Thursday, October 15, 2009

မအိမ့်ကံ(15)

မလှအုံ စကားကြောင့် မအိမ်ကံ ခပ်သဲ့သဲ့ ပြုံးမိပါ၏။ တကယ်တော့ မလှအုံပြောပြသည့် ဖက်စိမ်းကွမ်းတောင်ကိုင် ရမည့် မိန်းကလေးတစ်ယောက် အတွက် သည်စည်းကမ်းချက် တွေက ထူးပြီးဆန်းလှတာတွေတော့ မဟုတ်။ တောသူတောင် သားဘ၀မှာ သည်လိုကိစ္စတွေကို တမင်စောင့်ထိန်း နေစရာလည်း မလိုပါ။ သို့သော် မိစုံဖစုံ ရှိပါလျက် ငယ်လင်ငယ် မယား မဟုတ်တာနဲ့ပဲ မိန်းကလေးတစ်ယောက် အဖို့ရာ တစ်ရေလျော့ရတာမျိုးကိုတော့ မအိမ်ကံ လက်မခံချင်။

"မလှအုံရယ် မိဘများမလည်း မိဘများအကြောင်းကံနဲ့ ဖြစ်ကြရသာပါ။ မွေးလာသဲ့ သမီးကလေးခမျာလည်း သူ့ အကြောင်းကံနဲ့ သူလာသာပါ။ ဘယ်နှယ့်ကြောင့် သမီးခမျာ မိဘလောင်းရိပ်ကျရသာလဲ။ မတရားလိုက်သာ။ မအိမ်ကံလို မိန်းကလေးတွေ ဘယ်နှယောက်တောင် ရှိကြသလဲ။ ဘယ်နှ ယောက်များ ရင်ကျိုးခဲ့ကြရသလဲ။ မိဘများ ငယ်လင်ငယ် မယား မဟုတ်ကြသာနဲ့ ဘယ့်နှယ့်ကြောင့် သမီးများခမျာ လူ့စည်း မကျော်နိုင်ကြရသာလဲ။ မအိမ်ကံ ဖက်စိမ်းကွမ်း တောင်ကိုင်ရဖို့ နောက်တစ်ဘ၀ စောင့်ရတော့မှာပေါ့။ အဲသလိုလား"


မအိမ်ကံ စကားကြောင့် မလှအုံပင် စိတ်ထိခိုက်သွားခဲ့ရသည်။ ရွာ့ကျင့်ဝတ်၊ ရပ်ကျင့်ဝတ် အစဉ်အဆက်ရှိခဲ့တာကို မအိမ်ကံရင်မှာ ပေါ့စေတော့ သဘောဖြင့် ပြောပြခဲ့ခြင်းသာ ဖြစ်သည်။ သည်လိုစည်းကမ်းကို ဘာဖြစ်လို့ ချထားခဲ့ကြတာလည်း မဆိုနိုင်။ ဖြစ်တန်သည် ကတော့ ကွမ်းတောင်ကိုင် မိန်းကလေး၏ တန်ဖိုးကို စံအဖြစ် ထားချင်ခဲ့ကြတာလည်း ဖြစ်နိုင်သည်။ မအိမ်ကံ ပြောတာလည်း မှန်ပြန်ပါ၏။ မိဘ နှစ်ပါး၏ ကံအခြေမလှတာနှင့်ပဲ သမီးခမျာ တင်းတိမ် နောက်မှာ နေရတာကလည်း သဘာဝတော့မကျ။ သို့ပေသိ ရွာရပ်က ချမှတ်သည့် စည်းမျဉ်းဆိုတော့လည်း မပြင်သာ။ သည်စည်းမျဉ်းကို ဘယ်သူကမှ စာရွက်ပေါ်ရေးခဲ့တာ မဟုတ်။ ကျောက်ပြားပေါ် ဆစ်ခဲ့တာမဟုတ်။ ပေရွက်ပေါ် ကညစ်နှင့်ခြစ်ခဲ့တာမဟုတ်။ သို့သော် သည်စည်းမျဉ်းကို အစဉ် အဆက်လိုက်နာခဲ့ကြသည်။ ကွမ်းတောင်ကိုင် မယ်နီ ဖြစ်သတဲ့။ မယ်ဝါဖြစ်သတဲ့ဆိုတော့လည်း အများသဘောညီ ကြမြဲဖြစ်ပါ၏၊ စောဒက မရှိ ခွန်းတုံ့ခွန်းပြန်မရှိ။ မဖြစ် သင့်ပဲ ဖြစ်ရတာပါဆိုသူမရှိ။ ဒါကလည်း ထူးဆန်းသား။

"မအိမ်ကံရယ် အရီးပန်းရုံခမျာ ညည်းလူမှန်းသိပါပြီ ဆိုကတည်းက သည်စကား ရောက်တိုင်း မျက်ရည်ကျခဲ့ရသာ ငါအသိဆုံးပဲ။ ညည်းအဖေ သူကြီးက သည်ကိစ္စခေါင်းထဲမရှိ ပေမယ့် ခမျာ မအေကိုးအေ့။ တစ်နေ့ သည်ပြဿနာဆိုက် လာမယ်ဆိုသာ သိနှင့်လေတော့ တစ်နေ့တစ်ရက်မှ စိတ်မချမ်း သာခဲ့ဘူး။ ဖြစ်သာလည်းဖြစ်ပါပြီ မအိမ်ကံရယ်။ ကိုယ်ချင်း မစာလို့ ပြောသာလည်း မဟုတ်ရပါဘူး။ စိတ်ကိုသာဖြေပါ အေ။ ညည်းပြုသဲ့ကုသိုလ်တွေ နည်းမှမနည်းဘဲဟာ။ အမြစ် ပိုးစားတော့ အဖျားခြောက်သတဲ့။ ကိုယ့်စိတ်ကို ပိုးမစားပါ စေနဲ့တော့နှော ငါ့ညီမ"


မအိမ်ကံကတော့ ဘာမှမဖြေပါ။ အမေ့ကိုသာ မအိမ်ကံ သနားလှတော့သည်။ ဖက်စိမ်း ကွမ်းတောင်ကိုင်ချင်သည် ဆိုတိုင်း အမေမျက်နှာမကောင်းသာ မအိမ်ကံပြန်မြင်ယောင် မိသည်။ တစ်ခါကလည်း ဖက်စိမ်းကွမ်းတောင်ကြီး ပွေ့ဖူးတယ်ရှိအောင် ပွေ့မည်အလုပ် အမေလိုက်လာပြီး ဆွဲခေါ် သွားတာ မအိမ်ကံ မှတ်မိနေသည်။ သည်တုန်းက အမေ့ကို နားမလည်နိုင်ခဲ့။ တစ်ခါတလေတော့လည်း "ငါ့သမီးရယ် ကိုင်ခွင့်ရမယ့်နေ့ ကိုင်ရမပေါ့။ မဥပါဒ်ပါနဲ့အေ"လို့ စကားဝေ့ တာကိုလည်း ခုမှ သဘောပေါက်ရတော့သည်။ မအိမ်ကံအဖို့ အနှစ်နှစ်ဆယ် လုံးလုံး ဖက်စိမ်းကွမ်းတောင်ကိုင်ရနိုးနိုး အပျော်ကြီး ပျော်ခဲ့ရသော်လည်း အမေ့ခမျာ အနှစ်နှစ်ဆယ် လုံးလုံး ငိုခဲ့ရတာကို ၀မ်းနည်းလွန်းလှသည်။

မလှအုံ ပြန်ဆင်းသွားတော့လည်း မအိမ်ကံ အတွေးတွေ ပြေးလွှားနေခဲ့ပါ၏။ ဆန်ပြားသုပ်ကလေး တစ်ဇွန်းစားလိုက် မိတာကလွဲ၍ ဘာမှလည်း မစားချင်။ ဆရာဆောင်က ဆေးသုံးရက်စာပေးထားသဖြင့် သုံးရက်လောက်တော့ အိမ်ပေါ်မှာ ခွေနေရပါဦးမည်။ နေ့လယ်ဆေးလိမ်းဖို့ စောသေး တော့ ကျေးဥပင် တက်မလာသေး။

ကနေ့ အလှူနေ့။ ညနေဘက် အလှူဝင်နတ်ပြလှည့် ကြလိမ့်မည်။ အလှူအိမ်ဘက်ဆီက လူစုသော ကြေးစည်ရိုက် သံတွေ တဒူဝေေ၀ ကြားနေရပါ၏။ ချာချာလည်နေသော ကြေးစည်ကြီးကို မြင်ယောင်ရင်း မအိမ်ကံ ခေါင်းတွေပါ မွှတ်မွှတ်ကြီး လည်နေသလို ခံစားနေရသည်။ ကြေးစည် နားရွက်နှစ်ဖက်ကို အသားတင်းပုတ်ဖြင့် ထုလိုက်လေတိုင်း မအိမ်ကံ ဆောက်တည်ရာမရ ရှိနေရပါ၏။ အလှူလှည့်တော့ မည့် နှိုးဆော်သံဆိုတာ မအိမ်ကံသိပါသည်။ ကြေးစည်သံ ကြားလျှင် ကြားရာအရပ်က အလှူမဏ္ဍပ်ကို အယုတ်အလတ် အမြတ်မရွေး၊ ကလေးလူကြီးမရွေး အပြေးလာစုကြလိမ့်မည်။ ရှင်လောင်း လှည့်တော့မည်ဆိုလျှင် ရှေ့ဆုံးက သာသနာ့အလံကိုင် ဘကြီးညိုရှိလိမ့်မည်။ ဘကြီးညိုနောက်က သာသနာပွဲ ရွက်မည့် "အမေကြီးဆိုင်"ပါလိမ့်မည်။ သည်နောက်မှာတော့ အစဉ်အတိုင်း အလှူ့ထုံးစံ၊ အလှူ့သဘာဝ လူတန်းကြီး စည်လေရော့မည်။

တစ်ရွာလုံးရှိသမျှလူတွေ ထန်းခေါက်ဖာ၊ သံသေတ္တာ တွေထဲက အနှစ်နှစ်အလလ သိမ်းဆည်းထားကြသည့် ၀တ်ကောင်း စားလှတစ်စုံကို သည်ပွဲမှာ ထုတ်ကြလိမ့်မည်။ ခေါက်ရိုးကြီးတွေ နာလှပြီဖြစ်သော အ၀တ်အထည်တွေဆီက ပရုတ်လုံးနံ့တွေ ထောင်းထောင်း ထနေကြလိမ့်မည်။ အလှူမတိုင်ခင် တစ်ရက် ကတည်းက နေပူပြင်းပြင်းမှာပြရင်း မှိုနံ့၊ အောက်နံ့တွေစင်အောင် လှန်းကြလိမ့်မည်။ တချို့အင်္ကျီတွေက အ၀တ်မနာလို့ အရောင်တွေကျန်သော်လည်း နှစ်များစွာက တရိုတသေ သိမ်းထားတာကြာသဖြင့် ရိကြ၊ ဆွေးကြပြီ။ ပွဲသွားပွဲလာ ၀တ်စရာတစ်စုံကောင်းကောင်း ထားနိုင်ဖို့ပင် မတတ်နိုင်ကြရှာ သူတွေကတော့ ရှိတာနှင့်ပင် လာကြပါလိမ့်မည်။ အင်္ကျီ ကြယ် သီး ပါချင်မှပါလိမ့်မည်။ အရောင်အဆင်း ရှိချင်မှရှိပါလိမ့် မည်။ သူတို့ထက် ဆိုးသူတွေကတော့ အင်္ကျီပင် ပါနိုင်ကြ သူတွေမဟုတ်။ လုံးတီးပြောင်ပြောင် ကျောပြောင် ပြောင် လည်းပါမည်။ ကျားပါးစပ် အင်္ကျီစုတ်နှင့်လည်း ဖြစ်ချင်ဖြစ် မည်။ ပခုံးပြဲ၊ ကျောပြဲလည်း ဖြစ်ချင်ဖြစ်မည်။

ရွာမိန်းကလေးများမတော့ မရှိလျှင်လည်း အပျိုအချင်း ချင်း လုံးတူရပ်တူရှာကာ ငှားရမ်းဝတ်ကြရပါ၏။ ငှားလည်း ငှားကြပါသည်။ ငှားသူက သူတစ်ပါး အင်္ကျီငှားဝတ်ရ သကောရယ်လို့ စိတ်မချမ်းမသာ မရှိသလို ငှားရသူကလည်း အပေါ်စီးကမရှိ။ အလှူမဏ္ဍပ်အတွင်းမှာ ဘုရားရှင်ကျောင်း ဆောင်နှင့် ကိန်းဝပ်ပြီဖြစ်သည့်အတွက် ဖိနပ်ချွတ်ဝင်ကြရသည်။ သည်လိုဆိုတော့ ဖိနပ်တကိုင်ကိုင် မလုပ်ချင်သူတွေ က ဖိနပ်မပါဘဲ လာကြတာများသည်။

မအိမ်ကံ မျက်စိထဲမှာ အလှူလှည့် လူတန်းကြီးကို မြင်နေရသည်။ တောက်တောက် ပပကြီး မြင်နေရခြင်း ဖြစ်ပါ၏။ ရွှေထီးကြီးတွေက ရှင်လောင်းတစ်ပါး နှစ်လက်ကျမိုးကြသည်။ မြင်းကိုင်နှင့် ထီးမိုးတို့ ပိုလို တဖွားဖွား ဖွာနေကြ လိမ့်မည်။ ကွမ်းတဖွမ်းဖွမ်း ရှိကြလိမ့်မည်။ ဒိုးပတ်ဝိုင်းက၊ အိုးစည်ဝိုင်းက၊ မောင်ဆိုင်းဝိုင်းက သူ့အသံကိုယ်အုပ်၊ ကိုယ့် အသံသူအုပ်သွားအောင် ဗြောင်းဗြောင်းဆူ တီးကြလိမ့်မည်။ အသံကြီးအောင်လှသော ကိုလူငွေက လည်ပင်းကြောကြီးတွေ ထောင်ထအောင် ရွာလုံးကြား ဆိုလိမ့်မည်။

"လှိုင်းကိုက်ပြန် တိမ်လိပ်နှင့်၊ ဘွဲ့ချိတ်ကယ်မ၀တ်မဆင်။ ရပ်ကြီးသူ ဖြူဖြူလတ်ကယ်၊ ကုံးစပ်နဲ့ယှဉ်၊ ကုံးစပ်ဆင်လို့ ယဉ်သလား၊ နဂိုယဉ်မို့ ယဉ်သလား၊ ရွှေခါးတော် ညိုဆိုင် နှင့်၊ ငွေခါးတော်ညိုဆိုင်နှင့် မတူနိုင် အနေခြားတယ်ကွယ် မိုးကျနတ်သား... အား... ဟား"

ရွာသူတွေဆိုတော့ ကုံးစပ်ထဘီကြောင့်လည်း လှကြပါ၏။ နဂိုယဉ်မို့လည်း လှကြပါ၏။

"မလာတစ်ည လာတစ်ညနှင့် စကားနှစ်ခွပုံမသေ၊ ပျိုတို့မောင် အလေလိုက်တယ်၊ ဖဲရိုက်လို့နေ၊ ရှိပစေ သူ့လှေနှင့် သူထား၊ အချိန်ကုန် ငွေပါခမ်းရင် လှမ်းခဲ့လိမ့်လား..."

မအိမ်ကံက မျက်လုံးတွေ မှိတ်ထားသော်လည်း အပျိုတန်းရှည်ကြီးကို မြင်နေမိပြန်ပါ၏။ သင်ဖြူးရွက်၊ ခေါင်းအုံးပိုက်၊ ပရိတ်အိုးရွက်၊ သင်္ကန်းမောင်းထောင်ချိုင့်ပိုက်၊ ပရိက္ခရာ ရွက်၊ ရွှေကွမ်းကလပ်ကိုင်၊ ငွေကွမ်းကလပ်ကိုင် စသည်ဖြင့် ဆိုင်ရာပစ္စည်းတစ်မျိုးမျိုးကို ကိုင်ကာ၊ ရွက်ကာ အပျိုတွေ တရွေ့ရွေ့ လျှောက်နေတာကိုပါ မြင်နေရသည်။ ယဉ်ပလေစေ ယဉ်လိုချည်းနေအောင်၊ ရစ်ခွေပင့်ရုံး၊ ပန်းတွေဆင့်ကာကုံး၊ ဆံထုံးမောက်မောက်များနှင့် လှနေကြမည်။ ဆယ့်သုံးနှစ် ရွယ်၊ ဆယ့်ငါးနှစ်ရွယ်၊ နှစ်ဆယ် မ၀င့်တ၀င်နှင့် ပျံသင် ပျိုလွတ်၊ နှုတ်ခမ်းကွမ်းထိန်၊ နှင်းရည်စိမ်သူကလေးတွေ ရွာမှာ များလှသည်မဟုတ် လား။

"မောင်ရင့်ဖ၊ ဒါနအလှူ့ ရှင်၊ ပရိက္ခရာ၊ လွယ်ဖို့ပါ သည်။ ပီတာ မောင့်ဖခင် တည့်..." (ရှိုး)
"မယ့်သခင်၊ လူယဉ်လှ၊ ရတုသံချို၊ ရကန်ဆိုသည်၊ လူပျိုဝန်းရံခလျက်လေး..."(ရှိုး)
"ထမ်းစင်စီး၍ ထီးရိပ်ခို၊ မြင်းမိုရ်မြင့်မား၊ ၀တိံဖျားက၊ နတ်သားကျသလိုနှင့်..." (ရှိုး)

ရှိုးသံတွေ တစ်မြိုင်မြိုင် ဒိုးသံတွေ တကြိုင်ကြိုင်ဖြင့် အလှူပွဲကြီးလှည့်တော့မှာပါလား။ မအိမ်ကံ ချွေးသီးကလေးများ စို့လာအောင် မွန်းကျပ်နေခဲ့သည်။ နေရောင်ပူပူ ရွာဆူဆူ တာလမ်းမှာ တစ်ရွာလုံး ရှိနေကြသော်လည်း မအိမ်ကံသာ အိမ်တွင်းအောင်းနေခဲ့ရသည်။ ခါတိုင်းရွာမှာ အလှူလှည့်ပြီး ဟေ့ ဆိုသည်နှင့် ရွာ့ကွမ်းတောင်ကိုင်ကို အပြေးအလွှားငေး တတ်သူ မအိမ်ကံ။ သည်တစ်ခါမှာတော့ ဓမ္မသတ် မသင်မိ လို့ တရားရှုံးရသလို ဖြစ်နေရလေပြီ။ ဖြစ်ချင်တော့ ဓာတ်ကလည်းအခိုက်၊ နတ်ကလည်း အတိုက်ဆိုဘိသကဲ့သို့ ကြီးတော် စံရွှေနှင့် ဖြစ်ရသည့်ပြဿနာကလည်း ရွာထဲမှာ စကားမပြယ် နိုင်တာ ရှိသေးသည်။

"ရွှေမှုံက ကွမ်းတောင်ကိုင် ဖြစ်ရပြီတဲ့လား။ ရွှေမှုံက ရွာ့ဖက်စိမ်းကွမ်းတောင်ကြီးပိုက်ရပြီတဲ့လား။ ရွှေမှုံ မအိမ်ကံ ကိုနင်းပြီး လက်ကမ်းယူနိုင်လိုက်ပြီလား..."

မအိမ်ကံ ကယောင်ချောက်ချားတွေ တွေးနေမိပါ၏။ ထိုစဉ်မှာပင် အလှူအိမ်ဘက်ဆီက ရှင်လောင်းလှည့်လာကြသည့် အသံတွေကြားလိုက်ရသည်။ အိုးစည်သံတထုံထုံ၊ ဒိုးပတ်သံ တဗိန်ဗိန်၊ သီချင်းတဆိုဆို၊ ရှိုးလိုက်သံ တဟိုဟို ပင် အိမ်ကြီးပေါ်ကို ဝေ့တက်လာခဲ့ပါပကော။ ရွာမှာ အတီး လေ့သည့်ဗျောသံကို မအိမ်ကံ သတိရသည်။

"ပယောဝါ၊ ဆာပါ လည်မှာယောက်ပါလို့၊ တို့နောက် လိုက်ပြန်ရင်း၊ တို့က ကြိုက်ပြန်ရင်း၊ မိုးပေါ်မှာ ပ၀ါပျောက် ပါလို့၊ ကောက်ရလျှင်ပေးကြပါ၊ အိမ်ပြန်လျှင် ကျုပ်လင်က တောင်းပြန်ရင်း၊ ကျုပ်က တောင်းပန်ရင်း..."

ဆာပါပ၀ါလည်မှာ "ယောက်"တုန်းရှိသေး မိုးပေါ်မှာ ပျောက်ခဲ့ရသည့် ဗြောမင်းသားနှင့် ဘာများထူးသေးလို့တုန်း။ ဖက်စိမ်းကွမ်းတောင်စိမ်းရောင် ၀ါရောင်ကို ကိုင်ရမလိုလို စိတ်ရှိတုန်း၊ မျက်စိရှေ့က ပျောက်ချင်းမလှ ပျောက်ရသည့် ပမာ ဖြစ်ရပြီ။ မအိမ်ကံမျက်ရည်တွေ သွန်သွန်ကြီး ကျလာခဲ့ပြန်လေ၏။ ရှက်ရွံ့ခြင်းနှင့် သိမ်ငယ်ခြင်းလို ဝေဒနာမျိုးကို ခံစားနေရသည်။ မျှော်လင့်ချက် ကုန်ခန်းရသလို ဝေဒနာ ကလည်း ကပ်လျက်ချပ်လျက် ပါလာပါ၏။

"သမီးရယ် စကားရှိသယ်မှုတ်လား။ ဘယ်လိုပင် ကျိန်ဆဲ ကျိန်ဆဲ အကြောင်းကုန်မှ လွဲရသတဲ့။ ဘယ်လိုပင် ဆုတောင်း ဆုတောင်းအကြောင်းပါမှ ပေါင်းရသတဲ့။ အကြောင်းမပါလို့ မထိုက်၊ မထိုက်လို့ မပန်ရသယ် သဘော ထားပါကွယ်။ ဖအေကြီးခမျာလည်း စိတ်ဆင်းရဲနေရှာပါ သယ်။ မောင်သာအောင့်အမေနဲ့ ဖြစ်ရသာလည်း ကြားပုံ ရပါရဲ့။ မမေးရှာဘူး။ စိတ်များထိခိုက်ထင်ပါရဲ့အေ။ ဒါကြောင့် စိတ်လက်ချမ်းသာ နေပြစေချင်တယ်"

အမေပန်းရုံက သည်ရက်ထဲမှာ ပြောခဲ့သည်စကား ဖြစ် ပါ၏။ မိဘနှစ်ပါး စိတ်ဆင်းရဲအောင် မအိမ်ကံ မလုပ်ခဲ့ဖူးပါ။ အခုတော့ မိဘနှစ်ပါး အရှက်ရကြရပြီ။ သည့်အတွက်လည်း ဖြစ်ခဲ့သမျှအပေါ် ခံပြင်းလွန်းလှသည်။ တစ်ခါဖူးမျှ မပေါ် ခဲ့ဖူးသော ဒေါသများပင် အုံဖွဲ့အိုင်ဖွဲ့ ရှိခဲ့ရပါ၏။

မအိမ်ကံက ဆတ်ခနဲ ထလိုက်ပြီး အခန်းအပြင် ထွက်လာခဲ့သည်။ အိမ်ကြီးတစ်အိမ်လုံးလည်း ငြိမ်ချက်သား ကောင်းလှပါ၏။ အမေပန်းရုံရော မလှအုံပါ အလှူကိုများ ရောက်နေကြလေသလား။ အဖေတော့ရှိချင်ရှိမည်။ အဖေ့ထုံးစံ ပဲမှော်တိုက်ရိပ်မှာ ပက်လက် ကုလားထိုင်တစ်လုံးချကာ ဇိနတ္ထပကာသနီကျမ်းကို ဖတ်နေပုံရ၏။ အောက်ကိုဆင်းဖို့ စိတ်ကူး လိုက်သော်လည်း မဆင်းတော့ဘဲ ၀ရန်တာဘက်ကို ထွက်လာခဲ့ပါ၏။ သည်နေရာက ရွာတာလမ်းကို မြင်ရသည်။ အလှူလှည့်လာတာကို ၀ိုးဝိုးဝါးဝါးတော့ မြင်နိုင်သည်။ အလှူ လှည့်လာပြီဖြစ်သော်လည်း ရွာ့မြောက်ဖျား ညောင်ပင်နတ်ကွန်း ဘက်ကို ရောက်နေကြသည်ထင်၏။ အသံတွေကို ဝေးဝေးက ကြားရခြင်းကြောင့် ဖြစ်၏။ ရွာနတ်ကွန်းက တသီးတခြား သွားရသည်။ ရှင်လောင်း နတ်ပြဓလေ့အတိုင်း ပြရခြင်းဖြစ်သည်။ နတ်ပြပြီးသည်နှင့် ရွာ့အရှေ့ဆီက လှည့်ကာ ရွာလမ်း အတိုင်း ပြန်ချိုးလာမည်။ ရွာအနောက်အထိ ထိုထိုပေါက် လှည့်ကာ မဏ္ဍပ်ကို ပြန်ဝင်လေ့ရှိကြပါ၏။

သိပ်မစောင့်ရပါ။ သာသနာ့အလံကို မြင်ရပြီ။ သာသနာ့ ကန်တော့ပွဲကို မြင်ရပြီ။ အလှူလှည့် လူအုပ်ကြီးဆီက ထွက်လာသော ဖုန်ခိုးတွေကြောင့် မြင်ကွင်းသည် မရှင်းလှ။ သို့သော် ဘယ်သူဘယ်ဝါ သိလောက်အောင်တော့ မအိမ်ကံ မြင်ရပါသည်။ ရွှေထီးတွေက ညနေခင်း နေရောင်ကြောင့် လက်လက်ထနေသည်။ မအိမ်ကံဆီကိုပင် အလင်းပြန်တွေ လာဟပ်နေသေးသည်။ မအိမ်ကံမှာ သည်အသက်၊ သည် အရွယ်အထိ အလှူကို ခိုးကြောင်ခိုးဝှက် ကြည့်ရတာ သည် တစ်ခါ ဗွေဆော်ဦးပါလားလို့ပင် တွေးနေမိပါ၏။ လူတွေ ရိပ်ခနဲ၊ ရိပ်ခနဲ ဖြတ်သွားတာကို စိတ်ရှည်ရှည် စောင့်နေ လိုက်သည်။ ၀ိုင်းစပ်က ကုက္ကိုပင်ကြီးတွေကြောင့် မအိမ်ကံ မြင်ရသည့်မြင်ကွင်းက သိပ်မကျယ်တော့ သည်မြင်ကွင်းထဲ ၀င်လာသမျှ စစ်စစ်ပေါက်ပေါက် ကြည့်နေခြင်းဖြစ်၏။

"ရွှေမှုံ"

မအိမ်ကံ နှုတ်က အသံပင်ထွက်သွားခဲ့ပါ၏။ ရွှေမှုံက မြင်ကွင်းဘောင်အတွင်းမှာ သွဲ့သွဲ့ကလေး ယိမ်းနေသော ပဲ့ပြားပင်ကလေးနှင့်ပင် တူတော့သည်။ ရွာထဲ ရပ်ထဲ သည်အတိုင်း တွေ့ရိုးတွေ့စဉ် တွေ့နေရတုန်းက ရွှေမှုံမဟုတ်တော့ပါလား။ မတော်တဆပဲလား၊ တမင်ပဲလားတော့မသိရ။ ဖက်စိမ်းကွမ်း တောင်ကို မအိမ်ကံတို့အိမ်ဘက် လှည့်ထားကာ ပွေ့ထားခြင်း ဖြစ်သည်။ နောက်ထပ်တိုက်ဆိုင်မှုကတော့ ရွှေမှုံဝတ်ထား သည့်အ၀တ်အစားက ဒေါင်းစိမ်းရောင် ဖြစ်နေခြင်းပင်။ မအိမ်ကံမြင်ရသလောက် မြင်ကွင်းဘောင်ထဲမှာ နောက်ထပ် လူတန်းရှည်ကြီး ဖြတ်နေသော်လည်း မအိမ်ကံ မမြင်နိုင်တော့။ မျက်ရည်များဖြင့် ဘာကိုမှမမြင်နိုင်တော့ပါ။ တစ်ဒင်္ဂ သာ မြင်လိုက်ရသော ဖက်စိမ်းကွမ်းတောင်ကို မအိမ်ကံ တစ်ဘ၀မျှော်လင့်ခွင့် မရှိတော့ပြီ။ မျက်ရည်တွေတွေ ကျနေရင်းက နာကြည်းခြင်း၊ စက်ဆုပ်ခြင်း၊ ခံပြင်းခြင်း၊ တွေဝေခြင်း၊ ထိုင်းမှိုင်းခြင်းစသော ခံစားမှုအထွေထွေက မီးကျီးနှင့် လှော်သော ပေါက်ပေါက်ပွင့်များကဲ့သို့ တဖောက်ဖောက် ရုန်းကြွ နေခဲ့ပါ၏။

အကယ်ဆိုပါမူ မအိမ်ကံအတွက် မည်သူတစ်ဦးတစ် ယောက်ကမှ အငြိုးတကြီး ရက်စက်ခဲ့ကြခြင်းမရှိ။ ဇောင်ချမ်းကုန်းရွာမှာ ဖက်စိမ်းကွမ်းတောင် ကိုင်ခဲ့ဖူးကြသော မဂွမ်းဖြူ၊ ကိုင်ခွင့်ရခဲ့သော်လည်း လာဘ်ဦးလွဲခဲ့ရရှာသည့် မစိမ်းမြ၊ ပြီးတော့ မခင်အိ။ ယခုလက်ရှိ ကွမ်းတောင်ကိုင် ရွှေမှုံ။ သည်မိန်းကလေးတွေ အားလုံးရွာရပ်က တညီတညွတ် တည်း ရွေးချယ်ထိုက်လို့ ရွေးချယ်ခဲ့ကြခြင်းသာ ဖြစ်သည်။ သည်မိန်းကလေးတွေ ကိုယ်တိုင်က မိန်းမသား သဘာဝ ဖြစ်ချင်စိတ်ရှိကြလင့်ကစား ဖြစ်ရကောင်းစေ သဘောထားခဲ့ ကြသူများမဟုတ်။ ကိုင်ခွင့်ရတော့လည်း ကိုင်လိုက်ကြခြင်း သာရှိသည်။ ကိုင်ခွင့်မရခဲ့လျှင်လည်း ခံစားနေကြမည့် သူများ မဟုတ်။သေချာသည့်အချက်ကတော့ ဖြစ်သင့်ဖြစ်ထိုက်၍ ဖြစ်ခဲ့ကြခြင်းပင်။ ဖက်စိမ်းကွမ်းတောင်ကိုင် တစ်ယောက် ဖြစ်ထိုက်သည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီရိုးသာ မှန်လျှင် မည်သည့်မိန်းကလေးမဆို ဖြစ်ခွင့်ရှိကြသည်သာ။မအိမ်ကံသာ ဖြစ်ခွင့်ရှိခဲ့လျှင်လည်း မအိမ်ကံထက် သေချာသူအခြားမရှိနိုင်။ သည်အဖြစ်တွင် မည်သည့် ပယောဂမှမရှိ။ မည်သည့်မရိုးသားမှုမှမရှိ။ မည်သူတစ်ဦးတစ်ယောက်၏ ကန့်ကွက်ချက်မှလည်း မပါ။ မဖြစ်ထိုက်၍ မဖြစ်ခဲ့ခြင်းဟုသာ ဆိုစရာရှိပါ၏။

သို့သော်လည်း ဖက်စိမ်းကွမ်းတောင်ကိုင်ခွင့် မရခဲ့သော မအိမ်ကံ၏ အဖို့ကား ကြောက်မက်ဖွယ်ကောင်းလှသော အဖြစ်သည် ဘ၀လမ်းခရီးတစ်နေရာက စောင့်ဆိုင်းလျက် ရှိလေသည်။ အမုန်းအာဃာတသည် မအိမ်ကံ၏ကိုယ်တွင်း၌ မကောင်းဆိုးဝါးသဖွယ် ကပ်ငြိရာက စခဲ့ခြင်းဖြစ်ပါ၏။

မအိမ်ကံ အိမ်ကြီးပေါ်က ဆင်းလာခဲ့သည်။ ရက်ကန်း စင်တွေဘက်မှာ အရီးကြာညွန့်နှင့် အခြားတစ်ယောက်သာ ရှိ၍ အလုပ်တွေ များနေကြသည်။ ရက်ကန်းသမကလေးတွေ က အလှူရက်ဆိုတော့ အလုပ်မ၀င်ကြ။ ထူးဆန်းတာက အမေ ပန်းရုံရော၊ မလှအုံပါ မရှိကြခြင်းဖြစ်၏။ ကျေးဥလည်း အလှူ လှည့်ရာ လိုက်သွားပုံရသည်။ ပဲမှော်တိုက်ရိပ်မှာ တရားစာအုပ် ဖတ်နေမည် ထင်ခဲ့သော အဖေ့ကိုလည်း မမြင်။ မအိမ်ကံ ၀ိုင်းတံခါးအထိ လျှောက်လာခဲ့ရုံနှင့်ပင် ရင်တွေတုန်နေခဲ့ပါ၏။ မအိမ်ကံ ခဏလေးရပ်ပြီး စဉ်းစားသည်။ ဆက်သွားရင် ကောင်းလေမလား။ သွားရင်ကော သွားနိုင်ပါ့မလား။ အခုပင် နှလုံးတွေ ခုန်လှပြီ။ အို ... သည်မြင်ကွင်းကို သူကြည့် ဖြစ်အောင်ကို ကြည့်ရမည်။

မအိမ်ကံစိတ်ကူးက ၀ိုးဝိုးဝါးဝါး မြင်လိုက်ရသော ရွှေမှုံကို ခပ်နီးနီးက ကြည့်ချင်၍ ဖြစ်သည်။ ရွာ့အနောက်ဘက် လမ်း အ၀ိုက်အတိုင်း ရှင်လောင်းလှည့်မှာကိုသိတော့ အိမ်ကြို အိမ်ကြားကဖြတ်ပြီး ဒွေးပိန်တို့ ၀ိုင်းတိုက်အထိ သွားမည်။ ဒွေးပိန်တို့ဝိုင်း ခြံစည်းရိုးက တာလမ်းနှင့် ကပ်နေတာဆိုတော့ ရွှေမှုံကို ထင်းထင်းကြီး မြင်နိုင်သည်။ ခြံစည်းရိုးဘေးက ကပ်ပြီးကြည့်နေသည့် မအိမ်ကံကို အလှူလှည့်တွေက မမြင် နိုင်။ ခြံစည်းရိုးတစ်လျှောက် ကင်ပွန်းချုံတွေ ရှိနေသည့် အတွက် သစ်ပင်တွေထဲ မတ်တတ်ရပ်နေရုံပင်။ ဒွေးပိန်က လည်း စပ်စုစရာမရှိ။ ဒွေးပိန်က မျက်မမြင်။

မအိမ်ကံ ခြံတံခါးဝက အသာလျှိုထွက်လာခဲ့သည်။ အလှူလှည့်တွေက တရွေ့ရွေ့ဆိုတော့ ရွာလမ်းအ၀ိုက်ကို အချိန်ယူပြီး ပတ်နေတာမှကြာဦးမည်။ မအိမ်ကံ အိမ်ကြို အိမ်ကြားတွေက ဖြတ်ထွက်လာခဲ့သော်လည်း လူသူလေးပါး မရှိ။ တစ်ရွာလုံး ရွာလမ်းမပေါ်မှာ။ ကြည့်သူတွေကလည်း တာလမ်းပေါ်မှာ။ ဒွေးပိန်တို့ ၀ိုင်းထဲရောက်တော့ မအိမ်ကံ အသံမပေးဘဲ ခြံစည်းရိုး ကင်ပွန်းချုံတွေနား ကပ်လာခဲ့သည်။ သို့သော်မရပါ။ ဒွေးပိန်က ပါးလိုက်တာ လှစ်လို့။

"ဟဲ့ ဘယ်သူတုံး"

"ကျွန်မပါ ဒွေးပိန်။ မအိမ်ကံပါ"

"ရှင်အိမ်ကံလား။ ညည်းအလှူလှည့် မလိုက်ဘူးလား"

"နေမကောင်းလို့ ဒွေးပိန်ရဲ့။ လမ်းဘက်ထွက်မလို့ ဖြတ်လာသာရယ်။ သွားတော့မနော်"

"အေး အေး သူတော်ကောင်းမ သွားရော့"

မအိမ်ကံ မလွှဲသာ မရှောင်သာ လိမ်ပြောလိုက်ရပါ၏။ မအိမ်ကံ ကင်ပွန်းပင်တွေကြား ၀င်လိုက်ချိန်မှာပင် အလှူ လှည့်တွေ ရောက်လာခဲ့လေပြီ။ ဒွေးပိန်ကို လှမ်းကြည့်တော့ ပြောင်းဖူးဖက်ဖွာလျက်။ သူ့ကင်ပွန်းပင်တွေကြား မအိမ်ကံ ရှိနေမှန်းမသိ။ သည်လိုနှင့် ရွှေမှုံကို မအိမ်ကံ ထင်းထင်းကြီး မြင်ခွင့်ရခဲ့သည်။ ဒေါင်းစိမ်းထဘီ၊ ဒေါင်းစိမ်းအင်္ကျီ၊ ရွှေတွေ က ညွှတ်လို့။ လိမ်းထားသည့် မျက်နှာချေကြောင့် မျက်နှာ ကလေး ရဲရဲမှည့်နေလေ၏။ ကြံဆစ်လက်ကောက်တွေက များလွန်းလှသည်။ ဒေါင်းစိမ်းရောင် အင်္ကျီလက်နှင့် ဖက်စိမ်း ကွမ်းတောင်စိမ်းက အစိမ်းတစ်မျိုးစီဖြင့် လှနေကြလေသည်။ ကင်ပွန်းပင်တွေကြားမှာ မအိမ်ကံရှိနေတာ မည်သူမျှ မမြင် ကြ။ လမ်းပေါ်က မျက်လုံးပေါင်း အရာအထောင်ကလည်း မမြင်။ အနားက ဒွေးပိန်ရဲ့ မျက်လုံးနှစ်လုံးကလည်း မမြင်။ မအိမ်ကံကသာ အရာအားလုံးကို မြင်နေရပါ၏။ ရင်ထဲမှာ တော့ စကားလုံးတွေ...။

"ရွှေမှုံရယ် ညည်းဂုဏ်ရှိလှ ကွမ်းတောင်ကိုင်ရတုန်းပေါ့ အေ။ ငါက တစ်ဘ၀စာ ဂုဏ်ရှိအောင် နေပြမယ်။ ညည်း စောင့်ကြည့်လိုက်"

မအိမ်ကံ အသာပြန်ထွက်လာခဲ့သည်။ ၀ိုင်းတိုက်တွေ၊ အိမ်တွေကြားကပဲ ပြန်လာခဲ့ခြင်းဖြစ်သည်။ အိမ်ရှေ့ခြံဝင်း တံခါးကြီးနား အရောက်မှာတော့ လှည်းတစ်စီး ကျွီခနဲ တုန့်လိုက်တာ သတိထားလိုက်မိသည်။ တောသားကြီး နှစ်ယောက်။ မျက်နှာစိမ်းတွေ။ တစ်ယောက်က လှည်းမောင်းသူ၊ တစ်ယောက်က လှည်းစီးလာသူ။ ပေရေ စုတ်ချာလှသော ခေါင်းပေါင်း ပေါင်းထားသည့် ကျောဘုကြီးနှင့် တောသား ကြီးက လှည်းပေါ်က ခုန်ဆင်းလိုက်ပြီး မအိမ်ကံရှိရာ ခြံတံခါး ဆီ လှစ်ခနဲ ကပ်လာခဲ့သည်။ မအိမ်ကံက ခြံတံခါးကို ကျောမှီ ပိတ်လိုက်ချိန်မှာတော့ လှည်းက တအီအီ ဆက်မောင်းသွား တာ ကြားနေရသည်။ မအိမ်ကံက ခြံတံခါးမောင်းကို ထိုးရန် ပြင်လိုက်စဉ်မှာပင် ကျောဘုကြီးနှင့် တောသားကြီးက ခြံတံခါးနှစ်ချပ်ကြား လက်ထိုးခံလိုက်လေသည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်ခင်ထူး

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ