Thursday, October 15, 2009

မအိမ့်ကံ(6)

မအိမ်ကံ (june) 2008

သည်တစ်ဒင်္ဂအတွင်း မအိမ်ကံ၏ခံစားမှုမှာ နွေးအိသော အထိအတွေ့အာရုံကို သိလိုက်ခြင်းဖြစ်ပါသည်။ သူမတစ်ကိုယ်လုံးလေထုထဲ မြောက်တတ်သွားရာက လေဟာနယ်ထဲမှာ အသည်းတအေးအေး ပြုတ်ကျသွားသလို ခံစားနေရပြီး ရင်တွေကလည်း တလှပ်လှပ် ခုန်လာခဲ့ခြင်းဖြစ်၏။ မိန်းကလေး ဗီဇသဘာဝ ရင်ကို လက်နှစ်ဖက်ယှက်လိုက်ရင်း ကာထားလိုက်မိတာကိုလည်း မျက်တစ်ခတ်အတွင်းမှာ သိလိုက်ပါ၏။ မအိမ်ကံ သတိမထားမိ လိုက်သည့်အရာမှာ တဲပျက်တံခါးဝမှာ ရှိနေသော ဒဂကျော် (တံခါးကျော်)မြေတစ်ဝက်မြုပ် ၀ါးလုံး ဖြစ်သည်။ မြေစိုင်ခဲမဟုတ်။ အရင်က သည်တဲကလေးကို သေသေသပ်သပ် ဆောက်ထားခဲ့ပုံ ပေါ်ပါသည်။ အဆင်းစောင့်တဲတွေလို အမိုးမိုး အကာလေး ဖက်ချထားတာမျိုးမဟုတ်။ ကဲလားထောက် ပြတင်းတွေပါ ပါအောင်ဆောက်ထားသည့် လူနေတဲကြီးတစ်တဲ ဖြစ်ခဲ့ဟန် တူပါ၏။

မအိမ်ကံ ဟန်ချက်အပျက်မှာ သာအောင်က လက်တစ်ဖက်ဖြင့် ထိန်းလိုက်သဖြင့် ကျေးဇူးတင်လိုက်မိသော်လည်း မခံချင်စိတ်ကလေးကလည်း ဖျင်းခနဲ ပါလာခဲ့သေးသည်။ သို့သော် မအိမ်ကံက စိတ်ကိုချက်ချင်းလိုလို ထိန်းလိုက်နိုင်၏။ သာအောင်သာ လှမ်းမဖက်လိုက်လျှင် ရှေ့ကိုဟပ်ထိုးလဲဖို့သာ ရှိတော့သည်။ မအိမ်ကံ ရင်ခုန်တာ မပျောက်ချင်သေး။ ရင်ထဲမှာ မောတောဆို့တို့ ကတုန်ကယင်ကြီး ဖြစ်နေသည်။


“မအိမ်ကံက ဒဂကျော်တန်းကို မမြင်လိုက်ဘူး ထင်တယ်။ လဲမှာစိုးလို့ပါ မအိမ်ကံ။ အားနာပါသယ်ဗျာ”

သာအောင်ကလည်း အကြေကြေအမွမွ ဖြစ်သွားသော သူ့စိတ်ကို ပုံမှန်ရောက်အောင် ပြန်စုစည်းနေရပုံပေါ်သည်။ ဖက်ထားသည့်လက်တွေကို ချက်ချင်းဖြေလျှော့ပေးလိုက်ပါ၏။ တောင်းပန်နေသော အသံကလည်း ပကတိရိုးသားမှု ဆိုတာ မအိမ်ကံ သိပါ၏။ သာအောင်က သူမသာ ကြားနိုင်သောအသံဖြင့် ပြောနေခြင်း ဖြစ်သည်။ မအိမ်ကံ အော်လိုက်သော “အို... အမေ့”ဆိုသည့်အသံကကော ကွင်းထဲကို ရောက်သွားလေသလား။ ဘယ်သူတွေများ ကြားသွားပါလိမ့်။ မအိမ်ကံမှာ သူ့နှလုံးခုန်သံကို ပြန်ငြိမ်အောင် ကြိုးစားနေရခြင်းနှင့်အတူ အထိတ်တလန့် ဖြစ်နေခဲ့သည်။ ရွာပြင်ကွင်းကျယ်ထဲက တဲအိုတဲပျက်ကြီးတစ်လုံးထဲမှာ ဆွေမတော် မျိုးမစပ် ရွယ်တူ သူစိမ်းယောက်ျားကလေးတစ်ယောက်နှင့် သည်လို လာတွေ့မိခြင်းသည်ပင် အမှားဖြစ်ကြောင်း မအိမ်ကံ သတိထားမိလိုက်သည်။

တဲအပြင်ဘက်ဆီက ကျေးဥ၏သီချင်းညည်းသံ ခပ်ထွေးထွေးကလေး ကြားနေရဆဲ။ လူရိပ်လူယောင်ရှိသည် ဆိုသည့်သဘောဖြင့် ကျေးဥသီချင်းညည်းနေခြင်း မဟုတ်လား။ သာအောင်နှင့် မအိမ်ကံက ပ၀ါတစ်ကမ်းစာ အဝေးမှာ ငြိမ်နေကြသော်လည်း တစ်ယောက်ကိုတစ်ယောက် မလုံမလဲ ကြည့်နေကြသလိုရှိပါ၏။ ပဲရိတ်နေကြသူတွေဆီက ၀ူးထိုးသံ၊ အော်ဟစ်မှာကြားသံ၊ သီချင်းဆိုသံ၊ တဟားဟားရယ်သံတွေ ကြားရလေ မအိမ်ကံ မျက်နှာကလေးမှာ သွေးမရှိလေ။ ကိုယ့်ကိုယ်ကိုလည်း ဘာကိစ္စ သည်လောက်တောင် အတင့် ရဲမိပါလိမ့်လို့ အပြစ်တင်မိသေးသည်။ သီချင်းဆိုသံတစ်သံ ဆိုလျှင်သည်တဲနှင့် မဝေးလှရော့သလား။ အသံကြားနေရတာကပင် ဝေးလှပုံမပေါ်ပါ။

“နေခြည့် နေခြည်ငယ်လေ နေခြည်ကထိုးသနဲ့... ရွှေပြည့်ရွှေပြည် ရွှေပြည်စိုးတွေက... တောင်ဗွေတရိုးမှာခင် ရယ် ခေါင်ရွှေဖိုးတွေသာလှပါ... ဂန္တာ့ ဂန္တာ ဂန္တာလမ်းမှာလ မြန်စွာ့ မြန်စွာ မြန်စွာ မြန်စွာ လှမ်းပါရ... ပေါက်စကလေး တွေက ယောက်ခွေးခေါ် ပန်းထိမ်ငှက်ကယ် တူနှယ်သံသာ လှပါ...”

သာအောင်က ပြောစရာ စကားမရှိသလို တွေတွေကြီး ရပ်နေပါ၏။ မအိမ်ကံက တွေ့လိုပါသည်ဆိုလို့သာ လာခဲ့ရသော်လည်း သာအောင်ကိုယ်တိုင်က ဇဝေဇ၀ါ။ အခုလည်း မအိမ်ကံ စကားကျကို စောင့်နေခြင်းသာဖြစ်၏။ တွေ့ချင်လှသူက နှုတ်ဆိတ်နေသည် မဟုတ်လား။ မအိမ်ကံက နှလုံးကလေး ငြိမ်ပြီဆိုတော့မှ ခါးထဲထိုးထည့်လာသည့် အိတ်ရှုံ့ထုပ်ကို နုတ်ယူလိုက်သည်။ သာအောင်ကို လှမ်းပေးသည်။ သာအောင်က အိတ်ကိုတစ်လှည့် မအိမ်ကံကို တစ်လှည့်ကြည့်ရင်း နားမလည်ဖြစ်နေပုံရ၏။ မအိမ်ကံက မျက်နှာကလေး တည်လိုက်ပြီး တိုးတိုးကလေး ပြောလိုက်သည်။

“အစ်ကိုနဲ့ ဘယ်မှာတွေ့သာလဲ”

သာအောင်က အခုမှအကြောင်းရင်းကို သဘောပေါက် သွားဟန်ဖြင့် စိတ်ကလေးနူးသွားပုံ ရသည်။ သူကလည်း လေသံဖြင့် ပြောသည်။ သည်တဲထဲမှာ သိပ်ကြာကြာနေလို့ မကောင်းနိုင်မှန်း သူလည်းသိပုံရ၏။

“မြင်းခြံပဲ ရောင်းရင်းရောက်ခဲ့သာ။ ဆရာကြီးဦးဘခင် အိမ်ဝင်မေးတော့ ရှိသယ်ဆိုသာနဲ့ ကျုပ်ရောက်သွားသာပါ။ ရန်ကုန်မှာလိုလို၊ မြင်းခြံမှာလိုလိုဆိုတော့ ကျုပ်လည်း ကံစွပ် ကံညား သွားမေးရသာပဲ။ သခင်မြတ်သာရှိသယ်ဆိုတော့ ၀မ်းသာရပုံများ။ စာနှစ်စောင် ရေးပေးလိုက်သာ စောင့်ယူခဲ့သယ်။ ဆရာလေး ကိုတောက်ထိန်အတွက် စာတစ်စောင်နဲ့ မအိမ်ကံအတွက် စာတစ်စောင်။ မှာချင်သာရှိရှိ၊ လူကြုံပါစရာ ရှိရှိ ကျုပ်ကိုပဲ ပါးလိုက်ဖို့လည်း မှာလိုက်သယ်”

“မြင်းခြံကို ဘယ်တော့သွားမှာလဲ”

“မအိမ်ကံပါးရမယ့် ကိစ္စက အရေးကြီးရင် ကျုပ်က သွားရုံပေါ့။ သခင်မြတ်သာက ကနေ့ရှိပေမယ့် နောက်တစ်နေ့ ရှိချင်မှရှိသာဆိုတော့ မြန်မြန်တော့သွားမလားလို့”

သာအောင်က မအိမ်ကံကို မကြည့်ဘဲ မအိမ်ကံခလုတ် တိုက်လိုက်သည့် တံခါးကျော်ဝါး မမြုပ်တစ်မြုပ်ကို ကြည့်ရင်း ပြောနေခြင်းဖြစ်သည်။ မအိမ်ကံကတော့ သာအောင့်ကိုပဲ ကြည့်နေခဲ့သည်။ အသားမညိုမရော်၊ မျက်လုံးမျက်ဖန် ကောင်းကောင်းနှင့် လူပုံရိုးရိုးဖြစ်၏။ အစ်ကိုမြတ်သာက ယုံကြည်လို့သာ နှမအပျိုဆီ လွှတ်လိုက်သာပဲ ထင်ပါရဲ့။

“အဲသာလေး အစ်ကို့လက်ထဲရောက်အောင် ဆောင်ကျဉ်း ပေးဖို့ပါပဲ။ ဒါထက် အစ်ကို ဘာတွေလုပ်နေသာလဲ ကိုသာအောင် သိသလား”

“သူကတော့ တိုင်းရေးပြည်ရေးလောက် ခေါင်းထဲရှိသာပါပဲ။ ဘာလုပ်နေသလဲတော့ ပြောဖို့ခက်သားပဲ”

ဒါလည်းဟုတ်ပေသား။ အစ်ကို့မိရင်းဖရင်း မိသားစုကတောင် မသိနိုင်တဲ့ကိစ္စ သူစိမ်းတစ်ယောက်က သိဖို့ဆိုတာ ခက်ရော့မည်။ သာအောင်က အိတ်ရှုံ့ကလေးကို ကြည့်ရင်း ဘာတွေလဲလို့ မေးချင်ပုံရသော်လည်း နှုတ်ကတော့ ဖွင့်မမေးပါ။ မအိမ်ကံကပဲ စလှုပ်လိုက်သည်။ တော်လောက်ပြီ။ သည့်ထက်ပိုနေလို့လည်း မကောင်းနိုင်တော့ပြီ။ သို့သော် မအိမ်ကံတစ်ခုတော့ စဉ်းစားသည်။ အထဲမှာ ရွှေစတွေပါသည်။ ယူသွားသူကလည်း စိတ်ရနံ့ကင်းဖို့လိုသည်လို့ စဉ်းစားမိသည်။

“တဆိတ် အိတ်ရှုံ့ကလေးကို ဖွင့်ကြည့်လိုက်ပါဦး။ ကျုပ်ပေးလိုက်သဲ့ ပစ္စည်းကလေးတွေ သိစေချင်လို့ပါ” အိတ်ရှုံ့ကိုဖွင့်သည်။ အထဲက လက်ကိုင်ပ၀ါနှင့် ထုပ်ထားသော အထုပ်တစ်ထုပ် ထွက်လာသည်။ အထုပ်ကို အသာဖြေလိုက်တော့ လက်ကောက်နှစ်ရန်နှင့် စာတစ်စောင်။ သည် တော့မှ မအိမ်ကံကို မော့ကြည့်သည်။ အံ့သြသွားပုံလည်းရသည်။

“တို့ဗမာအစည်းအရုံးကို လှူဖို့ထင်ပါရဲ့။ ကျုပ်လည်း ပဲရောင်းရသဲ့ငွေကလေးထဲက ဖဲ့လှူခဲ့သေးတယ်။ မများပါဘူး။ တော်တော်ကလေး လှူကြသယ်လို့ကြားသယ်”

အစ်ကိုလုပ်နေသမျှ သာအောင် သိပုံတော့ပေါ်၏။ မအိမ်ကံ စိတ်ချလက်ချရှိရပြီ။ သာအောင်ပင် အစ်ကို့အလုပ် တွေကို သိနေသည်မဟုတ်လား။ မအိမ်ကံကတော့ အစ်ကိုက လှူပါဆိုလို့သာ လှူလိုက်ခြင်းဖြစ်၏။ အစ်ကို့ကို ရွာလာခဲ့ဖို့ မှာလိုက်ရင်ကောင်းမလား။ ဖြစ်နိုင်မည်မထင်ပါ။ လာလို့ရရင် လာမှာပေါ့။ အဖေတို့ အမေတို့ကို အစ်ကိုလည်း တွေ့ချင်ရှာမှာပေါ့။ အခွင့်မသာလို့သာ မလာတာနေမှာပါလေ။

“အစ်ကို ကျန်းကျန်းမာမာ ရှိရဲ့မဟုတ်လား”

“ကျန်းမာပါရဲ့”

“သည်စာသွားပေးလို့တွေ့ရင် ရွာဘက်များလှည့်ခဲ့ပါဦး လို့ ကံကလေးကမှာလိုက်သယ်ပြောပါ။ တွေ့လည်းတွေ့ချင်ပါရဲ့။ မျှော်လည်းမျှော်မိပါရဲ့”

“တွေ့ရင်တာ့ ပြောလိုက်ပါ့မယ်။ ကျုပ်အထင် သူလည်း မြင်းခြံမှာ ကြာရှည်ကြာမိုးနေမယ့်ပုံတော့ မရဘူး။ အင်္ဂလိပ် ပုလိပ်တွေက သခင်တွေကို အကဲခတ် စောင့်ကြည့်နေကြသာတဲ့။ ဆရာကြီး ဦဘခင်တော့ ရှိမှာပါ”

မအိမ်ကံက ထရံပျက်ကျိုးတိုးကျဲတဲကြားက ဘေးဘီကို အကဲခတ်ရင်း ချောင်းကြည့်သည်။ လူသူလေးပါးရယ်လို့ တော့မတွေ့။ သီချင်းသံတွေ၊ အော်ဟစ်သံတွေတော့ ငြိမ်နေပြန်ပါ၏။ ချဉ်ပေါင်ခင်းစပ်က ကျေးဥသီချင်းသံ ပေါ်လာ ပြန်လေသည်။

“သစ်ပုလွေ တောင်သလဲရယ်နှင့် နရွဲပင်ကြောင်လျှာ... ပျဉ်နှင့်ထောက်ရှာ ရှုတိုင်းရယ်သာ မာလကာနဲ့ကနစိုး... တော သရက်ကယ်နှင့်... အလိုတော်... တောသရက်ကယ်နဲ့ ရောယှက်ကာ ရှောက်ချိုနှောက်ပြန်ရတယ်... သီးမောက်လို့ ဖြိုး ... အိုး... ဟို...”

ကျေးဥဆိုလိုက်သည့် သီချင်းသံက ပိုသည်ထက် ပိုကျယ်နေပါရော့လား။ မအိမ်ကံပင် ချွေးကလေးစို့သွားခဲ့သည်။ အပြင်ကို မထွက်နဲ့ဦးလို့ ပြောနေမှန်း မအိမ်ကံ သိနေတော့ ကိုယ်ကလေးကိုပင် ကျုံ့ထားမိ၏။ တစ်ယောက် ယောက်တွေ့လို့ကတော့ မီးလောင်နိုင်သည်။ “ဘာတဲ့ဟဲ့... ဘယ်လိုတဲ့ဟဲ့”ဆိုသည့် စကားတွေ ပြန့်ကားသွားလျှင် စာရိတ္တ ကိုပင် ထိခိုက်နိုင်တာ မဟုတ်လား။ ရွာရပ်က မအိမ်ကံကို ခပ်ရှုပ်ရှုပ်ထဲကပါအေလို့ အထင်ခံလိုက်ရရင်တော့လား ကွမ်းထောင်ကိုင်ဖြစ်ဖို့ ရည်မှန်းထားသမျှ သဲထဲရေသွန် ဖြစ်ရတော့မည်။ သာအောင်ကတော့ အထုပ်ကို ပြန်ထုပ်ပြီး နှင့်ပြီ။ သူကတော့ သိပ်များများစားစား စဉ်းစားနေပုံမျိုး မရှိ။ သူ့ခမျာ မအိမ်ကံ မရောက်ခင်ကလည်း စောင့်နေခဲ့ရသည်။ အခုလည်း တဲထဲအောင်းနေရတာကြာပြီ။ ပြန်ချင်ရှာရော့မည်။ ပြန်လို့ မဖြစ်ပါ။

“မထွက်လိုက်နဲ့နော်။ ကျေးဥ သီချင်းဆိုနေသာက လူရှိသယ်လို့ ပြောနေသာရယ်။ ကျုပ်တော့ ကျေးဥ သီချင်းသံ တိတ်မှထွက်ဝံ့မှာပဲ။ ကိုသာအောင် နေခဲ့ဦးနော်”

သာအောင် မအိမ်ကံကို ငေးကြည့်နေခဲ့သည်။ သနပ်ခါး ရေကျဲကလေး လူးထားတော့ မျက်နှာကလေးက ၀င်းဝင်းစက်စက်။ ရွာရက်ကန်းကျအထည်ကို ၀တ်ထားသော်လည်း အချိုးအဆက်ကျသူ ကလေးဆိုတော့ ကြည့်လို့ကောင်းလှပါ၏။ ကျေးဥက သီချင်းကို ပြန်ပြန်ကျော့နေပြန်တော့ နှစ်ယောက်စလုံး မထွက်သာ။ ဘူးပင်ကြီးနွယ်တက်နေသော တဲစောင်းစောင်းကြီးက အတန်အသင့်တော့ လုံခြုံပါ၏။ မြွေပါးကင်းပါးကြောင့် သည်အထဲ ၀င်ကြသူရှိပုံမရ။ ကျေးဥ အသံတိတ်သွားခဲ့ပြီ။ အပြင်မှာ အခြေအနေကောင်းပုံရပြီ။ မအိမ်ကံက ထရံကြားက မြင်သလောက် ချောင်းကြည့်ပြန်၏။

“ကျေးဥ သီချင်းသံ မကြားတော့ဘူး။ ကျုပ်အရင်ထွက် လိုက်မယ်နော်။ မအိမ်ကံတို့ ရွာခြေလောက်ရောက်မှထွက်ပါ။ နေလို့ဖြစ်ကဲ့ မဟုတ်လား”
“ဖြစ်ပါတယ်”

“ပစ္စည်းတွေသာ ရောက်အောင်ပို့လိုက်ပါတော့။ ကျုပ် သွားမယ်နော်”

မအိမ်ကံက မြွေတစ်ကောင်လို လျှောခနဲ ထွက်လာခဲ့သည်။ ကျေးဥက ချဉ်ပေါင်ခင်းဘေးရပ်ရင်း မအိမ်ကံကို မြင်တော့ လက်ရိပ်ပြ၏။ မအိမ်ကံ ဣနြေ္ဒကလေးနှင့်ပင် ကျေးဥဆီ မလှုပ်တလှုပ် လျှောက်လာခဲ့သည်။ သည်လို လျှောက်တာကလည်း အမောတကော အပြေးအလွှား အမူ အယာ မပြချင်လို့ ဖြစ်၏။ ကျေးဥကလည်း စိုးရိမ်နေပုံရသည်။ နှစ်ယောက်သား ခြေဖျားလက်ဖျားကလေးတွေများအေးလို့။

“ကြာလိုက်တာ မအိမ်ကံရယ်။ ငါဖြင့် လူကြည့်ရသာနဲ့ ဇက်လည်လှပြီ။ နောက်များတော့ တန်ပါ့။ ဒါမျိုးများတော့ တော်ပါပြီအေ”

“ညည်းသယ်လာသဲ့ ဇာတ်ထုပ်ပဲ ကျေးဥရယ်။ ကိုင်း သွားကြစို့။ နေစမ်းပါဦး သီချင်းကလည်း ဆိုလိုက်ရသာ။ လူတွေ့သာကော ဟုတ်ရဲ့လားအေ”

“ငါက အလကားနေရင်း ဆိုပါ့မလားအေ။ တဲအနားဆီတော့ လူမလာပါဘူး။ မသန်းခင်တို့ အကွက်ဘက်မှာ နွားစာရိတ်သူတွေရှိသယ်ဟဲ့။ ဘယ်သူမှတော့ ရိပ်မိကြပုံမရပါဘူး။ စိတ်ပူလိုက်သာအေ ညည်းနှယ်”

နှစ်ယောက်သား ထွက်လာခဲ့ကြသည်။ လမ်းမှာသည် ကနေ့ ကြုံရပုံတွေ ပြောကြရင်း ခိုးခိုးခစ်ခစ် ကျိတ်ရယ်ကြရပါ၏။ မအိမ်ကံကတော့ ရင်ခုန်မပျောက်သေး။ အဖေတို့ အမေတို့ သာ သိလိုက်လို့ကတော့ နောက်များ ဘယ်တော့မှ ခြံဝိုင်းတိုက်ထဲကထွက်ရမှာမဟုတ်။ အစ်ကို့အတွက် စွန့်စားရသော်လည်း သည်အလုပ်မျိုး နောက်ဘယ်သောအခါမျှ မလုပ်တော့လို့လည်း မအိမ်ကံတွေးခဲ့ပါ၏။ ကျေးဥက မထင်သောစကားကို ဆိုပြန်လို့ နွေးခနဲဖြစ်ရပြန်သည်။

“ငါက ရီးပန်းရုံကို မပူဘူးတော့်။ သာအောင့်အမေ ကြီးတော်စံရွှေကိုပူသာ။ သည်မိန်းမကြီးက သူ့သားတွေနဲ့ ပတ်သက်ရင် ဘယ်သူ့မှ မျက်နှာထောက်သာမှုတ်ဘူး။ မအိမ်ကံကို အပြောခံရမှာပဲစိုးသာ”

မအိမ်ကံတို့ ၀ိုင်းတိုက်ထဲရောက်တော့ အမေပန်းရုံတို့ပင် မျှော်နေကြပြီ။ မအိမ်ကံကို ယုံကြည်တော့ အမေပန်းရုံက ဘာမှတော့ မပြောရှာပါ။ ကြာတာတော့ ကြာခဲ့သည် မဟုတ်လား။ မလှအုံကတော့ ကျေးဥကို ဗျစ်တောက်ဗျစ်တောက် လုပ်သည်။

“ညည်းတို့ နွားချေးကျင်းထဲများ ကျရော့လားလို့အေ။ နွားဇငုတ်ခူးထွက်သွားလိုက်ကြသာ ဆဒ္ဒန်ဆင်မင်းရှိသဲ့ တောကို သောနုတ္ထိုရ် သွားသလို ဖြစ်နေပြီ”
“တစ်ညွန့်ချင်း စစ်စစ်ပေါက်ပေါက် ဆိတ်ရသာ ဒွေးလှအုံရဲ့။ ကွင်းထဲရောက်တုံး အခင်းတွေဘက်လည်း ကြည့်ရ သေးသာ”

“စိတ်ပူလို့ ပြောရသာအေ့။ ကိုင်းပေးစမ်း။ စပ်ချဉ် ကလေးချက်ပြီး ပဲရေပွကလေးနဲ့ ဖက်ရအောင် ညည်းအဖေ သူကြီးတော့ အကြိုက်ပေါ့အေ”

အမေပန်းရုံကို မြင်တော့ မအိမ်ကံပို၍ပင် ၀မ်းနည်းမိရပါ၏။ အမေပန်းရုံက မအိမ်ကံကို ယုံကြည်သလောက် အားလည်းကိုးသည်။ အိမ့်လုပ်ငန်းဆောင်တာတွေကို လွှဲပေးနေပြီ။ အသက်ကလေးလည်း ရရှာပြီ။ သူကြီးကတော် ဆိုသော်လည်း စီးစီးပိုးပိုးမရှိ။ ဘယ်သူ့ကိုမှ မောက်မောက် မာမာ မရှိ။ သူတကာ အိမ်ထောင့်ရှင် ရွာသူတွေလိုသာ နေထိုင်ကျင့်ကြံ ပြောဆိုသူဖြစ်ပါ၏။ မအိမ်ကံမှာ အမေမသိအောင် လုပ်ခဲ့မိသည့်အတွက် အပြစ်ရှိသလို ခံစားလာရသည်။ သာအောင်နှင့်တွေ့ခဲ့ပုံကို ပြောမဖြစ်သော်လည်း အစ်ကိုမောင် မြတ်သာပေးလာသော စာအကြောင်းကိုတော့ အခါသင့်လျှင် ပြောဖို့ စိတ်ကူးလိုက်သည်။

“ကိုင်း ကိုင်း ရေမိုးချိုးကြ။ ကျေးဥ ညည်းအိမ်ခဏ ပြန်ချင်ပြန်ဦးလေ။ မှောင်မှလာခဲ့။ သည်ကျမှထမင်းစား”

“မပြန်တော့ဘူး အရီး”

“အေးအေး ညည်းသဘောပါ”

မအိမ်ကံနှင့် ကျေးဥ ရေတွင်းကုန်းဘက်ဆီ ထွက်လာ ခဲ့ကြသည်။ ရေတွင်းကုန်းစပ်မှာ ပေါက်နေသော ကံ့ကော်ပင်ကြီး အဖူးတွေစီနေပြီ။ မအိမ်ကံကတော့ အရွက်သေးသေး ချွန်ချွန်ကလေးတွေကြားက ပွင့်လာတတ်သည့် ကံ့ကော်ပွင့် ကလေးတွေကိုပဲ မျှော်နေမိတော့သည်။

၁၇။
ဇောင်ချမ်းကုန်း ဘုန်းကြီကျောင်းဘေးက သစ်ပင်ရိပ်မှာ ဆရာတော်က ကုလားထိုင် တစ်လုံးဖြင့်ထိုင်ကာ တော်သလင်းလ အပူဒဏ်ကို ရှောင်လျက်ရှိ၏။ ကျောင်းပေါ်မှာ မနေနိုင်သဖြင့် အောက်သို့ ဆင်းကာ သီတင်းသုံးနေခြင်း ဖြစ်သည်။ ထိုစဉ်မှာလည်း ကြည်တော်ကုန်းရွာက ဆရာလေး ကိုတောက်ထိန် ကျောင်းဝင်းအတွင်း ၀င်လာကာ ဆရာတော်ခြေရင်းမှာ ပျဝပ်ရင်း ၀တ်ဖြည့်သည်။

“မြို့က သတင်းစာဟောင်းတွေ လူကြုံနဲ့ပါးလိုက်လို့ လာလှူတာပါ ဘုရား”

ဖျင်တဘက်တစ်ထည်ဖြင့် ပတ်ယူလာသော သတင်းစာ အဟောင်းထုပ်ကြီးကို ဆရာတော်လက်ရောက် ကပ်လိုက်သည်။
“ဘယ့်နှယ့်တုံး ဒကာတောက်ထိန်ရဲ့။ ကျောင်းဖွင့်ရသာ အဆင်ချောရဲ့လား။ ကလေးတွေ ကျောင်းတက်ကြရဲ့လားကွယ့်”

“တိုင်းရေးပြည်ရေးကြောင့် ထင်ပါတယ်ဘုရား။ ကျောင်းသားဦးရေက ထင်သလောက် မရှိပါဘုရား။ တပည့်တော်တို့လည်း မြင်းခြံက လူကြီးတွေကို သည်လိုဖြစ်နေတာတော့ ပြောထားပြီးပါပြီ။ ရှိသလောက်နဲ့ ဖွင့်ပါဆိုလေတော့ တပည့်တော်တို့လည်း ဖွင့်ရတာပါပဲဘုရား”

“သတင်းစာဟောင်းကလေးတွေ လာပို့သာတော့ ၀မ်းသာသကွယ်။ ဒါ့ထက် အခြေအနေ အကျိုးဘယ့်နှယ် အကြောင်းဘယ်နှယ့် ရှိသတုံးဒကာရဲ့”

သခင်တောက်ထိန်က သည်နှစ်ထဲမှာ ဖြစ်ပျက်သမျှ အကြောင်းအရာတွေ လျှောက်ထားသည်။ ဥရောပနိုင်ငံတွေ ဘက်ဆီမှာ ကမ္ဘာစစ်ဖြစ်နေကြောင်း၊ ဂျာမန်တွေက ပိုလန် ပြည်ကို ၀င်ရောက်တိုက်ခိုက်ရာက ဒုတိယကမ္ဘာစစ်မီးထ တောက်နေပြီဖြစ်ကြောင်း၊ မြန်မာပြည်မှာလည်း အလုပ်သမား တွေ၊ လယ်သမားတွေ တစ်စခန်းထကြကာ နိုင်ငံရေးအရ အင်္ဂလိပ်ကို အခြေပျက်အောင် နှဲ့နေကြကြောင်း၊ မန္တလေး မြို့သူမြို့သား တစ်သိန်းကျော် စုရုံးချီတက်သည်ကို အင်္ဂလိပ် စစ်ပုလိပ်က ပစ်ခတ်ကြောင်းတွေပါ၏။

“နို့ ဥရောပမှာ စစ်မီးထတောက်နေပြီဆိုတော့ ဥရောပ ဆိုသာ ဘယ်ဆီမှာတုံးကွယ့်”

“တင်ပါ့ ဥရောပဆိုသာ ဝေးပါသဘုရား။ တပည့်တော်တို့ရဲ့ အနောက်ဘက်ဆီ ပင်လယ်ခြားနေတဲ့ အရပ်ပါပဲဘုရား။ အခုအင်္ဂလိပ်တွေဟာလည်း ဥရောပထဲက တစ်နိုင်ငံပါပဲ။ ဥရောပဆိုတာထဲမှာ ပြင်သစ်တို့၊ ဂျာမနီတို့လည်း ပါပါသ ဘုရား”

“တို့ ရွာတွေဘက်ဆီကို ရောက်လာနိုင်သလား”

“အကြောင်းဆက်စပ်ရင်တော့ စစ်ဆိုတာ ဝေးတယ် နီးတယ် မဟုတ်တော့ပါဘုရား။ ရောက်လာနိုင်ဖို့တော့ များနေပါပြီ”

“အင်း မကောင်းသူထိပ် ကောင်းသူထိပ်ပေါ့လေ”

ဆရာတော်က သက်တော်ရလှပြီဆိုသော်လည်း တိုင်းရေး ပြည်ရေးမှာ စိတ်အားထက်သန်တော်မူရှာသည်။ သိတန် သလောက်လည်း သိတော်မူပါ၏။ သို့သော် တရားဓမ္မနှင့် ပျော်မွေ့ရသူတွေအဖို့ တရားဓမ္မကိုသာ လက်ကိုင်ထားရသည်။ မတရားမှုအဓမ္မကို မကြိုက်တာ သဘာဝကျပါ၏။

“တပည့်တော်ကို ပြန်ခွင့်ပြုပါဦးဘုရား”

“အို ဒကာကလည်း မြန်လှချည့်။ ထမင်းကလေး ဘာလေးစားသွားဦးမှပေါ့”

“မစားတော့ပါဘူးဘုရား။ တပည့်တော် မအိမ်ကံဆီလည်း ၀င်စရာရှိသေးလို့ပါဘုရား”

“မအိမ်ကံ”

“တင်ပါ့ သခင်မြတ်သာက စကားကြုံပါးလိုက်လို့ပါ ဘုရား”

“အော် အင်း ဟုတ်ပါပြီလေ”

ဆရာတော်ကို ၀တ်ဖြည့်ကာ ဆရာလေးကိုတောက်ထိန် ရွာလည်က သူကြီးအိမ်ဘက်ကို လျှောက်ခဲ့သည်။ လမ်းမှာ နွားစာရိတ်ပြန်လာသော ကိုဖိုးငွေနှင့် ပက်ပင်းကြီးဆုံကြသည်။

“ရော် ဆရာလေး ဘယ်ကြွမလို့တုံး”

“သြော် ကိုဖိုးငွေ မအိမ်ကံရှိလား”

“မအိမ်ကံတို့ တောထဲမှာ ၀ါကောက်နေကြသယ်။ သူကြီးကတော်တော့ ရှိရဲ့”

“သြော် ဟုတ်ပါပြီဗျာ။ ဒါထက် မအိမ်ကံတို့ ဘယ်အခင်းဘက်ဆီ ၀ါကောက်ကြ တာတုံးဗျ”

“အဲသည် ကြည်တော် ကုန်းဘက်ထွက်တဲ့ လမ်းဘေးက ခူကန်ကွက်တွေဘက်မှာပဲ ရှိလိမ့်မယ်”

“ကောင်းပါပြီ။ ကဲ... ကျွန်တော် ရွာပြန်ရင်း နှုတ်ဆက်လိုက်ပါဦးမယ်လေ”

“အိုဗျာ ဆရာလေး ကလည်း ဇောင်ချမ်းကုန်း ရောက်ကာမှ ဗြုန်းဆို လှည့်ပြန်လို့ဖြစ်ပါ့မလား။ အိမ်လိုက်ခဲ့ပါဦး”

မြက်ထုံးကြီးထမ်းကာ တံစဉ်ခါးထိုးလျက် ဒေါင်းတည်မောင်းတည်ကြီး ပြောနေသော ကိုဖိုးငွေကို တောင်းတောင်းပန်ပန်နှင့်ပင် ဆရာလေး ကိုတောက်ထိန် ထွက်လာခဲ့ရ၏။

မအိမ်ကံတို့ ရွာတွေမှာ တော့ ၁၃၀၁ ခုနှစ်၊ တော်သလင်းလထဲ ရောက်သည့် တိုင် မိုးကောင်းကောင်း မရ ကြ။ ၀ါတွေတော့ရကြပါ၏။ တပေါင်းလ ပဲတွေသိမ်းပြီး ကတည်းက မိုးကိုမျှော်ကြသော်လည်း ဟုတ်တိပတ်တိ မရွာခဲ့။ နေကလည်း ၀က်ဝက်ကွဲအောင် ပူလှသည်။ ပဲခင်းကို မြေလှန် ကာ နယုန်လထဲတုံးက တစ်စွက်စွက်လိုက်သော မိုးနှင့်အတူ ၀ါကြဲခဲ့ကြခြင်းဖြစ်၏။ ၀ါဆိုဝါခေါင်ကျော်ခဲ့သော်လည်း မိုးက ပုဆိုးတစ်စွတ်စာ ရွာတယ်ဆိုရုံလေးသာရွာသည်။ မိုးအကောင်း ကြီး မဟုတ်သော်လည်း ၀ါတော့ ရတန်သလောက် ရခဲ့ကြသည်။

ဇောင်ချမ်းကုန်းရွာဝါကောက်ပွဲကတော့ ခါတိုင်းနှစ်တွေလို စည်မြဲစည်ပါ၏။ ၀ါပင်မှ ၀ါသီးရသည်။ ၀ါသီးထဲက အမျှင်ထွေးကို ၀ါပေါက်ခေါ်ကြကာ အစေ့ထုတ်ပြီးသားကိုတော့ ဂွမ်း၊ ၀ါဂွမ်း၊ ဂွမ်းပေါက် ခေါ်ကြပါသည်။ ၀ါကို တစ်ချိန်တည်း ကောက်လို့မရ။ တစ်ပင်တည်းမှာပင် အောက်ကိုင်းများ အသီး သီးနေကြသော်လည်း အပေါ်ကိုင်းတွေမှာ ဖူးကြပွင့်ကြတုန်း လည်း ရှိတတ်ပါ၏။ အသီးရင့်လာလျှင် အညိုရောင်သို့ ပြောင်းသွာကာ အက်ကွဲလာသည်။ အက်ကွဲကြောင်းထဲက ၀ါပေါက်တွေ ကန်ထွက်ဖို့ပြင်ကြလေပြီ။ မိုးများတာကို မကြိုက်သည့် အပင်တွေဆိုသော်လည်း မိုးတော့ လိုသင့်သလောက်လိုသည်။ မအိမ်ကံတို့ အရပ်ကတော့ ၀ါကလေးမျိုး အစိုက်များကြသည်။

တော်သလင်းလ ပူပူလောင်လောင်ဆိုသော်လည်း ရွာသူတွေ ၀ါကောက်ကြရတာကိုပင် ပျော်ကြရသည်။ ခေါင်းပေါင်းသူတွေက ပေါင်း၊ ခမောက်ဆောင်းသူက ဆောင်း၊ ဖျင်ကြမ်းလက်ရှည်အင်္ကျီတွေဝတ်ကာ သနပ်ခါးကို ပျစ်ထူကြီး လိမ်းထားကြရသည်။ ခုံဖိနပ်မြီးတိုစီး၊ ထဘီတိုတိုပါအောင် ၀တ်ပြီး ၀ါခင်းထဲတိုးကြရတာဆိုတော့ နေပူ၊ ၀ါပူ ခံကြရသည်။ ရွာသူ ၀ါကောက်သမများနည်းတူ မအိမ်ကံပင် ၀ါခင်း ထဲရောက်နေခဲ့သည်။ ကိုယ့်အခင်းက ၀ါကို ၀ါကောက်လိုက်သူ တွေရှိသော်လည်း မအိမ်ကံကိုယ်တိုင်က ကောက်ချင်လို့ လိုက်ခြင်းဖြစ်ပါ၏။ မအိမ်ကံလိုပင် အခင်းရှင်ဖြစ်သော ရွှေမှုံလည်း တစ်ဖက်အခင်းမှာ ကိုယ်တိုင်ဝါကောက်နေသည်။

“မအိမ်ကံရေ ဟောသည်မှာ မုန့်ဝက်သခေါက်ရှိသတော်။ လာစားလှည့်ဦးဟေ့”

ရွှေမှုံက တစ်ဖက်အခင်းကနေ လှမ်းဟစ်သည်။ မုန့်ဝက်သခေါက်မှာ ၀က်သားသုံးထပ်နှင့် တူအောင် ထန်းလျက် ဖောက်ထားသည့် မုန့်နှစ်ညို နှစ်ထပ်ကြားမှာ ထန်းလျက် မဖောက်သည့် မုန့်နှစ်ဖြူညှပ်ထားသည့် မုန့်ကျွဲသည်းတစ်မျိုး ဖြစ်သည်။ မုန့်ဝက်သားခေါက်ကို မုန့်ဝက်သခေါက် ခေါ်ခြင်း ဖြစ်၏။ ၀ါကောက်သမများ အဆာပြေစားရန် တောမုန့်တွေ ၀ါခင်းဘေးမှာ လင်ပန်းတွေ ထဲခင်းကာ ဧည့်ခံကြတာ ဓလေ့ ဖြစ်သည်။ မြေရေနွေးကရား မည်းမည်းကြီး တစ်လုံးနှင့် စဥ့်ခွက် ရေနွေးသောက်ပန်းကန်လုံးကလေးတွေလည်း ချပေး ထားတတ်သည်။ ဘေးမှာ သောက်ရေအိုးကြီး ကိုလည်း အုန်းမှုတ်တပ်ပေးထားရပါ၏။ သူ့အခင်းကိုယ့်အခင်းက မုန့်၊ သည်လိုပဲ စားကြသည်။ မနက်စောစောကြီး ၀ါခင်းနှင်းရိုက်ပြန်တော့ ကောက်လို့မကောင်း။ နေမြင့်မှ ကောက်ကြရသည်။ သည်တော့ ကိုယ့်အိမ်က ထမင်းကြမ်းတစ်ဆုပ်တစ်ခဲစားကာ အလုပ်ခွင် မသိမ်းမချင်း အခင်းရှင်တည်သည့် သရေစာနှင့် အဆာဖြေရသည်။ ရေနွေးကြမ်းကတော့ ပြတ်ရသည်မရှိပါ။

“စားတော့ ရွှေမှုံရေ။ ငန်းပြတ်အောင် လိုက်လိုက်ဦးမယ်။ ကျုပ်တို့အိမ်က မုန့်လည်း လာစားကြဦးနော်။ မလှအုံ တော့မလာသေးဘူး။ ဖိတ်သာဖိတ်ရသာ မုန့်မရှိသေးဘူး အေရဲ့”

မအိမ်ကံက ၀ါခင်းတစ်ကွင်းလုံးကြားအောင် ပြန်အော် ရင်း သူ့စကား သူလည်းရ ယ်သည်။ အပင်တန်းလေးငါးတန်း ပဲကျန်သည်။ ကျေးဥက ဆွတ်ပြီးသား ကောက်ပြီးသား ၀ါပေါက်တွေကို ခြင်းကြားတောင်းဖြင့် ထည့်ရွက်ကာ ရိုင်းပတ် ပတ်ထားသော လှည်းဆီကို သွားသွားပို့ရသည်။ ချွေးကလေးတွေများအုလို့။ ကျေးဥ သယ်လာသမျှကို ဖိုးတုတ်က လှည်းပေါ်မှဆီးယူကာ လှည်းအိမ်ထဲလောင်းရသည်။ ဖိုးကူးကတော့ မအိမ်ကံဘေးမှာ။ ယောက်ျားလေးဆိုတော့ ၀ါကောက်မလိုက်ချင်။ မအိမ်ကံကို ကြောက်လို့သာ လိုက်ခဲ့ရသည်။ စိတ်က ညောင်ပင်အောက်မှာ ရွယ်တူတွေ ဒီးတိုက်နေသော ကျည်းသားရိုက်သည့်ပွဲကို ရောက်နေသည်။ အဖျား နှစ်ဘက် တစောင်း စွေဖြတ်ထားသည့် တစ်ထွာလောက်ရှိသည့် တုတ်ချောင်းကလေးကို တစ်တောင်လောက် တုတ်ချောင်းဖြင့် ရိုက်နှက်ကစားသော သည်ကစားနည်းကို မလှအုံက မကြိုက်။ မျက်လုံးမျက်ဆံမှန်မှာစိုးတော့ ဖိုးကူးကျည်းသား ရိုက်ကစားလျှင် မလှအုံက ကျောကော့အောင် ထုတော့သည်။ ဖိုးကူးမှာ ၀ါကောက်တာကို စိတ်မရောက်တော့ မုန့်ပို့နောက်ကျသော မအေမလှအုံကို မဲတော့သည်။

“အမေ့ ကောက်ညှင်းပေါင်းကလည်း ၀ါကောက်သိမ်းမှ လာမယ်တူပါရဲ့ဗျာ။ အမေတို့ သိပ်နှေးတာ”

ဖိုးကူးစကားကြောင့် မအိမ်ကံ ရယ်မိသည်။ ဖိုးကူးက အကစားမက်တော့ ပါလာကတည်းက မသွက်ချင်။ ၀ါကောက်ချိန်ကလေးမှာ လူအားကောင်းကောင်းနှင့် သွက်သွက် ကောက်ကြရတာ ဆိုတော့ ဖိုးကူး လုပ်အားကလေးကလည်း လက်တိုလက်တောင်း အဆင်ပြေတာပါလို့ မအိမ်ကံက ခေါ် လာခြင်းဖြစ်၏။ ရွာဘက်ဆီက ကောက်ညှင်းပေါင်းတောင်းကြီးရွက်လာသော မလှအုံကိုမြင်တော့ ဖိုးကူးမှ မဟုတ် မအိမ်ကံလည်း ၀မ်းသာသွားသည်။ မလှအုံပေါင်းသည့် ကောက်ညှင်းပေါင်းကာ အနပ်အပျောင်းကောင်းသည်။ ပဲလွန်းစေ့ ပြောက်ထိုးထားသည့် ကောက်ညှင်းဖွေးဖွေးက ဆီငွေ့ကလေး ပြန်ကာ မွှေးနေတတ်သည်။ ဖိုးကူးက မအေကို ပြေးကြိုရင်း ဆွဲလားလုံးလားလုပ်တော့ မလှအုံပင် အတည်မကျချင်။

“အောင်မယ်လေးဟဲ့နော်။ တောင်းရော လူရော မှောက်ကျတော့မှာပဲ။ တစ်မနက်လုံးပေါင်းလာသဲ့ ကောက်ညှင်းပေါင်း ၀ါခင်းထဲသွန်ချသလိုဖြစ်တော့မှာပဲ။ ဟဲ့ ကောင်လေး”

ဖိုးကူးက မအေ့ခေါင်းပေါ်က ကောက်ညှင်းပေါင်း တောင်းကို ဇွတ်ဆွဲချကာ ပုခုံးစွန်းတင်ရင်း ထမ်းလာခဲ့သည်။ ကောက်ညှင်းပေါင်းတောင်းကို လှပ်လိုက်တော့ ပိတ်ဖြူသန့် သန့်ခံကာ ထည့်လာသည့် ကောက်ညှင်းပေါင်းတွေက အငွေ့ တစ်ထောင်းထောင်း။ ဖိုးကူးက တစ်ဆုပ်စာ ဖွဖွကလေး ကောက်ယူကာ လက်ထဲမှာ တဇိဇိဆုပ်သည်။ ပါးစပ်ထဲ သွတ်လိုက်ချိန်နှင့် မလှအုံက ခေါင်းကို ဒေါင်ခနဲ ခေါက်လိုက်ချိန်မှာ တစ်ပြိုင်နက်ဖြစ်သွားလို့ မအိမ်ကံမှာ ရယ်လိုက်ရသည့် ဖြစ်ချင်း။

“စားပါစေ မလှအုံရယ်။ ဖိုးကူးက မနက်လင်းကတည်းက ဆာနေတာ။ မအိမ်ကံတောင် ပြန်လွှတ်တော့မလို့ပါ”

“ဘာကိစ္စ။ ညောင်ပင်အောက် ကျည်းသားရိုက်ဖို့လား။ မလွှတ်ရပေါင်တော်။ တစ်လက်ဆွမ်းတစ်လက်ဆုပ်ခိုင်းရမယ့် ဟာ။ ငတ်လွန်းလို့ခေါက်သာ။ မမကံ စားဦးစားဖျား မစား ရဘူးဆိုသာကို လက်ပေနဲ့ နှိုက်လိုက်သာများ ဆိုးဆိုးဆတ် ဆတ်နဲ့”

ကောက်ညှင်းပေါင်း ရောက်လာပြီဆိုတော့ မအိမ်ကံက ခင်းလုံးကြား အော်တော့သည်။ မလှအုံက တည်ကရားကြီးနှင့် ရေနွေးအိုးကြီးတစ်အိုးဆွဲလာခဲ့ရာ ရေနွေးဖန်ဖန်ကလေး သောက်နိုင်ကြပါ၏။ လင်ပန်းသန့်သန့်လေးကို ကောက်ညှင်းပေါင်းတွေ ဖြန့်သည်။ နှမ်းထောင်းနှင့် ဆီပန်းကန် သပ်သပ်ပါ ပါသေးသည်။ ကိုယ့်အခင်းအတွက် ကိုယ့်အစီအစဉ်နှင့်ကိုယ် စီမံကြသော်လည်း သရေစာတွေက စုံလှသည်။ မအိမ်ကံက ရွှေမှုံကို လှမ်းခေါ်လိုက်သဖြင့် ရွှေမှုံတို့ အသိုက်က ကလေး ငါးယောက် ကူးလာကြသည်။ မအိမ်ကံဘေးမှာပဲ ၀ိုင်းထိုင်ကြ၏။

“မအိမ်ကံရယ်။ အသားတွေများ မည်းကုန်ပါ့မယ်။ ၀ါခင်းထဲ လိုက်လာရသလားအေ”

0 comments:

Post a Comment

ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 
Copyright© ညအလင်္ကာ
e
m
o
h
e
v
o
l
y
m
m
o
r
f
e
m
o
c
l
e
w