Thursday, October 15, 2009

မအိမ့်ကံ(7)

ရွယ်တူ သူငယ်ချင်းမတစ်ယောက်က မအိမ်ကံကိုကြည့်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။ မအိမ်ကံကတော့ ပြုံးရုံသာ။ တစ်ရွာလုံးက မိန်းမသားတွေချည်း စုရာဝါခင်းထဲကို မအိမ်ကံ တမင်လိုက်လာခြင်း ဖြစ်သည်။ ကျောပူခေါင်းပူ ပင်ပန်းတကြီး ရှိကြသော်လည်း တဟေးဟေး တဟားဟားဖြင့် အော်ကြ၊ ဟစ်ကြ၊ စကြ၊ ပြောင်ကြတာကို မအိမ်ကံ ပျော်သည်။

“၀ါဖတ်လေး ဖြူဖြူစင်စင် ရွှေလက်ကောက်နဲ့ငင်

မြနဘန်ဒီ ရှင်ဘန်ဒီ... ဇော်ဂျီဝင်တဲ့ နတ်ကယ်လေး

(တိမ်းပေတော့ ယိမ်းပေတော့)

တောင်ခြေရင်း ၀ါခင်းစောင့်တဲ့ ဖိုးအောင်ကျော်

မိုးခေါ်လို့ပေး ခေါ်လို့ပေး (မိုးထိုး...မိုးထိုး)”


တစ်ယောက်တစ်ပေါက် ဆိုကြကကြရင်း ကောက်ညှင်းပေါင်းကို ဆီကလေးတို့ကာနှစ်ကာ စားနေကြတာကိုကြည့်ရင်း မအိမ်ကံပင် ဆာလောင်လာခဲ့သည်။ မနက်က အခင်းထဲထွက်မလာခင် ထမင်းပူ နှမ်းဆီဆမ်းကို ကြက်သွန်ပေါင်း ကြော်ကလေးနှင့် စားခဲ့သော်လည်း သူတကာစားတော့ စား ချင်ချင်။

ဝါဂွမ်း ပင်ငုံ ဖူးပွင့်စုံ၊ ဆွတ်တုံမေရို့ ဗိုင်းငင်ဖို့၊ ဗိုင်းငင် ၀ါချည် လက်ရက်ထည်ဆိုသကဲ့သို့ တောသူတောင်သားတွေ အဖို့ သည်ဝါက ထွက်သောဂွမ်းကို အခြေခံကာ ၀တ်ဆင်ကြရသဖြင့် ၀ါကိုတော့ စိုက်ဖြစ်အောင် စိုက်ကြသည်။ ၀ါခင်းတွေဆက်နေတော့ ဂွမ်းပေါက်ရောင် တဖွေးဖွေးက တမျှော်ကြီးရှိနေပါ၏။ အခင်းတွေများသလောက် ရွာသူဝါကောက် သမတွေများသည်။ ရွာသူတွေများသလောက် စကားတွေကလည်း စတုတ်တိုက်ချနေရသည်။ လှူရေး၊ တန်းရေး၊ သားရေး၊ သမီးရေး၊ ချစ်ရေး၊ ကြိုက်ရေးတွေကအစ ၀ါခင်းထဲမှာ အကုန်ကြားရသည်။

“လှခင်က ဘယ်ကလှခင်ရမတုံး။ အနောက်ချောင်ထဲက ကလေးနှစ်ယောက်မအေ လှခင်ဟာအေ။ လင်သေတာ ဘာကြာသေးလို့တုံး၊ ငိုလိုက်သာ ငိုလိုက်သာ တက်တက်နေလို့ ယောက်ျားသန်သန်တွေ မနည်းဖြေချကြရသာကော။ အခုလင်ယူတော့မှာသဲ့တော်။ မတက်တော့ဘူးလား မသိဘူး”

“ဘယ်သူနဲ့တုံး။ ဟုတ်လို့လားအေ”

“ရော် ဟုတ်လိုက်သာမှ နေ့ခင်းကြောင်တောင် ငါ့ယောင် ဘယ်သူဆွဲဆိုသာလို ဆွဲတောင်ပြလိုက်ချင်သေး။ ကြက်တငိုသား မုဆိုးဖို ကိုကြာသီးလေ။ ရွာလာလာနေတဲ့ လှည့်ကောက် လိုက်သဲ့လူဟာကောအေ့”

“သိပေါင်”

“ညည်းတို့ မသိလောက်ဘူး။ ငါ့အိမ်နားမှာ ကြက်တငို ဆက်တွေရှိလို့ ငါသိသာ။ ခု သီတင်းကျွတ်ယူကြမယ် ပြောသာပဲ”

“တစ်ပင်လဲမူ တစ်ပင်ထူပေါ့အေ။ ယူချင်လည်း ယူမှာပေါ့။ ညည်းတို့ကလည်း ကလေးနှစ်ယောက်နဲ့ ကောင်းကောင်း မွန်မွန် လုပ်ကျွေးရင်ပဲ ၀မ်းသာစရာပေါ့”

စကားတွေက သဘောထားအမျိုးမျိုး။ သတင်းတွေက ပဲတောင်းမှောက်ကျသလို ဝေါခနဲ ရှိလာကြပါ၏။ မအိမ်ကံကတော့ သည်လိုစကားတွေကြားရတာ ထူးဆန်းနေသလို ခံစားရသည်။ သူမဘ၀မှာ များသောအားဖြင့် တစ်ယောက်တည်း နေခဲ့ရတာ များခဲ့သည်။ ငွေရည်ကြေးရည် ချမ်းသာ သော သူကြီးသမီးဆိုတော့ အခြေအနေတွေကပဲ လူတွေနဲ့ ခွဲခြားထားသလို ရှိခဲ့သည်။ ခြံခတ်ဝိုင်းတိုက်ထဲမှာ ပွင့်ရသော ပန်းတစ်ပွင့်လို နေခဲ့ရသည်။ မအိမ်ကံကိုယ်တိုင်က အခြေအနေ မခြားချင်သော်လည်း အနေခြားခဲ့ရသည်။ ကိုယ်တိုင်က အေးအေးဆေးဆေး နေချင်တာလည်း ပါပါလိမ့်မည်။ အရွယ်ကလေးနည်းနည်းရောက်လာတော့မှ ကျေးဥရောက်လာခြင်း ဖြစ်၏။ ကျေးဥဆီကလည်း သည်လိုစကားတွေ ကြားရခဲသည်။ မလွှဲသာမှ ပွင့်ထွက်လာတာလောက်သာ ကြားရသည်။ အာပြဲချက်လန် သောသောကြီး ရယ်ကြမောကြတာတွေက သည်လိုနေရာမှာမှ ကြားနိုင်တာမဟုတ်လား။

မအိမ်ကံဘေးမှာ အပျို မဖြစ်တဖြစ်ကလေးတွေ၊ အပျိုရည် အပျိုဘ၀လှလှကြီး ရောက်ကြသူတွေ၊ အရွယ်ကလေး လွန်စ အပျိုကြီးတွေ စုံလှသည်။ နေကြီးပူလောင်ထဲမှာ လုပ် ကိုင်စားသောက်ကြရသော်လည်း မလုပ်သည့်နေ့ ထမင်း ရေစာဝနိုင်စရာ မရှိ။ မနက်ထမင်း ညထမင်း မှန်မှန်စားရဖို့ နေမကြောက်၊ မိုးမကြောက် လုပ်ကိုင်စားကြရသူတွေ ဆိုသော်လည်း ပင်ပန်းသည်မထင်ကြ။ ကျရာဘ၀မှာ နေပျော်အောင် နေနေကြရရှာတာပါလား။ မအိမ်ကံစိတ်တွေက သည်လို တွေးမိတော့လည်း ထိုင်းမှိုင်းသွားရပြန်ပါ၏။

“တို့ရွာက ကွမ်းတောင်ကိုင် မမခင်အိ သတင်းကော ကြားပြီးကြပြီလား”

“ကြားပါ့တော်”

“ငါတို့ကြားသေးပေါင်အေ၊ ပြောပါဦး”

“ဟော်တော် ညည်းတို့ဘယ်သွားသေနေကြသာတုံး။ ကြီးတော်စံရွှေသား ကိုသာဆောင်နဲ့ မမခင်အိ ယူကြတော့မှာ”

ကြီးတော်စံရွှေဆိုတော့ မအိမ်ကံ စိတ်ကလေး လှုပ်ရပြန်သည်။ ကြီးတော်စံရွှေသား သာအောင်နှင့်တွေ့ခဲ့ရသော တဲပျက်ထဲက ပုံရိပ်တွေကို ပြန်မြင်နေခဲ့သည်။ ကြီးတော်စံရွှေနှင့် ပတ်သက်လို့ ကျေးဥပြောစကားတွေကိုလည်း မအိမ်ကံ အမှတ်ရနေခဲ့သည်။ အခု မမခင်အိက ကိုသာဆောင်နဲ့ ဆိုနေပါ ပကောလား။ သည်သတင်းတော့ မအိမ်ကံ မကြားပါ။ ကျေးဥကလည်း မပြောခဲ့။

“ကြီးတော်စံရွှေက သူ့သားတွေကို ရွာ့ကွမ်းတောင်ကိုင်တွေနဲ့ချည်း ပေးစားမှာဟေ့လို့ မောင်းခတ်ထားသာလေ။ သား အငယ်ကောင်လည်း ကွမ်းတောင်ကိုင်နဲ့ပဲ ပေးစားမှာသဲ့တော်။ လာပုံက”

“သာအောင့်ကိုလား”

“သူကပေးစားချင်ဦးတော့ ကွမ်းတောင်ကိုင်တွေက သူ့သားတွေကို ယူဦးမှကိုးအေ့။ သူ့သားတွေက ရွှေဇွန်းကိုက် မွေးထားလို့လား။ ငါသာ ကွမ်းတောင်ကိုင်ဖြစ်ကြည့်စမ်း။ ပက်ခနဲ ပြောပစ်လိုက်စမ်းမယ်”

“အေးပါအေ။ ညည်း ပက်ခနဲပြောမယ့်ကိစ္စ နောက်မှပြော။ ကွမ်းတောင်ကိုင်အရင်ဖြစ်အောင် လုပ်ပါဦးဟဲ့။ တစ်နေ့ လုံးထိုင်ကြည့်လို့ နှစ်ပြားမတန်သဲ့မိန်းမကများ”

“သည်ဘ၀မဖြစ် နောက်ဘ၀ပေါ့အေ။ စောင့်ရလှ တစ်ဘ၀ပေါ့”

သည်စကားကြားတော့ မအိမ်ကံ စိတ်မကောင်း ဖြစ်သွားမိသည်။ ကွမ်းတောင်ကိုင်သည်ဘ၀ မဖြစ်တော့ နောက်ဘ၀ တဲ့လား။

ကွမ်းတောင်ကိုင်ဖြစ်ဖို့ နောက်တစ်ဘ၀စောင့်လိုက်ဦး မဟဲ့ဆိုသူကို မအိမ်ကံ လှမ်းကြည့်လိုက်မိသည်။ ရုပ်ရည် မရှိရှာသော်လည်း ညိုညိုညက်ညက် မိန်းကလေးတစ်ယောက် ဖြစ်သည်။ ကြီးတော်စံရွှေက ပေးစားချင်ဦးတော့ ကွမ်းတောင်ကိုင်က ယူဦးမှကိုး ဆိုသူကလေးကိုလည်း မအိမ်ကံပြုံးကြည့်လိုက်သည်။ ဟုတ်သားပဲ။ ကွမ်းတောင်ကိုင်ကပဲ သူ့သားတွေ ကို ရချင်လှချည့်ရဲ့၊ ယူချင်လှချည်ရဲ့ ဖြစ်နေရသလိုလိုကိုး။ ငါကွမ်းတောင်ကိုင် ဖြစ်ပါပြီတဲ့။ သာအောင့်ကို ယူရမှာလား။ သည်လိုတွေးမိတော့လည်း သာအောင့်ရင်ငွေ့ နွေးနွေးကို ဖျတ်ခနဲ သတိရလိုက်မိသည်။ မအိမ်ကံနှင့် သာအောင်သတင်းကော ကြားပြီးပြီလားဆိုတာမျိုးများ ကွယ်ရာမှ ပြောနေကြရော့လား။

“ပိုက်ဆံရှိတော့ ခေါင်းခေါက်ရွေးနိုင်သာပေါ့အေ။ မိန်းကလေးရှင်တွေကလည်း ငြင်းဖို့ခက်ကြရှာမှာပဲ။ ကိုယ့်သမီး သောင်သာသဲ့ အရိပ်ထဲထားချင်ကြမှာပေါ့”

အပျိုကြီးတစ်ယောက်က မှတ်ချက်ပြုခြင်းဖြစ်၏။

“မမခင်အိ အိမ်ထောင်ပြုတော့မယ်ဆိုတော့ ရွာကလည်း ကွမ်းတောင်ကိုင် ရွေးရတော့မှာပေါ့”

“အင်းပေါ့ ရွာအတွက် ကွမ်းတောင်ကိုင်ကတော့ ပဲတို့ နှမ်းတို့ မျိုးထားရသလိုကိုးအေရဲ့။ နောက်ဖြစ်မယ့် ကွမ်းတောင်ကိုင်က သာအောင်နဲ့ ညားဖို့ရှိမှာပေါ့”

“သာအောင်တို့များ ကွမ်းတောင်ကိုင် ထိုင်စောင့်နေရသလိုပါလားအေ။ ဟန်ကျချက်တော့”

“အဲသည်ကောင်က လက်ကြောမတင်းပေါင်အေ။ ကနွဲ့ကလျပါ။ အဖေတို့ပြောသာတော့ မြို့နဲ့ဆက်ပြီး နိုင်ငံရေး လုပ်နေသာတဲ့”

“နိုင်ငံရေးလုပ်သယ်ဆိုသာ ဘာကိုပြောသာလဲ”

“သိပေါင်အေ။ မအိမ်ကံ မေးကြည့်ပါလား”

သူကြီးသမီးဆိုတော့ နိုင်ငံရေးလုပ်သည်ဆိုတာလောက်ကို သိနိုင်သည်ဆိုသည့် အဓိပ္ပာယ်ဖြင့် ရိုးရိုးသားသား ပြောမှန်း သိသော်လည်း မအိမ်ကံမဖြေပါ။ ပြုံးရုံသာ ပြုံးပြလိုက်သည်။ မရပါ။ အားလုံးက မအိမ်ကံကို ၀ိုင်းကြည့်နေကြကာ သိသလောက်ပြောပြပါရန် တောင်းပန်နေကြ သယောင်ဆိုတော့ မအိမ်ကံ မယုတ်မလွန် ဖြေရတော့သည်။
“နိုင်ငံရေးဆိုသာ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံအရေး ကိစ္စလို့ ပြောသာပါ။ မအိမ်ကံတို့ တိုင်းပြည်ကို အင်္ဂလိပ်တွေက အုပ်ချုပ်နေသာ မဟုတ်လား။ အဲသာကို မခံချင်လို့ အင်္ဂလိပ်ကို ဆန့်ကျင်ရေးလုပ်သာကို ပြောသာ”

“အေးပေါ့ဟယ်။ ကိုယ့်ရှင်ဘုရင်မှ မဟုတ်သာ”

မလှအုံလည်း ပြန်ပြီ။ အပျိုတွေ အခင်းဆင်းကြတော့ မအိမ်ကံ ၀ါခင်းထဲ မ၀င်တော့ဘဲ ၀ါခင်းစပ်က သနပ်ပင်ကြီး အောက်သွားထိုင်နေခဲ့သည်။ အိမ်ကိုလည်း မပြန်ချင်သေး။ ဘာပဲဖြစ်ဖြစ် မအိမ်ကံ ခေါင်းထဲ အတွေးတွေဝင်ခဲ့ရပြီ။ မမခင်အိ ကွမ်းတောင်မကိုင်ရတော့ဘူးဆိုရင် ရွာ့ကွမ်းတောင် ကိုင်က ဘယ်သူဖြစ်မှာလဲ။ သူမဘ၀မှာ ကွမ်းတောင်ကိုင် ဖြစ်ကိုဖြစ်ရမည်။ ရုပ်ရည်ရှိသည်။ ငွေဂုဏ်၊ ကြေးဂုဏ်၊ မျိုးဂုဏ်၊ ရိုးဂုဏ်ရှိသည်။ အကျင့်စာရိတ္တအရာမှာလည်း ယင်ချေးတစ်ပြောက်စာ ရှိခဲ့သူမဟုတ်။ အဖေ့အရှိန်အ၀ါနှင့် ပင်ဖြစ်မည်ဆိုလျှင် ဖြစ်လောက်သည်။ သို့သော် ကွမ်းတောင် ကိုင်ဆိုတာက ရွာကရွေးချယ်ရခြင်းဖြစ်ပါ၏။ ရွာ့နှလုံးသား တွေထဲက အများကြိုက်ပွင့်လန်းလာရသည့် အလှပန်းတစ်ပွင့် ဖြစ်ပါ၏။ သည်တစ်ခါတော့ သူ့အလှည့်ကျပြီ။ သူ့ရှေ့က ကွမ်းတောင်ကိုင်တွေကို မျှော်ငေးရင်းအဝေးက လှမ်းကြည့် ခဲ့ရသည့် ဘ၀က အခုတော့ သူ့အရွယ်သူ့အလှည့် ရောက်လာ ရပြီ မဟုတ်လား။

လူမှန်းသိပြီဆိုကတည်းက ရွာ့ကွမ်းတောင်ကိုင် ဖြစ်ချင်ခဲ့ရှာသူ ရွာ့မိန်းမပျိုတစ်ယောက်အတွက်တော့ ရင်ခုန်ချင်စရာ အချိန်ကာလကို ရောက်လာခဲ့ပြီ။ သည်လိုတွေးမိပြန်တော့ မအိမ်ကံ သူ့ကိုယ်သူ ကွမ်းတောင်ကိုင်တစ်ယောက်လို မြင်နေရပါ၏။ ဖက်စိမ်းကွမ်းတောင်ကြီးကို ပွေ့ရင်း တစ်လှမ်းချင်း လှမ်းလာတာကို ရွာစုံက လူတွေငေးနေကြတာကို လည်း မြင်ယောင်နေမိသည်။

“လှခေါင်ချုပ်သည့် ရွှေရုပ်သွင် ခြောက်ပြစ်ကင်းရှောင် ပျိုနတ်ယောင် ကွမ်းတောင်လက်မှာဆောင်၍...” (သျှိုး)

“မယ့်သခင် လူယဉ်လှ ရတုသံချို ရကန်ဆို လူပျိုဝန်းရံ ခလို့လေး...” (သျှိုး)

“ငွေလိုပြောင် သဲရောင်ခင်း... ဇောင်ချမ်းရွာလယ် လမ်း ကျယ်ကျယ်မှာ လူဖွယ်အစုံကျင်း၍...” (သျှိုး)

“ပျိုခင်စု ရွယ်နုလှသဇင်... ၀တ္ထုလှူဖွယ်အသွယ်သွယ် ကြီးငယ်ရှေ့နောက်ပြင်၍...” (သျှိုး)

မအိမ်ကံနားထဲမှာ သျှိုးလိုက်သံတွေကိုပင် တစီစီ ကြားယောင်နေမိ၏။ ဇောင်ချမ်းကုန်းရွာလယ်လမ်းမှာ မအိမ်ကံ ကွမ်းတောင်ကိုင်သည့်နေ့က လူတွေများလှသည်။ ရွာပေါင်း စုံက လှည်းတွေနှင့်လာကြတာကပဲ ဇာတ်ပွဲလာကြသလို ရှိတော့သည်။ မအိမ်ကံ ကွမ်းတောင်ကိုင်လို့တဲ့။ လှလိုက်တာ စက်စက်ယိုလို့တဲ့။ ကလေးလက်တို့ အိမ်ဆူးဆို့ခွေး အို့အို့ မကျန်အောင် ရောက်လာကြသူတွေကြောင့် ဇောင်ချမ်းကုန်းလည်း မြေညွှတ်အောင်ရှိလေပြီ။

“ဆုတ်ကြပါဦး။ ဖယ်ကြပါဦး။ မအိမ်ကံကလေးကို ကြည့်စမ်းပါရစီ”

လူတွေကြားတိုးရင်း ဝှေ့ရင်း အော်ကြသည့်အသံတွေကလည်း ပွက်ကြီးထလျက်ရှိပါ၏။ လူတွေ လူတွေ။ အို မအိမ်ကံမွန်းလိုက်တာ။ ဖယ်ကြရှားကြစမ်းပါဦး။ ကွမ်းတောင်များ တိုက်မိကြပါဦးမယ်။

“မအိမ်ကံရေ ဝေး မအိမ်ကံ အမောပြေရင် မုန့်လာစား ပါဦး”

အဝေး၀ါခင်းဆီက လှမ်းဟစ်လိုက်သော အသံကြောင့် စိတ်ကူးတွေယဉ်နေမိသော မအိမ်ကံ ဖျတ်ခနဲ နိုးသလို ဖြစ်သွားခဲ့သည်။ ဘယ်သူပါလိမ့်။ နောက်တစ်ခါအော်တော့မှ ရွှေမှုံအသံမှန်း ကျက်မိလိုက်သည်။

“စားတော့ ရွှေမှုံရေ။ ကောက်ညှင်းပေါင်း စားသာများ သွားလို့ပါအေ”

ရွှေမှုံ...။

ရွှေမှုံကလည်း မြေပိုင်ယာပိုင်သမီးဖြစ်၏။ မအိမ်ကံအလှကို မမီသော်လည်း အယဉ်မှာတော့ တစ်ဘာသာချောရှာပါ၏။ မျက်နှာမှာ မွေးရာပါ အပြုံးရိပ်ကလေးပါသည့်အပြင် အပြောအဆို နူးညံ့သည်။ တောင်သူကြီးသမီးဆိုသော်လည်း ကြော့ရေမော့ရေ နေတတ်သူမဟုတ်။ အလုပ်များဗြန်းဗြန်းကွဲ လုပ်နိုင်သူကလေးဟု ရွာမှာ နာမည်ရသူဖြစ်သည်။ အနေ အထိုင် ကျစ်လျစ်သည်။ ဗိုင်းကောင်းကျောက်ဖိရှိသည်။ ရွှေမှုံ သည်လည်း ကွမ်းတောင်ကိုင်ခွင့်ရနိုင်သည့် မိန်းကလေးမျိုး ဖြစ်သည်။

“ရွှေမှုံလို မိန်းမချောတွေ ရွာထဲမှာ ဘယ်နှစ်ယောက်တောင် ရှိသေးသလဲ”

မအိမ်ကံ စိတ်ထဲမှာ စာရင်းကောက်ကြည့်မိသည်။ မအိမ်ကံက အချောအလှအရာမှာ “ခေါင်”က ရှိတာကိုတော့ သူမကိုယ်တိုင် သိထားခဲ့သည်။ အနားရွာတွေကပင် မအိမ်ကံ ၏ အလှကို စကားကြုံတိုင်း ပြောကြရသည် မဟုတ်လား။

မအိမ်ကံ သစ်ပင်ရိပ်က ထလာခဲ့ကာ ၀ါပင်တွေကြား တိုးဝင်လာခဲ့သည်။ တော်သလင်းနေက ပုစွန်လုံး ပက်လက် လန်အောင် ပူပြင်းလှပါ၏။ ပူကာမှပူရော့ မအိမ်ကံ အိမ်မပြန်ချင်သေးပါ။ ၀ါခင်းတွေထဲမှာ ဟေးဟေးဝါးဝါး ပျော်ကြသူတွေဆီက အပျော်တွေ ကူးရသည်။ ရပ်စကား၊ ရွာစကား ကြားရသည်။ မမခင်အိ အိမ်ထောင်ပြုတော့မည်ဆိုသည့် သတင်းကိုပဲ ကြည့်လေ။ ငုံ့လျှိုးနေခဲ့သော ကွမ်းတောင်ကိုင် ဖြစ်ချင်စိတ်များပင် ပြန်လည်ဖူးပွင့်လာခဲ့ရပြီ မဟုတ်လား။ ၀ါပေါက် ကလေးကို ဆွတ်ရင်း မအိမ်ကံ သီချင်းကလေးပင် ညည်းနေခဲ့မိသည်။

“ကွမ်းတောင်ကိုင်တစ်ယောက်တော့ ရွေးရပြန်သာပေါ့ အေ။ အလှူအတန်းကျဲသဲ့ခေတ် ဆိုပေသိ လာမယ့်ဦးတန်ခူးမှာ လှူမယ့်အလှူ နှစ်လှူလောက်ရှိမှာတော့်”

မအိမ်ကံဘေးအခင်းဆီမှာ အော်ကြီးအော်ကျယ် ပြောနေကြသည့် စကားသံကြောင့် သီချင်းအညည်းရပ်လိုက်ကာ ဘယ်သူတွေပါလိမ့်လို့ မျှော်ကြည့်လိုက်သည်။ ရွာမှာ အလှူ ရှိတော့မှာတဲ့။ ဒါဆိုရင် ။ မအိမ်ကံသိချင်သည့် မေးခွန်းကို တစ်ယောက်က မေးနေပြီ။

“ဒါဆိုရင် ကွမ်းတောင်ကိုင်က ဘယ်သူဖြစ်မယ် ထင်သတုံး”

မအိမ်ကံ ကိုယ်ကလေးပင် တောင့်သွားခဲ့သည်။ ဘယ်သူဖြစ်မယ်ထင်သတုံးလို့ မေးသူက မေးနေပြီ မဟုတ်လား။ ရွာ့အသံကို ကြားရတော့မည်။ အသက်ကလေးကိုပင် အောင့်ထားလိုက်မိပါ၏။

“ပြောနေကြသာတော့အေ ...”
(ဆက်လက်ဖော်ပြပါမည်)

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ
e
m
o
h
e
v
o
l
y
m
m
o
r
f
e
m
o
c
l
e
w