Thursday, October 15, 2009

မအိမ့်ကံ(10)

မအိမ်ကံ (August) 2008

လူရွယ်က မျက်နှာတစ်ချက်ပျက်သွားရာမှ သတိပြန်ဝင်လာသုလို လှုပ်သွားလေသည်။ မျက်နှာက အားနာဟန်ရှိပါ၏။ "သြော် ကိုမြတ်သာရဲ့ နှမပေကိုး စိတ်မကောင်းလိုက်တာဗျာ။ ကိုမြတ်သာ သည်မနက်ပဲ ခရီးထွက်သွားပါတယ်။ မောင်နှမချင်း လွဲရပြီကောဗျာ။ ဆရာကြီးတို့ ရှိကြပါတယ်" လူရွယ်က တံခါးနှစ်ချပ်ကို လှပ်ကာ ဖွင့်ပေးလိုက်ပြီး ကိုယ်ကို ယို့ပေးတော့ မအိမ်ကံလည်း ခြံထဲဝင်လာခဲ့သည်။ လူရွယ်က မအိမ်ကံနောက်က ပါလာမှန်း မအိမ်ကံ သိနေခဲ့သည်။ ဖိုးကူးနှင့် ကျေးဥတို့ကတော့ လှည်းပေါ်ကပဲ အကဲခတ်နေကြပုံဖြင့် မဆင်းပဲရှိနေကြ၏။ မအိမ်ကံကို ဆရာကြီး ဦးဘခင်က ဆီးကြိုသည်။ ဆရာကြီးပင် နည်းနည်းပိန်သွားသည် ထင်ရ၏။ "အလို မောင်မြတ်သာ နှမလေးပါလား။ လာ ထိုင်ပါဦးကွယ့်။ ညည်းအစ်ကိုတော့ ခရီးထွက်သွားပြန်တယ်။ လူငယ်တွေဆိုတော့ တိုင်းရေးပြည်ရေး လုပ်ရမယ်ဆိုရင် စိတ်ကနောက် လူကရှေ့ကကိုး သမီးရဲ့။ မိဘနှစ်ပါးကော ကျန်းခံ့သာကြရဲ့လား"


မအိမ်ကံက ဧည့်ခန်းကွပ်ပျစ်စားပွဲဝိုင်းမှာကျုံ့ကျုံ့ကလေး ၀င်ထိုင်သည်။ မအိမ်ကံ ၀င်ထိုင်တာကို တွေ့မှ ဖိုးကူးနှင့် ကျေးဥက ဆရာကြီးကို ကန်တော့ဖို့ ရွာလက်ဆောင်တွေကို ထမ်းချကြသည်။ ကျေးဥက မအိမ်ကံ ဘေးမှာ ၀င်ထိုင်သော်လည်း ဖိုးကူးက လှည်းရှိရာပြန်သွားကာ ဖိုးတုတ်နှင့်အတူ လှည်းကူချွတ်ရင်း အိမ်ရှေ့သစ်ပင်ရိပ်မှ စောင့်နေလေသည်။ မအိမ်ကံတို့ စားပွဲဝိုင်းမှာ ဆရာကြီးနှင့်အတူ စောစောက တံခါးဖွင့်ပေးသူ လူချောကလည်း ၀င်ထိုင် သည်။


"ကျန်းမာကြပါတယ် ဆရာကြီး။ အဖေကတော့ ခါတိုင်းလောက် မသွက်တော့ဘူး။ အမေကတော့ အဖေအိမ်မှာ နားနေတော့ ၀မ်းသာရှာပါ သယ်"


"အေးပေါ့ကွယ်။ သူကြီးမင်းကလည်း အရွယ်ရပြီ စိတ်ဆောင်နေလို့သာကိုး။ သားစိတ်လည်း ပါပေမပေါ့။ ဆရာကြီးတို့ကလည်း မိရယ် ဘရယ် သွားတွေ့ချေပါဦးကွယ်လို့ မောင်မြတ်သာကို ပြောပါသကွယ်။ နို့ပေမယ့် မောင်မြတ်သာခမျာလည်း စိတ်ရှိတိုင်း လွတ်လွတ်လပ်လပ် သွားခွင့်မသာလေ တော့..."


"နားလည်ပါသယ် ဆရာကြီးရယ်။ မအိမ်ကံတို့ကလည်း မျှော်ကြရတာပဲ ရှိသာပါ။ အစ်ကို့အလုပ်ကို သဘောပေါက်ပါသယ်။ တိုင်းရေးပြည်ရေးမှာ ရေတွင်းခဲ ကျမြုပ်နေသာကိုပဲ ၀မ်းသာရပါသယ်။ တိုင်းပြည်အရေးထက် အရေးကြီးသာ မရှိပါလားရှင်"


ဆရာကြီးက မအိမ်ကံ စကားကို နှစ်ထောင်းအားရ ရှိနေရှာသည်။ နိုင်ငံရေးစိတ် ရှိပါသကောဆိုသည့် မျက်နှာဖြင့် ဘေးမှာထိုင်နေသည့် ကိုလူချော၏ မျက်နှာကို လှမ်းကြည့်ရင်း စိတ်ဓာတ်ကတော့ မာပေ့ကွယ်ဆိုသည့် မျက်နှာဖြင့် ပြုံးပြသည်။



"မောင်ပြေသိမ်းရေ။ မင်းတို့ဒေါ်ဒေါ်ကို ခေါ်ပါဦးကွယ့်။ ဧည်သည်ဖို့ ကာဖီရည်ကလေး ဘာလေး ဧည့်ခံရအောင်လို့"


"သည်က နှမများအတွက် ကျွန်တော်ကိုယ်တိုင်ပဲ ကာဖီ သွားဝယ်လိုက်ပါဦးမယ် ဆရာကြီး။ ကိုမြတ်သာရဲ့ နှမတွေ ဆိုတော့ ကျွန်တော့်မှာ ၀တ္တရားလည်း ရှိပါတယ်။ ရွာကလာကြပြီး အစ်ကိုနဲ့တွေ့ချင်လို့ဆိုတော့ မောင်နှမနှစ်ယောက်ဖြင့် လွဲရပြီဆိုပြီး ကျွန်တော့်မှာ စိတ်မကောင်း ဖြစ်မိပါတယ်"


မအိမ်ကံက ကာဖီမသောက်ချင်ပါကြောင်း တွင်တွင် ငြင်းနေသည့်အတွက် ကိုပြေသိမ်းလည်း ကာဖီအ၀ယ် မထွက်တော့ဘဲ ဆရာကြီးကတော်နှင့်အတူ မအိမ်ကံတို့ကို ရေနွေးပွဲ ပြင်ကာ ဧည့်ခံလိုက်ရ၏။


"သမီးကတော့ ပိုတောင် ချောလာလိုက်တာကွယ်။ မောင်မြတ်သာကတော့ နှမအကြောင်း တဖွဖွပြောရှာပါရဲ့။ ဒေါ်ဒေါ်တို့ကလည်း အောက်မေ့ကြပါရဲ့ကွယ်"


ကိုပြေသိမ်းရှေ့မှာ ဆရာကြီးကတော်က မအိမ်ကံကို ချောကြောင်း၊ လှကြောင်း ချီးမွမ်းလိုက်တာကြောင့် ရှက်သွေးကလေးများ ဖျန်းမိရပါ၏။ ကိုပြေသိမ်းကတော့ ဆရာကြီးကတော်၏ စကားကို ထောက်ခံနေသည့်အလား မအိမ်ကံကို ငေးလို့သာ ကြည့်နေတော့သည်။


ဆရာကြီးက မောင်မြတ်သာကို မြင်းခြံစစ်ပုလိပ်တွေက စောင့်ကြည့်နေကြကြောင်း၊ အမျိုးသားအချင်းချင်း သစ္စာဖောက်ချင်သူတွေ ရှိနေသဖြင့် သတိဝီရိယဖြင့် ကူးလူးနေရကြောင်း၊ ညဘက်ရုပ်ဖျက် ရောက်လာရာက သည်မနက် စောစောကပဲ မြင်းခြံသင်္ဘောဆိပ်ကို ဆင်းသွားကြောင်း၊ ပခုက္ကူဘက်ကိုသွားခြင်းဖြစ်ကြောင်း၊ သီသီလွဲကြရသည့် အတွက် စိတ်မကောင်းဖြစ်ရပါကြောင်းတွေ ပြောပြသည်။


"မအိမ်ကံ လှူလိုက်တဲ့ ပစ္စည်းတွေရလို့ မောင်မြတ်သာက ၀မ်းသာနေရှာတယ်။ စစ်ကြီးကလည်း ဖြစ်နေပြီဆိုတော့ အင်္ဂလိပ်တွေ အရူးမီးဝိုင်းဖြစ်နေတုန်း ကျုပ်တို့ကလည်း နိုင်ငံရေးနည်းနဲ့ သခွတ်ပင်က မီးတကျည်ကျည် လုပ်နေရတာပဲ။ အင်္ဂလိပ်အခက် ဗမာ့အချက်ပေါ့ကွယ်။ ခက်တာကလည်း တို့လူမျိုးမယ် လက်ရှိရာထူးဌာနန္တရကို လက်မလွှတ်နိုင်တဲ့ လူတွေနဲ့ အလိုတော်ရိတွေကတစ်ဖက်၊ တိုင်းရေးပြည်ရေးကို ဇောက်ချလုပ်နေကြသူတွေက တစ်ဖက်ဖြစ်နေတယ်"


ဆရာကြီးက မအိမ်ကံကိုပင် တကယ့်နိုင်ငံရေးသမ တစ်ဦးသဖွယ် ပြောနေခြင်းဖြစ်၏။ တစ်ချို့စကားလုံးများနှင့် အဓိပ္ပာယ်ကို မအိမ်ကံ ရေလည်နားကျ မသိသော်လည်း သဘောတော့ပေါက်ပါ၏။ ကိုပြေသိမ်းကတော့ ဆရာကြီးရှေ့က စကားဦး မသန်းဝံ့ဟန်ဖြင့် ငြိမ်လျက်က နားထောင်နေသည်။ အစ်ကိုမောင်မြတ်သာ သူငယ်ချင်းဆိုတော့ သူလည်း နိုင်ငံရေးသမား သခင်တစ်ယောက်ဆိုတာ သေချာသွားပြီ။ နိုင်ငံရေးသမားနှင့်မတူဘဲ ဘီအေကျောင်းသား ခပ်ချောချော တစ်ယောက်နှင့် တူတော့သည်။ မအိမ်ကံက ကိုပြေသိမ်းကို တစ်ချက်တစ်ချက် ခိုးကြည့်ရင်းက တွေးနေမိခြင်းဖြစ်၏။ အသားဖြူဖြူ၊ မျက်နှာကျသွယ်သွယ်၊ ကြည်လင်တောက်ပသော မျက်ဝန်းများဖြင့် ဥပဓိရုပ်ကောင်းလှသော ကိုပြေသိမ်း၏ဟန်က မင်းသားလောက်ပင် ချောမောခန့်ညားနေသည် မဟုတ်လား။ မြို့သားဆိုတော့ ၀တ်ပုံ၊ စားပုံ၊ နေပုံ၊ ထိုင်ပုံ၊ စကားပြောပုံတွေကလည်း ယဉ်ယဉ်ကျေးကျေးရှိသည်။ ဆရာကြီး၏ စကားတွေကို စူးစိုက်နားထောင်နေသည့် ကိုပြေသိမ်း ၏ မျက်နှာက လေးနက်တည်ကြည်လွန်းလှသည်။


ဆရာကြီး စကားစပြတ်သွားတော့ မအိမ်ကံက ရွာလက်ဆောင်ပစ္စည်းများကို စားပွဲပေါ်တင်ကာ ဆရာကြီးကို ကန်တော့သည်။ ဆရာကြီးက သခင်တောက်ထိန်အတွက် ဆိုကာ စာတစ်စောင်ရေးပေးသည်။ ပြီးတော့ မအိမ်ကံ လက်ဝယ် စာထည့်ပေးလိုက်သည်။


"ကိုင်း ငါ့သမီးများလည်း မိုးချုပ်ပါပကော။ ဆရာကြီးတို့ကတော့ လူတွေ့ရင် တရားဟောချင်နေတော့တာပဲ။ ကိုင်း ကိုင်း မေတ္တာနဲ့ ကမ်းလိုက်တဲ့ လက်ဆောင်များရလို့ ၀မ်းသာတဲ့အကြောင်း မိဘများကို စကားပါးလိုက်စမ်းပါရစီ။ မောင်ပြေသိမ်း"


"ခင်ဗျာ ဆရာကြီး"


"မအိမ်ကံတို့ လှည်းကို ပြောင်းပြာရပ်ထဲက ပွဲစားကြီး ကိုသာဂေါင်တို့အိမ် လိုက်ပို့လိုက်ပါကွယ်။ မိုးချုပ်နေပါပြီ"


"ရပါတယ် ဆရာကြီးရယ်။ သည်က မောင်ကြီးအလုပ် ပိုပါရော့မယ်။ ကျွန်မ လမ်းမှတ်မိပါသယ်"


"မိုးချုပ်ပါပြီ သမီးရယ်။ မောင်ပြေသိမ်း လှည်းပေါ် လိုက်သွား။ နေရာရောက်မှ ပြန်ခဲ့"


"ဟုတ်ကဲ့ပါခင်ဗျာ"


မအိမ်ကံက ဆရာကြီးလက်ရောက် ငွေအချို့ လှူခဲ့သည်။ ဆရာကြီးက ရန်ပုံငွေပုံးထဲသွားထည့်သည်။ မအိမ်ကံက ဆရာကြီးနှင့် ဆရာကတော်ကို နှုတ်ဆက်ကာ လှည်းဘက် ထွက်ခဲ့သည်။ ဆရာကြီးတို့က လှည်းနားအထိ လိုက်ပို့ကြသည်။ ဆရာကြီးကတော်က လက်ဖက်ခြောက်ထုပ်များ လက် ဆောင်ပေးသဖြင့် မအိမ်ကံမှာ အားနာရသည်။ မအိမ်ကံနှင့် ကျေးဥလှည်းပေါ်တက်ပြီးတော့ ကိုပြေသိမ်းက လှည်းနောက်မှာပင် ချိတ်ထိုင်ရင်း မအိမ်ကံတို့ကို ကျောပေးထိုင်သည်။


"မအိမ်ကံတို့ မနက်ဖြန် ပြန်ကြမှာပေါ့ဟုတ်လား။ နေနဲ့ ရောက်အောင် ပြန်ကြကွယ့်။ ခေတ်အခါ မကောင်းဘူး။ မောင်ပြေသိမ်း ထည့်လိုက်ရမလား ရွာကို"


"လှည်းဖော်နှစ်စီးပါပါသေးတယ် ဆရာကြီးရယ်။ ဒုက္ခ မပိုစေချင်ပါဘူး။ အစ်ကိုမောင်မြတ်သာကိုသာ ကျွန်မ ရောက်လာသဲ့အကြောင်း ပြောပြပေးပါရှင်"


"စိတ်သာချရော့။ ငွေထပ်လှူသွားကြောင်းပါ ပြောပြပါ့မယ်။ ကိုင်း ပြန်ကြချေဦး။ မောင်တောက်ထိန်ကိုသာ စာလေး ပါးလိုက်ပါရော့"


လှည်းက ဆောင့်ခနဲ ထွက်လာခဲ့၏။ လမ်းမတန်းရောက်သည်အထိ ကိုပြေသိမ်းက စကားတစ်ခွန်းမဟ။ မအိမ်ကံကလည်း စကားစမပြောဝံ့။ မြို့ကြီးသားဆိုတော့ စကားပြောရမှာ ရွံ့တာလည်း ပါပါ၏။ ကျေးဥက လှည်းရံတိုင်ကို ဖိနပ်စွပ်ထားပြီး ရှေ့ကို လှည့်ထိုင်သည်။ မအိမ်ကံက ဘေးတိုက်။ ကျောက်လမ်းပေါ် နွားလှည်းဘီးသံခွေကြိတ်သံမှ တစ်ပါး အခြားအသံမရှိ။ မြင်းခြံမြို့၏ ညနေခင်းသည် လိမ္မော်ရောင်တောက်လျက်ရှိသည်။ နွေညနေဆိုတော့ မိုးချုပ်ပြီဆို သော်လည်း ကောင်းကင်ရောင် လင်းလျက်ရှိပါ၏။


"မအိမ်ကံက သတ္တိကောင်းပဲ။ ကျွန်တော်ဖြင့် သခင် မြတ်သာကို ကြည်ညိုရင်းစွဲရှိလို့လား မပြောတတ်ဘူး။ မအိမ်ကံရဲ့ စိတ်ထားကိုပါ လေးစားမိပါရဲ့"


ကိုမြို့သားက ကောက်ကာငင်ကာ ပြောလိုက်တော့ မအိမ်ကံ နားလျှံသွားခဲ့ကာ ဘာပြောလိုက်မှန်း မသိဘဲ ရှိခဲ့သည်။ လှည်းသံက တအီအီမြည်နေရုံမက အာရုံကလည်း တခြားမှာ ရှိနေသခိုက် ပြောလိုက်တာဆိုတော့ ကောင်းကောင်း မကြားလိုက်။


"ရှင် ..."


"သြော် ... မအိမ်ကံ လှူတာတန်းတာကို ပြောတာပါ။ တိုင်းပြည်အတွက် သွေးရဲလိုက်တာလို့ တွေးမိတော့ လေးစားမိတယ်လို့ ပြောတာပါခင်ဗျာ"


"ဟုတ်ကဲ့"


မြို့သားက ချီးကျူးနေတော့ မအိမ်ကံ ဘာပြန်ပြောရ မှန်းမသိ။ ကိုမြို့သားကတော့ ခြေနှစ်ဖက်တွဲလောင်းချရင်း ကျောပေးရာက ပြောနေလို့ တော်ပါသေးရဲ့ အောက်မေ့ရ သည်။ အပြန်လှည်းပေါ်မှာ မြို့သားလူချောတစ်ယောက် မအိမ်ကံနှင့် နီးနီးကပ်ကပ်ပါလာတာကို ဘာရယ်မသိ ရှက်တနွေးနွေး ဖြစ်နေမိတာလည်း ပါပါသည်။ ကျေးဥကတော့ လှည်းပေါ်ကို မြို့သားကာလသား ပါလာကတည်းက တစ်ချက်ကလေး လှည့်မကြည့်။ သူတို့ တစ်ခုခုပြောလိုက် လေမလား ကြောက်လန့်နေပုံမျိုးဖြစ်၏။ မအိမ်ကံလည်း ထူးတော့ မထူးပါ။ တကယ်ဆို ကိုယ့်ကိုလိုက်ပို့သူပဲ၊ အစ်ကို ဖြစ်သူ၏ မိတ်ဆွေပဲ၊ လူကောင်းသူကောင်းရယ်လို့ ဆရာကြီး ကိုယ်တိုင်ထည့်ပေးလိုက်သူပဲ စကားပြောရမှန်း၊ ကျေးဇူးတင် ရမှန်းတော့ အသိသား။ သို့သော် သိတာသတ်သတ်၊ စကားမပြောဝံ့တာ သတ်သတ်မဟုတ်လား။


"ကိုမြတ်သာနဲ့ မတွေ့ကြရတာ ကြာပြီပေါ့ဟုတ်လား။ ကိုမြတ်သာက အင်မတန် လေးစားအတုယူထိုက်တဲ့ လူမျိုးဗျ။ ကျွန်တော်တို့ထက် သတ္တိကောင်းတယ်။ အပင်ပန်း အဆင်း ရဲခံနိုင်တယ်။ သူ့သွေးသားထဲမှာ အမျိုးကို ချစ်တဲ့စိတ်ပဲ ရှိတယ်"


"ဟုတ်ကဲ့"


မအိမ်ကံက "ဟုတ်ကဲ့" တစ်လုံးနှင့် ပြီးရတော့သည်။ ဒါကို ကိုပြေသိမ်းကလည်း သိပုံရသည်။ ခြေတွဲလွဲချထားရာက ခြေကိုရုပ်လိုက်ပြီး လှည်းရံတိုင်တွေမှီကာ ပြင်ထိုင် လိုက်သည်။ မအိမ်ကံနှင့် ဒူးချင်းပင်ထိသွားကာ ပူးပူးကပ်ကပ် ဖြစ်သွားခဲ့၏။ မအိမ်ကံက နောက်ကို ယို့သော်လည်း ကျေးဥခံ နေတော့ မလှုပ်သာ။ မျက်နှာကို များများမလှည့်နိုင်ဘဲ ကိုပြေသိမ်း၏ အကြည့်ပိုက်ကွန်ထဲမှာ မိနေရတော့သည်။ ညနေခင်း ကောင်းကင်ရောင်အောက်မှာ ပကတိလှပ လွန်းလှ သော မအိမ်ကံကို ကိုပြေသိမ်း ဣနြေ္ဒပျက်လောက်အောင်တော့ အကြည့်မရဲရှာပါ။ သို့သော် မြို့သားဆိုတော့ မိန်းကလေး တစ်ယောက်နှင့် သည်လိုနေရတာ သိပ်မဆန်းသလို ကျဉ်းကျပ် နေပုံမျိုးတော့ မရှိ။ ရှက်သွေးကလေးစို့နေသော မအိမ်ကံကို ပြုံးကြည့်ရင်းက စသည်။


"ဟုတ်ကဲ့နဲ့ပဲ ပြီးနေပါလား မအိမ်ကံရဲ့။ ကျွန်တော့်ကိုလည်း စကားတစ်ခွန်း တလေတော့ ပြောပါဦးမှပေါ့။ နားထောင်ချင်လို့ပါ"


"ရှင် "


မအိမ်ကံက မော့ကြည့်လိုက်သည်။ ကြည်လဲ့ပြီး အားကောင်းသော ကိုပြေသိမ်း၏ မျက်လုံးအစုံနှင့် ရင်ဆိုင်လိုက်ရချိန်မှာတော့ မအိမ်ကံရင်တွေ ခုန်ရတော့သည်။


"မဟုတ်ပါဘူး ကိုပြေသိမ်းရယ်။ ကျွန်မတို့က တောသူ တောင်သားတွေပါ။ ရင်ထဲရှိသာ ပြောတတ်ကြသူ တွေပါ။ ကျွန်မတို့က ရိုးရိုး ပြောပေမယ့် စကားမှားမှာ စိုးပါသယ်"


"မမှားပါဘူး မအိမ်ကံ ရယ်။ ကျွန်တော်လည်း တောသားပါပဲ။ မအိမ်ကံကို ကျွန်တော်က ရင်းနှီးခင်မင်ချင်လို့ စလိုက်တာပါ။ ကျွန်တော့် နာမည်အရင်းက သက်နှင်း တဲ့။ သခင် အမည်ခံတော့ တိုင်းပြည်ကို သိမ်းရမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြေသိမ်းလို့ ခံယူ လိုက်တယ်"


"ဟုတ်ကဲ့"


"သည်တစ်ခါလည်း ဟုတ်ကဲ့ပဲလား မအိမ်ကံရဲ့"


ကိုပြေသိမ်းက ဆိုလိုက်တော့ မအိမ်ကံပင်မကပါ လှည်းရှေ့က ဖိုးတုတ်၊ ဖိုးကူးညီအစ်ကိုနှင့် ကျေးဥတို့ကပါ ရယ်ကြသည်။ သက်နှင်းတဲ့။ တိုင်းပြည်ကို သိမ်းရမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြေသိမ်းလို့ခေါ်တာတဲ့။ ဒါဖြင့် အစ်ကို့မှာလည်း သည်လိုနာမည်ရှိမှာပဲ။ အစ်ကိုကတော့ စာလာသမျှ သခင်မြတ်သာပဲ ရေးနေတာမဟုတ်လား။ အဓိပ္ပာယ်တစ်ခုနဲ့ မှည့် ထားတဲ့ နာမည်မရှိရော့လား။


"အစ်ကိုမောင်မြတ်သာကျတော့ကော"


"ရှိတာပေါ့။ အုပ်စိုးတဲ့၊ သခင်အုပ်စိုးတဲ့။ ဒါက လျှို့ဝှက် ကိစ္စတွေကျမှသုံးတာပါ မအိမ်ကံ။ ခေါ်ရိုးခေါ်စဉ်တော့ သခင် မြတ်သာခေါ်တာပါပဲ"


သခင်အုပ်စိုး။ တစ်နေ့ကိုယ့်တိုင်းပြည်ကို အုပ်စိုးရမယ် ဆိုတဲ့ သဘောနေမှာပေါ့။ မအိမ်ကံ အံ့သြနေရတော့သည်။ လျှို့ဝှက်ကိစ္စတွေမှာ ခေါ်ကြတဲ့ နာမည်သက်သက်ရှိတာ မအိမ်ကံ မသိ။ အစ်ကိုနှင့်တွေ့မှ ခေါ်လိုက်ရဦးမည်။


တစ်နေရာရောက်တော့ ကိုပြေသိမ်းက လှည်းကို ခဏ တောင့်ခိုင်းလိုက်သည်။ လှည်းပေါ်ကနေ ပတ်ဝန်းကျင်ကို အကဲခတ်သလိုမျိုးကြည့်သည်။ ပြီးတော့မှ လှည်းကို ဆက် မောင်းခိုင်းသည်။ မအိမ်ကံက တစ်ခုခုမေးမည် ပြင်လိုက် ပြီးမှ အသာငြိမ်နေလိုက်ပါ၏။ ပွဲစားကြီး အိမ်ရောက်တော့ အားလုံးဆင်းကြသည်။ လှည်းကိုတော့ ဖိုးတုတ်က ပွဲရုံဝင်းထဲ မောင်းချသွားသည်။


"မောင်ပြေသိမ်း လိုက်ပို့သလား။ လာထိုင်ကြဦးကွယ့်။ ဆရာကြီးကော နေကောင်းရဲလား။ တစ်မြို့တည်းနေပေမယ့် မရောက်ရပါဘူးကွယ်"


ပွဲကတော်ကြီးက ကိုပြေသိမ်းကို ရင်းရင်းနှီးနှီးပင် နှုတ်ဆက်သည်။ ကိုပြေသိမ်းက အိမ်ထဲဝင်မထိုင်တော့ဘဲ ခဏတအောင့် နှုတ်ဆက်စကားဆိုပြီး ပြန်ဖို့ပြင်လေ၏။ ပွဲကတော် ဒေါ်မြမေက ကိုပြေသိမ်းပြန်ရန် စက်ဘီးတစ်စီး ငှားလိုက်သည်။ မအိမ်ကံနှင့် ကျေးဥလည်း အိမ်ထဲမ၀င်သေးပဲ ဒေါ်မြမေအနားရပ်နေခိုက် ကိုပြေသိမ်းက စက်ဘီးကို တွန်းလာခဲ့သည်။


"ကိုင်း သွားပါရော့ ကိုပြေသိမ်း၊ ကျေးဇူးတင်ပါရဲ့ရှင်။ ကျွန်မတို့ရွာဘက်လည်း ကြုံသယ့်အခါ အလည်လာခဲ့ပါ ဦးနှော"


မအိမ်ကံ၏ နှုတ်ဆက်သံကလေးက ကိုပြေသိမ်း အသည်းကို နင့်ခနဲ ဖြစ်သွားသည်ထင်ပါ၏။ မအိမ်ကံ ရှေ့မှာရပ်ရင်း ကိုပြေသိမ်းက ကြိုးစားပြုံးရင်း စကားဆိုလိုက်မိသည်။


မအိမ်ကံတို့ရွာကို ကျွန်တော်ရောက်အောင် လာဦးမှာပါ။ အဲသည်အခါကျမှသာ မသိဟန်ဆောင် မနေပါနဲ့ဗျာ။ မနက်ကျရင်လည်း ကျွန်တော်လာနှုတ်ဆက်ပါဦးမယ်။ ကိုင်း အားလုံးပဲ ပြန်ပါဦးမယ်ခင်ဗျာ"


ကိုပြေသိမ်း စက်ဘီးနဲ့ထွက်သွားတော့မှ မအိမ်ကံတို့လည်း အိမ်ထဲဝင်လာခဲ့ကြသည်။ ပွဲကတော်က အစ်ကိုနှင့် တွေ့ခဲ့ရရဲ့လား မေးသည်။ မအိမ်ကံက မနက်စောစောကပဲ ခရီးထွက်သွားကြောင်း ပြောပြလိုက်သည်။ ပွဲကတော်ကြီးက စိတ်မကောင်းဟန်ဖြင့် ငေးကြည့်နေ၏။


"မအိမ်ကံကလည်း အထည်ကိစ္စနဲ့ မြင်းခြံလာနေဦးမှာပါလေ။ တစ်ခါမတွေ့ တစ်ခါတွေ့ရမှာပေါ့။ အခုန မအိမ်ကံတို့ကို လိုက်ပို့တဲ့ မောင်ပြေသိမ်းက ကျောင်းဆရာလေ မအိမ်ကံ ရဲ့။ သည်ဘက်နယ်တွေမှာ အသင်အပြကောင်းတဲ့ သူငယ်ပဲ။ အခုက ကျောင်းပိတ်ရက်မို့ လာလေသလား မပြောတတ်ဘူး။ မိဘများကတော့ ထနောင်းတိုင်ဘက် နေကြတယ် ကြားဖူးတယ်"


အို ကိုပြေသိမ်းက ကျောင်းဆရာဆိုပါလား။ ကျောင်းဆရာတစ်ယောက်ကို ဆရာလေးလို့ မခေါ်မိဘဲ ကိုပြေသိမ်းလိုချည်း ခေါ်ခဲ့ရတာကို မအိမ်ကံ စိတ်မသန့်သလို ခံစားမိရသည်။ ထနောင်းတိုင်ရွာဆိုတာကို မအိမ်ကံ ကြားဖူးပါသည်။ ဘယ်ဆီမှာ ဆိုတာတော့မသိ။ ထိုညက မအိမ်ကံတို့စား သောက်ပြီးကြသည်နှင့် ခပ်စောစော အိပ်ရာဝင်ကြသည်။ အိပ်ရာဝင်ကြသည်ဆိုသော်လည်း မအိမ်ကံကတော့ တွက်ရ ချက်ရ၊ တေးရမှတ်ရတာနှင့်ပင် အချိန်လင့်ရသည်။ အားလုံး ပြီးပြီဆိုပါမှ ဘုရားရှိခိုးကာ အိပ်ရာပေါ် အသာလှဲသည်။


"မအိမ်ကံရယ် မြင်းခြံမြို့၊ မြင်းခြံမြို့နဲ့ တော်တော် ပြောကြသာလဲမပြောနဲ့။ စည်ကားလိုက်သာနော်။ အိမ်တွေ၊ လမ်းတွေကလည်း တကတဲ ရွာတန်းရှည်ကြီးကျလို့။ ရောက်ခါစ ခေါင်းထဲနောက်တောက်တောက်တောင် ဖြစ်မိသယ်။ အခု တော့လည်း ပျော်တောင်ပျော်သေး"


ကျေးဥလည်း အိပ်ပျော်ပုံမရ။ ကိုယ့်ရွာမဟုတ်လို့ မျက်စိကြောင်နေထင်ပ။


"ဒါဖြင့် ညည်း မြို့သားကို ယူဝံ့ပြီပေါ့၊ ဟုတ်လား ကျေးဥ"


"မြို့သားယူရင်တော့ တစ်သက်လုံး နောက်တောက် တောက်နေမှာပါ မအိမ်ကံရယ်"


"မြို့သားယူမိရင် ထုံးနဲ့လျက်ဆားတောင် ပွတ်ရှူဖို့ ဆောင်ထားရမလို ဖြစ်နေပါလားအေ။ ညည်းဟာက"


"မကလောက်ဘူး မအိမ်ကံရဲ့။ နှလုံးသည်းခြေငြိမ်အောင် ဆီးယိုပါဆောင်မှဖြစ်မှာ"


မအိမ်ကံနှင့် ကျေးဥတို့ မိန်းကလေးသဘာဝ ပြောကြရင်း ကျိတ်ရယ်ကြရသည်။ သူများမြို့ရွာမှာဆိုတော့ ရယ်တာတောင် စိတ်ရှိတိုင်းရယ်လို့မကောင်းပါ။ ဣနြေ္ဒမဲ့လှချည့် အထင်မခံနိုင်။ မိန်းကလေးတစ်ယောက်၏ တန်ဖိုးထဲမှာ အသံဟစ်ကာ ကျယ်ကြီးကျယ်လောင် မရယ်ရဆိုတာလည်းပါကြောင်း အမေပန်းရုံက သွန်သင်ထားသည် မဟုတ်လား။ အထူးသဖြင့် သူစိမ်းယောက်ျားကလေးတွေရှေ့မှာ အသံထွက်၊ မျက်ရည်စို့၊ ကိုယ်ကို ယိမ်းခါကာ မရယ်ရဟုလည်း ဆိုပါ၏။


ညနေက မြို့သားကတော့ ရိုးချင်သား။ ကျောင်းဆရာဆိုတော့ ပြီတီတီမရှိ။ သခင်ဆိုတော့ အစ်ကိုမောင်မြတ်သာတို့၊ ဆရာလေးကိုတောက်ထိန်တို့လိုပဲ နိုင်ငံရေးထဲမှာ ခေါင်းထိုးနေ တဲ့ လူတစ်ယောက်ပဲဖြစ်မယ် ထင်ပါရဲ့။ အစ်ကို့လိုတော့ ပုန်းလျှိုးကွယ်လျှိုးနေရ နေရသည့် သခင်ခေါင်းဆောင်တော့ ဟုတ်ပုံမရ။ လူပုံဖြူသန့်သန့်ပေမယ့် စိတ်ကတော့ ထက်မြက်ပုံရ၏။


ကျေးဥ အိပ်ပျော်သွားသော်လည်း မအိမ်ကံကတော့ လူတွေထဲ တိုးဝင်လာရပြီဖြစ်သော သူမဘ၀ကို တွေးနေမိသည်။ သူကြီးသမီးဆိုသော်လည်း တကယ်တော့ သူမပင်လျှင် တကယ့်တောသူကလေးတစ်ယောက်သာဖြစ်၏။ သူတို့ ရွာတွေမှာ ဝေးလှသည်မဟုတ်ပါပဲနှင့် မြင်းခြံမြို့ကို မရောက် ဖူးကြသူတွေအပုံ။ သူမဘ၀မှာတော့ အစစအရာရာ ပြည့်စုံပါ၏။ ဘာမျှမပူမပင် မကြောင့်ကြရပါပဲလျက်နှင့် မြင်းခြံလို မြို့ကြီးကို စတုတ်တိုက်ကာ ရက်ကန်းထည် စီးပွားရေးလုပ်နေရပြီ။ ဒါကလည်း သူမမှာ ရည်ရွယ်ချက်ရှိပါသည်။ ရွာက မိန်းမပျိုကလေးတွေ ဆင်းတောင့်ဆင်းရဲဘ၀မှ အဖတ်ဆယ် ချင်တာလည်း ပါသလို သူမ လုပ်အားခဖြင့် အစ်ကိုလုပ်နေ သော အလုပ်အတွက် တတ်စွမ်းသမျှ ပါဝင်လှူဒါန်းချင်တာ လည်း ပါပါ၏။


မအိမ်ကံမှာ ဘ၀အတွက် မပြည့်စုံသေးတာဆိုလို့ တစ်ချက်သာရှိသည်။ သူမ၏ ငယ်ဘ၀တစ်လျှောက်လုံး မက်ခဲ့ရတဲ့ အိပ်မက်။ သည်အိပ်မက်တော့ အပျက်မခံနိုင်ပါ။ ဖက်စိမ်း ကွမ်းတောင်ကို လက်ဖြင့် မပွေ့ရသရွေ့ ဘ၀ ၀န်မချတော့ပြီ လို့တောင် ရင်ထဲစွဲထားခဲ့သည်။ တစ်ဘ၀မှ တစ်လှူ၊ တစ်လှူ မှာ တစ်မနက် ကွမ်းတောင်ကိုင်ရသည်ဆိုလျှင် တော်ပြီ။


မအိမ်ကံတို့ အိပ်နေသည့်အခန်းထဲသို့ ပြတင်းဝမှတစ်ဆင့် လေပူကြီးတစ်ချက် ဝှေ့ရမ်းတိုးဝင်လာသည်။ ကျေးဥဆီက ဟောက်သံကိုပင် ကြားနေရပြီ။ မအိမ်ကံကတော့ တစ်မြို့ တစ်ရွာမှာ အိပ်မပျော်နိုင်သေး။ တောင်စဉ်ရေမရ အတွေးတွေကို လွှတ်လိုက်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ အိပ်မပျော်လေတိုင်း မအိမ်ကံအသိမှတ်နေကျ နှာသီးဖျားကလေးဆီ ထွက်လေ၀င်လေကိုပဲ အာရုံညွှတ်ထားလိုက်၏။ ခဏနေတော့ မအိမ်ကံ အိပ်ပျော်သွားခဲ့ပါသည်။

သည်မနက်တော့ မအိမ်ကံရော ကျေးဥပါ မနက်စောစော နိုးကြသည်။ ပွဲကတော်ကြီး ဧည့်ခံသော မနက်စာကို ကပျာကသီ စားကြကာ မြင်းခြံဈေးကို ပြေးကြရပါ၏။ ဈေး ထဲက အထည်ဆိုင်တစ်ချို့ကို စုံစမ်းကြည့်သည့်အခါ ပွဲကတော်ကြီး ဖြတ်သည့်ဈေးလောက်မရသဖြင့် ပွဲကတော်ကြီးတို့၏ သမာဓိနှင့် ရိုးသားမှုကို လေးစားမိရသည်။ မအိမ်ကံက ရက်ကန်းသုံးပစ္စည်း တော်တော်များများ ၀ယ်လိုက်သည်။ မဲခေါက်၊ မုန်သီး၊ ရုံးခေါက်၊ ဖလန်ခေါက်၊ နီပဆေး၊ ကျောက် ချဉ်မှုန့်ကအစ နိုင်ငံခြားက ၀င်သည်ဆိုသော ဆေးအနည်းငယ်စီကိုပါ ထည့်ဝယ်လာခဲ့သည်။ နိုင်ငံခြားဆေးဆိုးပုံ ဆိုးနည်းကိုပါ မေးမြန်းတီးခေါက်ပြီး စမ်းသပ်ကြည့်ရန်ဝယ်ခဲ့ခြင်းဖြစ်သည်။ ကျန်တာကတော့ ရွာမှာ အလွယ်တကူ မရနိုင်သည့် မီးဖိုချောင်သုံး ပစ္စည်းများ၊ စားဖွယ်သောက် ဖွယ်၊ ငါးခြောက်ရယ်၊ ငါးပိရယ် ဆိုသလို စုံစေ့အောင် ၀ယ်ရသည်။ မြင်းခြံ တစ်ခေါက်ရောက်ဖို့ရာက လွယ်တာမဟုတ်။ ပြီးတော့ ပရဆေး၊ ဆေးဝါး အနည်းအပါး ၀ယ်ရသည်။ ရွာဦးဆရာတော်ကျောင်းအတွက် လှူဖွယ်တန်းဖွယ်ကိုလည်း ဦးထိပ်ထားဝယ်ရသည်။ ပြီးတော့မှ မြင်းခြံကို တစ်ခေါက်တစ်ကျင်း ရောက်ရရှာသော ဖိုးတုတ် ညီအစ်ကိုနှင့် ကျေးဥတို့ အတွက် တစ်ခုခုကို ၀ယ်ပေးဖို့ သတိရမိ၏။


"ကိုင်း ကျေးဥတို့၊ ဖိုးကူးတို့ ဘာလိုချင်သတုံး။ မြင်းခြံ ဈေးရောက်တုန်း ရွေး ကြစမ်းဟဲ့"


မအိမ်ကံက မေးသော်လည်း သူတို့တစ်တွေ ဘာပူဆာတတ်မှာတဲ့လဲ။ တောမှာမွေး၊ တောမှာကြီးကြသူတွေပီပီ ရွာထွက် အထည်ဝတ်ပြီး ရွာထွက် အစားအသောက်နှင့်သာ ပြီးကြရရှာသူတွေ မဟုတ်လား။ မအိမ်ကံဝယ်သမျှ ပစ္စည်းတွေကို ခေါင်းရွက်နှင့် တစ်မျိုး၊ ပခုံးထမ်းနှင့်တစ်ဖုံ ကူကယ် ခေါက်ကယ်သယ်ပိုး နေကြရှာသော သူတို့ကို ကြည့်ကာ မအိမ်ကံ ကရုဏာသက်မိရပါ၏။ သည်တော့လည်း သင့်နိုးရာရာပစ္စည်းကို မအိမ်ကံကပဲ ရွေးချယ်ဝယ်ပေး လိုက်သည်။


"ကဲ ရော့ ဟောသာ ကျေးဥအတွက် ပရိုကိတ် လုံချည်။ ဖိုးတုတ်နဲ့ ဖိုးကူး ကတော့ ဘန်ကောက်ပုဆိုး တစ်ထည်စီ။ သည်တစ်ခါ ရွာအလှူကျရင် ငါ့မောင်တွေ ရှိုးထုတ်ရအောင်လို့တော်"


မအိမ်ကံက ဖိနပ်ကောင်းတစ်ရန်စီလည်း ၀ယ်ပေးလိုက်သေးသည်။ ရက်ကန်းရုံက အပျိုမတွေအတွက် မျက်နှာချေ တစ်ဖာဝယ်ခဲ့သည်။ မအိမ်ကံ ကိုယ်တိုင်ကတော့ ဘာမှမ၀ယ်ဖြစ်ခဲ့ပါ။ ဖိုးကူးကတော့ မအိမ်ကံဝယ်ကျွေးသော ကုလားမုန့် တွေကို စားရတာ ကျေနပ်နေတော့၏။ မအိမ်ကံတို့လှည်းတွေ ဈေးကပြန်လာတော့ နေကြီးတောင် အတော်မြင့်နေပြီ။ ပွဲ ကတော်ကြီးနှင့် ငွေပေးငွေယူ စာရင်းအပ်၊ စာရင်းယူလုပ်ကြ ပြီးသည့်နောက်မှာတော့ ဆွမ်းစားချိန်ပင် ကျော်လုပြီ။ ပွဲကတော်ကြီးက ထမင်းတောင်း၊ ဟင်းတောင်း ခရီးစာ ထည့် ပေးနေသည့်အပြင် အိမ်မှာပါ ကျွေးလိုက်ဖို့ ပြင်နေလို့ မအိမ်ကံ က ဇွတ်တားရသည်။
"တော်ပါပြီ ဒေါ်ဒေါ်ရယ်။ ဈေးကလည်း ဈေးမုန့်တွေ စားခဲ့ကြပါသယ်။ ဆာလည်းမဆာကြသေးပါဘူးရှင်။ ထမင်း ထည့်ပေးလိုက်သာ ကျေးဇူးများလှပါပြီ။ မြို့မှာ စောင့်ရှောက် သဲ့အကြောင်းလည်း မိဘနှစ်ပါးကို မအိမ်ကံ ပြောပြမှာပါ။ ငွေကျေချေပေးလိုက်လို့လည်း ကျေးဇူးကြီးလှပါရဲ့"


ဘာပဲဖြစ်ဖြစ် နွားတွေ နေပူမှာကို သိသော်လည်း ညနေ ရွာဝင် မိုးမချုပ်ချင်။ ခရီးဆိုတာ မထင်မှတ်ဘဲ ထောက်တတ်တာမျိုးကလည်း ရှိသေးတာ မဟုတ်လား။ မအိမ်ကံတို့ လှည်းသုံးစီး ပွဲရုံရှေ့မှာ တန်းမိပြီ။ လူအုပ်ကတော့ တောင့်ပါ၏။ မအိမ်ကံကတော့ တစ်ယောက်ယောက်ကို မျှော်နေမိသေးသည်။ မနေ့ညက ကျွန်တော်လာခဲ့ပါဦးမည်ဆိုသည့် ကိုပြေသိမ်းကို ရိုးရိုးရိပ်ရိပ်သော်မှမမြင်။ လှည်းတွေ ထွက်လာကြပြီ။


"ဒေါ်ဒေါ် သွားပြီနော်"


"သွားကြရော့ ဘေးကင်းပါစီ။ လာလမ်းသာလို့ ပြန်လမ်း ချောကြပါစီရှင်"

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ
e
m
o
h
e
v
o
l
y
m
m
o
r
f
e
m
o
c
l
e
w