(Feb-09) မအိမ်ကံ
၂၂။
မအိမ်ကံကတော့ ဘာကိုမျှ ဂရုမစိုက်တော့ပြီ။ တစ်ဒင်္ဂအတွင်း မြင်လိုက်ရသော မြင်ကွင်းက ချောက်ချား စက်ဆုတ်ဖွယ် ကောင်းလှပေရာ ဖြစ်ချင်ရာ ဖြစ်တော့ သဘောဖြင့် ကြွက်လျှောက်တန်းပေါ်က နှစ်လူးပြူးကို ကောက်ယူလိုက်ပြီး ပဲမှော် တိုက်ပေါ်က ခုန်ချခဲ့ခြင်း ဖြစ်သည်။ ကျေးဥက လှမ်းတား လိုက်သေးသော်လည်း မရတော့ပါ။ ဆူပွက်နေသော သွေးတွေက မအိမ်ကံ တစ်ကိုယ်လုံး ဒရောသောပါး ပြေးလွှားနေပါ၏။ မအိမ်ကံ မျက်စိထဲမှာ ဘာကိုမှလည်း မမြင်တော့။ ဖအေကို သေနတ်ဖြင့် ချိန်ထားသော ဂျပန် စစ်ဗိုလ်ထက် အမျိုး သစ္စာဖောက် အမှုပွဲစား ကျော်ဒင်ကို မုန်းတီးလှစွာ နှစ်လုံးပြူးပြောင်းဝဖြင့် လည်မျိုကို ထောက်ထားလိုက်ခြင်း ဖြစ်သည်။ ပစ်လိုက်ချင်လှသော်လည်း မိဘ နှစ်ပါးနှင့် အသက်ချင်း လဲလိုက်ရာမှာကိုတော့ မဖြစ်ချင်။ သည်တော့ သေနတ်ဖြင့် ထောက်ထားရင်းက ခပ်မာမာ အော်လိုက်သည်။
"ကျော်ဒင် အမျိုး သစ္စာဖောက်။ ဒါ နင့်အကြံတွေ မဟုတ်လား။ သည်လောက် လိုချင်တဲ့ သေနတ် ယူသွားစမ်း။ ငါ့အဖေ အသက်နဲ့ လဲရလောက်အောင် တန်ဖိုး မရှိသဲ့ သေနတ်။ ခု ယူသွားစမ်း။ နင်တို့လည်း ခု ထွက်သွားစမ်း။ တစ်သက် တစ်သက်ချင်း နင်နဲ့ငါ တစ်ကွေ့ တွေ့ကြသေးသာပေါ့ဟယ်"
အမှုပွဲစား ကျော်ဒင်က မအိမ်ကံထက် အသက်အရွယ် ကြီးပါ၏။ မအိမ်ကံက နာကြည်းစိတ်ဖြင့် တမင် မလေးမစား ခေါ်ဝေါ် သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ ကျော်ဒင်က နှစ်လုံးပြူး သေနတ်ကို လှမ်းမြင်လိုက်ရသည့် အခါမှတော့ ဂျပန် စစ်ဗိုလ်ကို ကမန်းကတန်း လှမ်းအော်လိုက်သည်။ ဂျပန် စစ်ဗိုလ်က မအိမ်ကံကို တစ်ချက် ပြူးကြည့်လိုက်ရင်း ချိန်ထားသည့် ခြောက်လုံးပြူးကို ချလိုက်သည့်အခါ ဂျပန် စစ်သား နှစ်ယောက်၏ သေနတ်တွေပါ ပုံမှန် ဖြစ်သွားကြလေသည်။ ဂျပန်စစ်ဗိုလ်က မေးခွန်း တွေမေးနေတာကို ကျော်ဒင်က ထစ်ထစ်ငေါ့ငေါ့ စကားလုံးရှာကာ ပြန်ပြောနေသည်။ ဂျပန်စစ်ဗိုလ်က ဘာတွေ အော်လိုက်သည် မသိ။ ဂျပန်စစ်သား တစ်ယောက်က မအိမ်ကံ လက်ထဲက နှစ်လုံးပြူး သေနတ်ကို ဆွဲယူလိုက်သည်။ ဂျပန်စစ်ဗိုလ်က ခြောက်လုံးပြူး သေနတ်ကို ခါးကြားထိုးပြီး ချာခနဲ လှည့်ထွက် သွားတော့ ဂျပန်စစ်သား နှစ်ယောက်ကလည်း တန်းခနဲ ထက်ကြပ်မကွာ လိုက်သွားကြသည်။ ကျော်ဒင်က မအိမ်ကံကို တစ်ချက် လှမ်းကြည့်ရင်း လက်နှစ်ဖက်ကို ခါးမှာ စုံထောက် လိုက်၏။ မအိမ်ကံမှာ တစ်ကိုယ်လုံး ပေပွနေသည်။ ရက်ကန်းရုံ ရှင်းလင်း လက်စဆိုတော့ မျက်နှာပေါ်မှာ ပိုးမျှင်မည်းမည်း တွေခဲခဲလှုပ်ကာ မည်းသည်းနေပြီး ခေါင်းပေါင်းကြီး ဖြုတ်လာသဖြင့် ဆံပင်တွေက ဖရိုဖရဲနိုင်လှသည်။ ပဲမှော်တွေကလည်း တစ်ကိုယ်လုံး ဆံပင်တွေပါ မကျန် စူးဝင်နေသည်။ ဒေါသကြောင့် မျက်နှာကလည်း ခက်ထန် မာကြောလွန်းလှပါ၏။
"ကျုပ် ခင်ဗျားတို့ အားလုံးရဲ့အသက်ကို ကယ်လိုက်သယ် မှတ်ပါ။ မအိမ်ကံကို စိတ်မနှံ့သဲ့ မိန်းကလေးပါလို့ ကျုပ် ရှင်းပြ လိုက်ရသယ်။ မအိမ်ကံရေ နင်ပြောသလို တစ်ကွေ့တော့ တွေ့ကြရမယ်နဲ့တူပါရဲ့"
"ဟုတ်သယ်။ ထင်းခွေရော ရေခပ်ရော ကြုံလိုက်ချင်လှသယ်။ အပွေးနဲ့အခေါက်၊ အသားနဲ့အနှစ် ခွဲကြသေးတာပေါ့"
ကျော်ဒင်က မအိမ်ကံကို မဲ့ပြုံး တစ်ချက် ပြုံးကြည့်ပြီး သုတ်သုတ်ပါအောင် ထွက်သွားတော့သည်။ ဂျပန်စစ်ဗိုလ်နှင့် ကျော်ဒင်တို့ပြန်သွားတော့မှ သတိပြန်ရလာသော အမေပန်းရုံကို အိမ်ထဲ ပွေ့ယူခဲ့ကြရသည်။ ဦးသာထန်ကိုပါ အိပ်ရာပေါ် လှဲစေကာ ပြုစုကြရသည်။ အမေပန်းရုံ နဖူးအကွဲက သွေးမထွက်တော့ သော်လည်း သွေးစေးတွေ စေးကပ်နေသည်။ မလှအုံက ရေနွေးဖြင့် သန့်စင်ပေးရင်း ဆေးမှုန့်သိပ်သည်။ ဒေါ်ပန်းရုံက တစ်ချက်ကလေးပင် မညည်းရှာပါ။ ရက်ကန်းထည်ရက်စ သန့်သန့်ဖြင့် ခေါင်းကိုပတ်ပေးကာ အသာမှိန်းနေစေသည်။ ဦးသာထန်ကိုတော့ ပဲလုံးတိုက်ရာက ပြန်လာသော ကိုဖိုးငွေတို့ သားအဖက ပြုစုပေးနေပါ၏။
"ကျုပ်တို့က ပြန်လာသာကြာပြီ။ ရွာအနောက်ထိပ် ရောက်တော့ အိမ်မ၀င်ကြနဲ့ဦး။ ဂျပန်တွေ ရောက်နေသယ် ပြောလို့ လှည်းရပ်ပြီး စောင့်နေကြရသာ။ ကျော်ဒင် တော်တော် ရက်စက် ပါလား လှအုံရာ။ ကိုယ့်ရွာသူ ရွာသားချင်းကိုဟာ..."
"သြော်... ကျုပ်တော့ လိပ်ပြာကို စင်ရော ကိုရင်ရေ။ ခုထိ ရင်ထဲ ဆိုးဆိုးဆတ်ဆတ်ကြီး။ မအိမ်ကံ ထွက်လာတော့ ဂျပန် စစ်ဗိုလ်က ထိုးပစ်လိုက်ပြီ မှတ်သာ။ တော်ပါသေးရဲ့ ငါ့ညီမလေး သေကံ မရောက်တော်"
ကျေးဥကတော့ ပဲမှော်တိုက်ပေါ်မှာတင် ကြောက်သေးတွေ ပါနေလို့ မနည်း ဆွဲချယူရပါ၏။ ရွာထဲက လူတော်များများ ရောက်လာကြကာ လူနာမေး သတင်းမေး မစဲတော့ပါ။ ဒါကလည်း ရွာ့ဓလေ့ပင်။ လူမမာမေး၊ အကျိုးအကြောင်း မေးလိုက်ကြရမှ ၀တ္တရား ကျေတယ် အောက်မေ့ တတ်ကြပါ၏။ အေးအေးသက်သာ နားနေကြပါစေ မရှိ။ အကြောင်းကိစ္စ ပေါ်လာသည်နှင့် ရပ်ရွာက ရောက်လာ ကြမြဲဖြစ်သည်။ မေးကြ၊ မြန်းကြ၊ မှတ်ချက်တွေ ပေးကြ။ ကျိန်တဲ့ သူက ကျိန်ဆဲကြတာလည်း ရှိပါ၏။ ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာလည်း ပါပါ၏။ အများကတော့ ကြီးတော်စံရွှေနှင့် အမှုပွဲစား ကျော်ဒင်တို့ကို မဲကြသည်။ ဂျပန်တက် ကတည်းက ဒင်းတို့ နှစ်ယောက် ခြေချင်း လိမ်နေကြကြောင်း၊ ကျော်ဒင်က ရွာအုပ်ချုပ်ရေးမှူး လိုလို ဘာလိုလို လုပ်နေပြီး ကြီးတော် စံရွှေကတော့ လာသမျှ ဂျပန်ကို ဒိုင်ခံ ဧည့်ခံ နေကြောင်းတွေလည်း ပါသည်။
ဒေါ်ပန်းရုံကတော့ အမှု ပွဲစား ကျော်ဒင်ကို ကြံဖန်ပြီး ကျေးဇူး တင်နေခဲ့ပါ၏။ သူက မအိမ်ကံကို စိတ်မနှံ့သူပါ ပြောလိုက်သဖြင့် အသက် ချမ်းသာရာ ရသွားခဲ့တာ မဟုတ်လား။ မအိမ်ကံကတော့ ကျော်ဒင်ကို အခဲ မကျေနိုင်ဘဲ ရှိပါ၏။ သူမ တစ်သက်လုံး မိခင်နှင့် ဖခင်ကို ရွာက တရိုတသေ ရှိခဲ့ကြတာကိုပဲ မြင်ခဲ့၊ ကြားခဲ့၊ တွေ့ခဲ့ရသည်။ အခုတော့ မိဘနှစ်ပါးကို ကိုယ်ထိ လက်ရောက် လာစော်ကားတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာမို့ အသည်းကို အပ်နှင့် ဆွလိုက်သကဲ့သို့ပင် နာကြည်း ခံပြင်းနေမိသည်။
သူကြီး ဦးသာထန်ကတော့ အိုကြီးအိုမ အရွယ်ရောက်ကာမှ ကိုယ်ထိလက်ရောက် စော်ကားခံရလေခြင်း ဆိုသည့် စိတ်နှင့် အိပ်ရာထဲ လဲလေတော့သည်။ အတော်ကလေး ခံစားလိုက်ရပုံ ရပါ၏။ ဘယ်သူ့ကိုမှ စကားဟဟ မပြောတော့ဘဲ အိပ်ရာထဲမှာပဲ အနေများခဲ့သည်။ နောက်နှစ်ရက်လောက် အကြာမှာတော့ ကိုဖိုးငွေက သတင်းတစ်ခု သယ်ဆောင်လာခဲ့သည်။ ထိန်ကုန်း သူကြီး ဦးဘဆယ်ကို သူ့ရွာမှာ ဂျပန် အသတ်ခံလိုက်ရသည် ဆိုသည့် သတင်း ဖြစ်ပါသည်။ ထိန်ကုန်း သူကြီးဦးဘဆယ်က သေနတ်ကို မအပ်နိုင်ကြောင်း ငြင်းဆန်ရာမှ ဂျပန်စစ်ဗိုလ်က လက်ပြန် ကြိုးတုပ်စေပြီး သူကြီး ၀ိုင်းတိုက်ထဲမှာပဲ အမျိုးမျိုး နှိပ်စက်ခဲ့ကြောင်း၊ နောက်ဆုံးမှာ ပစ်သတ် လိုက်ကြောင်းတွေပါ ကြားခဲ့ရသည် ဆို၏။
ရက်စက်လှသော သတင်းစကားကို ဦးသာထန် မကြား စေချင်။ ထိန်ကုန်းသူကြီး ဦးဘဆယ်က သူကြီးဦးသာထန်နှင့် ခင်မင် ရင်းနှီးရုံမက သူ့ရွာ၊ ကိုယ့်ရွာ အကျိုးအကြောင်း အဆက် အသွယ် ပြုနေကျ။ အင်္ဂလိပ်ပေးခဲ့သည် ဆိုသော သေနတ်တွေကို လိုက်သိမ်းနေတာကို မပြောသာသော်လည်း သည်လောက် အထိ ပြုရက်ကြလိမ့်မည် မထင်ခဲ့ကြ။ ရွာတွေမှာ ဂျပန်တွေက နွားဆွဲ၊ ကြက်ဆွဲ လုပ်နေကြသည်။ လိုချင်စရာ ရှိလျှင် အတောင်းအရမ်း မရှိဘဲ ယူငင် တတ်ကြသည်။ ရွာ့မိန်းကလေးတွေကို ဆွဲချင်၊ လွဲချင်ကြတာကိုလည်း ကြားနေရပါ၏။ မအိမ်ကံနှင့် ကျေးဥလည်း ရွာထဲက ရွာပြင် မထွက်ကြတော့ဘဲ ရက်ကန်းရုံထဲမှာ အနေများ ကြတော့သည်။ အထည်တွေကိုတော့ ကိုဖိုးငွေတို့ သားအဖနှင့် သူကြီးတပည့်များက သွားပို့ပေးကြသည်။
တစ်ရက်မှာတော့ အဖေ ဖြစ်သူကို ဆန်ပြုတ်ခွံ့ရင်း မအိမ်ကံ စကားတွေ ပြောနေခဲ့ပါ၏။ ဦးသာထန်က ရောဂါကြီးကြီး မားမား မရှိဘဲ စိတ်ဓာတ်တွေ ပြိုဆင်း နေပေရာ မအိမ်ကံက မကြာခဏ ဆိုသလို ဖခင်ကြီး စိတ်သက်သာရာ ရကြောင်း စကားတွေ လာလာ ပြောတတ်သည်။ အခုလည်း မအိမ်ကံ အဖေ့အနား ရောက်လာခဲ့ခြင်း ဖြစ်ပါ၏။
"အဖေ နေကောင်းရဲ့လား"
"ကောင်းပါ့ သမီးရယ်။ အဖေ့ကို မပူပါနဲ့အေ။ ခေတ်အခါက..."
"ခေတ်အခါတွေ ဘာတွေ တွေးမနေပါနဲ့ အဖေရယ်။ အဖေ နေကောင်းအောင်သာ နေပါ။ အဖေတို့ အမေတို့ နေကောင်းထိုင်သာ ရှိဖို့ထက် တခြား ဘယ်ဟာမှ အရေးမကြီးဘူးနော် အဖေ"
ဦးသာထန်က သမီးဖြစ်သူကို လှဲနေရင်းက ပြုံးကြည့် နေသည်။ အဖေပြုံးတာ မြင်ရတော့ မအိမ်ကံ ၀မ်းသာရပါ၏။ အဖေ စကား မပြောတာ ကြာပြီ။ ကျော်ဒင်လည်း ရွာက ပျောက်သွားတာ ကြာပြီ ဆိုတော့ ရွာမှာ ဆိုးဆိုးဝါးဝါး ဘာမှမကြားရတော့။ အဖေကတော့ ကျော်ဒင့်ကို အံ့သြ နေသည်။ ဂျပန်ဝင် လာပြီး မကြာခင်မှာပင် ဂျပန်စကားကို ပါးရည်နပ်ရည် မဟုတ်သော်မှ ပြောနိုင်သလောက် လိပ်ပတ်လည်အောင် ပြောတတ်တာကို အံ့သြနေခြင်း ဖြစ်သည်။ ဂျပန်စစ်ဗိုလ် ရိုက်လိုက်သည့် ဒဏ်ကြောင့် ဦးသာထန်မှာ ရှိသမျှ သွားကလေး ငုတ်စိတွေ ပြုတ်ထွက်ကုန်သည် အထိ ပြင်းထန်ခဲ့သည် ဖြစ်ရာ မအိမ်ကံ ကလည်း တွေးမိတိုင်း တဆစ်ဆစ် နာကျင်လျက်ရှိရပါ၏။
"ကျော်ဒင်ကတော့ ဇောင်ချမ်းကုန်းက ခွာပြီး တခြားရွာတွေများ ဒုက္ခ သွားပေးနေရော့ လားကွာ"
အဖေကတော့ တစ်ခါတစ်ရံ သူ့လို ဒုက္ခရောက်ကြမှာကို စိုးရိမ်သလို ပြောနေ တတ်တာကိုလည်း မအိမ်ကံ ကြားနေရသည်။ အမေပန်းရုံကတော့ စိတ်ကူး တစ်မျိုး ရှိပုံရသည်။ မအိမ်ကံကိုပဲ အရိပ် တကြည့်ကြည့် ပိုမို ရှိလာခဲ့ပါ၏။ တစ်ရက် အဖေ အိုကြီးကို မအိမ်ကံ နှိပ်နယ်ပေးသခိုက် အမေပန်းရုံ အနားကို ရောက်လာခဲ့သည်။ ထိုနေ့က မလှအုံတို့တစ်တွေ တောထဲက စိုက်ခင်းတွေဘက် သီးနှံ သိမ်းသွားကြသည်။ အရီးကြာညွန့်နှင့် ကျေးဥတို့ သားအမိကတော့ ရက်ကန်းရုံထဲမှာ။
"ငါ့သမီးကို အမေ စကား ပြောချင်လို့ ကြည့်နေတာ။ ညည်းအဖေ နေကောင်းပြီ ဆိုတော့ ပြောရမယ့်စကား ပြောရတော့မှာပဲ။ ညည်းအဖေကိုလည်း တိုင်ပင် ပြီးပါပြီလေ"
"ပြောပါ အမေ။ မအိမ်ကံ အကြောင်း ပြောစရာ ရှိလို့လား"
"အေးပေါ့ သမီးရယ်။ ဆံထုံးတစ်ထောင် သျှောင်တစ်လုံး ဆိုသာလိုပဲ။ မိန်းမသားဆိုတာ ဂရုမစိုက်ရင် အမှိုက် အဖတ်တင်သာမျိုး မဟုတ်လား"
အမေ စကားတွေ ခံနေတာကို မအိမ်ကံ နားမလည်လှ သော်လည်း အရေးတကြီး စကားရှိလို့သာ သည်လို ပြောနေမှန်း ရင်နှင့်ခံစား လိုက်မိပါ၏။ အဖေ့ကို ကြည့်တော့လည်း အဖေက မျက်စိတွေ မှိတ်ထားသည်။ အမေပန်းရုံက စကားတွေ ဆက်ပြန်လေသည်။
"လိုရင်း ပြောရရင် သမီးကို အမေတို့ အိမ်ထောင်ချ ပေးချင်သယ်။ တစ်လောဆီက ဖြစ်ပျက်ခဲ့သာတွေဟာ ရတနာသုံးပါး ဂုဏ်တော်ကြောင့်သာ သေကံ မရောက် ခဲ့ကြရသာ မဟုတ်လား။ အခုက ကာလဆိုးကြီးရယ်။ ဆင်ဝန်မင်း အရိပ်နဲ့ ဖောင်ဆိပ် ဓားပြတိုက်ကြသာတွေ ကြားနေရတော့ အဖေနဲ့ အမေက သမီးအတွက် ပူသယ်"
"သြော် အမေရယ်။ မအိမ်ကံ..."
"အေးပါ။ အမေတို့ ဖြစ်ချင်သာကို ပြောထားသာပါ။ ဘယ်သူ ဘယ်ဝါရယ်လို့လည်း မရည်မှန်း ရသေးပါဘူး။ သို့ပေတဲ့ ငါ့သမီး သည်ကိစ္စ ရှိနေသယ်လို့တော့ သိစေချင်သယ်။ လူကလေးများ ပြန်လာရင် သည်ကိစ္စ သူ့လည်း ပြောရမှာပေါ့အေ့"
အစ်ကို မောင်မြတ်သာ ပြန်လာရင် မအိမ်ကံကို အိမ်ထောင်ချဖို့ ကိစ္စ ပြောကြမှာတဲ့လား။ အစ်ကိုကဖြင့် ပြောပြီးပါပြီ အမေရယ်လို့ မအိမ်ကံ ပြန်ပြောချင် လှသည်။ ပြောသာ ပြောရတာပါလေ။ အဖေတို့ အမေတို့ စိုးရိမ်မယ် ဆိုရင်လည်း စိုးရိမ်စရာ ကောင်းလှပါရဲ့။ ဂျပန်စစ်ဗိုလ် ၀င်လာသည့် နေ့က အကြောင်း တွေ ပြန်တွေးမိတိုင်း မအိမ်ကံ ရင်တွေ တဒိန်းဒိန်း ခုန်ခဲ့ရသည်။ အဖေနှင့်အမေ လဲနေသည့် ရက်တွေတုန်းက မမစိမ်းမြ လာရောက် ကူညီခဲ့သည်။ မမစိမ်းမြက သူ့ရက်ကန်းရုံကိုပင် ပစ်ထားခဲ့လာကာ စောင့်ရှောက် ခဲ့ရှာပါ၏။ အစ်ကို့ကိုလည်း အန္တရာယ်ကြားက ကဲ့ပေး၊ ၀ှက်ပေးခဲ့သည်။ တစ်ညမှာ ကျေးဥက မ၀ံ့မရဲ စကားတစ်ခွန်း ပြောခဲ့တာ မအိမ်ကံ မှတ်မိ နေသည်။ မမစိမ်းမြကို ရွာက အစ်ကိုမောင်မြတ်သာနှင့် တစ်မျိုး ထင်နေကြသတဲ့။ ကြားစကတော့ မဟုတ်နိုင်ပေါင် ကျေးဥ ရယ်။ အစ်ကိုနဲ့ မမစိမ်းမြ အဝေးကြီးပါအေလို့ပင် ငြင်းခဲ့သေးသည်။ မိဘ မောင်နှမချင်းပင် အတွေ့အထိ နည်းပါးရသူ အစ်ကိုနှင့် မမစိမ်းမြ ဘယ်လိုမှ မေတ္တာရည်စရာ အကြောင်း မရှိ။ မမစိမ်းမြ တစ်ယောက် မအိမ်ကံတို့ အိမ် အ၀င် အထွက်များတာနှင့်ပဲ ရွာက ထင်ကြရော့လား။ ဟုတ်တယ်ပဲ ဆိုပါဦးတော့။ မအိမ်ကံ အဖို့ ၀မ်းသာရမည်သာ။ မမစိမ်းမြက မိန်းမပီသသည်။ ရုပ်ရည် ချောမောသည်။ အကျင့်စာဂကလည်း ပြောစရာမရှိ။ သို့သော်လည်း သည်ဘက်ရက်တွေမှာ အဖေနှင့် အမေကို မမစိမ်းမြ လာလာပြီး ပြုစုပေးတာတွေ ရှိလာတော့ မအိမ်ကံ ကိုယ်တိုင်ပင် ဟုတ်များ နေရော့လား တွေးမိရပြီ။
"မြေညှိတော့ တုံးမညီ၊ တုံးညှိတော့ မြေမညီ မဖြစ်ရအောင်ပေါ့ သမီးရယ်။ သမီးကို အမေတို့ စိတ်ချ လက်ချ ရှိချင်သာပါပဲ။ ကျေးဥကိုလည်း ဖိုးတုတ်နဲ့ နေရာ ချထားပေးဖို့ မကြာညွန့်ကို နားဖောက်ပြီး ကြပြီ။ သမီးလည်း စဉ်းစားပါဦး။ အမေ ပြောချင်သာ သည်လောက်ပါအေ"
အမေပန်းရုံကတော့ သည်လောက်ပဲ ပြောရှာပါ၏။ အမေ ပန်းရုံ ထသွားတော့ မအိမ်ကံလည်း ထလာခဲ့သည်။ အဖေ့ကို ရှက်လွန်းလှ၍ ဖြစ်သည်။ အဖေကတော့ အိပ်၍ပင် ပျော်နေလေပြီ။ သည့်နောက်ပိုင်း ရက်တွေမှာတော့ မအိမ်ကံ အတွေးတွေ များခဲ့ရသည်။ သည်အမိ သည်အဖနှင့် တစ်သက်လုံး နေရဖို့ဆိုတာကို မအိမ်ကံ မမျှော်လင့် စကောင်းမှန်းလည်း သိပါ၏။ ငယ်ရွယ်သူ မိန်းမသားပီပီ မေတ္တာဓာတ်ကလေး ပွင့်ချင်ချင် ဖြစ်မိတာလည်း မှန်ပါ၏။ သို့သော် မအိမ်ကံ၏ အတွင်းစိတ် တစ်စိတ်က ကလေး တစ်ယောက်လို နေချင်တာလည်း ရှိနေသည်။ အခုပဲကြည့်လေ။ အစ်ကိုမောင်မြတ်သာက မမစိမ်းမြနှင့် ဘာလိုလိုတဲ့။ ကျေးဥနဲ့ ဖိုးတုတ်လည်း စုံဖက်ကြတော့မည်တဲ့။ သာအောင်နှင့် ရွှေမှုံကတော့ကော။ မင်္ဂလာပွဲကြီးတောင် ကျင်းပပြီးခဲ့ကြပြီ။ သီတင်းကျွတ် လပြည့်ကျော်တုန်းက သူတို့ နှစ်ယောက် မင်္ဂလာပွဲကို မအိမ်ကံ ရောက်ဖြစ်အောင် ရောက်ခဲ့သည်။ မာနစိတ် ကလေးဖြင့် မအိမ်ကံကိုယ်တိုင် မျက်နှာသွား ပြခဲ့ခြင်း ဖြစ်သည်။ ရွာ့မျက်နှာကြီး မင်္ဂလာပွဲ ဆိုတော့ စည်လှသည်။ အဝေးရွာတွေက လှည်းတွေပင် လာကြတာ မနည်းလှ။ အသားဝါချော မအိမ်ကံက မြို့ထည် ပိုးချိတ်အ၀ါရောင်နှင့် ရှံဝါကလေး ၀တ်ထားသဖြင့်လည်း စိုပြည်ပြည်နဂို အသားအရေပင် ၀င်းအိ နေခဲ့သည်။ သတို့သမီး ရွှေမှုံပင် မအိမ်ကံကြောင့် မှိန်သွား ခဲ့ရသည်။ ကြီးတော်စံရွှေကပင် မအိမ်ကံ ရောက်လာခြင်းကို တစ်ဂုဏ် လုပ်နေခဲ့သေးသည်။ အညှိုးတွေ အတေးတွေ မရှိတော့ လေဟန် ဆက်ဆံနေသော်လည်း မအိမ်ကံက လုံးလုံးကြီး ယုံရဲခဲ့တာ မဟုတ်။
ဘာပဲဖြစ်ဖြစ် ခုတော့လည်း မအိမ်ကံမှာ ခူးတော့ သခွား၊ စားတော့ ဖရုံဖြစ်နေရတာ မဟုတ်လား။ ထိုရက်တွေက မအိမ်ကံ မပျော်လှပါ။
ထိုနေ့က အိမ်ရှေ့မှာ ကျီးတွေ သာနေသည်။ ကျီးတွေက တစ်ပြိုင်တည်း လိုလို အော်နေကြခြင်း ဖြစ်သဖြင့် အသံသာလျက် ရှိပါသည်။
"အာ့... အာ့... အာ့..."
မအိမ်ကံတို့ အိမ်က သစ်ကြီးဝါးကြီးတွေ ရှိသဖြင့် ငှက်တွေ အနေ များပါသည်။ မလှအုံက ဆွမ်းတော် စွန့်ရန် ခုံကလေးရိုက် ထားတော့ ရှဥ့်တွေ တရုန်းရုန်း လာစားကြတာလည်း ရှိပါ၏။ မအိမ်ကံနှင့် ကျေးဥက ဒုတိယ ၀ါဆိုလကွယ်နေ့ ဥပုသ်ဆိုတော့ ဘုန်းကြီးကျောင်းကို ဆွမ်းပို့ရန် ပြင်ဆင်ထားကြရင်း ကျီးသာ သံကြားလိုက်ရတော့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ရင်း ပြုံးဖြစ်ကြသည်။ ကျီးတွေက အသံသာလွန်း လှတာမို့ ရွှေဧည့်သည်များ လာလေမလား၊ ငွေဧည့်သည်များ လာလေ မလား။
"ကိုကြီး မြတ်သာရော၊ ဆရာလေး ကိုပြေသိမ်းရောပေါ် မလာသာ ကြာပြီနော် မအိမ်ကံ"
"အစ်ကိုကတော့ ပျဉ်းမနားမှာတဲ့။ ကိုပြေသိမ်းကတော့ မိန်းမများ ရနေသလားမှ မသိသာအေ"
မအိမ်ကံက အငေါ်တူးတာကို ကျေးဥက ရယ်သည်။
"ဟုတ်ထင်ပေါင်အေ။ ကိုပြေသိမ်းက တောသူ ယူမှာပါ"
"ညည်း ဘယ်လင်က ပြောလို့တုံး"
"သိပါ့အေ..."
ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ကိုပြေသိမ်း မလာတာ နှစ်ဝက် ကျိုးတော့မည်။ ဘာတွေလုပ်လို့ ဘယ်တွေရောက်နေ မှန်းလည်းမသိ။ ပက်ကျိ လမ်းသွားသလို အစေးအမျှင် ကလေးတွေ ထားခဲ့တာက လွဲလျှင် နောက်ထပ် လူမလာ၊ စာမပါး အနေများ ကြာခဲ့လေပြီ။ နေနိုင်သူက နေနိုင်မှတော့ မအိမ်ကံက မိန်းကလေး ပါရှင်ရေ့။ ခင်ပုပ်က ပျံမှတော့ ဘုတ်ကလည်း ပျံရတော့မပေါ့။ ပြောသာ ပြောရတာပါလေ။ မိန်းကလေး ဆိုတာ စိတ်ကလေးရှိတော့ ကိုယ်ကြွ၊ စိတ်ကလေးလေတော့ ကိုယ်ပါ နောက်ရသည့် အဖြစ်။ လွမ်းတာတောင် ရဲရဲမလွမ်းဝံ့။ နဖူးပေါ်က လိပ်ခွေ ဆံပင်၊ ပြုံးရိပ်ရိပ် မျက်နှာ၊ ကြည်ကြည် သန့်သန့် ကိုယ်မူကလေး ရှိသော ကိုလူပျိုကို လွမ်းသော်လည်း မဆိုင် သေးတော့လည်း မပိုင်သာ။ မလှအုံက ဆွမ်းရပြီဟေ့ ဆိုတော့မှ အိမ်ပေါ်က ဆင်းလာ ခဲ့ကြသည်။
ရင်ဖုံးလက်ရှည် ကလေးနှင့် ရက်ကန်းထည် ပတ်လည်စင်းကလေး ၀တ်ထားတော့လည်း မအိမ်ကံက ယဉ်ပါ၏။ ဘုန်းကြီးကျောင်း သွားတာ ဆိုတော့ ဖျင်တဘက် ကလေးတစ်ထည် လည်မှာ သိုင်းကာ သနပ်ခါး ရေကျဲကလေးဖြင့်သာ ထွက်လာခဲ့သည်။ ကျေးဥက ဆွမ်းအုပ်ကို ရွက်သည်။ မအိမ်ကံက နှီးယွန်း လက်ဆွဲ ဟင်းချိုင့်ကို ဆွဲကာ ကျောင်းဘက် လျှောက်ခဲ့ကြသည်။ ဆရာတော်ကြီးပင် သက်တော် ရလှပြီ။ မာတုန်းချာတုန်း။ အဖေ့ထက် ကြီးသော်လည်း အဖေ့ထက် ဖျတ်လတ်တော်မူသည်။ စကားပြောတော့လည်း လေမာသည်။ မအိမ်ကံက ဆွမ်း လက်ရောက်ကပ်တော့ ဆရာတော်ကြီးက မိန့်သည်။
"မအိမ်ကံ နင့်မိဘများ နေကောင်း ကြရဲ့လား။ ဘယ်သူ့ကိုမှ စိတ်မစွဲနဲ့လို့ ပြောလိုက်။ အကြောင်းပါရင် ဖယ်လို့ မရဘူး။ တို့ဘုရားရှင် ကိုယ်တော် မြတ်ကြီးတောင် ၀ဋ်ကြွေး မကင်းခဲ့ဘူးကွယ့်။ အကုသိုလ် မဆက်စေနဲ့တော့။ သံသရာ အပါမခံနဲ့တော့ ကြားလားဟဲ့"
"ကြားပါ့ ဘုရား။ တပည့်တော်မ ပြောလိုက်ပါ့မယ် ဘုရား"
"မောင်ဥာဏ် ဆွမ်းလှယ်လှည့်"
"တပည့်တော်မတို့ လှယ်ခဲ့ပါ့မယ် ဘုရား"
"အေးအေး လှယ်ချေ"
မအိမ်ကံတို့ ကျောင်းနောက်ဘက်ဆောင်မှာ ဆွမ်းတွေ လှယ်ကြသည်။ ကျောင်းသားကြီး မောင်ဥာဏ်က ပန်းကန်တွေ ချပေးတာကို မအိမ်ကံက ဆွမ်းဟင်းတွေ အလိုက်သင့် လှယ်ပါသည်။ ဆွမ်းချိုင့်နှင့် ဆွမ်းအုပ်ကို မလာခဲ့ကြတော့ ဆရာတော့် ရှေ့မှာ လူတစ်ယောက် ၀တ်ဖြည့်နေသည်။ မအိမ်ကံတို့ ကလည်း အမှတ်တမဲ့။ ဆရာတော်ကို ၀တ်ဖြည့်ဖို့ ထိုင်လိုက် တော့မှ...
"ဟယ်... ကိုပြေသိမ်း"
ကိုပြေသိမ်း။ မအိမ်ကံ ဘယ်လိုမှ မထင်မှတ်ထားပါ။ အထူးသဖြင့် ဘုန်းကြီးကျောင်းကို တကန်တက လိုက်လာလိမ့် မည်လို့လည်း မထင်။ မအိမ်ကံက ဘုရား ရုပ်ပွားတော်နှင့် ဆရာတော်ကို ကပျာကယာ ၀တ်ပြု လိုက်ရတော့သည်။ ရင်ထဲမှာ ဖော်မပြ နိုင်လောက်အောင် ၀မ်းသာမိရပါ၏။ အမျှော်ကြီး မျှော်ရသူရယ်။ လာမယ့် လာတော့လည်း ဆိုက်ဆိုက်ကြီးပါလား။ ပျံလေတဲ့ ငှက်ခါး တစ်ခါလာ နားပြန်ပါပကော။
"အခုပဲ ရောက်တာ မအိမ်ကံရဲ့။ အမေပန်းရုံတို့က ဘုန်းကြီးကျောင်း ဆွမ်းပို့ သွားကြတယ် ပြောတာနဲ့ ဆရာတော်ဘုရား ကန်တော့်ရင်း လိုက်လာတာ"
မအိမ်ကံက ဆရာတော်ကို ကိုပြေသိမ်း အကြောင်း ပြောပြသည်။ ဆရာတော်က နိုင်ငံရေး၊ တိုင်းရေးပြည်ရေး အကြား အနာ ရုံရှိရုံမက မြို့က သတင်းစာဟောင်းတွေ အမြဲ ဖတ်တော်မူသူ မဟုတ်လား။ ကိုပြေသိမ်း အကြောင်း သိလိုက်ရတော့ ၀မ်းသာတော်မူသည်။
"တစ်လောက ကြည်တော်ကုန်းဘက်မယ် ကျောင်း ပြန်ဖွင့်တော့မလိုလို ကြားသာ မင်းတို့ပဲလား"
"တင်ပါ့။ တပည့်တော်တို့ပါ ဘုရား။ အင်္ဂလိပ် မူလတန်း ပညာရေး ဥပဒေကခွင့်ပြုလို့ တပည့်တော်တို့ အကောင်အထည် ဖော်ဖို့ လုံးပန်းကြတုန်း အင်္ဂလိပ်က ဆုတ်သွားတော့ ကျောင်းကိစ္စလည်း ရပ်သွားရတာပါ ဘုရား။ အခုက ဂျပန်က အရှေ့အာရှတိုက် လူငယ်များ အစည်းအရုံးဆိုတာကို သည်ဘက်ရက်တွေ ထဲမှာပဲ ဖွဲ့ခွင့်ပြုလို့ တစ်ခါ ပြန်ဖွင့်ခွင့် ရပါပြီဘုရား"
"အရှေ့ အာရှတိုက် လူငယ်များ အစည်းအရုံး ဆိုသာက ဘာတုံး။ ဘယ်သူ့လူတုံး"
"ဂျပန်ကတော့ ပါတာပါပဲ ဘုရား။ မြန်မာလူငယ်တွေက ရည်ရွယ်ချက် တစ်ခုနဲ့ ဗလငါးတန် ဖွံ့ဖြိုးရေး အကြောင်းပြုပြီး ဖွဲ့လိုက်ကြတာပါ ဘုရား။ ဥက္ကဋ္ဌက ပုဂံဦးဘဂျမ်း ပါတဲ့ဘုရား"
"ရန်ကုန်မြို့မှာ ဖွဲ့ကြသာလား"
"တင်ပါ့ဘုရား။ ရည်ရွယ်ချက် ကတော့ စာသင်ကျောင်းတွေ စာဖတ်ခန်းတွေ ဖွင့်ဖို့၊ ဟောပြောပွဲတွေ၊ စကားရည်လုပွဲတွေ၊ ကျဘမ်းစကား ပြောပွဲတွေ လုပ်ကြဖို့၊ သိုင်းပညာ သင်ကြဖို့၊ အားကစား လိုက်စားကြဖို့က အစ ရပ်ကျိုး ရွာကျိုး၊ ရေတွင်း ရေကန်ဆယ်တာ အထိ ပါပါသဘုရား"
"ကောင်းလှသကွယ်။ ဒေါက်တာဘမော်က ခွင့်ပြုသာပေါ့ ဟုတ်ကဲ့လား"
"ခွင့်ပြုပါသ ဘုရား။ ဂျပန်ကလည်း စစ်အောင်နိုင်ရေး အင်အားလို့ သဘောထားလို့ ဖွဲ့ခွင့်ရတာပါ ဘုရား။ သို့သော်လည်း လူငယ်တွေက ရည်ရွယ်ချက် ရှိကြပါသဘုရား"
"မင်းက ဘာတာဝန်လဲ"
"စည်းရုံးရေးမှူးပါ ဘုရား"
ဆရာတော့် ကျောင်းက ဆင်းတော့ ကျောင်းလှေကားမှာ မအိမ်ကံက ကိုပြေသိမ်း ချွတ်ထားခဲ့သော ဖိနပ်ကို အလိုက်သင့် နေရာချပေးသည်။ ကျေးဥက ဆွမ်းအုပ်ကို ရွက်ရင်း ရှေ့က သွားနှင့်ပြီ။ ကိုပြေသိမ်းနှင့် မအိမ်ကံ စကားတွေ ပြောရင်း နောက်က လိုက်ခဲ့ကြသည်။ မအိမ်ကံ ရင်တွေ ခုန်နေရပြီ။ လာတော့လည်း ၀မ်းသာရတာပဲ မဟုတ်လား။ ကိုပြေသိမ်းက မအိမ်ကံတို့ အိမ်ကိုဝင်တော့ ဘုန်းကြီးကျောင်း သွားကြတယ် ပြောကတည်းက ဟန်ပင် မဆောင် နိုင်တော့ဘဲ မအိမ်ကံကို တွေ့ချင်လွန်းလို့ ထင်ချင်သလို ထင်ကြရော့ သဘောပိုက်ကာ လိုက်လာရကြောင်းတွေ ပြောလာခဲ့သည်။ မအိမ်ကံကတော့ ရှက်ပြုံးကလေး ပြုံးထား လိုက်ရပါ၏။ မအိမ်ကံကို တွေ့ချင်လွန်းလို့တဲ့လား။ နတ်လမ်း ရှည်ကြီးထဲ ရောက်လာခဲ့ကြပြီ။
"မအိမ်ကံကိုတော့ ခေါင်းထဲ ရှိသားပါလား ကိုပြေသိမ်းရယ်။ မေ့များ သွားပြီလား လို့ပါရှင်"
"မမေ့ရပေါင်ဗျာ။ ရန်ကုန်ဘက် သွားနေရတာလေ။ မအိမ်ကံတို့ ရွာတွေဘက် ကျအောင် ဆရာကြီး ဦးဘခင်တို့ကပဲ ရန်ကုန် လွှတ်ပြီး စီစဉ်ခိုင်းလို့ သွားရတာပါ။ အခုတော့ ကျောင်းဖွင့်ခွင့် ပါရလို့ ၀မ်းသာမိတယ်။ မအိမ်ကံကကော သတိရလို့လား"
မအိမ်ကံက ချက်ချင်း မဖြေ။ မျက်နှာကလေး ပြုံးထားသော်လည်း မျက်ရည်တွေ ၀ဲခဲ့ပြီ။ ရင်ထဲမှာ စကားတွေ ရှိသော်လည်း မိန်းကလေး ဆိုတော့ စကားလုံးတွေ ရွေးရပါ၏။ မအိမ်ကံကကော သတိရလို့လားတဲ့။ မယူလိုက်ရင် လမိုက်တယ်လို့ ဆိုရော့မည်။ ယူလိုက်ပြန်ရင် လကြိုက်တယ်လို့ ဆိုရော့မည်။ ဆေးတံတို တစ်ညှိုလောက် ရော့သောက်တော့ ပေးနေပြီ မဟုတ်လား။
"ချုပ်နေကျ အပ်များမတော့ သံချေး မတက်အားဘူးပေါ့ ကိုပြေသိမ်းရယ်။ မအိမ်ကံတို့မှာက မချုပ်ရတဲ့ အပ်ပါ။ သံချေးတွေနဲ့ပါ"
ရည်းစားများတဲ့ လူကျတော့ အလွမ်း မနာတတ်ပေမယ့် တစ်ယောက် တစ်ရည်းစားမှာတော့ အလွမ်း နာရပါ၏ ဆိုသည့် သဘော ပြောလိုက်ခြင်း ဖြစ်ပါ၏။ ကိုပြေသိမ်းကလည်း နားလည်ပုံရသည်။ မအိမ်ကံကို တစ်ချက်ငဲ့ကြည့်သည်။ ကျောင်းနှင့် ရွာအ၀င်က လှမ်းသော်လည်း ရွာရိပ် ၀င်တော့မည်။ ကလေး တွေက ကျောင်းနတ်လမ်း အခန်းအဖျားဆီက သစ်ရိပ်မှာ ဆော့ကစား နေကြပါ၏။ နတ်လမ်းရှည်ကြီးက ရှေးဟောင်း နတ်လမ်းကြီး ဖြစ်သည်။ နတ်လမ်း တစ်ခန်းချင်းမှာ ကုသိုလ် ကောင်းမှု ရှင်တွေနာမည် ရေးထိုးထားသည်။ ရှေးကနာမည်တွေ။ အချို့ ပြင်ဆင်ထားသည့် နေရာတွေမှာတော့ ရွာက နာမည်တွေ လည်း တွေ့ရသည်။ ကိုပြေသိမ်းက နတ်လမ်းပေါ်က နာမည်တွေကို လိုက်ဖတ်ရင်း စကားမပြန်ဘဲ ရှိနေခဲ့သည်။ နတ်လမ်း တစ်လျှောက် လူသူမရှိ။ ကစားနေကြသည့် ကလေး တွေနှင့်လည်း ဝေးသေးသည်။ ကိုပြေသိမ်းက အတူလျှောက်ကြရင်း မအိမ်ကံ လက်ကလေးကို လှမ်းကိုင် လိုက်သည်။ အို...။ ရွာကတွေ့မှဖြင့်။ မအိမ်ကံက မသိမသာ ရုန်းသည်။
"ကျွန်တော်တော့ နတ်လမ်းထဲမှာပဲ ပြောချင်တဲ့ စကား ပြောတော့မယ်။ ကျွန်တော် မအိမ်ကံကို မေတ္တာ ရှိနေပါပြီ။ ကျွန်တော့်ကို ယုံပါတော့။ မြင်ရတဲ့နေ့က စပြီး ကျွန်တော် စွဲလန်း နေမိပါတယ် မအိမ်ကံ။ မအိမ်ကံကသာ ခွင့်ပြုရင် မိဘများကို ခေါ်ပြီး တောင်းရမ်း ပါရစေတော့"
မအိမ်ကံက ကိုင်ထားသည့် လက်ကို အသာအယာ ရုန်းလိုက်သည်။ ရောက်လာမည့် လာတော့လည်း လေလိုရောက် လာခဲ့သည်။ ပြောမယ့် ပြောတော့လည်း ဆိုင်းကလေး ဗုံကလေးတောင် မတို့တော့ပါလား ကိုမြို့သားရယ်။ ဟုတ်ပါပြီ တဲ့။ မိန်းကလေး တန်မဲ့ အမျှော်ကြီး မျှော်ခဲ့ရသော မေတ္တာစကားကို ပြောနေပြီကော မအိမ်ကံ။ ညည်း ဖြေကလှည့်။ မအိမ်ကံ စိတ်ကပဲ မအိမ်ကံကို မေးနေလေပြီ။
"ကိုပြေသိမ်းရယ် စံပယ်ကြူတုန်း ပန်သူပြုံးတာမျိုးလား ရှင်။ ကျွန်မတို့မှာ တောသူတွေပါ။ စံပယ်တုံးရင် မောင်ဖုန်း ပျောက်မှာ စိုးရပါသယ်။ တစ်ဘ၀စာ ကိစ္စ နတ်လမ်းထဲမှာပဲ ဖြေဖို့များ ခက်ပါသေးကောရှင်"
"ကျွန်တော့် ရင်ထဲမှာရှိတဲ့ စကားပြောနှင့် ရတာပါ မအိမ်ကံရယ်။ အခါရာသီက မကောင်းရတဲ့ အထဲ ကျုပ်တို့ဘ၀တွေကလည်း နေ့လားညလား ဆိုတာမျိုးပါ။ တစ်ခေါက်ဆီ ကတည်းက ပြောချင်ခဲ့တဲ့ စကားပါ။ မအိမ်ကံပြောတာလည်း မှန်ပါရဲ့။ မအိမ်ကံ စကားပြန်တဲ့ အခါမှာတော့ ကျွန်တော် စိတ်ချမ်းသာပါရစီ မအိမ်ကံရယ်"
မအိမ်ကံက ပြုံးပြလိုက်သည်။ နတ်လမ်းရိပ်က ကျော်ခဲ့ကြပြီ။ ရွာထဲဝင်သည့် လမ်းတွေထဲက တစ်လမ်းကို ချိုးခဲ့ကြသည်။ ဆွမ်းချိုင့် ဆွဲလာသည့် မအိမ်ကံကို ရွာက ၀ိုင်းကြည့်ကြပါ၏။ ကိုပြေသိမ်းကိုလည်း ကြည့်ကြသည်။ မအိမ်ကံ ရင်တွေ ခုန်လျက်က မျက်နှာများပင် ရှိန်းနွေးနွေး ဖြစ်နေရသည်။ သည် အရွယ် သည်အခြေ ရောက်ခဲ့ပြီ ဆိုသော်လည်း တစ်ပါး ယောက်ျားသားက ချစ်လှပါသည် ဆိုသည့် စကား မအိမ်ကံ မကြားဖူးခဲ့။ တောမြိုင် ကန္တာထဲမှာ ပွင့်ရသည့် ပန်း ဆိုတော့လည်း ခူးချင်၊ ဆွတ်ချင်သူတွေ ၀ိုင်းဝိုင်းလည်လှချည့် မဆိုသာပါ။ မအိမ်ကံကို မေတ္တာရှိသည်ပဲ ထားပါဦး။ မအိမ်ကံလို မိန်းမသား အဖို့ ဓာတ်အခိုက်နှင့် နတ်အကြိုက် ဆုံကျဖို့ မလွယ်။ ခုတော့ ကိုပြေသိမ်းက မေတ္တာရှိပါပြီတဲ့။ နှုတ်က မပြောသော်လည်း ရင်က လက်ခံမိခဲ့ပြီ။
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ