Thursday, October 15, 2009

မအိမ့်ကံ(3)

မအိမ်ကံ (april) 2008

၁၄။ မအိမ်ကံ၏အလှက ကြည်တော်ကုန်းသူ ကြည်တော်ကုန်းသားများမှတစ်ဆင့် ဝေးနီးရွာတွေအထိ တောမီးလောင်သလို ပြန့်နှံ့သွားခဲ့လေသည်။ ကြည်တော်ကုန်း နို့ဆွမ်းလောင်းလှူပွဲကို မောင်နှမနှစ်ယောက်ရောက်လာကြသည့် အကြောင်းမှစ၍ မအိမ်ကံက နှဲဆရာကြီးနှင့် မင်းသမီးကလေး အပါအ၀င် မောင်းဆိုင်းအဖွဲ့ကို ဆုငွေချခဲ့သည်ကအစ ရွာမှဆင်းရဲသူ ဆင်းရဲသားအချို့ကို တတ်စွမ်းသလောက် သဒ္ဒါကြည်ဖြူပေးကမ်းစွန့်ကြဲသွားခဲ့သည်အဆုံး မအိမ်ကံ၏ ရုပ်အဆင်းလှခြင်းနှင့် စိတ်အချင်းလှခြင်းတွေကို စကားရောက်တိုင်း ပြောဖြစ်နေကြသည်ဆို၏။


မအိမ်ကံတို့ မောင်နှမ ကြည်တော်ကုန်းက ပြန်ရောက်လာပြီး သိပ်မကြာခင်မှာ မကြီးမငယ် ညီအစ်မနှစ်ယောက် ဇောင်ချမ်းကုန်းကို ရောက်လာခဲ့ကြရာ သူတို့ရွာတစ်ကြောမှာ မအိမ်ကံ သတင်းမွှေးလှကြောင်း ပြောသွားခဲ့ကြခြင်း ဖြစ်၏။

“ ငါတို့ရွာတွေမယ် ညည်းအကြောင်းပြောလို့ မဆုံးကြပေါင်အေ။ လှလိုက်သာ ချောလိုက်သာနဲ့ နေသာပဲ။ ငါက ပြောလိုက်ရသယ်ဟဲ့။ ငါတို့အမျိုးက ဒေါင်းမျိုးဟဲ့လို့။ ကြီးလေချောလေဟဲ့လို့။ ငါတို့မလဲ မအိမ်ကံအမျိုးဆိုတော့ ဂုဏ်ရှိပအေ” ဒွေးလေးခင်ငြိမ်းကလည်း အိမ်ရောက်သခိုက် သည်လိုစကားတွေ ပြောခဲ့သည်။ အမေပန်းရုံကတော့ မအေပီပီ သမီးချောကောင်းသတင်းကြောင့် ၀မ်းသာသော်လည်း စိတ်ဖြောင့်လက်ဖြောင့် ၀မ်းမသာနိုင်သလိုရှိခဲ့သည်။ မလှအုံက စကားဝင်ဖာရှာပါ၏။ “ချောမှာပေါ့အေ့ မအေချော၊ ဖအေချောကိုး” “သူကြီးမင်းတူလို့ကတော့ မချောလောက်ပါဘူး လှအုံရယ် မောင်မြတ်သာကြည့်ပါလား ဖအေ့ရုပ်တစ်ရုပ်တည်း”

“ မောင်မြတ်သာလည်းချောသာပါပဲတော် ကျုပ်မောင်က သက်ကတို ကျောင်းသားဂုဏ်တောင်ပိုသေး။ မိန်းကလေးလိုတော့ မှုန်မနေဘူးပေါ့တော်”

ကြည်တော်ကုန်းက ဆွေမျိုးတွေ ပြန်သွားကြသော်လည်း မအိမ်ကံတို့အိမ်မှာ ဆွေမျိုးပြတ်သည်မရှိ။ များသောအားဖြင့် အချေးအငှား အတောင်းအရမ်းလာကြသူတွေ များလှသည်။

ရွာတွေမှာ အနေဆင်းရဲ၊ အစားဆင်းရဲ ဖြစ်နေကြတာ မအိမ်ကံ နေ့တိုင်းကြားနေရသည်။ တချို့မိသားစုတွေဆိုလျှင် သုံးလွန်းတင်စားနေကြရသည်ဟုဆို၏။ နှံစားပြောင်း၊ ဆန်နှင့်ပဲ သုံးမျိုးရောကာ ချက်ထားသည့် ထမင်း ဖြစ်သည်။ ပြောင်းဆန်ချည်း ချက်စားကြသူတွေလည်း ရှိကြသည်။ ပြောင်းဆန် ထမင်းနီကျင်ကျင်က မာလွန်းလှသဖြင့် ပီလောဟင်းချိုနှင့် မျှောချရသည်။ တချို့ကတော့ ရွာခရိုးပေါက် အဝေရာညွန့်များကို ပြုတ်ကာတို့ကာ စားနေကြရသည်။ သည်နှစ် မအိမ် ကံတို့ ရွာတွေမှာ ၀ါလည်းမကောင်း၊ နှမ်းလည်းမသာ၊ စိုက်ပျိုးသမျှ အဖတ်မတင်ကြတာတွေလည်း ကြားနေရ၏။ မနှစ်တုန်းကထက် သည်နှစ်မိုးပို၍ ခေါင်သည် မဟုတ်လား။ တောသူ တောင်သား သားသမီးဆိုတော့ သည်ဝေဒနာတွေကို မအိမ်ကံ ခံစားစာနာတတ်ပါ၏။

“သူကြီးကတော် နှယ်... ၀ါလုပ်သာလည်း��တို့အတွက် ရေနွေးပွဲလာချသည်။ ဆရာလေးကိုတောက်ထိန်က အမေပန်းရုံကို တိုက်ပုံထဲက စာတစ်စောင် ထုတ်ပေးသည်။ စာက တွန့်ကြေနေပြီ။ မနေ့ တနေ့ကပဲ စာရောက်လာကြောင်း၊ မိခင်နှင့်နှမလက်ထဲ ထည့်ဖို့ မှာလိုက်ကြောင်းတွေ ပြောပြသည်။ အမေပန်းရုံက စာကို မအိမ်ကံကို ကမ်းပေးပြီး ]ဖတ်စမ်းသမီး}ဟု ဆိုသည်။
မအိမ်ကံက စာခေါက်ကလေးကိုဖြေကာ ဖတ်ပြလိုက်သည်။

“ကျေးဇူးရှင် အဖေ၊ အမေနှင့်တကွ နှမကံကလေးတို့ ကျန်းမာချမ်းသာကြပါစေလို့ အဝေးက ကျွန်တော် မေတ္တာ ပို့သပါသည်။

အကြောင်းမှာ ပြီးခဲ့သည့် တန်ခူး၊ ကဆုန်ရက်များက ရွာကိုပြန်မလာနိုင်သည့်အတွက် အထူးစိတ်မကောင်း ဖြစ်ရပါသည်။ ကျွန်တော်လည်း လာမယ့် တစ်နှစ်ကျောင်းပြီးလျှင်တော့ ရွာကိုအပြီး ပြန်လာနိုင်တော့မည်။

ကျွန်တော်များ၏ မိတ်ဆွေကြီး ကျောင်းဆရာ သခင်တောက်ထိန်ကိုလည်း အစွမ်းရှိသမျှ ကူညီကြပါရန်နှင့် အရေးအကြောင်းရှိပါက သူ့ကိုပင် ပြောဆိုတိုင်ပင်နိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။ ကျွန်တော်လည်း မြင်းခြံမြို့ကို တစ်ခေါက်လာရောက်ရန် အကြောင်းပေါ်လျက် ရှိပါသည်။ မြင်းခြံမြို့တွင် တို့ဗမာအစည်းအရုံးညီလာခံကို ၀ါဆိုလဆန်း ၁၀ ရက်တွင် ကျင်းပရန်ရှိသည်အတွက် ဖြစ်ပါသည်။ မြင်းခြံ ကိစ္စပြီးလျှင် ရွာကိုလာကောင်းလာပါမည်။ အဖေ့ကိုတော့ နှုတ်မှအသိပေးပါရန် မေတ္တာရပ်ခံပါသည်။

သခင်မျိုးဟေ့ တို့ဗမာ
သားမောင်မြတ်သာ”

မအိမ်ကံက စာရွက်ကလေးကိုခေါက်ရင်းက အစ်ကို မောင်မြတ်သာကို သတိရနေမိသည်။ အစ်ကို့စာက ခါတိုင်းစာတွေလိုမဟုတ်ဘဲ သခင်မျိုးဟေ့ တို့ဗမာသံတွေ ညံနေသည် ထင်မိသည်။ ကျောင်းဆရာ သခင်တောက်ထိန်ပြောနေသည့် စကားတွေကို ကြိုးစားပြီးနားထောင်နေရသည်။ စာက ရက်အတော်ညောင်းမှ ရောက်လာခြင်းဖြစ်သည်။ စာထဲမှာ မြင်းခြံတို့ဗမာအစည်းအရုံးညီလာခံက လဆန်းဆယ်ရက်နေ့ ဆိုတော့ ကနေ့ပဲ လဆန်းဆယ့်လေးရက်ရှိနေပြီ။ အစ်ကိုရွာ လာမည်ဆိုလျှင် ရောက်ဖို့တောင် ကောင်းနေပြီ မဟုတ်လား။

“ကျုပ်တို့လည်း ကိုယ့်သား ဘာတွေလုပ်လို့ လုပ်နေမှန်း မသိပါဘူး။ ဒါပေသိ သူလည်း အရွယ်ရောက်နေသဲ့ ပညာတတ် တစ်ယောက်ပေပဲလို့ ဖြေရပါသယ်။ သူ့ဖအေကတော့ ဒါတွေမကြိုက်ချင်ဘူး ဆရာလေးရဲ့။ နို့... နေပါဦး၊ တို့ဗမာ အစည်းအရုံးညီလာခံဆိုတာ ဘာလုပ်ကြသာတုန်း”

“တို့ဗမာအစည်းအရုံးညီလာခံက မနှစ်က တပေါင်းလထဲ ရေနံချောင်းမှာ ကျင်းပခဲ့ပါသေးတယ်။ အခု ဒုတိယအကြိမ်က မြင်းခြံမှာ ကျင်းပတာပါ။ တို့ဗမာသခင်လူကြီးတွေလည်း ပါကြပါတယ်။ ရည်ရွယ်ချက်ကတော့ အင်္ဂလိပ်ဆန့်ကျင်ရေး နဲ့ လုံးဝလွတ်လပ်ရေး ရည်မှန်းချက်ပါပဲ။ ကိုယ့်တိုင်းပြည်မှာ ကျွန်တော်တို့လူမျိုးတွေသာ အရှင်သခင်ဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ အချင်းချင်း သခင်တပ်ခေါ်ကြတယ်။ တို့ဗမာအစည်းအရုံးဝင်သခင်တွေ အစည်းအဝေးလုပ်ကြတာပေါ့ သူကြီး ကတော်ရယ်”

“တို့ဗမာအစည်းအရုံးမှာ မိန်းမတွေကော ပါသလား ဆရာလေး”

မအိမ်ကံက စိတ်ဝင်တစားမေးလိုက်တော့ ဆရာလေး ကိုတောက်ထိန်က ပြုံးသည်။ မအိမ်ကံကိုလည်း တလေးတစား ကြည့်သည်။

“မိန်းမတွေလည်း ပါတာပေါ့ မအိမ်ကံ။ အမျိုးသမီးတွေ ကျတော့ သခင်မခေါ်တယ်။ သခင်မ မပန်းရုံ၊ သခင်မ မအိမ်ကံ အဲသလိုပေါ့”

အမေပန်းရုံကော၊ မအိမ်ကံပါ ပြုံးလိုက်ကြသည်။ သခင်မ မအိမ်ကံ...။ သခင်မ မအိမ်ကံ...။ ကိုယ့်တိုင်းပြည်မှာ ကိုယ်သာအရှင်သခင်။ ဆရာလေး ကိုတောက်ထိန်၏ စကားသံက မအိမ်ကံနားထဲမှာ ပဲ့တင်ကြီးရိုက်လျက်ရှိသည်။

“မြင်းခြံညီလာခံမှာ သခင်လေးမောင်တို့၊ သခင်ညီတို့၊ သခင်ထွန်းအုပ်တို့၊ သခင်ဗဗတို့၊ သခင်အောင်ဆန်းတို့ အပါအ၀င် ကိုယ်စားလှယ်နှစ်ရာကျော်လောက် တက်ကြတာပါ။ အမှုဆောင်အဖွဲ့ ဆယ့်တစ်ယောက် ရွေးကြတယ်။ ကျွန်တော် တော့ မရောက်ပါဘူး။ သခင်ကြည် သွားတက်လို့ သိရတာပါ”

“သည်လိုလုပ်တော့ အင်္ဂလိပ်အစိုးရမင်းက ကြိုက်ကဲ့လား”

“ဘယ်ကြိုက်ပါ့မလဲ သူကြီးကတော်ရယ်။ အင်္ဂလိပ် စစ်ပုလိပ်တွေ မြင်းခြံမှာ ခြေရှုပ်နေကြရောပေါ့။ သို့သော် တို့ဗမာအစည်းအရုံးကတော့ ဆက်လုပ်ကြမှာပါပဲ”

စကားပြောနေရာက ဆရာလေးကိုတောက်ထိန်သည် တိုက်ပုံထဲက ပရုတ်ဆီဘူးကို နှိုက်ယူပြီး တစ်ကော်ကော် ယူကာ ဇက်ကြောတွေကို ပွတ်သည်။ နှာခေါင်းဝကို တရှုပ်ရှုပ် ပွတ်သည်။ ဆရာလေး ကိုတောက်ထိန် ငြင်းနေသည့်ကြားက မလှအုံက ထမင်းခူးခပ်ကျွေးသည်။ အဖေ ဦးသာထန် မရှိတာ လည်း ခပ်ကောင်းကောင်းပင်။ အဖေရှိလျှင် ဆရာလေး ကိုတောက်ထိန် အပြောရခက်နေလိမ့်မည်။ ဆရာလေးနှင့် ပါလာသူက စကားတစ်ခွန်းမှ မပြောသော်လည်း ဆရာလေးတပည့်ရင်းဖြစ်ပုံရ၏။ ထမင်းစားသောက်ပြီးကြတော့ ဆရာလေးနှင့် ဧည့်သည်တို့နှစ်ယောက်တည်း လှည်းစောင့်ရင်း စကားတွေပြောနေခဲ့ကြသည်။

အမေပန်းရုံက ဆရာလေးအတွက် ရက်ကန်းကျပုဆိုး တစ်ထည်၊ ပင်နီတိုက်ပုံတစ်ဝတ်စာနှင့် စားဖွယ်သောက်ဖွယ်များတောင်းနှင့်တစ်လုံးလက်ဆောင်ပေးသည်။ လှည်းရောက်လာတော့ ဆရာလေးကို မအိမ်ကံတို့ အိမ်ဝင်းအ၀အထိ လိုက်ပို့ရင်း နှုတ်ဆက်ကြသည်။ ဆရာလေးက မအိမ်ကံဘက် ကိုလှည့်ပြီး ပြုံးပြုံးကြီး နှုတ်ဆက်သည်။

“သခင်မ မအိမ်ကံ ဆရာလေးတို့သွားမယ်နော်”

“တော်... ဟင် ဟုတ်ကဲ့ ဟုတ်ကဲ့”

ဆရာလေး နှုတ်ဆက်စကားကြောင့် မအိမ်ကံကြောင်သွားပြီးမှ ပြုံးချင်လာမိ၏။ ထိုစဉ်မှာပင် ၀ိုင်းတံခါးဝကို မြင်းတစ်စီးနှင့် လူတစ်ယောက်ပေါ်လာခဲ့သည်။ မအိမ်ကံတို့ ၀ိုင်းဝမှာ လူတွေတစ်ပြုံကြီး ဆုံမိကြသလို ဖြစ်သွားသည်။ ရုတ်တရက် ဦးသာထန်များ ပြန်ရောက်လာလေသလား ထင် လိုက်ကြသေး၏။ ကြည်တော်ကုန်းရွာက ဆေးဆရာ ဆရာ ကြည်။ သခင်ကြည်။ သခင်ကြည်က မြင်းပေါ်က ဆင်းပြီး မြင်းဇက်ကြိုးကို ကိုင်ထားရင်းက ချီတုံချတုံ ဖြစ်နေသည်။ ခြံအတွင်းဘက်ကိုလည်း လှမ်းကြည့်သည်။ ဆရာလေး ကိုတောက်ထိန်တို့ လှည်းကလည်း ထွက်မဖြစ်သေးဘဲ တောင့်ထားရတော့သည်။

“သခင်ကြည်... ဘာများပါလိမ့်”

“သူကြီးမင်းရှိသလား”

မရှိဘူးခင်ဗျ”

“တော်ပါသေးရဲ့။ မပြောမပြီး၊ မတီးမမြည်ပဲဗျို့။ အခုပဲ ရွာကို လူကြုံရောက်လာသယ်။ မြင်းခြံတို့ဗမာအစည်းအရုံး ပြီးသဲ့ရက်မှာ သခင်တွေ တော်တော် အဖမ်းခံရသယ်။ ကျုပ် ကြားရသလောက် သခင်သန်းပါသယ်။ သခင်ဗစိန်ပါ သယ်။ သခင်ညီပါသယ်။ သခင်အောင်ဆန်းပါသယ်။ သခင်ထွန်းမြင့် ပါသယ်”

အားလုံးငြိမ်သွားကြသည်။ နွားရုန်းလိုက်သဖြင့် လှည်းသမား၏ စုတ်သတ်သံ တကျွတ်ကျွတ်ကလွဲလျှင် အားလုံး တောင့်တောင့်ကြီးတွေဖြစ်သွားကြသည်။ သခင်ကြည်က တအောင့်ကြာမှ စကားဆက်သည်။

“သူကြီးကတော် စိတ်ထိန်းပါဗျာ။ သခင်မြတ်သာလည်း အဖမ်းခံရသယ်”

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ
e
m
o
h
e
v
o
l
y
m
m
o
r
f
e
m
o
c
l
e
w