(Nov) မအိမ်ကံ 2008
ဝင်းတံခါး နှစ်ချပ်ကြားသို့ လူတစ်ယောက် ရုတ်တစ်ရက် လက်ထိုး ခံလိုက်သဖြင့် မအိမ်ကံ တံခါး မောင်းထိုးရန် မဖြစ်တော့။ မအိမ်ကံမှာ တံခါး နှစ်ချပ် ပွင့်မသွားဖို့သာ အရင် ကြိုးစားနေရသည်။ တံခါးကြီး နှစ်ချပ်ကြား ညှပ်နေသော တိုက်ပုံအင်္ကျီဝတ် လက်ကြီးတစ်ဖက်က မအိမ်ကံဘက်မှာ ရှိနေခြင်း သည်ပင်လျှင် ကြောက်စရာ ကောင်းလှသည်။ မအိမ်ကံ မြင်ရ သလောက် တိုက်ပုံအကျီင်္လက်က အနားတွေ ဖွာထွက်နေကာ အဖာအထေး ကလည်း များလှသည်။ တိုက်ပုံအကျီင်္ လက်ထဲက ထိုးထွက်နေသော လက်ဖျံနှင့် လက်ဖ၀ါး တစ်ခုလုံးသည်လည်း အိုးမဲလိုလို၊ ရှားစေးလိုလို ညစ်မွဲမွဲ ကြေးညှော်တွေ ပေကျံလျက်ရှိပါ၏။
မအိမ်ကံ အတွက်လုပ်စရာ အလုပ်တစ်ချက်သာ ရှိသည်။ တံခါးကြီးနှစ်ချပ်ကို ကိုယ်လုံးဖြင့် ဖိခြင်းအားဖြင့် လက်ညပ် သွားစေနိုင်သည်။ သည့်ထက် အားစိုက်လိုက်ရင် ကျိုးပင် ကျိုးသွားနိုင်သည်။ သည်လူက လှည်းပေါ်က ဖျတ်ခနဲ ဆင်းလာပြီး တံခါးအနီး ရောက်အောင် ကပ်လိုက်တာကို မအိမ်ကံ ၀င်းထဲအ၀င်မှာ သတိထား လိုက်မိသော်လည်း သည်လို အတင့်ရဲလိမ့်မည် မထင်ခဲ့။ သူကြီးအိမ်ကို သည်လို နွမ်းပါးလှသော လှည်းသမား တစ်ယောက်က ပိုင်စိုးပိုင်နင်း လုပ်စရာ အကြောင်းမရှိ။ အဖေ့လူတွေလား။ ဒါမှမဟုတ် အဖေ့ကို ရန်ပြုချင်သူတွေလား။ ခောတ်ကာလ မကောင်းတော့ တချို့ ရွာတွေမှာ သူကြီးကိုပင် ဒုက္ခပေးနေကြတာတွေ ကြားရသည်။ အခုလည်း အဖေ့ကို ရန်လုပ်ချင်လို့ပဲဖြစ်ရမည်။ အဖေ့လူ ဆိုလျှင် သူကြီးမင်း ရှိသလား လောက်တော့ မေးရမည် မဟုတ်လား။ အခုတော့ ပိတ်လိုက်သည့် တံခါးကိုပင် လက်ထိုးခံလိုက်သည်ဆိုတော့ လူကောင်း ဖြစ်စရာမရှိ။ မအိမ်ကံက တံခါးနှစ်ချပ်ကို ကျောကပ်ကာ ဖိပစ်လိုက်သည်။
“ဟဲ့ ဟဲ့ ကံကလေး ငါ့နှမ လက်များ ကျိုးပါရော့မယ် ဟာ၊ ဖွင့်စမ်းပါ မြန်မြန်”
အသံက ခပ်အုပ်အုပ်။ ကံကလေးတဲ့ ငါ့နှမတဲ့။ ဟယ်တော် အစ်ကို မောင်မြတ်သာပေါ့။ မအိမ်ကံ တံခါးကို ကျောဖြင့် ဖိကပ်ရာက လှည့်ကာ လူတစ်ကိုယ်စာလောက် ဖွင့်ပေးလိုက်သည်။ အစ်ကိုမောင်မြတ်သာ ဆိုလို့သာကော။ ၀င်လာသည့် လူကြီးက စုတ်စုတ်ပြတ်ပြတ် နိုင်လှချည်လား။ ကြီးမား ချောင်ပွလှသော ပင်နီထူတိုက်ပုံကြီးမှာ မူလအသားထက် ဖာကွက်က များလှပါ၏။ အရောင်အဆင်း ဆိုတာတော့ ရေသနုတ် ပုဆိုးကမှ ပြောင်သေးသည်။ နှုတ်ခမ်းမွှေး ဖားလျား တွေက စပါးလုံးတစ်ထောက်စာ မကအောင်ပင် ရှည်လျားလှသည်။ ဆံပင် ဘုတ်သိုက်က ကြီးမားလှသော ဖျင်ခေါင်းပေါင်း ကြီးပေါင်းထားသည့်ကြားက လျှံထွက်နေကြ၏။ မျက်တွင်း တွေက ချိုင့်နေလိုက်တာ။ ရင်ညွန့်ရိုး၊ လည်ပင်းရိုး တွေက လည်း ငေါလွန်းလှသည်။ အသားအရေကတော့ ယောဂီရောင် ကျေးတစ်ရာ ပုဆိုးဟောင်းလို ညိုမွဲမွဲ။ မအိမ်ကံက အစ်ကို ဖြစ်သူကို ခြေဆုံး ခေါင်းဆုံးကြည့်ရင်း အံ့သြနေခဲ့သည်။ အစ်ကိုရယ် ဘယ်လိုများ ဖြစ်လာတာလဲ။ တောခြေရွာတွေဘက် မီးသွေး ဖုတ်ဖိုတွင် လှည်းတိုက်ကြသူ လှည်းသမားတွေလို မျက်လုံးကလေးတွေသာ အရောင်ရှိတော့သည်။ မောင်နှမ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတာ အကြာကြီး။ မအိမ်ကံက တံခါးမောင်းကို ထိုးလိုက်ပြီး အစ်ကို ဖြစ်သူကို လက်မောင်းက ဆွဲခေါ်လာခဲ့သည်။
“ကံကောင်းလို့ပါလား အစ်ကိုရယ်။ ကံကလေးက မကောင်းသူ မကောင်းသားမှတ်လို့ လက်ကို တံခါးနဲ့ညှပ်ချိုး ပစ်မလို့”
“အလို အင်မတန်နူးညံ့တဲ့ ငါ့နှမကလေးတောင် ဒေါသတွေ ဖြစ်တတ် နေပါပကော”
အစ်ကို့ စကားကြောင့် မအိမ်ကံ ၀မ်းနည်းသွားမိသည်။ မအိမ်ကံကို ညှာတာတတ်သူ၊ စာနာတတ်သူ၊ ကိုယ်ချင်းစာ တတ်သူ၊ သနားတတ်သူ၊ ဖေးမတတ်သူ၊ ကူညီတတ်သူ၊ ပေးကမ်းတတ်သူရယ်လို့ အားလုံးက လက်ခံထားကြတာ မဟုတ်လား။ အခုတော့ ဒေါသအလျောက် စကားတွေ ပြောနေခဲ့မိပြီ။ သည်ဒေါသတွေက မအိမ်ကံရင်ထဲ ဘယ်ကဘယ်လို ရောက်လာတာ ပါလိမ့်။ စောစောက ဒွေးပိန်တို့ ၀ိုင်းထဲရောက် တော့ မျက်မမြင် အမယ်အို ဒွေးပိန်ကပင် “ရှင်အိမ်ကံ သူတော် ကောင်းမ”လို့ ခေါ်ခဲ့သေးသည်။ ကွမ်းတောင်ကိုင် ရွှေမှုံကို တွေ့ခဲ့ပြီးမှ မအိမ်ကံပင် မသိလိုက်ဘဲ ၀င်လာသည့် အကုသိုလ် စိတ်တွေများလား။
အိမ်မှာ ဘယ်သူမှမရှိ။ ရက်ကန်းရုံထဲမှာတော့ အရီး ကြာညွန့်တို့ ရှိကြပုံပေါ်သည်။ တချောက်ချောက် တလှုပ်လှုပ် ကြားနေ မြင်နေရပါ၏။ မောင်မြတ်သာက လက်ထဲက လွယ်အိတ်ကို ဘေးချကာ ခုံတန်းရှည်ကြီးပေါ် ခြေပစ် လက်ပစ် ထိုင်ချ လိုက်သည်။
“အဖေတို့ မရှိကြဘူးလား။ အမေပန်းရုံတို့ကော မတွေ့ ပါလား”
“အဲသာပေါ့ အစ်ကို့နှယ်၊ ကံကလေး အလှူလှည့်သွား ကြည့်ကတည်းက မရှိကြသာ။ အလှူအိမ်တော့ မဟုတ် လောက်ဘူး။ ဘယ်များသွားကြသယ် မပြောတတ်ဘူး။ အမောဖြေဦး၊ ပြီးမှ ရေးချိုး”
အစ်ကိုမောင်မြတ်သာ သည်လိုပုံနှင့် ရုတ်တရက်ကြီး ကိုယ်ထင်ပြသလို ရောက်လာလိမ့်မည် မထင်ခဲ့။ ရောက်လာ ပြန်တော့လည်း ညစ်နွမ်းလိုက်တာ အစ်ကိုရယ်။ အစ်ကို့ကို ကြည့်ရင်း မအိမ်ကံ မျက်ရည်တွေ ၀ိုင်းဥလာခဲ့၏။ မိဘက မြေနှင့်၊ ယာနှင့်၊ ထန်းဥယျာဉ်နှင့် တောလူချမ်းသာ စာရင်းဝင်။ သားကလေး မြင့်စေချင်လွန်းလို့ တက္ကသိုလ်ကျောင်း ကြီးပို့ကာမှ အစ်ကိုက ပညာရေးကို စိတ်မ၀င်စား။ တိုင်းပြည် လွတ်လပ်ရေးတွင် စိတ်ဝင်စားသည်။ မအိမ်ကံကတော့ မိန်းကလေးပီပီ မိသားစု သိုက်သိုက်ဝန်းဝန်း နေစေချင်သည်။ မအိမ်ကံမှ မဟုတ်ပါ။ မိဘနှစ်ပါးကလည်း သည်စိတ်သာရှိ ကြပါ၏။ သို့သော် အစ်ကိုက တိုင်းပြည်နှင့် လူမျိုးအရေးထက် ဘယ်ဟာကမှ အရေးမကြီးဟု သဘောထားခဲ့သူဆိုတာ မအိမ်ကံ ဥာဏ်မီသလောက် သဘောပေါက်ရပါ၏။ ထောင် မကြောက်၊ တန်းမကြောက်၊ ပြေးဟယ်၊ လွှားဟယ်၊ ပုန်း ဟယ်၊ အောင်းဟယ် ရှိရသော အစ်ကို့ဘ၀ကို မအိမ်ကံ တစ်ခါ တစ်ခါ သနားလွန်းလှသည်။ ဘယ်လို စားလို့ ဘယ်လို နေရှာ ပါလိမ့်။ ဘယ်လိုပုန်းလို့ ဘယ်လိုရှောင်နေရပါလိမ့်။
နိုင်ငံရေးကို မအိမ်ကံ မသိသော်လည်း ကိုယ့်တိုင်းပြည် သူတစ်ပါးလက်အောက် ကျနေရတာကိုတော့ သိပါ၏။ အဖေ ကိုယ်တိုင် အင်္ဂလိပ်အလိုတော်ရိ သူကြီးဘ၀ကို တစ်စတစ်စ စိတ်ကုန်လာမှန်း မအိမ်ကံ ရိပ်စားမိသည်။ ကျွန်ဘ၀လွတ် မြောက်အောင် အစ်ကို လုပ်နေတာကိုလည်း မအိမ်ကံ မကန့်ကွက်ချင်။ သည်တစ်ခေါက် အစ်ကိုရောက်လာတာပဲ ကြည့် လေ။ နှစ်နှင့်ချီကြာပြီးမှ မမျှော်လင့်ဘဲ ရောက်လာခဲ့သည်။ ရောက်လာတော့လည်း လွတ်လွတ်လပ်လပ် မဟုတ်။ ပုန်းလျှိုး ကွယ်လျှိုး နိုင်လှပါ၏။ လူကလည်း ညှဉ်းသိုးသိုး ချဉ်စော် ဖတ်စော်များပင် နံလို့။ မုတ်ဆိတ်တွေက မအိမ်ကံတို့ ရွာကို ဆိတ်ကျောင်း ရောက်လာတတ်သော ဦးအီစမန်နှင့်ပင် တူလှပါ သကော။
“အစ်ကိုရယ် ရောက်တုန်း မျက်နှာပေါ်က အမွေးတွေ ရိတ်ပါဦးတော့။ တကတဲ ဦးအီစမန်ကြီး ကျလို့။ ညစ်ပတ် နံစော် နေလိုက်တာများ အစ်ကိုရယ်”
“မလုပ်နဲ့ ကံကလေးရေ။ အစ်ကိုတို့က ရုပ်အမျိုးမျိုးနဲ့ သွားလာနေရတာပါ။ ရေမိုးချိုးရင်း ခေါင်းတော့ လျှော်လိုက် ပါဦးမယ်။ တရော် ကင်ပွန်းရည်တော့ ရှိသမှုတ်လား”
“ရှိပါ့တော်။ ဖျဉ်အိုးကြီး တစ်လုံးလောက်နဲ့ လျှော်မှရမှာ။ မအိမ်ကံ လျှော်ပေးပါ့မယ်တော်”
မအိမ်ကံစကားကြောင့် မောင်မြတ်သာက ရယ်သည်။ မောင်မြတ်သာက သူ့တိုက်ပုံ အင်္ကျီကြီးကို ချွတ်သည်။ အတွင်းမှာ ကြိုးတစ် ချောင်းနှင့် ပခုံးကို လွယ်သိုင်းထားသော အ၀တ်ခုကြီးကိုဖြုတ်နေသည်။ မအိမ်ကံက တော့ ထူးဆန်းလှသဖြင့် ထိုင်ကြည့် နေခဲ့သည်။ အ၀တ်ခုကြီးက ပုဆိုးသုံးလေးကွင်း စုခေါက်ကာ ကျောနှင့် ပခုံးစပ်မှာ သိုင်းချည်ထားခြင်း ဖြစ်၏။
“ဒါက ကျောဘုကြီးနဲ့ တူအောင် ခုထားသာ နှမလေးရဲ့။ ပုဆိုးလည်းပါပြီး ဖြစ်ကရော။ ကျောဘုကြီးနဲ့ ဆိုတော့ တော်ရုံပုလိပ် မျက်စိ လည်ကရော”
“ဖြစ်ရလေ အစ်ကိုရယ်”
မအိမ်ကံ စိတ်မကောင်း ဖြစ်ရပါ၏။ သည်ကနေ့ မအိမ်ကံတွင် စိတ်နှစ်မျိုး ရှိနေခဲ့သည်။ စောစောကရွှေမှုံ ဖက်စိမ်း ကွမ်းတောင်ကြီး ပိုက်လျက် ရှင်လောင်းလှည့်တာ တွေ့စဉ် ကတော့ မခံချင်စိတ်ကလေး ခုမိခဲ့သည်။ အခု အစ်ကိုမြတ်သာ ရောက်လာတော့ စိတ်မချမ်း မသာ ဖြစ်ရသည်။
“အစ်ကို ရေချိုးပြီးရင် တစ်ရေး မှေးချင်သေးသယ်။ အစ်ကို မအိပ်ရတာ နှစ်ညလားရှိပြီ။ အိပ်ရေးဝမှ ထမင်းစားမယ်။ ဘာချက်ကြတုံးဟ”
“မလှအုံနဲ့ ကျေးဥ ချက်နေကြသာပဲ အစ်ကိုရဲ့။ တောစာပေါ့”
“တောစာပဲ ကြိုက်သာပါဟာ။ မောင်ပြေသိမ်း ကတောင် ပြောနေသေးသာ။ သခင်မြတ်သာတို့အိမ် လိုက်ချင်လိုက်သာ တဲ့။ ကံကလေးနဲ့ ဆုံကြသေးဆို”
“အဲသာပေါ့။ မြင်းခြံရောက်သဲ့နေ့ပဲ အစ်ကိုက မြစ်ဆိပ် ဆင်းသွားသာတဲ့။ ကိုပြေသိမ်းက ကူညီပါသယ်။ မြင်းခြံ သွားတုန်းက ရွာခြေအထိ လိုက်ပို့သယ်လေ”
“ပြောပါသဗျာ။ ငါ့နှမကို ချောလွန်းလို့သဲ့။ မောင်ပြေသိမ်းက ကံကလေးကို သဘောကျတတနဲ့ တူပါရဲ့ကွယ်။ မောင်ပြေသိမ်းက လူပုံနွဲ့သလောက် စိတ်ဓာတ်ကောင်းသယ်။ အစ်ကိုတို့လို ပုန်းလျှိုးနေရသာမျိုး မရှိပေမယ့် ပုလိပ်က သူ့လည်း စောင့်ကြည့်နေသာပဲ”
မအိမ်ကံကို ကိုပြေသိမ်းက ချောသတဲ့ဆိုတာ မရှက်သော်လည်း ငါ့နှမကို သဘောကျတတ ထင်ပါရဲ့ကွယ် ဆိုတာကိုတော့ အစ်ကိုမောင်ဖား တစ်ယောက်ရှေ့မှာ ရှက်မိပါ၏။ သည်တော့လည်း မအိမ်ကံမှာ စကားလမ်းကြောင်း လွှဲရတော့သည်။
“အဖေတို့၊ အမေပန်းရုံတို့လည်း အစ်ကို ရောက်လာသာကို ၀မ်းသာကြရှာမှာ။ သည်တစ်ခါတော့ ကြာကြာနေပါဦး သခင်အုပ်စိုးရယ်”
မအိမ်ကံ စကားကြောင့် မောင်မြတ်သာ မျက်လုံး ပြူးသွားသည်။ ပြီးမှ ရယ်လေတော့သည်။ မအိမ်ကံကလည်း ရယ်ချင် လှပါ၏။ သခင်အုပ်စိုးလို့ ခေါ်လိုက်ရတာ မဟုတ်လား။
“အလိုဗျာ ညည်း ဘယ်သူကများ ပြောလိုက်ပါလိမ့်။ ဟုတ်ဟုတ် သေးတော့ဗျာ။ မောင်ပြေသိမ်းက သနပ်ခါးတောင်း လက်ဆောင် ပေးရင်း ပြောလိုက်ထင်ပါ့”
“ဟုတ်သယ် အစ်ကိုရဲ့။ သူ့နာမည်ရင်းက သက်နှင်းတဲ့။ သခင်နာမည်က ပြေသိမ်းတဲ့။ အစ်ကိုက သခင်အုပ်စိုးတဲ့။ ကိုင်း ကိုင်း မအိမ်ကံ အစ်ကို့အတွက် အိပ်ရာ ပြင်ချေဦးမယ်။ ရေကို နားပြီးမှချိုး။ ပေး အစ်ကို့ လွယ်အိတ်”
“အေးအေး ရော့ ကံကလေး”
အစ်ကို့ လွယ်အိတ်ကိုယူပြီး မအိမ်ကံ နောက်ဖေးချောင်ဘက် ထွက်လာခဲ့သည်။ ဟင်းအိုးတွေ လှန်ကြည့်ချင်လို့ ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် သည်ကနေ့မှ အစ်ကို့ အကြိုက် ပဲကြီးနှပ်နှင့် မန်ကျည်းရွက်နုသုပ် ကလေးသုပ်ထားကြသည်။ ငါးစင်ရိုင်း အရည်ချိုချက်ကလေး နှင့် ငါးရံ့လုံးငါးပိကောင်ကြော် ငရုတ်သီးစပ်စပ်ကလေး ဆိုတော့ အစ်ကို ထမင်းမြိန်မှာ သေချာသည်။ အစ်ကို့ကို မအိမ်ကံ ကိုယ်တိုင် ထမင်းခူးခပ်ကျွေးမည်။ ထမင်းအိုးကြီးကို ချွေးလှပ်လိုက်ရင်း မအိမ်ကံ ရေနွေးအိုးကြီး ထင်းမီး ထပ်ထိုးခဲ့သည်။ ပြီးလျှင် အပေါ်ကိုတက်ခဲ့ပြီး ၀ရန်တာမှာ အစ်ကို့ အတွက် သင်ဖြူးဖျာ တစ်ချပ်ခင်းရင်း အိပ်ရာ ပြင်ပေးလိုက်သည်။ မအိမ်ကံကတော့ ကိုပြေသိမ်း ပြောလိုက်သည့် ချောလွန်းလို့တဲ့ ဆိုသည့် စကားတွေသာ ကြားယောင်နေသည်။ လူပုံနွဲ့သလောက် စိတ်ဓာတ် ကောင်းသတဲ့။ အစ်ကိုပြောသလို မအိမ်ကံကို သဘောကျတာ ဆိုတာလည်း ဖြစ်နိုင်ပါ၏။ ဒါကို မအိမ်ကံ၏ ဗီဇစိတ်အရ သိနေသလိုခံစားရသည်။
ရေတွင်းကုန်းဘက်ဆီက ရေတွေတဗွမ်းဗွမ်း လောင်းချိုး နေသံကြားရပြီ။ အစ်ကို ရေချိုးပြီးလျှင် ထမင်းစားနိုင်ဖို့ အဆင်သင့် ခူးခပ်ထားရမည်။ ထမင်းစားပြီးမှ အအိပ်ခိုင်းရမည်။ မအိမ်ကံ အောက်ထပ်ကို ဆင်းလာစဉ် ၀င်းတံခါးဘက်ဆီက အသံတွေကြားရလို့ လှမ်းကြည့်လိုက်ပါ၏။ အဖေနှင့် အမေ၊ ပြီးတော့ မလှအုံ။ ဆေးလိပ်ကြီးတွေ ကိုင်ကြလို့။ ၀င်းတံခါးဆီ မအိမ်ကံ ပြေးလာခဲ့သည်။ အစ်ကို ရောက်နေတာကို ပြောချင်လှပြီ။
“သမီး နေကောင်းရဲ့လား။ ထမင်းကော စားပြီးပြီလား။ အမေတို့ အလှူအိမ်ကို လူကြီးဖိတ် ဖိတ်လို့ သွားထိုင်ကြသာ။ အမေတို့ သွားတော့ သမီးမနိုးသေးလို့ မကြာညွန့်တော့ မှာခဲ့ပါရဲ့”
“အမေ အစ်ကိုရောက်နေသယ်”
“အို ဟုတ်လား။ သူကြီးရေ လူကလေး ရောက်နေသယ် တဲ့တော်ရေ”
“အဖေနော် အစ်ကို့ကို ဘာမှ ပြောမနေနဲ့ဦး”
“အေးပါ သမီးရယ် အခု ဘယ်မှာတုံးဟဲ့”
“အိမ်ထဲမှာ”
အဖေရော အမေပါ မျက်နှာတွင် အပျော်ရိပ်များဖြင့် ၀င်းစက်သွားကြသည်။ မျှော်နေကြတာ မဟုတ်လား။ နှစ်ပေါက်အောင် မျက်စိအောက်က ပျောက်နေသော သားမောင်ကို တွေ့ချင် မြင်ချင် လွန်းလှပြီ။ မလှအုံက တံခါးကို မောင်းပြန်ထိုးသည်။ အိမ်ထဲ ရောက်တော့ အစ်ကိုချွတ်ထားခဲ့သော ပုဆိုးဟောင်း၊ တိုက်ပုံဟောင်းတွေက တန်းလျားပေါ်အပုံလိုက်။ ဦးသာထန်က ကောက်ကိုင်ကာ မြှောက်ကြည့်သည်။
“တို့ရွာက အရူးဘမောင်ဝတ်တာကမှ ပြောင်သေး ကျောင်းအမရေ၊ နင့်သားအ၀တ်တွေ ကြည့်ပါဦးတော့”
အဖေ့ စကားကြောင့် အမေပန်းရုံကော မအိမ်ကံပါ ရယ်ကြရသည်။ အရူးဘမောင်က ရွာရိုးကိုးပေါက် လျှောက်သွား နေသူ မှုတ်လား။ မလှအုံက သည်စကားကို ကြိုက်ပုံမရ။
“ဖအေနဲ့ သား တူပါ့တော်။ အင်မတန် ကစုတ်ကညစ် နိုင်ကြသာ”
“ဟာ သည်ဟာမ ဘယ်စကား ဘယ်ရောက်”
သည်လို ဆိုတော့လည်း မအိမ်ကံတို့အိမ်မှာ အပျော်သံ ကလေးတွေ ညံလျက်ရှိရပါ၏။
ညစာ ထမင်းဝိုင်းကတော့ နှစ်များစွာအတွင်း မိသားစု ဆုံကြသည့် ထမင်းဝိုင်းဖြစ်သည်။ မလှအုံက မနက်က ချက် ထားသည့် ဟင်းများအပြင် ညနေဘက်မှာ ကြက်သားဆီပြန် တစ်ခွက်၊ ဘူးရွက်ဟင်းချို တစ်ခွက် ထပ်ဖြည့်ထားသဖြင့် ဟင်းတွေ အမယ်စုံလှပါ၏။ မောင်မြတ်သာက ခေါင်းပင် မဖော်နိုင်။ မအိမ်ကံ အစ်ကိုဖြစ်သူ ထမင်းပန်းကန် ထဲတွင် ဟင်းတွေ မကြာခဏ ထည့်ပေးသည်။ ဦးသာထန်ကတော့ သားကိုကြည့်ကာ စိတ်မကောင်း ဖြစ်နေပုံရသည်။ သားဖြစ်သူ နှင့် တွေ့တွေ့ချင်း သားကိုဖက်ကာ ငိုရှာပါသေးသည်။ အသက်ကြီးကာမှ မျက်ရည်ကျရသော ဖအေနှင့် တိုင်းပြည် အရေးထက် ဘာကိုမှ သံယောဇဉ် မထားသော သားကိုကြည့်ရင်း အမေပန်းရုံလည်း မျက်ရည် တစမ်းစမ်း ရှိခဲ့ရသည်။ အဖေနှင့်အမေ ငိုတော့ မအိမ်ကံလည်း ငိုမိသည်။
“ငါ့သားက မောင်တောက်ထိန်နဲ့ မှာသယ်ဆိုလို့ အဖေ သူကြီးအလုပ်က နားလိုက်သယ်။ သူကြီး အလုပ်ကလည်း နာမည်ခံ ရှိတော့သာပါကွာ။ ရပ်ရွာ အသင်းအဖွဲ့တွေ အမျိုးမျိုး ပေါ်လာပေမယ့် တို့က တောရွာဆိုတော့ အဖေ့ကို ဦးထိပ် ထားကြတုန်း ပါပဲ။ ငါ့သားကို အဖေက ရပ်မကွာ ရွာမကွာ၊ အိုးမကွာ အိမ်မကွာ ဂုဏ်ရှိရှိ နေစေချင်သာရှိသာပါ။ မင်းလုပ်သာ အဖေ ဘာမှမပြောချင်ဘူး။ ဒါပေသိ မင်း ဆင်းရဲလွန်းလှ သကွာ”
ထမင်းစားပြီး ပဲလှော်တိုက်ဘေးမှာ ထန်းကုလားထိုင် တွေခင်းကာ ထိုင်ကြသည်။ မနီးမဝေး မီးဖိုကျင်းမှာ မလှအုံက နွားနို့ ကျိုနေသည်။ မောင်မြတ်သာကို နွားနို့တိုက်ရန် ဖြစ်သည်။ သားအဖတစ်တွေ ဆုံကြစဉ် ဦးသာထန်က မောင်မြတ်သာကို ပြောလိုက်ခြင်း ဖြစ်၏။
“ဆင်းရဲသယ်အဖေ။ ကျွန်တော်တို့ သည်အချိန်မှာ ပုလိပ် အဖမ်းခံလို့ မဖြစ်ဘူး။ ကျွန်တော်တို့ အလုပ်က တစ်ယောက် ကိုတစ်ယောက် ချိတ်ဆက် နေကြသာဆိုတော့ ခုလတ်မှာ အဖမ်းခံရရင် ကွင်းဆက် ပြတ်သွားတတ်သယ်။ အခုတောင် မီးသွေးတိုက်ပြန်တဲ့ လှည်းတွေနဲ့ လိုက်ခဲ့ရသာ”
“အခုက တိုင်းရေး ပြည်ရေးကကော ဘယ့်နှယ့်တုံး။ အဖေတို့ တောဘက်မှာတော့ စကားတွေကအမျိုးမျိုးပဲ။ တော ကြောင်တွေကလည်း ထဖို့ ခတ်ကွင်းပြင်နေကြလေရဲ့”
“အဖေ သူကြီး အရွေးမခံသာကောင်းသယ် အဖေ။ အခု ဟာက ကိုယ့်အစုနဲ့ကိုယ် ဖြစ်ကုန်ကြပြီ။ မြို့တွေမှာ နိုင်ငံရေး အဖွဲ့တွေက ဗော်လံတီယာတွေ ဖွဲ့ကြသယ်။ ဗော်လံတီယာ ဆိုသာက ကိုယ်ကြိုက်တဲ့ အဖွဲ့ဘက်က အခမယူဘဲ ပါကြသာ ပေါ့လေ။ ဒေါက်တာဘမော်က ဓားမတပ် ဖွဲ့သယ်၊ ဦးစောက ဂဠုန်တပ်ဖွဲ့သယ်၊ လက်ရုံးတပ်တို့၊ သံမဏိတပ်တို့လည်း ရှိသယ်။ မြို့မှာတော့ ဆူပွက်နေကြသာပါပဲ”
“ဘာလုပ်ကြဖို့တုံး”
“အင်္ဂလိပ်ကို ချဖို့ပါပဲ။ ဒါပေမယ့် အချင်းချင်းကလည်း စောင်နေကြတော့ ခက်သားပဲအဖေ။ ဒေါက်တာဘမော်က ဗမာ့ထွက်ရပ်ဂိုဏ်း ဆိုသာ မနှစ်ကဖွဲ့လိုက်ပြီ။
သဘောကတော့ အဖေရာ စစ်ကြီးစတော့မယ်။ အင်္ဂလိပ်က စစ်မီးလောင်တဲ့ဘက် စိတ်ရောက်နေတုန်း ကျွန်တော်တို့က အခွင့်ကောင်းယူရမယ့် သဘောပဲ”
“မင်းတို့ တို့ဗမာအစည်းအရုံးကကော”
“နှစ်ခြမ်း ကွဲကြပေမယ့် ရည်ရွယ်ချက်တော့ တူကြသယ် အဖေ။ အခုဟာက သခင်ခေါင်းဆောင်တွေ ထောင်ကျ တန်းကျ ဖြစ်နေကြရသယ်။ သာယာဝတီ ညီလာခံပြီးတော့ သခင် အောင်ဆန်းတို့၊ သခင်သန်းထွန်းတို့၊ သခင်စိုးတို့၊ သခင် ၀တင်တို့ ထောင်ထဲ ၀င်ကြရသယ်။ သခင်ဗစိန်၊ သခင်ထွန်းအုပ် အဖွဲ့ကလည်း သခင်ညီတို့၊ သခင်ခင်မောင်တို့ ထောင်ထဲ ရောက်နေ ကြပြီ။ အဲတော့ အထဲမရောက်သေးတဲ့ သခင်တွေက ရှောင်နေကြရတဲ့ သဘောပဲ။ အကုန်လုံး ထောင်ထဲ ရောက်ကုန်ရင် အင်္ဂလိပ်က တစ်ပန်းသာမှာပေါ့”
အဖေနှင့် အစ်ကို ပြောနေသမျှ မအိမ်ကံ လုံးစေ့ပတ်စေ့ တော့ နားမလည်။ သဘောသွားလောက်ကိုသာ အကင်းပါး သူပီပီ နားလည်သလိုလိုတော့ ရှိပါ၏။ အမေ ပန်းရုံက မြေပဲတွေ ပူပူလောလောကြော်ကာ ချပေးသည်။ မလှအုံက နွားနို့ပူပူ အငွေ့ ထောင်းထောင်း လာချပေးပါ၏။ ဆားကလေး တစ်ပွင့်၊ နှစ်ပွင့် ဖြူးထားသော မြေပဲဆံကြော် ပူပူက စားချင့်စဖွယ်။ အစ်ကိုက အဖေ နားလည်လောက်သော စကားဖြင့် ခေတ်အခြေ အနေတွေ ပြောပြနေရှာပါ၏။ သည်လို ဆိုတော့လည်း သားအဖတစ်တွေ ကြည်ကြည်သာသာ ရှိကြပါသကော။ မအိမ်ကံ ၀မ်းသာရပါ၏။
အိမ်မှာ အောက်လင်း ဓာတ်မီးကြီး ရှိသော်လည်း အစ်ကိုက အထွန်းမခံ။ အလင်းရောင်တွေ များနေမှာ စိုးပုံရသည်။ တောရွာ ဆိုတော့ ရေနံတိုင် မီးခွက်ရှည်ကိုသာ ထွန်းထားရသည်။ မလှအုံ မီးဖိုကျင်းဆီက ထင်းမီး အလင်းရောင် အနည်းအပါးတော့ ရောက်လာတတ်ပါ၏။ ထိုညက အဖေနှင့် အစ်ကိုတို့ ညဥ့်နက်သန်းခေါင် စကားကောင်း နေကြသည်။ ကျေးဥ ရောက်လာတော့ မအိမ်ကံ အဖော်ရပြီ။
“မင်းအခု လာသာကကော စိတ်ချရရဲ့ လား ငါ့သားရာ”
“ကိုယ့်ရွာကိုဆိုတော့ ဘယ်သူကမှ တကူးတက သွားမတိုင် လောက်ဘူးလို့တော့ အောက်မေ့ရသာပဲ အဖေ။ ကျွန်တော် ဆရာကြည်တို့နဲ့လည်း တွေ့စရာရှိသေးသယ်။ အခြေအနေ ကောင်းရင် လေး၊ ငါးရက်တော့ နေပါဦးမယ်”
မအိမ်ကံကလေး၊ ငါးရက်ဆိုသည့် စကားကိုကြားတော့ အစ်ကိုဖြစ်သူကို လှမ်းငေါက်သည်။
“ရွာမရောက်သေးဘူး ပြန်ရက်တွက်နေတာ သုံးခါရှိပြီ။ နေပါဦးတော့လား။ ဆယ်ရက်တန်သည်၊ လ၀က်တန်သည်။ အစ်ကိုတို့များ အဲသလိုချည်းပဲ။ ၀အောင် နေလိုက်ရသယ် မရှိဘူး”
“မဟုတ်ပါဘူး နှမရာ။ အစ်ကိုတို့မှာ အဲသည်လောက် အချိန်မရဘူး။ တစ်သက်လုံးစာ လွတ်လပ်ရေးရရင် အစ်ကို နားမှာပါ။ ရွာမှာအခြေချပြီး ငါ့နှမနဲ့ တစ်သက်လုံး အတူနေ မဗျား ကိုင်း”
“အစ်ကိုသာ တစ်သက်လုံး ရွာမှာနေရင် ကံကလေးကလည်း တစ်သက်လုံး လုပ်ကျွေးပါ့မသဲ့တော်”
မောင်နှမ နှစ်ယောက်ကိုကြည့်ပြီး မိဘနှစ်ပါးမှာ ပီတိ ဖြစ်ကြရသည်။ လူကြီးတွေ စကားဝိုင်း မပြီးနိုင်ကြသေး။ ညဥ့်နက်လာတော့ မအိမ်ကံ အိပ်ချင်ပြီ။ ကျေးဥကို လက်တို့ကာ အိမ်ပေါ်တက်လာခဲ့၏။ ဖိုးတုတ်နှင့် ဖိုးကူးကတော့ ကျားကန်အိပ်နေလိုက်ကြသာ အတုံးအရုံး၊ စားကောင်း သောက်ကောင်း လူပျိုပေါက်တွေဆိုတော့ ဘာအပူအပင်မှ မရှိ။ မအိမ်ကံတို့ အခန်းထဲ ရောက်တော့ ကျေးဥက သစ်သားမီးခြစ်ပုံးဖြင့် ရေနံတိုင်ထွန်းသည်။ အလင်း ပျော့ပျော့ကလေးက အခန်းထဲမှာ မှိန်မှိန်ကလေး လင်းလာခဲ့သည်။ ကျေးဥက မအိမ်ကံ၏ အိပ်ရာတွေကို ခါပေးပြင်ပေးရင်း မအိမ်ကံကို အကဲခတ်သည်။
“မအိမ်ကံ”
“ကျေးဥ”
“မအိမ်ကံကို ပြောစရာရှိလို့”
“ပြောလေ ကျေးဥ”
ကျေးဥက ဒုတိယ အကြိမ် ပြဿနာတစ်ခု ဆောင်ယူလာခြင်းများ ဖြစ်လေမလား ဆိုသည့် စိတ်ဖြင့် စပြီးသား စကားကို မဆက်ဘဲ ရှိပြန်၏။ မအိမ်ကံ ဘုရားဝတ်ပြုနေတုန်း ကျေးဥ ကကောင်း၏၊ မကောင်း၏၊ တော်၏၊ မတော်၏ စဉ်းစားသည်။ မပြောတော့လည်း အပြစ်ဖြစ် ရပြန်ဦးမည်။ ပြောပြန်တော့ကော။ မအိမ်ကံက ဘုရားရှိခိုးပြီးသည်နှင့် ကျေးဥကိုကြည့်သည်။ ပြောစရာရှိတာ ပြောလေဆိုသည့်သဘော။ ကျေးဥက ချီတုံချတုံ။
“ငါ့မလဲ အခက်ကြုံနေရသယ် မအိမ်ကံရယ်။ တစ်ခါ ဖြစ်လိုက်သဲ့ ပြဿနာက မအိမ်ကံကို ထိခိုက်လွန်းလှသာ မဟုတ်လား။ ငါ့မှာ လှေငယ်ရောက်ရက် အပြေးခက်ဆိုသာလိုပဲ ဖြစ်ရလေခြင်းရယ်လို့ ယူကျုံးမရ ဖြစ်ခဲ့ရသယ်”
“အေးပါ ငါသိပါတယ် ကျေးဥရဲ့။ ဒါက ငါ့ဘ၀ ငါ့ အကြောင်းပါအေ။ ဖြစ်ချင်ရင် ဖြစ်ကြရသာပါပဲ။ ရှောင်လွှဲ နိုင်သာမှတ်လို့။ ဘယ်သူ့ကိုမှ မဥပါဒ်ပါဘူးအေ။ ပြောစရာ ရှိရင်သာ ပြောပါ။ ညည်းနဲ့ ငါမှမပြောရင် ဘယ်သူ့ပြော ဖြစ်မှာတုံး”
“သည်လိုအေ့ မနေ့က အိမ်ခဏပြန်တော့ သာအောင် အိမ်ရောက်နေသယ်။ ငါကလည်း ပိုးစိုးပက်စက်ကို ပြောပစ် လိုက်သယ်။ နင်ယုတ်မာလို့ မအိမ်ကံခမျာ တစ်သက်လုံး စောင့်ထိန်းလာသဲ့ သိက္ခာ၊ မုန့်လေပွေ ဆင်နင်းသလို ကျိုးကြေ သွားရရှာသယ်ဆိုသဲ့အကြောင်း၊ ငါလည်း တော်တော့်ကို ပြောပစ်လိုက်သယ်”
“သာအောင်က ဘာပြောသလဲ”
“ဘာမှမပြောဘူး။ ခေါင်းကြီးငုံ့ပြီး စိတ်မချမ်းမသာဖြစ် နေပုံတော့ပေါ်သယ်။ ပြောသာတော့ သူ့အမေ သည်လိုလုပ် လိမ့်မယ် မထင်ဘူးတဲ့။ ဖြစ်ရသဲ့နေ့က သူလည်း မရှိဘူးတဲ့။ မြင်းခြံရောက်နေသာတဲ့။ နှစ်ရက်နေလို့ ပြန်ရောက်တော့မှ သည်စကားတွေ ကြားရသတဲ့။ တောင်းပန်သာပေါ့လေ။ မအိမ်ကံကို မေတ္တာရှိမိလို့ပါတဲ့”
“သူ မသိဘူးဆိုသာနဲ့ ပြီးရရောလား ကျေးဥရယ်။ မလုပ်ကောင်းသာ လုပ်ရက် လေခြင်းရယ်လို့ ငါ့စိတ်ထဲချေလို့ပဲ မကျေနိုင်ဘူး။ သည်ကိစ္စ တစ်ရက်ရှင်းရမှာပါအေ။ သူ့ကို ယုံကြည်လို့ ငါနှစ်ကိုယ်ချင်းတောင် တွေ့ခဲ့သာပါ။ သူ့သိက္ခာ၊ ငါ့သိက္ခာ ငါလုံလို့လုပ်ခဲ့သာ၊ ငါ့လိပ်ပြာ စင်ကြယ်လိုက်သာမှ ပေးသူကမေတ္တာ ယူသူကသစ္စာ ဆိုတဲ့ စကားရှိသားပဲ ကျေးဥ ရယ်။ လူဆိုသာ မေတ္တာနဲ့ကမ်းလှမ်းရင် သစ္စာနဲ့တုံ့ပြန်ရ သာမျိုးအေ့”
မအိမ်ကံခမျာ အိပ်ချင်စိတ်များပင် လွင့်ပြယ် သွားခဲ့ရပါ၏။ သည်ကိစ္စက မအိမ်ကံရင်ထဲမှာ အောင်းနေသည့် ဖ၀ါး နုနုထဲ မြုပ်နေသော ကြောင်လက်သည်း ချွန်ချွန်ကြီးတွေလို အခါမသင့် အခွင့်မရသေးလို့သာ လက်သည်းမထုတ်ရသေး ခြင်းဖြစ်သည်။ တစ်ရက်တော့ မျိုချမိသည့် ဆေးခါးကို လက်ထိုး အန်ရဦးမည်လို့တော့ တေးထားပြီးသား။
“အခုလည်း တောင်းပန်စာ တစ်စောင် ရေးပေးလိုက်သယ် မအိမ်ကံ။ မအိမ်ကံ ယူချင်မှ ယူပါ။ ဖတ်ချင်မှလည်း ဖတ်ပါ။ သည်တစ်ခါလည်း ငါ့ပယောဂ ပါမှာစိုးပါရဲ့။ နို့ပေမယ့် တောင်းပန်တယ် ဆိုတာ အရှုံးပေးသာပါလေလို့ အောက်မေ့သာနဲ့ ယူလာခဲ့သယ်”
“ကျေးဥရယ် ငါက တုံးတင်မိတော့ ကြောင်တက်သာ ပေါ့အေ။ ပြစမ်းပါ့အေ ဖတ်ကြည့်စမ်းရအောင်”
ကျေးဥက ချွေးခံ အင်္ကျီအိတ်ကို လှန်သည်။ တိုက်ချိတ်ကိုဖြုတ်သည်။ အထဲက စာခေါက်ကလေးကို ထုတ်သည်။ မအိမ်ကံကို ကမ်းရင်း မအိမ်ကံ၏ မျက်နှာကိုလည်း အကဲခတ် ရသေးသည်။ မအိမ်ကံက မျက်နှာကလေးကို ခပ်တင်းတင်း ချီလျက် သရော်ပြုံးကလေးပင် ပြုံးနေလိုက်ပါသေး၏။ မအိမ်ကံ၏ သည်အပြုံးမျိုးကို ကျေးဥ တစ်ခါမှမမြင်ဖူးခဲ့။ မအိမ်ကံက စာရွက်ခေါက်ကို တည်တည်ငြိမ်ငြိမ် ဖြန့်သည်။
“မအိမ်ကံ...ဖြစ်ခဲ့ရသော အကြောင်းများအတွက် ကျွန်တော် တောင်းပန် ရပါတော့မည်။ သခင်မြတ်သာထံ မအိမ်ကံ လူကြုံပါးသည့် ပစ္စည်းများကို ထုတ်ကြည့်ရာမှ မအိမ်ကံဟု နာမည်ထိုးထားသော လက်ကိုင်ပ၀ါကလေးကို ကျွန်တော် တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ မအိမ်ကံ၏ ယုံကြည်မှုကို ကျွန်တော် မရိုးမဖြောင့် လုပ်ဖြစ်ပါတယ်။ မအိမ်ကံ မသိအောင် လက်ကိုင်ပ၀ါကို ယူထားလိုက်ခြင်း အတွက် ဖြစ်ခဲ့ရသော အကြောင်းများကြောင့် ကျွန်တော့်မှာ စိတ်မကောင်း ဖြစ်ရပါ သည်။ သည့်အတွက် ကျွန်တော့်မှာ အပြစ်ရှိပါကြောင်း ၀န်ခံပါ၏။ တစ်ရက်တွင် ကျွန်တော့် သံသေတ္တာကို အမေဖွင့်ရာမှ လက်ကိုင်ပ၀ါ တွေ့သွားခြင်း ဖြစ်ပါသည်။ အမေ့ကြောင့် မအိမ်ကံ ဂုဏ်သိက္ခာ ပွန်းပဲ့ရပုံ၊ မမာမကျန်း ဖြစ်ရပုံ၊ ဆေး ဆရာ ခေါ်ကုရပုံ၊ မအိမ်ကံ၏ လူကြီးမိဘများမှာ သမီးအရှက်အတွက် သည်းခံလိုက်ကြရပုံ တွေကို သိရတော့ ကျွန်တော့်မှာ မျက်နှာမထား တတ်အောင် ဖြစ်ရပါ၏။ အရာအားလုံးအတွက် ကျွန်တော် တောင်းပန်လိုက်ပါသည် မအိမ်ကံ ခင်ဗျား။ ကျန်းမာ ချမ်းသာပါစေ။ မောင်သာအောင်”
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ