ပင် မျက်နှာကြီး တင်းလှပါ၏။ ရွာကတော့ မဲဇလီက လက်ဖက်ထက် ဈေးတန်လှချည့်လို့ ပြောကြသည်။ ကျော်ဒင့် လက်မောင်းမှာ ဂျပန်စာ ရေးထားသော လက်ပတ် အနီပတ် ထားတာကိုလည်း မြင်ကြရ၏။ တောဘီလူးကားက ရွာကို အသေးစိတ် လိုက်ကြည့် တော့လည်း ကျော်ဒင်ကပဲ လိုက်ပြသည်။ ရွာစည်းရိုးတွေကို ပြသည်။ လင့်စင်တွေကိုပြသည်။ ရွာဘုန်းကြီးကျောင်း ကိုပြသည်။ ဘုန်းကြီးကျောင်းကို ၀င်သည့် နေ့က ဂျပန်စစ်ဗိုလ်က ဖိနပ် မချွတ်ဘဲ ကျောင်းပေါ် တက်လာခဲ့တာကို ရွာက မကျေနပ်ကြ။ စကားကြုံလျှင် တီးတိုး ပြောကြသည်။


"နေပါဦးကွာ အမှုပွဲစား ကျော်ဒင်က ဂျပန်တွေနဲ့ ဘယ်လိုလုပ် ပူးသွားသာလဲ၊ ဒီကောင်က အင်္ဂလိပ်လူ မဟုတ်လား၊ တို့ကို အင်္ဂလိပ် ယပ်လှဲတရားတွေ သူပဲ ဟောခဲ့သာပဲဟာ"

"မသိဘူးဗျ၊ မြင်းခြံ ဂျပန်ရုံးကိုရော မြေတော်ရုံးကိုပါ အရောက်အပေါက်များရာက လက်မောင်း တံဆိပ် တစ်ခု ရလာ သာပဲ၊ ဒီကောင်က ပဲကြီး ရေစိမ်ဗျ၊ အချိန်တန်ရင် ပွလာသာ"

ရွာသားတွေက ကျယ်ကျယ် ပြောရဲကြတာ မဟုတ်။ ဂျပန်နှင့် ပေါင်းရပါ့မလားဆိုသည့် စိတ်ဖြင့် မကျေမချမ်း ဖြစ်ကြတာ မဟုတ်။ ကျောင်းပေါ် ဖိနပ်စီးတာကို မတားရ ကောင်းလား ဆိုတာကို မခံချင် ဖြစ်ကြခြင်း ဖြစ်သည်။ အခုလည်း ဂျပန် စစ်ဗိုလ်များကို သူကပဲ ဦးဆောင်ကာ ရွာ့ပတ်ဝန်းကျင် လိုက်ပြနေပြီ။ ဘာသဘောများပါလိမ့်။ ဇောင်ချမ်းကုန်း ရွာတင်ပဲလား။ တစ်ခြားရွာတွေကော သည်လိုပဲလား။ သည်သတင်းတွေ မအိမ်ကံ ကြားတော့ ရွာက ဘယ်သူ့များ မကောင်းကြံဦးမှာလဲ တွေးပူရ ပါ၏။ မနေ့တစ်နေ့ကပဲ အင်္ဂလိပ် အစိုးရ ကောင်းကြောင်းပြောခဲ့သည်။ အင်္ဂလိပ် လက်နက်တွေ ကောင်းကြောင်း ပြောခဲ့သည်။ အခုတော့ ဂျပန် စစ်တပ်နောက်က တကောက်ကောက်။ ကျော်ဒင် ဆင်ကြံကြံလေပြီ။

ထိုနေ့က အလွန် အကျည်းတန်လှသော အကုသိုလ်ကို အမှု ပွဲစား ကျော်ဒင်ကပဲ ဆောင်ကြဉ်း လာခဲ့ပါ၏။ ထို မနက်ခင်းက မနက်စာ စားပြီးကြသည်နှင့် ဆိုင်ရာ လုပ်ငန်း ၀င်ခဲ့ကြသည်။ အမေပန်းရုံနှင့် မလှအုံက ချက်ရေး ပြုတ်ရေး ထင်းမီးကိစ္စ လုံးပမ်း နေကြခိုက် ဖြစ်သည်။ မအိမ်ကံကတော့ ရက်ကန်းရုံထဲမှာ။ သည်ရက်ထဲမှာ အလုပ်တွေ များရာကနေ ရှားရှားပါးပါး အထည်အမှာတွေ ရထားခဲ့သည်။ မြင်းခြံပွဲစားကြီး ကတော်က ရွာလူကြုံဖြင့် မန်ကျည်းစေ့ ကွက်ဆင် ပုဆိုးအထည် တစ်ရာမှာ ကြားလာသဖြင့် မအိမ်ကံတို့ ရက်ကန်းရုံမှာ အလုပ်တွေ များနေကြရာက ပြီးပြတ်အောင် ပို့နိုင်လိုက်ပြီ ဖြစ်ရာ ရက်ကန်းသမတွေကို အနားပေးထားရချိန် ဖြစ်၏။ ရက်ကန်းသမတွေ အနားပေး ခိုက် မအိမ်ကံနှင့် ကျေးဥက ရက်ကန်းရုံ သန့်ရှင်းရေး ၀င်ကြရသည်။ တိုလီမုတ်စ ဗြုတ်စ ဗျင်းတောင်းတွေ၊ ချည်စာ ဟောင်းတွေက အစ ပိုးမျှင်တွေအဆုံး ပြောင်စင်အောင် ရှင်းလင်း နေခဲ့ကြသည်။ နှစ်ယောက်သား ခေါင်းပေါင်းကြီးတွေ ပေါင်းထားကြကာ လက်ရှည်အင်္ကျီ ထူကြီးတွေ ၀တ်ထားကြသော်လည်း ပိုးမျှင်တွေ တစ်ကိုယ်လုံး ပေပွနေကြသည်။ ဦးသာထန်ကတော့ သူ့မြင်းအိုကြီး စိန်ပွင့်ကို မြင်းစာ ကျွေးနေသော ဖိုးကူးနှင့်အတူ ရှိနေကြ၏။

"သူကြီး... သူကြီး ဦးသာထန်"

ကျယ်လောင် မာကျောလှသော အသံက ၀င်းဝကိုကျော်ကာ ရက်ကန်းရုံထဲ အထိ ရောက်လာခဲ့သည်။ မအိမ်ကံက လုပ်လက်စ အလုပ်ကို ခဏရပ်ရင်း ၀င်းဝကို လှမ်းကြည့်လိုက်သည်။ လူသုံးလေးယောက်။ ဖိုးကူး တံခါး သွားဖွင့် တာလည်း မြင်နေရသည်။ ရှေ့ဆုံးက ၀င်လာသူမှာ အမှုပွဲစား ကိုကျော်ဒင်။ လက်မောင်းမှာ ပိတ်နီ ပတ်ထား သဖြင့် လျှောက်ဝင်လာသည်ပင် ခပ်တင်းတင်း ဖြစ်နေလေ၏။ သူ့နောက်မှာ ဂျပန်စစ်ဗိုလ်နှင့် တူသူဖြစ်၍ သေနတ်ရှည်ကိုင် ဂျပန်စစ်သား နှစ်ယောက်က ဂျပန် စစ်ဗိုလ်ကို ရံလျက် ၀င်လိုက်လာကြသည်။ မအိမ်ကံက ကျေးဥကို အသာအယာ လက်ကာ ပြကာ ရက်ကန်းစင် နောက်ဖေး ပေါက်ဆီမှ ပဲမှော်တိုက်ဘက်ကို ပြေးရန် မျက်ရိပ် ပြလိုက်သည်။ ကျေးဥက လည်း အပါး။ မအိမ်ကံ မျက်ရိပ် ပြလိုက်သည်နှင့် လှစ်ခနဲ ပျောက်သွားခဲ့ပြီ။ မအိမ်ကံကလည်း ပဲမှော်တိုက်ဘက် ကူးရန် ပြင်ဆင် လိုက်ချိန်မှာပင် အမှုပွဲစား ကျော်ဒင် အသံကို ကြားလိုက်ရသည်။

"သူကြီးကော ဒေါ်ပန်းရုံ၊ ဟောသည် မာစတာတွေက သူကြီးနဲ့တွေ့ချင်သယ်လို့ ပြောနေသယ်"

"တွေ့သာပေါ့ကွယ်။ ရှိပါသယ် ထိုင်ကြပါဦး။ ဘာများပါလိမ့် မောင်ကျော်ဒင် မလန့်သာ မထိတ်သာကွယ်"

အမေပန်းရုံက အသံကို ထိန်းထားရင်းက ပြန်ပြောလိုက် ခြင်းဖြစ်၏။

သည်အချိန်မှာပဲ မအိမ်ကံက ပဲမှော်တိုက်ဘက်ကို အသာ ထွက်လာခဲ့သည်။ ဂျပန်စစ်သား နှစ်ယောက်က မျက်စိ အငြိမ် နေကြသည် မဟုတ်။ သေနတ် မောင်းကွင်းထဲ လက်ထည့်ထားကြရင်း မသင်္ကာဖွယ်ရာ လှုပ်ရှားမှုကို လိုက်ရှာ နေကြသည့် ပမာပင်။ ကျော်ဒင်က ဂျပန်စစ်ဗိုလ်ကို ဒေါ်ပန်းရုံ ချပေးထားသော ထိုင်ခုံမှာ ထိုင်စေသည်။ ဂျပန်စစ်ဗိုလ်က အရုပ်ကြီး တစ်ရုပ်လို ခံစားမှုမရှိသော မျက်နှာဖြင့် တောင့်တောင့်ကြီး ထိုင်သည်က လွဲ၍ အသံမထွက်။ ထိုစဉ်မှာပင် ဦးသာထန် အိမ်ထဲက ထွက်လာခဲ့သည်။

"ဘာများလဲ မောင်ကျော်ဒင်ရဲ့၊ ကျုပ်ကို မေးဆိုသလား လို့"

"ဟုတ်သယ် ကျုပ်ကလည်း နိပွန်မာစတာတွေက တွေ့ချင်သယ်ဆိုလို့ အကျိုးဆောင် ပေးရသာပါဗျာ။ ကျုပ်တို့ရွာ အပေါ် အစစအရာရာ သတ္တုမကျအောင် လုပ်နေရသာပါပဲ။သည်လို သူကြီးမှာ အင်္ဂလိပ်က ပေးထားတဲ့ သေနတ်ရှိသာကို သည်က နိပွန် မာစတာတွေက ပြန်သိမ်းဖို့ ပြောနေသယ်"

ဦးသာထန်က မျက်စိမျက်နှာ ပျက်သွားခဲ့သည်။ ဆရာကြည် လာသတိပေးတဲ့ အတိုင်းပါပဲလား။ အင်္ဂလိပ်ပေးတဲ့ သေနတ်ကို အကြောင်းရှာလာကြပါပကော။ ဂျပန်က သေနတ် သိမ်းရအောင် ဦးသာထန်ဘက်က သေနတ်တကားကား လုပ်နေတာလည်း မရှိ။ အခုဟာက ကျော်ဒင် လက်ထောက်ချလို့သာ ဂျပန်ဗိုလ် သိသွားတာပဲ ဖြစ်ရမည်။ အသားထဲက လောက်ထွက်တာကိုတော့ အဆက်ဆက် ရွာသူကြီး လုပ်လာခဲ့သူ တစ်ယောက်အဖို့ သည်းမခံချင်။ ပြီးတော့ သေနတ်က သည်အိမ်ပေါ်မှာ လည်းမရှိ။ သေနတ်ကို ဆီသုတ်ထုပ်ပိုးပြီး ပဲမှော်တိုက် ကြွက်လျှောက်တန်းမှာ ၀ှက်ထား ခဲ့သည်။ အခု ရှာချင်သပ ဆိုတော့လည်း ရှာကြရုံ။ သည်ကြားထဲ ကျော်ဒင်က "ကျုပ်" ဆိုတာကို နိုင်းချင်းသုံး နေတာကို နားကြားပြင်း ကပ်လှသည်။

"ပြောလေ သူကြီး၊ ကျုပ်တို့ အချိန် မရဘူး၊ ထိန်ကုန်းသူကြီး ကိုဘဆယ်မှာလည်း တစ်လက်ရှိသာ သွားသိမ်းရဦးမှာ"

"သေနတ် မရှိဘူးကွ၊ အင်္ဂလိပ်တပ်တွေ ဆုတ်မယ်ဆိုတော့ ပြန်အပ်ပါဆိုလို့ အပ်လိုက်ရသယ်၊ မင်းကွာ ကိုယ့်ရွာသူ ရွာ သားချင်း ဂျပန် ခေါ်လာ ရသယ်လို့ကွာ"

ဂျပန်ဆိုသည့် စကားပါသွားတော့ ဂျပန်စစ်ဗိုလ်က ငေါက်ခနဲ မတ်တတ်ထရပ်သည်။ ကျော်ဒင့်ကို ဂျပန်စကားနဲ့ ပြန်မေးနေသည်။ ကျော်ဒင်က သွက်သွက်လက်လက် မရှိသော်လည်း မီးကျိုးမောင်းပျက် ဂျပန်စကားဖြင့် ပြန်ပြောနေပါ၏။ ဂျပန်စစ်ဗိုလ်က ပြန်ထိုင်သည်။

"ကိုင်း... သူကြီး ကျုပ် အပြောကောင်းလို့ သက်သာ သွားသယ် မှတ်ပါ၊ အသာတကြည် ထုတ်ပေး လိုက်ပါ၊ ဒါ ကျုပ် နောက်ဆုံးပြောသာပဲ"

ဒေါ်ပန်းရုံက မတ်တတ် ထရပ်ရင်း အခြေအနေကို အကဲခတ်နေခဲ့သည်။ မအိမ်ကံနှင့် ကျေးဥက ပဲမှော်တိုက် အပေါ်ထပ် နွားစာတွေ ဖိတ်မကျအောင် ထိမ်းထားသည့် ၀ါးလုံးတန်းတွေကြားက ချောင်းကြည့် နေခဲ့ကြသည်။ ကောင်းကောင်းတော့ မမြင်ရ။ အသံတွေ အားလုံးကို ကြားနေရသည်။ ဂျပန်စစ်သား နှစ်ယောက်က သေနတ်ကိုင်ရင်း ၀ိုင်းတိုက်ကို လှည့်ပတ်ကြည့်နေကြသည်။ မအိမ်ကံတို့ရှိရာ ပဲမှော်တိုက်ရှေ့မှာ ရပ်ကြရင်း ပတ်ဝန်းကျင်ကို အကဲခတ် နေကြသည်။ မအိမ်ကံတို့ပင် မလှုပ်ရဲ။ ဒါတောင် ပဲမှော်မှုန်ကလေးတွေက တလွင့်လွင့်ကျနေပါ၏။

"မင်းကို ငါ မှန်သာ ပြောနေ သာပဲကွ၊ ငါ့မှာမှမရှိသာ ဘယ့်နှယ် လုပ်ပေးရမှာလဲ၊ မင်းတို့ ရှာနိုင်သားပဲ ရှာကြလေကွာ"

"ရှာလို့တွေ့ရင် ခင်ဗျား မသက်သာဘူးနော်၊ ဒေါ်ပန်းရုံ ခင်ဗျားတို့ကို ကျုပ် စေတနာနဲ့ ပြောနေသာဗျနော၊ နောက်မှ ကျုပ်အပြစ် မတင်နဲ့"

"မောင်ကျော်ဒင် သူ့သေနတ် ကိစ္စ အရီးလည်း မသိဘူး၊ တစ်ခါ ရွာဓားပြတိုက်တုန်းက လွဲရင် သည့်နောက်ပိုင်း တစ်ချက်မှ ပစ်လိုက်ရသယ်လည်း မရှိပါဘူး။ မင်းသခင်တွေကိုမင်း ကြည့်ပြောပါကွယ်"

အမှုပွဲစားကျော်ဒင်က မင်းသခင်တွေ ဆိုတာကို အောင့်သွားပုံရပါ၏။ မျက်နှာပျက်သွားရာက ဂျပန်စစ်ဗိုလ်ကို ဂျပန်လို ပြန်ပြောလေသည်။ ဂျပန်စစ်ဗိုလ်က ဆတ်ခနဲ မတ်တတ်ရပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ၀ိုင်းတိုက်ထဲမှာ လှည့်နေကြသည့် ဂျပန်စစ်သား နှစ်ယောက်ပင် အပြေးရောက်လာကြ၏။ ဂျပန်စစ်ဗိုလ်က ကျော်ဒင့်ကို မောင်းမဲ နေတာ တော့ သေချာသည်။ ကျော်ဒင်ကလည်း ပြန်ပြောသည်။ ကျော်ဒင်က တစ်ခါမှာတော့ ဘာပြောလိုက်သည် မသိ ဂျပန် စစ်ဗိုလ်က ဦးသာထန်ဘက်လှည့်ကာ ဂျပန်လို အော်လိုက်ရင်း ပါးကို တအားလွှဲ ရိုက်လိုက်သည်။ ဦးသာထန်ခမျာ မမျှော်လင့်သော ရိုက်ချက်ကြောင့် လည်သွားရာက ပုံခနဲ လဲကျသွားရှာတော့သည်။ ဒေါ်ပန်းရုံက ချက်ချင်း ပွေ့ပိုက်ပြီး ထူမတ်ပေးသော်လည်း ဦးသာထန်မှာ ရပ်တည်နိုင်စွမ်း မရှိသလို ဒေါ်ပန်းရုံ အပေါ် လုံးလုံးကြီး မှီလျက် ရှိလေသည်။ ဒေါ်ပန်းရုံက နိုင်သရွေ့ ပွေ့ထူထားရာက မလှအုံကို လှမ်းခေါ်လိုက်သည်။

မလှအုံက ချက်ချင်း ပြေးထွက်လာပြီး တစ်ဖက်က ၀င်ထူ လိုက်ရသည်။

"ဖိုးကူး လာစမ်း ဘကြီးကို လာတွဲစမ်း။ ကျော်ဒင် နင် ဘယ်လိုလုပ်လိုက်သာလဲ၊ နင့်အဖေ အရွယ်ဟဲ့ နင်တို့ ရက်စက် လှချည့်လား"

"ကျုပ်က ရိုက်ခိုင်းသာ မဟုတ်ပါဘူးဗျာ။ အကျိုး အကြောင်း ပြောပြသာပါ။ ခင်ဗျားတို့ကလည်း ရှိရင် ထုတ်ပေး လိုက်ဗျာ။ သူတို့က ဘယ်သူ့မှညှာမှာ မဟုတ်ဘူး၊ ခင်ဗျားတို့နဲ့ တော့ခက်ပါ့ဗျာ"

ဦးသာထန်က ဖိုးကူး လာတွဲသဖြင့် မတ်မတ်ကြီးပြန်ရပ် နိုင်သော်လည်း ပါးစောင်ကို လက်နှင့် အုပ်ထားလျက်ရှိ၏။ လူတွဲဖိုးကူးကလည်း တဆတ်ဆတ် တုန်လျက်ရှိ၏။

မအိမ်ကံက ဘာကိုမှ မမြင်ရသော်လည်း ရိုက်လိုက်သံကိုရော၊ အမေပန်းရုံ အသံကိုရော၊ မလှအုံ၏ ရန်တွေ့သံတွေကိုပါ ကြားလိုက်ရသည့် အတွက် အသားတွေ တဆတ်ဆတ် တုန်နေခဲ့သည်။ ဆူခနဲ တက်လာခဲ့သော သွေးတွေက မြွေဟောက် တစ်ကောင်၏ ပါးပျဉ်းလို ငေါက်ခနဲ ထလာသကဲ့သို့ ရှိလေသည်။ချက်ချင်းပင် ပဲမှော်တိုက်ပေါ်က ခုန်ဆင်းရန် လှည့်လိုက်သည်။ ကျေးဥက လှစ်ခနဲ ရိပ်မိလိုက်သဖြင့် မအိမ်ကံကို ခါးကဖက်ရင်း လှဲချလိုက်သည်။ ပဲရိုး၊ ပဲမှော်တွေ၊ ပြောင်းရိုးခြောက်စဉ်းစာတွေအပေါ် နှစ်ယောက်သား လဲကျသွားကြသည် အထိ ကျေးဥက မလွှတ်။

"ဖယ်စမ်း ကျေးဥ ကျော်ဒင့်ကို ငါ ရင်ဆိုင်လိုက်စမ်းမယ်၊ သင်းက လူပါးဝလို့"

"မအိမ်ကံရယ် သူတို့က သေနတ်တွေနဲ့ပါအေ၊ စိတ်လျှော့ လိုက်ပါ၊ အရုပ်ဆိုး ကုန်ပါ့မယ်အေ၊ ရှိကြီးခိုးပါရဲ့"

ကျေးဥက ဇွတ်ဖက် လှဲထားသလို မအိမ်ကံကလည်း ဇွတ်ရုန်းနေသည်။ အမေပန်းရုံ ခမျာမှာ သမီးနှင့်ကျေးဥကိုလည်း လှမ်းပြီး စိတ်ပူနေရသည်။ စိတ်ပူတာက နှစ်မျိုး။ မအိမ်ကံ၏ စိတ်ကိုသိတာလည်း ပါသည်။ မအိမ်ကံကို ဂျပန်စစ်သားတွေ တွေ့သွားမှာကိုလည်း ပူရသည်။ အကယ်၍ သေနတ်မရလို့ သမီးကို ဓားစာခံ ခေါ်သွားမှာကို စိုးရိမ်မိခြင်း ဖြစ်သည်။ ဘုရား... ဘုရား ထွက်မလာ ကြပါစေနဲ့။

"မောင်ကျော်ဒင် မင်းဦးလေး ပြောသာ ယုံပါကွယ်။ အရီးတော်တို့လည်း မသိရရိုး အမှန်ပါ။ အိမ်မှာ သေနတ် မတွေ့သာ လည်း ကြာပါပြီ။ ငါဖြင့် ခေါင်းထဲတောင် မရှိပါဘူး။ မင်း ပြောပြလိုက်ပါ"

ကျော်ဒင်က ခေါင်းကို ခါလိုက်သည်။ သည်ခေါင်းခါမှုက ဒေါ်ပန်းရုံပြောတာကို မယုံတာလည်း ဖြစ်နိုင်သည်။ ဂျပန် စစ်ဗိုလ်ကို မပြောချင်ဆိုသည့် သဘောလည်းဖြစ်နိုင်သည်။ သို့သော် သူတို့ အမူအရာတွေက သေနတ် မရလို့တော့ မပြန်လေ ဆိုသည့် မျက်နှာတွေ။ ဂျပန်စစ်ဗိုလ်က ထအော်လိုက်ပြန်တော့ ဦးသာထန်ကို တွဲထားကြသည့် မလှအုံနှင့် ဖိုးကူးတို့ပင် တုန်သွားကြလေ၏။

ကျော်ဒင်ကို ဂျပန်စကားဖြင့် မေးပြန်သည်။ ကျော်ဒင်က ဘာပြန်ပြောသည် မသိ။ ဂျပန်စစ်ဗိုလ်က ခြောက်လုံးပြူးကို ဆွဲထုတ်ပြီး ဦးသာထန့် နဖူးကို တည့်တည့်ကြီး ချိန်လေတော့သည်။ နဖူးကို ချိန်ထားရင်း အော်နေသည့် အသံက ဘီလူး သဘက် တစ်ကောင် ပြည်ဝင်ပြည်ထွက် ဆေးစည်း ဖောက်သွားသည့်ပမာ သွက်သွက်ကြီး ခါလျက်ရှိ၏။ ခြောက်လုံးပြူး ကျည်ဆန်က အချိန်မရွေး ထွက်သွားနိုင်သည် ဖြစ်လေရာ အားလုံး ငြိမ်သက်သွားခဲ့ကြသည်။ အမှုပွဲစား ဂျပန် အလိုတော်ရိ ကျော်ဒင်ပင် ထိတ်ခနဲ ဖြစ်သွားခဲ့လေသည်။

ဒေါ်ပန်းရုံက ချက်ချင်းပင် ဂျပန်စစ်ဗိုလ်၏ သေနတ်ကိုင် လက်ကိုဆွဲကာ ဘေးကို ဖယ်ပစ်လိုက်သည်။ သို့သော် ဂျပန် စစ်ဗိုလ်က သန်မာလှသည် ဖြစ်ရာ ဒေါ်ပန်းရုံကို သေနတ်ကိုင် လက်ဖြင့် ရိုက်ချလိုက်လေသည်။ ဒေါ်ပန်းရုံ ပုံကျ သွားသည့် အခါ မလှအုံ၏ ကြောက်လန့် တကြားအော်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တော့သည်။ ဒေါ်ပန်းရုံမှာ မြေပေါ် ခွေခွေ ကလေးလဲကျနေကာ နားထင်က သွေးတွေ တတွေတွေ စီးကျ နေလေပြီ။ ဂျပန်စစ်ဗိုလ်၏ ခံစားမှု မပါသည့် အေးစက်စက် မျက်နှာက သွေးအေးအေးဖြင့် ရက်စက်မည့်ပုံ ရှိနေခဲ့သည်။ ထူဝိုင်းဝိုင်း မျက်မှန်ထဲက မျက်လုံး မှေးမှေးသည် ဘာကိုမှမမြင် ရသော ကြောင်တောင်ကန်း လင်းနို့တစ်ကောင် ပမာ ဦးသာထန်ကိုသာ စိုက်စိုက်ကြီး ကြည့်လျက်ရှိ၏။ ဂျပန်စစ်ဗိုလ်က လဲကျသွားသော ဒေါ်ပန်းရုံကို တစ်ချက်ကလေး လှည့်မကြည့်ဘဲ သူ့ခြောက်လုံးပြူးကို အပေါ် မြှောက်တင်လိုက်၏။ သည်တစ်ခါမှာတော့ ဦးသာထန် ၀တ်ထားသော ပင်ဖြူတိုက်ပုံ အဟကြားက ရင်ဘတ်တည့်တည့်ကို ထောက်လိုက်ခြင်း ဖြစ်၏။ ဂျပန်စစ်ဗိုလ်၏ နှုတ်ခမ်းတွေက တဆတ်ဆတ် လှုပ်လျက် ရှိရာ ထူထဲသော နှုတ်ခမ်းမွေး နှစ်ဘက်ကလည်း တဆတ်ဆတ် ခုန်လျက် ရှိနေလေ၏။ တောင့်တင်း လှသော လက်ကို ဆန့်ထားရင်းက အမှတ်စဉ် ရေတွက်နေသကဲ့သို့ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကျော်ဖြတ်လျက် ရှိပါ၏။ ထိုစဉ်မှာပင် အိမ်တွင်း တိုင်ကပ်နာရီ ကြီးဆီက မနက်ခင်း ဆယ်နာရီထိုးသံ ဆယ်ချက်သည် ဒင်ခနဲ ဒင်ခနဲမြည်လာ ခဲ့သည်။

"ဒင်... ဒင်... ဒင်... ဒင်... ဒင်..."

ဖိုးကူး၏ ငိုသံက အီခနဲထွက်လာခဲ့သည်။ ကြောက်ရွံ့ ထိတ်လန့်ခြင်း၊ ကြေကွဲဝမ်းနည်းခြင်း၊ ခိုးကိုးရာမဲ့ခြင်း စသည့် ခံစားမှုများ ဖိစီးလာခဲ့ရာက ငိုလိုက်ခြင်း ဖြစ်သည်။ ရက်စက်လှသော အနိဋ္ဌာရုံကို စက္ကန့်ပိုင်းအတွင်း မြင်လိုက်ရမှာကို မမြင်ဝံ့ မကြားဝံ့ ရှိနေခဲ့သည်။ မလှအုံက မြေပေါ်မှာ ထိုင်ချလိုက်ရင်း ဒေါ်ပန်းရုံကို ပေါင်ပေါ် ပွေ့တင်လိုက်သည်။ ကွဲသွားသော နဖူးစပ်က သွေးတွေ မြင်မကောင်းအောင် ထွက်နေတာကို လက်ဖ၀ါးဖြင့် သုတ်ပေး နေခဲ့သည်။ သွေးတွေ ပေကျံ နေသော လက်ဖ၀ါးကို အင်္ကျီရင်ဘတ်မှာ သုတ်နေ ခဲ့သဖြင့် မလှအုံ ရင်ဘတ် တစ်ခုလုံး ချင်းချင်း ရဲလျက် ရှိပါ၏။

သည်နေ့မှ ကိုဖိုးငွေနှင့် ဖိုးတုတ်တို့ သားအဖနှစ်ယောက် စလုံး ပဲလုံးတိုက်ရန် မနက်စောစောကပင် တောထဲ လှည်းဖြင့် ထွက်သွားကြပေရာ သည်အချိန်ဆိုလျှင် တစ်ခေါက်ပြန်လာခါနီးကြပြီ။ မလှအုံမှာ လင်နှင့် သားအတွက် ပူမိရသည့် ကြားက သတိ မရသေးသော ဒေါ်ပန်းရုံအတွက် အပူကြီး ပူနေရ ရှာသည်။ မြင်ကွင်းက မကောင်းလှပါ။ သူကြီး ဦးသာထန်ကတော့ ကျရောက်လာသော ဘေးဆိုးကို ရင်ဆိုင်တော့မည့် အသွင်ဖြင့် မျက်စိကို စုံမှိတ်ထားလိုက် ရှာသည်။ ပဲမှော်တိုက် ကြွက်လျှောက်တန်းမှာ သေနတ်ရှိသော်လည်း အိမ်မှာ မရှိကြောင်း အကျောက်အကန် ပြောခ့ဲမိပြီ။ အခုမှ ရှိပါသည်၊ ယူပေးပါမည် ပြောလိုက်ရင်ကော။

တကယ်တော့ အင်္ဂလိပ်မင်းက သူ့ကို အသိအမှတ်ပြု ဆုချထားတာမို့ နှမြောသဖြင့် ၀ှက်ထားမိခြင်းသာ ဖြစ်၏။ သေနတ်ကို ခင်တွယ်တာထက် ဂုဏ်ယူလိုခြင်း သက်သက် သာရှိပါ၏။ ဂျပန်စစ်သား နှစ်ယောက်ကပါ သေနတ် ကိုယ်စီဖြင့် ချိန်လျက်ရှိရာ စကားတစ်ခွန်း ထွက်ရန်ပင် လည်ချောင်းတွေ အက်ကွဲနေ သလို ခံစားနေရသည်။ အမှုပွဲစား ကျော်ဒင်ကတော့ သူမွှေခဲ့သည့်မီး သူမ ငြှိမ်းနိုင်တော့ သလို တွေတွေကြီး ရပ်နေလေသည်။ ထိုတစ်ဒင်္ဂကလေးမှာပင် ရိပ်ခနဲ လှုပ်ရှားသွားသော အရိပ်တစ်ရိပ်သည် အလွန် လျင်မြန်စွာ ကိုယ်ထင်ပြလိုက်သည့် ပမာ အားလုံး၏ ရှေ့မှောက်ကို ရောက်ရှိလာလေ၏။ လက်ထဲမှာ ပြောင်းရှည် နှစ်လုံးပြူး သေနတ်ကို ကိုင်ရင်း ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မအိမ်ကံ...။

မအိမ်ကံက အမှုပွဲစား ကျော်ဒင်၏ လည်ချောင်းကို သေနတ်ပြောင်း ထောက်လိုက်ရင်း မောင်းကွင်းထဲကို လက်ညှိုး ထည့်ကာ ကွေးထားလိုက်သည်။ နည်းနည်းလောက် ညှစ်လိုက် ရုံဖြင့် ကျည်ဆံ ထွက်သွားရန်သာ ရှိတော့သည်။ ဦးသာထန်၏ ရင်ဘတ်ကို ချိန်ထားသော ဂျပန်စစ်ဗိုလ်၏ ခြောက်လုံးပြူး သေနတ်က မအိမ်ကံဘက်ကို လှည့်လိုက် သည်နှင့် တစ်ချိန်တည်း ဂျပန်စစ်သား နှစ်ယောက်၏ သေနတ်ရှည်ကြီး နှစ်လက်ကလည်း မအိမ်ကံဘက် ဆတ်ခနဲ ထိုးလှည့်လိုက်ကြသည်။

"မအိမ်ကံရေ..."

ငယ်သံပါအောင် အော်လိုက်သော မလှအုံ၏ အသံက ကျယ်ကျယ် လောင်လောင်၊ စူးစူးဝါးဝါးကြီး ထွက်ပေါ် လာခဲ့ လေသည်။
ခင်ခင်ထူး
(ဆက်လက်ဖော်ပြပါမည်)

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ