ကိုပြေသိမ်း
အရေးတော် မလှတော့ပြီ။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ယိုးဒယားနှင့်ဗမာ မီးရထားလမ်း ဖောက်လုပ်ရေး စာချုပ်ကို ဂျပန်နှင့် ယိုးဒယားတို့ စာချုပ်ချုပ်ကြသည်။ အင်္ဂလိပ် စစ်လေယာဉ်များ ရခိုင်ဘက်မှာ ဗုံးကြဲနေကြပြီ။ သည်နှစ်ဆန်းပိုင်းမှာတော့ ဂျပန်က ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ရာ အမိန့်တွေ ထုတ်နေသည်။ ဂျပန် ၁၅ တပ်မ အနေဖြင့် ကေဘိုတိုင်ခေါ် မြို့ပြကာ ကွယ်ရေး အဖွဲ့တွေ ဖွဲ့ဖို့ရာလည်း ရှိပါသည်။ သည်နှစ် တပေါင်းလမှာတော့ ယိုးဒယား-ဗမာ မီးရထားလမ်း အတွက် ချွေးတပ် ဆွဲရန် လူစုနေကြပါပြီ။ အင်္ဂလိပ်လေတပ်မှ ကြဲချသော လေနတ်သား စာစောင်ကို ဖတ်ရန် ထည့်ပေး လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်က မြန်မာပြည် မြောက်ဖျားပိုင်းကို သိမ်းပိုက်ရန်ရှိနေပါပြီ။ (အတွင်းသတင်း ဖြစ်၍ မှန်ဖို့ရာ များပါ၏။)
ဂျပန်က ၁၉၄၂ ခုနှစ်၊ စစ်အုပ်ချုပ်ရေး ယာယီအစိုးရ အဖွဲ့၊ BDA အကြံပေး အဖွဲ့တွေကို ဖျက်သိမ်း လိုက်လေပြီ။ ဂျပန်က ပေးသော လွတ်လပ်သော မြန်မာပြည် အစိုးရ အဖွဲ့ဆိုကာ ပေါ်လာခဲ့ပြီး ဒေါက်တာဘမော်ကပင် အဓိပတိ လုပ်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းက စစ်ဝန်ကြီး။ ကျွန်တော် သိရသလောက် BDA ကို BNA အဖြစ် သည်နှစ်ထဲမှာ ပြောင်းပါ လိမ့်မည်။ ဒါတွေအားလုံး ဆက်စပ်လျက် ရှိပါသည်။ ဆရာကြည့်ကိုလည်း ပြောပြ စေချင်ပါသည်။
တစ်ဖက်က ဂျပန်-ဗမာ လျှို့ဝှက် စစ်ပဋိညာဉ် စာချုပ်ချုပ်၍ ဒေါက်တာဘမော်က အင်္ဂလိပ်နှင့် အမေရိကန်ကို စစ်ကြေညာသော်လည်း အခြားတစ်ဖက်တွင် ဂျပန်ကို တိုက်ရန် စီစဉ်နေကြောင်း သိပါလေ။ စာကိုဖတ်ပြီးလျှင် မီးရှို့ပါ။ မှာစရာ ရှိလျှင် လွှတ်လိုက်သောလူကို နှုတ်ဖြင့်မှာပါ။ ချက်ချင်း ပြန်ပါစေ။
ဗိုလ်မြတ်သာ
ကိုပြေသိမ်းက စာကို သုံးခေါက် ပြန်ဖတ်သည်။ ပြီးလျှင် မီးဖိုခန်းဘက်ဝင်ကာ မီးကျီးရဲရဲ မီးဖိုတွင်းသို့ စာရွက်ကို ပစ်ချ လိုက်သည်။ ရေစိုထန့်ထန့် စာရွက်က တွန့်လိမ်ကာ လောင်ကျွမ်း သွားတာကို စောင့်ကြည့် နေခဲ့သေးသည်။ မီးဖိုထဲက ပြန်ထွက် လာတော့ စောစောကလူ ပြန်ရောက်နေခဲ့ပြီ။ စာက ဗိုလ်မြတ်သာ ရေးလိုက်တာ သေချာသည်။ ဆရာကြည်ကား မရှိတော့ပြီ။
"ခင်ဗျားက ဘယ်သူလဲ"
"သာဆော့ပါ"
"ဗိုလ်မြတ်သာနဲ့ အဆက်အသွယ် ရှိလို့လား"
"ရှိတယ်"
"နေပါဦး၊ ဂျပန်-ဗမာ လျှို့ဝှက် စာချုပ် ဆိုတာ ဘာကို ပြောတာလဲ"
"အရှေ့အာရှစစ်ပွဲကြီး အောင်နိုင်ရေးမှာ ဗမာက ဂျပန် ဘက်ကပါဖို့ပဲ"
"ချွေးတပ်တွေ ဆွဲနေပြီလား"
"ဆွဲနေပြီ။ တော်တော် ဆင်းရဲကြတယ်။ သေကျေ ပျက်စီး ကြတယ်။ ရက်စက်ပါတယ်ဗျာ"
"ဒေါက်တာဘမော်ကကော ဘယ့်နှယ်လဲ"
"လူမရှိဘူး ဆရာလေးရ။ မဟုတ်လှပေမယ့် သူ့တင်ထားတဲ့ သဘောပဲ။ သူ့ကို ကမ္ဘာက သိတာကိုး"
မအိမ်ကံကတော့ အစ်ကိုမောင်မြတ်သာ ဆီက စာဆိုတာက လွဲလို့ အခြား ဘာမှ မသိလိုက်ရဘဲ မီးရှို့လိုက်တာကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ ကိုသာဆော့ ဆိုသူက အစ်ကိုနှင့် ရင်းနှီးသည်ဆိုတော့လည်း နည်းနည်းပါးပါး မာကြောင်း သာကြောင်း မေးချင်လှပါ၏။ ချက်ချင်းတော့ မမေးရဲသေးပါ။ ကိုပြေသိမ်း ကြည့်ရတာ အရေးတကြီး ရှိပုံပေါ်နေလို့ ဖြစ်ပါ၏။ ကိုပြေသိမ်းနှင့် ကိုသာဆော့တို့ စကားပြော မကုန်တော့ မအိမ်ကံလည်း အပေါ်ထပ်ကို ပြန်တက်လာခဲ့သည်။ နောက်တော့လည်း မအိမ်ကံ တစ်ယောက် ကိုပြေသိမ်းကို စောင့်ရင်း မှေးခနဲ အိပ်ပျော် သွားခဲ့လေသည်။ အိမ်အောက်ထပ် သံစုံနာရီကြီး နှစ်ချက် တင်းတင်းမြည်သံ အကြားမှာ မအိမ်ကံ ဆတ်ခနဲ လန့်နိုး သွားခဲ့သည်။ ဘေးမှာ ကိုပြေသိမ်း ရောက်နေခဲ့ပြီ။
"အစ်ကိုမောင်မြတ်သာ နေကောင်းရဲ့လား အစ်ကို"
"ကောင်းပါတယ်။ စာက အရေးကြီးတော့ တခြား ဘာမှ ထည့်မရေးနိုင်ဘူးပေါ့လေ။ အခြေအနေတွေ ကောင်းစရာ မရှိဘူး အိမ်ကလေး။ ဂျပန်တွေကို မောင်းထုတ်ကြတော့မယ်"
ထိုညက မအိမ်ကံ အိပ်ပျော် သွားခဲ့သော်လည်း ကိုပြေသိမ်းခမျာ အိပ်ပျော်ပုံမရ။ တစ်ညလုံး ငုတ်တုတ် မိုးလင်းသွားခဲ့ ပုံရသည်။ မနက် မအိမ်ကံ နိုးတော့ ကိုသာဆော့ ဆိုသူ မရှိတော့ပြီ။ မနက်စောစော ရွာကို ဖြတ်သွား တတ်ကြသော ထင်းလှည်း တစ်စီးပေါ် တင်ပေးလိုက်သည် ဆို၏။ မအိမ်ကံကတော့ တိုင်း ရေးပြည်ရေးတွေ သိပ်မသိသော်လည်း ကိုပြေသိမ်း အမူအရာကို ကြည့်၍ အရေးကြီးမှန်းတော့ အကဲခတ်မိသည်။ ရွာတွေ ဆင်းရဲကြတာတော့ အမှန်ပင်။ မအိမ်ကံပင် ရက်ကန်းရုံတွေ ပိတ်ထားရတာ ကြာပြီ။ ချည်ခင် မရတော့၍ ဖြစ်သည်။ ရက်ကန်းသမများ ခမျာ ၀င်ငွေမရှိကြတော့ ရရာရကြောင်း ရှာဖွေ စားကြရရှာပြီ။ မအိမ်ကံ ချပေးထားသော ငွေရင်းတွေလည်း မဆပ်နိုင်ကြတော့။ အရင်းမဆပ် နိုင်ကြတာထား၊ စားဖို့ပင် အနိုင်နိုင်ဖြစ်နေကြသည်။ ဂျပန်က တစ်မျိုး ဆိုသည့် ကြားက ဓားပြ ရန်က ပူပြန်ပါ၏။ နွားခိုးတွေကလည်း သောင်းကျန်း လွန်းလှသည်။ နွားပျောက်လျှင် အရှင်ရဖို့ မသေချာ။ ဘယ်သူကမှ လည်း ဂျပန်ကို သွားမတိုင်ချင်ကြတော့ ငြိမ်နေကြရသည်။ တကယ့် ခေတ်ပျက်ကြီးထဲမှာ မအိမ်ကံ၏ ကိုယ်ဝန်ကလည်း ရင့်သည်ထက် ရင့်လာခဲ့ပြီ။
သည်ရက်တွေထဲမှာပဲ ကျေးဥနှင့် ဖိုးတုတ်ကို လူကြီး လေးငါးယောက်၊ ကန်တော့ပွဲ တစ်ပွဲဖြင့် လက်ထပ် ပေးခဲ့ကြသည်။ အဖေ ဦးသာထန်နှင့် အမေပန်းရုံ တို့က ဧကမတ်တင်းရှိ မြေတစ်ကွက် လက်ဖွဲ့သလို မအိမ်ကံကလည်း ရွှေနှစ်ကျပ်သား လက်ဖွဲ့ခဲ့ပါ၏။ တစ်အိုး တစ်အိမ်တော့ အခွဲမခံဘဲ ၀ိုင်းတိုက်ထဲမှာပဲ နေစေသည်။ ကိုဖိုးငွေနှင့် မလှအုံတို့ကို မအိမ်ကံတို့ အိမ်ဘက်မှာ လာနေခိုင်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် မအိမ်ကံတို့ အိမ်မှာ လူတွေ တရုန်းရုန်း ရှိလှ၏။ ကျေးဥကတော့ မအိမ်ကံ အနီးမှာ ၀တ်ကြီးဝတ်ငယ် ပြုရုံသာ။ ဖိုးကူးကတော့ ကိုပြေသိမ်း၏ လက်က သုံးတောင်ဝှေး ဖြစ်လာပါ၏။ ကိုပြေသိမ်း မြင်းခြံ သွားရသည့် အခါတိုင်း ဖိုးကူးပါမြဲ။
ခုတလော ကိုပြေသိမ်း တစ်ယောက် မြင်းခြံကို အကူး အလူး များလှတာကို မအိမ်ကံ မကြိုက်သော်လည်း မတားသာ ရှိခဲ့ရသည်။ မအိမ်ကံ စိုးရိမ်သည့် အတိုင်းပင် တစ်ရက်မှာတော့ ကိုပြေသိမ်း စီးလာသည့် လှည်းကို ဂျပန်စစ် ပုလိပ်သုံးယောက်နှင့် အလိုတော်ရိ သုံးယောက်တို့က ရာကျော် ဇရပ်အနီးတွင် တားကာ လှည်းတစ်စီးလုံး ခါးကျိုးအောင် ရှာခြင်း ခံခဲ့ရပါ၏။
ဖြစ်ချင်တော့ ထိုနေ့က လှည်းပေါ်မှာ ဂျပန်တို့က သည်းကြီးမည်းကြီး ရှာနေကြသော ဗြိတိသျှတို့ ကောင်းကင်က ကြဲချသည့် လေနတ်သား သတင်းလွှာ အချို့နှင့် အသံဖမ်းစက် ရေဒီယို တစ်လုံး ပါလာခဲ့ခြင်းပင်။ အလိုတော်ရိ သုံးယောက်ထဲမှာ တစ်ယောက်က ကျော်ဒင် ဖြစ်နေခြင်းပင်။
ထိုရက်က ကိုပြေသိမ်း ဇောင်ချမ်းကုန်းကို အပြန် နောက်ကျသည်။ မြင်းခြံမှာ အချိန်လင့် သွားခဲ့ခြင်း ဖြစ်၏။ ထိုနေ့က ကိုပြေသိမ်းတွင် မအိမ်ကံ ပေးလိုက်သော တာဝန် တစ်ခုကလည်း ပါလာခဲ့သေးသည်။ မြင်းခြံနေ ပွဲကတော်ကြီးထံ ၀င်ရန်ဖြစ်သည်။ လက်ရက်ထည်များထဲက ချည်လုံချည် လက်ကျန်များ ဈေးမကျသော်လည်း ချည်ထည်တွေက မတန်တဆ ဈေးခေါင်ခိုက် နေသဖြင့် အနား မကပ်နိုင်ဘဲ ရှိခဲ့သည်။ မအိမ်ကံ အလို အရ ရက်ကန်းရုံကို နားထားလို့ ဖြစ်သော်လည်း ရက်ကန်းသားတွေ စားဝတ်နေရေး အတွက် ဖြစ်သည်။ ချည်ထုပ်ဈေး ကျ၊ မကျ၊ အလုပ်စလို့ ဖြစ်၊ မဖြစ် ၀င်မေးခဲ့ရန် မအိမ်ကံ မှာလိုက်ခြင်း ဖြစ်၏။
"ခုနေတော့ မောင်ပြေသိမ်းရယ် ရွှေတောင် ယောက်ျား ပုဆိုးက တစ်ထည် ရှစ်ကျပ် ရှစ်ပဲ၊ မုံရွာပုဆိုးက ခုနစ်ကျပ်၊ ဗမာဖျင်ကြမ်း ပုဆိုးတွေက လေးကျပ် ဆယ့်နှစ်ပဲ၊ ပလေကပ်က တစ်ဆယ်နဲ့ ရှစ်ပဲလောက် ပေါက်နေတယ်။ ပလေကပ်က ကုလားပြည်က မလာတာ ကြာလို့ ထင်သလောက်တော့ မရှိဘူး ပြောလိုက်ပါ။ မအိမ်ကံက ရွှေဈေးလည်း မေးလိုက်လို့ ရေးပေး လိုက်တယ်။ ရွှေဒင်္ဂါးမြင်းလက်သစ်က တစ်ပြား ခြောက်ဆယ့် ရှစ်ကျပ်၊ လက်ဟောင်းက ခုနစ်ဆယ့် တစ်ကျပ်၊ အထည်ပျက်က တစ်ရာ၊ ပုရပိုက်ခေါက် ဇီကယ်က တစ်ရာလေးဆယ့် ငါးကျပ်၊ တိုလာက ကိုးဆယ့်ခြောက်ကျပ်၊ ပုရပိုက်ခေါက် အထည်ပျက်က တစ်ရာ့ဆယ့်ငါးကျပ်၊ ဒေါ်လာ လေးပြားစီးက နှစ်ရာ့ငါးဆယ်၊ နှစ်ပြားစီးက တစ်ရာ့အစိတ် ပေါက်နေတယ်။ ရွှေရောင်းပြီး အထည် ရက်ချင်ဟန် တူပါရဲ့။ ဘာမှမလုပ်နဲ့ဦးလို့ ပြောလိုက်ပါကွယ်။ အရောင်းအ၀ယ်တွေက မကောင်းလှဘူး၊ ဈေးရူးခေါ်တာပေါ့ကွယ်"
ပွဲကတော်ကြီးက ပဲ၊ ပိုင် အသုံးများဖြင့် ပြောပြသော်လည်း ဂျပန်က ဆင့် ဟု ခေါ်ဝေါ်ရန် အမိန့် ထုတ်ထားပါ၏။ ပဲ၊ ပိုင် သုံးစွဲ ခေါ်ဝေါ်လျှင် ပြင်းထန်စွာ အရေးယူသည်။ သို့သော် အများက ပဲ၊ ပိုင်ကိုပင် နှုတ်ကျိုးလက်ကျိုး ရှိနေကြဆဲဖြစ်ပါ၏။
ပွဲကတော်ကြီးအိမ်မှာလည်း တစ်အိုးတစ်အောင့် ကြာခဲ့ သေးသည်။ ပွဲကတော်ကြီးနှင့် ဈေးနာစကား အမှာအကြား ကိစ္စပြီးမှ ဆရာကြီး ဦးဘခင်ထံ ကူးလာ ခဲ့ရသည်။ ဆရာကြီးက မြို့ပေါ်မှာ ထင်ထင်ပေါ်ပေါ် မနေတော့။ မောင်ရင်ပေါ် ချောက်ဘက်တွင် ရှောင်နေသည် ဖြစ်၍ မြို့အရှေ့တောင်ဘက် သွားရပြန် ပါ၏။ မောင်ရင်ပေါ် ချောက်တွင် ဆရာကြီးနှင့် အတူ အခြား ပုဂ္ဂိုလ်များ ပါရှိနေကြသည်။ ဆရာကြီးက လေနတ်သား စာစောင်အချို့နှင့် အသံဖမ်းစက် တစ်လုံး လျှို့ဝှက်စွာ ယူသွားရန် ထည့်ပေးလိုက်သည်။
"မောင်ပြေသိမ်း အသံဖမ်းစက် နားထောင်ပါ။ မင်း ကြားသမျှ ဖြန့်ဝေပါ။ ညနေ ငါးနာရီ ဆိုရင် စစ်သတင်းတွေလာတယ်။ ဂရုတော့ စိုက်ကွယ့်။ အသံဖမ်းစက် မိရင် မသက်သာလှဘူး။ ဂျပန်က ၀ါဒ ဖြန့်နေတာတွေလည်း မဟုတ်ဘူး။ အင်္ဂလိပ်က ၀ါဒ ဖြန့်နေတာတွေလည်း မမှန်ဘူး။ သို့ပေသိ စစ်သတင်း၊ စစ်အခြေအနေ ကိုတော့ မပြတ် သိနေဖို့လိုတယ်။ မောင်ပြေသိမ်း ရေ လုံလုံခြုံခြုံတော့ ရှိပစေကွယ်"
စစ်ဖက် အရာရှိများ၏ ထောက်ခံချက်ရသည့် အသံဖမ်း စက်များကိုသာလျှင် အသံလွှင့်ခြင်းကို နားထောင် နိုင်ကြသည်။ ထိုခွင့်ပြုချက် စာရွက် မပြနိုင်လျှင် ရက်စက်စွာ ညှဉ်းပန်းခံတာကို ကိုပြေသိမ်း သိပါ၏။ ဂျပန် ဗဟို ကြေးနန်းနှင့် တယ်လီဖုန်း ဌာနက ကြည့်ရှုပြင်ဆင်ပြီးမှ နားထောင်ခွင့် လိုင်စင်ရသည် ဖြစ်၍ ဂျပန်က လိုင်းကြိုးများကို ဖြတ်တောက်ပြီးမှ ခွင့်ပြုကြသည်။ ထိုနေ့က လေနတ်သား စာရွက်သုံး၊ လေးရွက်နှင့် အသံ ဖမ်းစက်ကို ဖိုးကူးကပဲ တာဝန်ယူကာ ၀ှက်ပေးပါ၏။ မြင်းခြံနှင့်ဇောင်ချမ်းကုန်း အကူးအလူး များခဲ့လှပြီ ဖြစ်သော်လည်း တစ်ခါမှ ရှာဖွေခြင်း မရှိတော့လည်း ခပ်ပေါ့ပေါ့ပင် ထွက်လာခဲ့ ကြသည်။ နာမည်ကျော် ရာကျော်ဇရပ် အနီးအရောက်မှာတော့ မမျှော်လင့်သော အဖြစ်နှင့် ကြုံရလေပြီ။ ဂျပန်စစ်ပုလိပ် သုံးယောက်နှင့် အလိုတော်ရိ သုံးယောက်။ ကိုပြေသိမ်းကို စိမ်းစိမ်း ၀ါးဝါး ကြည့်သူမှာ ဇောင်ချမ်းကုန်း ရွာသား အမှုပွဲစားကျော်ဒင်။ မျက်နှာတွေက တင်းမာလွန်း လှကာ သတင်းအရ စောင့်နေကြပုံ ပေါ်ပါ၏။ ဂျပန်စစ်ပုလိပ်က လှည်းရှေ့ ကားရားခွရပ်ပြီး လက်ကာပြသည်။ ကျော်ဒင်ကပဲ စမေးလေသည်။
"ဘယ့်နှယ်တုံး ကျောင်းဆရာရဲ့။ မြင်းခြံနဲ့ ဇောင်ချမ်းကုန်း အလှမ်းစိပ် လှချည့်လား။ ဘာတွေများ သွားသွားလုပ်နေသာတုံး။ နိပွန် မာစတာတွေကတောင် မျက်စိနောက် နေမှတော့ မကောင်းဘူးဗျ"
ကိုပြေသိမ်းက ကျောင်းဆရာ ဆိုသည့် အသုံးကို မကြိုက်လှသော်လည်း ဘာမှပြန်မပြောဘဲ လှည်းပေါ်က ဆင်းလိုက်သည်။ ဖိုးကူးကတော့ နကန်ကို ကိုင်ရင်း နွားနဖားကြိုးကို တုံးဆွဲထားရင်း ကျန်ရစ်ခဲ့ပါ၏။ လှည်းပေါ်မှာ ဘာမှတော့ မပါပါ။ မြင်းခြံထွက် ပစ္စည်း အနည်းအပါးနှင့် စားစရာ အချို့သာဖြစ်သည်။ အလိုတော်ရိ တစ်ယောက်က လှည်းအောက်ကို ၀င်ကာ စေ့စေ့စပ်စပ် ကြည့်သည်။ လှည်းပေါ် တက်ပြီး ကတ်ကြမ်းကို ခွာသည်။ လှည်းရံတိုင်မှာ ချိတ်ထားသည့် ဖိနပ်တွေကိုပင် ဖြုတ်ယူပြီး အဟရှိ၊ မရှိ ဖြဲကြည့်သည်။
"နေဦးဗျ အမှုပွဲစားရဲ့၊ ခင်ဗျားတို့က ဘာရှာတာတုံး"
"အင်္ဂလိပ် လေယာဉ်ပျံတွေက ကြဲချသဲ့ စာရွက်တွေရှာသာ။ အနောက်တန်း ရွာတွေမှာ အင်္ဂလိပ်ဝါဒဖြန့် စာရွက်တွေ ရောက်နေသာ သတင်း ရထားသယ်။ မြင်းခြံက ၀င်နေသာလည်း နိပွန်မာစတာတွေက သိနေသယ်။ ဒါမျိုးက လူတိုင်း လုပ်ဝံ့သာ မဟုတ်ဘူးလေ"
"ဖြစ်ရလေဗျာ၊ ဒါမျိုး လှည်းပေါ် တင်လာပါ့မလား ကိုယ့်လူရဲ့။ အဲသလောက် ဘယ်ညံ့ပါ့မလဲ"
အမှုပွဲစား ကျော်ဒင်က မထီတရီ နိုင်လှသည်။ အလိုတော်ရိ ဘဆောင်ကတော့ လှည်းပေါ်မှာ သေချာပေါက် တွေ့ရတော့မည့်ပုံဖြင့် လှည်းစရွေးပေါက် ရှိသမျှ လိုက်ကြည့်နေသည်။ ဘာမှမတွေ့။ သို့သော် လှည်းကို မလွှတ်သေးဘဲ သည်းကြီး မည်းကြီး ရှာပြန်ပါ၏။ ဖိုးကူးကို ဆင်းခိုင်းသည်။ ဖိုးကူးက နကန်ကို ဇော်ထမ်း ထမ်းရင်း ခုန်ချသည်။ ဘဆောင်က ဖိုးကူး နားရင်းကို တစ်ချက် ရိုက်လိုက်ရင်း ငေါက်သည်။
"ကောင်လေး ပြောစမ်း ဘာပါသလဲ"
ဖိုးကူးက မျက်နှာ တစ်ချက် ပျက်သွားသော်လည်း ဘာမှ မပြောဘဲ ကိုပြေသိမ်းကို လှမ်းကြည့်လိုက်သည်။ ကိုပြေသိမ်းက ဘဆောင်အနား တိုးသွားပြီး အင်္ကျီ လည်ကုပ်ကို ဆွဲလိုက် လေ၏။
"ဟေ့ကောင် မင်းက ဗမာ လုပ်ပြီး သွေးပုပ်လှချည့်လား ကွ။ မင်း ရှာလေ တွေ့ရင် မင်းတို့သဘော၊ လူကို မထိနဲ့"
ဂျပန်စစ်ပုလိပ် နှစ်ယောက်က ကိုပြေသိမ်းကို ချုပ်လိုက်ကြကာ တစ်ကိုယ်လုံး အနှံ့ ရှာကြသည်။ ပွဲစားကြီး ကတော် ရေးပေးလိုက်သည့် ဈေးစာရင်း စာရွက်ကို တွေ့တော့ အမှုပွဲစား ကျော်ဒင်ကို ပြသည်။ ကျော်ဒင်က စာကိုဖတ်ပြီး ခေါင်းခါပြရင်း ဂျပန်လို ရှင်းပြသည်။ နာရီဝက်လောက် ကြာတော့မှ လှည်းကို ပြန်လွှတ်လိုက်သည်။
"ကျောင်းဆရာ ကံကောင်းလှသဗျ၊ နော"
"အေးဗျ၊ ခင်ဗျားတို့တော့ ကံဆိုးတာပဲ။ ခင်ဗျားတို့ မရှာတတ် သေးဘဲကိုးဗျ"
အမှုပွဲစား ကျော်ဒင်က တံတွေးကို ထွီခနဲ ထွေးသည်။ လှည်းထွက်လာတော့ ခါးထောက်ရင်း ကျန်ရစ်ခဲ့ကြလေသည်။
ကိုပြေသိမ်းတို့ လှည်း အိမ်ပြန်ရောက်တော့ ကိုပြေသိမ်းက လှည်းကို ချွတ်စေသည်။ နွားနှစ်ကောင်ကို နွားစာကျင်းမှာ ချည်စေသည်။ လှည်းပေါ်က ပစ္စည်းတွေ မချခိုင်းဘဲ အိမ်ထဲ ၀င်လာခဲ့သည်။ မအိမ်ကံကို အကျိုးအကြောင်း ပြောပြသည်။ မအိမ်ကံကတော့ ကျော်ဒင်ကို အခဲမကျေနိုင်ဘဲ ရှိလေ၏။ ဦးသာထန်နှင့် ဒေါ်ပန်းရုံတို့က ဥပုသ်နေ့မို့ ဘုန်းကြီးကျောင်းမှာ ရှိနေကြသည်။ မှောင်မှ အိမ်ပြန်လာကြလိမ့်မည်။
"ဖိုးကူး လှည်းပေါ်က ပစ္စည်းတွေ မချနဲ့။ သည်ကောင်တွေ ရောက်လာကြ လိမ့်ဦးမယ်။ အိမ်ကို ရှာကြလိမ့်မယ်။ မယုံ ကြည့်နေကြ"
ထင်သည့် အတိုင်းပင် ညနေစောင်းမှာ စောစောက စစ်ပုလိပ်များနှင့် ကျော်ဒင်တို့ အလိုတော်ရိ သုံးယောက် ရောက်လာကြ ပြန်သည်။ လှည်းပေါ်မှာ မတွေ့သော်လည်း အိမ်မှာတော့ ရှိရမည် ထင်ကာ အရှာအဖွေ ရောက်လာကြခြင်း ဖြစ်သည်။ ကျော်ဒင်တို့ ရောက်လာသည်နှင့် မအိမ်ကံ ဆင်းလာခဲ့သည်။ မအိမ်ကံက ကျော်ဒင့်ရှေ့ သွားရပ်သည်။ ခါးကို တင်းတင်း ထောက်ရင်း မေးသည်။
"အလို ပွဲညွန့်စားမင်း ဘာကိစ္စပါလိမ့်။ လှည်းကျိုးအောင် ရှာသာတောင် အားမရဘူးလား။ ကျုပ်တို့ ၀ိုင်းတိုက်ထဲကို ဂျပန် ခေါ်လာသာ နှစ်ခါရှိပြီကော။ မလွန်ဘူးလား။ ဘာတွေများ အခဲမကျေ နိုင်ပါလိမ့်တော်"
"အခဲမကျေသာ မဟုတ်ဘူး မအိမ်ကံ၊ နိပွန်မာစတာတွေက မသင်္ကာလို့ ရှာချင်သယ် ပြောသာနဲ့ ခေါ်လာသာ။ သည်ဘက် ရွာတွေမှာ ဗြိတိသျှ စာရွက်တွေ ရောက်နေလို့"
"ရှာပါ ရှာပါ၊ ဘိန်းပစ် မထားရင် တွေ့စရာ မရှိပါဘူး"
"ကျုပ်တို့က ဘိန်းပစ်ဖမ်းသဲ့ ကောင်တွေ မဟုတ်ဘူး မအိမ်ကံ။ စကားကို ဆင်ခြင်ပြောပါ။ တာဝန်အရ လုပ်ရသာ။ ဘဆောင် ရှာကွာ"
ဘဆောင်နှင့် အခြား တစ်ယောက်က အိမ်ဝိုင်းအနှံ့ အိမ်အောက်၊ အိမ်ပေါ် ရှာကြသည်။ ဂျပန်စစ် ပုလိပ်တွေကတော့ ခပ်လှမ်းလှမ်းက အကဲခတ် နေကြ၏။ ကိုပြေသိမ်းက စာရွက်စာတမ်း တချို့ကို ကိုင်လာကာ ဂျပန်စစ်ပုလိပ် တစ်ယောက်ကို သွားပြသည်။ အင်္ဂလိပ်လို ပြောပြနေသည်။ ဂျပန်က အင်္ဂလိပ်စကား ကိုနားမလည်။ ကိုပြေသိမ်း ပြသည့် စာရွက်နှစ်ရွက်ကို ဖြန့်ကြည့်သည်။ ကိုပြေသိမ်းကို သည်ဘက်နယ်တွင် အရှေ့အာရှ လူငယ်များ အစည်းအရုံး စည်းရုံးရေးမှူး ခန့်ထားကြောင်း မြန်မာ၊ ဂျပန် နှစ်ဘာသာ စာရွက်နှစ်ရွက် ဖြစ်သည်။ မြန်မာဘာသာ စာရွက်တွင် အစည်းအရုံး ဥက္ကဋ္ဌ ပုဂံဦးဘဂျမ်းနှင့် အထွေထွေ အတွင်းရေးမှူး သခင်ခင်အောင်တို့၏ လက်မှတ်ပါသည်။ ဂျပန်ဘာသာ စာရွက်မှာတော့ ဂျပန်စစ်တပ်မှ နာဂါယူ၊ ကာဝါအုချိနှင့် ကိုးမိုးဒါးတို့ လက်မှတ် ရေးထိုး ထားတာပါသည်။
ဂျပန်စစ်ပုလိပ်က ခေါင်းတဆတ်ဆတ် ညိတ်ရင်း ဂျပန် အချင်းချင်း စကားတွေ ပြောနေကြသည်။ အမှုပွဲစား ကျော်ဒင်ကို တစ်စုံတစ်ရာ လှမ်းပြောပြီး ကိုပြေသိမ်းကို ဦးညွှတ်ကာ ထွက်သွား ကြတော့သည်။ ကျော်ဒင်တို့၊ ဘဆောင်တို့လည်း အသာယို့ကာ လိုက်ဖို့ ပြင်ရလေတော့သည်။ မအိမ်ကံက အခြေ အနေကို အကဲခတ်မိသည်နှင့် ကျော်ဒင့်ကို လက်ညှိုး ငေါက်ငေါက်ထိုးလေ၏။
"၀ိုင်းထဲက အခု ထွက်ကြစမ်း။ အမျိုးသစ္စာဖောက်တွေ။ ဆရာကြည်လို သူတော်ကောင်းကိုတောင် သတ်သဲ့ဟာတွေ။ ကိုယ့်ရွာက မြင်းကျိုးတွေက ပတတ် ထရပ်ချင်ကြသာ တမှောင့်တော်"
ကိုပြေသိမ်းက စာရွက်တွေ ပြလိုက်တော့ ဂျပန်စစ်ဗိုလ်တွေက ဘာကို ကျေနပ်သွားမှန်း မသိကြသော်လည်း ထိရောက်သည့် စာရွက်စာတမ်း တွေလို့တော့ ကျော်ဒင်တို့ လူစု သဘော ပေါက်ကြပုံပေါ်သည်။ ဂျပန်တွေနောက် ကောက်ကောက်ပါအောင် လိုက်ကြလေ၏။ ဂျပန်တွေပြန်တော့မှ ကိုပြေသိမ်းက ဖိုးကူးကို လှည်းပေါ်ကနေ နတ်သား စာရွက်များနှင့် အသံဖမ်း စက်ငယ်ကို ယူခိုင်းလိုက်သည်။ သည်ပစ္စည်းတွေ လှည်းပေါ်မှာ ပါလာခဲ့ကြပေသိ ဂျပန်တွေ မတွေ့ခဲ့ကြ။ စာရွက်လိပ်က နွားရိုက်နကန်(တံဖျာ)ဖင်တွင် အခေါင်းပြုကာ လိပ်ထည့်ထားခြင်း ဖြစ်၍၊ အသံဖမ်းစက်က လှည်းရှေ့ စွယ်ရန်းမှာ ချိတ်ထားသော ဘူးသီးခြောက် ရေဘူးကြီးထဲမှာ ထည့်ထားခြင်း ဖြစ်၏။ ရေမပါသော ဘူးခါးသီးခြောက်ကို ခါးရစ်မှ ဆွဲဖွင့်လိုက်တော့ အတွင်းမှာ ပစ္စည်း ထည့်နိုင်သည်။ ရေဘူးတောင်းကို ကြိမ်ကွပ်၍ ကြိုးဖြင့်ဆိုင်းကာ ခရီးဆောင် ရေဘူးအဖြစ် သုံးကြသည်။ လှည်းတိုင်းမှာ ဘူးသီးခြောက် ရေဘူး ပါတတ်သဖြင့် ဂျပန် တွေက ခရီးဆောင် ရေဘူးလို့သာ ထင်ကြခြင်း ဖြစ်၏။ ဖိုးကူးက ဘူးသီးခြောက် အဖုံးကို ရေကလေး ဆွတ်ထားတော့ အံထဲမှာ ရေရှိကြောင်း ပြထားသလို ဖြစ်နေတာလည်း ပါပါလိမ့်မည်။
"အစ်ကိုရယ် ဒုက္ခတော့ ရောက်တော့မှာပဲ။ ကံသီလို့ပါလား။ တွေ့လိုက်ရင် မသက်သာဘူးနော်။ မအိမ်ကံ ရင်တွေ ပူလိုက်သာတော်။ အသွားအလာ ဆင်ခြင်ပါတော့"
ကိုပြေသိမ်းကတော့ ခပ်ပြုံးပြုံးပင်။ မအိမ်ကံ၏ ၀မ်းဗိုက် ပုံ့ပုံ့ကို ပွတ်သပ်ရင်း ချော့တော့လည်း မပြောသာတော့ပြီ။
တန်ခူးမည်မှတ်၊ ဖက်စွတ်ရေတိုး သင်္ကြန်မိုး...။
အခါရက်တွေတုန်းက သင်္ကြန်လက်ဆေး မိုးကလေး ရွာချပြီး နောက်ပိုင်း လေပြင်းတွေ မကြာခဏ ဆိုသလို ကျနေတတ်သည်။ တစ်ခါတစ်ရံ လေနီကြမ်းပင် ကျတာ ရှိသည်။ လေတွေ မှုန်နေတာကလည်း ညနေခင်းတိုင်း လိုလိုပင်။ သင်္ကြန်ရက်တွေတုန်းက အခါကြီး ရက်ကြီး မုန့်တွေလုပ်ကြ၊ လှူကြတန်းကြ လုပ်ခဲ့ကြသေးသည်။ စည်စည်ကားကားတော့ မဟုတ်။ ထုံးစံ မပျက် ကျင်းပခဲ့ကြခြင်း ဖြစ်၏။ သည့်နောက်တော့ ဇောင်ချမ်းကုန်းသည်လည်း အပူဒဏ်ကို ကျောကော့အောင် ခံရင်း ငိုက်မျဉ်းနေသည့် ပမာ မလှုပ်မယှက် ရှိခဲ့ရသည်။
မအိမ်ကံခမျာ ကိုယ်ဝန် ရင့်မာလာသည်နှင့် အမျှ အိမ်ကြီးပေါ်မှာ အချိန်တွေ ကုန်ခဲ့ရသည်။ တစ်ခါတလေ ရက်ကန်းသံ မညံတော့သော ရက်ကန်းရုံတွေ ဘက်ကို လှမ်းမျှော်ကြည့်ရင်း အပျိုဘ၀ကို သတိရ နေမိတတ်ပါ၏။ ကိုယ့်ခြေကိုယ့်လက်၊ ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ် လုပ်ချင်သမျှ လုပ်နိုင်ခဲ့သော ကြေးရတတ် သူကြီးသမီး တစ်ယောက်အဖို့ လကလည်းသာ၊ လေကလည်း ဖြူးခဲ့ရသည့် ဘ၀ပင်။ ရွာဆင်းရဲမှန်း သိတော့ တတ်စွမ်းသမျှ ပခုံးနှင့် ခံခဲ့သည်။ ခေတ်ဆိုး ခေတ်ကျပ်ကြီးထဲမှာ လူတွေအားလုံး အတိဒုက္ခ ဆိုက်နေကြရပြီ။ ကလေးတွေ ခမျာလည်း စာကောင်းကောင်း သင်ချင်လို့ မရသည့် အခြေအနေ ရောက်နေကြ ရသည်။
မအိမ်ကံ ကိုယ်ဝန် ရင့်မာလာတော့ အမေပန်းရုံက ပုတီး ကလေး တစ်ကုံး လက်ထဲ ထည့်ပေးသည်။ မေတ္တာသုတ်ကို ရွတ်စေသည်။ သားလေးလား၊ သမီးလေးလား မသိရသေးသည့် ရင်သွေးကို စိတ်မှတ်ရင်း မေတ္တာ ပို့စေခဲ့ပါ၏။
"သည်လို အချိန်ကလေးမှာ မေတ္တာစိတ် ကလေးကိုပဲ အာရုံမှာ ညွှတ်ကွယ့် သမီးရဲ့။ ကိုယ်ဝန်သည် ဆိုသာ စိတ်နှလုံး ငြိမ်းအေးအောင် ထားရသယ်။ ဘ၀တစ်ခုက ဘ၀တစ်ခုကို လာပြီး တွယ်ငြိသယ် ဆိုကတည်းက အကြောင်းတွေရှိသယ်။ ဘဝေ ဘ၀က အကြောင်းကြောင်းကြောင့် ငါ့သမီး ၀မ်းမှာ လာမှီးသာပေါ့။ ဖွားရက်က လဆုတ်ဖွား ရက်ထဲ ကျတော့ ဆယ့်လေးရက် ဖွားရင် ကောင်းမှာ၊ သားသမီး ချောရတတ်သယ်"
"ဟုတ်လား အမေ"
"ဟုတ်သယ် သမီး၊ ဖွားရက်အလိုက် အကျိုးပေးသာတွေ ရှိသယ်။ လဆုတ် နှစ်ရက်ဖွားတော့ ဥစ္စာ ပေါတတ်သယ်။ လဆုတ်ခြောက်ရက် ဖွားရင် ချမ်းသာသယ်။ လဆုတ် ခုနစ်ရက် ဖွားများ ကျတော့ သူတော်ကောင်းသဲ့တော်။ လဆုတ်ဆယ့်နှစ်ရက် ဖွားရင် ကြွယ်ပိုးကြွယ်ဝ ရှိသယ်။ လဆုတ်ဆယ့်သုံးရက် ဖွားတော့ ထင်ပေါ် တတ်သတဲ့။ လဆုတ်ဆယ့်လေးရက် ဖွားရင်တော့ အဆင်း လှသတဲ့တော်"
"ကနေ့ ဘယ်နှရက်ပါလိမ့် အမေ"
"လပြည့်ကျော် ဆယ်ရက် ထင်သာပဲဟဲ့။ ငါ့သမီးမွေးရက်က လိုသေး ထင်ပ"
"မအိမ်ကံတော့ လပြည့်ကျော်ဆယ့်လေးရက်နေ့ ကျအောင် စောင့်မွေးမယ်။ မအိမ်ကံ သမီးက ချောမှကိုဖြစ်မှာ"
"ငါ့သမီးရယ် ဘယ်နှယ့် မွေးရက်များ စောင့်မွေးရမယ်လို့၊ စိတ်ထဲ ဘာမှမထားနဲ့။ ပေါ့ပေါ့ပါးပါးနေ"
မအိမ်ကံ စိတ်ထဲမှာ သမီး မိန်းကလေးသာ စိတ်စွဲ နေခဲ့သည်။ ကိုယ်ဝန်ဆောင် ထားရသည့် ရက်တွေမှာ သမီး မအိမ်မြိုင် အမည်တပ်ပြီး မေတ္တာ အာရုံပြုခဲ့သည်။ ချောပါစေကြောင်း၊ လှပါစေကြောင်း ဆုတောင်းခဲ့သည်။ သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်တွေကို တိုင်တည်ခဲ့သည်။ မိဆိုင်ဖဆိုင် ရိုးရာနတ်ကို တောင်းပန်ခဲ့သည်။ "မအိမ်မြိုင်ရယ်၊ အမေ့သမီး ညည်း ချောလွန်း၊ လှလွန်း လိုက်စမ်းပါအေ။ အမေ လက်ခမောင်းခတ် လိုက်စမ်းပါရစီ" လို့ မကြာခဏ ရေရွတ်ခဲ့သည်။
မအိမ်ကံ မီးဖွားဖို့ အတွက် မီးနေဆောင် ပြင်ဆင်ကြပြီ။ မအိမ်ကံကို မွေးဖွားခဲ့သော အိမ်အောက်ထပ် အခန်းမှာပဲ မီးနေကတ်တွေ ခင်းကာ ရှင်းကြလင်းကြ၊ မီးနေသည် အသုံးအဆောင်တွေ စုဆောင်းကြနှင့် တစ်အိမ်လုံး မအိမ်ကံကိုသာ အရိပ် တကြည့်ကြည့် ရှိနေကြသည်။ ရွာအနောက်ပိုင်းက အရပ်လက်သည် အမေညိုကို နေ့ရောညပါ အိမ်မှာပဲေ ကျွးမွေးပြီး ခေါ်ထားလိုက်ကြပြီ။
စိတ်ကပဲ ဆောင်လို့လား မပြောတတ်ပါ။ တန်ခူးလပြည့်ကျော် ဆယ့်လေးရက်နေ့မှာ မအိမ်ကံ ၀မ်းဗိုက် နာလာခဲ့သည်။ အမေညိုက မအိမ်ကံကို မီးနေခန်းထဲမှာ လမ်းလျှောက် ခိုင်းသည်။ မအိမ်ကံ အလှမ်းအပြုကို အကဲခတ်သည်။ ကျေးဥက မအိမ်ကံ မလဲမပြိုအောင် ဘေးမှာ ရှိနေရပါ၏။ ကိုပြေသိမ်း ကတော့ ပဲမှော်တိုက်ဘေးက ထန်းကုလားထိုင်မှာ ယောက္ခမ သူကြီးနှင့်အတူ ထိုင်နေရသော်လည်း စိတ်က မဖြောင့်နိုင်။ အရေးရယ် အကြောင်းရယ် ရှိလျှင် မြင်းခြံကို ပို့ရန် လှည်းနှင့် ဖိုးကူးကို အသင့် ရှိနေစေသည်။ မီးနေခန်းဆီက မအိမ်ကံ ညည်းသံကြားရပြန်၏။
ညနေ မွန်းလွဲ နှစ်ချက် တီးပြီးစမှာပင် လေနီကြမ်းကြီး ကျလာခဲ့လေပြီ။ သဲတွေဖုန်တွေက တစ်ရွာလုံး မီးခိုးလုံး ဖုန်လုံးများလို မှုန်မှိုင်းစေခဲ့သည်။ ကောင်းကင်သည် ရဲရဲနီလျက် ရှိလေသည်။ လေက ပြင်းသည်ထက် ပြင်းလာ သကဲ့သို့ မအိမ်ကံ၏ ကာယိကဒုက္ခ ဝေဒနာကလည်း ပြင်းသည်ထက် ပြင်းလာခဲ့ သည်။
"မအိမ်ကံ ညည်းစိတ်က အရေးကြီးသယ်။ လေပြင်းကျသာ ညည်းနဲ့ မဆိုင်ဘူးမှတ်။ မကြောက်နဲ့ အမေညို ရှိသယ်၊ မကြာညွန့်တို့ ရှိသယ်၊ ညည်းအမေ ပန်းရုံ ရှိသယ်၊ လှအုံတို့၊ စိမ်းမြတို့၊ ကျေးဥတို့ ရှိသယ်၊ ကြားလား မိန်းကလေး"
ည ခုနစ်နာရီ...။
လေပြင်းသည်ပင် ငြိမ်ကျ သွားပါ၏။ မိုးစက်ကလေးတွေ တဖြောက်ဖြောက် ကျသံ ကြားနေရသည်။ မအိမ်ကံသည် ခဏ ကလေး မိန်းမော သွားသလို ငြိမ်သက်သွားလေသည်။ ၀မ်းဗိုက်က ညှစ်ယူလိုက်သလို နာကျင် သွားသဖြင့် အမေရေလို့ အော်လိုက်သည်။ မအိမ်ကံ အားကို တင်းသည်။ ကနေ့ လပြည့် ကျော်ဆယ့်လေးရက်။ ကနေ့ မွေးမှကို ဖြစ်မည်။ မိန်းကလေး မွေးမှကိုဖြစ်မည်။ သည်နှစ်ချက် တိုက်ကို တိုက်ဆိုင်ရမည်။
ည ကိုးနာရီ...။
သံစုံ နာရီကြီးထိုးသံ ကိုးချက် ထွက်ပေါ်လာလေပြီ။
ည ဆယ်နာရီ...။
ည ဆယ့်တစ်နာရီ...။
နာရီကြီး၏ သံစုံနာရီ ထိုးသံကို ညည်းညူ နေရသည့်ကြားက မအိမ်ကံ ကြားနေရပါ၏။ ည ဆယ့်နှစ်နာရီ ကျော်မှ မွေးရင်ကော။ ဒါဆိုရင်တော့ နေ့ကူး သွားလိမ့်မည်။ အခုကော ဘယ်နှနာရီ ထိုးနေပြီလဲ။ မအိမ်ကံ မခန့်မှန်းတတ်ပါ။ မအိမ်ကံ ရင်ထဲမှာ ဟာခနဲ ဖြစ်သွားသလို ခံစားလိုက်ရပြီး နာကျင်ခြင်း၏ အခေါင်အဖျားကို ရောက်သွားသလို တစ်ချက် ညည်းညူလိုက်သည်။
"အမေ့..."
"ပန်းရုံ၊ ဟဲ့ ပန်းရုံ ညည်းမြေးကလေး မွေးပါပြီတော်။ နာရီ မေးစမ်းဟဲ့"
အမေပန်းရုံက ပဲမှော်တိုက် အမှောင်ထဲမှာ ထိုင်နေကြသူ နှစ်ယောက်ဆီကို ပြေးလာကာ ကိုပြေသိမ်းကို နာရီ မေးသည်။ ကိုပြေသိမ်းက အနားက ဒန်မီးခတ်ကို ခြစ်ပြီး လက်ကနာရီ ကြည့်သည်။
"ဆယ့်တစ်နာရီ သုံးမတ် အမေ"
အမေပန်းရုံ မီးနေခန်းထဲ ပြန်ဝင်လာခဲ့ကာ နာရီ ပြောပြနေသည်။ ဆယ့်တစ်နာရီ သုံးမတ်။ ဒါဆိုရင် နေ့မကူး သေးဘူး၊ လပြည့်ကျော် ဆယ့်လေးရက်နေ့ဖွားပေါ့။ ကလေး လှပြီ၊ ချောပြီပေါ့။ နေပါဦး ဘာလေး မွေးပါလိမ့်။ အမေ ပန်းရုံက မေးနေပြီ။
"အမေညို ခြေ၊ လက်၊ အင်္ဂါစုံရဲ့လားတော်"
"စုံပါ့အေ၊ ဖအေ့ခြေဆံ လက်ဆံ မျိုးအေရဲ့။ မှန်အိမ် သည်နားရွှေ့စမ်း"
အမေပန်းရုံက မှန်အိမ်ကို မီးစာမြှင့်ရင်း ရွှေ့လာခဲ့သည်။
"ဘာလေးလဲ အမေညို"
အမေပန်းရုံ အသံက တုန်လှိုက် နေပါ၏။ မအိမ်ကံခမျာ မိန်းမော နေသည့်ကြားက နားစွင့်နေခဲ့သည်။ မအိမ်ကံအဖို့ သည်အချိန် ကလေးက ကံတိုက်မဲ ဖွင့်ချိန် မဟုတ်လား။
ဘာလေးလဲ...၊ ဘာလေးလဲ...။ ဖြေကြပါတော့...။
(ဆက်လက်ဖော်ပြပါမည်)
ခင်ခင်ထူး
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ