(nov 09)ယခင်လမှအဆက်.....
၁၃၁၇ ခုနှစ်၊ နယုန်လ။
ညောင်ရေသဘင်၊ပွဲစဲလျှင်ကား၊
ထက်ခွင်မိုးလ၊
ကြယ်ဇေဠနှင့်
ပြည့်ဝစင်ကြယ်၊
စံပယ်မြတ်လေး၊
ပင်တိုင်း မွှေး၍၊
တွေးတွေးမောင်းနီ၊
ညွန့်ချင်းစီသို့၊
ရာသီမေထုန်။
လ နယုန်မူ၊
မြူးခုန်သာရွှင်၊
မိုးလုလင်လည်း၊
ရွာကျင်ခြိမ့်မျှ၊
ရေးငန်းပြလျှက်...”
ကဆုန်လ ညောင်ရေသွန်းပွဲ ပြီးလေပြီ။ ဇောင်ချမ်းကုန်းရွာ ကျောင်းရှိ ဗောဓိ ညောင်ပင်ကြီးမှာ ရေသွန်းလောင်းကြသည်။ ညောင်ရေပွဲကတော့ တိုင်းပြည်အခါ မကောင်းသည့်ကြားက စည်စည်ကားကား ရှိခဲ့ပါ၏။ မအိမ်ကံတို့ အိမ်ဝိုင်းတိုက်ထဲက စံပယ်ရုံ၊ မြတ်လေးရုံတို့ ပန်းရေးပြကြသည်ပင် ခူးလို့၊ ကုံးလို့ မကုန်နိုင်ခဲ့။ အိမ်တိုင်းဆီက စံပယ်ပန်းနံ့၊ မြတ်လေးပန်းနံ့တွေ ထုံသင်းလှပါ၏။ မိုးကတော့ ဟန်ရေး တပြပြပင်။ ယာတောင်သူတို့ မိုးကို မျှော်ကြသော်လည်း ကဆုန် လပြည့်ကျော်လို့ နယုန်လပြည့် ရောက်သည့်တိုင် မိုးတစ်ပေါက် မရွာဘဲ ရှိခဲ့သည်။
သို့သော် လောက သဘာဝတရား အရ ပွင့်ကြ၊ ဖူးကြ၊ မွှေးကြ၊ ကြိုင်ကြ သည်က တခြား၊ နိုင်ငံရေး ဆူကြပူကြ၊ ပြေးကြ လွှားကြရတာ ကတခြား ဆိုတော့ နေ့တပူပူ ညတဆူဆူ ရှိလေ၏။ လွတ်လပ် ရေးရပြီး ဆယ်နှစ်ပင် ပြည့်လေပြီ။ အင်္ဂလိပ်နှစ်နှင့် ဆိုလျှင် ၁၉၅၈ ခုနှစ်ကိုပင် ရောက်လာခဲ့သော်လည်း လွတ်လပ်ရေး ဆိုတာကိုပင် တောနယ် တစ်ဝိုက်က မေ့နေကြပြီ။ ကိုပြေသိမ်း ပြောနေကျ စကားနှင့် ဆိုလျှင် ရွာနာလွန်းလှပြီ။ အလုပ်ကောင်း ကောင်းမလုပ်ရ၊ စိုက်ပျိုးရေး ကောင်းကောင်းမလုပ်ရ၊ တစ်ဝမ်းတစ်ခါးလက်လှုပ်မှ ပါးစပ်လှုပ်ရသူတွေဆိုတော့ ဆင်းရဲကျပ်တည်းကြတာကလည်း ပြောစရာစကားတောင် မရှိသလောက်ပင်။ မအိမ်ကံတို့ ရက်ကန်းရုံက ရက်ကန်း ခြူကုံးသံ လွင်သေးသော်လည်း သွားရေး၊ လာရေးက လမ်းပူ လှပါသည်။ ဘယ်နေရာမှာမှ စိတ်ချရသည် မရှိ။ လုံခြုံရသည် မရှိ။ မြို့တွေမှာ အနီအဝါ ကွဲကြသလို နယ်တွေ၊ တောတွေမှာလည်း သည်ရောဂါကြီး ကူးစက်နေပြီ။
လွတ်လပ်ရေး မရခင်ကပင် အက်ကြောင်း လိုက်နေခဲ့သော နိုင်ငံရေးသည် ပိုမို ဆိုးလာသည်။ ဖဆပလ အတွင်း ပုဂ္ဂိုလ်ရေး အရ၊ အယူအဆ အရ အကွဲအပြဲတွေ များလေ၊ ဆူပူမှုတွေက အတော မသတ်လေ။ မအိမ်ကံ အဖို့ရာ ဒါတွေပဲကြား နေရတော့ သူတကာ သိတာထက် ပိုသိသည်။ သူတကာ စိုးရိမ်တာထက် ပိုစိုးရိမ်သည်။ သည်ကြားထဲက သမီးကြီး မအိမ်မြိုင် အရေးက ရှေ့တန်းကို ရောက်လာခဲ့ပါ၏။ မအိမ်မြိုင်က ဆယ့်နှစ်နှစ်သမီး အရွယ် ရောက်ခဲ့ပြီ။ ရွာကျောင်းက အတန်း ကုန်ခဲ့ပြီ။ သည်တော့ ကလေး ရှေ့ရေး၊ ပညာရေးကို စဉ်းစားကြရသည်။ ကိုပြေသိမ်းကတော့ ကျောင်းဆရာ ပညာတတ် ပီပီ သမီးကို ရှေ့ဆက်ပညာ သင်ယူစေချင်သည်။ မြင်းခြံကို ပို့ချင်သည်။ သည့်အတွက် ဘယ်သူ့ သဘောထားမှ တောင်းခံနေတာမျိုး မရှိတော့ မအိမ်ကံတို့ အိမ်ကြီးမှာ တစ်ချက်လွှတ် အာဏာသဖွယ် ဖြစ်နေခဲ့သည်။
အထူးသဖြင့် အမေပန်းရုံ။ အသည်း ပေါက်မတတ် ချစ်ရသော မြေးဦးဆိုတော့ မခွဲချင်တာ ပါသလို မခွဲနိုင်တာလည်း ပါသည်။ တစ်ချက်က မြေးမိန်းကလေးမို့ ဆင်သွားရာ ကျားပါမှာကို စိုးရှာတာလည်း ပါပါ၏။ မအိမ်မြိုင်က ဆယ့်နှစ် နှစ်သမီး ဆိုပေသိ မိန်းကလေး သဘာဝ တစ်နှစ် နှစ်နှစ် အတွင်း ကျေးမြီး လက်မျှော် ဘဝကနေ ဆင်ခြေပေါ် သမီးလှ အရွယ် ရောက်ဖို့သာ ရှိတော့သည်။ သူတကာထက် ချောမော လှပသူ ကလေးကလည်း ဖြစ်ပြန် ဆိုတော့ ဘွားအေကြီးတို့ ထုံးစံ အကဲ ပိုတာလည်း ပါသည်။ ပညာရဲရင့်မှ ပွဲလယ် တင့်မှာကိုလည်း နားလည်ပါ၏။
မိန်းကလေးများ ချောလျှင်၊ လှလျှင် ပုဆိုးအပ်တင် ဖျင်အစာချ ဆိုသည့် စကား ရှိသည်။ ပုဆိုးကောင်း ဆိုပေသိ အပ်တင်ချင် သူတွေ၊ ဖျင်ဘဝ ရောက်မှ ချည်စာ ချချင်တာတွေ ဖြစ်သည်။ ဝါးလုံးနင်း ဝါးခြမ်းနင်း ဖြစ်ရှာလေ မလား ဆိုတာကို ပူပင်မှန်း မအိမ်ကံ သိပါ၏။ အမေပန်းရုံက ကြိတ်ခံစား နေသော်လည်း မလှအုံကတော့ သူ့ခံစားချက်ကို မောင်းကွဲကြီး ထုသလို ထုတော့၏။ သူ့လက် သူ့ခြေကြီး ရတာဆိုတော့ မြေးရင်းနှင့် မခြား အချစ်ကြီး ရှာသည်။ တချို့ညတွေမှာ သမီး နှစ်ယောက်စလုံး မလှအုံနှင့် အိပ်ကြတာ ဆိုတော့ ရှေးစကား၊ ရှေးပုံပြင်တွေကို စွဲနေကြပြီ။
“ညည်း ယောကျာ်းက မြိုင်ကလေးကို မြင်းခြံ ပို့မလို့ပေါ့ ဟုတ်ကဲ့လား။ ဘယ့်နှယ့်အေ ငါတို့မှ ချစ်လို့ မဝသေးဘူး။ ညည်းတို့ ဥစ္စာက မဖုတ်အိုးကျိုးလွယ်။ ကလေးမှ နို့အတ်နံ့ မစင်သေးဘူး။ တစ်မြို့တစ်ရွာကြီး သွားထားရမယ်လို့ လွန်လွန်းသယ်။ ညည်းကြည့်ပြောဦး”
“မလှအုံရယ်၊ မအိမ်ကံလည်း မှန်သာ ပြောရရင် မပို့ချင်ပါဘူး။ ပညာလည်း တတ်စေချင်ပါရဲ့။ မျက်စိအောက်က ပျောက်ရမယ့် အရေး တွေးမိတိုင်း စိတ်ဆင်းရဲ နေရသယ်။ မပို့လို့ကလည်း မဖြစ်ဘူး မလှအုံ။ လေးတန်းနဲ့ ပညာ တစ်စခန်းရပ်လို့ ကတော့ မအိမ်ကံတို့လိုပဲ တောထဲ၊ အခင်းထဲ ရက်ကန်း ရုံထဲ ဘဝ ပြီးရမှာ။ ဖအေက ပို့မယ်၊ ပို့မယ် လုပ်နေသာ လေးတန်း စာမေးပွဲ ပြီးကတည်းက တကဲကဲ။ မအိမ်ကံ ဆွဲထားလို့ရယ်”
နယုန်လ စံပယ်တွေ၊ မြတ်လေးတွေ ကြိုင်လှသည် ဆိုသော်လည်း အိမ်ကြီးပေါ်မှာတော့ အပူ ရေစာကြီး နေကြသလို ဖြစ်နေသည်။ ကျေးဥ။ ကျေးဥကတော့ မအိမ်မြိုင်ကို မြင်းခြံ ပို့တော့မည် ဆိုကတည်းက မျက်နှာကြီး အမ်းနေအောင် ငိုရှာသည်။ ကျေးဥက ပလူမွေး၊ ပလူတောင်ကတည်းက ပွေ့ပွေ့ပိုက်ပိုက် ရှိခဲ့ရှာသည်။ သမီးနှစ်ယောက် ဖျားသည်၊ နာသည်ဆိုလျှင်ပင် မအိမ်ကံကမှ တစ်ရေး တစ်မှေး မှေးချင် မှေးသည်။ ကျေးဥက မအိပ်ပါ။ နေ့တနိုးနိုး၊ ညတနိုးနိုး။ မအေနှင့် မခြား စောင့်ရှောက်သူတွေ ထဲမှာ ကျေးဥကိုလည်း ထည့်တွက် ရပါ၏။ ကျေးဥကတော့ တောသူ၊ တောင်သား ပညာမဲ့ရှာသူ ဆိုတော့ ရင်ထဲ စကားကို မျိုမထားဘဲ ပွင့်ပွင့်လင်းလင်း ပြောရှာလို့ မအိမ်ကံပင် မျက်ရည်ဝဲ ရသည်။
“မအိမ်ကံရယ်၊ မြိုင်ကလေးကို မြင်းခြံပို့ရင် ငါတော့ ဖျပ်ဖျပ် လူးရတော့မယ် ထင်ပါရဲ့အေ။ ရင်ကျိုး ချင်နေပြီ။ လေးတန်းနဲ့ ကျောင်းနုတ် လိုက်ပါအေ။ သူတကာ သည်လို လေးတန်းနဲ့ တင်ပြီးကြသာပါ။ မိန်းကလေးပဲဟာအေ”
“သည်လိုလည်း ဘယ်ဟုတ်ပါ့မလဲ ကျေးဥရယ်။ ညည်း မေတ္တာ၊ ညည်းစေတနာ ငါသိပါသယ်။ ငါက မအေပါအေ။ ညည်းထက် ဆယ်ပြန် ရှိတော့မပေါ့။ ဒါပေသိ ခေတ်တွေက ညည်းတို့၊ ငါတို့ ငယ်ငယ်တုန်း ကလို မဟုတ်တော့ဘူး။ ရွာမှာပဲ ရက်ကန်းခတ် သလိုလို၊ ပဲနုတ်သလိုလို ကြီးရမယ့် အဖြစ်ကို သူ့ဖအေ ပညာတတ်က ဘယ်အဖြစ်ခံပါ့မလဲအေ။ ညည်းနဲ့ ငါ တစ်လ တစ်ခေါက် သွားတွေ့ကြသာပေါ့”
ကျေးဥက အီခနဲ ငိုတော့ မအိမ်ကံလည်း မျက်ရည် မဆည်နိုင်ခဲ့။ သည်လို ချစ်ခြင်းမေတ္တာတွေကို မြင်ရပြန်တော့ လည်း မအိမ်ကံမှာ လုံခြုံသလိုခံစားရပြန်ပါ၏။ သည်အသိုက်၊ သည်အဝန်းထက် အေးမြသောနေရာ မရှိပါလားလို့လည်း ခံစားရပြန်ပါ၏။ ဒါတွေကို မအိမ်ကံက ကိုပြေသိမ်းအား ပြောပြတော့ ကိုပြေသိမ်းလည်း စိတ်မကောင်းဖြစ်ရှာပါ၏။
“အစ်ကိုလည်း နားလည်ပါတယ် အိမ်ကလေးရယ်။ သူတို့ တစ်တွေက ချစ်လွန်းလို့ သမီးကြီးကို အလို လိုက်နေတာတွေ အစ်ကို တွေ့နေရသားပဲ။ ကြာတော့ ကလေးတောင် ဘဝ မဆန်မှာ အစ်ကို စိုးနေမိသာ။ အခု ကိစ္စကတော့ကွယ် အစ်ကိုတို့ အလိုလိုက်လို့ မဖြစ်ဘူးလေကွယ်။ အစ်ကို့ သမီးတွေ နှစ်ယောက်စလုံး ပညာတတ်တွေ ဖြစ်ရမယ်။ အစ်ကို့ဘက်က ပေးနိုင်တဲ့ အမွေကလည်း ဒါပဲ။ တစ်ချိန်ကျရင် သမီး နှစ်ယောက်စလုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကြရမှာကွယ့်”
ကိုပြေသိမ်း ပြောတာလည်း ဟုတ်သည်။ မအိမ်ကံ သမီးကြီး အရွယ်တုန်းက ရက်ကန်း အလုပ်ကလေးတွေ ခြေနိုင် လက်နိုင်ဝင် လုပ်ခဲ့ဖူးတာကို သတိရမိ၏။ တစ်နေ့တုန်းက မအိမ် မြိုင်ကို ဆပ်သွားတစ်ခုပေးကာ ချည်စာ ဖြီးခိုင်းရာသို့ အမေ ပန်းရုံ အပြေးရောက်လာခဲ့ပါ၏။
“မအိမ်ကံရယ်၊ ငါ့မြေးကို ချည်စာ ရှင်းခိုင်းရသယ်လို့ အေ။ ကလေး လက်ကလေးတွေ ချည်စာ စူးပါဦးမယ်။ နောင်ကြီးရင် ခိုင်းပါလေ့။ ပေးပေး ငါ့မြေး အမေကြီး ရှင်းလိုက်မယ်”
သမီး နှစ်ယောက်က တစ်မျိုးစီ။ မအိမ်မြိုင်က အကြီးပေသိ စိတ်က မအိမ်ကံဘက် တူချင်သည်။ စိတ်မာသည်။ အနေတည်သည်။ စကားများများ မပြောဘဲ ငေးငေးငိုင်ငိုင် ရှိတတ်သည်။ ကလေး သဘာဝ ကစားဟယ် ဆော့ဟယ်လည်း မရှိ။ ချောင်တစ်ချောင်မှာ ကုပ်ကုပ်ကလေး နေတတ် သဖြင့် မအိမ်ကံပင် အားမရ။ မိန်းကလေး သဘာဝ၊ တော သဘာဝ ဖန်ခုန်တာ၊ ကြက်ခွပ်တာ မျိုးတော့ ဝေးရော။ ကျောင်းက ပြန်ရောက်သည်နှင့် သလဲသီး မှည့်မှည့်တွေ ရွေးဆွတ်ပြီး အစေ့ရဲရဲ ကလေးတွေ တစ်စေ့ချင်း ခြွေသည်။ စံပယ်ပွင့် ကလေးတွေ၊ ဇွန်ပွင့် ကလေးတွေကို တစ်ပွင့်ချင်း ဆွတ်ကာ သီကုံးတာမျိုးလည်း ဝါသနာ ပါသည်။ တစ်ခါ တစ်ခါ ထူးဆန်းသော မေးခွန်းတွေ မေးတတ်သည်။
“အမေ သလဲစေ့ကလေးတွေကို နီအောင်၊ စံပယ်ပန်းက လေးတွေကို ဖြူအောင် ဘယ်သူက ဆေးဆိုးပေးသာလဲ။ ချည်ခင်တွေကို ဆေးဆိုး သလိုပေါ့နော် အမေ”
“အေးပေါ့ သမီးရယ်၊ သဘာဝက ဆေးဆိုး ပေးသာပေါ့။ သလဲစေ့ ဆိုရင် နီရမယ်။ စံပယ်ပွင့် ဆိုရင် ဖြူရမယ်ဆိုသာ ရှိပြီးသား သမီးရဲ့”
“သလဲစေ့ အဝါလည်း ရှိသာပဲ မှုတ်လား အမေရဲ့”
ဒါလည်း ဟုတ်သား။ သလဲသီးအဝါမျိုးရှိသည်။ မအိမ် ကံတို့အိမ်မှာ မရှိသော်လည်း မမ စိမ်းမြတို့ ဝိုင်းထဲမှာ သလဲပင် တစ်ပင်ရှိသည်။ မအိမ်မြိုင်က ဒါကို ပြောခြင်းဖြစ်သည်။
“သလဲသီး အဝါမျိုးဆိုတော့ သလဲစေ့ကလည်း အဝါ ရောင်ပေါ့ သမီးရဲ့”
“ဆန်းတယ်နော် အမေ”
မအိမ်မြိုင်က အဲသလို ရှာရှာဖွေဖွေ တွေးတတ်သည်။ ရှာရှာဖွေဖွေ မေးတတ်သည်။ သည်လို အခါမျိုးတွင် သမီးကို မအိမ်ကံ နားသွင်းရပါ၏။
“မဆန်းပါဘူး သမီးရယ်။ ဒါ မျိုးရိုးနဲ့ ဆိုင်သယ်။ သူ့ မျိုးရိုးက သူဆင်းသက်လာသာ ဆိုတော့ အရောင် မပြောင်းဘူး။ အစဉ် မပျက်ဘူးပေါ့ သမီးရယ်။ မျိုးရိုး အတိုင်း ဖြစ်ရသယ်။ ဒါကြောင့် မျိုးရိုး အရေးကြီးသယ် ပြောကြသာပေါ့။ မျိုးရိုးဆိုသာ မတိမ်ကော ကောင်းဘူး”
မအိမ်မြိုင်က ဖအေ့ဆီက နူးညံ့ခြင်း သိမ်မွေ့ခြင်း အမွေကို ရထားသကဲ့သို့ မအေ့ဘက်က ရုပ်ရည်နှင့် မာနကို ရရှိသူ ဖြစ်သည်။ မာန်မာန မဟုတ်သော မိန်းမသား တစ်ယောက်၏ စာရိတ္တ မာန ဖြစ်သည်။ ဒါကြောင့်ပင် ထင်ပါ၏။ မအိမ်မြိုင်သည် တစ်ခါတလေ နူးညံ့ နေတတ်ပြီး တစ်ခါ တစ်ရံမှာတော့ ပိုးပိုးပေါက်ပေါက် ရှိတတ်ပါ၏။ ရုပ်ရည်ကို ကြည့်ပြန်တော့ ဖအေနှင့်လည်း တူသည်။ မအေနှင့်လည်း တူသည်။ ဖအေ မအေတို့၏ အလှနှစ်မျိုး ရောထားသော ထူးခြားသည့် အဆင်ကွဲ အလှကလေးနှင့် ဖြစ်သည်။ ဝင်းဝါဝါ အသားအရေ၊ ဖူးစူစူ နှုတ်ခမ်းကလေးနှင့် မေးဝိုင်းကလေးက မအေ။ မျက်နှာကျ ပြေပြေ၊ နှာတံစင်းစင်း၊ မျက်လုံးတောက်တောက်က ဖအေ။ အမေပန်းရုံကဆိုလျှင် သူ့မြေးမကို ပပဝတီလို့ပင် ခေါ်တတ်သည်။ စိတ်လိုလက်ရ ရှိလျှင် မြေးမခေါင်းကို အုန်းဆီကလေး ပွတ်ပေးရင်း မျက်နှာကို မေးစေ့က ပင့်ကာ မော့မော့ကြည့်သည်။
“ချောလိုက်သယ့် မိန်းမနှယ်အေ။ ကြည့်စမ်း လှအုံ။ ငါ့မြေး သည်အရွယ် သည်လောက် ချောမှတော့ ကြီးရင် ပြောစရာကို ရှိမှာ မှုတ်ဘူး။ ပပဝတီတောင် ရှုံးလောက်သယ်။ အငယ်မြေးမကလည်း တစ်မျိုးချောသာအေ့။ ဆုတောင်း ကောင်းချက်တော့”
“ရှင်အိမ်ကံ သမီး၊ မောင်ပြေသိမ်း သမီး မချောဘဲလား။ ဖအေချော၊ မအေချော။ တော်ပါသေးရဲ့။ ဘိုးသာထန်ဘက် သွားမတူလို့”
မလှအုံ စကားကြောင့် အမေ ပန်းရုံရော မအိမ်ကံပါ ရယ်ကြရသည်။ သမီး နှစ်ယောက်ကို အမွှမ်းတင်တော့လည်း မအိမ်ကံ ရင်ကလေး နွေးရပါ၏။ သမီးချောတော့ ရွာက ပြောလိမ့်မည် ဆိုသလို လူတကာက မအိမ်ကံ သမီးတွေ ချောလှတယ် ဆိုကြသည်။ ထနောင်းတိုင်က အမျိုးတွေက ဆိုလျှင် ရွှေပေါ်မြတင် ရှိကြသည်။ ထနောင်းတိုင် သွားတိုင်း မြေးတွေကို ဂွမ်းပေါက်နှင့် တို့ထားမတတ် ချစ်ကြသည်။ အညစ်အကြေး မရှိလို့ စင်ကြယ်တာတဲ့။ သည်စကားကို မအိမ်ကံ သဘောကျ လှပါ၏။ သမီးတွေကို စိတ်အညစ်အကြေး၊ ကိုယ်အညစ်အကြေး မရှိအောင် မွေးမြူရမည်။
သည်လိုနှင့်ပင် သမီးကြီး မအိမ်မြိုင်ကို မြင်းခြံ ပို့ရမည့် ရက်နီး လာခဲ့လေပြီ။ မြင်းခြံမှာ ထားရမည့် အိမ်တွေ ရှိသော်လည်း ကိုပြေသိမ်းက သူ့ညီအရင်း ကိုသက်မင်းတို့ အိမ်မှာ ထားမည်ဆို၏။ ကိုပြေသိမ်း၏ အစ်ကိုကြီး ကိုသက်ဝင်းကတော့ ရွာစည်သူနှင့် အိမ်ထောင်ကျပြီးကတည်းက ရွာစည်မှာ တစ်အိုးတစ်အိမ် ထူထောင်ခဲ့တာပင် မအိမ်ကံနှင့် အကြောင်း မပါခင်က ဆိုတော့ ရွာစည်သား လုံးလုံး ဖြစ်နေခဲ့တာ ကြာပြီ။ သက်နှင်းနှင့် သက်မင်း ညီအစ်ကို နှစ်ယောက် ကျန်ကြသည့် အထဲက ကိုသက်မင်းမှာ နိုင်ငံရေးကို ဝါသနာ အလျှင်း မရှိ။ မြင်းခြံမြို့စွန်မှာ ရွာထွက်ကုန်တွေ လှောင်သည့် အလုပ်လုပ် ကိုင်ရင်း တောသားကြီ လိုနေသူ ဖြစ်သည်။ မြို့မှာနေသည် ဆိုသော်လည်း မြို့သွေးမြို့ရည် မရှိ။ တကယ့်တောင်သူကြီး နှင့်မခြား ရိုးရိုးကုပ်ကုပ် နေသူသာ ဖြစ်၏။ ကိုသက်မင်း မိန်းမ မလှရှင်ကလည်း တောသူ ဆိုတော့ ကိုသက်မင်းနှင့် မခြား ရိုးရိုးအေးအေးကြီး ဖြစ်၏။ မြို့ထဲကို ကျောင်းတက်ရန် စက်ဘီးတစ်စီး ဝယ်ပို့မည်ဆိုတော့ ကိုသက်မင်းက အပို့မခံ။ စက်ဘီး အသစ်တစ်စီး ဝယ်ထားပြီး ဖြစ်ကြောင်း လူကြုံမှာ သည်။ အိမ်အပေါ်ထပ် အခန်းတစ်ခန်း ပေးထားသည့် အပြင် မလှရှင်က ကျောင်းထမင်းချိုင့်တောင်စီစဉ်ပြီးကြောင်း ဆိုသည်။
“သက်မင်းတို့ လင်မယားက အေးအေး။ ငါ့သမီးက အေးအေးနဲ့တော့ ဟန်ကျပြီပေါ့ကွာ။ ထားကြည့်သေးတာပေါ့ လေ။ သမီး မပျော်တော့လည်း မြို့ထဲ ရွှေ့ကြတာပေါ့။ မြို့ထဲမှာလည်း ထားစရာ အိမ်ရှိပါတယ်”
ကိုပြေသိမ်းက သမီး မပျော်မှာ စိုးရှာသည်။ ထူးဆန်းတာက မအိမ်မြိုင်ပင်။ မိဘနှစ်ပါးနှင့် တကွ ဘွားအေတွေ၊ ဒွေးကြီး၊ ဒွေးလေးတွေနှင့် ခွဲရမှာကိုလည်း ပူပန် လွမ်းဆွတ် ပုံမရ။ ညီမငယ် မအိမ်ခိုင်ကိုပင် လွမ်းပုံ မပေါ်။ ဘထွေးမင်းတို့ အိမ်နေရမှာနော် ဆိုတော့လည်း အင်းမလှုပ်။ မြို့ထဲ ရွှေ့သင့် ရွှေ့ကြတာပေါ့ ဆိုတော့လည်း မငြင်းပါ။ သည်ကလေးမက တစ်မျိုးပဲလို့သာ အောက်မေ့ရ တော့သည်။ ဘွားအေကြီးက တစ်ရက်တွင် မအိမ်မြိုင်ကို ခေါ်ကာ ခြောက်မူးသား ရွှေလက်စွပ်ကြီး တစ်ကွင်း လက်ခလယ်မှာ စွပ်ပေးသည်။ မြေးဦးကို အမှတ်တရ ပေးခြင်း ဖြစ်၏။
“လက်စွပ်မြင်တိုင်း အမေကြီး ပန်းရုံကို သတိရနော်” လို့ မျက်ရည်လည်ရွဲ ဆိုရှာပါသည်။ မအိမ်မြိုင်ကတော့ ဘာခံစားမှုမှ မပြ။ မျက်နှာကလေး တည်ထားပြီး ခွဲခွာရခြင်း၊ ကွဲကွာရခြင်း လောကဓံကိုပင် ခံနိုင်ရည် ရှိနေသည့် မျက်နှာဖြင့် ဘွားအေကို ငေးနေတာပဲ ရှိသည်။ မလှအုံက သံသေတ္တာ တစ်လုံး ထဲမှာ မအိမ်မြိုင့် အဝတ်အစားတွေ ထည့်ကာသိုကာ ရှိရှာပါ၏။
“အပြစ်ကို လွဲပစေ၊ အချစ်ကို မြဲပစေ ကြားလား ငါ့မြေး။ မြို့ကျောင်းမှာ သူတကာ ချစ်အောင်နေ။ မျက်နှာကလေး ဖွင့်ထား။ မိန်းကလေးဆိုသာ အပွင့် လှရသယ်၊ ရနံ့ မွှေးရသယ်။ နှုတ်က ချိုပစေ၊ စိတ်က လန်းပစေ ဟဲ့ ကြားရဲ့လား ငါပြောသာ။ မောလိုက်သာအေ”
မအိမ်မြိုင်ကတော့ မလှုပ်ချောက်ချောက်၊ လှုပ်ချောက်ချောက်။ ကျေးဥကတော့ မအိမ်မြိုင် အင်မတန် ကြိုက်သော မုန့်ဆီကြော်တွေ ကြော်ပေးထားသည်။ မအိမ်မြိုင်က ကျေးဥကို ငယ်ငယ်ကတည်းက ခေါ်နေကျ အတိုင်း ကျေးကျေးလို့ ပဲ ခေါ်သည်။
“မုန့်ဆီကြော် ကုန်ရင် ကျေးကျေးကို လှမ်းမှာလိုက်နော် မြိုင်ကလေး။ ကျေးကျေးကြော်ပြီး လာပို့ပေးမယ်သိလား။ ညည်းဦးလေး ဖိုးကူးနဲ့ ထည့်ပေးလိုက်မယ်”
တကယ်တော့ ဖိုးကူးက မအိမ်ကံ့တူ ဆိုတော့ စပ်လျှင် အစ်ကိုတော်သော်လည်း အရွယ် ကွာသဖြင့် ဦးလေးလို့ ခေါ် ခြင်းဖြစ်၏။ ကျေးဥ ပြောတာကိုတော့ မအိမ်မြိုင်က ခေါင်းညိတ်ပြသည်။ မြင်းခြံကို ကျေးဥ လိုက်ခဲ့ဖို့မှာသည်။ သည်စကား ကြားတော့ မလှအုံက မျက်နှာရွဲ့သည်။ ကျေးဥကျမှ မြင်းခြံလိုက်ခဲ့ ပြောဖော်ရလို့ ဖြစ်၏။ အမှန်တော့ မအိမ်မြိုင်က လက်ပွန်းတတီး နေရသော ကျေးဥနှင့် ကျေးဥသား နှစ်ယောက်ကို ခင်တွယ်တာလည်း ပါပါသည်။ ကျေးဥ၏ သားနှစ်ယောက် ဖြစ်သော ထွန်းပနှင့် ထွန်းရ ဆိုတာကလည်း မအိမ်မြိုင့် အနွံအတာ ခံရှာတာ မဟုတ်လား။ မလှအုံ မျက်နှာ ရွဲ့ပြတာကို မြင်တော့ မအိမ်ကံခမျာ ငိုရသည့် ကြားက ရယ်မိ သေး၏။ သည်လိုနှင့်ပင် မနက်ဖြန် နံနက် မအိမ်မြိုင် မြင်းခြံ ကျောင်းကို သွားရတော့သည်။
နယုန်လပြည့်။
လပြည့်ညသည် ဝင်းဝင်းကြီး ဝါလျက် ရှိလေသည်။ မအိမ်ကံ အိပ်မပျော်နိုင်ပါ။ မနက်လင်းသည်နှင့် သမီးကြီးမြိုင် မြင်းခြံမြို့ သွားနေရတော့မည်။ အခါလည် ကျောင်းပိတ်တော့မှ ပြန်လာမှာ ဆိုတော့ ခွဲရမည့် ရက်တွေ များလှပါ၏။ ဆယ့်နှစ်နှစ် သမီးဆိုတော့ ကလေး မဟုတ်ပေသိ ကြီးကောင်လည်း ဝင်သေးသည် မဟုတ်။ တောနေတောကြီး ဆိုတော့ မြို့နှင့်မှ အဆင်ပြေပါ့မလား။ သည်ကြားထဲသမီးက အေးဆေးလွန်းသည်။ ဆပ်သွားဖူး ဆူးဖျက် ဆိုသလို သည်တစ်ချက်ကိုတော့ မအိမ်ကံ အားမရ။ အငယ်မလို သိုးသိုး သွက်သွက် မရှိ။ ဆိုးဆိုး ဆတ်ဆတ် မရှိ။ ဒေါင်းတည် မောင်းတည် မရှိ။ သို့ပေသိ မြိုင်က ရုပ်ချောသလောက် သဘောကောင်း ရှာပါသည်။ ချိုသည်၊ ခါးသည်၊ ဖန်သည် ဝေဝေဆာဆာ မရှိသော်လည်း ဘယ်သူ့ အပေါ်မှာမှ မထိခိုက်အောင် နေသည်။ ကြီးရင်တော့လည်း သူ့ကိုယ်သူ ပြင်သွားမှာ ပါလေလို့သာ တွေးရပါ၏။ အကျော် ကရမက် မှန်လျှင် ပင်ကိုနံ့ သင်းလာလိမ့်မည်။
သည်အမေ၊ သည်အဖေ၊ သည်ဘွားအေတွေနှင့် အိမ်ကြီးမှာ ဆယ့်နှစ်နှစ် နေခဲ့ရသူကလေး။ တကယ်တမ်း ခွဲရမှာ ဆိုတော့လည်း ဝမ်းကျုံ့ရသား။ သည်သမီးကို ကွမ်းတောင်ကိုင် ဖြစ်ဖို့ မွေးကတည်းက ချောပါစေ၊ လှပါစေကြောင်း ဆုတောင်းခဲ့ရသည်။ တစ်နှစ်နွေက ကျောက်ကြီးပေါက်က ရောရယ်လို့ စိတ်ကို လျှော့ချရင်း တစ်ဘဝတော့ပြီး ပြန်ပါ ပကောလို့ပင် တွေးမိခဲ့သေးသည်။ ရတနာသုံးပါး ဂုဏ်တော်ကြောင့် အဖျားကြီး ဝင်ခြင်းသာ ဖြစ်၍ ဆရာဆောင့် ဆေးတန်ခိုးဖြင့် ပိန်းကြာရွက် ရေမတင် ရောဂါကြီး စင်ခဲ့ရသည်။ သမီးနှင့် မအေ ထွေးထွေးပွေ့ပွေ့ ရှိခဲ့ရသည့် ရက်တွေကိုလည်း မအိမ်ကံ သတိရပါသည်။ မအိမ်ကံက သမီးကြီးမြိုင်ကို အကဲ ပိုသော်လည်း သမီးကြီးက ဖအေကို ပိုသည်းသလိုပင်။ ဖအေက အငယ်မကို ကရုဏာပိုတာကိုလည်း သတိထားမိပါ၏။
လွန်ခဲ့သည့် ခြောက်နှစ်လောက်က မီးကြီးဟုန်းဟုန်း လောင်ခဲ့သော ညတစ်ညကိုလည်း မအိမ်ကံ စိတ်ထဲ ချေဖျက် လို့ မရနိုင်သေးပါ။ သည်အကြောင်း စိတ်ရောက်ပြန်တော့ ကျောင်းဆောက်လှူရန် ခွင့်လာပန်ကြသော သာအောင်တို့ လင်မယားကို သတိရရပြန်သည်။ သာအောင်နှင့် ရွှေမှုံတို့ အိမ်ထဲ ရောက်လာကြတော့ မအိမ်ကံ သွေးပွက်ပွက် ဆူနေခဲ့ပြီ။ အမေနှင့် ကိုပြေသိမ်းတို့ ရှေ့မှာ ဟန်လုပ် ရပ်တည်နေရ သော်လည်း သူတို့ ဘာစကား ပြောဖို့ လာကြသလဲ ဆိုတာ ကြိုသိထားသူ ဆိုတော့ ပိုးစိုးပက်စက် ပြောချင်လှပြီ။ သို့သော် သာအောင်က လေအေးကလေးနှင့် ဝင်သည်။ အမေပန်းရုံနှင့် ကိုပြေသိမ်းကို တိုင်တည်ကာ ကျောင်းကြီးဆောက် အလှူမှာ တစ်တပ်တစ်အား ထည့်ဝင်ပါရစေပြောလာသည်။
“ဆရာလေးရယ် ကျွန်တော့်အဖေလည်း မရှိတော့ပါ ဘူး။ အမေလည်း မရှိတော့ပါဘူး။ ကျွန်တော့်အိမ်ထောင်နဲ့ ကျွန်တော် ဖြစ်လာတော့ ရှာလို့ရသဲ့ စီးပွားကလည်း ကျွန်တော့် ချွေးနှဲစာ ဖြစ်ရပါပြီ။ လှူမယ်ဆိုရင် မိဂုဏ်၊ ဖဂုဏ်ကို ရည်စူးပြီး လှူမယ်ဆိုသဲ့ စိတ်လည်းရှိနေတော့ သည်တစ်ပွဲမှာ တတ်အားသရွေ့ ပါဝင်ခွင့်ပြုဖို့ လာပြောကြသာပါ”
ကိုပြေသိမ်းက မြင်းခြံ ပညာရေးဌာနကို သွားခဲ့ရပုံ၊ ပညာရေး ဌာနက သဘောထားပေးလိုက်ပုံ၊ လောလောဆယ် ကျောင်းကို ဘုန်းကြီးကျောင်းမှာ ဖွင့်ရန် စီစဉ်ထားပုံ၊ သည် တစ်ခါတော့ ဝါးကပ်မိုး ထရံကာ မဟုတ်ဘဲ ပျဉ်ကာ၊ သွပ်မိုး ဆောက်ချင်ပုံတွေ စီကာပတ်ကုံး ပြောပြနေသည်။ အမေပန်းရုံ ကလည်း တခြား ရွာတွေကလည်း အလှူငွေ ထည့်ချင်ကြကြောင်း၊ ရွာတွေမှာလည်း ဘုန်းကြီးပျံ ကြားခုလိုက်သဖြင့် လူပင်ပန်း၊ ငွေပင်ပန်း ရှိနေကြကြောင်း၊ မောင်ပြေသိမ်း ပြောသလို ပျဉ်ကျောင်းကြီး ဆောက်လျှင် ငွေကုန်ကြေးကျများ ရန်သာရှိ၍ ရွာပေါင်းစုံ သူကြီးများနှင့် ရွာကိုယ်စားလှယ်များ စုခေါ်ကာ တိုင်ပင်ရန်ကောင်းကြောင်းတွေ ပြောပြပါ၏။ ဇောင်ချမ်းကုန်းမှာ သူကြီးဖြစ်လာသူက ဦးစံမြဖြစ်၍ ဦးသာထန် လိုပင် ရွာရပ်အပေါ် သဘောမနော ကောင်းသူ ဖြစ်သည်။ တခြား ရွာတွေမှာလည်း နောက်တက်သူကြီးတွေ ရှိနေကြပြီ ဖြစ်၍ လူကြီးတွေ ဝိုင်းတိုင်ပင်ကြလျှင် မဖြစ်နိုင်စရာ မရှိကြောင်း၊ သို့သော် သူတို့ တည်ထောင်ခဲ့သော ကျောင်းမို့ တစ်ဦးတည်း လှူပါဆိုလျှင်လည်း လှူချင်ပါကြောင်းတွေ ပြောနေ ခဲ့သည်။ မအိမ်ကံက စောစောက မျိုချ ထားခဲ့သော စကား လုံးတွေကို ပြန်အန်ထုတ်ရတော့မည်ဟု တွေးသည်။ မအေနှင့် လင်သားက အများဆိုင် ကျောင်းဆိုသည့် ဘက်ကို ယိမ်းချင်ချင် ဖြစ်နေကြ ပြီဆိုတော့ မအိမ်ကံ နားဝင်အောင် ပြောရတော့ မည်။ မအိမ်ကံက သာအောင်ဘက်ကို လှည့်လိုက်သည်။
“ကျောင်းကြီး မီးဟုန်းဟုန်း လောင်နေသခိုက်မှာ ပြာကျသဲ့ အထိ ငါရပ်ကြည့်နေခဲ့သယ်။ မီးတောက်တွေ ဟူးဟူး လောင်နေသဲ့ အချိန်မှာ ငါအဓိဋ္ဌာန်ပြုခဲ့သယ်။ မအိမ်ကံ ကျောင်းကို မအိမ်ကံ ပြန်ဆောက်လှူမယ်လို့ ပျဉ်ကျောင်း ဆောက်ချင်ကြရင် ပျဉ်ကျောင်းပေါ့၊ တိုက်ကျောင်း ဆောက် ချင်ကြရင် တိုက်ကျောင်းပေါ့။ ရွှေကျောင်းကြီး ဆောက်ချင် ကြရင် ရွှေကျောင်းပေါ့။ မအိမ်ကံ ဆောက်လှူမယ်။ အဲသာ မအိမ်ကံ အဓိဋ္ဌာန်ပဲ”
မအိမ်ကံ စကားကြောင့် အားလုံး ငြိမ်ကျသွားခဲ့ကြ သည်။ မအိမ်ကံက မျက်နှာကို ချီထားကာ ပိုးပိုးပေါက်ပေါက် ပြောလိုက်သော်လည်း ကိုယ်တိုင်ရင်တွေ ခုန်လှုပ်နေတာလည်း အမှန်ပင်။ ရင်မဆိုင်ဝံ့လို့ မဟုတ်။ တုန်လှုပ် ချောက်ချားနေ ခြင်းမဟုတ်။ ဒေါသဖြင့် လှုပ်ခုန် နေခြင်းသာဖြစ်၏။ အထူး သဖြင့် သာအောင်နှင့် ရွှေမှုံက ထန်းလျက်သည်ကြား တည်သီးသည် ကန့်လန့် လုပ်နေသည် ထင်၍ဖြစ်သည်။ အမေပန်းရုံ ပြောသလို ရွာတွေက ကျောင်းကုသိုလ် ပါဝင်ချင်ကြတာကိုလည်း သိပါ၏။ ကိုပြေသိမ်း ပြောသလို ငွေကုန်ကြေးကျများ မှာကိုလည်း နားလည်ပါ၏။
သို့သော် သာအောင်တို့က ပါဝင် ပါရစီ ဆိုတာကိုတော့ လက်မခံချင်။ ကြီးတော်စံရွှေ၏ ကျောင်းမီးရှို့ရေး လက်စားချေခြင်းကို တကယ်တမ်းသိသူ မှာ မအိမ်ကံတစ်ယောက်တည်းဖြစ်သည်။ ဟုတ်သည် မဟုတ် သည်ထား၊ လက်ပူးလက်ကြပ်မဖမ်းနိုင်တာထား၊ မပြေးသော် လည်း ကန်ရာ ရှိနေခဲ့လေပြီ။ သည်အကုသိုလ်ကြီးကို ကျူးလွန် ခဲ့ကြသူတွေက အများအမြင် ကောင်းအောင် လှူချင်ပါသည် ဆိုတာကို မအိမ်ကံ မခံချင်။ တောမီးလောင်ခဲ့တာက တစ်ခဏ၊ မုဆိုး သားမချောင်း နိုင်တာ တစ်ဘဝ ဆိုသလို ဖြစ်ခဲ့သည် မဟုတ်လား။ သည်လိုနဲ့ ကျေရောလား။ အသက်နဲ့ ရင်းပြီး ဖြေဖျောက်တာနဲ့ ပြီးရကြေးလား။
“
မအိမ်ကံ (nov 09) ဒုတိယပိုင်း
“မဟုတ်ပါဘူး ငါ့သမီးရယ်။ အမေလည်း ပြောခဲ့ပါ သယ်။ အမေ ပြန်လှူမယ်လို့။ နို့ပေသိ ရွာရပ်က ကုသိုလ်ပါဝင် ချင်ကြမှတော့ ဘယ်ပြောသာမှာတုံး။ ပညာရေးမှာ ရွာတိုင်းက စိတ်ပါလက်ပါ ရှိလာကြသာကိုပဲ ဝမ်းသာကြရမှာပေါ့ သမီးရယ်။ ငါ့သမီး လှူခဲ့သဲ့ကျောင်း ငါ့သမီး ပြန်ဆောက်ချင်သာ အမေ နားလည်ပါသယ်။ အခုဟာက အလှူမှာ ဝိုင်းကြ ပါရစီဆိုသာ ကိစ္စကောင်းပဲ သမီးရဲ့”
အမေပန်းရုံက ဖျောင်းဖျပါ၏။ ကိုပြေသိမ်းက မအိမ်ကံ ဝင်ပြောလိုက်တာကို ကြားရတော့ အံ့သြသွားခဲ့သည်။ သူ ကိုယ်တိုင်ပင် မီးလောင်သည့်နေ့က တစ်ကျောင်းပြိုတော့ နှစ် ကျောင်းဆောက်ကြတာပေါ့လို့ ပြောခဲ့သည်။ တကယ်တမ်း ရပ်ရွာက၊ အလှူရှင်က၊ စေတနာရှင်က ကုသိုလ်ပါပါရစေ ဆိုတော့ တစ်ဦးကောင်းမဆန်သာပါ။ သစ်အဖျားဝါးအရင်း လူတိုင်းပါနိုင်လေ ကောင်းလေ။
“ဟုတ်သားပဲ အိမ်ကလေးရယ်။ မောင်သာအောင်တို့က တစ်ကျောင်းလုံး ဆောက်ပါရစေ ပြောနေတာ မဟုတ်ဘူး။ အခုဟာက အများထဲ ပါချင်ကြတာပါ။ အိမ်ကလေးက စေတနာ ရှိသလောက် မတည် လိုက်ပေါ့။ လိုတာအများက ဖြည့်တော့လည်း အများ ကောင်းမှုဖြစ်ရတာပေါ့”
မအိမ်ကံက အမေနှင့် လင်သားတို့၏ ဆန္ဒကို ဘဲ့မတိုက် ချင်သော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ရွှေကျောင်းကြီး ဆောက်ဦးတော့ တစ်ဦးတည်းပဲ ဆောက်မည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။ ရှိသမျှ စည်းစိမ်တွေ ကုန်ချင်ကုန်စေတော့ အရှင်ထွက် ထွက်ရ ထွက်ရ၊ အသေထွက် ထွက်ရ ထွက်ရ အောလိုက်ဖို့လည်း ဆုံးဖြတ်ပြီးသားပင်။ သည်အချိန်မှာ အကွက်ကောင်း ဝင်နင်း လိုက်သူမှာ သာအောင်ဖြစ်သည်။
“ဟုတ်ပါသယ် မအိမ်ကံ။ တို့တစ်တွေလည်း အသက်တွေ မငယ်တော့ပါဘူး ငါ့နှမရာ။ လူ့မနော အချောချည်း မဟုတ်လေတော့ အရင်က ရှိခဲ့တဲ့ ပြောမှား ဆိုမှားရှိခဲ့တာတွေ ရှိခဲ့ရင်လည်း ကျောင်းအလှူနဲ့ ချေချင်သာလည်း ပါပါသယ်။ မအိမ်ကံက အမေ ခေါ်စရာ ရှိပါသေးသယ်။ ငါ့မှာ မရှိတော့ပါဘူး။ တို့မိဘများရောတို့ပါ စာမတတ်ကြလေတော့ ပညာ ပါရမီ သံသရာ ပါအောင် လှူချင်ကြသာပါ”
“ဟုတ်ပါသယ် သူငယ်ချင်းရယ်။ တို့ကနောင်မှ ခါးချိုး ရှာရရှာရ။ ရွာကျောင်း မီးလောင်သာကို ကျောင်းကြီး ငုတ်တုတ်ပြန်ပေါ်သဟဲ့ဆိုသာ တခြားရွာတွေကို ပြချင်သာလည်း ပါပါတယ်။ ကြွားဝါချင်သာ မဟုတ်ရပါဘူးအေ။ ဇောင်ချမ်းကုန်းက ညီသဟဲ့ ဖြစ်ချင်သာပါ။ ညည်းခွင့်ပြုရင် တစ်ကျောင်းလုံးတောင် တာဝန်ယူ လိုက်ချင်ပါရဲ့”
ရွှေမှုံစကားကို မအိမ်ကံ နားမဝင်ပြီ။ ခွင့်ပြုရင် တစ်ကျောင်းလုံးတောင် လှူလိုက်ချင်သတဲ့လား။ ဇောင်ချမ်းကုန်းက ညီသဟဲ့လို့ ပြချင်ကြရော့လား။ ညည်းက ညှိချင်ဦးတော့ မညီနိုင်တော့ပေါင်အေ။ ပြဒါးရှင်လုံး ထန်းလျက်နဲ့ လဲရမယ်လို့။ မဟုတ်သဲ့ စကား မပြောစမ်းပါနဲ့။
“မဟုတ်ဘူး။ ညည်းတို့ ပြောနေသာတွေ မဟုတ်ဘူး။ သည်ကျောင်းကြီးက သူ့ဟာသူ လောင်သဲ့မီး မဟုတ်ဘူး။ လူရှို့သဲ့မီး။ မသမာသူက ရှို့ခိုင်းသဲ့မီး တခြားရွာက လူခေါ်ပြီး ရှို့ခဲ့သဲ့မီး။ ငါတို့မှာ တောစပါး လိုချင်လွန်းလို့ အိမ်စပါးနဲ့ ရင်းရသာအေ့။ တစ်ကျောင်းလုံးလည်း မရဘူး။ တစ်ချိုးတစ်ဖဲ့ လည်း မရဘူး။ စကားကုန်ပြီ”
မအိမ်ကံသည်လောက် ရက်ရက်စက်စက် ပြောနေတာမျိုး တစ်ခါမှ မကြုံဖူးကြတော့ အားလုံးက အံ့သြနေခဲ့ကြသည်။ မအိမ်ကံ ဘာကို ဆိုလိုချင်မှန်း မသိကြသော်လည်း တစ်စုံ တစ်ရာ မကျေမချမ်း ဖြစ်နေတာတော့ ရိပ်မိကြပုံပေါ်ပါ၏။ စကားကုန်ပြီဆိုသည့် စကားကြောင့် ကိုပြေသိမ်းက ဟန့်တားသည်။ အမေ ပန်းရုံက ဝင်ဖျောင်းဖျသည်။ မလှအုံက ဝင်ချော့သည်။ ကျေးဥကတော့ မအိမ်ကံ၏ ခံစားချက်ကို အူမချေး ခါးသိထားသူ ဆိုတော့ ဘာမှ ဝင်မပြောဘဲ နားထောင် နေခဲ့ပါ၏။ သာအောင်က မအိမ်ကံ အကြောင်း သိထားသူ ဆိုတော့ စိတ်ဆိုးပုံတော့ မရ။ သို့သော် သည်လောက်ခဲယဉ်းလိမ့်မည် မထင်တော့ ဘယ်စကား ပြောရမှန်း မသိဘဲ ရွှေမှုံ့မျက်နှာကို သာ ကြည့်နေခဲ့သည်။ ရွှေမှုံက အမေ ပန်းရုံဘက်ကို လှည့်ကာ တောင်းပန်သည်။
“အရီးရယ်။ ကျူပ်တို့ကို မအိမ်ကံ ဘယ့်နှယ် ဖြစ်နေသလဲ မပြောတတ်ပါဘူး။ မတွက်ကပ် သင့်သာ တွက်ကပ် နေသလိုပဲ။ ကျုပ်တို့က ရွာစိတ်ရပ်စိတ်နဲ့ လာတောင်းပန်သာပါ။ ကျုပ်တို့ သမီးလေးကလည်း ဆရာလေး ကျောင်းမှာပဲ ခရီး ဆုံးရမှာပါ။ မြို့ကျောင်းလည်း တက်မထားနိုင်ပါဘူး အရီးရယ်။ ကိုယ့်နယ် ကိုယ့်ရွာက ကလေးတွေ အားလုံးအတွက် စဉ်းစားသာပါ။ အခုတော့ ကျုပ်တို့ကို ထဆစ်(ထန်းဆစ်)လည်ကျိုး လှေပိုး ထိုးတွေကျလို့”
အမေပန်းရုံက သူ့ကို တိုင်တည်နေသော ရွှေမှုံကို ကြည့် ပီး သနားနေပုံ ပေါ်သည်။ ရွှေမှုံ ပြောတာလည်း မှန်သားပဲ။ သူတို့ ကိုယ်ကျိုး မပါပါ။ အများဆိုင် ကျောင်းမှာ တစ်ဖဲ့တစ် မလှူပါရစေဆိုတာ လက်ခံကောင်းသားပဲ။ သမီးက ဘာဖြစ် လို့ပါလိမ့်။ ခက်တာက တစ်ဖက်ကလည်း မငြင်းသာ။ တစ်ဖက်ကလည်း သမီး။ ဖြစ်နိုင်လျှင် အမေပန်းရုံ သည်ကိစ္စ သည်မှာတင် ပြီးချင်ပါ၏။ ကိုပြေသိမ်းကတော့ မအိမ်ကံ တစ်စခန်း ထလာတာကို ဇွတ်မငြင်းချင် သေးသလို အသာငြိမ် နေသည်။ မအိမ်ကံက ရွှေမှုံသမီး မှုံနံ့သာကို မြို့ကျောင်းလည်း တက်မထားနိုင်ပါဘူး ဆိုတာကြားတော့ မျက်နှာကို မော်ထား လိုက်ပါ၏။ လေတော့ လျှော့ချလိုက်သည်။
“ထဆစ်လည်ကျိုး လှေပိုးထိုးတွေ မဟုတ်မှန်းသိပါ သယ်အေ။ ညည်းတို့ကို ငါသည်လောက်ပဲ ပြောပါရစေတော့။ ညောင်မြစ်တူးရင်း ပုတ်သင်ဥတွေပါ ပေါ်ရော့မယ် ငါ”
ရွှေမှုံက မအိမ်ကံ စကားမပြီးခင်မှာပင် စကားဝင်ဖြတ်သည်။ ရွှေမှုံက လေသံ မာလာခဲ့ပြီ။
“နေပါဦး မအိမ်ကံ။ ညောင်မြစ် မကလို့ ပိန္နဲမြစ် တူးတူး ရွှေမှုံတို့မှာ ပုတ်သင်ဥ ပေါ်စရာ မရှိပါဘူးအေ့။ ရွှေမှုံဆိုသာ တစ်ချိန်က ရွာ့ကွမ်းတောင်ကိုင်ပါဟဲ့။ ဆွေနဲ့မျိုးနဲ့ ဂုဏ်နဲ့ဒြပ် နဲ့ပါ။ ညည်းက ရှဥ့်တစ်ကောင် မြားတစ်စင်း ပစ်နေလို့ ပြောရ တာပါ။ ညည်းသဘောပါအေ။ ကိုင်း ကိုသာအောင် သွားကြစို့”
ရွှေမှုံဆိုသာ ရွာ့ကွမ်းတောင်ကိုင်ပါတဲ့လား။ ဒါ ညည်း နိုင်လောက်တဲ့ စကားပေါ့။ ငါက ရှုံးခဲ့သာကိုးအေရဲ့။ မအိမ်ကံက ထိုင်နေရာက ဝုန်းခနဲ မတ်တတ် ထရပ်လိုက်သည်။ ခါးကို တင်းတင်း ထောက်ထား လိုက်ရင်းက မဲ့ပြုံးပြုံးလိုက်သည်။ သမုန်းကိုင်းက ကြီးတော် စံရွှေတူဆိုသူ လူပုပု တစ်ယောက် ရွာကျောင်း မီးရှို့ခဲ့တာကို ထုတ်ပြောဖို့ အချိန်ကျပြီလို့လည်း ဆုံးဖြတ်လိုက်သည်။ စကားက တော်တော်နှင့် ထွက်မလာ။ လည်ချောင်းမှာ နာကြည်းမှုတွေ ဆို့ပြီး နင်နေသည်။ သည် အချိန်ကလေးမှာ ကိုပြေသိမ်းက အားလုံးကို ဝင်တားသည်။ စကားတွေ ရုန်းရုန်းရင်းရင်း ရှိကြတော့မှာကို မြင်လိုက်ပုံလည်း ရပါ၏။
“ကိုင်းပါလေ။ ဖြတ်ကြရအောင်။ အိမ်ကလေးကလည်း တော်ပါတော့။ မောင်သာအောင်တို့ကလည်း စိတ်မရှိကြပါနဲ့တော့။ ပြဿနာက ဘာမှ မဟုတ်ပါဘူး။ အိမ်ကလေးကလည်း သူလှူတဲ့ ကျောင်း မီးလောင်ကတည်းက ယူကျုံးမရ ဖြစ်နေရှာသယ်။ လက်သည်ကို မသိပေမယ့်”
“မအိမ်ကံ လက်သည်ကို သိသယ် အစ်ကို”
ကိုပြေသိမ်းက မအိမ်ကံကို တအံ့တသြ ကြည့်လိုက်သည်။ သို့သော် အရာရာကို ကိုပြေသိမ်း ရိပ်စားမိလိုက်ပြီ။ ဘယ်သူမှားသည်၊ ဘယ်သူမှန်သည် မပြောနိုင်သော်လည်း မအိမ်ကံ သိထားသည် ဆိုသူက သာအောင်တို့နှင့် ပတ်သက်နေသူ ဖြစ်ရမည်လို့ တွေးမိလိုက်ခြင်း ဖြစ်သည်။
“ထားပါတော့လေ။ အစ်ကို ပြောချင်တာက သည်ကိစ္စ အမေ ပန်းရုံပဲ ဆုံးဖြတ်ပါစေ။ အိမ်ကလေးကလည်း နားထောင် လိုက်ပါ။ အမေပန်းရုံ ဆုံးဖြတ်တာကို အားလုံး နာခံသင့်တယ်။ ကိုသာအောင်တို့ကလည်း နာခံပါ ဟုတ်ပြီလား”
“ကျွန်တော်တို့က နာခံဖို့ လာကြသာပါ ဆရာလေးရာ။ အရီး ပန်းရုံတို့ ကျေနပ်အောင် လာခွင့်တောင်း နေကြသာပါဗျာ။ မအိမ်ကံကိုလည်း ဘယ့်နှယ်မှ မအောက်မေ့ပါဘူး”
မအိမ်ကံလည်း ငြိမ်လိုက်ရပြီ။ အားလုံးက တစ်ဖက် မအိမ်ကံက တစ်ဖက် ဖြစ်နေတာကိုလည်း ရိပ်စားမိခဲ့ပြီ။ အဖေ ဦးသာထန် သုံးနေကျ စကားကို မအိမ်ကံ သတိရ လိုက်ပါ၏။ အကြောင်းများ မကောင်းရင် မင်းကုသကြီးတောင် အိုးတော် လုပ်မီး ဖုတ်ရသဗျား ဆိုသည့် စကားဖြစ်၏။ အခုလည်း အကြောင်း မကောင်းသခိုက် ငြိမ်နေလိုက်ခြင်းသာ အကောင်း ဆုံးဟု တွေးမိတာလည်း ပါပါ၏။ ဖွဲကို ထောင်းလို့လည်း ဆန်ကောင်း ရစရာ မရှိ။ မအိမ်ကံ ငြိမ်နေလိုက်ရပြီ။ အမေပန်း ရုံကတော့ သည်အမှု သူ့အပေါ် သတ္တု ကျလာပြီ ဆိုကတည်းက သမီး မျက်နှာတစ်ချက် လှမ်းကြည့်ရှာသည်။
“သည်လိုတော့ လုပ်ကြသာပေါ့ကွယ်။ ရွာသူကြီးများ ပါပင့်ဖိတ်ပြီးတော့ ဟိုရွာ၊ သည်ရွာက ထည့်ချင်လှူချင်ကြ သာတွေလည်း ရှိသယ်ဆိုတော့ ငွေခံ အစည်းအဝေးကလေး လုပ်ကြသာပေါ့။ ရသမျှ မောင်ပြေသိမ်းနဲ့ ရပ်ရွာက ရပ်မိရပ်ဖ များက စာရင်းနဲ့ လက်ခံကြပါ။ ပြီးတော့ မောင်သာအောင် တို့၊ ရွှေမှုံတို့လည်း စိတ်ရှိသလောက် ထည့်ဝင်ပါ။ သည်ကြား ထဲက ငွေလိုမှာလည်း အမှန်ပဲ။ ကျန်သာကို ဘယ်လောက်ဖြစ်ဖြစ် အရီးတို့ မိသားစုက ကျသမျှဖြည့်ပါ့မယ်။ မကောင်းဘူး လား”
သာအောင်နှင့် ရွှေမှုံတို့ မျက်နှာ ပြုံးရွှင်လာခဲ့သည်။ ရွှေမှုံက မအိမ်ကံ လက်ကို လှမ်းဆုပ်ကာ ဝမ်းသာကြောင်းပြရှာပါ၏။ မအိမ်ကံ တစ်ကိုယ်လုံး သွေးဆူဆူတွေ လှည့်နေသည်။ ရွှေမှုံ့လက်ကို မရုန်းသော်လည်း ငါနိုင်တယ် မအိမ်ကံရေလို့ ပြောနေသလိုလည်း ခံစားနေရပါ၏။ မအိမ်ကံ ရွှေမှုံကို တစ်ချက် ပြုံးပြလိုက်ပါ၏။ အေးစက် နာကြည်းလွန်း လှသော အပြုံး။ သာအောင်နှင့် ရွှေမှုံက အမေပန်းရုံကို ထိုင်ကန်တော့ ကြသည်။ ရွာကျောင်း ဆရာဖြစ်သော ကိုပြေသိမ်းကို ကန်တော့ ကြသည်။ တော်တော်ကြာအောင် စကားစမြည် ပြောပြီးမှ နှုတ်ဆက်ပြန်ကြသည်။
သာအောင်တို့ ပြန်သွားတော့ ကိုပြေသိမ်းလည်း အိမ်အပေါ်ထပ်ကို တက်သွားတော့သည်။ ကိုပြေသိမ်း မရှိတော့မှ မအိမ်ကံက သိထားသမျှ ခရေစေ့တွင်းကျ ပြောပြခဲ့သည်။ သည်စကားကြားရတော့ အမေပန်းရုံရော၊ မလှအုံရော ထူးဆန်းသော စကားကို ကြားလိုက်ရသလို မှင်တက်မိ ကုန်ကြသည်။
“ငါ့သမီးရယ် ရှိသာတွေ ရှိကြပါစေတော့။ ကိုယ်က တပ်အပ် မမြင်မသိသာကို နောက်ထပ် အကုသိုလ် မဖြစ်စေချင် တော့ဘူး။ သမီး ပြောနေသာတွေ အကျိုးအကြောင်း ရှိပါသယ်။ မှန်သယ် ဆိုရင်လည်း သူ့အကုသိုလ်ထုပ် သူရွက်ပါလိမ့်မယ်။ မမှန်ရင် ကိုယ်ရွက် နေရလိမ့်မယ် သမီး”
ထိုညက မအိမ်ကံ ရင်ထဲမှာ ဆူးတစ်ချောင်း ထပ်စူးခဲ့ ပြီ။ “ရွှေမှုံဆိုသာ ရွာ့ကွမ်းတောင်ကိုင်ပါဟဲ့။ ထဆစ်လည်ကျိုး လှေပိုးထိုး မဟုတ်ပါဘူး။ ညည်းက ရှဥ့်တစ်ကောင် မြားတစ်စင်း ပစ်နေလို့ ပြောတာပါ” ဆိုသည့် ရွှေမှုံစကားတွေ က အဆိပ်ဆူးဖြူ တစ်ချောင်းလို တွေးမိတိုင်း နစ်ဝင် ခဲ့လေပြီ။ သမီးကြီး မအိမ်မြိုင် ခြောက်နှစ်သမီး အရွယ်က ဆယ့်နှစ်နှစ် သမီး အရွယ်ရောက် လာသည့်ကြား ကာလအတွင်း ဇောင် ချမ်းကုန်း ရွာသည်လည်း ပြောင်းလဲခဲ့သည်။ ဟိုတုန်း ဟိုခါ ကလို စရိုက်ဘာသာ အေးအေးလူလူ နေခဲ့ကြသူတွေချည်း မဟုတ်တော့။ အချိန်တန်တော့ မိုးရိပ် လေဆင်ကြည့်၍ ယာ ကလေးထွန်၊ ကိုင်းကလေးထွန်၊ ပြောင်းကလေးချ၊ နှမ်းက လေးချ ဆိုသည့် ဓားမဦးချတွေ ချည်းပါလို့ ပြောဖို့ပင် ခက် သွားလေပြီ။ လွတ်လပ်ရေး မရမီက အစစအရာရာ အသိအမြင် အောက်ကျခဲ့သည်ပဲဆိုဆို နိုင်ငံရေးသည် ကိုယ်နှင့် မဆိုင်သလို နေခဲ့ကြသည်။
တစ်ခါတစ်ရံ ဘယ်သူတွေ အုပ်ချုပ်နေမှန်းပင် မသိ။ လွှတ်တော်တွင်းမှာ နိုင်ငံရေး သမားတွေ အပြောင်းအလဲ ရှိတိုင်း ဇောင်ချမ်းကုန်းကို ရောက်လာတာ မဟုတ်တော့။ ငရုတ် တစ်ကိုက်၊ ထန်းတစ်ကိုက် စပ်တော့လည်း စပ်လို့ ချိုတော့လည်း ချိုလို့ ဆိုတာလောက်သာ အာရုံ ရှိခဲ့ကြပါ၏။ လွတ်လပ် ရေးရပြီးသည့် နောက်ပိုင်းမှာ တော့ ဇောင်ချမ်းကုန်းလည်း သက်တံကွေး ထွက်သလို စို့ထွက်လာကာ အရောင်စုံ ဖြစ်လာခဲ့သည်။ လွတ်လပ်ရေး ကာလနောက်ပိုင်း သူကြီး လုပ်ပိုင်ခွင့်တွေ များလာသည်။ ရွာသူကြီးကို ကျေးရွာကပဲ ရွေးကောက်ရသည်။ သူကြီး သက် ငါးနှစ်ကုန်လို့ နောက်ငါးနှစ် လုပ်ပိုင်ခွင့် ရှိသော်လည်း ကျေးရွာ အုပ်ချုပ်ရေး ကော်မတီ ရှိလာသဖြင့် ထိုနေရာတွေကို မက်မော လာကြရာက အုပ်စုကွဲ၊ ဆွေမျိုးကွဲတွေ ဖြစ်လာကြ သည်။ ကျေးရွာသူကြီးနှင့် ကျေးရွာ ကော်မတီတို့ တရားစီရင် ရေးတွင် အခွင့်အာဏာ အတန်အသင့် ရကြသည့် အလျောက် ထိုအခွင့်အာဏာ အပေါ် ယိုယွင်းမှုများ၊ မတရားမှုများ၊ ဘက်လိုက်မှုများ ရှိလာခဲ့သည်။
သည်မှစကာ ရှေးအခါက မည်သူမျှ စိတ်မဝင်စားခဲ့သော နိုင်ငံရေးသည် ဇောင်ချမ်းကုန်းတွင် ခေတ်စား လာခဲ့ပါ၏။ အချင်းချင်း စိတ်ဝမ်းကွဲကြရာမှ မညီမညွတ် ဖြစ်လာကြကာ ရပ်ရေးရွာရေးထက် ကိုယ်ကျိုးကိစ္စ ခေါင်းပေါ် ရွက်လာကြသည်။ ကျေးရွာ အုပ်ချုပ်ရေးတွင် သူကြီးနှင့် အပြိုင်ဖြစ်သည့် ကျေးရွာ ကော်မတီတွင် သာအောင့်ကို ဝိုင်းဝန်း မြှောက်တင်ကြ ရာမှ ဇောင်ချမ်းကုန်းတွင် သူကြီးထက်ကျော်ကာ သာအောင် က ထင်ပေါ်လာခဲ့ပါ၏။
“ငါ့ထက် ရိုးသာ သူခိုး ကျန်တော့သယ် ဆိုသလိုပါပဲအေ။ သူကြီးက မလှုပ်ဘူး။ သာအောင်ကချည်း လှုပ်နေလို့ ရွာက ငပိသည်က ခွေးမမောင်းရဘူး၊ ဆားသည်က ခွေး မောင်း နေပြီ ပြောနေကြသယ်။ သာအောင် တစ်ခေတ်ဆန်းပါ ပကောအေ”
မလှအုံက ဘယ်က ဘာကြားလာလို့မသိ။ တစ်ရက်မှာ ညည်းရှာသည်။ သာအောင်တို့ ကံဟုန်းဟုန်း ထတော့ ရွှေမှုံ ကလည်း သုံးဆယ့် ခုနစ်မင်း ပန်းမကိုင်ဘဲ ပူးနိုင်သူ ဖြစ်လာခဲ့ သည်။ ရွာရပ်က ကိုပြေသိမ်းကို အုပ်ချုပ်ရေး တစ်နေရာ ယူပါရန် တောင်းပန်သော်လည်း ကိုပြေသိမ်းက ငြင်းသည်။ ကျောင်းအလုပ်ကို အကြောင်းပြကာ ငြင်းလိုက်ခြင်းဖြစ်၏။
“ကျွန်တော် မလုပ်ပါရစေနဲ့။ ရွာရပ်မှာ သူကြီးလည်း ရှိပြီ၊ ကျေးရွာ ကော်မတီလည်း ရှိပြီ၊ ဆယ်အိမ်ခေါင်းလည်း ရှိကြပါပြီ။ ကောင်းဖို့ပဲ ရှိပါတော့တယ်”
ကိုပြေသိမ်းက အတန်တန် ငြင်းတော့လည်း ငြိမ်လိုက်ကြ ရသည်။ သာအောင်က အရင်တုန်းက သာအောင် မဟုတ်တော့။ ရပ်မှု ရပ်ခင်းတွေမှာ သူ့ခြေသူ့လက် လုပ်လာခဲ့သည်။ တတ်နိုင်သူ ဆိုတော့ မြင်းခြံ အရောက်အပေါက် များရာက လူရေးလူရာ ဝင်ဆံ့လာသည်။ နှစ်သက် ကလေးရလာတော့ ရွာမှာသူကြီး ထက်ပင် ပါဝါ များလာတော့သည်။ တစ်ခါမှာတော့ မအိမ်ကံနှင့် ထိပ်တိုက် တိုးခဲ့တာကိုလည်း မအိမ်ကံ မှတ်မိနေခဲ့ပါ၏။ အဝေးရွာများမှ ကုန်လှည်းများ ရွာလယ်တာ လမ်းပေါ်မှ မောင်းနှင်သည့် အတွက် လှည်းရော၊ နွားပါ ဖမ်းခိုင်းကာ ဒဏ်ငွေရိုက်သည့် ကိစ္စဖြစ်သည်။ တစ်သက်လုံး ရွာလမ်းမပေါ်က မောင်းခဲ့ကြသော လှည်းဆရာတို့ ခမျာ မရှိရသည့်ကြားက ကြိုးတုပ်ခံ၊ မောင်းမဲခံ ဘဝ ရောက်ကြရသည်။ သည်သတင်း ကြားသည်နှင့် မအိမ်ကံ အသားများပင်ဆတ်ဆတ် တုန်ခဲ့သည်။ ဖိုးကူးကို အခြေအနေ စုံစမ်းခိုင်းသည်။
ဘယ်ရွာက လှည်းတွေလဲ၊ ဘယ်လှည်းသမားတွေလဲ၊ ဒဏ်ငွေ ဘယ်လောက် ရိုက်သ တဲ့လဲ၊ အခုကော လူတွေ၊ နွားတွေကို ဘယ်လိုထားသလဲ စုံစမ်းခိုင်းခြင်း ဖြစ်၏။ သူကြီးကလည်း လူရိုးလို့ပဲလား၊ သာအောင့်ကို မလွန် ဆန်နိုင်လို့ပဲလားတော့ မသိ၊ ဘာမှ ပြောသံမကြား။ ဖြစ်ချင်တော့ ထိုရက်က ကိုပြေသိမ်း မြင်းခြံ ရောက်နေသည့်ရက် ဖြစ်သည်။ ဖိုးကူးက အသေးစိတ်ပြောပြ တော့ မအိမ်ကံ ထဘီတိုတို ပါအောင်ဝတ်ပြီး ကျေးရွာရုံးကို လိုက်သွားခဲ့သည်။ ခေါင်းကဆံပင်ကိုပင် လမ်းမှာ တစ်ပတ် လျှိုသွားခဲ့ခြင်းဖြစ်၏။ မအိမ်ကံ ပျာယီးပျာယာ ထွက်လာတာကို ရွာကထွက်ကြည့်ကြသည်။
“ဟဲ့ သမီး မအိမ်ကံ၊ ကိုယ့်အလုပ်လည်း မဟုတ်ဘဲနဲ့ သမီးရယ်။ ခေတ်ကာလက ဖြစ်လာသာပါအေ။ ဒဏ်ရိုက်သယ် ဆိုတော့လည်း နောက်ဆင်ခြင်ကြတော့မပေါ့။ သူတို့ ဥပဒေ ရှိလို့ လုပ်သာနေမှာပေါ့”
အမေပန်းရုံက တားသော်လည်း မအိမ်ကံ ဇွတ်ထွက်လာခဲ့သည်။ ကျေးရွာရုံး ရောက်တော့ သာအောင်မရှိ။ နွားတွေ ရော၊ လူတွေရော မလွှတ်သေးဘဲ ဖမ်းထားဆဲ ဖြစ်၏။ နွားတွေကို မမြင်ရသော်လည်း လူတွေက ရုံးရှေ့မှာ ငုတ်တုတ်ထိုင်နေ ကြသည်။ ထမင်းပင် စားကြရသေးပုံ မပေါ်။ အိုဖြစ်ရလေ။ ကိုယ့်ရွာက မဟုတ်တာနဲ့ပဲ ရက်ရက်စက်စက် လုပ်ရသလား ဆိုသည့် စိတ်က ဆူဆူဝေလျက် ရှိ၏။ ရုံးထဲမှာရှိသည့် လူနှစ် ယောက်၊ သုံးယောက်ပင် မအိမ်ကံကို အံ့သြနေကြသည်။
“သာအောင် ဘယ်သွားသလဲ”
“ဦးသာအောင် အိမ်ခဏပြန်သယ်။ ထမင်းစားပြန်သာ”
“အခုက လှည်းတွေ၊ နွားတွေကို ဘယ်လို လုပ်ထားသလဲ။ လှည်းသမားတွေ ထမင်းစားပြီးကြပြီလား။ နွားတွေ ကိုရော နွားစာ ကျွေးရဲ့လား၊ ရေတိုက်ရဲ့လား။ ဖမ်းသာကကော ဘာအမှုပါလိမ့်”
မြေကြီးပေါ် ငုတ်တုတ်ထိုင်နေကြသည့် လှည်းသမားတွေ က မအိမ်ကံကို မော့ကြည့်ကြသည်။ ဝမ်းလည်းဝမ်းသာ သွားကြပုံပေါ်ပါ၏။ မအိမ်ကံက ရုံးထဲမဝင်။ ရုံးရှေ့ ခါးထောက်ရပ်ရင်း အော်မေးနေခြင်းဖြစ်သည်။ သိပ်မကြာပါ။ ကိုစံကောင်း ရောက်လာသည်။ သစ်ပင်ရိပ်မှာ ရပ်ရင်း နှမဖြစ် သူကို အကဲခတ် နေခြင်းဖြစ်၏။ မလှအုံတို့ လွှတ်လိုက်တာ ဖြစ်မည်။ ခပ်လည်လည် ရွာသား တစ်ယောက်က ရှေ့ထွက်လာကာ မအိမ်ကံနှင့် မျက်နှာချင်း ဆိုင်သည်။ သူ့ကိုတော့ မအိမ်ကံ မသိ။ နောက်ပေါက်ထဲက ဖြစ်မည်။
“မကျွေးရသေးဘူး။ ခင်ဗျားက ဘယ်သူတုံး”
“မင်း ငါ့ကို မသိဘူးလား။ တစ်ရွာက ထင်သယ်။ ငါ မအိမ်ကံပဲ။ မင်းတို့က ဖမ်းထားသဲ့ လူတွေ၊ နွားတွေတော့ အစာရေစာ မကျွေးနိုင်ဘူး။ သာအောင်က အပင်းသွားဆို့ သလား။ ငါမကျေနပ်လို့ လိုက်လာသာဟေ့”
မအိမ်ကံနှင့် မျက်နှာချင်းဆိုင် ရပ်နေသူက ဘာမှမပြောနိုင်။ မအိမ်ကံကိုသာ ဘယ်လို မိန်းမပါလိမ့်ဆိုသည့် မျက်နှာနှင့် ကြည့်နေသည်။ မအိမ်ကံက သာအောင့် အိမ်ကို လိုက်သွားဖို့ စိတ်ကူးလိုက်သော်လည်း ရုံးကပဲ စောင့်ရန် ပိုင်းဖြတ်လိုက်ပြီး မနီးမဝေးက မြေပေါ်မှာ ချထားသော ထိပ်တုံးပေါ်သွား ထိုင်လိုက်သည်။ စောင့်မည်။ သာအောင်လာချိန် အထိစောင့်မည်။ မအိမ်ကံ ထဘီတိုတို ပါအောင်ဝတ်ပြီး ရွာရုံး လိုက်သွား သတဲ့ဆိုသည့် သတင်းကြောင့် ရွာက လူတွေ တဖွဲဖွဲ ရောက်လာ ကြပါ၏။ ဘယ်သူက သွားခေါ်သည် မသိ။ သာအောင် ရောက်လာသည်။ သာအောင့်နောက်မှာ လူနှစ်ယောက် ပါလာသည်။ ရွာက နွားသတ်သမား အောင်လှနှင့် သာအောင့်အမျိုး ထဲက တစ်ယောက်ဖြစ်၏။ သာအောင်က သတင်းကြားထား ပြီးပုံရသည်။ ရုံးထဲ မဝင်ဘဲ မအိမ်ကံကို လှမ်းကြည့်လိုက်သည်။ မအိမ်ကံက ထိပ်တုံးနှုတ်ခမ်းပေါ် ထိုင်ရာက မတ်တတ် ရပ်လိုက်ပြီး သာအောင်နှင့် မျက်နှာချင်း ဆိုင်လိုက်၏။ သာအောင်က မခိုးမခန့်။
“သာအောင်... နင်တို့ အဝေး ရွာတွေက နွားလှည်းတွေ ရာ၊ လူတွေပါ ဖမ်းထားသယ်ဆိုလို့ ငါလိုက်လာသာ။ နင် ဘယ့်နှယ် လုပ်သာလဲ။ အမှုက တာလမ်းပေါ် နွားလှည်း မောင်းလို့ဆို။ ဆယ့်နှစ်မှု မင်းတိုင်းမကျေသဲ့ အမှုကြီးလိုပါ လားဟဲ့”
“ဟုတ်သယ်။ မအိမ်ကံနဲ့ မဆိုင်ပါဘူး။ ဒါက ရပ်ရွာ အုပ်ချုပ်ရေး ကိစ္စပါ။ အခုက မြင်းခြံရုံးကခိုင်းလို့ လုပ်သာ။ တာလမ်းပေါ် နွားလှည်းမောင်းရင် လမ်းဌာနက ဒဏ်ရိုက် ခိုင်းထားသယ်။ ကနေ့ စဖမ်းသာပဲ။ အဲသာ ဘယ့်နှယ်ဖြစ်လို့ တုံး”
“အလိုတော် မြို့ဝန်မင်း စောင်မမှ ထောင်ကျရသဲ့ ကိန်းပါ လား။ ဘယ်မှာလဲ ရုံးအမိန့်၊ ဘယ်မှာလဲ ရပ်ရွာ အသိပေးသာ။ဘယ်လမ်းဘေး စာကပ် ထားသလဲ။ သည်ကနေ့ စဖမ်းရအောင် အဝေးရွာက လှည်းတွေက သိသိနဲ့ ချိုးဖောက်ကြလို့ လား။ တာလမ်းပေါ်က မသွားရင် ဘယ်က သွားရမှာတုံး။ ဘယ်မှာတုံး လှည်းလမ်း။ ဒါမျိုးဆိုသာ ရွာစဉ်ပေါက် ကြေညာချက် ထုတ်ပြီးမှ လုပ်ရသဲ့ ကိစ္စ။ ငါသူကြီး သမီးပါ ဟဲ့။ ထစ်ခနဲရှိ ဒဏ်ငွေ၊ နင်တို့မို့ မရှက်သယ်”
သာအောင်က လူအများရှေ့ အပြော ခံရသဖြင့် မျက်နှာကြီး ရဲလာရာက ရှေ့ကို တိုးလာခဲ့သည်။ တပည့်နှစ်ယောက် ကလည်း ကပ်လျက်ချပ်လျက်။
“မအိမ်ကံ ပြန်ပါ။ သည်လောက်ပဲ ပြောပါရစေ။ နင် အငြိုးနဲ့ လာပြောလို့ မဖြစ်ဘူး။ ဒါအထက်က ခိုင်းလို့ လုပ်ရသာ”
အငြိုးနဲ့ လာမပြောနဲ့ ဆိုသည့် စကားကြောင့် မအိမ်ကံ ရှေ့ကို တစ်လှမ်းတိုးလိုက်သည်။
“အပြစ်မရှိသဲ့ လှည်းသမားတွေကို နင်ကသာ ငြိုးသာ။ ငါက နင့်ကို ဘယ်တုန်းကမှ ခေါင်းထဲ မရှိဘူး။ ဖမ်းထားပြီး ဒဏ်ငွေ ရိုက်ချင်သာက ရှေ့က။ လူစာ၊ နွားစာတောင် မကျွေးဘူး ဆိုတော့ နင်လည်း တောသူ၊ တောင်သားပဲ မလွန်လွန်းဘူး လား။ တခြားရွာက လှည်းတွေ မပြောနဲ့။ ဇောင်ချမ်းကုန်းက တောင်သည် အမိန့်ကို ဘယ်သူမှ မသိကြဘူး”
“ဟုတ်ပါပြီလေ။ အခုက မအိမ်ကံနဲ့ ဘယ်လိုပတ်သက် လို့တုံး။ လှည်းသမားတွေထဲမှာ နင့် အမျိုးပါလို့လား”
“ဘယ့်နှယ့်မှ မပတ်သက်ဘူး။ ဘာအမျိုးမှလည်း မပါဘူး။ နင်လုပ်သဲ့ အလုပ် မဟုတ်လို့ လိုက်လာသာ။ မဟုတ်ရင် ဘယ်ဟာမှ မခံဘူး။ ငါရွာကျောင်း ဆရာကတော်လေဟဲ့။ မမှန်သာ မတရားသာ ရှိရင် ငါတို့က ရှေ့ကထွက်ရမှာပဲ။ ဘယ့်နှယ့်တော်၊ နှီးချက်နဲ့ တဲဆောက်ကာမှ သံတောင် နောက်ကောက် ကောက်ကျရသယ့် ကိန်းဆိုက်နေပါပကော”
ရုံးရှေ့မှာ လူတွေ အုံခဲနေကြပြီ။ မလှအုံလည်း ချက်ချင်း အပြေး ရောက်လာသည်။ လာတုန်းကတော့ မအိမ်ကံကို “နင်တန်၊ သူတန်” လုပ်ဖို့ လိုက်လာ ဟန်တူပါ၏။ သာအောင် နှင့် ခွန်းကြီးခွန်းငယ် အော်နေကြတာ တွေ့တော့ ကိုစံကောင်း အနား သွားရပ်သည်။ ကိုစံကောင်းကလည်း နှမဖြစ်သူကို တစ်ခွန်းဝင် မဟ။ သာအောင် လူပါး ဝနေတာကို ရွာက မခံချင် ကြသော်လည်း မိုးကောင်း နေချိန်ဆိုတော့ ငြိမ်နေကြရသည်။ ခုတော့ နှမ လုပ်သူက ချက်ကျ လက်ကျ တွယ်နေတော့ အဝေးက အသာကြည့် နေခြင်းဖြစ်၏။ သာအောင့်နောက်မှာ လူမိုက် နှစ်ယောက် ရှိနေကြတော့ နှမကို ကိုယ်ထိလက်ရောက် ရှိကြမှာ စိုး၍ ဖြစ်သည်။ မလှအုံက မအိမ်ကံ အနားသွားကာ လက်မောင်းအိုးကို ဆွဲသည်။
“မအိမ်ကံလာတော့ နေပူသယ်။ တို့ရွာလည်း ဆင်ကြိုးနဲ့ ကြက်ချည်၊ ကြက်ချည်ကြိုးနဲ့ ဆင်ချည် ဖြစ်နေပါပကော”
မအိမ်ကံက နေရာမှာပဲ ပေရပ်ကာ သာအောင့် စကားကို စောင့်နေခဲ့သည်။ သာအောင့် နှုတ်က အမိန့်မကျ သေးတာကို ပေစောင့်နေခြင်းဖြစ်၏။ တကယ်တော့ သာအောင်က မြင်းခြံ လမ်းပိုင်း ဌာနက စာအရ ဆောင်ရွက်ခြင်း ဖြစ်၍ သည်ကိစ္စ သည်လောက် ကြီးကျယ်သွားလိမ့်မည် မထင်ခဲ့။ အဝေးရွာက လှည်းတွေကို ဒဏ်ရိုက် လိုက်ရုံနှင့် ပြီးလိမ့်မည် ထင်ခဲ့သည်။ လှည်းသမားတွေနှင့် နွားရှစ်ကောင်ကို အစာရေစာ ကိစ္စ မစီ စဉ်မိခဲ့တာကတော့ ပေါ့ဆမှု ဖြစ်သည်။ မအိမ်ကံ ရောက်လာ ကာ သည်လို ကက်ကက်လန် ရန်တွေ့လိမ့်မည် လို့လည်း မထင်။ ရွာမှာ ကိုပြေသိမ်းတို့၊ မအိမ်ကံတို့က လွဲ၍ ပြောဝံ့ ဆိုဝံ့သူ မရှိတော့လည်း ထင်တိုင်းကြဲ နေကြတာ ကြာပြီ။ သာအောင်က ပါးသည်။ သူလွန်တာကို အများရှေ့မှာ အထုပ် ဖြေပြသလို အဖြစ်မခံဘဲ ချာခနဲ လှည့်သွားကာ ပြဿနာကို ရှောင်လိုက်သည်။ သူ့နောက်ပါ နှစ်ယောက်ကို တစ်စုံတစ်ရာ ပြောခဲ့ပြီး ရုံးထဲ ဝင်သွားသည်။ နွားသတ်သမား အောင်လှက လှည်းသမားတွေဆီ သွားကာ ပြန်ကြရန် ပြောနေလေပြီ။
“မလှအုံ လူတွေ၊ နွားတွေ အိမ်မှာ ထမင်းကျွေးဖို့ လုပ်ပေးပါဦး။ ခမျာများ ဆာကြရှာရော့မယ်။ လှည်းကောက်ပြီး အိမ်မောင်းခဲ့ခိုင်းလိုက်တော့”
မအိမ်ကံ (nov 09) တတိယပိုင်း
ရွာသူရွာသားတွေကြားထဲက မအိမ်ကံ တိုးထွက်လာခဲ့ သည်။ ဇောနှင့်သာ လိုက်လာရသည်။ ပူလိုက်သည့်နေ။ ဤသို့ ဖြင့် ဇောင်ချမ်းကုန်းရွာ တာလမ်းပေါ် နွားမောင်းမှုကြီးပြီး သွားခဲ့ပါ၏။ တစ်ရွာလုံးမှာ အုတ်အုတ်ကျက်ကျက် ဖြစ်ကျန် ရစ်ခဲ့သည်။ မအိမ်ကံ အကြောင်းက စကားဖြစ်နေခဲ့ပြီ။ မလှအုံက လှည်းသမားတွေကို လှည်းကောက်ခိုင်းရင်း ခါးကြီး တထောက်ထောက်နှင့် ကျန်ရစ်ခဲ့၏။ ကိုစံကောင်းလည်း နှမ ဖြစ်သူနောက် သုတ်သုတ်ပါအောင် လိုက်လာခဲ့သည်။
“ချက်ကျချက်တော့ဟာ... သည်ကောင် လူပါးဝနေသာ ကြာပြီ။ ငါက နှမထိရင် ဝင်ရိုက်မလို့။ ပြန်ပြန် ငါ့နှမ သည်ကောင်တွေတော့ သတိထားနော။ မကောင်းကြံချင် ကြံမယ့် ကောင်တွေရယ်”
“မကောင်းကြံတော့လည်း တစ်ပွဲ တွေ့ကြရုံပေါ့ အစ်ကို လေးရယ်။ ဘယ့်နှယ် ဇောင်ချမ်းကုန်းမှာ အကုသိုလ်က နိုင်စား ရမယ်လို့။ လူတွေက ခွေးဆိုး ဆိုသာနဲ့ ကြောက်ရတော့မှာ လား။ ခွေးဆိုးများ ပါးစောင်ဟက်တက် ဖြဲပစ်လိုက်ချင်သေး တယ်”
မအိမ်ကံ ဒေါသအရှိန်တွေ မပြေသေး။ မအိမ်ကံ စကား ကြောင့် ကိုစံကောင်းပင် စကားမဆက်နိုင်ဘဲ နှမကိုလှမ်းကြည့် လိုက်လေ၏။
“နေနှင့်ဦး။ လှည်းသမားတွေကို ပုဆိုးတစ်ထည်စီပါ ပေးလိုက်ရဦး”
မအိမ်ကံက ဒဏ်ရိုက်ခံကြရမည့် လှည်းသမားတွေဘက်က ရပ်တည်ခဲ့ကြောင်း၊ လူစာ၊ နွားစာ အိမ်မှာ ဝ၀လင်လင် ခေါ်ကျွေးခဲ့ရုံမက ပုဆိုး တစ်ကွင်းစီပါ ပေးလိုက်သေးသတဲ့ ဆိုသည့် စကားတွေက ရွာပေါင်းစုံ ထုတ်ချင်းခတ်သွားခဲ့လေ ပြီ။ သာအောင်လည်း နည်းနည်းတော့ ကုပ်သွားလေ၏။ ထင်မထားသည့်ထောင့်က မအိမ်ကံ ပေါ်လာတာကို သာအောင် ကိုယ်တိုင် ဟန်ရေး မပြခဲ့နိုင်ခဲ့။ စဉ်းစားတွေးတောရင်း ပေါ်လာသည့် ရှေးဟောင်း နှောင်းဖြစ်တွေပင်။ မအိမ်ကံ အိပ်ရာထဲ ပြန်ဝင်လာခဲ့သည်။ သမီးကြီးက အပူအပင် ကင်းကင်း အိပ်ပျော်လျက်။ အပြင်မှာ လရောင်က သာဆဲပင်။
မအိမ်ကံတို့ ဝိုင်းတိုက်ထဲမှာ လှည်းနှစ်စီး ကောက်ထား ပြီးပြီ။ တစ်စီးက ဖိုးကူး မောင်းမည်။ နောက်တစ်စီးက ကိုကြက်တောလှည်း။ ကိုကြက်တောက လှည်းသာပေးလိုက် ခြင်းဖြစ်ပြီး ကိုဖိုးငွေက မောင်းမည်။ မလှအုံက အိမ်ပေါ်က သံသေတ္တာကြီး ရွက်ချတော့ ကိုဖိုးငွေက လှည်းပေါ်ကဆီးယူ သည်။ စုံစီနဖာတွေကလည်း မနည်းပါ။ ဘထွေးဖြစ်သူ ကိုသက်မင်းတို့ မိသားစုအတွက် အမေပန်းရုံ ထည့်ပေးလိုက် သည့် လက်ဆောင်တွေလည်းပါပါ၏။ အိမ်ကြီးမှာ လူတွေ များလှသည်။ အမျိုးတွေ အဆွေတွေပါမက နားကြားနှင့် လာရောက်ကြသူတွေလည်း များလေ၏။
“မအိမ်ကံ သမီးပို့ မလိုက်ဘူးလား။ မြင်းခြံကို။ ညည်း သမီးကတော့အေ တစ်ရွာ တစ်ယောက်ထွန်းပါပဲ။ မိန်းကလေး မြို့တက်ပညာသင်သာ တို့တစ်သက် မကြားစဖူးဘူး။ သမီး ကလည်းတော်၊ မိဘများကလည်း ကူဖော်ပံ့ဖက်ရ ဟန်ကျ ပါ့အေ”
မေးသူတွေက မေးကြတာကို မအိမ်ကံဖြေနေရသည်။ မအိမ်ကံ သမီးပို့မလိုက်တော့ပါ။ ဖအေလည်း ပါသည်။ မလှအုံ လည်း နေရာချရန်လိုက်သွားလိမ့်မည်။ မအေ ပါသွားလျှင် သမီးကြီး စိတ်ပြောင်းသွားမှာကို တွေးပြီး မလိုက်တော့ခြင်း ဖြစ်၏။ သမီးကြီးမြိုင်က စိတ်အပြောင်းအလဲကလည်း မြန်တတ်ပါ ဘိသနဲ့။ ပြီးတော့ အိမ်မှာ သက်ကြီးရွယ်အို မအေကြီး ခမျာ သမီးရော၊ မြေးပါ အိမ်က ခွာသွားလို့ကတော့ ဝမ်းထဲက အူတွေ ဆွဲနုတ် သွားသလို ဟာသွား ရှာမှာကို စိုးတာလည်း ပါပါသည်။ ဘာပဲဖြစ်ဖြစ် အမေပန်းရုံ အနားမှာ မအိမ်ကံရှိမှ ဖြစ်မည်။
မြိုင်ကလေးက သည်မနက် လှနေလိုက်သည့် ဖြစ်ခြင်း။ ဆယ့်နှစ်နှစ် သမီးဆိုတော့ အလှတွေ ရုန်းကန် ပွင့်ရန်အားယူ နေချိန် မဟုတ်လား။ ဝင်းဝါဝါ အသားအရေနှင့် မျက်နှာပွင့်ပွင့် ကလေးကြောင့် ဘွားအေက “ပပဝတီ” ခေါ်တာလည်း မလွန်ပါ။ ကျောက်စိမ်းရောင် ပိုးထည်ကလေးနှင့် သပြေစိမ်းရောင် အင်္ကျီက တောက်ကြွားလွန်း လှပါ၏။ မျက်နှာချေကလေး ပုတ်ထားသဖြင့် မျက်နှာ နုနုကလေးသည်ပင် ပန်းသွေးရောင် ပြေးလျက် မျက်တောင်တစ်ချက် ပုတ်လိုက်တိုင်း စိန်ပွင့်တွေလို တဖျတ်ဖျတ် ရှိလေ၏။ မန္တလေးက ကတ္တီပါ ခြေညှပ်ဖိနပ် ကလေး စီးထားသည်။ ရွှေချည်ထိုး အိတ်ကလေး တစ်အိတ်ကို ကိုင်ထားသေးတော့ ကွမ်းတောင် ကိုင်တော့မည့် ရွာ့မိန်းမ ချောကလေးနှင့်ပင် တူသည်။ မအိမ်ကံက လွမ်းတာ တစ်ခြမ်း၊ ကျေနပ် အားရတာက တစ်ခြမ်းဖြင့် တစ်ကိုယ်တည်း နှစ်စိတ် ဖြစ်နေရတော့သည်။
“ကိုင်း မြိုင်ကလေး၊ ငါ့မြေး ဘွားအေကြီးကို ကန်တော့။ သွားကြရအောင်”
အလို။ သွားကြတော့မှာလား။ မအိမ်ကံ ရင်တွေ သည်တော့မှ ကတုန်ကယင် ရှိလာခဲ့သည်။ ကျေးဥက လူတွေရှေ့ မထွက်။ သူ့သားအငယ်နှင့် မအိမ်ခိုင်တို့ကို တစ်ဖက်တစ်ချက် စီဆွဲထားရင်း ခပ်ကွာကွာက လှမ်းကြည့်နေသည်။ ငိုချင်ချင် မျက်နှာက တင်းထားသဖြင့်သာ မျက်ရည်တွေ မကျခြင်း ဖြစ်၏။ မအိမ်မြိုင်က အမေ ပန်းရုံကို ဖျာပေါ်မှာ ထိုင်ကန်တော့တော့ အမေပန်းရုံက ဆုတွေ ပေးနေခဲ့သည်။ သည်မြင်ကွင်းကို ကြည့် ရင်း မအိမ်ကံ မျက်ရည် စို့ရပြီ။
“ပညာရှာသယ့် အခါ တောလိုက် မုဆိုးများသားကောင် ရှိရာ အရပ်မှာ ခြေလုံလုံပျ ဝပ်ကျိုးနွံရှိသလို ကျင့်ရသယ်။ ရတနာ သုံးပါးကို ကြည်ညိုရာမှာ အဖိုးတန် လည်ဆွဲ တန်ဆာကို ပျောက်မှာစိုးလို့ မကြာခဏ စမ်းသလို အခါမလပ်အောက် မေ့ရသယ်။ တောမျောက်များ တစ်ည သုံးခါမြေကြီးကို ဆင်း စမ်းသလို ဝီရိယ ရှိရသယ်။ ကြားလား ငါ့မြေး။ ယနေ့ယခု မှစ၍ မြေးလေး မအိမ်မြိုင် တစ်ယောက် စိတ်သွားတိုင်း ကိုယ် ပါ၍ လိုရာမှန်သမျှ ပြည့်စုံပြီးလျှင်...”
အမေပန်းရုံဆုပေးနေသခိုက် မအိမ်ကံ မျက်လုံးတွေ မှိတ်ထားခဲ့သည်။ မျက်ရည်တွေက ပိတ်ထားသော မျက်ခွံထဲက ယိုစီးကျလျက် ပါးပြင်ပေါ်သို့ တစ်လိမ့်ချင်းကျလာ လေ၏။ ရင်ထဲ လှိုက်တက်လာသော ခံစားမှု အဟုန်က အသိ သတိတရားတို့ကိုပါ ရိုက်ချိုး ပစ်လိုက်သည့် အခါ ကြေကွဲစရာ ကောင်းလှသော ရှိုက်သံကြီး ထွက်ပေါ်လာလေသည်။ ကျေးဥ၏ ငိုသံကလည်း ထက်ကြပ်မကွာ ပါလာခဲ့ပြီးသည့် နောက်မှာတော့ တရားဆုကို ပေးနေသော ဘွားအေပါ အသံတွေ တုန်လှိုက် လာရာက တဘက်ဟောင်းဖြင့် မျက်နှာကို အုပ်ကာငို ရှာလေသည်။ ဝိုင်းတိုက်ထဲတွင် ရှိနေကြသော ဆွေမျိုးများရော ရွာခံများပါ မျက်ရည်တွေဝေ့ကြရပြီ။ ခံစားမှုနှင့် ပတ်သက်လျှင် အေးအေးလေးလေး ရှိရှာသူဟု ပြောစမှတ်ပြုရသော မအိမ်မြိုင်သည်ပင် မျက်ရည်တွေတွေ ကျရင်းက ဘွားအေကို တစ်လှည့်၊ မိခင်ကို တစ်လှည့်ကြည့်ရင်း ငိုနေခဲ့၏။
မအိမ်ကံနှင့် ဖအေကို လာကန်တော့သည့် အခါ သမီးကြီးကို အကန်တော့ မခံသေးဘဲ ပိုက်ဖက်ထားခဲ့သည်။ နဖူး ဆံစတွေကို နမ်းနေမိသည်။ သည်သမီးကလေး မွေးကတည်း က ရင်အုပ်မကွာ ရှိခဲ့ရာက သည်ကနေ့တော့ဖြင့် အဝေးတစ် နေရာဆီ သွားရရှာတော့မည်။ မိဘနှစ်ပါးကို ကန်တော့အပြီး မှာတော့ လှည်းပေါ် တက်ရပြီ။ ကိုပြေသိမ်းပင် မျက်နှာကို တစ်ဖက် လှည့်ထားရှာ၏။ မလှအုံနှင့် မအိမ်မြိုင် သားအဖက လှည်းတစ်စီး။ ကိုဖိုးငွေနှင့် ဝန်စည်စလယ်တွေက လှည်းတစ်စီး။ မအိမ်ကံ ငယ်ငယ်က အဖေနှင့် မြင်းခြံ အလည် လိုက်သွားခဲ့စဉ်က အမေပန်းရုံနှင့် ခွဲရသည့် ခံစားမှုကိုပင် ပြေးသတိရ လိုက်မိပါ၏။
“အမေ သွားတော့မယ်နော်၊ အမေကြီးပန်းရုံ သွားတော့ မယ်နော်၊ ကျေးကျေး သွားတော့မယ်နော်၊ ညီမလေးခိုင် မမ သွားတော့မယ်နော်”
“သွားတော့မြေးကြီးရေ၊ မြေးကြီးလာမှ အမေကြီး တွေ့ ရတော့မှာပါအေ၊ ကျောင်းပိတ်သာနဲ့ ပြန်ခဲ့နော်မြေး၊ အမေကြီး တို့ မျှော်နေမယ်နော်၊ ခလုတ်မထိ ဆူးမငြိ ဘေးရှိသမျှ ဝေးပါ စေတော်၊ ကျုပ်မြေးလေး”
လှည်းနှစ်စီး ရွာလယ် လှည်းလမ်းပေါ်ရောက်သွားခဲ့ပြီ။ ဝိုင်းတိုက်ထဲက ရှိရှိသမျှ လူတွေအားလုံး ခြံဝက ထွက်ကြည့် ကြသည်။ မအိမ်ကံက လက်ပြတော့ သမီးကြီး မြိုင်ကလည်း လက်လှမ်းပြရှာပါ၏။ ဘဝဆိုတာ နှုတ်ဆက်ခြင်းများနှင့်ချည်း ပြီးရတာများလား။ သွားတော့ သမီးရေ။
ညသည် လပြည့်ကျော်စရက် ဆိုသော်လည်း ညဥ့်နက်ပိုင်းတွင် လရှိသေးသည်။ လထွက် နောက်ကျသည့် အတွက် ညဦးပိုင်းတုန်းကတော့ ဇောင်ချမ်းကုန်း တစ်ရွာလုံး မှောင်မည်း လျက်ရှိ၏။ ကလေးငိုသံ၊ သီချင်းဆိုသံ၊ ပုလွေသံစသော ကျေးရွာ တစ်ရွာ၏ ဆွတ်ပျံ့ဖွယ် အသံဗလံများ ငြိမ်သက်သွား ချိန်မှာတော့ ရွာကလေးလည်း တစ်စတစ်စ ငြိမ်သက် သွားခဲ့ပါ၏။
မအိမ်ကံတို့ အိမ်ကြီးမှာ ဖိုးတုတ်ကလွဲလျှင် မိန်းမသား တွေချည်း ကျန်ရစ်ခဲ့သည်။ ကိုပြေသိမ်းရော၊ ကိုဖိုးငွေရော၊ ဖိုးကူးရော မရှိကြရုံမက မလှအုံပါ ပါသွားလေတော့ အိမ်မှာ အမေပန်းရုံ၊ မအိမ်ကံ၊ ကျေးဥနှင့် ကလေး သုံးယောက်သာ ကျန်ရစ်ခဲ့သည်။ ကိုပြေသိမ်းတို့ လှည်းထွက်သွားကတည်းက သည်အချက်ကို မအိမ်ကံ သတိထားမိလိုက်သည်။ ညဘက်မှာ ဖိုးတုတ် တစ်ယောက်သာ ယောကျာ်းသားရယ်လို့ ရှိပြီး မိန်းမသား တွေချည်း ကျန်ခဲ့ခြင်းသည် သည်လို ကာလကြီးမှာ မကောင်းနိုင်တာကို ရိပ်စားမိခဲ့ခြင်း ဖြစ်သည်။ အမေပန်းရုံက အသက် အရွယ်ကြီး ရင့်ပြီ။ ထွန်းပ၊ ထွန်းရ ညီအစ်ကိုနှင့် မအိမ်ခိုင်က ကလေးငယ်တွေ။ ကျန်တာ မအိမ်ကံနှင့် ကျေးဥပဲ ရှိတာဆိုတော့ ကိုစံကောင်းကို ညဘက်လာစောင့်ရှောက်ဖို့ မအိမ်ကံ စီစဉ်ခဲ့သည်။ ညနေက ကျေးဥကို အခေါ်လွှတ် လိုက်ကတည်းက ကိုစံကောင်းကလည်း ဓားရှည် တစ်လက်ဖြင့် ရောက်လာခဲ့ပါ၏။
“ဟုတ်သယ်၊ အစ်ကိုလေးလည်း စဉ်းစားမိသယ်၊ ခေတ်ကာလက မကောင်းတော့ ငါ့နှမတွေးသာ မှန်သာပေါ့၊ စိတ်ချသာ အိပ်ကြပါအေ၊ အစ်ကိုလေး ရှိပါသယ်”
ကိုစံကောင်း အတွက် လက်ဖက်တစ်ပွဲ ရေနွေးတစ်အိုး စီစဉ်ပေးပြီး အိပ်ရာ ဝင်ခဲ့ကြသည်။ သည်ညတော့ ကျေးဥတို့ သားအမိ တစ်တွေကလည်း မအိမ်ကံတို့နှင့် အတူ အိမ်ကြီးပေါ် လာအိပ်ကြသည်။ အိမ်အောက်ထပ် အေးခုတင်ကြီးပေါ်မှာ ဖိုးတုတ်နှင့် ကိုစံကောင်း အိပ်ကြလိမ့်မည်။ အိပ်ရာဝင်တော့လည်း မအိမ်ကံမှာ သမီးကြီးကို လွမ်းလွန်းသဖြင့် ချက်ချင်း အိပ်မပျော်နိုင်။ ကျေးဥကလည်း မအိမ်ကံလိုပင် ရှိခဲ့သည်။ အမေပန်းရုံကတော့ မြေးလွမ်း နေပုံရပါ၏။ ညနေစောင်းက တည်းက အိမ်ဦးခန်းက သင်ဖြူးဖျာ ကလေးပေါ်မှာ ဝင်ခွေ နေလေတော့သည်။ မအိမ်ကံနှင့် ကျေးဥ စကား တပြောပြော ရှိကြရာတွင် ညဥ့်နက်လာတော့ ကျေးဥလည်း အိပ်ရာဝင်ခဲ့ပြီ။
မအိမ်ကံမှာသာ အိပ်မပျော်နိုင်သေးဘဲ အတွေးတွေ စုံနေ ခဲ့ရပါ၏။ အောက်ထပ် နာရီကြီးဆီက တစ်ချက်ထိုးသံ ကြား ရပြီ။ ဒင်ခနဲမြည်လိုက်သော အသံက မအိမ်ကံကို ဖျတ်ခနဲ လှုပ်လိုက်သလိုရှိရာက တစ်စုံတစ်ရာ စိတ်မသိုးမသန့်သလို ခံစားလိုက်ရသည်။ ဘာသံမှတော့ မရှိ။ သို့သော် မအိမ်ကံတွင် အာရုံတစ်ခု ကပ်ငြိနေသလို ကြက်သီး ရိပ်ရိပ်ကလေးထိ သွားခြင်းဖြစ်၏။ မအိမ်ကံ အိပ်ရာက ထလာခဲ့ကာ ဝိုင်းတိုက် လေးဖက် လေးတန်စလုံးကို မြင်ရသော ပြတင်းပေါက်များက တစ်ဆင့် စူးစူးစိုက်စိုက် လိုက်ကြည့်သည်။ လရောင်က ခပ်နောက်နောက်ဆိုတော့ သဲသဲကွဲကွဲတော့ မရှိ။ အစ်ကိုလေး ကိုစံကောင်းကော အိပ် နေလေသလား။
မအိမ်ကံ ကြည့်နေခိုက်မှာပင် ဝိုင်းတိုက်ထဲသို့ အရာဝတ္ထု ဖြူဖြူတွေ တဖျောဖျော ကျလာသည်ဟု ထင်လိုက်မိသည်။ ပြတင်းပေါက်နှင့် ဝင်းထရံက တော်တော်လေး ဝေးသဖြင့် သေတော့ မသေချာ။ မအိမ်ကံက ကိုစံကောင်းကို အော်ခေါ် လိုက်ဖို့ တွေးမိလိုက်ချိန်မှာပင် ကိုစံကောင်းက ဓားရှည်ဝင့်ရင်း ဝင်းထရံဘက်ကို ပြေးသွားတာ မြင်လိုက်ရသည်။ မအိမ်ကံ ကလည်း နံရံပေါ်က ဓားရှည်ကို ဆွဲလိုက်ပြီး လှေကားပေါ်က အပြေးဆင်း လာခဲ့လေသည်။ လက်နှိပ်ဓာတ် မီးကိုတော့ ဆွဲဖြစ်အောင် ဆွဲခဲ့သည်။ ကိုစံကောင်းက ခြေသံတဖျတ်ဖျတ်ကြောင့် လှည့်ကြည့်လိုက်ပြီး မအိမ်ကံမှန်းသိ၍ စောင့်နေလိုက်သည်။ ခြံထောင့်ကိုရောက်ကြတော့ မအိမ်ကံက လက်နှိပ် ဓာတ်မီးဖြင့် ဟိုဟိုသည်သည် ထိုးကြည့်သည်။ တွေ့ပြီ။ ပစ္စည်းက သုံးနေရာ ပြန့်ကြဲနေသည်။
မှုန်ဝါးဝါး လရောင်ထဲမှာ မအိမ်ကံပင် သွေးဆုတ် သွားမတတ် ရှိခဲ့ရာမှ ကိုစံကောင်းကို မော့ကြည့်လိုက်သည်။ ဓားရှည်တစ်လက် ကိုင်ထားသော ယောကျာ်းသားကြီး ကိုစံကောင်းပင်လျှင် တောင့်တောင့်ကြီး ငြိမ်သက်လျက် ရှိလေ၏။
ဒီဇင်ဘာ-09
ယခင်လမှ အဆက်
၃၂။
“ဗုဒ္ဓေါစ မင်္ဂလာ လောကေ ဗုဒ္ဓေမင်္ဂလ မာဂမ္မသဗ္ဗ အန္တရာယာ ဝိနသန္တု။ ဓမ္မောစ မင်္ဂလောလောကေ ဓမ္မ မင်္ဂလ မာဂမ္မ သဗ္ဗအန္တရာယာ ဝိနသန္တု။ သံဃောစ မင်္ဂလော လောကေ သံဃမင်္ဂလ မာဂမ္မ သဗ္ဗအန္တရာယော ဝိနသန္တု။ လောကေ လောက၌ ဗုဒ္ဓေါစ မြတ်စွာဘုရားသည် မင်္ဂလော မင်္ဂလာရှိပါ ပေ၏။ လောကေ လောက၌ ဓမ္မော တရားတော်မြတ်သည် မင်္ဂလော မင်္ဂလာ ရှိပါပေ၏။လောကေ လောက၌ သံဃောစ သံဃာတော်မြတ်သည် မင်္ဂလော မင်္ဂလာ ရှိပါပေ၏။ သည် မင်္ဂလာသုံးပါးကို အာဂမ္မအကြောင်း ပြု၍ သဗ္စအန္တရာယာ အလုံးစုံသော အန္တရာယ်တို့သည် (ဝါ) အလုံးစုံသော မကောင်းမှုတို့သည် ဝိနဿန္တု ကင်းစင်ပပျောက်ကြရတယ်။ အဲသလို မှုတ်လား ဒကာမကြီး”
“တင်ပါ့ ဘုရား”
“တစ်ခါမှ မြတ်စွာဘုရားက ဟောတော်မူသယ်။ သတ္တဝါတွေဟာ အလိုမရှိအပ်၊ မနှစ်သက်အပ် မမြတ်နိုးအပ်တဲ့ တရားတွေ ဆုတ်ယုတ်ရင် ဘယ်လောက်ကောင်းမလဲ။ အလိုရှိအပ်၊ နှစ်သက်မြတ်နိုးအပ်တဲ့ တရားတွေချည်းရှိနေရင် ဘယ်လောက်ကောင်းမလဲလို့ တွေးကြတယ်တဲ့။ ကောင်းတာတွေချည်း အလိုမရှိဘူးဘား ဒကာမကြီး”
“အလိုရှိပါတယ် ဘုရား”
မကောင်းတွေချည်း ကျတော့ကောလိုချင်ရဲ့လား”
“မလိုချင်ပါ ဘုရား”
“တစ်ခါက မလ္လတိုင်း ဥရုဝေလ ကပ္ပရွာကြီးမှာ မြတ်စွာ ဘုရား သီတင်းသုံး နေတော်မူခိုက် ဘဒြက ရွာသူကြီးက ဆင်းရဲခြင်း အကြောင်းနဲ့ ပတ်သက်လို့ ဟောတော်မူပါဘုရား လို့လျှောက်သယ်။ သည်တော့ ဘုရားက အတိတ်ကို ဆောင်ပြီး ဟောရင်လည်း သင်ယုံမှာ မဟုတ်။ အနာဂတ်ကို ဆောင်ပြီးတော့ ဟောရင်လည်း သင်ယုံမှာ မဟုတ်။ လက်ငင်း ပစ္စုပ္ပန်မှာ ဖြစ်နေသာကို မေးမယ်တဲ့။ ဥရုဝေလ ကပ္ပရွာကြီးမှာ လူတွေ ဆင်းရဲ ကြသယ်၊ သေကြသယ်၊ ဆုံးရှုံးကြသယ်၊ အကဲ့ရဲ့ခံကြ ရသယ်၊ စိုးရိမ် ပူဆွေး နေကြရသယ်။ အဲသည့် လူတွေနဲ့ သင်နဲ့ ပတ်သက် သလားတဲ့ မေးသယ်”
“တင်ပါ့ဘုရား”
“ဘဒြက သူကြီးက မပတ်သက်ပါ ဘုရားပေါ့။ မပတ်သက်တော့ သင်ပူပန် သောက ရောက်ရသလား၊ ဆင်းရဲဒုက္ခလို့ ထင်သလား။ ကိုယ်စိတ်နှစ်ပါးဆင်းရဲလေခြင်းလို့ ခံစား ရသလားလို့ မေးပြန်သယ်။ သည်တော့ ဘဒြကသူကြီးက တပည့်တော်နဲ့ မပတ်သက်လို့ အဲသလိုလည်း မခံစားရပါဘူး ဘုရားတဲ့။ အဲသည်အထဲမှာ ကိုယ့်မိကိုယ့်ဘကိုယ့်ဆွေကိုယ့် မျိုးတွေ ပါနေပြီဆိုပါတော့ ဘယ်လို ခံစားရမလဲတဲ့။ ပူဆွေး သောက ရောက်ရမှာပါဘုရားလို့ ဘဒြကသူကြီးက ပြန် လျှောက်တယ်။ ရှင်းတယ်နော် ဒကာမကြီး”
“ရှင်းပါတယ် ဘုရား”
“ဒါနဲ့ ဘုရားရှင်က ဘဒြက သူကြီး သင်ပဲဖြေပါ။ အဲဒါ ဘာပြုလို့လဲတဲ့။ သည်တော့ ဘဒြက သူကြီးက ချစ်ခင် တွယ်တာလို့ပါ ဘုရားလို့ လျှောက်သယ်။ သည်တော့မှ ဘုရားရှင်က အဲဒါ အကြောင်းရင်းပဲတဲ့။ ချစ်ခင်ခြင်းတည်း ဟူသော ဆန္ဒသည် ဒုက္ခဆင်းရဲ၏ အကြောင်းရင်းဖြစ်တယ်လို့ ဟောတော်မူသယ်”
“တင့်ပါဘုရား”
“ဒါကို ဒကာမကြီး မအိမ်ကံ နှလုံးသွင်းပါ။ ပုထုဇဉ်တွေ ဖြစ်လို့ ဘုရား ရဟန္တာများလို မကျင့်ကြံနိုင်သော်လည်းပဲ နှလုံး သွင်းပြီး စိတ်၏ ချမ်းသာခြင်းကို တည်ဆောက်ရမယ်။ သည်ကနေ့ မွေးနေ့၊ မွေးရက်က စပြီး နောင်မွေးနေ့၊ မွေးရက် တွေတိုင်းမှာ တရားနဲ့ ပြည့်စုံသော ဘဝကို ရယူပွားများ နိုင်ဖို့လိုတယ်။ ဟုတ်ကဲ့လား ဒကာမကြီး”
“တင်ပါ့ ဘုရား”
“ကိုင်း ရေစက် ချရအောင်။ သည်အချိန် ကလေးဟာ အင်မတန် အရေးကြီးသယ်။ တစ်မျှင်ချင်း လွင့်သွားတဲ့ ဆံပင်များကို တစ်စုတည်း ဖြစ်အောင် ကျစ်ထားသော ဆံစုကဲ့သို့ ဟုတ်ပြီလား။ အာရုံ ကလေးမှာ တည်ပြီး အကုသိုလ် အဖို့ဘာဂ ကိုအောက်မေ့၊ မေတ္တာ စိတ်ကလေးပြုပြီး ညွှတ်ထားမယ်။ တတ်စွမ်းသမျှ လှူဒါန်းရသော ဒါန ကုသိုလ်ကို ရည်မှတ်ပြီး ကောင်းမှု ကုသိုလ်ကို ရည်မှတ်ပြီးလျှင် ဘဝတစ်ပါး ခြားကြ ကုန်ပြီဖြစ်သော မိဘဘိုးဘွား များကအစ မိမိ မျက်မှောက်၌ ရှိကြကုန်သော ပုဂ္ဂိုလ်စသည် ဖြင့် အာရုံညွှတ်ထားရမယ်။ ဟုတ်ပြီလား၊ ကိုင်း လိုက်ဆို ဒကာမကြီး”
“ဘန္တေ ဘုရား”
“ဘန္တေ ဘုရား”
“နိဗ္ဗာနဿ...နိဗ္ဗာန်ကို ရည်မှတ်၍”
“နိဗ္ဗာနဿ...နိဗ္ဗာန်ကို ရည်မှတ်၍”
“သစ္ဆိကရဏတ္ထာယစ မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့ဖြင့် မျက်မှောက် ပြုရပါလိုခြင်း အကျိုးငှာ လည်းကောင်း”
“သစ္ဆိကရဏတ္ထာယစ မဂ်ဥာဏ်ဖိုလ်ဥာဏ်တို့ဖြင့် မျက်မှောက်ပြုရပါ လိုခြင်း အကျိုးငှာ လည်းကောင်း”
“သုခတ္တာယစ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစေ ခြင်းအကျိုးငှာ လည်းကောင်း”
“သုခတ္တာယစ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစေ ခြင်းအကျိုးငှာ လည်းကောင်း”
“အန္တရာယ ဝိဂမ္မနတ္ထာယစ အန္တရာယ် ကင်းခြင်း၊ ဘေးကင်းခြင်းအကျိုးငှာ လည်းကောင်း”
“အန္တရာယ ဝိဂမ္မနတ္ထာယစ အန္တရာယ် ကင်းခြင်း၊ ဘေးကင်းခြင်း အကျိုးငှာ လည်းကောင်း”
“ဝိဇာယနကာလေ မအိမ်ကံ၏ မွေးနေ့၊ မွေးလ၊ မွေးရက် ကျရောက်ရာ အခါသမယ၌”
“ဝိဇာယနကာလေ မအိမ်ကံ၏ မွေးနေ့၊ မွေးလ၊ မွေးရက် ကျရောက်ရာ အခါသမယ၌”
“တိသရဏေနုသဟ သရဏဂုံ သုံးပါး၌ တည်ပါကုန်၍”
“တိသရဏေနုသဟ သရဏဂုံ သုံးပါး၌ တည်ပါကုန်၍”
ငုံ့ထားသော မျက်နှာတွင် မျက်ရည်တွေ တာကျိုးအံ့ ဆဲဆဲ ရှိသော်လည်း မအိမ်ကံ စိတ်ကို စိတ်နှင့်ပင် တုပ်နှောင် ထားခဲ့သည်။ ရေစက်ချ ကရားမှ ကနုတ် ပန်းခက်ကလေးတွေကို မြင်နေရသည်။ ကရားထိပ်မှ တစ်ပေါက်ချင်း ချလွှတ်သော ရေစက်ကို သတိနှင့် ထိန်းရင်း စိတ်ကို မပျံ့လွင့်အောင် ကြိုးစား ထားပါ၏။ ထိန်းထားသည့် ကြားက အဖေ့ကို မြင်ယောင်သည်။ အမေ့ကို မြင်ယောင်သည်။ မလှအုံကို မြင်ယောင်သည်။ ဦးပဉ္စင်းက မိမိ မျက်မှောက်၌ ရှိကြကုန်သော မိမိ မျက်မှောက်၌ မရှိကြကုန်သောတဲ့။ ရှိကြကုန် သောက ဘယ်သူတွေလဲ၊ မရှိကြကုန် သောက ဘယ်သူတွေလဲ။ သည်စိတ်က ခေါင်းထဲ ရောက်လာပြန်တော့ ရေစက် ကရားက တသွင်သွင် ကျနေသော ရေစက် တစ်ပေါက်ချင်းကို မမြင်ရပြန်။ မျက်ရည်များဖြင့် ဝေဝေ၀ါးဝါး ဖြစ်ရပြန်ပါ၏။ သတိတရား ဝင်လာ ပြန်တော့ မျက်ရည်ကို ထိန်းသည်။ လိုက်ဆို နေရသည့် ရေစက်ချကို ကတုန်ကယင် မဖြစ်အောင် ထိန်းရသည်။ စိတ်ကို မလွင့် မပျံ့အောင် ထိန်းရသည်။
“သမာနစ္ဆန္ဒာ တစ်ဦးနှင့် တစ်ဦး ဆန္ဒ တူညီကြကုန်သည် ဖြစ်၍”
“သမာနစ္ဆန္ဒာ တစ်ဦးနှင့် တစ်ဦး ဆန္ဒ တူညီကြကုန်သည် ဖြစ်၍”
“သမ္မောဒမာနာ ကြည်သာရွှင်လန်း ဝမ်းမြောက်ကြကုန် သည်ဖြစ်၍”
“သမ္မောဒမာနာ ကြည်သာရွှင်လန်း ဝမ်းမြောက်ကြကုန် သည်ဖြစ်၍”
ဖြစ်၍...ဖြစ်၍...ဖြစ်၍။ မအိမ်ကံ ညည်းစိတ်ကို ငြိမ်နေအောင် တည်ထားစမ်း။ ရေစက် ချတုန်း ချသခိုက် အချိန် ကလေးမှာ မပျံ့လွင့်စေနဲ့။ ပြုခဲ့ဖူးတဲ့ ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ ရကြစမ်းပါစေ။ ငါ့အသက် လေးဆယ် ပြည့်ပြီပဲ။ နှစ်ပေါင်းလေးဆယ် ဆိုတဲ့ လူ့ဘဝ သက်တမ်းမှာ ညည်း ကုသိုလ်တွေ ပြုခဲ့ပြီပဲ။ ပေးခဲ့၊ ကမ်းခဲ့၊ လှူခဲ့၊ တန်းခဲ့ပြီပဲ။ ဖြည့်ဟဲ့၊ ဖို့ဟဲ့၊ ကျွေးဟဲ့၊ မွေးဟဲ့ ရှိခဲ့ပြီပဲ။ သံသရာကြီး ရှည်သရွေ့ ဝဋ်ဆင်းရဲကြီး ရှည်မှာပဲ။ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏ ဒုက္ခတွေ ရှိနေမှာပဲ။ ချစ်လျက်နဲ့ ကွေကွင်း ရခြင်း ဆင်းရဲ၊ မချစ် မနှစ်သက်ဘဲ ပေါင်းသင်း ဆက်ဆံရခြင်း ဆင်းရဲ။ ဘဝတူမျှ အခြေတကျ ရှိချင်သော်လည်း ရှင်ကွဲကွဲ ရတဲ့ ဒုက္ခဆင်းရဲ...ဒါတွေလည်း ရှိမှာပဲ။ အို သတိလွတ်ရ ပြန်ပါပကော။ သတိ၊ သတိ။
“ဣစ္ဆိတပတ္တိတ ဗောဓိဥာဏ်ဏံ အလိုရှိအပ် တောင့်တအပ်သော ဗောဓိဥာဏ်ဏ်ကို”
“ဣစ္ဆိတပတ္တိတ ဗောဓိဥာဏ်ဏံ အလိုရှိအပ် တောင့်တအပ်သော ဗောဓိဥာဏ်ဏ်ကို”
“လဘိတွာ ရကြကုန်၍”
“လဘိတွာ ရကြကုန်၍”
“နိဗ္ဗာနံ နိဗ္ဗာန်သို့ ပါပုဏိသာမ ရောက်ရပါလို၏”
“နိဗ္ဗာနံ နိဗ္ဗာန်သို့ ပါပုဏိသာမ ရောက်ရပါလို၏”
ရေစက်ချအပြီးမှာတော့ မအိမ်ကံ လှိုက်ခနဲ ခံစားလိုက် ရသည်။ တစ်ချက်ရှိုက်ခြင်းနှင့် အတူ မျက်ရည်တွေ သွန်ကျ လာခဲ့ပါ၏။
၁၃၂၂ ခု၊ တပို့တွဲလ။
မအိမ်ကံ အသက် လေးဆယ်တင်းတင်း ပြည့်ခဲ့ပြီ။ မနက်ကပင် ရွာဦး ဆရာတော် ဦးခေမိန္ဒထံတွင် လွန်လေပြီးကြသူ တို့အတွက် မွေးနေ့ ကုသိုလ်ပြုခဲ့သည်။ ဘုန်းကြီးကျောင်းကို အဝင်နတ် လမ်းရှည်ပြီး တစ်လျှောက်ဖြတ်တော့ ကိုပြေသိမ်းကို သတိရသည်။ နတ်လမ်းထဲမှာပဲ မအိမ်ကံကို မေတ္တာ ရှိကြောင်း သူပြောခဲ့တာ မဟုတ်လား။ သည်တစ်ခါတော့ ဆွမ်းချိုင့်ကို လက်က ဆွဲရင်း မအိမ်ကံ တစ်ယောက်တည်း ကျောင်းကို လာခဲ့ရပြီ။ ကျေးဥနှင့် သမီးငယ် ခိုင်က အိမ်မှာ နေခဲ့ကြပါ၏။ ဆရာတော် ဆုံးမလိုက်သော ရေစက်ချ တရားကို နာယူရတော့လည်း အပူကလေး ငြိမ်းရသလိုလို ရှိခဲ့သည်။ ရွှံ့နှင့်လုပ်သော နားတောင်းလို၊ ရွှေရည် ပွတ်ထားသော နှစ်ပြားတန် ကြေးနားတောင်းလို အပေါ်ယံလှရုံ ဟန်ဆောင် မထားနဲ့လို့လည်း ဆရာတော်က မှာလိုက်သေးသည်။ ဆရာတော်က မအိမ်ကံ အကြောင်းကို သိနေလို့များလား။ အတွင်းစိတ်က မငြိမ်းနိုင်ဘဲ ဟန်မဆောင်နဲ့လို့ မိန့်ချင်ပုံ ရပါ၏။
အခုတော့လည်း သည်အိမ်ကြီးမှာ မအိမ်ကံပဲ ရှိတော့သည်။ အဖေ မရှိတော့။ အမေ ပန်းရုံ ကွယ်လွန်ရှာခဲ့ပြီ။ မလှအုံလည်း ဆုံးပါးခဲ့ရပြီ။ သမီးကြီးမြိုင်ကို မြင်းခြံ ပို့ခဲ့သည့် ၁၃၁၉ ခုနှစ်က ရေတွက်လျှင် လေးနယုန်ပင် ကျော်ခဲ့ပြီ။ သည်လေး ငါးနှစ် အတွင်းမှာ မအိမ်ကံတို့ အိမ်ကြီးထဲက လူသုံးယောက်ကို ဖဲ့ယူ သွားခဲ့ပြီ။ အသက်လေးဆယ် ဆိုသည့် အရွယ်က ဘဝမှာ အားအရှိဆုံး အချိန်ပင်။ ရင့်ကျက်သော ဘဝဖြင့် ရှေ့ခရီးကို လှမ်းရန် ခြေလှမ်းပြင် ခိုက်မှာပင် တစ်စုံ တစ်ယောက်က တွန်းလှဲပစ် လိုက်သလို ပုံလျက်သား လဲခဲ့ရသည်။
“ကျေးဥရယ်၊ ဖြစ်ရပုံများတော့အေ အမေဆုံးသယ်၊ မလှအုံ ဆုံးသယ်။ သည်ကြားထဲ ညည်းအမေ အရီး ကြာညွန့် ပါဆုံးသွားသာကကော မအိမ်ကံကို အငြှိုးနဲ့ လုပ်နေသလိုပဲ အေ။ ငါ အရိပ်ခိုရသယ့် လူတွေကိုချည်း တမလွန် ခေါ်သွား သာကတော့ တဆိတ်စာ ဖြေနိုင်စရာတောင် အကြောင်း မရှိပါလား အေရယ်။ ဆရာတော်ကတော့ ဟောရှာပါရဲ့။ ငါ ရေစက်တောင် ဖြောင့်အောင် မချနိုင်ခဲ့ပါဘူးအေ။ ငါမျက်ရည်ကျသာ ကို သမီးကလေး မမြင်စေချင်လို့ ညည်းတို့ကို ထားခဲ့သာ ပါ။ ကျောင်းက အပြန် နတ်လမ်းထဲမှာ ငါထိုင်ငိုမိသယ်။ ဘဝ အကြောင်းများ မကောင်းပါဘူးအေ”
ကျေးဥကိုပင် ပြောမိခဲ့ရပါ၏။ ကျေးဥကတော့ တရား ရှိသူလိုပင် မလှုပ်မခြောက် ရှိနေလေသည်။ မအိမ်ကံကို သနားစရာ သတ္တဝါ တစ်ကောင်လို ကြည့်နေခဲ့သည်။ သည်လောကဓံလောက်တော့ ကျေးဥတို့က ခါးစောင်းတောင် တင်လိုက်ချင်သေး ဆိုသည့် မျက်နှာဖြင့် ရှိနေခဲ့သည်။ သူကကော ဘာထူး လို့လဲ။ အမေဆုံးသည်။ ယောက္ခမ မိဘ ဆုံးသည်။ မအိမ်ကံ ကြုံသလောက် ကျေးဥက ဖြစ်ရလေခြင်းရယ်လို့ မညည်းခဲ့။ မအေ ဆုံးတုန်းက ငိုခဲ့သည်။ ယောက္ခမ ဆုံးတော့ မျက်ရည် ကလေး သီသီ ဝေ့ခဲ့သည်။ ဒါပါပဲ။ သည့်နောက်တော့ စပ်လို့တောင် ပြောတာမျိုး မရှိ။ မအိမ်ကံမှာ ကျေးဥကို ကြည့်ပြီး တရားကျရ မလိုလို။ ညည်းမခံစားရဘူးလား ဆိုတော့ ခံစားလို့ကော ပြန်ရှင်လာမှာမှ မဟုတ်သာတဲ့။
“မအိမ်ကံရယ်၊ ငါလည်း လူပါဟယ်။ စိတ်မကောင်း မဖြစ်ဘဲနေပါ့မလား။ ငါ့ယောက္ခ မရီးလှအုံ ဆိုရင် ဆူဆူငေါက် ငေါက်နဲ့ ငါ့အပေါ် ကောင်းရှာသယ်။ အမေရင်းနဲ့ မခြားပါဘူးအေ။ အမေနဲ့ ရီးလှအုံ ဆုံးပါးကြသာ ငါ့အတွက် အင်မတန် ထိခိုက်ရသယ်။ ကြီးပန်းရုံဆိုပြောမနေနဲ့တော့၊ ဘယ်သူ့ အပေါ် မဆို စိတ်ကောင်း နှလုံးကောင်း ရှိခဲ့ရှာသယ်။ ကြီးပန်းရုံ ဆုံးတုန်း ငါကျွမ်းပစ် ငိုခဲ့မိသာပါအေ။ ဒါပေသိ ငါဖြေသယ်။ သြော် သူတို့ခမျာ အသက်ကြီး ရှာကြပြီ။ ဘဝ ဝန်ထမ်းခဲ့ကြရသဲ့ နှစ်ထမ်းကြီး ရှည်လှပြီ။ ငါတို့တောင် သူတို့လောက် သီလ ကောင်းပါ့မလား အောက်မေ့မိသယ်။ အမှည့် တဝင်းဝင်း၊ အကင်း တပြိုက်ပြိုက်ကိုးအေ့”
“အောင်မယ် ရသေ့မကတောင် ဟုတ် တုတ်တုတ်ပါလားဟဲ့။ အေးပါအေ၊ ညည်းလည်း ခံစား ရမှာပါပဲလေ။ တို့နှစ်ယောက်စလုံး အတူတူပါပဲ။ တို့အားကိုး အားထား ပြုရသဲ့ သူတွေ ချည်းဆိုတော့ အပဲ့ကြီး ပဲ့ရသာပါပဲ။ အင်း၊ ငါကတော့ ရှင်ကွဲ ပိုသာပေါ့ ကျေးဥရယ်”
ရှင်ကွဲ ပိုသာပေါ့အေ ဆိုသည့် စကားကြောင့် ကျေးဥ ငိုင်သွားခဲ့ရသည်။ ဘာမှ မပြောသာတော့။ မအိမ်ကံကို တစိမ့်စိမ့် ကြည့်နေတာပဲ ရှိသည်။ မအိမ်ကံ ငယ်ငယ်၊ မအိမ်ကံ အပျိုပေါက်၊ မအိမ်ကံ အပျိုဖားဖား၊ မအိမ်ကံ သားသည်မအေ။ တစ်လျှောက်လုံး ကျေးဥ မျက်စိအောက်မှာပဲ ရှိခဲ့သူ။ ခံစားမှု ကြီးသလို မဟုတ်တာ လုပ်ရမှာကို စက်ဆုပ်သူ။ မမှန်တာ ရှိလျှင်၊ မတရားတာ တွေ့လျှင် ရှေ့က ရပ်ပြီး ရင်ဆိုင် ဝံ့ရဲသူ။ ဓားမကြောက်၊ လှံမကြောက် မိန်းမချောကို တစ်ခါတစ်ရံ ကျေးဥပင် အံ့သြရသည်။ ရုပ်ရည် ချောမောသည်။ ကိုယ်ကျင့် တရားကောင်းသည်။
ရပ်ရွာအပေါ် ညှာတာသည်။ မိဘတွေကို ခြေဆုပ်လက်နယ် ရှိသည်။ လင်သားကို ရိုသေသည်။ သား သမီးတွေကို ငှက်တောင်သိမ်းသိမ်းနိုင်သည်။ သို့သော် တစ်ခု ခုကို ထင့်လိုက်မိပြီ ဆိုလျှင်လည်း ဇွဲကြီး နပဲကြီး ပြန်သည်။ ဆုံးမ မရ၊ ဖျောင်းဖျ မရ။ လက်တွင်းဆုပ်မိလျှင် မဖြေတော့ တာမျိုးရှိသည်။
မအိမ်မြိုင် ကွမ်းတောင်ကိုင် ဖြစ်ရမည့် အရေး ပြောကြဆို ကြတုန်းကများ ကျေးဥပင် အံ့သြခဲ့ရသည်။ ကိုယ်တိုင်မဖြစ် လိုက်ရသည့် ကွမ်းတောင်ကိုင် ဘဝ၊ သမီးကျရင် ဖြစ်စေရမည် ဆိုတာကို ကျေးဥအပြစ် မပြောချင်ပါ။ သို့သော် စိတ်ကကြီး လွန်းလှတာကိုတော့ ကျေးဥ လက်မခံချင်။ မဖြစ်ရတော့ကော ဘာဖြစ်တုံး ဆိုတာမျိုး မရှိ။ ကွမ်းတောင် မကိုင်ရတာနဲ့ပဲ လူဖြစ် ရှုံးရရောလား။ ရွာထဲမှာ ကွမ်းတောင် ကိုင်ရတဲ့ အပျိုချောက တစ်ယောက်တည်း။ မကိုင်ရတာတွေက တစ်အုပ် တစ်မ။ ဘယ်သူမှ ခံစား မနေကြ။ ဘယ်သူမှ ပူဆွေး မနေကြ။ ရွာထဲက သူငယ်ချင်းမ အေးဆုံ ပြောသလို “ကွမ်းတောင် မကိုင်ရလည်း လင်တော့ ရသာပါ ပဲအေ။ ငါဖြင့် ကလေး ခြောက်ယောက်နဲ့ ဖတ်သီကို လိုက်လို့” ဆိုသည့် စကားကိုပင် သတိရမိသေးသည်။ ကျေးဥနှင့် မအိမ်ကံ ကွမ်းတောင်ကိုင် ကိစ္စ အိမ်ကြီးပေါ်မှာ ပြောကြတော့ မလှအုံ အနားတွင် အိပ်နေခဲ့သည်။ မလှအုံက သူတို့နှစ်ယောက် ပြောတာကို အကုန်ကြားသည်။ နောက်တစ်နေ့မှာပဲ ချွေးမ ဖြစ်သူ ကျေးဥကို မေးတော့သည်။ ကျေးဥကလည်း မှန်ရာကို ပြောလိုက်သည်သာ။ ထိုစဉ်က အမေ လှအုံကပင် ပြောခဲ့သေးသည်။
“ငါလည်း နားကြား ဆိုတော့ အံ့လည်း အံ့သြမိသယ်။ ငန်းဖွဲ့တော့မှ လယ်ကျယ်မှန်း သိရသာကိုးအေ့။ တမာလည်းနု ကျေးလည်းဥ၊ တမာလည်းသီး ကျေးလည်းကြီး၊ တမာလည်းရင့် ကျေးလည်း လွင့်ရမယ့်ဟာ သူ့မှာ မလွင့်နိုင်ဘူး။ ပထမတော့ ရီးပန်းရုံကို ပြောဦးမလို့ပဲ။ ခမျာ စိတ်ဆင်းရဲ သွားရှာမှာ စိုးသာနဲ့ပဲ မပြောတော့ပါဘူး။ ကိုယ့်စိတ်ထဲ ကိုယ်ပဲ ထားလိုက် ပါတော့မယ်။ နောင်များ မအိမ်ကံကို ညည်းမပြောနဲ့ သမီး။ အမေ ပြောမယ်။ မအိမ်ကံကို ညည်းမတိုးနိုင်ဘူး”
အမေ လှအုံလည်း ဆုံးရှာပြီ။ မအိမ်ကံကို ပြောသွားနိုင်ခဲ့ပုံ မရ။ ပြောလို့လည်း ရမည် မထင်။ မအိမ်ကံကို ညည်းမတိုး နိုင်ဘူး ဆိုပေသိ အမေလှအုံ ကိုယ်တိုင်လည်း မတိုးနိုင်တာ ကျေးဥ သိပါ၏။ သမီး စိတ္တဇက ကြီးသည့်ကြားထဲ သေကွဲတွေ နှင့် ကြုံရသည်။ ရှင်ကွဲတွေနှင့် ကြုံရသည်။ သည်တော့လည်း မအိမ်ကံ ရင်ထုမနာ ဖြစ်ရှာတာ အပြစ် မတင်ချင်။ ခင်ပုပ်လည်းပျံ ဘုတ်လည်းပျံ ဘဝတွေ ဆိုတော့ ငယ်က ပေါင်းခဲ့သည့် သူငယ်ချင်းကောင်းယောက်မကို ကပ်ဖဲ့ မတိုက်တာ အကောင်းဆုံးလို့သာ ကျေးဥ ခံယူခဲ့သည်။
Saturday, January 2, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ