မအိမ်ကံ (july)
ရုတ်တရက် ကောက်ကာငင်ကာ ထဆိုလိုက်သော သီချင်းသံကြောင့် မအိမ်ကံခမျာ ကြားချင်သည့်စကား မကြားလိုက်ရတော့ပါ။ မအိမ်ကံနှင့် မနီးမဝေးမှာ ရွာ့ကွမ်းတောင်ကိုင် လျာထားသည့်အကြောင်း ပြောဆိုနေကြတာကို အသက်အောင့် နားထောင်နေမိသည်။ ရွာသူတစ်ယောက်က သူ့သဘောထားကို ပြောရန် စကားဟလိုက်စဉ်မှာ သီချင်းသံ ထွက်လာခြင်း ဖြစ်၏။ မအိမ်ကံ လှမ်းကြည့်လိုက်တော့ အပျိုကြီး မသောင်းလှ ဖြစ်နေသည်။ မသောင်းလှက သီချင်းတွေ ပြောက်တိပြောက်ထိုး ဆိုတတ်သော်လည်း ဘယ်သီချင်းမှ အစအဆုံးမရ။ သို့သော် ဇာတ်ထုပ်ဇာတ်လမ်းတော့ အခင်းကောင်း။ သည်လို အုပ်နှင့် သင်းနှင့် လုပ်ရသော အလုပ်တွေမှာ မသောင်းလှကို တကူးတကပင် ခေါ်ရသည်။ ကြားချင်တာ မကြားလိုက်ရတော့ မအိမ်ကံ သက်ပြင်းကလေးသာ ရှိုက်လိုက်ရတော့သည်။
"သောင်းလှရယ် အမေက ရစ်ရိုးနဲ့ ရိုက်တာ ကျောသိသိ ကြေသယ်ဆိုတော့ အပြစ်က ကြီးလှပါကောဟဲ့..."
"ကြီးဆို ရည်းစားထားသယ့်အမှုကိုး ၀ိုင်းစိန်မရဲ့။ ရည်းစားထားသာ အမေသိသွားတော့ လာစမ်းဟဲ့ဆိုပြီး ရစ်ရိုးနဲ့ ရိုက်သာ ကျောလုံးပုပ်ကရော..."
မသောင်းလှနှင့် မသောင်းစိန်တို့ ရိုးရိုးသားသားပြောနေကြတာမှ ဟုတ်ရဲ့လား။ မအိမ်ကံ ထိတ်ခနဲပင်ဖြစ်သွားရပါ၏။ မအိမ်ကံနှင့် သာအောင်တို့ တဲပျက်ထဲ တွေ့ခဲ့ကြတာကိုများ သိကြရော့လား။ သူတို့နှစ်ယောက်ကိုများ သမီးရည်းစားထင် ကြရော့လား။ ရည်းစားထားလို့ အမေက ကျောစိစိကြေအောင် ရိုက်သတဲ့။ သီချင်းကထူးတော့ထူးဆန်းသား။ ပျိုတို့မောင်လာကာမှ ဒဏ်ရာကိုလှန်ကာပြလို့ရယ် ငိုပါ့မယ်လေး...ဆိုတာက ကော။ အမေရိုက်သည့်ကျောဒဏ်ရာကို ချစ်သူကိုလှန်ပြရရင် ရှက်စရာကြီး။
"တစ်ချို့ကချောသနှင့်... တို့တောနယ်ရွာစဉ်မတော့ မြို့ကျောဘွယ်တန်ဆာဆင်ကြပုံက... အပြာတွင်ဖဲရောင် ခရမ်း ရယ်နှင့်...ပ၀ါယဉ်ဖဲစောင်မှဆန်းတယ်လို့... ထာဝစဉ်ပွဲ ဆောင်ကိုမြန်းကြတယ်... ကဲ ပြောင်ခန်းဖော်တယ်နော်ကွယ်... အလိုရှင်... လှည်းဆောင်ပန်းပေါ်..."
နေပူပူ ၀က်ဝက်ကွဲမှာ လွမ်းလောက်အောင်ဆိုလိုက်သော ၀ါခင်းထဲကသီချင်းတွေကိုကြားရတော့ အမောပြေရသား။ တောသူတောင်သားတွေဆိုတော့ လက်လှုပ်မှ ပါးစပ်လှုပ်ရတာ ထား။ လက်လှုပ်တာတောင် ပါးစပ်မလှုပ်ရတာတွေများလှသည်။ တချို့မှာ ထမင်းပင်စားခဲ့ကြရရဲ့လားမသိ။ အခင်း ရှင်ဧည့်ခံသော မုန်ပဲသရေစာနှင့်ပြီးကြရတာကို မအိမ်ကံမြင်နေရပြီ။ အစ်ကိုပြောခဲ့ဖူးသည့် နိုင်ငံကချမ်းသာပြီး လူတွေက ဆင်းရဲနေကြတာဆိုတာ ဒါကိုပြောတာပဲဖြစ်ရမည်။ သည်လူ တွေအတွက် တတ်နိုင်သမျှ ကွမ်းတစ်ရာ ရေတစ်မှုတ်ကမ်းဆိုသလို မအိမ်ကံမှာ စိတ်ကူးတွေရှိပါ၏။ ရွာနှင့်ရွာဝန်းကျင်က ထွက်သမျှဝါတွေကို ပေါက်ဈေးနှင့်ဝယ်မည်။ ရက်ကန်းစင် လေး,ငါးစင် အိမ်မှာထပ်ဆင်မည်။ ရွာထဲက ရက်ကန်းစင်ရှိသမျှအိမ်တွေကို ချည်ပေး အထည်ယူ၊ လက်ခပေးပြီး ရသမျှ ခတ်ခိုင်းမည်။ ရွာထည်၊ တောထည်ကလေးတွေဆိုသော်လည်း အဆင်အကွက်လှလှကလေးရက်လျှင် သည်လိုခေတ် ကာလမှာ အသုံးများနိုင်သည်။ ရုပ်သေးစင်မှာဆိုသွားသည့် လင်္ကာတစ်ပုဒ်ကို မအိမ်ကံ မှတ်မိနေသည်။
"မိန်းမတွေ အငြိမ်မနေစမ်းပါနဲ့... ရက်ကန်းခေါ် ဗိုင်းဝါ အလုပ်ကိုလ... အများတကာ အားမနာလို့မဟုတ်ပါဘူး... အများအလာမှာ ခါးဗရချာ မစုတ်ရအောင်ကွယ်... အား ထုတ်ဖို့ကောင်း..."
မအိမ်ကံတို့ရွာမှာ ရက်ကန်းစင်တွေများသော်လည်း ရက်ကန်းအလုပ်ထက် ရိုးရာတောင်သူအလုပ်ကို ခါးချိုးချင်ကြသူ တွေများသည်။ ရက်ကန်းအလုပ်က ကရိကထများသလို ရက် ကန်းထွက်ထည်ကလေးတွေက ငွေပေါ်ခက်သည်ဟု ယူဆကြသည်။ တစ်ကိုယ်စာ ၀တ်သာရုံကလွဲလို့ အရင်းအနှီးရယ်လို့လည်း မတတ်နိုင်ကြတော့ ငွေရင်းစိုက်ပြီး ၀င်ငွေရအောင်မရှာ တတ်ကြတာလည်း ဖြစ်ဟန်တူပါ၏။ ဒါကိုပဲ သည်ဘက်နှစ်တွေမှာ မအိမ်ကံမြင်လာခဲ့သည်။ အရင်းအနှီးစိုက်မည်။ ရက်ကန်းခတ်သားတွေကို လုပ်ခပေးမည်။ ရသမျှအထည်တွေ မြို့ကိုပို့မည်။ သည်စိတ်ကူး အမေပန်းရုံကိုပြောပြတော့ အမေကလည်း သဘောတူသည်။
"အမေတို့ငယ်ငယ်ကများ ရက်ကန်းမတတ်ရင် အကန်း လောက်ခေါ်ချင်ကြသာ။ မိန်းကလေးများတွေ့ရင် ကာလသား ရဲ့မအေက ရက်ကန်းရှင် မတတ်ပါစလို့ မေးကြသာ။ မတတ်ဘူးဆိုရင် လူ့ဘ၀ ဘာလာလုပ်သာတုံးဆိုတဲ့ မျက်နှာနဲ့ကြည့်သာ။ အမေတို့ခေတ်အထိ တင်လိုက်ရသဲ့ ၀ါပခြင်းနတ်။ တင်လိုက်ရသဲ့ ရက်ကန်းရှင်မ။ တစ်ချိန်းချိန်းပေါ့အေ..."
အမေပန်းရုံပြောတာကို မအိမ်ကံ စိတ်ဝင်တစားနား ထောင်နေခဲ့ဖူးသည်။ လောလောဆယ် မအိမ်ကံတို့ခေတ်မှာ တောင် ၀ါပခြင်းနတ်ကိုတင်ကြတုံး။ ၀ါစိုက်သည့်ရွာတွေ မဟုတ်လား။ မိုးမရွာတော့လည်း တင်ကြရသည်။ ခြင်းကြား တောင်းကို ဆံစုတပ်၊ ပန်းပန်၊ ထဘီအင်္ကျီဝတ်ပေးပြီး မိန်းမ ကြီးတွေက ခြင်းနှုတ်ခမ်းက မကာ ယိမ်းပေးကြသည့်နတ် တင်ပွဲဖြစ်သည်။
"ရွှေမိုးတဲ့ရွာစေချင်... ငှက်ပျောပင်ဆင်အံဖီးနဲ့ နတ်ကြီး ကိုတင်... ရပ်ရွာသူနယ်အရှင်... ရေတင်အောင်ရွာပါလား မိုးနတ်သိကြား"
"တောင်ဘက်လယ်ခင်း တောင်ခြေရင်း... ၀ါခင်းစောင့် တဲ့ ဖိုးအောင်ကျော် မိုးခေါ်လို့ပေး ခေါ်လို့ပေး"
"ဖိုးအောင်ကျော်လာမည့်ရေးနှင့် မိုးသံကိုပေး... ပြောင်းပင်ညိုမြ မိုးလိုက ရေရမြက်ပင် ယသမင်... ဇော်ဂျီရှင်မ နတ်ကယ်လေး... တိမ်းပေတော့ ယိမ်းပေတော့..."
"၀ါဖတ်လေး ဖြူဖြူစင်စင် ရွှေလက်တောင့်နှင့်ငင်..."
မိန်းမကြီးတွေက ခြင်းကြားနတ်စီးလျှင် လေး,ငါးယောက် ထိန်းမရဟုပြောတာကြားဖူးသည်။ ယသမင်ဂျီရွာသူ မနှင်းဆီနှင့် ယာခင်းရှင့်သား ဖိုးအောင်ကျော်တို့၏ အချစ်ဇာတ် လမ်းတွင် မနာလိုသူ ကုန်းကောင်သူကြီးသားက တိုက်သဖြင့် ဘုရင်က အဟုတ်ထင်ကာ ဖိုးအောင်ကျော်ကို ဖမ်းစေသည်။ ဖိုးအောင်ကျော်ကမ်းပါးချောက်ထဲပြုတ်ကျပြီး သေရာကနတ် ဖြစ်သည့်အခါ မနှင်းဆီလည်း ရက်ကန်းခတ်ရာက ရင်ကွဲ နာကျသေသည်ဟု စကားရှိသည်။ ဟုတ်သော်ရှိ၊ မဟုတ်သော် ရှိ မအိမ်ကံတို့ရွာတွေမှာ ရက်ကန်းရှင်မနတ်ကို တင်ကြမြှောက် ကြရပါ၏။
"မမကံ ဟိုမှာ ကြည်တော်ကုန်းက ကျောင်းဆရာကြီး"
ဖိုးကူးက လှမ်းပြတော့ ၀ါကောက်ရင်းက မအိမ်ကံ လှမ်းကြည့်လိုက်သည်။ ကြည်တော်ကုန်းကျောင်းဆရာဆိုတော့ ဆရာလေး ကိုတောက်ထိန်ပေါ့။ ကန်သင်းဆုံထောင့်မှာပေါက် နေသော သနပ်ပင်ရိပ်ကနေ မအိမ်ကံကိုစောင့်နေတာ လှမ်းမြင်လိုက်ရသည်။ မအိမ်ကံလည်း ၀ါတွေကို ကျေးဥလှမ်းပေး ပြီး သစ်ပင်ရိပ်ကိုပြေးလာခဲ့သည်။ ဆရာလေး ၀ါခင်းထဲအထိ လိုက်လာတာ အကြောင်းထူး ရှိလိမ့်မည်။
"ဗျို့ ဆရာလေး ရေနွေးသောက်ဦးလေ။ ဘယ်လာသာ တုံးတော့်"
ဆရာလေး ကိုတောက်ထိန်ကို ရွာတွေက သိနေကြပါသည်။ ရွာကကျောင်းသားအချို့ ကြည်တော်ကုန်းကို ကျောင်းသွားတက်ကြတာရှိပေမယ့် တစ်ယောက်စနှစ်ယောက်စထက် မပို။ မအိမ်ကံတို့ရွာတွေမှာ ဘုန်းတော်ကြီးကျောင်းကိုသာ အားကိုးကြသည့်အလေ့ရှိသည်။ ခေတ်ပညာတတ်စေလိုသူ တွေကတော့ ဆရာလေး ကိုတောက်ထိန်၏ လောကဓာတ် ကျောင်းကိုပို့ကြသည်။ သို့သော် သည်လိုအသိစိတ်ရှိသူကာလည်း အရှားသား။
မအိမ်ကံ အနားကိုရောက်လာတော့ ဆရာလေးကို တောက်ထိန်က မျက်လုံးကြီးပြူးကြည့်နေခဲ့သည်။ သူကြီးသမီးက ကိုယ်တိုင်ဝါကောက်နေသလားဆိုသည့်မျက်နှာ။ ပူရလောင်ရသည့်အထဲ ဖျင်ထူတိုက်ပုံကြီးကိုမချွတ်။ အတွင်းအင်္ကျီက ဟနေသည့်နေရာတွေမှာ ကြေး(ဂျီး)ကြောင်းတွေမြင်နေရသည်။ ထောင်းခနဲထလာသည့် ပရုတ်ဆီနံ့ကလည်း တော်သလင်းနေနဲ့ မအပ်စပ်သလိုဖြစ်နေပါ၏။ ဆရာလေးကို တောက်ထိန်၏ဘ၀ကို မအိမ်ကံ သေသေချာချာမသိသော်လည်း တိုင်းပြည်အတွက် ဘ၀တစ်ခုလုံးမြှုပ်နှံကာ ပေပေတေတေနေရင်း ပေးအပ်ထားသည့်တာဝန်ကို ကျေပွန်ရှာသူဆိုတာ လောက်တော့ သဘောပေါက်ပါ၏။ ဆရာလေးရောက်လာကာ မှ မအိမ်ကံတို့နယ်တစ်ရိုး တိုင်းရေးပြည်ရေး အသိအမြင်ကျယ်လာကြသလို မျိုးချစ်လူငယ် သခင်ပေါက်စကလေးတွေ မှိုလိုပွင့်လာကြတာလည်း မအိမ်ကံသိပါ၏။ အထူးသဖြင့် ဆရာကြည်ရှိနေသော ကြည်တော်ကုန်းရွာကိုမှရွေးပြီး စာသင် ကျောင်းတစ်ကျောင်းဖွင့်လှစ်လိုက်ခြင်းသည်ပင် တို့ဗမာ အစည်းအရုံး၏လက်တက်တစ်ခုအဖြစ် တည်ဆောက်နေတာ မဟုတ်လား။ အနီးအနားရွာတွေကလည်း ဆရာလေး ကိုတောက်ထိန်ကို ပင့်ကြဖိတ်ကြကာ ဧည့်ခံကြ၊ စကားလက်ဆုံကျကြ၊ လက်ဆောင်ပေးကြတာတွေရှိပါသည်။ ၀ါခင်းထဲ ကနှုတ်ဆက်ကြသူတွေကို ဆရာလေးက တုံ့ပြန်နှုတ်ဆက်ရင်း အရိပ်ပိုကျသောနေရာအထိ ဆုတ်သွားသဖြင့် မအိမ်ကံလည်း လိုက်သွားရ၏။
"မအိမ်ကံ ၀ါခင်းထဲမယ်ဆိုလို့ ကျုပ်လိုက်လာတာပါ။ ဘာရယ်မဟုတ်ပါဘူးဗျာ။ ဆရာတော်ကို သတင်းစာတွေလာပို့ရင်း ၀င်လာတာ။ သခင်မြတ်သာက လူကြုံမှာလိုက်တယ် မအိမ်ကံ"
အစ်ကိုကမှာလိုက်တယ်ဆိုတော့ မအိမ်ကံ ရင်ကလေး လှပ်ခနဲဖြစ်သွားရ၏။ အစ်ကိုမြတ်သာ မြင်းခြံကိုရောက်နေ တာလား။
"သခင်မြတ်သာ ရေနံချောင်းဘက်မှာရှိတယ်။ မအိမ်ကံ လှူလိုက်တဲ့ပစ္စည်းတွေရတယ်လို့လည်း မှာလိုက်တယ်။ ပြီး တော့..."
ဆရာလေးက တိုက်ပုံအင်္ကျီထဲ ထိုးထည့်ယူလာသော လက်ကိုင်ပ၀ါကိုထုတ်ကာ မျက်နှာကိုသုတ်သည်။ စကားတစ်ခွန်းပြောဖို့ ခက်နေပုံလည်းရပါ၏။
"ပြောပါဆရာလေး အစ်ကိုဘာမှာလိုက်သေးလဲ"
"မအိမ်ကံအဖေ သူကြီးမင်းကို လာမယ့်ရွေးကောက်ပွဲမှာ ၀င်မပြိုင်ဖို့ မအိမ်ကံတို့သားအမိက အတတ်နိုင်ဆုံးနားချပေးကြပါလို့ လေးလေးနက်နက်မှာလိုက်ပါတယ်။ မအိမ်ကံဝမ်းထဲပဲ ထားနော်။ အခုဟာက အင်္ဂလိပ်တွေကို ကျုပ်တို့ပြန်ချကြတော့မယ်"
ဆရာလေးစကားကိုကြားတော့ မအိမ်ကံ ရင်ဘတ်ကို လက်ဖြင့်ဖိထားလိုက်မိပါ၏။ ဘုရား...ဘုရား အင်္ဂလိပ်တွေကို အစ်ကိုတို့က ပြန်အာခံကြတော့မယ်ဆိုတော့ အင်္ဂလိပ်ဘက် တော်သားဖြစ်နေသည့် အဖေ့အတွက် မအိမ်ကံ စိုးရိမ်ရပြီ။
"ဒါ...ဒါဆိုရင် အဖေ...အဖေ့အတွက်..."
"အဲဒါကြောင့် သခင်မြတ်သာက မအိမ်ကံကို တိုးတိုး တိတ်တိတ်မှာလိုက်တာပဲ။ လာမယ့် သူကြီးရွေးကောက်ပွဲမှာ သူကြီးမင်းဝင်မပြိုင်ရင် ဘာမှပြဿနာမရှိပါဘူး။ သူကြီးမင်း ၀င်အရွေးခံလို့ သူကြီးရာထူးပြန်ရရင် နောက်ထပ်လေးနှစ်အုပ် ချုပ်ရဦးမယ်။ အဲသည်လေးနှစ်အတွင်း တိုင်းပြည်မှာ အရေး ကိစ္စပေါ်လာနိုင်တယ် မအိမ်ကံ။ သည်တစ်ခါအရေးကတော့ အေးမယ်မဟုတ်ဘူး"
ဆရာလေးစကားဆုံးတော့ မအိမ်ကံ ငိုင်သွားခဲ့ရသည်။ အဖေ့သူကြီးမင်းရာထူးကို မမက်သော်လည်း အပြောရခက်လှ သော အဖေ့ကို နားချဖို့ဆိုတာ လွယ်မှလွယ်ပါ့မလား။ သားအပေါ် စိတ်လျှော့လိုက်ပြီဆိုသော်လည်း အဖေ့မာန်တွေက မကျသေး။ အမေပန်းရုံကိုတော့ မအိမ်ကံ သေသေချာချာပြော ပြရတော့မည်။
"ကျုပ်ကတော့ ရွာတွေဘက်ပြန်လာချင်မှလာရတော့မှာပါ။ တစ်ခြားတာဝန်တွေပေးကြမလိုလို ကြားနေတာပါပဲ"
ဆရာလေး ကိုတောက်ထိန်က ရွာကိုထားခဲ့ရမှာလည်း စိတ်မချမ်းမသာရှိပုံမရ။ သည်ရွာမှာ တစ်သက်လုံးထားလျှင် တစ်သက်လုံးနေမည်။ ပြန်လာခဲ့ဆိုလျှင် ငေါက်ခနဲထပြန် မည်ဆိုသည့် ခံစားမှုသာ ရှိပုံရပါ၏။ တို့ဗမာအစည်းအရုံးက စေသမျှသွားရုံသာဆိုသည့်သဘောပေလား။
"ဒါဖြင့် ကြည်တော်ကုန်းကျောင်းကို ပိတ်ရတော့မှာပေါ့၊ ဟုတ်လား ဆရာလေး"
မအိမ်ကံက ခေါင်းထဲပေါ်လာတာကို မေးလိုက်ခြင်းဖြစ် သည်။ အဖွင့်ကြီးဖွင့်ပြီးကာမှ ကျောင်းဆရာကို ပြန်ခေါ်မည်ဆို တော့ ကျောင်းကလေးဖွင့်စဉ်က အစ်ကိုကိုယ်တိုင်လာရောက်ခဲ့ တာကို သတိရကာ နှမြောမိပါ၏။ ဆရာလေးကတော့ ပိန်ချိုင့် နေသောမျက်နှာကို လက်ကိုင်ပ၀ါဖြင့်ဖိသုတ်ရင်းက မအိမ်ကံ ကို ပြုံးကြည့်နေသည်။
"မပိတ်ပါဘူး မအိမ်ကံ။ ကျုပ်မရှိလည်း ကျောင်းဆရာ တစ်ယောက်တော့ လွှတ်ကြပါလိမ့်မယ်။ ကျုပ်တို့ကျောင်းတွေ ဘယ်တော့မှမပိတ်ဘူးဗျ။ စိတ်သာချ"
ဆရာလေးက အသံမြှင့်ပြောရင်းက မအိမ်ကံကို နှုတ် ဆက်သည်။ ကန်သင်းဆုံကို ဖဲ့နင်းကာ စိုက်စိုက်စိုက်စိုက်နှင့် ထွက်သွားသည်။ ဆရာလေးကို လှမ်းကြည့်ရင်းက မအိမ်ကံ ရင်ထဲ အစ်ကိုလည်း တစ်ရပ်တစ်ပါးမှာ သည်လိုနေရှာလေ မလားတွေးမိကာ ဆရာလေးနောက်ကို ပြေးလိုက်မိ၏။
"ဆရာလေး၊ ဆရာလေး... အစ်ကိုနဲ့တွေ့ဦးမလားလို့"
"မပြောနိုင်ဘူး မအိမ်ကံ။ အင်း... တွေ့ရင်လည်းတွေ့ နိုင်ပါရဲ့။ ဘာမှာချင်လို့လဲ"
"အခွင့်သာရင် ရွာကိုလာခဲ့ပါဦးလို့ မှာလိုက်သဲ့အကြောင်း ပြောပေးပါ ဆရာလေး"
"ကောင်းပါပြီ။ ကိုင်း သွားမနှော"
ဆရာလေးကိုတောက်ထိန် ပြန်သွားပြီ။ မအိမ်ကံက လှည်းတွေပေါ်မှာ မောက်မောက်ကြီးဖွေးနေသည့်ဝါတွေကို ငေးရင်း အစ်ကို့ကို လွမ်းလိုက်မိသည်။ အဖေရယ်၊ အမေရယ်၊ အစ်ကိုရယ်၊ ကံကလေးရယ် အတူပြန်နေဖို့ အခွင့်အလမ်းမှရှိပါဦးမလား။ အစ်ကိုတို့တစ်တွေ အင်္ဂလိပ်မျက်နှာဖြူတွေကို ခံချကြ တော့မတဲ့။ သည်လိုဆိုလျှင် အစ်ကိုကကော ဘယ်နေရာကနေ ဘယ်လိုတာဝန်တွေနဲ့ရှိနေမလဲ။
စိတ်ထားမြင့်မြတ်ပြီး တိုင်းပြည်နှင့်လူမျိုးကိုချစ်သော အစ်ကို။ ဇောင်ချမ်းကုန်းရွာ ဆယ့်နှစ်ရွာအုပ် သူကြီးမင်း ဦးသာထန်၏သား၊ မြေတွေ၊ ယာတွေ၊ ထန်းတွေ လက်ညှိုးထိုးမလွဲ ပိုင်ဆိုင်သော၊ ဘိုးမွေဘွားမွေတစ်သက်စားမကုန်အောင် ကြွယ်ဝသော မအိမ်ကံတို့တစ်တွေကို ကျောခိုင်းလို့ သူယုံကြည်ရာ သူလုပ်နေသော သခင်မြတ်သာ...။
တစ်နေ့တော့ အစ်ကို ရွာကိုပြန်လာမှာပါလေ။ မအိမ်ကံ မျှော်လင့်ရုံသာ။
သီတင်းကျွတ်၊ တန်ဆောင်မုန်း မိုးလေကလေးကင်းတုန်း တောင်သူတွေအသက်ရှူချိန်ကလေးရသည်။ မအိမ်ကံတို့ တစ်ရွာလုံး ရှိသမျှမိန်းမမှန်သမျှ ၀ါတွေရောက်လာကတည်းက မနားကြရတော့ပြီ။ မအိမ်ကံပင် အိမ်နောက်ဘက် သြဇာပင် တော၊ သလဲပင်တောကို ရှင်းကာ တဲပြန့်ကြီးထိုးပြီး ရက်ကန်း နှစ်စင်ထပ်ဖြည့်သည်။ တစ်စင်ကို ရွာရက်ကန်းလက်သမား ဘကြီးဆုံနှင့် သီးသန့်ဆင်ယူသည်။ ကျေးဥအမေ အရီးကြာညွှန့်ကို ရက်ကန်းခေါင်းထားကာ လိုသည့်နေရာတွေမှာ သင် ကြားပြသစေသည်။
ဝါပွင့်ဖွေးဖွေးတွေကိုကြည့်ရင်း မအိမ်ကံမျက်စိထဲမှာ ရက်ကန်းစင်တွေက ထွက်လာမည့်ရွာထည်တွေကို မျက်စိထဲ မြင်နေသည်။ ရွာထွက်ဖျင်ထည်ဆိုတော့ မာလကျင်၊ ဂျွန်းငါး ကောင်း၊ ပေါ်ပလင်၊ တာဖက်တာ၊ ဘူးသီးပိတ်လို မြို့ပိတ်တွေ ကိုမှ တိုးနိုင်ပါ့မလားဆိုသည့်စိတ်ကလေးတော့ ခုနေခဲ့ပါ၏။ တစ်ဖက်ကလည်း တောထည်ကလေးတွေ၊ လက်ရက်ကန်း ထည်ကလေးတွေကလည်း မျက်နှာငယ်စရာတော့မရှိဟု တွေး မိသည်။ အစစအရာရာ ရှားပါးနေသောခေတ်မှာ ရက်ကန်းဖျင် ထည်တွေသာ အများစုနှင့်လက်လှမ်းမီနိုင်တာကိုတော့ မအိမ် ကံယုံပါ၏။
"ဗိုင်းတောင့်တွေကို အုပ်အုပ်ဆိုင်းဆိုင်းထားမှ ဗိုင်းလိပ် တွေ လေမလွင့်တော့ မပေါ့...။ တောင်းတွေထဲထည့်ကြစမ်း။ ဗိုင်းကောင်း ကျောက်ဖိရသဟဲ့"
အရီးကြာညွန့်ကိုယ်တိုင်က ရက်ကန်းတစ်စင်မှာထိုင်ကာ စံနမူနာရက်ပြသည်။ ရွာမှာရက်ကန်းခတ်ချင်သူကလေးတွေ ရှာရမခက်ပါ။ လုပ်ချင်လွန်းလို့ မအိမ်ကံပင် ထောင့်စေ့အောင် စီစဉ်ပေးနေရသည်။ ခတ်နိုင်လေ ပိုက်ဆံမြင်ရလေဆိုတော့ တစ်ဝမ်းတစ်ခါးတော့ အဆင်ပြေရပါ၏။ မအိမ်ကံကို အဖေ ရောအမေရောက လုပ်ချင်တာလုပ်ကရော့လို့ လွှတ်ထားကြ တာတော့ မဟုတ်ပါ။ ထိန်းကြ ကွပ်ကြတာတော့ရှိပါသည်။ အထည်တွေထွက်လာပါပြီတဲ့။ မြင်းခြံကိုသွားပြီး ရောင်းဝယ် ဖောက်ကားလုပ်ရမည်။ ငွေကြေးအပေးအယူတွေရှိလာမည်။ မိန်းမပျိုကလေးတစ်ယောက်အနေနှင့် ဦးစီးဦးဆောင်လုပ်ရမှာ ကို မိဘများပီပီ စိုးရိမ်ကြသည်။ စိုးရိမ်သည့်အထဲမှာ မလှအုံ လည်းပါပါ၏။
"မအိမ်ကံရယ်... ညည်းရုပ်ညည်းရည်နဲ့ မိဘအိုးထဲက ထမင်းတစ်လုပ် ငုတ်တုတ်ထိုင်စားစမ်းပါအေ...။ လမ်းခရီး တွေကလည်း မကောင်းဘူးနော်။ ညည်းတော့ အတင့်ရဲသယ် ထင်သာပဲ"
"မလှအုံရယ်... ကျုပ်ချမ်းသာဖို့မှမဟုတ်သာ။ ရွာက ဆင်းရဲလွန်းလို့ကျုပ်ထလုပ်ရသာပါ။ ရွာကလူတွေ ၀မ်းစေ့အောင် ကျုပ်မကျွေးနိုင်တောင်မှ လက်ချည်းစုံပစ်ထိုင်နေရတာ နဲ့စာရင် မိန်းကလေးတွေ တစ်ဝမ်းတစ်ခါးလှကြပါစီဆိုတဲ့စိတ် နဲ့ပါတော်..."
"အေးပါ...အေးပါ...။ သခင်မြတ်သာနှမရယ်"
မလှအုံက သည်လိုပြောတော့ မအိမ်ကံပြုံးမိသည်။ အထည်တွေကို မြင်းခြံမြို့ သွားသွင်းချိန်မှာ အစ်ကိုနဲ့တွေ့လျှင် ကောင်းမည်။ အဖေကတော့ ပွဲစားကြီး ဦးကျော်ဂေါင်နှင့် ပွဲကတော် ဒေါ်မြမေတို့နှင့် ဆက်ပေးတာကလွဲလျှင် ဘာမျှမပြောပါ။ သမီးပျိုက သည်လိုအလုပ်တွေလုပ်နေတာကိုပဲ အားရ ကျေနပ်ရှိပုံရပါ၏။ အမေပန်းရုံကတော့ ပွဲစားကြီးဇနီးမောင်နှံကို ယုံကြည်စိတ်ချရကြောင်း၊ မအိမ်ကံမမွေးခင်ကတည်းက ရွာသီးနှံသွင်းနေကျ မိတ်ဆွေရင်းတွေဆိုတော့ လူမတတ်သော်မှ လက်ဖက်ထုပ်တတ်မှာဖြစ်ကြောင်း၊ ဘာပဲလုပ်လုပ် ရတနာ သုံးပါးဂုဏ်ကျေးဇူးကိုသာ အောက်မေ့ရန်လိုကြောင်း ပြောပြရှာပါ၏။ မအိမ်ကံကတော့ အထည်တွေ မြင်းခြံဈေးသွင်းဖို့ထက် အစ်ကိုနှင့်တွေ့လိုသည့်အချက်လည်း ပါပါသည်။
"ရက်ကန်းရှင်မ မချက်တော့ သည်နှစ်ဝါပေါက်တွေရ လိုက်သာ မနည်းပါဘူး"
ဝါဖတ်လေးဖြင့် ခြင်းကြားတောင်းကြီးထဲ ငုံ့ကာ ၀ါဖတ်ရင်း နှင်းခင်က ပြောသည်။
"ရက်ကန်းရှင်မ မနှင်းဆီ ၀ါခင်းစောင့်သဲ့ ဖိုးအောင်ကျော် နဲ့ အဆင်ပြေလို့နေမှာပေါ့အေ။ ဒါထက် ကျေးဥ နင်ကြားသလား။ မမခင်အိနဲ့ ကိုသာဆောင်တို့ မြန်းကြတော့မှာသဲ့တော်။ သည်ရက်ထဲပဲတဲ့..."
မအိမ်ကံက ဗိုင်းတောင့်ကလေးတွေစည်းရင်းက နှင်းခင် စကားကို နားစွင့်လိုက်သည်။ မမခင်အိတောင် အိမ်ထောင်ပြု တော့မှာပါလား။ ဒါဆိုရင် ရွာက ကွမ်းတောင်ကိုင်အသစ် ရွေးကိုရွေးရတော့မည်။ မအိမ်ကံက သူသိလိုက်သောအချက်ကို မေးလိုက်ချင်သော်လည်း မေးလို့မကောင်းနိုင်။ လုပ်ချင်လှ စက်စက်ယို ထင်ကြရော့မည်။
"လာမယ့်အလှူမှာ တို့ရွာက ကွမ်းတောင်ကိုင်အသစ် မြင်ရဦးတော့မှာပေါ့အေ နှော... ကျေးဥ"
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ