Thursday, October 15, 2009

မအိမ့်ကံ(12)

မအိမ်ကံ(September) 2008

မအိမ်ကံက ဘယ်လိုမှ မျှော်လင့်ထားသူမဟုတ်။ မအိမ်ကံမှ မဟုတ်ပါ။ လှည်းသုံးစီးစလုံးက လူတွေအားလုံး ထင်မှတ်မထားသူက မြင်းကြီးတစ်စီးနှင့် ရေးကြီးသုတ်ပြာ လိုက်လာတာကို အံ့သြနေခဲ့ကြသည်။ မအိမ်ကံဆိုလျှင် ပါးစပ်ကို လက်ကလေးဖြင့်ပိတ်ကာ "အို" လို့ပင် အော်မိရသည်အထိ ထိတ်ပျာခဲ့ရသည်။ နောက်လှည်းက လူတွေကတော့ စစ်ပုလိပ်တွေပြန်တော့ တစ်ကိုယ်တော် ဓားပြများလား တွေးကြရာက လှည်းတွေကို တောင့်ထားရင်း သတိကြီးစွာ ထားလိုက်ကြရသည်။ တစ်ယောက်တည်းဆိုတော့ ကြောက်ကြပုံတော့မပေါ်။ အံ့သြသွားသလား မအိမ်ကံရဲ့။ ပုလိပ်တွေ အကဲမလှတာနဲ့ မြင်းတစ်စီးငှားပြီး အတွင်းလမ်းက ပုန်းလိုက်လာတာ။ ကူညီစရာရှိတာ ကူညီရအောင်ပါ မအိမ်ကံက ကိုပြေသိမ်းကို ငေးကြည့်နေရှာသည်။ လက်တစ်ဖက်က ဖုန်တွေပေနေသည့် ပ၀ါစကိုခါလျက်၊ လက်တစ်ဖက်က မြင်းဇက်ကြိုးကို ပူးကိုင်ထားရင်း မအိမ်ကံတို့ စီးလာသည့် လှည်းဘေးမှာ မြင်းပေါ်က မဆင်းဘဲ ပြောနေခြင်း ဖြစ်ပါသည်။ မြင်းကမငြိမ်တော့ မြင်းလှည့်ရာလူပါ လှည့်နေရသည်။ မျက်နှာချင်းဆိုင်မိလိုက်၊ ဘေးတိုက်ဖြစ်လိုက်။ ခမျာ စိတ်မချလွန်းလို့ လိုက်လာရှာပါပကော။ မအိမ်ကံ ကျေးဇူးတင်မိပါ၏။ ရင်တွေလည်း ရှိန်းရှိန်းထအောင် ခုန်ရပါ၏။ မအိမ်ကံက လှည်းရံတိုင်ကို ကိုင်ထားရင်း စကား ဘယ်လိုစရမှန်း မသိအောင် ဖြစ်နေခဲ့သည်။ တော်ပါသေးရဲ့ ကျေးဥက စကားဝင်ပြောလို့သာပေါ့။

မအိမ့်ကံ(11)

မအိမ်ကံက နောက်ကို တကြည့်ကြည့်။ ထိုစဉ်မှာပင် မအိမ်ကံတို့ လှည်းနားကို စက်ဘီးတစ်စီး ရောက်လာခဲ့သည်။ လှည်းရံတိုင်ကို လှမ်းကိုင်လိုက်သည့် ကိုပြေသိမ်းကို မအိမ်ကံ တွေ့လိုက်ရသည်။ ၀မ်းသာလိုက်သည့်ဖြစ်ချင်း။ မြို့သားက သည်တစ်ခါတော့ ယောပုဆိုးနှင့် ပင်နီချောထည်ကို သန့်သန့် ကလေးဝတ်ထားပါ၏။ မအိမ်ကံက လှည်းတွေကို အရပ်ခိုင်း လိုက်သည်။


"မနက်က စောစောကလေး ထွက်လာခဲ့ဖို့ပါပဲ မအိမ်ကံ။ အကြောင်းကလေးပေါ်လို့ သွားရပါတယ်။ စိတ်ကတော့ တစ်မနက်လုံး အင်း တစ်ညလုံးဆိုပါတော့လေ ရောက်နေမိပါရဲ့။ မအိမ်ကံအတွက် ရှင်မတောင်သနပ်ခါးတုံးကလေးတွေ လက်ဆောင်ပေးချင်လို့ပါ"


စက်ဘီးကယ်ရီယာပေါ်မှာ ညှပ်တင်လာသော သနပ်ခါး တောင်းကလေးကို ကိုပြေသိမ်းက ဖြုတ်ယူလိုက်သည်။ စက်ဘီးထောက်ကို ထောက်လိုက်ပြီး မအိမ်ကံရှိရာ လှည်းနောက်မြီးဆီ ရောက်လာခဲ့၏။


"ရှင်မတောင်သနပ်ခါးတော့ စစ်ပါရဲ့။ ကျွန်တော် သနပ်ခါးတုံး မရွေးတတ်ပါဘူး။ ကောင်းမကောင်းတော့ ကျွန်တော့် နှမများကံပဲ။ ဟိုနှမလေးအတွက်က နှစ်တုံးပါ။ ရော့ ရော့ ဟောသည် တောင်းကလေးကတော့ မအိမ်ကံအတွက်ပါဗျာ"


မြင်းခြံဝါးခြင်းတောင်းကလေးထဲမှာ သနပ်ခါးတုံးတွေ အပြည့်။ မိန်းကလေးပီပီ မအိမ်ကံ သနပ်ခါးတုံးကလေးတွေကို အမက်သား။ ကိုပြေသိမ်း ကမ်းပေးလိုက်သော ခြင်းတောင်းကလေးကို လှမ်းယူလိုက်ပြီး သနပ်ခါးတစ်တုံး ယူနမ်းလိုက်သည်။ မွှေးလိုက်တဲ့ သနပ်ခါး။ လူပျိုတစ်ယောက်က ပေးသော သနပ်ခါးတုံးကို သူ့ရှေ့မှာပဲ နမ်းကြည့်မိပါပကော။ အပွေးကောင်း၊ အသွေးရင့်၊ အတုံးကျစ်သော သဘာဝ သနပ်ခါးတုံးကလေးတွေ။


"အားနာစရာကြီး ကိုပြေသိမ်းရယ်။ တန်ဖိုးသေးမှာ မဟုတ်ဘူး။ ကျေးဇူးများတင်ပါရဲ့"


"ကျွန်တော့်နှမများအတွက် ဘာလက်ဆောင်ပေးရမလဲ စဉ်းစားနေတာဗျ။ မိတ်ဆွေဆိုင်က သနပ်ခါးပင်ရင်းဆိုင်ဆိုတော့ သည်အတိုင်းဆွဲလာရတာပဲ။ ပိုက်ဆံတောင် မပေးခဲ့ရ သေးပါဘူး"


ကိုပြေသိမ်း အရွှန်းဖောက်လိုက်သော စကားကြောင့် မအိမ်ကံမှာ ရယ်လည်းရယ်ချင်၊ စိတ်မကောင်းလည်း ဖြစ်ရပါ၏။ ကိုပြေသိမ်းကတော့ သနပ်ခါးခြင်းတောင်းကလေး ပေးပြီးကတည်းက လှည်းနောက်မှာရပ်ရင်း မအိမ်ကံကိုပဲ ကြည့်နေတော့သည်။

မအိမ့်ကံ(10)

မအိမ်ကံ (August) 2008

လူရွယ်က မျက်နှာတစ်ချက်ပျက်သွားရာမှ သတိပြန်ဝင်လာသုလို လှုပ်သွားလေသည်။ မျက်နှာက အားနာဟန်ရှိပါ၏။ "သြော် ကိုမြတ်သာရဲ့ နှမပေကိုး စိတ်မကောင်းလိုက်တာဗျာ။ ကိုမြတ်သာ သည်မနက်ပဲ ခရီးထွက်သွားပါတယ်။ မောင်နှမချင်း လွဲရပြီကောဗျာ။ ဆရာကြီးတို့ ရှိကြပါတယ်" လူရွယ်က တံခါးနှစ်ချပ်ကို လှပ်ကာ ဖွင့်ပေးလိုက်ပြီး ကိုယ်ကို ယို့ပေးတော့ မအိမ်ကံလည်း ခြံထဲဝင်လာခဲ့သည်။ လူရွယ်က မအိမ်ကံနောက်က ပါလာမှန်း မအိမ်ကံ သိနေခဲ့သည်။ ဖိုးကူးနှင့် ကျေးဥတို့ကတော့ လှည်းပေါ်ကပဲ အကဲခတ်နေကြပုံဖြင့် မဆင်းပဲရှိနေကြ၏။ မအိမ်ကံကို ဆရာကြီး ဦးဘခင်က ဆီးကြိုသည်။ ဆရာကြီးပင် နည်းနည်းပိန်သွားသည် ထင်ရ၏။ "အလို မောင်မြတ်သာ နှမလေးပါလား။ လာ ထိုင်ပါဦးကွယ့်။ ညည်းအစ်ကိုတော့ ခရီးထွက်သွားပြန်တယ်။ လူငယ်တွေဆိုတော့ တိုင်းရေးပြည်ရေး လုပ်ရမယ်ဆိုရင် စိတ်ကနောက် လူကရှေ့ကကိုး သမီးရဲ့။ မိဘနှစ်ပါးကော ကျန်းခံ့သာကြရဲ့လား"


မအိမ်ကံက ဧည့်ခန်းကွပ်ပျစ်စားပွဲဝိုင်းမှာကျုံ့ကျုံ့ကလေး ၀င်ထိုင်သည်။ မအိမ်ကံ ၀င်ထိုင်တာကို တွေ့မှ ဖိုးကူးနှင့် ကျေးဥက ဆရာကြီးကို ကန်တော့ဖို့ ရွာလက်ဆောင်တွေကို ထမ်းချကြသည်။ ကျေးဥက မအိမ်ကံ ဘေးမှာ ၀င်ထိုင်သော်လည်း ဖိုးကူးက လှည်းရှိရာပြန်သွားကာ ဖိုးတုတ်နှင့်အတူ လှည်းကူချွတ်ရင်း အိမ်ရှေ့သစ်ပင်ရိပ်မှ စောင့်နေလေသည်။ မအိမ်ကံတို့ စားပွဲဝိုင်းမှာ ဆရာကြီးနှင့်အတူ စောစောက တံခါးဖွင့်ပေးသူ လူချောကလည်း ၀င်ထိုင် သည်။


"ကျန်းမာကြပါတယ် ဆရာကြီး။ အဖေကတော့ ခါတိုင်းလောက် မသွက်တော့ဘူး။ အမေကတော့ အဖေအိမ်မှာ နားနေတော့ ၀မ်းသာရှာပါ သယ်"


"အေးပေါ့ကွယ်။ သူကြီးမင်းကလည်း အရွယ်ရပြီ စိတ်ဆောင်နေလို့သာကိုး။ သားစိတ်လည်း ပါပေမပေါ့။ ဆရာကြီးတို့ကလည်း မိရယ် ဘရယ် သွားတွေ့ချေပါဦးကွယ်လို့ မောင်မြတ်သာကို ပြောပါသကွယ်။ နို့ပေမယ့် မောင်မြတ်သာခမျာလည်း စိတ်ရှိတိုင်း လွတ်လွတ်လပ်လပ် သွားခွင့်မသာလေ တော့..."


"နားလည်ပါသယ် ဆရာကြီးရယ်။ မအိမ်ကံတို့ကလည်း မျှော်ကြရတာပဲ ရှိသာပါ။ အစ်ကို့အလုပ်ကို သဘောပေါက်ပါသယ်။ တိုင်းရေးပြည်ရေးမှာ ရေတွင်းခဲ ကျမြုပ်နေသာကိုပဲ ၀မ်းသာရပါသယ်။ တိုင်းပြည်အရေးထက် အရေးကြီးသာ မရှိပါလားရှင်"


ဆရာကြီးက မအိမ်ကံ စကားကို နှစ်ထောင်းအားရ ရှိနေရှာသည်။ နိုင်ငံရေးစိတ် ရှိပါသကောဆိုသည့် မျက်နှာဖြင့် ဘေးမှာထိုင်နေသည့် ကိုလူချော၏ မျက်နှာကို လှမ်းကြည့်ရင်း စိတ်ဓာတ်ကတော့ မာပေ့ကွယ်ဆိုသည့် မျက်နှာဖြင့် ပြုံးပြသည်။

မအိမ့်ကံ(9)

နှင်းခင်က စကားလှမ်းစလိုက်တော့ ကျေးဥ ကိုယ်က လေး ဆတ်နဲပင် တွန့်သွားလေ၏။ နှင်းခင်က အရိုးခံအတိုင်း မေးလိုက်ခြင်းဖြစ်သော်လည်း ကျေးဥက စကားစမရှည်ချင် တော့ လေပျော့ကလေးနှင့် စိတ်မ၀င်စားသည့်ပုံပြုသည်။


"ပြောတတ်ပေါင်ဟာ။ ရွာရပ်က ရွေးကြမှာပေါ့။ သေချာ ပါသယ်အေ ညည်းရောငါရော ကွမ်းတောင်ကိုင်မဖြစ်သာ တော့..."


"အလှူကလည်း ဝေးပါသေးအေ...။ တန်ခူးမှဆိုတော့ ဒါတွေ ဘယ်သူမှ ခေါင်းထဲ ထည့်အားပေါင်။ ကိုင်း ကောင်မတွေ စကားတွေနင်းများမနေကြနဲ့။ လုပ်စရာရှိသာ တွင်အောင် လုပ်ကြစမ်း.."


မလှအုံက ၀င်ငေါက်လိုက်တော့ နှင်းခင် ဇက်ကလေးပု သွားရသည်။ မလှအုံ လောလည်းလောစရာ။ ညဘက်မှာ ဗိုင်းငင်ကြဦးမည်။ အရီးကြာညွှန့်က တောင်ရွာ၊ မြေက်ရွာက လက်ရာကောင်း ဖျင်ထည်ကလေးတွေယူလာပြီး မအိမ်ကံကို နမူနာပြသည်။ မအိမ်ကံက တစ်ထည်ချင်းယူကြည့်ရင်း အဆင်ကောင်း၊ အထည်ကောင်းကလေးတွေကို ရွေးသည်။ အတိုင်ချည်ပင်တွေ မပူးရန် တစ်ပင်ချင်းဖော်၍ ချည်လမ်းရှင်း ခြင်း၊ ခွဲခြင်းကို စည်းဖော်သည်ခေါ်ကြ၏။ ကမ်းကတော့

မအိမ့်ကံ(8)

မအိမ်ကံ (july)

ရုတ်တရက် ကောက်ကာငင်ကာ ထဆိုလိုက်သော သီချင်းသံကြောင့် မအိမ်ကံခမျာ ကြားချင်သည့်စကား မကြားလိုက်ရတော့ပါ။ မအိမ်ကံနှင့် မနီးမဝေးမှာ ရွာ့ကွမ်းတောင်ကိုင် လျာထားသည့်အကြောင်း ပြောဆိုနေကြတာကို အသက်အောင့် နားထောင်နေမိသည်။ ရွာသူတစ်ယောက်က သူ့သဘောထားကို ပြောရန် စကားဟလိုက်စဉ်မှာ သီချင်းသံ ထွက်လာခြင်း ဖြစ်၏။ မအိမ်ကံ လှမ်းကြည့်လိုက်တော့ အပျိုကြီး မသောင်းလှ ဖြစ်နေသည်။ မသောင်းလှက သီချင်းတွေ ပြောက်တိပြောက်ထိုး ဆိုတတ်သော်လည်း ဘယ်သီချင်းမှ အစအဆုံးမရ။ သို့သော် ဇာတ်ထုပ်ဇာတ်လမ်းတော့ အခင်းကောင်း။ သည်လို အုပ်နှင့် သင်းနှင့် လုပ်ရသော အလုပ်တွေမှာ မသောင်းလှကို တကူးတကပင် ခေါ်ရသည်။ ကြားချင်တာ မကြားလိုက်ရတော့ မအိမ်ကံ သက်ပြင်းကလေးသာ ရှိုက်လိုက်ရတော့သည်။


"သောင်းလှရယ် အမေက ရစ်ရိုးနဲ့ ရိုက်တာ ကျောသိသိ ကြေသယ်ဆိုတော့ အပြစ်က ကြီးလှပါကောဟဲ့..."

"ကြီးဆို ရည်းစားထားသယ့်အမှုကိုး ၀ိုင်းစိန်မရဲ့။ ရည်းစားထားသာ အမေသိသွားတော့ လာစမ်းဟဲ့ဆိုပြီး ရစ်ရိုးနဲ့ ရိုက်သာ ကျောလုံးပုပ်ကရော..."


မသောင်းလှနှင့် မသောင်းစိန်တို့ ရိုးရိုးသားသားပြောနေကြတာမှ ဟုတ်ရဲ့လား။ မအိမ်ကံ ထိတ်ခနဲပင်ဖြစ်သွားရပါ၏။ မအိမ်ကံနှင့် သာအောင်တို့ တဲပျက်ထဲ တွေ့ခဲ့ကြတာကိုများ သိကြရော့လား။ သူတို့နှစ်ယောက်ကိုများ သမီးရည်းစားထင် ကြရော့လား။ ရည်းစားထားလို့ အမေက ကျောစိစိကြေအောင် ရိုက်သတဲ့။ သီချင်းကထူးတော့ထူးဆန်းသား။ ပျိုတို့မောင်လာကာမှ ဒဏ်ရာကိုလှန်ကာပြလို့ရယ် ငိုပါ့မယ်လေး...ဆိုတာက ကော။ အမေရိုက်သည့်ကျောဒဏ်ရာကို ချစ်သူကိုလှန်ပြရရင် ရှက်စရာကြီး။


"တစ်ချို့ကချောသနှင့်... တို့တောနယ်ရွာစဉ်မတော့ မြို့ကျောဘွယ်တန်ဆာဆင်ကြပုံက... အပြာတွင်ဖဲရောင် ခရမ်း ရယ်နှင့်...ပ၀ါယဉ်ဖဲစောင်မှဆန်းတယ်လို့... ထာဝစဉ်ပွဲ ဆောင်ကိုမြန်းကြတယ်... ကဲ ပြောင်ခန်းဖော်တယ်နော်ကွယ်... အလိုရှင်... လှည်းဆောင်ပန်းပေါ်..."

မအိမ့်ကံ(6)

မအိမ်ကံ (june) 2008

သည်တစ်ဒင်္ဂအတွင်း မအိမ်ကံ၏ခံစားမှုမှာ နွေးအိသော အထိအတွေ့အာရုံကို သိလိုက်ခြင်းဖြစ်ပါသည်။ သူမတစ်ကိုယ်လုံးလေထုထဲ မြောက်တတ်သွားရာက လေဟာနယ်ထဲမှာ အသည်းတအေးအေး ပြုတ်ကျသွားသလို ခံစားနေရပြီး ရင်တွေကလည်း တလှပ်လှပ် ခုန်လာခဲ့ခြင်းဖြစ်၏။ မိန်းကလေး ဗီဇသဘာဝ ရင်ကို လက်နှစ်ဖက်ယှက်လိုက်ရင်း ကာထားလိုက်မိတာကိုလည်း မျက်တစ်ခတ်အတွင်းမှာ သိလိုက်ပါ၏။ မအိမ်ကံ သတိမထားမိ လိုက်သည့်အရာမှာ တဲပျက်တံခါးဝမှာ ရှိနေသော ဒဂကျော် (တံခါးကျော်)မြေတစ်ဝက်မြုပ် ၀ါးလုံး ဖြစ်သည်။ မြေစိုင်ခဲမဟုတ်။ အရင်က သည်တဲကလေးကို သေသေသပ်သပ် ဆောက်ထားခဲ့ပုံ ပေါ်ပါသည်။ အဆင်းစောင့်တဲတွေလို အမိုးမိုး အကာလေး ဖက်ချထားတာမျိုးမဟုတ်။ ကဲလားထောက် ပြတင်းတွေပါ ပါအောင်ဆောက်ထားသည့် လူနေတဲကြီးတစ်တဲ ဖြစ်ခဲ့ဟန် တူပါ၏။

မအိမ်ကံ ဟန်ချက်အပျက်မှာ သာအောင်က လက်တစ်ဖက်ဖြင့် ထိန်းလိုက်သဖြင့် ကျေးဇူးတင်လိုက်မိသော်လည်း မခံချင်စိတ်ကလေးကလည်း ဖျင်းခနဲ ပါလာခဲ့သေးသည်။ သို့သော် မအိမ်ကံက စိတ်ကိုချက်ချင်းလိုလို ထိန်းလိုက်နိုင်၏။ သာအောင်သာ လှမ်းမဖက်လိုက်လျှင် ရှေ့ကိုဟပ်ထိုးလဲဖို့သာ ရှိတော့သည်။ မအိမ်ကံ ရင်ခုန်တာ မပျောက်ချင်သေး။ ရင်ထဲမှာ မောတောဆို့တို့ ကတုန်ကယင်ကြီး ဖြစ်နေသည်။

မအိမ့်ကံ(7)

ရွယ်တူ သူငယ်ချင်းမတစ်ယောက်က မအိမ်ကံကိုကြည့်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။ မအိမ်ကံကတော့ ပြုံးရုံသာ။ တစ်ရွာလုံးက မိန်းမသားတွေချည်း စုရာဝါခင်းထဲကို မအိမ်ကံ တမင်လိုက်လာခြင်း ဖြစ်သည်။ ကျောပူခေါင်းပူ ပင်ပန်းတကြီး ရှိကြသော်လည်း တဟေးဟေး တဟားဟားဖြင့် အော်ကြ၊ ဟစ်ကြ၊ စကြ၊ ပြောင်ကြတာကို မအိမ်ကံ ပျော်သည်။

“၀ါဖတ်လေး ဖြူဖြူစင်စင် ရွှေလက်ကောက်နဲ့ငင်

မြနဘန်ဒီ ရှင်ဘန်ဒီ... ဇော်ဂျီဝင်တဲ့ နတ်ကယ်လေး

(တိမ်းပေတော့ ယိမ်းပေတော့)

တောင်ခြေရင်း ၀ါခင်းစောင့်တဲ့ ဖိုးအောင်ကျော်

မိုးခေါ်လို့ပေး ခေါ်လို့ပေး (မိုးထိုး...မိုးထိုး)”
 
Copyright© ညအလင်္ကာ