မိုင်လော
အပြင်ဘက်မှာ မိုးတွေရွာနေသည်၊ မြေပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်ထိမှန်နေသော မိုးစက်များကိုကြည့်၍
`ဒါဟာ ………..မြေဆွဲအား သီအိုရီမှန်ကန်နေကြောင်းစက်စေပြနေတာပဲ။ ဒီလိုမှမဟုတ်ရင် မိုးစက်မိုးပေါက်တွေဟာ စကြ၀ဠာထဲကို လွင့်စဉ်ထွက်သွားမှာပေါ့။ ပြီးတော့ ကြည့်စမ်း၊
မိုးပေါက်တွေဟာ မြေကြိးရဲ့ တန်ပြန်သက်ရောက်မှုတွေကြောင့် ရေမှုန်ကလေးတွေအဖြစ် ပြိုကွဲသွားရတာပဲ´
ဟု နယူတန်ကတွေးနေသည်။ ထိုအချိန်တွင် လူငယ်တစ်ယောက် ရောက်လာ၏ ။ တစ်ကိုယ်လုံး မိုးရေတွေ စိုစွဲနေသည်။ အရက်တွေလည်း သောက်လာပုံရ၏ ။
`ဘာကိစ္စရှိလို့လဲကွယ်´
နယူတန်က မေးသည်။ လူငယ်က
`ဆရာကြီးရဲ့ နိယာမက အမှားကြီးပဲဗျ´
`ဟေ…ဘာမှားလို့လဲ`
`သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ဆရာကြီးက ပြောတယ်နော်။ ဒါပေမဲ့ အခုတော့ ကျွန်တော်ကြီးပဲ ခံနေရတယ်ဗျ။ တစ်ခါမှ တန်မပြန်ရသေဘူး´
လူငယ်က မကျေနပ်သောလေသံဖြင့် ပြောသည်။ ထို့နောက် မတ်တပ်ရပ်လိုက်သည်။
နယူတန်ကို စေ့စေ့ကြည့်ပြီး
`ပြီးတော့ သူနှလုံးသားက မြေဆွဲအားကို ဆန့်ကျင်နေတာကိုရော ဘာပြောမလဲ´
နယူတန်သည် ဘာမှ ပြန်မပြောနိုင်ဘဲ ငေးကြောင်ကြောင်နေမိ၏ ။ လူငယ်က ထပ်ပြောပြန်သည်။
`ဒီမှာ ဆရာကြီး၊ နှလုံးသားဆိုတာ ပန်းသီးတစ်လုံးမဟုတ်ဘူးဗျ။ သိရဲ့လား´
…………………………………….
ပိုက်သာဂိုးရပ်စ်ထံသို့ စာတိုက်မှ ပါဆယ်တစ်ထုပ်ရောက်ရှိလာသည်။ ဖွင့်ကြည့်လိုက်တော့ ဘောလုံးတစ်လုံးထွက်လာသည် ဘောလုံး၏ မျက်နှာပြင်ပေါ်မှာ တြိဂံတစ်ခုဆွဲထားသည်။
တြိဂံ၏ အနားသတ်မျဉ်းများသည် ကွေးကောက်နေကြ၏ ။
စာတစ်စောင်လည်း ပူးတွဲပါလာသည်။
ဖွင့်ဖတ်ကြည့်လိုက်တော့……..
`မိတ်ဆွေကြီး ပိုက်သာဂိုးရပ်စ်……….
ခင်ဗျားရဲ့ သီအိုရမ်က ပြင်ညီမျက်နှာပြင်ပေါ်မှာဆွဲထားတဲ့ ထောင့်မှန်တြိဂံအတွက်သာ မှန်ကန်တာပါ။ အခုကျုပ်ဆွဲပေးလိုက်တဲ့ တြိဂံအတွက်ကျတော့ ဘယ်လို သက်သေပြမလဲ၊
ဒါဟာ ထောင့်မှားတြိဂံတစ်ခုပဲလို့ ကျူပ်ထင်တယ်ဗျာ။
ခင်မင်လျက်
ပါစကယ်
…………………………………………………….
တစ်ယောက်နှစ်ခွက်သုံးခွက်စီလောက် ၀င်သွားပြီးနောက် ယမကာဝိုင်းက အရှိန်ကလေးရလာသည်။ ဂယ်လီလီယိုက နောက်တစ်ခွက် ထပ်ငှဲ့ရင်းမေးသည်။
`ဟေ့ကောင်……..ကိုပါ၊ မင်းရဲ့ ဆိုလာစစ်စတမ်စာတမ်းကိစ္စက ဘယ်လိုဖြစိနေလဲကွ၊
ကိုပါနီးကပ်စ်က
`ငြင်းကြခုန်ကြတုန်းပဲကွ၊ တော်လမီက သူရဲ့ ဂျီအိုစင်ထရစ်သီအိုရီကို အလျော့မပေးတော့ ခက်နေတယ်။ ဒါနဲ့ မင်းရဲ့ကမ္ဘာကြီးလုံးတယ်ဆိုတဲ့ အမှုအခြေအနေကော´
`စိတ်ရောဂါကုဆရာဝန်တစ်ယောက်ရဲ့ ထောက်ခံချက်လိုနေသေးတယ်ကွ´
`ငါတို့ရဲ့ သီအိုရီတွေကို ရပ်တန်းက ရပ်လိုက်ကြရင် ကောင်းမယ်ထင်တယ်ကွာ´
ဂယ်လီလီယိုက
`ဟေ……………ဘာကြောင့်လဲ´
`ကမ္ဘာက နေကိုဗဟိုပြုပြီး လှည့်နေတာပဲဖြစ်ဖြစ်၊ ကမ္ဘာကြီးက လုံးနေတာပဲဖြစ်ဖြစ် မထူးပါဘူး၊ လူတွေက ကမ္ဘာကြီးထက်ပိုပြီးလည်နေကြပြီပဲကွာ´ ဟု ပြောပြီး ခွက်ထဲက လက်ကျန်ကို ရှင်းလိုက်သည်။
……………………………………………..
အိုင်စတိုင်းသည် ဟောပြောပွဲတစ်ခုမှ ပြန်လာခဲ့သည်။ ဒီနေ့ဟောပြောရတာ တော်တော် အဆင်ပြေသည်။ စွမ်းအင်သီအိုရီတစ်ခုအကြောင်းကို စိတ်ပါလက်ပါရှင်းပြခဲ့သည်။
ပရိတ်သတ်ကလည်းစိတ်ဝင်စားစွာနားထောင်ပြီး သိလိုသောမေးခွန်းတွေကို အားတက်သရောမေးကြသည်။
သို့ရာတွင် အိမ်ထဲဝင်လိုက်စဉ်မှာပင် သူ့ပျော်ရွှင်မှုများ ပြိုကွဲပျက်စီးသွားရ၏ ။ အကြောင်းမှာ ခါးထောက်ပြီး မျက်ထောင့်နီးကြီးဖြင့် စိုက်ကြည့်ရင်းဆီးကြိုနေသော
သူ့မိန်းမ ကို ရင်ဆိုင်လိုက်ရသောကြောင့်ပင်ဖြစ်၏ ။
`ဘယ်လိုလဲ…ကိုရွှေအိုင်စတိုင်းကြီး ရဲ့ တော်တော်မှ ပျော်ခဲ့ရလား၊ ကျုပ်မှာဖြင့် အိမ်ရှင်က အိမ်လခ လာတောင်းလို့ မနည်းတောင်းပန်လွတ်လိုက်ရတယ်၊ တစ်ပါတ်အတွင်းမပေးရင်
ဆင်းပေးရမယ်လို့ ကျိန်းမောင်းသွားသေးတယ်´
`ဟုတ်လား………….ငါ……….ဟိုဒင်း…………´
`နေဦး မပြီးသေးဘူး၊ မီတာခကလည်း မနက်ဖန် နောက်ဆုံးပ။ဲ မသွင်းရင် မီးဖြတ်တော့မယ်။ ရှင့်ရဲ့ အရည်မရ အဖတ်မရ စမ်းသပ်ချက်တွေကလည်း မီတာသိပ်စားတာ သိရဲ့လား၊´
`အေးပါကွာ၊ မီတာခ သက်သာခွင့်ရအောင်လျှောက်ဖို့ သိပ္ပံအကယ်ဒမီက ထောက်ခံစာနေတာင်းကြည့်ပါဦးမယ်´ ဟု အိုင်စတိုင်းက လေပျော့လေးနဲ့ပြန်ပြောသည်။ သို့ရာတွင်……..
`ရှင့်ကိုပြောလိုက်ရင် ဒီအတိုင်းကြီးပဲ၊ ဘာမှလည်းဖြစ်ဖြစ်မြောက်မြောက်ရှိတာမဟုတ်ဘူး၊ ရှင့်ရဲ့ အီးညီမျှခြင်း အမ်စီစကွဲယား ဆိုတဲ့ ဖော်မြူလာက ကော ဘာအသုံးကြလဲ၊ ရှစ်လုံးတစ်ပြည်
ဆယ်ခြောက်ပြည်တစ်တင်း ဆိုတာကမှ ဟုတ်တုတ်တုတ် ရှိသေးတယ်´
အိုင်စတိုင်းခေါင်းကုတ်လိုက်၏ ။ ထိုအခါကျမှ ` ငါ့ခေါင်းပေါ်မှာ ဆံပင်တွေနဲ့ပါလား´ ဟု သတိပြုမိသွားသည်။
` ရှင့်မှာဖြစ် ဟောပြောပွဲတွေနဲ့ အချိန်ကုန်နေတာပဲ၊ ဘာမှလည်း ဟုတ်တိပတိရတာမဟုတ်ဘူး။ ဓါတ်ဘူးလေး၊ဖန်ခွက်လေး၊ လွယ်အိတ်ကလေး လက်ဆောင်ရတာနဲ့ ကျေနပ်နေတာပဲ´
အိုင်စတိုင်မှာ ဒီနေ့ဟောပြောပွဲက မျက်နှာသုတ်ပ၀ါ တစ်ထည်ရလာကြောင်း ကြွှားဖို့တောင် သိပ်မလွယ်တော့။
`ဟင်း……………….အဏုမြုဗုံးလုပ်ရောင်းမှာပါဆိုတော့ ငြိမ်းချမ်းရေးလေး ဘာလေးနဲ့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတယ်၊ ရှင့်တပည့် ဗွန်းဘရောင်းဆိုရင် ကြည့်စမ်း၊ ဒုံးပျံတွေ
ထုတ်လုပ်နေတာ အခုတိုက်နဲ့ ကားနဲ့ ဖြစ်နေပြီ၊ သူ့မိန်းမဆိုလည်း တစ်ကိုယ်လုံးစိန်တွေသီးလို့၊ ကျုပ်မှာဖြင့်...........................´
`မိန်းမရဲ့မကျေနပ်မှုတွေက အက်တမ်တွေ ဆင့်ကဲပေါက်ကွဲသလို အဆုံးသတ်မှာမဟုတ်တော့ ၊ အိုင်စတိုင်း မခံမရပ်နိုင်အောင် နားပူလာသည်။ ထို့ကြောင့် နောက်ဖေးဘက်ကို ထွက်သွားပြီး
မီးဖိုနားမှာ ထိုင်နေလိုက်၏ ။ `ရီလေတီဗီတီ သီအိုရီဆိုတာ ဒါပဲ` ဟု ခပ်တိုးတိုးရေရွတ်မိနေသည်။
……………………………………………………………..
`သွားကိုက်တဲ့ ဝေဒနာကို ကိုယ်တိုင်သွားကိုက်ဖူးမှ ကိုယ်ချင်းစာကြည့်လို့ရနိုင်တယ်ဗျ` ဟု မော်စီတုန်းက ပြောလိုက်သည်။ ဟင်နရီကစ်ဆင်ဂျာက တည်းခင်းဧည့်ခံထားသော ရေနွေးကြမ်းမွှေးမွှေးကို
ဇိမ်ခံသောက်ရင်း ပြုံးရုံသာ ပြုံးနေ၏ ။
`ခင်ဗျားက ဘာဖြစ်လို့ပြုံးတာလဲ ´ ဟု မော်စီတုန်းက မေးသည်။ ထိုအခါကျမှ ကစ်ဆင်ဂျာက ´သူ့ပါးစပ်ထဲမှာတပ်ထားသော သွားတုအံကပ်ကြီးကို ဖြုတ်ပြလိုက်သည်။ မော်စီတုန်းက မျက်မှောင်ကုတ်ပြီး
`သြော် ……ဒီလိုကိစ္စမျိုးရှိသလား´ဟု ဆိုလိုက်လေသည်။
…………………………..
ဟေဂာကလိုက်တပ်စ်သည်မြစ်ကမ်းနားဘက်သို့နေ့စဉ်လမ်းလျှောက်ထွက်လေ့ရှိ၏ ။ ထို့ကြောင့်လည်း သူ၏ ကမ္ဘာကျော် အတွေးအခေါ်တစ်ခုကို စဉ်းစားမိခဲ့ခြင်းဖြစ်၏ ။ ပြောင်းလဲခြင်းဆိုင်ရာသီအိုရီပင်ဖြစ်၏။
လူတစ်ယောက်သည် မြစ်တစ်ခုအတွင်းသို့  နှစ်ကြိမ်မဆင်းနိုင်။ နောက်တစ်ကြိမ်ဆင်းလိုက်သောအခါ ပထမအကြိမ် ဆင်းခဲ့တုန်းကမြစ်ရေသည် ထိုနေရာတွင်မရှိတော့။ မြစ်ရေသည် အစဉ်အမြဲ စီးဆင်းနေသောကြောင့်ပင်ဖြစ်၏။
အထက်ပါသီအိုရီကြောင့် ဟေရာကလိုက်စ်သည် ကမ္ဘာကျော်အတွေးအခေါ်ပညာရှင်ကြီးအဖြစ်သတ်မှတ်ခံရသည်။ လူတွေက သူ့ကို အလွန်လေးစားကြသည်။ အချို့ကဦးညွှတ်အရိုအသေပေးကြသည်။
မြစ်ထဲမှာရေကူးရင်းဆော့ကစားနေသော ကလေးတွေကတောင် သူ့ကိုမြင်သောအခါ ` ဦးလေးကြီး ၊ ကျွန်တော်တို့ မြစ်ထဲကို တစ်ခါပဲဆင်းရသေးတယ်နော်´ ဟု ဘာမှန်းညာမှန်းမသိ လှမ်းအော်ပြောကြသေးသည်။
အရှိန်အ၀ါက ဒီလောက်အထိဖြစ်နေပြီ။
သူသည် ကျေနပ်နှစ်သိမ့်စွာပြုံးရင်းလျှောက်လာခဲ့သည်။ မြစ်ကမ်းနဖူးတစ်နေရာမှာရပ်ပြီး မြစ်ကြီးကိုငေးကြည့်နေသည်။ ကြည့်ရင်းကြည့်ရင်းကတစ်စုံတစ်ခုကို သတိပြုမိလိုက်ပြီး တုန်လှုပ်ခြောက်ခြားသွားရ၏ ။
`ငါမှားပြီ ၊ ငါမှားသွားပြီ ´ ဟု ထိတ်လန့်တကြားရေရွတ်လိုက်၏ ။ အကြောင်းမှာ တကယ်တော့မြေကြီးက စီးဆင်းနေခြင်း မဟုတ်ဘဲ ၊ မြေကြီးကရွှေ့လျားနေခြင်းသာဖြစ်ကြောင်း သိလိုက်ရသောကြောင့်ပင်ဖြစ်လေ၏ ။
Subscribe to:
Post Comments (Atom)
1 comments:
Oh... My Goddddddddddddddddddddd...
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ