Thursday, October 15, 2009

မအိမ့်ကံ(30)

ယခင်လမှ အဆက် ...

၂၆။
မအိမ်ကံ၏ မီးနေရက် မီးတွင်းရက်များ အတွင်း မီးနေခန်း ထဲမှာပဲ အောင်းနေ ရတော့သည်။

နနွင်းတွေ တစ်ကိုယ်လုံး ၀ါထိန်နေအောင်လူး၊ နနွင်းရည်နှင့် ရင်းပြား သွေးကာ သောက်ရင်း မီးကပ်ကြီးဘေးမှာ ထင်းမပြတ်ထည့်ပြီး မီးကင်နေရသည်။ မီးနှင့် မျက်နှာမြင်ရခြင်း၊ မီးနား အဆက်မပြတ် နေရခြင်းကြောင့် မီးနေသည်လို့ ခေါ်ကြောင်း အမေ ပန်းရုံက ရှင်းပြပါ၏။ မအိမ်ကံကတော့ မီးတွင်း အောင်းနေရသည့် ခုနစ်ရက် လုံးလုံး ဘယ်ကိုမှ စိတ်မရောက်မိဘဲ ရင်သွေး ကလေးဆီကိုသာ စိတ်တွေ နှစ်ပုံထားလိုက်မိသည်။

သမီးကလေး မအိမ်မြိုင်။ ဆုတောင်းလိုက်ရသာ သမီးရယ်။ အမေဖြင့် တပေါင်းလ ပူပူလောင်လောင်ကြီးထဲ မွေးရပေမယ့် ပူသယ် ထင်မိပေါင်အေ။ ညည်းကလေး လပြည့်ကျော် ဆယ့်လေးရက် မွေးပါမယ့် အကြောင်း အမေဖြင့် ရှင်ကြီးရှင်ကောင်း နတ်ကောင်းနတ်မြတ် ဆုတောင်းလိုက်ရသာ။ ညည်းမွေးမယ့် ရက်က လေနီကြမ်းကြီး ကျသေးသကောအေရဲ့။ မိန်းမကြီး မိန်းမစွာများ ဖြစ်ချင်ရော့လားအေ။ မာန ရှိစမ်းပါ သမီး။ မိန်းမ ဆိုသာ မာန ရှိရသယ်။ သူတကာကို ရုန်းရုန်းရင်းရင်း ဆက်ဆံရမယ့် မာနမျိုး မဟုတ်ဘူး သမီးရဲ့။ ဣနြေ္ဒနဲ့ သိက္ခာကို ဘ၀မှာ တည်တည်ကြည်ကြည် စောင့်ထိန်း လိုက်စမ်းမဟဲ့ ဆိုတဲ့ မာနကို ပြောသာ။ ကိုယ့်ကိုယ်ကိုယ် မှဲ့တစ်ပေါက် မစွန်းရအောင် စောင့်ထိန်းမယ် ဆိုတဲ့ မာန ရှိရသယ်။ ရွာ့ကွမ်းတောင်ကိုင် မဖြစ်ခဲ့ဘူး ဆိုပေသိ ညည်း ဖြစ်ရမှာပေါ့။ ကျောင်းဆရာ ကိုပြေသိမ်းနဲ့ မအိမ်ကံ ဆိုသဲ့ ငယ်လင် ငယ်မယားက မွေးပြီပဲ သမီးရဲ့။ ညည်းက လဆုတ် ဆယ့်လေးရက်ဖွား၊ မိန်းမချောဖြစ်မယ့် မိန်းမ။ လှလိုက်စမ်းပါအေ။ စက်စက်ယိုအောင် လှလိုက်စမ်းပါ။ အဆင်းရော အချင်းပါ လှလိုက်စမ်းပါ။ အမေ လက်ခမောင်း ခတ်လိုက် စမ်းပါရစီ။

ဗန်းထဲမှာ ထွေးထွေးကလေး အိပ်နေသော သမီးကလေးကို စောင်းကြည့်ရင်း မအိမ်ကံ တစ်ယောက်တည်း စိတ်ထဲက ပြောနေမိခြင်း ဖြစ်သည်။ မွေးပါပြီ ဆိုကတည်းက သမီးကလေးကို စိတ်ညွတ်ရင်း စကားတွေ ပြောနေခဲ့သည်။ သမီးကလေးက အငိုအပြု နည်းသည်။ ရဲရဲ မှည့်နေသည့် အသားအရေကို ကြည့်ပြီး မလှအုံက အသားများ ညိုနေဦး မလားအေလို့ ပြောခဲ့သည်။ မလှအုံက ပေါင်းခူးဆုန်မှာ ဖွားမြင်လာ မြောက်မှာ အချင်းမြှုပ်၊ နယုန်၊ ၀ါ၊ ၀ါ ဖွားမြင်လာ ရှေ့မှာ အချင်းမြှုပ် ဆိုတာတွေလည်း ရသည်။ သမီးကလေးက တပေါင်းမွေးဆိုတော့ မြောက်အရပ်မှာ အချင်း မြှုပ်ရပါ၏။

"ကလေးများ မွေးသယ် မွေးသယ်နဲ့ တို့ဗမာများ အင်မတန် စနစ်ဇယား ရှိသာ။ ရှေးလူကြီးများ ထားခဲ့သဲ့ ထုံးစံများ အလကား မှတ်လို့။ သူငယ် ထမင်းခွံ့သာက အစ သူ့ရက်နဲ့သူ ခွံ့ရသာအေရဲ့။ ဖွားမြင်ပြီးနောက် ခြောက်လ မြောက် ကောက်၍ ထမင်းခွံ့၊ လေး ခြောက် ကိုးနှစ် တစ်ဆယ့်ရှစ် ပစ်လေ ရှောင်ခွာစွန့်၊ လဆုတ်လဆန်း ဤ ရက်ကြမ်း ဘေးကျမ်းများ ကြုံလွန့်တဲ့။ ငါ့တူမလေး ခြောက်လ ပြည့်ရင် ထမင်း ခွံရတော့မှာ။ ထမင်းကလေး နှမ်းဆီဆမ်း၊ ဆားကလေး တစ်ပွင့်နှစ်ပွင့် ဖြူး၊ လက်ကလေးနဲ့ ဆုပ်နယ်၊ မအေက ကစီထွက်အောင် ၀ါးပြီး ခွံ့စမ်းပါအေ။ ကလေး ထွားလိုက်သာမှ။ မြေနင်းရမယ့် ရက်က သုံးလမြောက်ရင် နင်းခိုင်း ရသယ်။ ဖွားမြင်ပြီးနောက် သုံးလမြောက် ကောက်၍မှန်မသွေ၊ မိဘနှစ်ပါးစုံညီထား သားကိုမြေနင်းစေ၊ မြေချသောအခါ နေ့အင်္ဂါ ရှောင်ပါနေ့ စနေတဲ့။ အင်္ဂါနဲ့ စနေ မြေမနင်း ခိုင်းကောင်းဘူးတော်"

မလှအုံ အနား လာထိုင်လျှင် သည်လို ရှေးထုံးတွေ ကြားရ တတ်သည်။ ရလည်းရသည်။ ရွတ်လည်း ရွတ်နိုင်သည်။ မလှအုံ၏ ဖခင် (အမေပန်းရုံ၏အစ်ကို)က တစ်ခေတ် တစ်ခါက ဇောင်ချမ်းကုန်းမှာ အခါပေး ရှေ့ဖတ်စာတတ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း မအိမ်ကံ ကြားဖူးပါ၏။ မီတော့မမီလိုက်။ သမီး ကလေး မမွေးခင် နှစ်ရက်လောက်က မအိမ်ကံ မက်ခဲ့သော အိပ်မက်ကိုလည်း မလှအုံကို မေးရပါ၏။ သမီး မမွေးခင်မက်ခဲ့သော အိပ်မက်က ထူးဆန်းသည်။ မအိမ်ကံ မိကျောင်းသား စားရသည်ဟု အိပ်မက်မက်ခဲ့သည်။

အိပ်မက်ထဲမှာ လူကြီး တစ်ယောက်က တောင်းကြီးတစ်တောင်း ထမ်းလာသည်။ သွေးတွေက တပေါက်ပေါက် ကျလျက် ရှိသည်။ မအိမ်ကံက ဘာသည်လဲ ဆိုတော့ မိကျောင်းသားပါ ဆို၏။ မိကျောင်းသား စစ်ရဲ့လားဟု မအိမ်ကံက မေးတော့ တောင်းကြီးချကာ မိကျောင်းခေါင်းကြီးကို တောင်းထဲက ထုတ်ပြ တော့သည်။ မအိမ်ကံက မိကျောင်းသား ပိဿာတွဲကြီး တစ်တွဲ ၀ယ်လိုက်ပြီး ကိုယ်တိုင်ချက်သည်။ ဟင်းအိုးပင် ဖိုခွင်ပေါ်က မကျသေးဘဲ မအိမ်ကံ နှိုက်နှိုက် စားတာနှင့် ပိဿာတွဲ တစ်တွဲချက် ကုန်သွားသည်။


"မအိမ်ကံက မိကျောင်းသား စားရသယ် မက်သာ မလှအုံရဲ့။ မမွေးခင်နှစ်ရက် လောက်ကလေ။ အဲသာ ကောင်း မကောင်းတော့ မသိဘူး"

"လိပ်တို့၊ ငါးတို့ စားရသယ် မက်ရင် စပါးဆန်ရေ ပေါများသာပေါ့အေ။ မန်ကျည်းသီး စားမက်တော့ သူကောင်း ဖြစ်သယ်။ မိကျောင်းစားမက်သာများ မကောင်းဘူးလား၊ လာဘ်ကြီးရမယ့် နိမိတ်တော့။ ပါပမှတ်လို့ ထူးရင်ထူး မထူးရင် ရူးဆိုသာ မျိုးပေါ့အေ။ ရေခြောက် ကုန်းခြောက် ရွာနေပြီး မိကျောင်း မက်ရသယ်လို့အေ ညည်းနှယ်"

မလှအုံ၏ စကားကြောင့် မအိမ်ကံပင် ရယ်မိရသည်။ ဟုတ်ပါရဲ့။ ဇောင်ချမ်းကုန်းလို ကြည်းတော ခေါင်ခေါင်အညာ ရွာသူက ရေထဲမိုးထဲက မိကျောင်းမက်တာ ထူးတော့ ထူးဆန်းသား။ လာဘ်ကြီးရမယ် ဆိုတော့လည်း နိမိတ် ကောင်းတာပေါ့။ ထူးရင်ထူး မထူးရင် ရူးဆိုတာကကော ဘာကိုပြောတာ ပါလိမ့်။ သမီးကလေး မွေးပါပြီ ဆိုကတည်းက မလှအုံကပဲ အရိပ် တကြည့်ကြည့် ပြုစုယုယ ပေးရှာပါ၏။ ကလေးသူငယ်များ တွင်ဖြစ်တတ်သည့် သူငယ်နာ ရောဂါများလည်း သူက နားလည် လိုက်သေးသည်။ သူငယ်နာဝမ်းပူ၊ သူငယ်နာကျောပူ၊ သူငယ်နာဝမ်းလား၊ သူငယ်နာ ရေငတ်ကျင်မျော၊ သူငယ်နာ အကြောတက်၊ သူငယ်နာခါးကော့ ခြေကုပ်။ စုံလို့။

"ဖိုးကူး ငယ်ငယ်က ဖြစ်သာများ သူငယ်နာလျှာထုတ် တဲ့ ကြုံဖူးပေါင်အေ။ လျှာကြီး အမြဲတမ်း တစ်လစ်ကြီး ထုတ်ထားသာ။ ဒါနဲ့ ဆေးဆရာက လက်ချားကလေး မီးဖုတ်ပြီး လျှာပွတ်ပေးသာနဲ့ ပျောက်ရှာရော။ ကလေးများ တဟပ်ဟပ် ငိုသာတို့၊ နို့မစို့ဘဲ ကစိမ်းကပါး ဖြစ်သာတို့များ မအေ ဘာစားသလဲ ကြည့်ရသာ။ မအေ ဓာတ်ကျိုးရင် ကလေး ဓာတ်ကျိုးကရော"

မလှအုံက အရာရာမှာ နားလည်သည်။ တေးတေးမှတ်မှတ် ရှိသည်။ တချို့ အကျိုးအကြောင်း ရှိလျှင် အဖေတို့ကပင် မလှအုံကို မေးရသည်။ မလှအုံက ဒိုးဒိုး ဒေါက်ဒေါက် ပြောနိုင်ရုံ သာမက သူကိုယ်တိုင် ဇိုးဇိုးဇောက်ဇောက် ထလုပ်ပေးတာနှင့် ပြီးရသည်ချည်း။ ဆွေမျိုးလည်းတော်၊ အစစအရာရာ ယုံကြည် စိတ်ချရသည်မို့ အိမ့်လက်ရုံးလို ဖြစ်ခဲ့ပါ၏။ ငယ်ငယ်ကတည်းက နှုတ်ကျိုးခဲ့လို့သာ မလှအုံ ခေါ်ရသော်လည်း အမေ အရွယ်၊ အဘွားအရွယ် ရောက်နေပြီ။ အသက်ကြီးရှာပြီ။ အိမ်မြဲ လှသူဖြစ်၏။ ကျေးဥကလည်း ယောက္ခမခြေရာ နင်းလာခဲ့ပြီ။ ဘာမဆို သိုးသိုးသွက်သွက်။ အခုတော့လည်း မအိမ်ကံတို့ အိမ်ကြီးမှာ ကလေးငိုသံ တစီစီနှင့် တစ်အိမ်လုံး မြိုင်လာခဲ့ပြီ။ သမီးကလေးကလည်း တစ်အိမ်လုံး မြိုင်စေမယ့် မအိမ်မြိုင်လေ။

သမီး မအိမ်မြိုင်ပင် ဗန်းကလေးထဲက စောင်ပုခက် ကလေးထဲ ပြောင်းသိပ်ရပြီ။ တစ်အိမ်လုံးက ၀ိုင်းနှိုက်နေကြ လေတော့ မအိမ်ကံမှာ လက်သက်သာပါ၏။ ကျေးဥက အားလျှင် အားသလို ကလေး လွှဲပေးနေတတ်သည်။ ကလေးချော့ သီချင်းတွေလည်း ရသည်။ အမေပန်းရုံကလည်း မြေးပု ခက်လွှဲရတာ အမော။ အဖေ ဦးသာထန်ကလည်း အိုကြီးအိုမ အရွယ်ရောက်ကာမှ မြေးမကလေး ကောက်ချီ လိုက်ချင် သေးသည်။ မအိမ်ကံကတော့ သမီးမွေးပြီးပါပြီ ဆိုကတည်းက သားသည် အမေ လုံးလုံးဖြစ်ရချေပြီ။ တစ်လလောက် နနွင်းဝါ၀ါ လိမ်းခဲ့ရသူ၊ အိမ်တွင်းအောင်းခဲ့ရသူ ဆိုတော့ နနွင်းသားကလေး တက်ကာ နဂိုဝင်းဝါသော အသားအရေက ပို၍ပင် ၀င်းဝင်းဝါ၀ါ ရှိလာခဲ့ပါ၏။ တစ်သားမွေး တစ်သွေးလှ ဆိုတာမျိုးပင်။ မအိမ်ကံ သမီးကလေး မွေးပြီ ဆိုတော့ ကလေးမေး လာကြတာတွေလည်း မနည်း။ မြင်းခြံက ပွဲကတော်ကြီးက ပိတ်ဖြူ တစ်အုပ် လှမ်းပို့လိုက်သေးသည်။ ရွာတွေက ဆွေတွေမျိုးတွေ လာကြတော့လည်း တစ်ရက်တန်သည် နှစ်ရက်တန်သည် တည်းကြ။ ပြန်ကြတော့လည်း သင့်ရာ လျော်ရာ ပေးရ၊ ကမ်းရ။ ကိုပြေသိမ်းတို့ ထနောင်းတိုင်ဘက်က လာကြ သူတွေကလည်း လှည်းနှစ်စီးတိုက် အပြည့်။

"မအိမ်ကံ သမီးက မအိမ်ကံထက် သာကောအေ။ ခြေဆံ လက်ဆံကလည်း ကောင်း၊ မျက်နှာကျ မျက်နှာဖန်ကလည်း ကောင်း၊ မြေကြီးတလွဲ ဆေးတစ်လွဲ ဟုတ်ပေါင်တော်။ မအေ့ ထက်တောင်ချောသေးပ"

မအေ့ထက် လှသည်၊ ချောသည် ဆိုပြန်တော့ မအိမ်ကံ ၀မ်းသာရပါသည်။ ကိုပြေသိမ်းကတော့ သမီးတချီချီ။ ကလေးကငို၊ သေးက စိုတော့လည်း သီချင်းဆိုကာ ချော့တတ် ပါ၏။ သီချင်းက တို့ဗမာ သီချင်းလည်း ပါသည်။ အာရှ လူငယ် သီချင်းလည်း ပါသည်။ နိုင်ငံရေး သီချင်းတွေနှင့် သမီး ချော့တာ ကြားတော့ ဘာသာနေတတ်သော သူကြီးဟောင်း ဦးသာထန်ကပင် ရယ်သည်။ ကွယ်ရာမှာ ဒေါ်ပန်းရုံကိုပင် တိုးတိုး ပြောလေ၏။

"ပန်းရုံရယ် ငါ့မြေးမလည်း နိုင်ငံရေးသမား ဖြစ်နေပါဦးမကွာ။ သားကလည်း နိုင်ငံရေးသမား၊ သမက်ကလည်း နိုင်ငံရေးသမား၊ ငါ့မြေးတော့ ချမ်းသာ ပေးကြပါဟာ။ ကတဲ သီချင်းများ ဆိုစရာ ရှားလို့ဗျာ"

ဒေါ်ပန်းရုံကလည်း ကွယ်ရာမှာ ပြုံးသည်။ ဘိုးသာထန် ပြောလည်း ပြောချင်စရာ။ သူ့သမီးကို သူရသည့် သီချင်းနှင့် ချော့တာဆိုတော့လည်း မပြောသာ။ မလှအုံတို့ ကိုဖိုးငွေတို့ကတော့ ကိုပြေသိမ်း ကလေးချော့လျှင် အချင်းချင်း လက်တို့ တတ်ကြသည်။ တစ်ခါတစ်ရံ မအိမ်ကံကိုပင် တည့်တည့် ပြောတတ် ကြပါ၏။

"မအိမ်ကံ ယောက်ျား ကျောင်းဆရာက ကလေး ချော့သာနဲ့ မတူဘူး။ အသံက မကောင်းတော့ တို့မြင်းခြံ ဆယ့်နှစ်မုခ် ဘုရားကြီးထဲက ပိုက်ဆံထည့်ရင် ထွက်လာသဲ့ မောင်းဆိုင်းရုပ် လိုပဲ မောင်ဂျန် မောင်ဂျန်နဲ့"

မအိမ်ကံက ကိုပြေသိမ်းကို တစ်အိမ်လုံးက ပြောကုန်ကြပြီ ဆိုတော့ ကိုပြေသိမ်းကလည်း ရယ်သည်။ သူ့အကြောင်း လည်း သူသိပုံ ပေါ်ပါ၏။ တစ်ခါတစ်ခါ တော့လည်း ကျောင်းဆရာ တစ်ယောက် အနေနှင့် အခြားခေတ် ကာလ သီချင်းတွေလည်း ရလောက်ရက်ကနှင့် ဘာကိစ္စ နိုင်ငံရေး သီချင်းတွေ ဆိုပြနေရ တာပါလိမ့်ဟု မအိမ်ကံ တွေးမိပါ၏။ တမင်တကာများ နိုင်ငံရေးစိတ် သွင်းပေးနေတာများလား။ ကိုပြေသိမ်းက နိုင်ငံရေးစိတ် ကြီးလှသည်။ အစ်ကို မောင်မြသာ တို့လို ရှေ့ထွက်ပြီး လူလုံးပြတာမျိုး မဟုတ်သော်လည်း တိုင်းပြည်နှင့် လူမျိုး အတွက် စိတ်အမြဲတမ်း ရှိတာ မအိမ်ကံ အသိဆုံးပင်။ သည်ရက်တွေထဲ ကျောင်းပိတ်ထား သော်လည်း ဖိုးကူးနှင့် ရွာတွေဘက် လှည့်မြဲ လှည့်နေ တတ်သည်။ တစ်ခါတစ်ရံ ညဥ့်အိပ်ညဥ့်နေပင် တစ်ရက် နှစ်ရက် နေတတ်ပါသည်။ ဘာတွေ လုပ်နေမှန်းတော့ မသိ။

အဖေကပင် "ညည်းယောက်ျား ခရီး အသွားအလာ များလွန်းတယ်" ဟု မကြာခဏ ပြောတတ်ပါ၏။

တို့ဗမာ အစည်းအရုံးတွေ ဖျက်သိမ်းပြီးတော့လည်း မဟာ ဗမာ ဆိုသည့်အသံတွေ ညံနေတာ မအိမ်ကံ သိပါ၏။ နိုင်ငံရေး အခြေအနေက သူတစ်လူ ငါတစ်မင်း ပြောင်းလဲ နေသည်။ ဘယ်သူ့ဘယ်သူမှ စိတ်မချရ။ ဘယ်သူ့ ဘယ်အဖွဲ့အစည်း ကလဲ ပြောဖို့ ခက်သည်။ မအိမ်ကံကတော့ ကိုပြေသိမ်းကို စီးပွားရေး လုပ်စေချင်သည်။ ပွဲစားကြီး ကတော် ပေးပို့လိုက်သည့် စာအရ ပဲဆီ၊ နှမ်းဆီစက် ထောင်ချင်ကြောင်း၊ ငရုတ်၊ ကြက်သွန်ကအစ လဲမှို့ ထန်းလျက် အလယ် ငါးပိငါးခြောက်ပါ မကျန် အထက်ကုန်၊ အောက်ကုန် ကူးနိုင်လျှင် အဆင်ပြေနိုင်ကြောင်း၊ မောင်ပြေသိမ်း လုပ်နိုင်လျှင် မအိမ်ကံတို့နှင့် ဖက်စပ် လုပ်ချင်ကြောင်း စသည်ဖြင့် သိရသည်။ မအိမ်ကံကလည်း လုပ်စေချင်သည်။ စီးပွားရေးကို လောဘတက်တာ မဟုတ်ဘဲ ရိုးရိုးသားသား လုပ်ကိုင် စေချင်တာက တစ်ကြောင်း၊ နိုင်ငံရေးက ကင်းလွတ်စေချင်တာ တစ်ကြောင်း ပါပါ၏။ တစ်ခါတစ်ရံ မအိမ်ကံ ကိုယ်တိုင် ဖျောင်းဖျ ကြည့်မိသည်။

"အစ်ကိုရယ် ဘယ်တွေ သွားပြီး ဘာတွေ လုပ်နေသာလဲ။ အစ်ကို ပြန်မလာမချင်း မအိမ်ကံမှာ ရင်မနေရသယ်။ သမီးကလေးလည်း ရပြီ ဆိုတော့ ဣနြေ္ဒ ရစေချင်ပါပြီ။ အလုပ်မလုပ်လည်း ထိုင်နေပါ။ အဖေတို့ကလည်း စိုးရိမ် နေကြသယ်"

ကိုပြေသိမ်းက မအိမ်ကံ စကားကို ငြင်းသည်လည်း မဟုတ်၊ လက်ခံသည်လည်း မဟုတ်။ ပြန်မပြော၊ နားမထောင်။ ကိုပြေသိမ်းက အသိရ ခက်သည်။ တစ်ခါတစ်ရံ တစ်အိမ်လုံး နှင့် စကားမပြောဘဲ ရှိနေတတ်သည်။ အိမ်သားတွေကို စိတ်ခုနေတာမျိုး မဟုတ်သော်လည်း တစ်ခုခု တွေးဆ နေပုံလည်း ရသည်။ ပြောသာ ပြောရတာပါလေ။ ကိုပြေသိမ်း တွင် စိတ်တူကိုယ်တူ ပေါင်းစရာ လူမရှိ။ သူ့ခမျာ ပညာတတ်၊ ကျောင်းဆရာ နိုင်ငံရေးစိတ်ကြီးသူ ဆိုသော်လည်း ဇောင်ချမ်းကုန်းတွင် မယားတစ်မျက်နှာ တစ်အိမ်ရာ လုပ်နေရရှာသူ ဖြစ်သည်။ ပညာချင်းလည်း တန်းမတူ၊ နိုင်ငံရေး ချင်းလည်း တန်းမတူ သူတွေနှင့် နေရရှာတာကိုလည်း မအိမ်ကံ သိထားပါ၏။ တစ်ခါတလေတော့ မမေးဘဲ ပြောချင်လည်း ပြောနေ တတ်ပြန်သည်။

"အိမ်ကလေး တိုင်းပြည် ကိစ္စတွေက ကျန်သေးတယ်ကွယ့်။ အစ်ကို တာဝန်မကျေဘူး။ အစ်ကို့မှာ သိစရာတွေ ရှိသလို ပြောစရာတွေလည်း ရှိလေတော့ စိတ်ချရသူများနဲ့ တွေ့ရသယ်၊ လွှတ်ရသယ်၊ ပြန်နားထောင် ရသယ်။ ဆရာကြည့် လူတွေက အစ်ကိုတို့ ဇောင်ချမ်းကုန်းက လူတွေထက် ပိုခရီး ရောက်တော့ အဲသည်ဘက် သွားနေရတာပဲ"

နိုင်ငံရေးသမားနှင့် ညားမိပြီးမှ နိုင်ငံရေးကို စွန့်လွှတ်လိုက်ပါတော့ ပြောရတာလည်း မအိမ်ကံ အဖို့ရာ ခက်သားပင်။ သည်လိုနှင့် သမီးကလေးပင် မတ်တတ် ပြေးလာခဲ့ပြီ။ တီတီ တာတာ မပီကလာ ပီကလာ ရှိလာခဲ့ပြီ။ မအိမ်ကံကတော့ သမီးလေး မအိမ်မြိုင် ပေါ်ပေါ်လာလို့သာ တော်တော့တယ်လို့ အောက်မေ့ရ တော့၏။

၁၃၀၆ ခုနှစ်၊ တပို့တွဲ၊ တပေါင်း။

မအိမ်မြိုင်သည်ပင် အခါလည် ခဲ့လေပြီ။ မအိမ်မြိုင် မွေးဖွားပြီး အခါမလည်မီ ကာလများအတွင်း တိုင်းပြည် အခြေ အနေတွေ အမျိုးမျိုး ပြောင်းလဲခဲ့သကဲ့သို့ပင် မအိမ်ကံတို့ အိမ်ကြီးတွင်လည်း အပြောင်းအလဲတွေ များခဲ့ပါ၏။ အပြောင်းအလဲ တွေဆိုသော်လည်း စိတ်မချမ်းသာစရာတွေသာ ဖြစ်ခဲ့သည်။

ပထမဆုံး အဖြစ်က သူကြီးဟောင်းဦးသာထန် လူကြီး ရောဂါဖြင့် တရှောင်ရှောင် ဖြစ်ရာက တစ်နေ့တွင် ကွယ်လွန် သွားရှာခြင်း ဖြစ်၏။ မီးစာကုန် ဆီခန်း ဆိုသော်လည်း မအိမ်ကံ အဖို့ ယူကျုံးမရ ဖြစ်ခဲ့ရသည်။ အဖေနှင့် အမေတို့ ငယ်လင် ငယ်မယား မဟုတ်ကြလို့ သူကိုယ်တိုင် ဖက်စိမ်း ကွမ်းတောင် မကိုင်ခဲ့ ရသော်လည်း သည်ဖအေနှင့် သည်မအေက ပေါက်ဖွား ရသော သူ့အဖို့ ဖခင်မဲ့ခဲ့ ရရှာပြီ။ မိသားစု ဆိုသည့် အသိုက်အမြုံတွင်းမှာ အိမ်ဦးတိုင် နတ်နေကိုင်း အဖြစ် အားလုံးက ရိုသေ ခဲ့ကြရသည်။ မမှန်တာ မလုပ်၊ မဟုတ်တာ မကြံ ရိုးသား ဖြူစင်စွာ အသက် မွေးခဲ့သူ ဖြစ်သည်။ သူကြီးဘ၀ တစ်လျှောက်လုံး ဆူတန်တာဆူ၊ ငေါက်တန်တာငေါက် ခြိမ်းခြိမ်းမောင်း မောင်းမောင်း ရှိခဲ့သော်လည်း အဖေ့ကြောင့် အတိဒုက္ခ ရောက်ခဲ့ သူရယ်လို့ မရှိခဲ့။ မိသားစုကို ညှာတာ ထောက်ထားသလို ရပ်ရွာ ကိုလည်း သနားသည်းခံ ရှိခဲ့ပါ၏။ သားဖြစ်သူကို ရာထူးရာခံကလေး ရပါစေတော့ သဘောဖြင့် မြို့ကျောင်းမှာ ထားခဲ့သည်။ အင်္ဂလိပ် အစိုးရ လက်အောက်မှာ ရာထူး တစ်ခုခု ရနိုင်လျှင် တည်တည်ပပ နေနိုင်ဖို့သာ ရှိသည်ဟု ရိုးရိုးသားသား သဘောထားခဲ့သည်။ သားဖြစ်သူက ဖအေ့ အလိုတကျ မရှိပြန်တော့လည်း မပြောသာခဲ့။ မန်ကျည်း တစ်လှည့်ပြီးလျှင် ဆီးတစ်လှည့်ပြီး တစ်လှည့်လာလေလား မျှော်ခဲ့ခြင်းသာ ဖြစ်၍ သားဖြစ်သူက နိုင်ငံရေးဘက် ရောက်သွားတော့လည်း မိုက်လိုက်သဲ့ ကောင်နှယ် ဆိုတာလောက်နှင့် ပြီးခဲ့ရသည်သာ။

"ဘာပဲ ဖြစ်ဖြစ်ပါအေ မြေးဦးကလေး ပွေ့ချီသွားရလို့ တော်ပါရဲ့ အောက်မေ့ပါ။ ခမျာ တရားလည်း ရှိရှာပါရဲ့။ ထုံးမီစံကျ ဘိုးဘအမျိုး အရိုး အရွက်မဖုံးရာတဲ့။ ညည်းအဖေ ကောင်းမွေ ထားခဲ့သာမှာ ဥစ္စာငွေကြေးလည်း ထားခဲ့သယ်၊ အကျင့် စာရိတ္တ ကောင်းလည်း ထားခဲ့သယ်။ ကုသိုလ်တွေလည်း ထားခဲ့သယ်။ လူ့ဘ၀ တော်ပြီပေါ့အေ။ ဘ၀ ငြိမ်းပါစေတော့။ သူ့ ကောင်းမှုတွေ နည်းမှတ်လို့"

ရပ်ရွာလူကြီး သူမတွေက အမေပန်းရုံကိုရော မအိမ်ကံကိုပါ ဖျောင်းဖျ ရှာကြပါ၏။ မအိမ်ကံကတော့ မြင်းကြီး စိန်ပွင့်ကို စီးကာ ရွာစဉ် လှည့်တတ်သော အဖေ့ကို မြင်ယောင် နေမိသည်။ မိသားစု အရေးကိစ္စများမှာ ပါသင့်တာ ပါသကဲ့သို့ မပါသင့်တာ ကျတော့လည်း လှည့်၍ မကြည့်။ တချို့ကိစ္စတွေမှာ မသိသလို နေခဲ့သည်။ သာအောင်နှင့် မအိမ်ကံ ကိစ္စ တစ်ရွာလုံး ပွက်ပွက် ရိုက်ခဲ့စဉ်က မယားရယ်လို့လည်း မမေးခဲ့သလို သမီးရယ်လို့လည်း မတီးခေါက်ခဲ့။ သူကြီးရယ်လို့ ကြီးတော်စံရွှေတို့ အပေါ် နိုင်ထက်စီးနင်း မရှိ။ မအိမ်မြိုင်ကလေး အခါလည် မပြည့် တပြည့် ပြာသိုလထဲမှာ တရှောင် ရှောင် ဖြစ်လာရာက တိမ်းပါးခဲ့ခြင်း ဖြစ်ပါ၏။ မြေးမကလေး မအိမ်မြိုင် အခါလည်သမီး ကလေးကို တပွေ့ပွေ့ ရှိခဲ့သေးသည်။ ချီချီပိုးပိုး ရှိခဲ့သေးသည်။ သီချင်းတအေးအေး ရှိခဲ့သေးသည်။ ကိုပြေသိမ်း ကလေးချော့တာ နိုင်ငံရေး သီချင်းတွေချည်း ဆိုသကဲ့သို့ အဘိုးကလည်း မထူးပါ။ ရှေးခေတ်ရုပ်သေး သီချင်းတွေသာ ဖြစ်သည်။ တောဘွဲ့ လွမ်းချင်းတွေလည်း ပါ၏။ ကျေးလက် သီချင်းတွေလည်း ပါ၏။

"+++ ကြည့်စမ်းပါအေ +++ ရွှေပြည်တော်ကထွက်ခဲ့ပ +++ သည်ကန္တာလမ်း ပူပုံဆန်းပါဘိ ဒန်းနှင့်အင်ကြင်းပန်း မင်းစွယ်တော် ကံ့ကော်သရဖီ စကားနီစကားစိမ်း နွဲ့ယိမ်းမီကာ ပန်းခတ္တာနှင့် ဇလတ္တာဂမုန်းပင် တချို့ သော်ကတို့ တစ်သွယ် စံပယ်နှင့် ပိတောက် ပင်စုံပေါက်ကြတယ် လွမ်းလောက်တဲ့ တောကန္တာပါလား ငါ့မြေးရေ..."

"ဘယ်တုန်းက သီချင်းများ ပါလိမ့်တော်။ ကျုပ်တို့လည်း ကြီးခဲ့ပါပြီ ကြားကြားဖူးပေါင်"

ဘွားအေ ဒေါ်ပန်းရုံက ခနိုးခနဲ့ ပြောလျှင် ဘိုးအေကြီးက ပါးခွက်ကြီးနှင့် ရယ်တတ်သည်။

"သိပေါင်အေ၊ ခေါင်းထဲ ပေါ်သာ ဆိုရသာ။ ကျုပ်တို့ ငယ်ငယ်က ရုပ်သေးစင်များမယ် ဆိုကြသဲ့ သီချင်းဗျ၊ ဘုရား အစ်မရဲ့ ဘာမှတ်လို့တုံး။ ငါ့မြေးရေ ဆိုသာတော့ ကျုပ်ထည့်ရသာ။ မြေးချစ်လို့သာ ချီရသယ် သက်သာပေါင်ဗျာ။ တော်သလင်း လူပျင်းကွမ်းစိုက် ဆိုသာလို လူနဲ့ရာသီလည်း တယ် မညီချင် တော့ဘူး။ လူအိုတော့ ကြွက်ကျတဲ့ ပုန်းရည်အိုးလို သွန်ရခက် စားရခက်"

ဟုတ်ရှာပေမပေါ့။ အဘိုးနှင့်မြေး ကွာလှပါ၏။ မအိမ်ကံက အဖေ့စကား ကြားတော့ စိတ်မကောင်း ဖြစ်ရသည်။ အသက်ကြီးလာတော့လည်း ကြွက်ကျသည့် ပုန်းရည်အိုးလို သွန်ရခက် စားရခက်တဲ့။ အဖေက သူ့ကိုယ်သူ သည်သဘော ထားခဲ့လေသလား။ အဖေနှင့် အမေ ငယ်လင် ငယ်မယား မဟုတ်ကြပေသိ မအိမ်ကံ အဖို့ရာတော့ မိစုံဖစုံ ဘ၀ဖြင့် တစ်သက်လုံး လုံခြုံခဲ့ရသည်။ အဖေရေလို့ ခေါ်ရတာ၊ အမေရေလို့ ခေါ်ရတာကပဲ အရသာ ရှိလှသည် ထင်သည်။ အဖေ ဆုံးသည့်နေ့က မအိမ်ကံ ကျူကျူပါအောင် ငိုခဲ့ရသည်။ ရင်နှစ်မြွှာထဲက တစ်မြွှာ ဆွဲထုတ် လိုက်သလိုပင် ခံစားခဲ့ရပါ၏။ အဖေ မဆုံးခင် တစ်လလောက်က ရောက်လာခဲ့သော အစ်ကို မောင်မြတ်သာ တစ်ယောက် အဖေဆုံးတော့ ရောက်မလာ နိုင်ခဲ့တာကိုလည်း ၀မ်းနည်းခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် အဖေက ဘုန်းလည်း ကြီး အသက်လည်း ရှည်ခဲ့လို့ ဖြေတန် သရွေ့ ဖြေနိုင်ခဲ့ပါ၏။ အဖေ မရှိတော့သည့်နောက် အိမ်ကြီး တစ်အိမ်လုံး ခြောက်သွေ့ သွားသလို ရှိခဲ့ကြသည်။ ထန်းကုလားထိုင် ဖြောက်ဖြောက်၊ စိပ်ပုတီး တချောက်ချောက် ရှိခဲ့ရာက ငုတ်တုတ် ပျောက်သွားသလို ရှိကြရသည်။ အဖေ့ကို ရည်စူးကာ ဆွမ်းကျွေးကြသည်။ ကုသိုလ်ဒါန ပြုကြသည်။ အဖေ့ထက်ပင် သက်တော်ကြီး ရှာသော ရွာဦးဆရာတော်ကြီးပင် ထမ်းစင်နှင့် ကြွတော်မူ ရှာခဲ့သည်။ တရားပြတော် မူခဲ့သည်။ ရပ်ရွာမေတ္တာကြောင့် ဦးသာထန် အသုဘခရီးက စည်ကားလှပါ၏။

မအိမ်ကံတို့ အိမ်ကြီး၏ ဒုတိယ အပြောင်းအလဲကြီးကတော့ သူကြီးဦးသာထန် တိမ်းပါးခြင်းကဲ့သို့ မိသားစုနှင့် သေကွဲ မဟုတ်ဘဲ ရှင်ကွဲကြုံရခြင်း ဖြစ်ပါ၏။ ၁၃၀၆ ခုနှစ်၊ တပို့တွဲ၊ တပေါင်း နေ့ပူညချမ်း ကာလထဲမှာ ကိုပြေသိမ်း တစ်ယောက် ကောက်ကာငင်ကာ ပျောက်သွားခြင်း ဖြစ်သည်။ မအိမ်မြိုင် အခါလည် ပြည့်ခါနီး ရက်ပိုင်း အလိုတွင် ဖြစ်၏။ ထိုနေ့က မအိမ်ကံ သမီးကလေး မအိမ်မြိုင်ကို ထမင်းခွံ့ နေခဲ့သည်။ အမေပန်းရုံက အရီးကြာညွန့်နှင့် စကားပြော နေကြသည်။ ဘိုးသာထန် ဆုံးသည်ပင် တစ်လ တင်းတင်း ပြည့်ခဲ့ပြီ။ ညနေပိုင်း မြူတွေဆိုင်းလာသည့် အတွက် ကလေးအတွက် အနွေးထည် ကလေးတစ်ထည် ယူရန် မအိမ်ကံ ဧခုတင်ကြီးဘက်ကို လျှောက်လာခဲ့သည်။


ထိုစဉ်မှာပဲ ဖိုးကူး မောင်းလာသည့် လှည်းက ၀ိုင်းဝကို ရောက်လာခဲ့ပါ၏။ အရီး ကြာညွန့်က ၀ိုင်းအတွင်း လှည်းဝင် နိုင်ရန် တံခါးကြီး တစ်ချပ် ပြေးလှပ်သည်။ ဖိုးကူးက လှည်းမချွတ်သေးဘဲ အမေပန်းရုံ ထိုင်နေသည့်ဘက် တန်းသွားပြီး စာတစ်စောင် ပေးသည်။ မအိမ်ကံက ကိုပြေသိမ်း ပြန်ပါမလာလို့ မေးတော့မည့် ဆဲဆဲ အမေပန်းရုံက စာတဲ့ဟဲ့ ဆိုသဖြင့် သွားယူလိုက် ရသည်။ ဖိုးကူး ကတော့ လှည်းချွတ်ရန် ပြန်ထွက်သွားလေသည်။ မအိမ်ကံက ထူးဆန်းစွာ ရောက်လာသော စာကို ချက်ချင်း ဖွင့်ဖတ်လိုက်သည်။

"အိမ်ကလေး အစ်ကို စာရေး အကြောင်းကြား ပါသည်။ အစ်ကို့ကို ခွင့်လွှတ်စေချင်ကြောင်း ဦးစွာ ပြောလိုပါသည်။ မြန်မာများ အနေဖြင့် ဂျပန်တို့၏ ဘုရား တန်ဆောင်း၊ ကျောင်းကန်များကို ဖျက်ဆီးရုံမက မီးနှင့် ရှို့ကြ၊ ရဟန်းသံဃာ တို့ကိုပါ စော်ကား ကြတာကို သည်းမခံ နိုင်ကြတော့ပြီ။ ဗမာမှန်သမျှ အနှိပ်စက်ခံ ကြရတာလည်း များလှပြီ။ အပြစ်မရှိဘဲ သေခဲ့ကြသူတွေ များလွန်းမက များနေပါပြီ။ စစ်ဘေးကြီး ကြုံရသည်နှင့်အမျှ စစ်ကြေးပါ ဆောင်နေကြ ရသော်လည်း ဂျပန်နောက်လိုက် ခွေးများကိုပင် ကြောက်နေရသည့် ဘ၀က လွတ်ကင်းအောင် အစ်ကိုတို့လို မျိုးချစ်များက မကြာခင် ပြန်လည်ချေမှုန်း ကြတော့မည် ဖြစ်ပါ၏။ ဗိုလ်မြတ်သာတို့လည်း ပါဝင်ကြပါလိမ့်မည်။ ဂျပန်က ပေးသော လွတ်လပ်ရေးသည် အတုဖြစ်၍ လွတ်လပ်ရေး အစစ်ကို အစ်ကိုတို့ ရယူရန် ဖြစ်ပါတော့သည်။


အမေပန်းရုံ၊ အိမ်ကလေးနှင့် သမီးကလေး မြိုင်တို့ကို မပစ်ပယ်ရက် ပါသော်လည်း တိုင်းပြည်အတွက် လိုလားနေသော အချိန်ဖြစ်၍ အစ်ကို စဉ်းစား ဆုံးဖြတ်သည်ကို နားလည် ခွင့်လွှတ်ကြပါလေ။ ဘယ်လမ်း ဘယ်စခန်းကို ရောက်ရဦး မည်မသိ။ ဘယ်ထီးနှင့် ဘယ်ခရီးကို သွားရဦးမည်မသိ။ အရေးတော်ပုံ ပြီးသည်နှင့် အစ်ကို ပြန်လာခဲ့ပါမည်။ အစ်ကို မပြန်လာခဲ့သော် အမျှသာ ဝေပါလေတော့။ ထနောင်းတိုင်က မိဘများကိုပင် အသိမပေးရသေးပါ။ နှုတ်ဖြင့် လူလွှတ် မှာကြားရန် ဖိုးကူးကို လွှတ်ပါ။ ဆရာကြီး ဦးဘခင်တို့လည်း မရှိကြတော့။ ပွဲကတော်ကြီးမှ တစ်ဆင့် ဆက်သွယ်လျှင် ရကောင်းရနိုင်ပါလိမ့်မည်။ သည်စာကို ဖတ်ပြီးလျှင် မီးရှို့ရစ်ပါလေ။ အရေးကြီးပါ၏။ အိမ်ကလေး ခွင့်လွှတ် စေချင်သည်။

ကျန်းမာချမ်းသာ ကြပါစေသောဝ်။

ပြေသိမ်း

စာဖတ်ပြီးသည်နှင့် မအိမ်ကံမှာ စာရွက်ကို ကိုင်ရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာခဲ့သည်။ သမီး ကလေး မအိမ်မြိုင်က ထမင်းပန်းကန်ကို မှောက်ပစ်လိုက်သည့် အတွက် ထမင်းလုံးတွေ ဖွေးခနဲ ပြန့်ကျဲကုန်သည်။ အရီး ကြာညွန့်က ကလေးကို ကောက်ချီသွားခဲ့သည်။ သည်အထိတော့ အမေပန်းရုံရော အရီးကြာညွန့်ပါ ဘာမှ မသိကြ ရသေး။ မအိမ်ကံ ငိုနေတာကို လှမ်းကြည့်ကြရင်း ဘာများပါလိမ့် ဆိုသည့် မျက်နှာများဖြင့် ရှိကြဆဲဖြစ်၏။ ဖိုးကူးက လှည်းချွတ်ပြီး မအိမ်ကံရှေ့ မ၀ံ့မရဲ လာရပ်နေရှာသည်။ သူနှင့် အတူသွားခဲ့တာ မဟုတ်လား။ သည်တစ်ခါ သွားကြသည့် ရွာတွေက ညောင်ငါးခွ အနောက်တောင်ဘက်က ရွာတွေဆိုတာလောက်တော့ မအိမ်ကံ သိထားခဲ့သည်။ အနောက်ကုန်း၊ လေးပင်အိမ်၊ တည်တောရွာတွေ။ မအိမ်ကံ တည်ငြိမ်အောင် ကြိုးစားရင်း မေးသည်။

"အစ်ကို ဘာမှာ သွားသေးသလဲ"

"ဘာမှ မမှာဘူး။ စာပေးသာပဲ ရှိသယ်။ စာကို နကန်ထဲ ထည့်သွားသဲ့။ မင်းအစ်မ လက်ထဲ တန်းမထည့်နဲ့သဲ့။ ကြီးတော် ပန်းရုံကို ပေးလိုက်သဲ့။ ငါ ပြန်လာမယ် ပြောလိုက်သဲ့။ ထနောင်းတိုင်ကို လွှတ်ရင် သွားလိုက်သဲ့"

"သူ ဘယ်ကိုသွားသာတုံး ဖိုးကူး"

"မြင်းခြံ ဆိပ်ကမ်းဘက် သွားကြသာ ထင်သယ်။ မြို့ဆိပ်ကို သွားကြသာတော့ ဟုတ်ပုံမရဘူး။ ကြားဆိပ်ကနေ ကူးတို့နဲ့ အောက်ပြည်စုန်ကြမယ့် သဘောတော့ ကြားသယ်။ ကျုပ်ကို ပြောသာတော့ မဟုတ်ဘူး။ တည်တောက လူတွေကို ပြောနေသာ ကြားခဲ့သာ"

ဖိုးကူး ပြောပြသော ရွာတွေက အောက်တောရွာတွေ ဖြစ်သည်။


ဧရာဝတီ မြစ်ဆိပ်ကမ်းရွာတွေ ဆိုတော့ ရေလမ်း ခရီးပေါက်သည်။ မအိမ်ကံက မေးရင်းပင် တုန်လှုပ် နေရပါ၏။ အဖေဆုံးခဲ့သည်ပင် မကြာတတ်သေး။ အစ်ကို လုပ်သူကလည်း ရွာပင်ပြန်မကပ်နိုင်တော့သည့် အခြေ။ အခုလည်း လင်သားက စစ်ထွက်ခဲ့ပြီ။ အခါလည် သမီးကလေးနှင့် အမေအိုသာ ရှိတော့သော မအိမ်ကံအဖို့ သည်လို ခေတ်ပျက် ကြီးထဲမှာ နွယ်တစ်ပင်ပင် တင်းတင်းရင်းရင်း လှမ်းကိုင်စရာ မရှိတော့။ ဆုပ်ဆုပ်ကိုင်ကိုင် ဘယ်လိုစကား တစ်ခွန်းမှ မဟခဲ့တာကိုလည်း အံ့သြမိသည်။ သားရယ်၊ မယားရယ်လို့တောင် ထိန်ဝှက်လွန်းတာကို မအိမ်ကံ ခွင့်လွှတ်ရမလား၊ နာကြည်းရမလား မပြောတတ် နိုင်အောင် ဖြစ်ရပါ၏။ ချစ်မိခဲ့ရသော တစ်မြို့သား။ အားကိုးခဲ့ရသော ကျောင်းဆရာ လူပညာတတ်။


တစ်နယ်လုံးက ဂွမ်းပေါက်နှင့် တို့ခဲ့ရသော ကျောင်းဆရာ ကတော်ဆိုသည့် အရှိန်သည် ချက်ချင်းလက်ငင်း ကျီးလည်ပင်း မီးကွင်း စွပ်မိသလို ဖြစ်ခဲ့ရပြီ။ ပြီးခဲ့သည့် တန်ဆောင်မုန်း လထဲက ကိုပြေသိမ်းနှင့် အတူ လူလေး ငါးယောက် ပါလာခဲ့ ဖူးတာကို မအိမ်ကံ မှတ်မိနေသည်။ မအိမ်ကံတို့ အိမ်ကြီးမှာပဲ တစ်ည အိပ်သွားခဲ့ကြပါ၏။ မအိမ်ကံတို့ အိမ်ကြီးမှာ မဟုတ်ဘဲ ရက်ကန်းမရက်တော့သော ရက်ကန်းရုံကြီးထဲမှာ တည်းကြခြင်း ဖြစ်သည်။ ရက်ကန်းရုံကြီးက အိမ်မကြီးနှင့် မလှမ်းမကမ်းတွင် ရှိသည်က တစ်ကြောင်း၊ လူသူလေးပါး ရုတ်တရက် မမြင်နိုင် သည်က တစ်ကြောင်းတို့ကြောင့် ကိုပြေသိမ်းက ကျေးဥနှင့် ဖိုးတုတ်ကို ရှင်းလင်းစေပြီး နေရာချထားခဲ့ခြင်း ဖြစ်သည်။ သူကြီးဦးသာထန် တစ်လပြည့် သပိတ် ဆွမ်းသွပ်ခဲ့ပြီးစ ရက်များဆိုတော့ တစ်ရွာတစ်ရွာက ဆွေမျိုးတွေ၊ မိတ်ဆွေတွေ ၀င်၊ ထွက်နေဆဲ ဖြစ်ဟန်သဘော ရှိသဖြင့် ဂျပန်အလိုတော်ရိတို့ အကဲ မဖမ်းမိဘဲ ရှိကြလေသည်။ ရောက်လာသူ လေးယောက်စလုံးမှာ ညှဉ်းသိုးသိုး ညစ်စုတ်စုတ် ဆိုသော်လည်း ဥပဓိတွေက ခေတ်ပညာ တတ်တွေမှန်း သိသာပါ၏။ မုတ်ဆိတ် ရှည်ရှည်၊ ဆံပင်ကုပ် ထောက်၊ အ၀တ်အစား ညစ်ထပ်ထပ် ဆိုသော်လည်း တစ်ခါ တစ်ရံ မအိမ်ကံ လက်ဖက် ချ၊ ကွမ်းချ ရောက်သွားသည့် အခါမျိုးတွင် အင်္ဂလိပ်ဘာသာ စကားဖြင့် ငြင်းခုံနေကြတာလည်း ကြားရသည်။ မလှအုံက ရေနွေးကြမ်း၊ ငါးခြောက်ဖုတ် ကအစ ကရေကရာလို၊ ဆီးယိုလို အမြည်းဗန်း ချရာက အပြန် ကိုပြေသိမ်းတို့ လူစု အတင်း ပြောတတ်သည်။

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ