Thursday, October 15, 2009

မအိမ့်ကံ(9)

နှင်းခင်က စကားလှမ်းစလိုက်တော့ ကျေးဥ ကိုယ်က လေး ဆတ်နဲပင် တွန့်သွားလေ၏။ နှင်းခင်က အရိုးခံအတိုင်း မေးလိုက်ခြင်းဖြစ်သော်လည်း ကျေးဥက စကားစမရှည်ချင် တော့ လေပျော့ကလေးနှင့် စိတ်မ၀င်စားသည့်ပုံပြုသည်။


"ပြောတတ်ပေါင်ဟာ။ ရွာရပ်က ရွေးကြမှာပေါ့။ သေချာ ပါသယ်အေ ညည်းရောငါရော ကွမ်းတောင်ကိုင်မဖြစ်သာ တော့..."


"အလှူကလည်း ဝေးပါသေးအေ...။ တန်ခူးမှဆိုတော့ ဒါတွေ ဘယ်သူမှ ခေါင်းထဲ ထည့်အားပေါင်။ ကိုင်း ကောင်မတွေ စကားတွေနင်းများမနေကြနဲ့။ လုပ်စရာရှိသာ တွင်အောင် လုပ်ကြစမ်း.."


မလှအုံက ၀င်ငေါက်လိုက်တော့ နှင်းခင် ဇက်ကလေးပု သွားရသည်။ မလှအုံ လောလည်းလောစရာ။ ညဘက်မှာ ဗိုင်းငင်ကြဦးမည်။ အရီးကြာညွှန့်က တောင်ရွာ၊ မြေက်ရွာက လက်ရာကောင်း ဖျင်ထည်ကလေးတွေယူလာပြီး မအိမ်ကံကို နမူနာပြသည်။ မအိမ်ကံက တစ်ထည်ချင်းယူကြည့်ရင်း အဆင်ကောင်း၊ အထည်ကောင်းကလေးတွေကို ရွေးသည်။ အတိုင်ချည်ပင်တွေ မပူးရန် တစ်ပင်ချင်းဖော်၍ ချည်လမ်းရှင်း ခြင်း၊ ခွဲခြင်းကို စည်းဖော်သည်ခေါ်ကြ၏။ ကမ်းကတော့
ရက်ကန်းထည်အနားသားတွေခေါ်သည်။ အနားသား ပိပိထပ်ထပ် သပ်သပ်ရပ်ရပ်ရှိမှ အထည်ခိုင်သည်။ လှသည်။ စည်း ရောကမ်းရော သေသပ်မှုရှိမရှိ အထည်ကိုင်ကြည့်ရုံနှင့် မအိမ် ကံသိပါ၏။ မအိမ်ကံ ငယ်စဉ်တောင်ကျေးကတည်းက အမေ ပန်းရုံနှင့် အရီးကြာညွှန့်တို့ ရက်ကန်းခတ်သည့်အနား နေခဲ့ရသူ မဟုတ်လား။ အရီးကြာညွှန့်က စည်းဖော်နည်း၊ ကမ်းခတ်နည်း တွေမှာ ကျွမ်းကျင်သည်။


"စည်းကမ်းကောင်းသယ်ဆိုတာ သဟာကိုခေါ်သာပေါ့ အေ့...။ စည်းအဖော်တတ်တော့အထည်မှာ ရေစီးကြောင်းတို့ ချည်ကျော်ချည်ကျတို့မပါဘူး။ ကမ်းကလေးသပ်ရပ်တော့ အနားသားက ပိပိထပ်ထပ်ရှိသယ်။ လူမလည်း သည်လိုပဲအေ ရဲ့...။ စည်းကမ်းကောင်းမှ လူ့အဖိုးတန်ဖြစ်ရသယ်..."
အရီးကြာညွှန့်ပြောမှ စည်းကမ်းဆိုသည့်စကားအဓိပ္ပာယ် ကို မအိမ်ကံနားလည်ရသည်။


သည်ရက်တွေထဲမှာ မအိမ်ကံ မအားရပါ။ ရက်ကန်းစင် ချည်တန်းဆင်နိုင်ရေး လုံးပမ်းရတာမလွယ်လှ။ ဗိုင်းငင်ရ၊ ချားရစ်ရ၊ ချည်စာနင်းရ၊ ဆေးဆိုးရနှင့် အိမ်ရှိလူကုန် အနားမနေ ရ။ မြင်းခြံကို အထည်သွင်းဖို့က လောက်လောက်လားလား ထည်ထည်ဝါ၀ါကလေးတော့ ရှိဖို့လိုသည်။ အဓိကကတော့ လူကြိုက်များသည့်ပင်နီကြမ်း၊ ပင်နီချောထည်တွေ တွင်တွင် ရက်ရပါ၏။


"ငါ့သမီး မြင်းစီးသင်ချင်လှဆိုအေ့... အဖေ သည်ရက်ထဲ အားပါပြီ။ ငါ့သမီးသင်ချင်ရင် အဖေသင်ပေးမယ်..."


ညစာထမင်းဝိုင်းမှာ အဖေက ပြောလာတော့ မအိမ်ကံပင် အံ့အားသင့်သွားခဲ့ရသည်။ သင်ချင်တုံးကတော့ တကယ့်ကို စိတ်ကလေးရှိလို့ ပြောလိုက်တာပေမယ့် အဖေက တကယ် သင်ပေးမည်ဆိုသောအခါ မ၀ံ့ဘဲဖြစ်နေရပါ၏။ ကွမ်းတောင် ကိုင်ဖို့ ရင်ခုန်နေရသူ မအိမ်ကံအဖို့ မြင်းကြီးနှင့် တလွှားလွှားဆိုလျှင် ရွာကအမြင်ကောင်းနိုင်ပါ့မလား။ ရွာမှာ မိန်းကလေး မြင်းစီးတာ မရှိသလောက် ရှားသည်။


"လေးဘက်သွား၊ မတ်သွား၊ လမ်းတိုးသွားကလေး အရင်သင်ရမယ်။ ပြီးမှ လေးဘက်ခွာစုံပြေးကလေးစီးကြည့်ပေါ့။ ငါ့သမီးစီးတတ်ရင် အဖေက မြစ်ခြေဘက်ကမြင်း မှာ ပေးမဗျာ..."


"တော့်သမီး အပျိုကလေးမဟုတ်တော့ဘူး သူကြီးမင်း ရဲ့။ အပျိုကြီးဖားဖားဝေလှပေါ့။ မြင်းကြီးနဲ့ မတော်တော့ပါဘူး"


အမေပန်းရုံက ၀င်ဖြတ်လိုက်သည်။ အမေပန်းရုံကတော့ တစ်လျှောက်လုံး အေးတိအေးစက်နေလာခဲ့သောသမီးမအိမ်ကံကို အခုလို ရွာနှင့်ရပ်နှင့် ထဲထဲဝင်ဝင်ရှိလာတာကိုပဲ ၀မ်းသာနေ ပုံရသည်။ ၀ိုင်းတိုက်ထဲမှာ လူတွေ တရုန်ရုန်းလုပ်ကြကိုင်ကြ၊ ဆိုကြအော်ကြ၊ စားကြသောက်ကြတာကိုကြည့်ပြီး ရွာ "ဆူ" ပကောရယ်လို့ ကျေနပ်နေပုံရလည်းရသည်။ တောဆူမှ မြို့ဝ သတဲ့။ ရွာတွေဆူဖြိုးပါမှ မြို့ပါချမ်းသာမည်မဟုတ်လား။


"အောင်မာဗျာ...။ မြင်းစီးသယ်ဆိုသာ တတ်ထားရုံပေါ့ ကျောင်းအစ်မရဲ့။ မြင်းပေါ် တစေနေမှာမှမဟုတ်သာ။ တတ် အပ်သဲ့ပညာဗျ ဘာမှတ်လို့တုံး"


အဖေက မလျှော့ပါ။ မအိမ်ကံကပါ အကြောင်းရှာပြီး ငြင်းရတော့သည်။


"မအိမ်ကံ ရက်ထည်တွေ မြင်းခြံသွားသွင်းရမှာရှိသေးတယ် အဖေရဲ့။ မအားသေးပါဘူး"


"ရော်ဗျာ၊ ဘာဆိုင်လို့တုံး။ ညည်းအထည်တွေက ဂွမ်းထဲက ခုန်မထွက်သေးပါဘူး"


"ကိုင်းပါတော်၊ ဘယ့်နှယ်များဖြစ်နေပါလိမ့်။ သူ့အစ်ကို မောင်မြတ်သာလာမှ သင်ပေးပါလိမ့်မယ်"


အမေပန်းရုံက အစ်ကို့ကိုထည့်ပြောလိုက်တော့မှ သူကြီး လည်း ငြိမ်သွားတော့သည်။ သားကိုပဲသတိရလို့လား။ အဖေ့ မျက်နှာ အိုစာသွားလိုက်တာ။ အသက်အရွယ်ကလည်း ထောက်လာတော့ အဖေ ဟိုတုန်းကလောက် မသွက်တော့တာ လည်းပါသလို သားမောင်အတွက် ရတက်မအေးဖြစ်နေရှာတာ လည်းပါလိမ့်မည်။ သည်ဘက်နှစ်ပိုင်းတွေမှာ အဖေ လူရော စိတ်ပါကျသွားခဲ့ပြီ။ မြင်းတစ်စီး၊ သေနတ်တစ်လက်နှင့် ရွာရိုး ကိုးပေါက် သိပ်မထွက်ချင်တော့တာ မအိမ်ကံသိပါ၏။ သမီး ကလေးမအိမ်ကံ အပျိုဖြစ်လာပြီးနောက်ပိုင်း ၀ိုင်းတိုက်ထဲကို လူသူအရောက်အပေါက် တော်တော်လျော့သွားခဲ့သည်။


"အေးဟာ၊ တိုင်းရေးပြည်ရေးက မသာယာတဲ့အထဲ မောင်မြတ်သာလည်း ဘယ်ဆီများရောက်နေမှန်းတောင်မသိရဘူး။ မြို့ကျောင်းသွားထားမိသာတောင် မှားနေပြီလားဟာ။ ဖအေ့ အမွေ မခံယူချင်တဲ့လူမိုက်၊ ဘယ်နှယ့် အင်္ဂလိပ်မင်းကို သွားပြီး အန်တုချင်လို့ရပါ့မလား။ လှေသင်းဝန်မင်း မြင်းခြံက စောင့်တိုက်သာတောင် မရခဲ့သဲ့ဟာ..."


"အခုက လှေသင်းဝန်မင်းခေတ်မဟုတ်ဘူး အဖေရဲ့။ တစ်တိုင်းပြည်လုံးက လှုပ်နေသဲ့ခေတ်ရောက်ပြီ"


မအိမ်ကံစကားကြောင့် ဦးသာထန်ပင် သမီးဖြစ်သူကို လှမ်းကြည့်မိသည်။ ပြီးတော့ ပြုံးသည်။ အားရပါးရ အော် တော့သည်။


"ဟေ...ငါ့အိမ်မှာ သခင်၊ သခင်မတွေချည်းပါလားဟ၊ ဟေ...။ ငါ့ကိုလည်း လာမယ့်သူကြီးရွေးပွဲ မ၀င်တော့နဲ့တဲ့ သားအမိနှစ်ယောက်စလုံး နားချနေလိုက်ကြပုံများ။ ဒါ ညည်း တို့ကို သခင်မြတ်သာက သင်သာမဟုတ်လား။ ငါမသိဘူး မှတ်လို့..."


အဖေ့ကို မအိမ်ကံ တအံ့တသြ မော့ကြည့်လိုက်မိပါ၏။ ဒါတွေကို အဖေသိနေပုံထောက်တော့ တို့ဗမာအစည်းအရုံး အတွက် မအိမ်ကံ အလှူငွေထည့်တာတွေရော၊ သာအောင်နှင့် တွေ့ကြတာတွေပါ သိများနေပြီလား...။


"လူကလေးနဲ့မဆိုင်ပေါင်တော်။ လူအိုခါးကုန်း တချုံးချုံး ဖြစ်နေလို့ ကျုပ်တို့က ပြောရသာ။ လူက နားထင်နားရင်း လက်တွင်းတစ်နှိုက်နဲ့ ကိုယ့်ကိုယ်ကို အိုသယ်မသင်သေးသာများ အံ့ပါရဲ့။ သည်အရွယ်က ဆရာတော့်သင်္ကန်းရိပ် ခိုရတော့မယ့်အရွယ်။ တော့် စိတ်မချတော့ ကျုပ်မလည်း ဥပုသ်သီတင်းနဲ့ ဝေးနေရသယ်။ တပေါင်းလ ရှင်ကြီးတင်တို့အလှူမှာ တော် ဒုလ္လဘ၀တ်ဖို့စဉ်းစား။ သူကြီးကပြုတ်ရင် ကျုပ်က ဗိုက်ဗျောတီးပြီးကလိုက်စမ်းမယ်"


အမေပန်းရုံက ထမင်းပန်းကန်းတွေသိမ်းရင်း အဖေ့ကို ဒုလ’ဘ၀တ်ခိုင်းနေတာကို မအိမ်ကံကြားလိုက်ရတော့ စိတ်က တစ်ခြားရောက်ရပြန်၏။ အရီးကြီးတင်တို့လှူမှာ တန်ခူးလ ဆိုတော့ ကြားသုံးလေးလလောက်လိုတော့သည်။ ရွာက ကွမ်းတောင်ကိုင်အသစ်ရွေးမည့်အသံလည်း မကြားရသေး။ သြော် ကွမ်းတောင်ကိုင်ရဖို့များ ခဲယဉ်းလိုက်တာ။ ၀ါသီးက၀ါ၊ ၀ါကဂွမ်း၊ ဂွမ်းကချည်ခင်၊ ချည်ခင်ကအထည်ဖြစ်ရတာကမှ လွယ်သေး။


ဝိုင်းတိုက်ထဲမှာ ဂွမ်းစကလေးတွေ ဝေ့နေကြသည်။ မအိမ်ကံက ဂွမ်းစကလေးတွေကိုငေးရင်း သူ့စိတ်တွေလည်း လွင့်မျောနေကြသည်။ ချည်ခင်တွေဆေးဆိုးနေကြသည့်မလှအုံ တို့ဘက်ဆီက တဟားဟားရယ်သံတွေကြားနေရသည်။ အဖေ ကလည်းထမင်းစားပြီးကတည်းက ကွပ်ပျစ်ပေါ်မှာ ကျောဆန့် ရင်း ဘာတွေတွေးနေသည်မသိ။ မိန်းကလေးတစ်သိုက်ဆီက သီချင်းသံလွင့်တက်လာသည်။


"နှမလေး မောင်မချစ် ပစ်ပါတော့ သည်မြိုင်လယ်... မောင့်ကိုပင်လေလံရောင်း ကောင်းလိမ့်ထင်တယ်... ပျိုတို့လင် ရှင်မချစ်ရင် ပစ်ခဲ့တော့ကွယ်..."


သီချင်းသံကြားတော့ ကွပ်ပျစ်ပေါ်လှဲနေသည့်သူကြီးက ငေါက်ခနဲထသည်။ မိန်းကလေးတွေဘက်ကို မမြင်ရသော် လည်း အသံကိုလှမ်းငန့်သည်။
"အောင်မာဗျာ၊ ဘာသီချင်းများတုံးဟ။ မိန်းကလေးတွေ ဗျနော။ မဦးမချွတ်၊ ကာလကလေးတွေများဗျာ..."


အဖေ့စကားကြောင့် မအိမ်ကံပင် ပြုံးမိလေ၏။

၁၈။


တပေါင်းတစ်လီရောက်ခဲ့ပြန်ပြီ။ ဥသြငှက်သံတွေက တစ်ရွာလုံး ဟိုကသည်က အော်မြည်လျက်ရှိကြ၏။ ရွက်ဟောင်းရွက်ကျင်တ၀ဲဝဲကြွေလွင့်လို့ ပုရစ်နုကလေးတွေထိုးစပြု နေသော သစ်ပင်ပန်းပင်ကလေးတွေက နွေကိုရင်ဆိုင်ဖို့ အသင့်ပြင်နေကြပြီ။ ရွာထိပ်က သရဖီပန်းပင်ကြီး ပင်လုံးကျွတ် ၀ါဝင်းလျက် အနံ့တွေ သင်းကြိုင်လျက်ရှိ၏။


မအိမ်ကံတို့အိမ်ရှေ့မှာ လှည်းသုံးစီးအဆင့်သင့်ဖြစ်ပြီ။ မအိမ်ကံ၊ ကျေးဥ၊ ဖိုးတုတ်နှင့် ဖိုးကူးတို့က လှည်းတစ်စီး၊ အထည်ထုပ်များနှင့် တောလက်ဆောင်တွေက လှည်းတစ်စီး၊ စားအိုးစားခွက်များနှင့် သူကြီးမင်းတပည့်ကျော်များက လှည်း တစ်စီး။


"ဖိုးတုတ် မင်းလှည်းရှေ့ကထွက်။ နောက်လှည်းမှာ သန်းကျော်တို့သုံးယောက်ပါလိမ့်မယ်။ ထမင်းစားတော့ ရာကျော်ဇ ရပ်မှာစားကြ။ နွားတွေညှာကြကွာ။ မြင်းခြံကို နေနဲ့ရောက်ရင် ပြီးသာပဲ..."


သူကြီးက ထန်းပလပ်ကုလားထိုင်ပေါ်ထိုင်ရင်း စီမံနေ ခြင်းဖြစ်၏။ အမေပန်းရုံကတော့ မအိမ်ကံကို မှာစရာရှိတာ တွေမှာသည်။ မှာစရာတွေကလည်း များသား။
"ပွဲကတော် မမြမေကိုတိုင်ပင်ပေါ့သမီးရယ်။ သူတော်ကောင်းတွေပါ။ ဈေးနာကိုက်ရင်လည်း အကြွေးချန်တန်သလောက် ချန်ရောင်းခဲ့ပေါ့။ မမြမေကို အစပ်ခိုင်း..."


"ဆရာတော်ဘုရားကြီးကျောင်းကို လှူဖွယ်တွေ အရင်ဝင် ကပ်ခဲ့။ ဦးဇင်း ဦးခေမိန္ဒကို တွေ့အောင်ရှာပြီး အကျိုး အကြောင်းပြောလှူခဲ့..."


"ရက်တွေလည်းညောင်းမနေနဲ့ဦးနော်သမီး။ အမေတို့က သွားကတည်းက ပူရသာ။ ပြန်လာမှ ဟင်းချရမှာနော်...


"မောင်မြတ်သာတွေ့ရင်လည်း အိမ်အခြေအနေပြောပြပေါ့ အေ။ ရွာလည်း တစ်လှည့်မျက်နှာလာပြဦးလို့ပြော။ ဖအေက တွေ့ချင်ရှာသာလည်းပြော။ သူကြီးရွေးပွဲ ၀င်မပြိုင်တော့ဘူးဆို သာလည်း သေချာရှင်းပြ။ ကြားလားသမီး"


ကိုဖိုးငွေနှင့် မလှအုံတို့ကလည်း သားတွေကို မအိမ်ကံ စကား နားထောင်ကြဖို့ မှာသည်။ ကျေးဥက မြင်းခြံလိုက်ရမှာ ဆိုတော့ မျက်နှာကိုမှုန်နေအောင်ခြယ်ထားပါ၏။ မတ်တတ်စင်း ရင်ဖုံးလက်ရှည်ကလေးနှင့် သရဖီပန်းကုံးကြီးကို ဆံထုံး ရစ်ပန်ထားလိုက်သေးသည်။ အရီးကြာညွှန့်ကလည်း သမီးပျို ကို သေသေချာချာအပ်သည်။


"မြို့မှာပျောက်ကျန်ခဲ့မှာစိုးသာ မအူမလည်နဲ့။ လူတော့ ပူပေါင်အေ..."


လှည်းတွေထွက်ကြပြီ။ သွားနေကျလမ်းဆိုသော်လည်း အိမ်မှာချည်းအောင်းနေရသူဆိုတော့ မအိမ်ကံပျော်ပါသည်။ ကျေးဥကတော့ မြို့ဆိုတာကြီးကိုတွေးပြီး စိတ်မောနေပုံရပါ၏။ "ငါတော့ ညည်းခေါ်လို့သာလိုက်ရသယ်။ မောတော ကျပ်တပ်ကြီး။ ကိုယ့်ရွာကိုပဲ အသက်ရှူချောင်သယ်။" ဆိုလို့ မအိမ်ကံမှာ ရယ်ရသေးသည်။


"ဒါဆိုရင် ညည်း မြို့သားနဲ့ရရင် ဘယ့်နှယ်လုပ်ပါ့"


"မြို့သားယူပြီး ရင်မမောချင်ပေါင် မအိမ်ကံရယ်။ နွားတောင် နဖားမထိုးတတ်မှတော့ ဘာလုပ်မှာသဲ့တုံး"


ကျေးဥစကားကို မအိမ်ကံ သဘောကျမိပါ၏။ ကိုင်း မအိမ်ကံကရော မြို့သားကိုစိတ်ကူးမှာလား...။ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ကြည့်ရင်း ပြုံးမိသည်။ ရာကျော်ဇရပ်ကို ရောက်တော့ လှည်းချွတ်ပြီး ထမင်းစားနားကြသည်။ ရာကျော် ဇရပ်ထဲမှာ ခရီးသွားလှည်းနှစ်စီးနှင့် မိသားစုတွေ နားနေကြ သည်။ မြို့ကပြန်လာကြတာထင်ပါရဲ့။ လှည်းပေါ်မှာ မြို့ပြန် ပစ္စည်းတွေတင်လို့။


"ကျုပ်တို့က ကြက်သွန်ရောင်း ပြန်လာကြသူတွေပါ။ ဈေးမကောင်းဘူးကလေးမရဲ့။ ငွေကလေးပေါ်ချင်တော့ ရရာရ ဈေးရောင်းခဲ့ရသာပဲ။ အပြန် မြို့ပစ္စည်းကလေး ရွာထဲပြန် ရောင်းဖို့တင်လာသာ..."


တောင်သူလယ်လုပ်ဘ၀တွေမှာတော့ မြေနှင့်လုပ်အား ရင်းထားရသော်လည်း လက်ထဲ ငွေရွှင်ဖို့မသေချာသောကာလ ပါကလား။
မအိမ်ကံတို့ မြင်းခြံကို အချိန်ကောင်းရောက်ကြသည်။ မြို့အ၀င်ကတည်းက ကျေးဥရော ဖိုးတုတ်၊ ဖိုးကူး ညီအစ်ကိုပါ မျက်လုံးတွေပြူးနေအောင် လိုက်ကြည့်ကြသည်။ စည်ကားလှ သောလူတွေ၊ ကျယ်ပြန့်လှသောလမ်းတွေ၊ တိုက်တာအဆောက် အဦတွေ၊ မြင်းလှည်း၊ နွားလှည်း၊ စက်ဘီး၊ တွန်းလှည်း၊ ယာဉ် ရထားတွေကို ငေးမောကြရင်း တောနှင့်ကွာခြားပုံကို တအံ့ တသြရှိနေကြပုံပေါ်သည်။ လက်တတို့တို့ ခြေတတို့တို့နဲ့။ ပွဲ ကတော်ကြီးတို့ခြံဝရောက်တော့ မအိမ်ကံတို့ကိုဆီးကြိုကြပါ၏။


"မျှော်နေတာပါသမီးရယ်။ ဖအေသူကြီးက လူကြုံနဲ့ လှမ်းမှာထားလို့ ရောက်မယ်ဆိုတာ သိပါရဲ့။ ကိုင်း ၀င်ဝင် ၀င်ကြ၊ လှည်းတွေချွတ်ကြ..."


ပွဲကတော်ကြီးက မအိမ်ကံနှင့်ကျေးဥကို အိမ်မကြီးမှာ နေရာချပေးသည်။ ဖိုးကူးညီအစ်ကိုကိုတော့ အဝေးဧည့်တွေ တည်းခိုရာ တဲပြန့်ကြီးမှာ နေရာချသည်။ မအိမ်ကံက ကုန်တွေ၊ လက်ဆောင်တွေကို ခွဲခြားနေရာချထားပြီး ဧည့်ခန်းမှာ ထိုင် ကြသည်။ မိန်းကလေးတစ်ယောက်က ဘိလပ်ရည်ပု လင်းနှစ် လုံးနှင့် ဖန်ခွက်တွေယူလာကာ ဧည့်ခံသည်။ ဖန်ခွက်ထဲ ဘိ လပ်ရည်တွေဖောက်ထည့်တော့ အမြှုပ်တွေ တစီစီထ သွားတာ ကို ကျေးဥ ငေးကြည့်နေသည်။ မအိမ်ကံကိုလက်တို့ရင်း ဘယ့်နှယ်တုံးဆိုသည့်သဘောဖြင့် လက်တို့သည်။


"သောက်လေ ကျေးဥ။ ဘိလပ်ရည်ခေါ်သာလေ။ သောက်ကြည့်..."


ကျေးဥက မအိမ်ကံကိုကြည့်ပြီး မအိမ်ကံလုပ်သမျှကို လိုက်လုပ်နေရုံသာ။ မအိမ်ကံက ဘိလပ်ရည်သောက်တော့ လိုက်သောက်သည်။ မအိမ်ကံက သောက်ဖူးလက်စရှိလို့ ဣနြေ္ဒမမဲ့သော်လည်း ကျေးဥကတော့ ၀မ်းထဲအကျမှာ လန့် သွားပုံပေါ်သည်။ ဟားခနဲတစ်ချက်အော်လိုက်ရင်း ရှုံ့မဲ့သွား တော့၏။


"စပ်ရှားရှားကြီးပါလားအေ။ မူးများနေသလားမသိပါ ဘူး။ အော်ဂလီဆန်ချက်တော့"


မအိမ်ကံတို့ ရေမိုးချိုးပြီးတော့ ပွဲရုံကထမင်းကျွေးသည်။


ထမင်းစားသောက်ပြီးတော့ မအိမ်ကံက ရွာအခြေအနေ၊ အထည်ရက်လုပ်ရသည့်အခြေအနေ၊ ရွာကမိန်းကလေးတွေ တစ်ဖက်တစ်လမ်းက ၀င်ငွေရအောင်လုပ်ပေးရသည့် အကြောင်းတွေကို ပြောပြသည်။ ပွဲကတော်ကြီးက မအိမ်ကံကို ကြည့်ရင်း ၀မ်းသာနေပုံရပါ၏။ မအိမ်ကံပြောသမျှ လိပ်ပတ် လည်ပြီဆိုမှ စကားဝင်ပြောသည်။


"ကိုင်းပါ မအိမ်ကံရယ်။ ဈေးထဲကအထည်သည်တွေနဲ့ ဆက်ပေးပါဆိုတော့လည်း ဆက်ပေးပါ့မယ်။ စိတ်ချရတဲ့လူ ရင်းတွေရှိပါ့ကွယ်။ ဒေါ်ဒေါ်ကိုင်တဲ့ပစ္စည်းတွေမဟုတ်ပေသိ ဒေါ်ဒေါ်ယူပါဆိုရင်လည်း ကုန်သစ်သဘောကိုင်နိုင်ပါတယ်။ တစ်ဝက်ချေ တစ်ဝက်ဆိုင်းမဟုတ်ပါဘူးကွယ်။ ငွေကျေချေ လိုက်ပါ့မယ်။ မအိမ်ကံစေတနာမေတ္တာကိုကြားရတော့ ဒေါ်ဒေါ် ကလည်း ကုသိုလ်ဝင်ယူတယ် အောက်မေ့ပါ"


"ဒေါ်ဒေါ်ယူလိုက်ရင်တော့ တံခွန်နဲ့ကုက္ကားပေါ့ ဒေါ်ဒေါ် ရယ်။ ဒေါ်ဒေါ်တို့ကို ၀န်မပိုစေချင်လို့ပါ။ အထည်တွေက ချည်ဖိုး၊ ဆေးဖိုး၊ ရက်ခဖိုးအပေါ် မူးတင်မတ်တင်လောက်ပဲ ယူထားပါတယ်။ ချည်အုပ်တွေနဲ့ စောင်တွေဆိုပေသိ နောက် အခေါက်တွေမှာ ပုဆိုးထဘီကအစ စားပွဲခင်းလက်သုတ်ပုဝါ ကလေးတွေအထိ မအိမ်ကံစိတ်ကူးထားပါသယ်။ ဒေါ်ဒေါ် လည်း ဈေးနဲ့ပစ္စည်း အကဲခတ်ပါဦးလေ..."


ပြောရေးဆိုရေး ချက်ချာလှသော မအိမ်ကံကို ဒေါ်မြမေ က သဘောကျနေသည်။


"မြို့တက်ပြီး ပွဲစားလုပ်ရင်တော့ ကြီးပွားလိုက်မယ့်ဖြစ်ခြင်း မအိမ်ကံရယ်။ ပြောတတ်ဆိုတတ် ရှိလိုက်တာများ ရုပ်က လေးလည်းချော၊ သဘောမနောကလည်းကောင်း၊ နှုတ်ရေးက လည်းကြွယ်၊ လာဘ်ကလည်းမြင်ပါ့။ မအိမ်ကံကိုရတဲ့သူ တော့ ကံကောင်းတာပဲ..."


မအိမ်ကံကတော့ ပြုံးနေလိုက်သည်။ ဘာပဲဖြစ်ဖြစ် အဆင် ပြေသွားတာကိုပဲ မအိမ်ကံ ၀မ်းသာပါ၏။ မအိမ်ကံကိုယ်တိုင် ဦးစီးပြီးရင်းနှီးလုပ်ကိုင်ထားရသည့်လုပ်ငန်းကလေး နေရာ မထ အကြောင်းလှရပြီမဟုတ်လား။ လာရင်းကိစ္စကတော့ အကြမ်းဖျင်းသဘောတူမိကြလို့ ငွေသိမ်းပြီးပြန်ရုံသာရှိတော့ သည်။ အစ်ကို့သတင်း စနည်းနာဖို့ မအိမ်ကံ လုံးပမ်းရဦးမည်။ လုပ်ငန်း အဆင်ပြေ ပြီးမြောက်တော့မှ ကနေ့တစ်ညအိပ်ပြီး မနက်စောစောပြန်ရင်ကော။ ဒါဆို ဆရာကြီး ဦးဘခင်အိမ်ကို ကနေ့ညနေပဲသွားရမည်။ တပေါင်းကျ နေရှိန်က အလင်းတွေ ပြန့်ကျဲနေဆဲ။


"ပွဲစားကြီးမတွေ့ရသေးပါလား ဒေါ်ဒေါ်"


"ကိုသာဂေါင် ရန်ကုန်သွားတယ်။ ဟုတ်ပါ့ မပြောမိသေးဘူး။ တိုင်းရေးပြည်ရေးက မဟန်လေတော့ အောက်ပြည်ဈေး ကွက်စနည်းနာရင်းရစရာရှိတာကလေးတွေလည်း သိမ်းရင်း သွားလေရဲ့။ အောက်ပိုင်းတော့ စပါးဈေးမကောင်းဘူးကြား တယ်။ မအိမ်ကံတို့ဘက်ကော သီးနှံထွက်ကဲ့လား"


"သည်နှစ် ၀ါတော့ကောင်းသယ်ဒေါ်ဒေါ်။ အသီးအနှံကတော့ မိုးမရဘူး"


"အသီးနှံမကောင်းတော့ တောင်သူတွေ မလှူရမတန်း ရဘူးပေါ့လေ။ ခါတိုင်းနှစ်တွေဆို ဒေါ်ဒေါ်တို့ပဲ ရွာတွေဘက် ကို အလှူတစ်ဆင်စာ ၀ယ်ခြမ်းပေးနေရသာ။ သည်နှစ်တော့ တပေါင်းသာရောက်ကရော တစ်လှူမှကိုမလာကြတာ..."


ရွာတွေမှာ လှူမည်တန်းမည်ဆိုလျှင် မြင်းခြံမြို့က ပွဲရုံ ဆက်ကို အာမခံစေကာ အလှူအတွက် လိုအပ်သမျှပစ္စည်းတွေ အကြွေးယူနိုင်သည်။ အလှူတစ်လှူစာ လိုချင်သလောက်ယူရုံ သာ။ အလှူပြီးလျှင်ဆပ်။ မကျေတော့လည်း စာရင်းမှတ်ပြီး သီးနှံပေါ်တော့ တိုက်ဈေးနှင့်ဆပ်ကြရသည်။


"ကဲကဲ မအိမ်ကံတို့ ခရီးပန်းလာတော့ နားကြပါဦး။ အိမ်အပေါ်ထပ်မှာ အသင့်ပါပဲ"


"အချိန်ကလေးရှိသေးတယ်ဆိုတော့ မအိမ်ကံ ဆရာကြီး ဦးဘခင်တို့ဆီသွားချင်သယ် ဒေါ်ဒေါ်။ အစ်ကို့သတင်း စုံစမ်းရင်း"


"အစ်ကို့သတင်းဆိုလို့ အခု ဆရာကြီး ဦးဘခင်အိမ် အ၀င်အထွက်လုပ်တဲ့သူတွေကို ပုလိပ်ကစောင့်ကြည့်နေတာ မအိမ်ကံရဲ့။ သတိ၊ ၀ီရိယနဲ့တော့ သွားပါလေ။ သိပ် မိုးမချုပ် စေနဲ့။ အိမ်က မောင်တင်မောင်ထည့်လိုက်ပါဦးမယ်။ ကိုင်း သွားမှာဖြင့်လည်း သွားကြ"


ဒေါ်မြမေက သမီးအကြီးဆုံးကမွေးသော မြေး မောင် တင်မောင်ကို စက်ဘီးတစ်စီးဖြင့် ရှေ့ကလမ်းပြထည့်လိုက်သည်။ ဖိုးကူးကတော့ သူနှင့်ရွယ်တူ ကောင်လေးတစ်ယောက် ဘိုင်စကယ်စီးတာကို သဘောကျနေသည်။ ရွာပြန်ရောက်လျှင် အဖေ့ကို ဘိုင်စကယ် အ၀ယ်ခိုင်းမည်ဆို၏။


မအိမ်ကံက တစ်လက်စတည်း ကိုးဆောင်တိုက် ဆရာတော်ကို လှူဖွယ်ပစ္စည်းတွေ ၀င်လှူသည်။ ဦးပဉ္ဇင်း ဦးခေမိန္ဒ က အဖေ့အတွက် စတုမဓူပုလင်းတွေ လက်ဆောင်ပြန်လိုက်သည်။ ညနေခင်း ပူပူလောင်လောင်ထဲမှာ မြင်းခြံမြို့သည်ပင် အငွေ့ပျံနေလေသည်။ လမ်းတိုင်းမှာ လူတွေ၊ လှည်းတွေ၊ လမ်းသွားလမ်းပြန်တွေ များလှ၏။ ဆရာကြီး ဦးဘခင်အိမ်ရှေ့ မှာ လှည်းကိုတောင့်လိုက်တော့ မအိမ်ကံက အရင်ဆင်းသည်။ ဖိုးတုတ်၊ ဖိုးကူးနှင့် ကျေးဥတို့က လှည်းပေါ်မှမဆင်းကြဘဲ မအိမ်ကံကိုကြည့်နေကြသည်။ မအိမ်ကံပင် ထိတ်ခနဲဖြစ်သွားခဲ့ သည်။


ခြံတံခါးကြီးပိတ်ထားပါလား။ လူမှရှိရဲ့လား။ လူရိပ်လူ ခြေလည်းမမြင်။ ဆရာကြီးကတော်ကိုသော်မှ မတွေ့ရ။ ခါတိုင်း ကျောင်းသားတွေ တရုန်းရုန်းနှင့်ရှိနေတတ်သောဆရာ ကြီးအိမ်က တိတ်ဆိတ်နေတော့ မအိမ်ကံ အံ့သြရပါ၏။ ခြံ စည်းရိုးတိုင်တွေနားအထိ မအိမ်ကံ တိုးကပ်ကာ ငဲ့ကြည့်သည်။ ၀င်းတံခါးပေါက်ဆီလျှောက်သွားကာ အထဲကိုမြင်ရသ လောက် ခြေဖျားကလေးပင် ထောက်ကြည့်လိုက်ပါ၏။


"ဘယ်သူ့တွေ့ချင်လို့ပါလိမ့်ဗျာ..."


အသံကြောင့် မအိမ်ကံ ကိုယ်ကလေး ဆတ်ခနဲတုန်သွား ရသည်။ ခြံစည်းရိုးတိုင်ကြားမှာ လူတစ်ယောက်ရှိနေမှန်း မအိမ်ကံမသိ။ ဖျတ်ခနဲလှမ်းမေးလိုက်တော့မှ လန့်ဖျပ်သွားခြင်းနှင့် အတူ အသံရှင်ကိုရှာဖွေကြည့်မိပါ၏။ လူရွယ်တစ်ယောက်။ လူပုံကိုတော့ သဲသဲကွဲကွဲမမြင်ရသေး။ ခြံစည်းရိုးတန်းတွေ ကြား လှမ်းမြင်နေရခြင်းဖြစ်သည်။


"ကျွန်မ ဇောင်ချမ်းကုန်းရွာက မအိမ်ကံပါ။ ဆရာကြီးတို့ ကို တွေ့ချင်လို့ပါ။ မရှိကြဘူးလား"


"မအိမ်ကံ"


ထိုသူက မအိမ်ကံအမည်ကို တစ်လုံးချင်းရေရွတ်နေ လိုက်သေး၏။ နောက်တော့ ဘာမှဆက်မမေးတော့ဘဲ ခြံတံခါးကိုဖွင့်ပေးသည်။ နေ၀င်ရိုးရီအချိန် ဆည်းဆာရောင်က ခြံတံခါးပေါ် ဖြာဆင်းကျကာ အရိပ်အကွက်လည်နေသည်။ တံခါးကိုဖွင့်ပြီးမှ ဧည့်သည်ကိုမော့ကြည့်လိုက်သည်။ ကံ့ကော်ပန်း ကုံးကလေးကို ဆံထုံးပုံ့ပုံ့ကလေးမှာ ရစ်ခွေပန်ထားသည့် မိန်းမချောတစ်ယောက်ကို သူ့မျက်စိရှေ့မှာတွေ့ရမည်မထင်သဖြင့်လည်း အံ့သြသွားပုံရသည်။ သရက်ထည်စ ထဘီလိမ္မော်ရောင်နှင့် ပင်နီချောညိုညိုကလေးကြောင့် အသားကလေး ပို၍ပင် ၀င်းဝါစိုပြည်နေသည်ထင်ရ၏။ တံခါးကိုပင် ဟဟ မဖွင့်ဘဲ မျက်နှာကိုစိုက်ကြည့်နေသည့် လူရွယ်ကိုကြည့်ရင်း မအိမ်ကံကလည်း တွေငေးနေမိခဲ့သည်။


ဆံပင်ကို သပ်သပ်ရပ်ရပ် လှန်ဖီးထားသော လူရွယ်က မအိမ်ကံထက် သုံးလေးနှစ်လောက်ကြီးလိမ့်မည် ထင်ပါ၏။ အသားဖြူဖြူ၊ နဖူးရှင်းရှင်းမှာ ဆံပင်မျှင်ကလေး ၀ဲကျနေသည်ကပင် မြို့သားမှန်း သိသာလှသည်။ လည်ခေါင်းတုံးအင်္ကျီဖြူ ဖြူ၊ ကျေးတစ်ရာပုဆိုးညိုညိုကြောင့် မင်းသားဟန်ပေါက်နေ သည်ဟုပင် ထင်ရပါ၏။ တစ်ယောက်ကိုတစ်ယောက် အကဲ ခတ်ရင်းကြည့်နေကြသည်။ အကြည့်ချင်းဆုံနေကြသည့်မျက် လုံးတွေကို နှစ်ယောက်စလုံးက မခွာနိုင်ဘဲရှိကြလေသည်။ သည်တစ်ဒင်္ဂသည်ပင် မအိမ်ကံ၏ဘ၀တွင် များစွာအရိပ်ထိုးခဲ့ပါ၏။ ဘ၀ဘ၀ကပြုခဲ့ဖူးကြသော မေတ္တာပါရမီသည် ထိုခ ဏအတွင်း၌ပင် ၀င်းခနဲပြက်လိုက်သော လျှပ်စီးကဲ့သို့ရှိခဲ့လေ ပြီ။ နှစ်ဦးစလုံးအဖို့ ရှေ့ကမဖြစ်ဖူးသော၊ မပေါ်ပေါက်ခဲ့ဖူး သောမေတ္တာဓာတ်သည် နှလုံးအိမ်တွင်းမှ လူးလွန့်လာကြသည့် ပမာ နွေးနွေးရှိန်းရှိန်း ရှိခဲ့ကြပါ၏။


ရုပ်အချောအလှ အဆင်းကောင်းသူရယ်၊ ဥတ္တမောဘဂ၀ ငါမင်းအလောင်းပါ ပပ၀တီရဲ့... တွင်းတွင်အောင်းပြီးတော့ ဘ၀တစ်ရာနှစ်ရာ ပုန်းသော်လည်း လုံးလုံးကြီးပေါ်ခဲ့ပြီ..." ဆိုသော ဇာတ်ထုပ်ဓာတ်စက်သီချင်းလိုပင် ဘ၀တစ်ရာနှစ်ရာ ပုန်းသူကို ခုတခဏ တွေ့လိုက်ရသကဲ့သို့ မျက်လွှာမချစတမ်း ရှိခဲ့ကြပါ၏။
ညနေကောင်းကင်မှာတော့ ကျီးတွေပင် နေကိုပြန်ပို့ကြပြီ။ တိမ်တွေကို အလင်းပက်ထားသောဆည်းဆာနေရောင်ကြောင့် အကျည်းမတန်သူတွေ ပိုလှနေကြတာများလား။ မအိမ်ကံက လူရွယ်ကိုကြည့်ရင်း သူလည်းသခင်ပဲထင်ပါရဲ့လို့တွေးသည်။


"ကျွန်မ ဇောင်ချမ်းကုန်းရွာက သခင်မြတ်သာရဲ့နှမ မအိမ်ကံပါရှင်။ ကျွန်မ အစ်ကိုနဲ့တွေ့စမ်းချင်လို့ လာခဲ့ပါသယ်"


လူရွယ်က အသိပြန်ဝင်လာသကဲ့သို့ ဆတ်ခနဲဖြစ်သွားပြီး မှ မျက်နှာတစ်ချက် ကွက်ခနဲပျက်သွားလေ၏။


(ဆက်လက်ဖော်ပြပါမည်)

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ
e
m
o
h
e
v
o
l
y
m
m
o
r
f
e
m
o
c
l
e
w