မအိမ်ကံ (march) 2008
သူကြီးကတော် ဒေါ်ပန်းရုံက လက်ဖက်အစ်ကလေး ထိုးပေးရင်းက မေးသည်။ ရွာမှာ အလှူရှိမှန်းတော့ မအိမ်ကံ လည်း သိပါ၏။ ရွာ့အရှေ့ပိုင်းမှာနေသည့် ကြီးတော်ဆံကြော် ၏မြေး ဖိုးပေါက်ကို သင်္ကန်းဆီးပေးဖို့ ရွာကို တိုင်ပင်တုန်း ကတော့ တပေါင်းလထဲလုပ်ဖို့ ရက်သတ်ခဲ့ကြသည်။ ရွာတွေ မှာက စိုက်ခင်း သစ်ခင်း သိမ်းပြီးချိန် တပေါင်း၊ တန်ခူးလ တွေမှာ အလှူပွဲ ကျင်းပတတ်ကြမြဲ ဖြစ်သည်။ အလှူ့ရှင် လည်း အား၊ အလှူကူကြသူတွေလည်း အားမည့်အချိန်ကို ရွေးကြခြင်း ဖြစ်သည်။ သို့သော် ရွာကို တိုင်ပင်ပြီးကာမှ တန်ဆောင်မုန်းလထဲ ရက်ရွှေ့လိုက်ပြီ ဆိုတော့ ရက်လိုပါသေး တယ် ဆိုသူတွလည်း ခါးတောင်းထကျိုက်ကြရတော့သည်။
“သည်လို သည်လို သူကြီးကတော်ရေ... ကိုမဲတူတို့ မိသန်းတို့ သဘောကတော့ သူ့သား ငပေါက်ကို သည်တစ်မိုး ရုန်းလိုက်စေချင်သေးသာပေါ့။ ဒါပေသိလို့ ကြီးတော်ဆံကြော် ခမျာ နဲ့တဲ့တဲ့ မဟုတ်လား။ တော်ကြာ မြေးဦးကလေး သင်္ကန်း ၀တ်နဲ့ မြင်မသွားရရင် ခမျာ ဘ၀ကူးကောင်းရှာမှာ မဟုတ် ဘူး။ သွားလေသူ ဘကြီးမှတ်မလဲ တစ်သက်လုံး ရှာဖွေသွား သမျှ သမီးမိန်းကလေးချည်း မွေးခဲ့သာဆိုတော့ သားရဟန်း မဖူးဖူးလိုက်ရှာဘူးလေ။ သူတို့ ရှာဖွေထားသမျှ ဥစ္စာ သည်အလှူမှ မဦးလိုက်ရင် မဖြစ်ချေဘူးဆိုပြီး မိသန်းက ဆရာတော် သွားလျှောက်ရသာကော။ သဟာနဲ့ ဆရာတော်က ရက်ပြင်ရွေးပေးလိုက်ရသာပဲ တော်ရေ့။ ပေးစမ်းဟဲ့ လှအုံ ရေတစ်ခွက်”
မခင်တုတ်က စကားတွေ တရစပ်ပြောပြီး မောပန်းသွား ပုံ ရ၏။ မလှအုံ ကမ်းပေးသော ရေမှုတ်ကို ယူကာ အထက် တစ်ဝက် အောက်တစ်ဝက် သောက်ချလိုက်သည်။ လက်ဖက် ကလေးတစ်ရိုး လျှာပေါ်တင်ရင်းက ဒေါ်ပန်းရုံ ဖွာလက်စ ပြောင်းဖူးဖက်လိပ်ကို ကောက်ဖွာပြန်လေ၏။
“အေးလေ... သည်လို ကြည့်ပြန်တော့လည်း ဟုတ်ရှာ သာပေါ့။ ဘာပဲဖြစ်ဖြစ်အေ ရွာမှာ အလှူရှိသာ ၀မ်းသာရသေး သဟဲ့။ ခေတ်ကာလကြီးကလည်း ကျပ်တီးနေတော့ အလှူဖြစ် ဖို့တောင် မလွယ်ပါဘူးအေ”
အမေပန်းရုံပြောမှ မအိမ်ကံ သတိထားမိသည်။ ရွာမှာ အလှူပွဲမရှိတာ ကြာပါပကော။ ဒေါ်ပန်းရုံနှင့် မခင်တုတ် တို့ကတော့ ရွာ့အကြောင်း ရပ်အကြောင်းတွေ စကားဖောင်ကြ သည်။ ပဲအကြောင်း၊ နှမ်းအကြောင်း၊ ထန်းအကြောင်းမှသည် တိုင်းသတင်း၊ ပြည်သတင်းတွေအထိ စကားရောက်သွားကြ သည်။ အပျိုခေါင်းပီပီ အိမ်ပေါက်စေ့ ရောက်နေတတ်သော မခင်တုတ်ထံမှ သတင်းကလည်း စုံလှပါ၏။
“ပြောရဦးမယ် သူကြီးကတော်ရေ။ တလောက ဆူးလေ ကုန်းရွာမှာ ဓားပြတိုက်သွားသာ ကြားလိုက်ကဲ့လား။ အဲသာ အလှူအိမ်ကို ၀င်တိုက်သာတဲ့တော်။ သည်လိုပဲ သူတို့က တပေါင်းလ လှူမယ်ဆိုတော့ ရှိသမျှပိုက်ဆံ အထုပ်လိုက် တိုက်သွားသာတဲ့။ မပေးလို့ကလည်း မဖြစ်ဘူးသဲ့တော်။ ဓားပြ က အလှူ့ရှင်ကို လည်ပင်း ဓားနဲ့လှီးသွားသဲ့အပြင် မိန်းမကို လည်း ဆန်ကောအပေါက်ဖောက်ပြီး ခေါင်းစွပ်လှည့် သာ လည်ပင်း သွေးစိမ်းရှင်ရှင် ထွက်သတဲ့တော်။ ကြားရတာနဲ့ တင် ကြောက်စရာ။ ပြောသာပြောရသာ၊ ကျုပ်တို့ ရွာသူကြီး မင်း ကျေးဇူးတင်ရပါသော်ကော။ သူကြီးမင်း နှစ်လုံး ပြူး အရှိန်က ကြီးသကိုး။ ၀ရဇိန်လက်နက်လောက် အားကိုး ရသာ”
မခင်တုတ်စကားကို ကြားတော့ ဒေါ်ပန်းရုံ သက်ပြင်း ကလေး အသာချရသည်။ အိမ်က ကိုရွှေသူကြီးမင်း ကြားလျှင် သွေးကြွရှာရော့မည်။ ခေတ်အခါ မကောင်းရသည့်အထဲ သည်နှစ်လုံးပြူးကြီး တပြပြနှင့် ရွာစဉ်လှည့်နေတာကို ဒေါ်ပန်းရုံ မကြိုက်လှပါ။ တကယ်အရေးရယ် အကြောင်းရယ် ဖန်လာလို့ ပစ်ရခတ်ရတာ ကိစ္စမရှိ။ တော်ရုံကိစ္စကို သေနတ် ကြီးတကားကား လုပ်နေလျှင် ကျော်မကောင်း ကြားမကောင်း တွေ ဖြစ်ဖို့သာ ရှိသည်။ သည်ကြားထဲ မြို့က ကောက်ခံခိုင်း သော အခွန်အတုတ်တွေ ဆက်ရတာကလည်း တစ်ဒုက္ခ။ တော သူတောင်သားများ ၀တ်ဖို့ထင်ထား၊ စားဖို့တောင် ကျပ်လာ ကြပြီ မဟုတ်လား။ အခွန်အတုတ်တွေ မပြည့်လို့ အိမ်က ငွေစိုက်ရတာကလည်း နှစ်စဉ် မလွတ်ချင်။ လင်တော် မောင် သူကြီးက အပူရေစာ မစားတာလည်း သိပါ၏။ အထက်ကို မျက်နှာလိုအားရ တာဝန်ကျေချင်တာလည်း မှန်ပါ၏။ သို့ သော် လူဆိုတာ မပြောနိုင်။ ချစ်သူရှိသလို မုန်းသူကလည်း ရှိနိုင်သည်။
“သာနဲ့ နေစမ်းပါဦး ခင်တုတ်ကယ်... ကွမ်းတောင်ကိုင် မိဂွမ်းဖြူက လင်ယူတော့မှာဆို”
“ဒန်သေပေါ့အေ။ မြောက်ရပ်က ဦးကြီးသာဒွန်းရဲ့သား သာမောင်နဲ့ဟာကော။ လူကြီးချင်းတောင် နားဖောက်ပြီးကြ ပေါ့။ လှအုံ ညည်း ဘယ်အိပ်ပျော်နေသာတုန်း”
“ကျုပ်မေးချင်သာ အဲသာမဟုတ်ပါဘူးတော်။ မိဂွမ်းဖြူ လင်ယူတော့မယ်ဆိုတော့ ရွာက ကွမ်းတောင်ကိုင် အသစ် ရွေးရတော့မှာ မှုတ်လားအေ့။ ညည်းတို့ ဘယ်သူများ လျာထား ကြသတုန်းလို့”
မလှအုံက ခေါင်းထဲပေါ်လာတာ လွှတ်ခနဲ မေးလိုက် ခြင်း ဆိုသော်လည်း ဒေါ်ပန်းရုံပင် ဆတ်ခနဲ တုန်သွားခဲ့သည်။ မအိမ်ကံကတော့ ကြက်သီးကလေးများပင် ဖြန်းသွားခဲ့ရသည်။မျက်လုံးကလေးတွေ ကျယ်သွားရသည်။ ကွမ်းတောင်ကိုင် အသစ်ရွေးတော့မယ် ဆိုပါလား။ ဒါကလည်း ရွာရပ်ထုံးစံ ဖြစ်သည်။ ကွမ်းတောင်ကိုင်မည့် အပျိုချောတစ်ယောက်ဟာ ယောက်ျားတစ်ယောက်နှင့် စပ်ဟပ်ထားပြီဆိုတာ မပြောနှင့်၊ ရည်းစားသနာတောင် ကင်းရမည် ဆိုသည်မဟုတ်လား။
“အခု သည်အလှူ စကြည့်ရမှာပဲအေ။ ရွာကတော့ စိမ်းမြနဲ့ ခင်အိကို လူပြောများနေကြသာပဲ။ သည်နှစ်ယောက် ဘယ်သူ့သဘောရသတုန်း သူကြီးကတော်ရဲ့”
“ကျုပ်တော့ မမှန်းတတ်ပါဘူးတော်။ အများကြိုက် သလိုပေါ့”
အပျိုခေါင်း မခင်တုတ်က ရွာလည်ရင်း ရပ်ရွာသဘော တီးခေါက်ကြည့်ခြင်း ဖြစ်သည်။ ကွမ်းတောင်ကိုင် ဖြစ်ထိုက် သူ မိန်းကလေးနှစ်ဦး (သို့မဟုတ်) သုံးဦးလောက် ဖြစ်နေ လျှင် အများသဘောကြိုက်ရာ မိန်းကလေးကို ကွမ်းတောင် ကိုင် တင်မြှောက်ရမြဲ ဖြစ်သည်။ အလှူပွဲ ရောက်ကာမှ သည်မိန်းကလေးလက်ထဲ ]ရော့ အင့်} နှင့် ဖက်စိမ်းကွမ်း တောင် ထည့်ပေးလိုက်ရတာမျိုး မဟုတ်။ ရပ်ရွာအသံဗလံ ကို တစိမ့်စိမ့် နားထောင်ရင်း ဖြစ်ထိုက်ဖြစ်သင့်သူကို အများ သဘောညီနိုင်သမျှ ညီအောင် ရွေးကြရသည်။ ရွာ့ဓလေ့၊ ရွာ့ထုံးစံ၊ ရွာ့အယူနှင့် စင်းလုံးချော ကိုက်ညီပါမှ ကွမ်းတောင် ကိုင်ဖြစ်ကြရသည်။
“ကျုပ်အမြင် ပြောရရင်တော့ ရုပ်ရည်သနရုပ္ပ ရှိသာချင်း အတူတူ စိမ်းမြက အနေအထိုင် သိုသိပ်သယ်တော့။ ခင်အိ က နည်းနည်းလှုပ်ချင်သယ်”
“ကွမ်းတောင်ကိုင်မည့် မိန်းကလေးတွေကို သည်လို စကားခင်းကြရင်း ရွေးကြရတာပါလား။ တစ်ယောက်က သိုသိပ်သတဲ့။ တစ်ယောက်က လှုပ်ချင်သတဲ့။ လူတွေက သည်အထိ လိုက်ကြည့်နေကြတာပါလား။ ရုပ်ရည်ရော အနေအထိုင်ပါ ပြည့်စုံမှ ဖြစ်ရတာမျိုး ထင်ပါရဲ့”
မအိမ်ကံက သည်စကားတွေကို စိတ်မ၀င်စားသလိုလို ပဲစေ့ကလေးတွေ တစ်စေ့စီ ရွေးနေရင်းက တွေးနေခြင်း ဖြစ် သည်။ အရွယ်ကလေး လားလားမြောက်လျှင် သူ့ကိုလည်း ရွာရပ်က သည်လိုအကဲခတ်တာမျိုး၊ ဝေဖန်တာမျိုးတွေ ရှိလာ လိမ့်မည်။ သည်အချိန်မှာ မအိမ်ကံသည်လည်း အများစံထား လောက်သည့် ကျောက်ကောင်းတစ်ပွင့်လို တန်ဖိုးရှိအောင် နေထိုင်ရတော့မည်။ မိန်းကလေးတစ်ယောက်အဖို့ အချော အလှထက် ဣနြေ္ဒသိက္ခာနှင့် ကိုယ်ကျင့်တရား ကောင်းဖို့ လိုသည်ဆိုတာလောက်တော့ မအိမ်ကံ အကဲဖမ်းလိုက်နိုင်ခဲ့ပြီ။
“ကိုင်း... ကိုင်း ကျုပ်လည်း တစ်အိမ် ဖင်တစ်ထိုင် တစ်ထိုင်နဲ့ အပျိုအိမ် မနှံ့သေးဘူး တော်ရေ။ သည်မှာ လာရင်း ကိစ္စက မအိမ်ကံကို အပျိုဖိတ် ဖိတ်သာ။ အတော်ပဲ လက်စနဲ့ ကျေးဥလည်း အပျိုဖိတ်ယူထားလိုက်တော့။ သွားရော မနှော”
မအိမ်ကံက လက်ထဲကို ရောက်လာသော ပ၀ါကလေး ကို တအံ့တသြ ကြည့်နေခဲ့မိသေးသည်။ အပျိုဘ၀ဖြင့် ပထမ ဆုံး အဖိတ်ခံရသည့် ပ၀ါကလေးပါလား။ ရင်များပင် ခုန် လာခဲ့သည်။ အမေ့ကိုလည်း ရှက်စနိုး လှမ်းကြည့်မိသည်။ ဇောင်ချမ်းကုန်းရွာမှာ သည်ဓလေ့ ရှိသည်။ အပျိုတွေကို ပ၀ါ၊ ပန်းခိုင်၊ ရင်ထိုး၊ သနပ်ခါးအစ် စသည်ဖြင့် ကမ်းပြီး ဖိတ်ကြရသည်။ ကာလသားတွေကိုတော့ မြင်းခြံမြို့မှ သနပ် ဖက်ဆေးလိပ်၊ ပိုလို၊ ခေါင်းလိမ်းဆီဘူး၊ ပ၀ါ စသည်ဖြင့် တတ်နိုင်သူက တတ်နိုင်သလို တစ်စုံတစ်ရာ ကမ်းရင်း ဖိတ် ကြားရသည်။ လူကြီးသူမတွေကိုတော့ ဖက်ရွက်ကို ကတော့ ထိုး လက်ဖက်သားထည့်၍ တည်းစပ်ဖြင့် တည်းကာ လက် ဖက်ထုပ်ကမ်း၍ ဧည့်ခံဖိတ်ကြရသည်။ ကာလသားနှင့် အပျို တွေကိုတော့ ရွာရှိလူကုန် ဖိတ်ကြားကြသော်လည်း လူကြီး ဖိတ်ကိုတော့ သတ်သတ်မှတ်မှတ် ရွေးဖိတ်ကြပါသည်။
အလှူက တန်ဆောင်မုန်းလထဲ ဆိုသော်လည်း အပျိုဖိတ် ဖိတ်ခြင်းခံရပြီ ဆိုသည်နှင့် အလှူအိမ်ကို မရောက်မဖြစ် ရောက်ကြရတော့သည်။ ကူစရာရှိတာ ကူလုပ်ပေးကြရသည်။ နေ့ခင်းနေ့လယ် အားလပ်ချိန်ကလေးတွင် အလှူအိမ်ပြေး၍ ကြက်သွန်လှီးရ၊ ဆန်ရွေးရ၊ ရေခပ်ရနှင့် မအိမ်ကံရော ကျေး ဥပါ မအားကြရတော့ပြီ။ ဒေါ် ပန်းရုံကတော့ သမီးကလေး အိမ်မှာ တငုတ်တုတ်တုတ် ထိုင်နေရတာနှင့်စာလျှင် အခုလို ရပ်ထဲရွာထဲ သွားဖော်လာဖော် ရတာကိုပဲ ၀မ်းသာရသည်။ နီးရာစပ်ရာ စုကြရင်း အပျိုတွေ တစ်သိုက်ကြီး သွားကြ လာကြ ရသည်ဖြစ်၍ ဒေါ်ပန်းရုံ လိုက် ထိန်းစရာ မလိုတော့။ ကိုယ့် ရပ်ကိုယ့်ရွာ စိတ်မချစရာလည်း မရှိ။ ဘယ်တုန်းကမှလည်း မကြားဝံ့မနာသာ မရှိခဲ့။
မအိမ်ကံကလည်း အပျို ကလေး ဖြန်းလာသကောရယ် လို့ ပပလွှားလွှားနိုင်သူကလေး မဟုတ်။ ကလေးဘ၀ကတည်း က အနေတည်ခဲ့သူကလေး ဖြစ် သည်။ သူကြီးသမီးရယ်လို့ ရွာ ပေါ်ရပ်ပေါ် ထောင်လွှားတာမျိုး လည်း မရှိ။ မအိမ်ကံမှာ စာနာ တတ်သော နှလုံးသား ရှိသည်။ ဆင်းတောင့်ဆင်းရဲ တောသူ တောင်သားများဘ၀ကို ကိုယ်ချင်းစာတတ်သည်။ မိဂုဏ် ဖဂုဏ်၊ ဆွေဂုဏ်မျိုးဂုဏ်ကြီးသူဆိုသော်လည်း အခုလို ရပ် ရေးရွာရေးထဲ ပါခွင့်ရပြန်တော့ သူတကာ စားပြီး ပစ်ထား ခဲ့သည့် အလှူအိမ်က ထမင်းပန်းကန်ကိုပင် ဆေးနိုင်ခဲ့သူ ဖြစ်ပါ၏။
x
“ဖက်စိမ်းကွမ်းတောင် ချိုးတဲ့အခါ ငှက်ပျောဖက် ရွေး တတ်ဖို့၊ အကိုင်နူးညံ့ဖို့ အရေးကြီးသယ်အေ့။ ငှက်ပျောလက် ကို အပင်က ခုတ်ပြီး ဆုတ်ယူကတည်းက အနာအကွဲမရှိ ရအောင် သပ်သပ်ရပ်ရပ် ဆုတ်ယူတတ်ရသယ်။ ပြီးတော့ တည်းစပ်ချောင်းကလေးတွေကိုလည်း တစ်ဖက်စွေပြီး ချွန် ထားရသယ်။ ဒါမှ ကွမ်းတောင်ချိုးတဲ့အခါ ကိုယ့်စိတ်ကြိုက် ကိုင်နိုင်မှာပေါ့အေ”
အလှူမဏ္ဍပ်ထဲကို မအိမ်ကံ ဖိနပ်ကလေးချွတ်ပြီး ၀င် လာတော့ ရှိသမျှ လူတွေက လုပ်လက်စ ရပ်ထားကြကာ ငေး ကြည့်နေကြသည်။ သည်ပွဲက မအိမ်ကံအဖို့ ပထမဆုံး အပျို ဖိတ်ဝင်ရသည့် ပွဲကလည်း ဖြစ်ပြန်၊ ချက်ချင်းကြီး အပျိုဖျန်းကလေး ဖြစ်လာခြင်းနှင့်အတူ ၀င်းဝင်းစက်စက် လှသူကလေးကလည်း ဖြစ်ပြန်ဆိုတော့ မအိမ်ကံသည်ပင် အထူးအဆန်းလို ဖြစ်နေတော့သည်။ ကျောက်ဖြူနားကပ် ကလေး တဖျတ်ဖျတ်နှင့် လှလွန်းနေသည် မဟုတ်လား။
အလှူမဏ္ဍပ်ထဲကို ညနေစောင်းကတည်းက အပျိုတွေ ရောက်နှင့်နေကြရသည်။ မနက်ဖြန် အလှူရှင်လောင်း လှည့် မှာဆိုတော့ သည်ကနေ့ညမှာ မဏ္ဍပ်ထဲတွင် မိန်းမကြီးပိုင်းမှ ဦးဆောင်ကာ ဖက်စိမ်းကွမ်းတောင် ချိုးကြရပြီ။ ဇောင်ချမ်း ကုန်းရွာမှာ ဖက်စိမ်းကွမ်းတောင် ချိုးတတ်သည့်သူ တစ်ခေတ် တစ်ယောက်တော့ ရှိစမြဲ။ ရှေးအစဉ်အဆက် မိကြီးဒွေးကြီး များက လက်ဆင့်ကမ်းခဲ့သော လက်မှုပညာဆိုတော့ တိမ် ကောသည် မရှိခဲ့။ ကွမ်းတောင်ချိုး ဖိတ်ပြီဆိုကတည်းက အလှူ့ရှင်က ကန်တော့ပွဲရှက်ကာ ပွဲအပ်ဖိတ်ရခြင်း ဖြစ်သည်။ အလှူ့ရှင်က ကျွန်တော် ကျွန်မတို့က မင်္ဂလာဖက်စိမ်းကွမ်း တောင်ချိုးပေးဖို့ ပွဲလာအပ်ကြပါတယ်။ ဘယ်နေ့ဘယ်ရက် ကြွပါလို့ နှုတ်ကလည်း ဖိတ်ရသည်။
မဏ္ဍပ်အလယ်မှာ ခင်းထားသော ဖျာကြမ်းတွေပေါ်မှာ တစ်ရွာလုံးက အပျိုတွေ စုထိုင်ကာ ကွမ်းတောင်ချိုးတာကို ငေးကြည့်နေကြသည်။ ထမင်းစား စားပွဲဝိုင်းကြီး ရေစင်စင် ဆေးပြီး ချခင်းထားသည်။ အပေါ်က ပိတ်ဖြူသန့်သန့် ခင်းရ သည်။ ဆန်ပန်းပေါက်ပေါက် ကြဲထားရသည်။ သစ်သား ကလပ်ပြောင်ကြီးပေါ်မှာ ဖက်စိမ်းကွမ်းတောင်အုပ်ကလေး ဖြစ်အောင် ဘယ်လိုလုပ်မှာပါလိမ့် ဆိုတာကို မအိမ်ကံ စိတ် ၀င်စားနေမိပါ၏။ ကွမ်းတောင်ချိုးမည့် မမကြည်သန်းက ငှက်ပျောဖက် အစိမ်းလက်နှင့် အ၀ါလက်များကို ခုံပေါ်ချကာ စိတ်ရှည်လက်ရှည် ပြသနေခြင်း ဖြစ်သည်။ မမကြည်သန်း ကို ကူညီမည့် အမျိုးသမီးတွေကလည်း လေးငါးယောက် လောက် ရှိနေသည်။
“ကလပ်ရဲ့အလယ်က ပန်းလည်တိုင်ကို မြဲမြဲကြီး ခိုင် အောင် စိုက်ရသယ်။ ပြီးမှ ဖက်စိမ်းကို ဖူးနေအောင် ချိုးရသာ”
မမကြည်သန်းက ဖက်စိမ်းကတော့ဖူး ထိုးနေချိန်မှာ ကျန်မိန်းမသူတွေက ကလပ်ကြာ၊ ကွေးထောက်ကုံး၊ စိန် တောင်၊ ကြာဖူး၊ ကြာဖတ်၊ ကြက်တူရွေးရုပ်ကလေးတွေ ထိုးနှင့်ကြရသည်။ အစိမ်းတစ်လှည့်၊ အ၀ါတစ်လှည့် တည်း စပ်ဖြင့် တည်းကာ ကွက်ပြောက်ထိုးယူသွားတာ လွယ် မယောင်နှင့် လက်ဝင်လှပါ၏။ ကလပ်အောက်ခြေမှာ ကလပ် ကြာကို ၀ိုင်းပတ်ကာ စိန်တောင်၊ ကြာဖူးများကို တစ်ဆင့်စီ တင်သည်။ ဖက်စိမ်းကတော့ဖူးကလေး ပတ်လည်မှာ ကြာဖူး၊ ကြာဖတ်ကလေးတွေ ကပ်လိုက်တော့ ဖက်စိမ်း ကွမ်းတောင် ရုပ်လုံးပေါ်လာပြီ။ ပန်းလည်တိုင်ထိပ်မှာ ကြက် တူရွေးရုပ်ကလေးက အမြီးကလေးကော့ကော့။ အောက်မှာ ထီးနှင့်ကြာဖတ်။ ကွမ်းရွက်များကို လိပ်၍ ကတော့တွင် ထောင်ထည့်သည်။
“ဟောသည် ရောင်စုံချည်မျှင်ကလေးတွေကို ပန်း လည် တိုင်ကနေ ကလပ်အခြေထိ ဆိုင်းချည်တာက ကွမ်းတောင် လည်း ခိုင်သယ်၊ အမြင်လည်း လှသယ်။ ကွမ်းတောင်ချိုးတဲ့ သူဆိုတာ မျက်စိရေးတတ်ရသယ်”
ပုံပေါ်သွားပြီ ဖြစ်သော ဖက်စိမ်းကွမ်းတောင်ကလေး က စိမ်းစိုဖူးညွန့်လို့ နေသည်။ စောစောတုန်းက သစ်သား ပြောင်ကလပ်ကြီးသည်ပင် မထိရက် မတို့ရက်စရာ ဖက်စိမ်း ကွမ်းတောင် ဖြစ်သွားရတာကို မအိမ်ကံ မလှုပ်မယှက် စိုက် ကြည့်နေသည်။
“ပြီးရင် ပန်းကုံးကလေးတွေ ဆွဲချင်လည်း ဆွဲပေါ့။ ခါတိုင်း အလှူတွေက တပေါင်း၊ တန်ခူးဆိုတော့ စံပယ်ကုံး ကလေးတွေ တွဲလွဲဆွဲရသာကိုးအေ့။ အခုဟာက တန်ဆောင် မုန်းလကြီးဆိုတော့ စံပယ် မပေါ်သေးတော့ စိန်သဇင်ပန်း ကလေးတွေ တစ်ခက်စီ ထိုးရုံရှိမှာပေါ့”
ဖက်စိမ်းကွမ်းတောင်ကလေးကို မမကြည်သန်းက မ ကာ ဟိုဘက်သည်ဘက်လှည့်၍ ခေါင်းငဲ့ကြည့်ပြီး အပြန်ပြန် အလှန် လှန် စစ်ဆေးသည်။ သဘောမကျတာ တွေ့တော့ ပြင်ပြန်လေ ၏။ စိတ်တိုင်းကျပြီဆိုတော့မှ လက်လွှတ်သည်။ ချိုးပြီးသွား သော ဖက်စိမ်းကွမ်းတောင်ကလေးကို မ ယူကာ အလှူ မဏ္ဍပ်ထိပ် သံဃာစင်ရှေ့က ရွှေကွမ်းတောင်၊ ငွေကွမ်းတောင်၊ ပန်းတောင်တွေထားရာ ခုံရှည်ကြီးပေါ် သွားတင်လိုက်သည်။ အလှူတိုင်းမှာ မြင်နေကျ ဆိုသော်လည်း ကြည့်၍ မ၀ချင်ကြ။
“ကွမ်းတောင် ချိုးပြီးသွားပဟဲ့။ လှလိုက်သဲ့ ကွမ်းတောင် ကလေးတော်၊ ကျက်သရေ ရှိချက်တော်”
လူတွေက ၀ိုင်းအုံကြည့်ကာ ချီးမွမ်းကြတော့ မမကြည် သန်းက သူ့ကွမ်းတောင်ကလေးကို ပြုံးကြည့်နေလိုက်သေး၏။ တိုးဝှေ့ကြည့်နေကြသော လူတွေကြားထဲမှာ မအိမ်ကံက ရှေ့ ဆုံးကို ရောက်အောင် တိုးကြည့်သည်။ သဘာဝ ငှက်ပျော ဖက်စိမ်းကွမ်းတောင် ရောက်လာတော့ ရွှေကွမ်းတောင်၊ ငွေ ကွမ်းတောင်များပင် အရောင်မှေးမှိန်သွားသည် ထင်ရ၏။ အပျိုတိုင်းက ကိုင်ချင်ကြလွန်း၍ အိပ်မက် မက်ရသည့် ဖက် စိမ်းကွမ်းတောင်ပါလား။ ဖက်စိမ်းကွမ်းတောင် ကိုင်ရပြီ ဆိုမှ ရွာ့ကွမ်းတောင်ကိုင်အစစ်။ ရွာ့ကျက်သရေဆောင်၊ ရွာ့ဂုဏ် ဆောင် မိန်းမချောစာရင်းပေါက်သူအတွက် မင်္ဂလာနိမိတ်ပုံ။
မအိမ်ကံကတော့ အရွယ်တိုင်လို့မှ ဖက်စိမ်းကွမ်းတောင် မကိုင်ရလျှင် ဘယ်ကွမ်းတောင်မှ မကိုင်ဟု စိတ်ထဲ တေးထား လိုက်မိသည်။
“ဟဲ့...စိမ်းမြ သည်မယ်ကြည့်၊ ကွမ်းတောင်ဆိုသာ ပွေ့တတ်မှ လှသာရယ်။ ဖက်စိမ်းကွမ်းတောင်ကို ပွေ့ရင် ဟောသည်ကလပ်ခုံကို သိမ်းပြီး ပွေ့ရသယ်။ ညောင်းရင် ခါးဆစ်ပေါ် မှေးတင်ပြီး ပွေ့။ ရွက်ချင်လည်း ရွက်၊ ဖက်ဖူး ညွန့်ကို မယိုင်မညွှတ်စေနဲ့။ လွတ်မကျစေနဲ့။ ဟိုတင်သည်တင် မတင်နဲ့။ ဘယ်သူ့မှ ခဏကိုင်ထားပါ မလွှဲနဲ့”
ရွာက ရွေးချယ်လိုက်သော ကွမ်းတောင်ကိုင်အသစ် စိမ်းမြက ရှေ့သို့ တိုးလာသည်။ ရွာလက်ရက်ထည် ချည်ချော လုံချည်ကလေးနှင့်ပင် ၀ါချည်အင်္ကျီလက်စကကလေး ၀တ် ထားတာပေမယ့် စိမ်းမြက ဥဒေါင်းငှက်ကလေးတစ်ကောင် လို လှပကြော့ရှင်းလို့ နေသည်။ သနပ်ခါးပါးကွက်ကလေး ရေးရေးခြယ်ကာ ဇီဇ၀ါပွင့်ကလေးကို ဆံထုံးအခြေမှာ ကပ် ပန်ထားသည်။ နားရွက်နောက်က ဆံတောက်ကွေးကလေး က နားသယ်အထိ ကော့ပျံနေလေ၏။ မျက်လုံးမျက်ဖန် နက် နက်ကြည်ကြည်ကလေးနှင့် နှုတ်ခမ်းပါးကလေးကို စေ့စေ့ လေး ပြုံးထားရင်းက ဖက်စိမ်းကွမ်းတောင် ကလပ်ကို မ ယူလိုက်သည်။ ကွမ်းတောင်လည်ရစ်ကလေးလို သွယ်ပျောင်း သော လက်အစုံဖြင့် သိမ်းပွေ့ကာ ခြေတစ်လှမ်း နှစ်လှမ်း လျှောက်ကြည့်သည်။ မဏ္ဍပ်ထဲက လူအုပ်က စိမ်းမြကို ငေးကြလို့။ မအိမ်ကံတို့အရွယ် အပျိုဖျန်းကလေးတွေကတော့ အားကျစိတ်ဖြင့် မျက်ရည်များပင် ၀ဲနေကြလေသည်။ စိမ်းမြ က ကွမ်းတောင်ကလပ်ကလေးကို ခုံပေါ် ပြန်တင်လိုက်တော့ မအိမ်ကံ ရှေ့ကို ယောင်ယောင်ရမ်းရမ်း တိုးသွားလိုက်မိပါ၏။
“သြော်... မအိမ်ကံ ကိုင်ကြည့်ချင်လို့လား။ အခုက ကိုင်လို့ရပါသယ်။ လာလေ ရှေ့တိုးခဲ့”
မမကြည်သန်းက ကွမ်းတောင်ကို နေသားတကျ ပြင် တင်ရင်းက မျက်လုံးကလေးတွေ လည်နေသည့် မအိမ်ကံကို တွေ့သွားသည်။ မအိမ်ကံ ဟန်ပင်မဆောင်နိုင်ပါ။ ကွမ်း တောင်တင်သည့် စင်အနား တိုးကပ်လိုက်သည်။ လက်နှစ်ဖက် ကို ဆန့်ထုတ်ပြီး ပွေ့တော့မည့်ဟန် အပြင်လိုက်မှာပင်...
“မအိမ်ကံ... လာ လာ ညည်းအဖေ မေးနေသယ်”
မအိမ်ကံ၏ လက်ကောက်ဝတ်ကလေးကို တစ်ယောက် ယောက်က လှမ်းဆုပ်လိုက်ခြင်း ခံလိုက်ရသည်။ မအိမ်ကံ လှည့်ကြည့်လိုက်သည်။
“အို... အမေ၊ အမေ လိုက်လာသာလား”
“အေး... ညည်းအဖေက ခေါ်ခိုင်းလိုက်လို့။ လာ သမီး”
မအိမ်ကံက ဖက်စိမ်းကွမ်းတောင်ကို တစ်ချက် လှမ်း ကြည့်လိုက်သည်။ သက်ပြင်းကလေး မျှင်းမျှင်းချကာ အမေ ပန်းရုံနောက် လိုက်ခဲ့ရတော့သည်။
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ