အစ်ကိုစာရေးလိုက်ပါ၏။ အစ်ကိုလည်း မြင်းခြံနှင့် ရန်ကုန်မြို့ကို အိမ်ဦးကြမ်းပြင် ကူးလူးနေရပါသည်။ တလောက အင်္ဂလိပ်အစိုးရ အကြည်ညိုပျက်အောင် တရားဟောမှုနှင့် ထောင်ထဲဝင်ရပါသေးသည်။ နှမလေးတို့လည်း သည်သတင်း ကြားပြီးရောပေါ့။ စိတ်မချမ်းမသာ ဖြစ်မှာကိုလည်း အစ်ကို သိပါ၏။ သို့သော် အစ်ကိုတို့လို မျိုးချစ်စိတ်ဓာတ်ရှိသူများ အဖို့တော့ သိပ်တော့လည်း ဆန်းလှသည် မဆိုနိုင်ပါ။ ရွာကို အစ်ကိုပြန်မလာနိုင်တာကို ခွင့်လွတ်ကြစေချင်ပါသည်။ အဖေ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တာလည်း ပါပါ၏။
အခုစာကတော့ ကံလေးတစ်ဦးတည်းကို ရေးလိုက်သည့် စာပါပဲ။ အကြောင်းမှာ အစ်ကိုတို့ လုပ်နေသည့် အလုပ်အတွက် ငွေကြေးလိုအပ်နေတာကြောင့် ကံကလေးအနေနဲ့ တိုင်းချစ်ပြည် ချစ်စိတ်ကို အရင်းခံလျက် တတ်အားသလောက် အလှူငွေ ထည့်ဝင်လိုက်စေလိုပါသည်။ အိမ်ကပစ္စည်းကို မရိုးမဖြောင့် ခိုးယူသည်လည်း မဖြစ်စေချင်ပါ။ ကံကလေးပိုင် ငွေကြေးကိုသာ တတ်စွမ်းသမျှ သန့်ရှင်းစွာ လှူဒါန်းစေချင်ပါသည်။ နောင်အခါ အစ်ကိုနှင့်တွေ့မှ အကြောင်းစုံကို ပြောပြပါမည်။
သည်စာကို ယူဆောင်လာသူ မောင်သာအောင်မှာ အစ်ကိုတို့၏ အလွန်ယုံကြည်ရသော ရွာခံလူကောင်းတစ်ယောက် ဖြစ်သည့်အတွက် ကံကလေးကလည်း ယုံကြည်စွာ လက်ရောက်ပေးအပ်လိုက်နိုင်ပါသည်။
အဖေနှင့်တကွ အမေပန်းရုံ၊ ကံကလေးတို့ ကျန်းမာကြပါစေ။
သခင်မျိုးဟေ့ ဒို့ဗမာ
သခင်မြတ်သာ”
အစ်ကို့စာကို တစ်ခေါက်ထပ်ဖတ်ပြီး မအိမ်ကံ ငိုင်သွားခဲ့သည်။ ကိုယ့်အိမ်က မရိုးမဖြောင့်ရယူသည့်ငွေကြေးဥစ္စာ မဖြစ်ပါစေနှင့် ဆိုသည့် အစ်ကိုဖြစ်သူစာပါ သဘောထားမျိုး မအိမ်ကံမှာလည်း ရှိသည်။ သည်ဘက်နှစ်ကာလတွေအတွင်း အမေပန်းရုံက အိမ့်စီးပွား၊ အိမ့်ဗာဟီရတွေအားလုံး မအိမ်ကံ ကို တဖြည်းဖြည်း လွှဲအပ်လာခဲ့သည်။ သစ်ခင်း၊ စိုက်ခင်းက ၀င်ငွေ၊ ထန်းပင်တစ်အုပ်တစ်မက၀င်ငွေ၊ မြေးငှားချထားခြင်းက ၀င်ငွေ စသည်ဖြင့် ၀င်နေသည့်ငွေတွေကို မအိမ်ကံပဲ ကိုင်နေရတာကြာပြီ။
အမေပန်းရုံက တစ်ရက်မှာ မအိမ်ကံကို စဥ့်အိုးတစ်လုံး ထုတ်ပြသည်။ စဥ့်အိုးထဲမှာ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာခဲ့ကြသော ရွှေထည်၊ ကျောက်ထည်၊ လက်ဝတ်လက်စားတွေ များလှပါ၏။ မအိမ်ကံပင် ယခင်က မမြင်ဖူးတာတွေချည်း ဖြစ်၏။ သည်လက်ဝတ်လက်စားတွေထဲမှာ အများဆုံးက လက်ကောက်နှင့် လက်စွပ်တွေဖြစ်သည်။ မြန်မာလူမျိုး ဓနဥစ္စာကြွယ်ဝသူတို့၏ အယူအစွဲဖြစ်သည့် န၀ရတ်ကိုးပါး စလုံး ရှိသည်။ “ပတ္တမြား ဘုန်းတောက်၊ မြကျောက်၊ အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ၊ မဏိနီလာ၊ မေတ္တာကံချုပ်၊ ဂေါ်မုတ်ခွန်အား၊ ဥဿဖရားကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ ကိုးဂုဏ်ဝေ”ဆိုသည့်အတိုင်း အတိတ်ဆောင် နိမိတ်ဆောင်ကာ စုဆောင်းထားကြခြင်း ဖြစ်သည်။
“ကိုသာထန့်အမေ၊ ညည်းတို့ဘွားအေကြီးက ဥစ္စာရတ နာစုရာမှာ အင်မတန်တော်သယ်။ သီပေါရှင်ဘုရင် လက်ထက် တော်တုန်းက နန်းတွင်းသူတွေဆီကတောင် ရအောင်ဝယ် သာတဲ့။ အမေတော့ သည်ပစ္စည်းတွေ တစ်ခုမှ ထုတ်မ၀တ်ခဲ့ဖူးပေါင်အေ။ မက်ရေစက်ရေလည်း မရှိလှပါဘူး။ ငါ့သမီး အရွယ်ရောက်တော့ ၀တ်ချင်ဝတ်ပေါ့။ ဒါ ညည်းတို့မောင်နှမပိုင်တဲ့ ပစ္စည်းတွေပဲ”
အမေပန်းရုံ သွန်ပြထားသော စဥ့်အိုးထဲက ရတနာတွေ ထဲမှာ စိုက်ဘီး၊ ပန်းခိုင်၊ ပန်းခက်၊ ရင်ထိုး၊ လည်တုံ၊ ဆံထိုး၊ နားကပ်၊ နားထောင်၊ ဘယက်၊ လည်ကပ်၊ လည်ဆွဲ၊ ရွှေဒင်္ဂါးပြား စသည်ဖြင့် များလှပါ၏။ နယားလက်ကောက်၊ စတိလက်ကောက်၊ ကြံဆစ်လက်ကောက်၊ ရွှေဆတ်ခိုင်လက် ကောက်၊ ပန်းလက်ကောက်တွေကလည်း အစုံလိုက်။ သည် ရတနာစဥ့်အိုးထဲက လက်ဝတ်လက်စားတွေကို မအိမ်ကံပိုင် ဆိုင်သည်ဟု မဆိုသာ။ မိဘနှစ်ပါး ရှိကြသေးသည်။ အမေ ပန်းရုံက ညည်းတို့မောင်နှမပိုင် ပစ္စည်းတွေဆိုသော်လည်း ဒါတွေကိုတော့ မအိမ်ကံမထိချင်။ သူတစ်ပါး မသိဘဲယူခြင်း သည် ခိုးခြင်းမြောက်သည်ဟု မအိမ်ကံထင်ပါ၏။
အစ်ကိုဖြစ်သူ၏ တိုင်းရေးပြည်ရေး ဆောင်ရွက်ချက် များကို မအိမ်ကံ လှိုက်လှဲဝမ်းသာ ကူညီချင်စိတ်တွေ ယိုဖိတ် နေမိသော်လည်း ငွေရယ်၊ ကြေးရယ်လို့ ထုပ်ထုပ်ထည်ထည် ပေးစရာမရှိ။ မအိမ်ကံ ဘာပေးရမလဲ။ နဘန်ပွဲ(နားပန်ပွဲ) အပြီးမှာ အမေပန်းရုံက မအိမ်ကံကို မင်္ဂလာကျက်သရေနှင့် ပြည့်စုံစေခြင်းငှာ ရွှေနားကွင်းကလေးနှင့်အတူ စတိလက် ကောက်နှစ်ရန်၊ သံကွင်းဆက်ဆွဲကြိုးတစ်ကုံး လုပ်ပေးခဲ့သည်။ “ကိုင်း သည်ကနေ့ကစပြီး ငါ့သမီး မအိမ်ကံ ရွှေတွေ ငွေတွေ ပိုင်ပါပြီတော်။ ဆထက်တိုးလို့ တိုးပါစီ ပွားပါစီ”လို့ အမေ့ နှုတ်က ရွတ်ခဲ့တာလည်း မအိမ်ကံ မှတ်မိသည်။ ဟုတ်ပေ သား။ သည်ပစ္စည်းတွေကတော့ မအိမ်ကံကိုယ်ပိုင် ဖြစ်သည်။ သည်အထဲက လက်ကောက်နှစ်ရန်ပေးမယ်ဆိုရင် စိတ်သန့် ကိုယ်သန့် ပေးနိုင်သားပဲ။
မနက်ဖြန်ခါလောက် သာအောင်နှင့် အမြန်တွေ့ပြီး အစ်ကို့အတွက် လက်ကောက်နှစ်ရန်နှင့် စာတစ်စောင်ပေးဖို့ မအိမ်ကံ စိတ်ပိုင်းဖြတ်လိုက်သည်။ အစ်ကို့စာကို ၀ှက်ထားလိုက်ပြီး မအိမ်ကံအောက်ထပ်ကို ဆင်းလာခဲ့သည်။ အောက် မှာ ထမင်းပွဲကြီးခင်းကာ ထမင်းစာနေကြပြီ။
“သမီး ထမင်းမစားသေးဘူးလား။ လာ တစ်ခါတည်း ၀င်”
“မအိမ်ကံ မစားချင်သေး ပါဘူး အမေ။ ကျေးဥကို စောင့်ဦးမလားလို့”
“ညည်းသဘောပါအေ။ ဆာတော့လည်း ခူးခပ်စားကြတော့”
အမေတို့၊ မလှအုံတို့ အောက်ထပ်မှာ ထမင်းစားကြတုန်း အစ်ကိုမောင်မြတ်သာကို လူကြုံပေးလိုက်ရန် စာရေးမည် စိတ်ကူးမိတော့ အိမ်ပေါ်ပြန် တက်လာခဲ့သည်။ အိမ်ပေါ်မှာ အစ်ကို ရွာလာစဉ်အခါက မအိမ်ကံကို စာသင်ပေးဖို့ ယူလာတတ်သော ဗလာစာအုပ် များနှင့် ခဲတံတွေ ရှိသည်။ မအိမ်ကံ စာမသင်ရတာ တောင်ကြာပြီ။ တစ်ခါတစ်ရံ အိမ်မှာရှိသည့် အစ်ကို့စာအုပ်တွေကို မအိမ်ကံ ယူဖတ်တာ ကလွဲလို့ စာပင်မရေးဖြစ်ခဲ့။ သို့သော် ရွာတွင် မအိမ်ကံလို ရွယ်တူတန်းတူ မိန်းကလေး တွေထဲမှာတော့ မအိမ်ကံ စာဖတ်တတ်ခြင်းသည်ပင် တစ်ဂုဏ် ဖြစ်ရသည်။
အခန်းတံခါးကိုပိတ်လိုက်ပြီး ၀မ်းလျားမှောက်ရင်း မအိမ်ကံ စာရေးသည်။ ဘယ်ကစရေးရမှန်းမသိ။ ဘာတွေ ရေးရမှန်းလည်း မသိ။ သူ့ရင်ထဲရှိသမျှ ဖွင့်အံကာ စီကာပတ် ကုံး ရေးချင်သော်လည်း အားလုံးငုံမိအောင် ရေးနိုင်ဖို့တော့ မလွယ်ပါ။ မအိမ်ကံလက်ကလေးတွေပင် ဆတ်ဆတ်တုန် လျက်ရှိပါ၏။
“အစ်ကို မောင်မြတ်သာ"
စာပေးလိုက်တာရပါ၏။ အစ်ကို နေကောင်းထိုင်သာ ရှိစေရန် မအိမ်ကံ နေ့စဉ်ဘုရားမှာ ဆုတောင်းနေပါ၏။ မေတ္တာ လည်း ပို့နေပါ၏။ အဖေတို့၊ အမေတို့လည်း ကျန်းမာချမ်းသာ ကြပါသည်။ တိုင်းရေးပြည်ရေးအတွက် မအိမ်ကံ ပိုင်ဆိုင်သည့် လက်ကောက်နှစ်ရန်ကိုသာအောင်နှင့် လှူလိုက်ပါ သည်။ အစ်ကိုတို့ လိုရာသုံးကြပါ။ အစ်ကို့လက်ထဲရောက်လျှင် ရောက်သည့်အကြောင်း စာရေးပါဦး။
ကျန်းမာပါစေ
ကျန်းမာပါ၏
ကံကလေး”
မအိမ်ကံက သူ့စာကို သူ ဖတ်ရင်း ၀မ်းသာနေသည်။ ရေးထားသည့် စာနှစ်ကြောင်း သုံးကြောင်းကို အကြိမ်ကြိမ် ပြန်ဖတ်သည်။ သေချာပြီဆိုတော့ ခေါင်းအုံးအောက်ကို စာအခေါက်လိုက် ထိုးထားလိုက်သည်။ မအိမ်ကံတို့ရွာမှာ စာအိတ်ရယ်လို့ မရှိတော့ အဖေ့ထံရောက်လာတတ်သည့် ရုံးစာအိတ်အဟောင်းတစ်လုံး မနက်ကျမှ ရှာထည့်တော့မည် စိတ်ကူးထားသည်။ ခေါင်းအုံးပေါ် ခေါင်းတင်ရင်း အစ်ကို့ကို စိတ်ရောက်ရပြန်၏။ အစ်ကိုဘာတွေများ လုပ်နေတာပါလိမ့်။
တိုင်းရေးပြည်ရေးကို မအိမ်ကံ ပဲသိမ်းပဲကောက် နားလည်လွန်းလှသည်တော့ မဟုတ်။ အကြားရနာလွန်းလို့ ရေးတေးတေး သိထားတာတော့ရှိသည်။ တိုင်းပြည် ကျွန်ဘ၀ ရောက်နေရသည်ဆိုသည့် အချက်ဖြစ်၏။ ထိုကျွန်ဘ၀က လွတ်မြောက်ရေးအတွက် အစ်ကိုတို့လို လူငယ်တွေ လုံးပမ်း နေကြတာကိုလည်း သဘောပေါက်ပါ၏။ ရပ်ရွာဆင်းရဲနေတာကို သိနေတော့လည်း တိုင်းပြည်ပါ ဆင်းရဲနေရသည်ကို သိပါ၏။ မအိမ်ကံတို့ ရွာတွေမှာ စပါးစိုက်သော လယ်မရှိဘဲ ပဲခင်း၊ နှမ်းခင်းတွေသာရှိသည်။ စိုက်သာစိုက်ရသော်လည်း ပဲဈေး၊ နှမ်းဈေးတွေက မကောင်းလှပါ။ တစ်နှစ်နေနေ တစ်နှစ်ဆန်းဆန်း ဆင်းရဲပန်းတောင်း လုပ်ကိုင်စားသောက်နေ ကြရသူတွေက မအိမ်ကံ မျက်စိရှေ့မှာ ရှိနေကြသည်။
သည်ဘက်နှစ်တွေမှာ အမေပန်းရုံက မအိမ်ကံကို သူ့ခြေ၊ သူ့လက် စီမံခွင့်ကလေးပေးလာသည့်အတွက် ရွာမှာ အတိဒုက္ခ ရောက်နေကြသူတွေကိုတွေ့တိုင်း မအိမ်ကံထောက်ပံ့ ကူညီနိုင်ခဲ့သည်။ ကိုဖိုးငွေတစ်ယောက်တည်း ကျုံးနေရသော အလုပ်တွေကို သူရင်းငှားထပ်ငှားကာ လုပ်စေသည်။ ဖိုးတုတ်နှင့် သူရင်းငှား ကိုစံအေးကို တွဲလုပ်စေကာ ကိုဖိုးငွေ ကို အိမ်မှာပဲ အုပ်စီးစေခဲ့သည်။ ဖိုးထူးကလည်း တောအလုပ် ကူနိုင်ခဲ့ပြီ။ ပဲဆွတ်၊ ပဲသိမ်းအလုပ်တွေကိုတော့ ကျေးဥနှင့်လွှဲရသည်။ ရွာထဲမှာ အဆင်းရဲဆုံးသူတွေကို ခေါ်ကာအလုပ် စေခိုင်းသည်။ ရက်ကန်းစင် ငါးစင်ဆင်ပြီး ရက်ကန်းရုံ ထောင်ကာ ရွာက ကာလသမီးတွေကို အရီးကြာညွန့်အား ဦးစီးစေသည်။ မအိမ်ကံ၏ ရက်ကန်းရုံထွက် ပိတ်ညက် ပိတ်ကြမ်းတွေကို မြင်းခြံဈေးကို သွင်းနိုင်ဖို့ မအိမ်ကံကိုယ်တိုင် မြင်းခြံကိုသွားဖို့လည်း ရှိသည်။ အခုတော့ ရက်ကန်းရုံက အစပဲရှိသေးသမို့ အထည်သိပ်မကျသေး။ လုပ်ခရယ်လို့ များများစားစား မရနိုင်သော်လည်း ထမင်းစားရဖို့တော့ အဆင်ပြေကြသည်။ မြေရှိပြီး သစ်စေ့သစ်ဆံ မရှိကြသည့် တောင်သူတွေကိုမျိုးပဲ တစ်တင်းတစ်ခွဲဆိုသလို ဝေငှပေးကမ်း ခြင်းလည်း ပြုသည်။ မအိမ်ကံ သည်လိုလုပ်နေတာတွေကို အဖေရော အမေကပါ အပြစ်မဆိုသည့်အပြင် နှစ်ထောင်း အားရပင် ရှိကြလေသည်။
“ငါ့မှာ သားက အားမကိုးရပဲ သမီးက လက်ရုံးဖြစ်နေပါပကောဟဲ့ ပန်းရုံရဲ့”
အဖေ့နှုတ်ကပင် မြည်တမ်းလာခဲ့သည်။ မအိမ်ကံကတော့ အစ်ကို့ကို အပြစ်မမြင်ပါ။ အစ်ကိုမြတ်သာသည် မအိမ်ကံတို့ အိမ်အတွက်ထက် ပြည့်လက်ရုံး ဖြစ်နေတာကိုပဲ မအိမ်ကံ ကျေနပ်သည်။ တိုင်းပြည်အတွက် အစ်ကိုလိုလူတွေ ရှိနေဖို့ လိုအပ်တာကို မအိမ်ကံသဘောပေါက်သည်။ အစ်ကို့လုပ်ငန်း ကို မအိမ်ကံ တတ်စွမ်းသမျှ ကူညီနိုင်ဖို့သာ စိတ်ထဲရှိပါ၏။
“မအိမ်ကံ မအိမ်ကံ”
ကျေးဥရောက်လာမှ မအိမ်ကံ အတွေးရပ်တော့သည်။ သာအောင်ကပဲ မအိမ်ကံကို မေတ္တာစာကမ်းလိုက်သလိုလို ပြောထားတော့ ကျေးဥစိတ်ဆင်းရဲနေတာ မအိမ်ကံ သိပါသည်။ အကျိုးအကြောင်းမှန်ကို ချက်ချင်းမပြောသေးဘဲ အောင်းထားလိုက်သည်။ ကျေးဥက မအိမ်ကံကို အကဲခတ်နေ သလို မအိမ်ကံကလည်း ကျေးဥအရိပ်အခြေကိုကြည့်ကာ ရယ်ချင်နေမိ၏။ ကြာတော့လည်း ကျေးဥကို သနားလာသည်။ မအိမ်ကံတစ်ခုတော့ စဉ်းစားသည်။ သာအောင်ကတစ်ဆင့် ရောက်လာသည့်စာက မရိုးမသားမဟုတ်ဘဲ အစ်ကိုမောင်မြတ်သာ လူကြုံပါးလိုက်သည့် စာသာဖြစ်ကြောင်း ဖွင့်ပြောသည့်တိုင် အစ်ကိုဖြစ်သူက အလှူခံသည့်ကိစ္စ၊ မအိမ်ကံ လက်ကောက်တွေလှူသည့်ကိစ္စတွေကိုတော့ ဖွင့်မပြောဘဲ ထားရန်ဖြစ်၏။ ဘာပဲဖြစ်ဖြစ် စာပါအတွင်းရေးတွေပါ ဖွင့်ပြောလိုက်လျှင် သည်စကား သည်သတင်းက ရွာထဲ ရပ်ထဲ ရောက်သွားနိုင်သည်။ ကျေးဥကို လူရင်းထား ချစ်ခင်နေရသော်လည်း ကိစ္စတိုင်းသိရန်မလိုဟု မအိမ်ကံတွက်သည်။ သည်ကိစ္စကိုလည်း ပေါ့ပေါ့ပါးပါးလောက်သာ ပြောရမည်။
“ကျေးဥရယ် ညည်းစိတ်ဆင်းရဲနေသာ ငါသိသားပဲ။ သာအောင်က မအိမ်ကံကို မရိုးမသားပေးလိုက်သယ့် စာ မဟုတ်ပေါင်အေရယ်။ အစ်ကိုမြင်းခြံက လူကြုံပါးလိုက်တဲ့ စာပါ။ အဖေတို့၊ အမေတို့ မသိအောင် ပေးလိုက်သာရယ်ပါ”
သည်စကားကြားတော့မှ ကျေးဥမျက်လုံးကလေးတွေ လက်လာတော့သည်။ ပြုံးနိုင်ရယ်နိုင်လာသည်။ မအိမ်ကံ လက်ကလေးတွေကို ဆုပ်ကိုင်ကာ ၀မ်းသာကြောင်း အမူအရာပြသည်။
“၀မ်းသာပါ့တော်။ ငါက သာအောင် မလိမ့်တပတ်နဲ့ ရည်းစားစာအပေးခိုင်းသယ် မှတ်နေသာ။ သည်လိုသာ ဆိုရင်တော့ ငါတို့သားအမိ နေစရာတောင် ရှိမှာမဟုတ်ဘူး။ နောက်တစ်ခုက”
“ဘာလဲ ကျေးဥ”
“မအိမ်ကံကို ငါနှမြောတယ်အေ။ ရည်းစားသနား မရှိစေချင်သေးဘူး။ သာအောင်နဲ့ဆို ပိုတောင်မဖြစ်စေချင်သေးတယ်။ သာအောင့်အမေက သူ့သားတွေကို ရွာ့ကွမ်းတောင်ကိုင်တွေနဲ့ချည်း ပေးစားချင်နေသာ မဟုတ်လား”
“ကျေးဥရယ် သာအောင်ကို ငါ မကြိုက်ပါဘူး။ စကားပမာ ကြိုက်မိသယ်ပဲထားဦးတော့ ငါလည်း ကွမ်းတောင်ကိုင် ရတော့မှပဲဟဲ့။ သူ့အမေက သဘောမတူဘဲ ရှိပါ့မလား”
မအိမ်ကံစကားကြောင့် ကျေးဥရင်တွေ “ဒိန်း”ခနဲ လှုပ်သွားခဲ့သည်။ ကျေးဥကိုယ်တိုင်က မေ့မေ့လျော့လျော့ ပြောလိုက်သည့်စကားကို မအိမ်ကံ ထောက်လိုက်တော့မှ သတိထားမိတော့သည်။ “ငါလည်း ကွမ်းတောင်ကိုင်ရတော့ မှာပဲဟဲ့”တဲ့လား မအိမ်ကံရယ်။ အမေပြောထားသည့် စကားကို ဖျတ်ခနဲ သတိရမိရာက ကျေးဥမျက်နှာကလေး အိုကျသွားခဲ့သည်။ မအိမ်ကံကို ကျေးဥဘယ်လိုပြောရပါ့မလဲတော်။ ကျေးဥ မျက်ရည်တွေဝိုင်းသွားတာမြင်လိုက်တော့ မအိမ်ကံ စိတ်ထဲမကောင်း ဖြစ်သွားသည်။ ကျေးဥကလည်း ကျလုလု မျက်ရည်ကို ထိန်းလိုက်နိုင်ပါ၏။
“ကျေးဥရယ် ညည်းစိတ်ပူအောင် ငါ တမင်စသာပါအေ။ စိတ်မကောင်း မဖြစ်ပါနဲ့။ တစ်ခုတော့ ငါ့ကို ကူညီဦးဟယ်”
“ဘာများပါလိမ့်တော်”
“မအိမ်က သာအောင်နဲ့တော့ တွေ့ရမှကို ဖြစ်မှာ။ ဘယ်လို တွေ့ရမလဲတော့ ငါလည်းမသိဘူး။ ကူစဉ်းစားပေးပါဦး”
“ဘာကိစ္စများ တွေ့နေမှာလဲ မအိမ်ကံရယ်။ အစ်ကို မောင်မြတ်သာကို စာပြန်ဖို့ဆိုရင် ငါပဲသာအောင်ကို ပေးလိုက်ရင်ဖြစ်သာပဲ”
အဲသလိုတော့ မအိမ်ကံသိသာပေါ့။ မဖြစ်ဘူး။ ကိုယ်တိုင်တွေ့ပြီး မေးချင်သာလေးတွေလည်း ရှိသေးသာကိုး။ အစ်ကို့အတွက် အရေးကြီးသယ်”
“အို ဟုတ်လား နေပါဦး။ ငါစဉ်းစားပါဦးမယ်”
ကျေးဥက သာအောင်နှင့် မအိမ်ကံ နှစ်ယောက်သား တွေ့ ရမည့်နေရာကို စဉ်းစားသည်။ ဟိုတစ်ခါလို ကျေးဥတို့အိမ်မှာပဲ ဖျတ်ခနဲ တွေ့လိုက်လို့ဖြစ်သားပဲ။ ခဏတစ်ဖြုတ်တွေ့တာပဲ။ သည်လိုဆိုတော့လည်း တစ်ခါက နှစ်ခါတွေ့တာမျိုး ဖြစ်လာတော့ ရိုးရိုးသားသား ဆိုပေသိ တစ်ယောက်ယောက်မြင်နိုင်သည်။ ကျေးဥတို့ ၀ိုင်းတိုက်တွေက တဲတွေ၊ အဖီတွေ ဗလုံစီ ထိုးနေတာ မဟုတ်လား။ ပြီးတော့ လမ်းမတန်းကိုထွက်ဖို့က အိမ်ကြိုအိမ်ကြား လမ်းကလေးတွေကိုပဲ သုံးကြရတော့ အသွား အလာများလှသည်။ နို့ဖြင့် ဘယ်မှာတွေ့ရင် ဖြစ်မလဲ။ ရွာအနောက်ဘက် စိုက်ခင်းတွေဘက်ကော၊ စိုက်ခင်းအနောက်ဖျား ညံပင်တောတွင်းမှာ ကျေးဥတို့ ငရုတ်ခင်း၊ ခရမ်းခင်း ငုတ်စိ ကလေးတွေရှိသည်။ အခင်းစောင့် တဲပျက်ကလေး တစ်လုံးရှိသည်။ ဘူးနွယ်ကြီးတွေ ခေါင်ပေါ်တက်နေသဖြင့် အမိုးတစ် ခြမ်းပြိုနေသည့် တဲပျက်ဖြစ်သည်။ သာအောင်ကို စောစော ကြီးကတည်းက တဲပျက်ထဲရောက်အောင် သွားစောင့်ခိုင်းရမည်။ ကျေးဥနှင့် မအိမ်ကံက ထမင်းဇပြီးအချိန်(ထမင်းစား ပြီးချိန်)လောက် လိုက်သွားကြရုံ။ ကျေးဥက သူတွေးရသလောက် ပြောပြတော့ မအိမ်ကံ စဉ်းစားသည်။ သာအောင့် လက်ထဲ ရွှေထုပ်ထည့်ပေးလိုက်တာကို လူမမြင်ဖို့ကလည်း အရေးကြီးသည်။ ရော့ အင့် ပေးလိုက်လို့ကလည်း ဖြစ်တာ မဟုတ်။ အကျိုးသင့် အကြောင်းသင့်တော့ ရှိရဦးမည် မဟုတ်လား။
“ကျေးဥရယ် အဲသည့်တဲ ကတော့ ဟုတ်ပါပြီ။ တစ်ယောက်ယောက် တွေ့သွားမှ ပိုပြီး ကျော်မကောင်း၊ ကြားမကောင်းဖြစ်မှာ စိုးရသယ်။ ရွာထဲရပ်ထဲ အမှတ်မထင် တွေ့သာကမှ အပြောလွတ်ဦးမယ်”
“ဟုတ်သယ်လေ။ မအိမ်ကံက သာအောင်နဲ့ စကားမေးချင်သေးတယ်။ စာလည်း ပေးချင်သေးသယ်ဆိုသာကိုး။ ငါတို့အိမ်စုဘက်ကျတော့ မအိမ်ကံရောက်လာသာနဲ့ ကျီးကန်းအုပ်ထဲ ဟင်္သာရောက် သလို ထင်းခနဲ၊ ကွင်းခနဲ မြင်သာသာပေါ့။ ရွာက မအိမ်ကံကို ချစ်ကြတော့ အမြဲ ကြည့်နေကြသာရယ်”
မအိမ်ကံပင် ကျေးဥ စကားကို သဘောကျနေမိသည်။ ကျေးဥပြောသည့် စကားက အမှန်ပင်။ မအိမ်ကံကို တစ်ရွာလုံးက ချစ်ခင်ကြသည်။ စိတ်ကောင်းနှလုံးကောင်း ရှိသူအဖြစ် လေးစား ကြည်ညိုကြတာလည်း ပါသည်။ စက်စက်ယိုအောင် လှလွန်းသူကလေးဆိုတော့ ဇောင်ချမ်းကုန်းလိုရွာမှာ မအိမ်ကံ ပုန်းလျှိုးကွယ်လျှိုး သွားချင်လာချင်လို့ မဖြစ်နိုင်ပါ။ ဒါဆိုလျှင်တော့ သူတို့မှာ ရွေးချယ်စရာ ညံပင်တောကွင်းစပ်ကို သွားကြရုံသာ ရှိတော့သည်။
“ကျေးဥရယ် ညည်း ရောက်မလာခင်ကလေးကတင် မအိမ်ကံတွေးနေမိသား။ ငါ ဆယ့်ရှစ်နှစ်ပြည့်တဲ့နေ့မှာပဲ အိမ်က လူကြီးမိဘမသိအောင် အလုပ်နှစ်ခု လုပ်ရတော့မှာပါ လားလို့လေ။ တစ်ခုက အိမ်ကမသိအောင် အစ်ကို့ဆီ စာပေးရမှာ တစ်ခုက”
“တစ်ခုက ဘာလဲ”
“ရွယ်တူကာလသားတစ်ယောက်နဲ့ အိမ်ကမသိအောင် အင်းလေ ရွာကမသိအောင် နှစ်ကိုယ်ကြားတွေ့ရမှာလေ”
“ဟုတ်သားအေ”
ကျေးဥအောက်ထပ်ကို ဆင်းတော့ မအိမ်ကံပါ ဆင်းလိုက်သွားပြီး အဖေ့စားပွဲအံဆွဲထဲက စာအိတ်ညိုကြီးတစ်လုံး ယူလာခဲ့သည်။ ထမင်းစေ့ ကွမ်းသီးလုံးလောက် နှိုက်လာခဲ့သည်။ အိမ်ပေါ်ပြန်တက်လာကာ ရေးပြီးသားစာကို စာအိတ် ကြီးထဲထည့်။ စာအိတ်ကို ထမင်းလုံးနဲ့ စေးနေအောင် ကပ်လိုက်သည်။ လက်ကောက်လေးကွင်းကို လက်ကိုင်ပ၀ါအဖြူ ကလေးနှင့်ထုပ်ရင်းက လက်ကိုင်ပ၀ါထောင့်စွန်းမှာ ပိုးချည် ဖြင့်ထိုးထားသော မအိမ်ကံဆိုသည့် စာလုံးကလေးဆီ မျက်စိ ရောက်မိသည်။ သည်လက်ကိုင်ပ၀ါပေါ်က မအိမ်ကံအမည်ကို အစ်ကိုတွေ့မှာ သေချာသည်။ လက်ကောက်ထုပ်နှင့်စာကို ပိတ်အိတ်ရှုံှု့ကလေးထဲထည့်ပြီး အိတ်ရှုံ့ကြိုးကို တင်းတင်း ရစ်လိုက်သည်။ ဒါဆိုစာလည်း အဆင်ပြေပြီ။ ရွှေလက်ကောက်တွေလည်း အဆင်ပြေပြီ။ ကျေးဥအိမ်ခဏ အပြန်မှာ သာအောင့်ကို ချိန်းခဲ့လိမ့်မည်။
နောက်တစ်နေ့ တစ်မနက်ခင်းလုံး မအိမ်ကံ ရင်တွေခုန် နေခဲ့ပါ၏။ သူလုပ်ရမည့် အလုပ်တွေဟာ စင်ကြယ်ရဲ့လား လို့လည်း တွေးရပါ၏။ အစ်ကိုမောင်မြတ်သာကို ဆက်သွယ်ရန် သည်နည်းမှတစ်ပါး အခြားနည်း မရှိလေတော့ ရင်ဖိုဖိုနှင့်ပင် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ သက်ပြင်းကလေးတွေ သာ အခါခါချမိတော့သည်။
“အမေ မအိမ်ကံ အနောက်တောက အကွက်တွေ မြေပဲ အုရဲ့လားလို့ ကျေးဥနဲ့ သွားကြည့်ချေဦးမယ်”
“အေး အေး နေသိပ်မမြင့်ကြစေနဲ့။ အပြန်ကျ ချဉ်ပေါင် နွားစငုတ်ကလေးတွေ တစ်အိုးချက်လောက် ခူးခဲ့ကြစမ်းအေ”
နွားစငုတ်ကလေးတွေကို မအိမ်ကံလည်း ကြိုက်သည်။ ဟင်းသီးဟင်းရွက်ခင်းတွေ နွေပေါက်လို့ အသီးအညွန့် တုံးသည့်အခါ နွားတွေက ၀င်စားကြသည်။ ထိုသို့ နွားစားရာ မှတက်လာသော အငုတ်အညွန့်ကလေးတွေကို ရွာက တစ်အိုး စာ၊ တစ်နပ်ချက်၊ ပုဆိုးတစ်စလွယ် ခူးတတ်ကြသည်။ ကျေးဥနှင့် မအိမ်ကံ ရွာအနောက်ဘက် ကွင်းတွေဆီ ထွက်လာ ခဲ့ကြသည်။ ညံပင်တောက ရွာ့စိုက်ခင်းတွေနှင့် တော်တော် လှမ်းသည်။ အခင်းစောင့်တဲကလေး ငုတ်တုတ်ကို အဝေးက မြင်လိုက်ရတော့ မအိမ်ကံ ရင်ခုန်ရပြန်ပါ၏။
“ကျေးဥ ညည်းက ခရမ်းပင်တွေနားနေခဲ့။ ငါက လူခြေ ကြည့်ပြီးမှ ၀င်မယ်။ သာအောင့်ကို သေချာပြောခဲ့ရဲ့လား”
“ရောက်လောက်ပြီထင်သယ်။ အစောကြီးသွားစောင့်မယ် ပြောသာပဲအေ့”
မအိမ်ကံနှင့်ကျေးဥတို့ ကွင်းတွေထဲ ဖြတ်လျှောက်နေကြ တာကို အခင်းထဲရောက်နေကြသည့် လူတွေက အော်ဟစ်နှုတ် ဆက်ကြသည်။ မအိမ်ကံနှင့် ကျေးဥကလည်း ၀ူးထိုးနှုတ်ဆက် ကြရင်း ဟိုဘက်လိုလို သည်ဘက်လိုလို ဝေ့နေကြရသေး၏။ ညံပင်တောကွင်းစပ်ကိုရောက်ပြီး။ မအိမ်ကံ ရင်တွေ တလှပ်လှပ် ခုန်ရပြန်ပါပြီ။ ရင်ပုံထဲ ထည့်လာသည့် ရွှေထုပ် နှင့် စာအိတ်ကို လက်နှင့်ဖိစမ်းရင်း တစ်ကွင်းလုံးကို အကဲ ခတ်ရသေးသည်။
“မအိမ်ကံ သွားတော့။ လူသူအရိပ်အခြေတွေ့ရင် ငါ သီချင်းဆိုလိုက်မယ်။ သီချင်းမဆုံးမချင်း အသာအောင်း နေချေ”
ကျေးဥက သည်လိုဆိုတော့ အဟုတ်သားပါလား။ မအိမ်ကံက တဲပျက်ကို အကဲခတ်သည်။ တဲက ငြိမ်ချက်သား ကောင်းလှပါ၏။ လူရိပ် လူခြေ ရှိပုံမရ။ မြွေပါးကင်း ပါးရော ကင်းရဲ့လား။ နှစ်ယောက်သား ချဉ်ပေါင်နွားစ ငုတ်ကလေးတွေ ခူးကြရာမှ တဲနောက်ဖေးဘက်ကို မအိမ်ကံ တိုးကပ်လိုက်သည်။ ကျေးဥကိုပင် မမြင်ရတော့။ မအိမ်ကံ အသံပြုလိုက်သည်။
“သာအောင်”
ဘာသံမှမရှိ။ ပြန်ထူးသံ လည်း မကြား။ မအိမ်ကံတစ် ချက်ထိတ်သွားခဲ့သည်။ ကွင်းဘက်ခပ်ဝေးဝေးဆီက ဇာတ်ထုပ် ငိုချင်းချဆိုနေသံ ကို ကြားနေရတာကလွဲလျှင် တခြားဘာသံမှမရှိ။ ပြိုကျနေသည့် တစ်ဖက်စောင်းစောင်း အမိုးဟောင်းအောက်ကို မအိမ်ကံ ငုံ့ဝင်လိုက်သည်။ မြေစိုင်ခဲတစ်လုံးကို မအိမ်ကံ ခလုတ်တိုက်မိစဉ်မှာတော့ လက်ကြီးတစ်ဖက်က သူ့ခါးကို လှမ်းပွေ့ယူခြင်း ခံလိုက်ရသည်။
“အို... အမေ့”
(ဆက်လက်ဖော်ပြပါမည်)
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ