မအိမ်ကံ (May) 2008
၁၆။ တပို့တွဲလဆုတ်ရက်များ၏ ရွာညသည် ပိန်းပိန်းကြီးမှောင်မည်းနေသည်။ မအိမ်ကံက ကောင်းကင်ရောင်မြင့်မြင့်ရသော သစ်ပင်ရိပ်မည်းမည်းကြီးတွေကို ဘာရယ်မဟုတ်ဘဲ ငေးနေမိ၏။ သည်ကနေ့ လပြည့်ကျော် ၁၁ ရက်။ မနက်ဖြန်ဆို ၁၂ ရက်။ အတိအကျပြောရလျှင် မနက်ဖြန် ၁၃၀၀ ပြည့်နှစ် တပို့တွဲလဆုတ် ၁၂ ရက်။ မအိမ်ကံ ၁၈ နှစ်ပြည့် မွေးနေ့။ မအိမ်ကံ ၁၈ နှစ်ပြည့်သွားတာ မြန်လွန်းလှသည်ဟု ထင်နေမိ၏။ လွန်ခဲ့သော ၁၈ နှစ်က သည်လို မှောင်ကြီးမည်းမည်း ညတစ်ညမှာ သူ့ကိုမွေးခဲ့သည်။ တပို့တွဲလဆိုတော့ လက်တွေ၊ ခြေတွေ ထုံခဲအောင် အေးစက်သော သည်လိုညမျိုးပဲ ဖြစ်လိမ့်မည်။ မအိမ်ကံ မီးထွန်းလိုက်မယ်လေ။ ပြတင်းပေါက်က လေတွေစွတ်နေသာ မအေးသဲ့အတိုင်းဘဲ။ ဖျားနေပါဦးမယ် မအိမ်ကံရယ်။ မနက်ဖြန်ဆွမ်းကပ်မှာ နှာစေးနေလိမ့်မယ် ကျေးဥဆီက အသံကြားရခြင်းဖြစ်သည်။ ဟုတ်တော့ဟုတ်ပါ၏။ တပို့တွဲလ ဆောင်းလေက အေးစက်လွန်းလှပါသည်။ သည်အအေးဓာတ်လေထဲမှာ ဆပ်သွားဖူးနံ့တွေ သင်းသင်းကလေးပါနေတာကိုပါ ခံစားရသည်။ မအိမ်ကံကို မွေးသည့်ညက နှစ်ပေါင်းများစွာ အပွင့်မပြဘဲ မြုံနေခဲ့သည့် ဆပ်သွားဖူးရုံကြီး အနံ့တသင်းသင်း အပွင့်တွေ ပြလာခဲ့သည်။ တစ်ဆောင်းတွင်းလုံးရေမရှိခဲ့သော ရွာဦးကျောင်းရိပ်က သောက်ရေကန်ကြီးသည်လည်း အခါမဲ့ မိုးရေကြောင့် ပြည့်လျှံသွားခဲ့သည်။ သည်အဖြစ်တွေက မလှအုံပြောသလို အတိတ်နမိတ်တွေများလား။ မလှအုံက မအိမ်ကံ မွေးဖွားသည့်ညက အကြောင်းတွေ ပြန်ပြောပြတိုင်း ရင်ကလေးဖိုခဲ့ရသည်ချည်း ဖြစ်ပါ၏။ အခုလည်း ဆပ်သွားဖူးပန်းနံ့တွေ ညဦးကတည်းက မွှေးနေခဲ့သည်။
အတိတ်နမိတ်ဆိုသာ မအိမ်ကံ သိသလိုလိုတော့ ရှိပါရဲ့။ ဘာကိုပြောသာလဲ မလှအုံ
တစ်ခါက သည်စကားတွေ ပြောဖြစ်ကြတုန်း မအိမ်ကံက မလှအုံကို မေးခဲ့ခြင်းဖြစ်သည်။ မလှအုံက မအိမ်ကံအမေးကို ခပ်ဝါးဝါးပဲ ဖြေသည်။ လွန်ခဲ့သည့်သုံးလေးနှစ်က ထင်ပါရဲ့။
“မအိမ်ကံရယ် အတိတ်နိမိတ်ဆိုသာ အတိတ်နိမိတ်ပေါ့ အေ။ ညည်း နှယ်ရှင်းပြီးသားဟာကို ရှုပ်အောင်လုပ် မေးရော့မယ်”
“မသိလို့ပါ မလှအုံရဲ့။ ပြောပြစမ်းပါ”
“သေချာတော့ ပြောတတ်ပေါင်အေ။ အဖေတို့ ရွတ်ခဲ့ သာများတော့ မှတ်ယူကြောင်းဟိတ်ပြည့်နိမိတ်နှင့် အတိတ်ဘဝေါ၊ နတ်ပြောပြဆောင်၊ တဘောင်စနည်း ဆိုသာတွေ ရှိသယ်သဲ့။ တစ်ခုခုဖြစ်လာတော့မယ်ဆိုသာကို ကြိုတင်ပြသဲ့ သဘောနေမှာပေါ့အေ”
“မလှအုံကလည်း မရှင်းလိုက်သာတော်”
“မရှင်းလည်း ဆရာတော်ဦးပဏ္ဍိလာမှမေးအေ။ ညည်းနှယ် မသိပါဘူးဆိုကာမှ”
အခုတော့ မနက်ဖြန်ဆိုလျှင်ပင် မအိမ်ကံ အသက် ၁၈ နှစ်ပြည့်တော့မည်။ သူမဘ၀မှာ ဘာမှတော့ ထူးထူးခြားခြား ဖြစ်ခဲ့တာမရှိ။ သူမဘ၀မှာ ဂုဏ်သတင်းကောင်းဖြင့် တင့်တောင့်တင်တယ် နေခဲ့ရသည်။ မိဂုဏ်ဘဂုဏ် ကြီးခဲ့သည်။ ဆွေဂုဏ်မျိုးဂုဏ် မြင့်ခဲ့သည်။ ဒါကိုထူးခြားသည်ဟုဆိုလျှင် လည်း ဖြစ်နိုင်ပါ၏။
မအိမ်ကံငယ်ငယ်က အိပ်မက်တွေ မကြာခဏမက်ခဲ့တာကိုလည်း မှတ်မိနေခဲ့ပါ၏။ အိပ်မက်တွေထဲမှာ သူမမမြင်ဖူး မရောက်ဖူးခဲ့သော တောင်ကုန်းကြီးတွေ၊ ရင်ကွဲဇရပ်တွေ၊ တောင်ပေါ်စေတီကလေးနှင့် သီးပင်တော၊ သနပ်ခါးပင်တော တွေလည်း ပါသည်။ ဒါတွေကကော အတိတ်နိမိတ်တွေ ပဲလား။ အိပ်မက်တွေဟာ တကယ်ဖြစ်လာတတ်သလား။ ဒါလည်း မအိမ်ကံမသိပါ။ သည်ဘက်နှစ်တွေမှာတော့ အိပ်မက်မမက်တာ ကြာပြန်ပြီ။ ကျောက်ကလပ်ပေါ်မှာ တင်ထားသည့် ဖက်စိမ်းကွမ်းတောင်ကြီးကို အိပ်မက်မက်ခဲ့ဖူးတာ မအိမ်ကံ မမေ့နိုင်သေး။
“မအိမ်ကံ မီးထွန်းပေးရမလားလို့”
“နေပစေ ကျေးဥရယ် မှောင်မည်းနေသာကို ငါ တမင် ကြည့်နေသာ။ မအိမ်ကံမွေးသဲ့ညက သည်လိုပဲ မှောင်ပိန်းနေ မှာပဲနော် ကျေးဥ။ ငါ အဲသာကို စဉ်းစားကြည့်နေသာ”
“မကြားကောင်း မကြားသာ မအိမ်ကံရယ်။ မှောင်မည်း နေသာကိုများ ထိုင်ကြည့်နေရသယ်လို့”
“မှောင်တာကလည်း တစ်မျိုးကြည့်လို့ ကောင်းသာပါပဲ ကျေးဥရယ်။ သစ်ပင်မည်းမည်းကြီးတွေ အမှောင်ထဲမှာ မတ်တတ်အိပ်နေကြသလိုပဲ။ ပဲမှော်တိုက်ကြီးကလည်း မှောင်ကြီးထဲမှာ ပုဆစ်တုပ်ပြီး ထိုင်နေသလိုပဲ။ ကျေးဥလာ ကြည့်စမ်း။ ပဲမှော်တိုက်ခေါင်ပေါ်မှာ ငှက်ကြီးတစ်ကောင်။ ဘာငှက်လဲမသိဘူးနော်”
ကျေးဥက အ၀တ်တွေခေါက်နေရာက ထလာခဲ့ကာ ပြတင်းဝမှတစ်ဆင့် လှမ်းမြင်နေရသော ပဲမှော်တိုက်ကို မျှော် ကြည့်လိုက်သည်။ ဟုတ်ပါရဲ့။ ငှက်ကြီးတစ်ကောင် ခေါင်ပေါ်မှာ နားနေတာ ကောင်းကင်အလင်းရိပ် နောက်ခံဖြင့် မြင်နေရသည်။ ငှက်ကြီးက မလှုပ်မယှက်။ ညကြီးဆိုတော့ ဇီးကွက်လား၊ လင်းဝက်လား၊ လင်ကောင်ပိုးလား၊ တစ်တီတူး ကတော့ သည်လောက်မကြီးနိုင်။ မအိမ်ကံရော၊ ကျေးဥပါ ငှက်ကြီးကို လှမ်းကြည့်နေသလို ငှက်ကြီးကလည်း သူတို့ နှစ်ယောက်ကို စိုက်ကြည့်နေသလို ထင်ရ၏။
“မအိမ်ကံ ပြတင်းပေါက်ပိတ်လိုက်တော့။ တော်ကြာ ငှက်ဆိုးဖြစ်နေပါ့မယ်အေ။ ငှက်ဆိုးဆိုသာ ထိုးလိုက်ရင် နိမိတ် မကောင်းဘူးသဲ့”
“နိမိတ်ဆိုသာ ဘာလဲ ကျေးဥ”
“နိမိတ်ပါဆိုမှ မအိမ်ကံရယ် နိမိတ်ပေါ့အေ့”
ကျေးဥအဖြေကြောင့် မအိမ်ကံ ပြုံးမိသည်။ ဆောင်းလေကလေးစွတ်လာတော့ ပြတင်းပေါက်ကို မအိမ်ကံပိတ် လိုက်သည်။ ပြတင်းပေါက် မပိတ်ခင်ကလေးမှာ မအိမ်ကံ မျက်လုံးတွေက ပဲမှော်တိုက် ခေါင်လျောက်ကို လှမ်းကြည့် ဖြစ်အောင် ကြည့်လိုက်မိသေးသည်။ တစ်ချိန်လုံး နားနေသည့် ငှက်ကြီးက အတောင်ကိုဖြန့်လိုက်ပြီး မအိမ်ကံရှိရာဘက်ကို ထပျံရန် အားယူလိုက်တာကို မြင်လိုက်ရသည်။ မအိမ်ကံက ပြတင်းပေါက်ကို ကမန်းကတန်း ချက်ထိုးလိုက်သည်။ ရေတကောင်းထဲကရေကို ခွက်ပြည့်ငှဲ့ကာ အားရပါးရ သောက်ချလိုက်သည်။ ဆောင်းတွင်းရေဆိုတော့ အသည်းတွေပင် ကျင်သွားသလားမှတ်ရ၏။ ကျေးဥက မှန်အိမ်ကလေး ထွန်းလိုက်တော့ အခန်းထဲမှာ အလင်းပြန့်သွားလေသည်။ မအိမ်ကံ မအိပ်ချင်သေးပါ။ လက်ကလေးတွေကို ဆုပ်နယ်ရင်း အတွေးတွေ ၀င်နေမိသည်။
“အအေးထဲ ရပ်သာများသွားသလား မသိပါဘူး ကျေးဥ ရယ်။ လူကို ထုံခဲသွားသာပဲ။ မနက်ဖြန်ဆို မအိမ်ကံ ၁၈ နှစ်ပြည့်ပြီ။ ၁၈ နှစ်လုံးလုံး သည်အိမ်သည်ဝိုင်းတိုက်ထဲ သည်အဖေ၊ သည်အမေ၊ သည်ဆွေမျိုးတွေနဲ့ နေခဲ့ရလို့လားတော့ မသိပေါင်အေရယ် ငါတော့ ဘာမှမကြာလိုက်သလိုဘဲ”
ကျေးဥက အ၀တ်တွေခေါက်ပြီးတော့ နေ့လယ်က ဖွပ်လျှော်ထားသည့် ခေါင်းအုံးစွပ်တွေကိုယူကာ တစ်လုံးချင်း စွပ်ရာက မအိမ်ကံကို ကြည့်လိုက်သည်။ မအိမ်ကံ ပြောတော့ လည်း ပြောစရာပင်။ မအိမ်ကံနှင့် မတိမ်းမယိမ်း ကျေးဥ ကိုယ်တိုင်သည်ပင် အုပ်လုံးဖားဖား လူပုံထွားထွားဖြစ်နေပြီ။ အလုပ်ကြမ်း လုပ်ရရှာသော တောသူမိန်းကလေးပီပီ အစား သန်သန် အသွားသန်သန်ထဲကဆိုတော့ မျက်နှာအဆီပြန်မှာ သနပ်ခါးမကပ်ချင်။ မအိမ်ကံကတော့ ဘ၀ပေးကုသိုလ် ကောင်းလှပါ၏။ မြင်သူတိုင်းကငေးရသော အလှပဂေးဖြစ်၏။ သည့်အတွက်တော့ မအိမ်ကံကို ကျေးဥအနေနှင့် အလှချင်း ရော၊ ဘ၀ချင်းပါ ဘယ်တုန်းကမှ ယှဉ်ခဲ့တာမရှိ။ မအိမ်ကံ ၏အလှကို တစ်ရွာလုံးကအသိအမှတ်ပြုကြသလို ကျေးဥကလည်း အသိအမှတ်ပြုခဲ့ရှာသူသာ ဖြစ်သည်။ မအိမ်ကံနှင့် ကြမ်းတစ်ပြေးတည်း အိပ်ခွင့်ရနေတာကိုပင် ၀မ်းသာရသူဖြစ်၏။
သို့သော် မအိမ်ကံ၏ဘ၀မှာ တစ်စုံတစ်ရာသော အာသာ ဆန္ဒသည် ဘယ်တော့မှ ပြည့်ဝနိုင်စရာမရှိဆိုသည့် အချက်ကို သိထားသူပီပီ တစ်ခါတစ်ခါ မအိမ်ကံ၏ အလှကိုမြင်ရတိုင်း ကျေးဥရင်နာမိရသည်။ သည်စကားကို အမေကိုယ်တိုင် ကျေးဥကို ပြောခဲ့ခြင်းဖြစ်သည်။ ငယ်ငယ်တုန်းက ပြောခဲ့တာမဟုတ်။ မနေ့တစ်နေ့ကမှ လူသူလေးပါးကင်းသော တောထဲမှာ ခရမ်းချဉ်ဆွတ်ရင်း ပြောပြခြင်းဖြစ်၏။ သည် စကားကြားတော့ ကျေးဥ မျက်ရည်ကျခဲ့ရသည်။
“ညည်းသည်စကားကို ယောင်လို့တောင် မထွက်လိုက်နဲ့နော် ကျေးဥ။ ညည်းအရွယ်ရောက်လာလို့ အမေပြောသာ။ မအိမ်ကံခမျာ ကျောက်ကောင်းများ အမျက်ကလေး တစ်ချက် ပါတတ်သလိုပေါ့အေ။ အရာရာပြည့်စုံလေခြင်းလို့တော့ ဘယ်ရှိနိုင်ပါ့မလဲ”
အမေကိုယ်တိုင်က ကျေးဥကို ပိတ်ထားသော စကားဆိုသော်လည်း မအိမ်ကံကို ပြန်ပြောပြချင်လိုက်တာ အူတွေများယားလို့။ သို့သော် အရာရာကို ကျေးဥ နားလည်ပါသည်။ ဘ၀ကပဲ သူမကို ဘယ်လိုနေရထိုင်ရမည်ဆိုတာ သတ်မှတ် ပေးထားပြီးသား မဟုတ်လား။ သူ့နှုတ်ကသာ သည်စကား ထွက်လိုက်လို့ကတော့ မိုးကောင်းကင် မီးဟပ်ဖို့သာ ရှိတော့ မည်။
“မနက်ဖြန်ဆိုရင် မအိမ်ကံ ဆယ့်ရှစ်နှစ်ပြည့်ပြီ။ ကွမ်းတောင်ကိုင်စာရင်းဝင်ပြီ။ သည်အရွယ်ရောက်အောင် ငါ့ဖြင် စောင့်လိုက်ရသာ ကျေးဥရယ်။ ဆယ်ရှစ်နှစ်ဆိုသာ မနေ့တစ် နေ့ကလိုပဲလို့ ငါပြောခဲ့သယ်နော်။ ဒါပေသိ ကွမ်းတောင်ကိုင်စာရင်းဝင်ဖို့တော့ ကြာလိုက်တာအေရယ်။ ငါဖြင့်လေ မနက်မိုးလင်းမှာကို အမှောင်ထဲက စောင့်ရသလိုပဲ”
ကျေးဥကတော့ မအိမ်ကံကို ဘာမှပြန်မပြောပါ။ ခေါင်းအုံးစွပ် စွပ်ပြီးသားခေါင်းအုံးတွေကို လက်ဖြင့်ဖိကာ ပြန့်အောင် ဖြန့်ရင်း ကြားသလိုလို မကြားသလိုလို လုပ်နေခဲ့သည်။ ထိုစဉ်မှာပင် လေအသင့်မှာ ဆပ်သွားဖူးပန်းနံ့တွေ သင်းလာခဲ့ပြန်ပါ၏။
ထိုညက ကျေးဥအစောကြီး အိပ်ပျော်သွားခဲ့သော်လည်း မအိမ်ကံ အိပ်မပျော်နိုင်သေးပါ။ စိတ်တွေက ဟိုရောက် သည်ရောက်။ အစ်ကိုမြတ်သာကိုလည်း သတိရသည်။ အစ်ကို မြတ်သာ ထောင်ကျပြီးနောက်ပိုင်း မောင်နှမနှစ်ယောက် အတွေ့ရ ကျဲလွန်းလှသည်။ မြင်းခြံ ဒို့ဗမာအစည်းအရုံး ညီလာခံမှာ အဖမ်းခံရသည်ဆိုသော်လည်း အကြာကြီးတော့ မဟုတ်။ ငါးလလား၊ ခြောက်လလား အစ်ကိုအဖမ်းခံခဲ့ရခြင်း ဖြစ်၏။ ထောင်ကထွက်ပြီးသည့်နောက် အစ်ကိုမောင်မြတ်သာ ကျောင်းဆက်မတက်တော့သလို ရွာကိုလည်း ပြန်မလာဖြစ်တော့ဘဲ မြို့မှာပဲ အနေများသည်။ အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်စေရန် တရားဟောမှုကြောင့် အစ်ကို ကျောင်းထုတ်ခံရခြင်းဟု ကြားရသည်။ အဖေ့ကိုလည်း အစ်ကိုနှင့် ပတ်သက်ပြီး အထက်က ခေါ်ယူသတိပေးခြင်း ခံခဲ့ရသည်။
အဖေကတော့ ရာထူးနှင့် သားကြားမှာ အနေရကျပ်နေပုံရပါ၏။ အစ်ကို ရွာပြန်မလာခြင်းအပေါ် အဖေက ဖြူသည် မည်းသည် တစ်ခွန်းမဟသော်လည်း တစ်ခါတစ်ရံတော့ သားကို လွမ်းပုံရသည်။ အဖေမျှော်မှန်းသော မြင်းခြံမြို့အုပ် ရာထူးကား အစ်ကိုနှင့် အဝေးကြီး ဝေးသွားပြီဖြစ်ကြောင်း သဘောပေါက်ပုံရပါ၏။ အစ်ကိုနှင့်ပတ်သက်ပြီး ဂုဏ်တယူ ယူရှိခဲ့ရှာသော အဖေ စိတ်ဓာတ်ကျသွားပြီ ထင်သည်။ အမေ ပန်းရုံသည်ပင် သည်ဘက်နှစ် တွေမှာ အရွယ်ကျစပြုရုံမက နှုတ်လည်း နည်းသွားခဲ့တာ မအိမ်ကံ သတိထားမိသည်။ တစ်အိမ်လုံး သူ့ခြေ၊ သူ့လက်၊ သူ့ဆုံးဖြတ်ချက်တွေအတိုင်း ရှိစေရော့ဟု အမေပန်းရုံကိုယ်တိုင်က မအိမ်ကံကို လွှဲအပ် ထားခဲ့တာပဲ ကြည့်လေ။ အိမ်မှာ ချက်ရေး၊ ပြုတ်ရေးကအစ ပဲရောင်းနှမ်းရောင်းအထိ မအိမ် ကံသဘောအတိုင်း ရှိစေခဲ့သည်။ အမေပန်းရုံ ဖယ်ပေးသော နေရာမှန်သမျှ အလိုလို မအိမ်ကံ ၀င်နေရပြီ။ စိုက်ရေး၊ ပျိုးရေး၊ လူမှုရေးမကျန် “မအိမ်ကံကိုမေး”လို့သာ အမေပန်းရုံ က သမီးကို ဦးစားပေးနေတော့သည်။
ရွာအကြောင်း၊ ရပ်အကြောင်းတွေဆီ စိတ်ရောက်ချိန်မှာတော့ ငှက်တစ်ကောင်၏ စူးစူးဝါးဝါး အော်လိုက်သံကို မအိမ်ကံ ကြားလိုက်ရသည်။ အာခေါင်ခြစ် အော်လိုက်သံမျိုး။
“ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ”
ငှက်အော်သံကြီးက တစ်ကောင်တည်းမို့သာ တော်တော့သည်။ မအိမ်ကံ ကြောက်တော့ မကြောက်ပါ။ အပြင်ခန်းမှာ ဖိုးထူးရှိသည်။ ဘေးမှာ ကျေးဥရှိသည်။ သို့သော် မအိမ်ကံ ရင်တွေတုန်ခါသွားတာကတော့ ချက်ချင်းငြိမ်ကျမသွားသေး။ ပဲမှော်တိုက်ခေါင်ပေါ်မှာ နားနေသည့် ငှက်ကြီးများလား။ တစ်ရွာလုံး အိပ်မောကျနေကြပြီ ထင်၏။ အဝေးဆီကို အောရင်းပျံသွားသည့် ငှက်အော်သံကလွဲလျှင် ညသည် တိတ်ဆိတ်လျက်။
မအိမ်ကံ၏ ဆယ့်ရှစ်နှစ်အ၀င် အကြိုညသည် တဖြည်းဖြည်း အမှောင်ရင့်လာရာက အမှောင်ဆုံးဆိုသည့်အချိန်ကို တဖြည်းဖြည်း တိုးဝင်လာခဲ့သည်။ အောက်ထပ်ရှိ သံစုံနာရီ ကြီးဆီက နာရီသံ ဆယ့်နှစ်ချက်ကို စိတ်ဖြင့် ရေတွက်နေရင်း ကပင် မအိမ်ကံ မှေးခနဲ ပျော်သွားခဲ့လေသည်။
သည်တစ်မနက်ခင်းလုံး မအိမ်ကံတို့အိမ်မှာ ဆွမ်းကျွေး ကိစ္စဖြင့် ပြီးရတော့သည်။ မအိမ်ကံ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ ရက် ကျရောက်သဖြင့် ဘုန်းကြီးငါးပါး ဆွမ်းကျွေးခြင်း ဖြစ်၏။ ဧည့်သည်စောင်သည်တွေ ဖိတ်ကြားခြင်းမရှိဘဲ သဒ္ဓါဆွမ်းကပ်ရုံဆိုတော့ ကရိကထများတာမျိုးတော့ မရှိ။ သက်တော် ရှစ်ဆယ်ကျော် ရွာဦးကျောင်းထိုင်ဆရာတော်ကြီးပါ ကြွရောက်တော်မူသဖြင့် သူကြီးမင်း ဦးသာထန်ကိုယ်တိုင် ဆရာတော်ရှေ့က မထ၀ံ့ဘဲ လက်အုပ်တချီချီ ရှိနေခဲ့၏။ ဆရာတော်ကြီးဘွဲ့တော်မှာ ဦးကုမာရဖြစ်သော်လည်း ရွာရပ်က ဘိုးကုလို့သာ ခေါ်ဝေါ်သုံးနှုန်းကြပါသည်။ သက်တော် ရှစ်ဆယ်ကျော်ဆိုသော်လည်း တစ်ပါးကျွန် ဖြစ်နေရသည့် ဘ၀မို့ တိုင်းရေးပြည်ရေးက ခွာသည်မရှိ။ မြို့က ဒကာတွေနှင့် ဆက်ကာ သတင်းစာဟောင်းတွေ အလှူခံထားသဖြင့် တိုင်းအကြောင်း၊ ပြည်အကြောင်းကို မျက်ခြည်မပြတ် ဖတ်ရှုနေသူဖြစ်သည်။ ဆွမ်းစားပြီးနောက် အချိုပွဲ ခဲဖွယ်ဘောဇဉ် တည်းရင်း ဦးသာထန်နှင့် စကားတွေ ကောင်းနေခဲ့သည်။
“ဘယ်နှာတုန်း မောင်သာထန်ရဲ့။ မနှစ်က တစ်နှစ်လုံး လိုလို အင်္ဂလိပ်တွေ အကျပ်ရိုက်ခဲ့ကြပါသကော။ မင်းသား မောင်မြတ်သာကော နိုင်ငံရေးနယ်ထဲရောက်နေဆို”
ဆရာတော်မိန့်သည့် မနှစ်က တစ်နှစ်လုံးလိုလိုဆိုတာက ပြီးခဲ့သည့်နှစ် ၁၂၉၉ ခု၊ တပို့တွဲ တပေါင်းလလောက် ကတည်းက လှုပ်လာသည့် တိုင်းပြည်အခြေအနေကို ဆိုလို ခြင်းဖြစ်သည်။ ၁၂၉၉နှင့် ၁၃၀၀ ပြည့်နှစ်များသည် အင်္ဂလိပ် ခရစ်နှစ်နှင့်ဆိုလျှင် ၁၉၃၈ ခုနှစ်ကျရောက်ပေရာ နှစ်ဆန်းပြီ ဆိုကတည်းက ပဲခူး၊ ဝေါနယ် လယ်သမားများ ပဲခူးအရေးပိုင် ရုံးကို ၀ိုင်းခဲ့ကြသည်။ ချောက်ဘီအိုစီ အလုပ်သမားများ၊ ရေနံချောင်း ရေနံမြေအလုပ်သမားများ၏ တောင်းဆိုချက်တွေ ထွက်လာခဲ့သည်။ မြင်းခြံဒို့ဗမာအစည်းအရုံးက ဦးဆောင်ကာ စတီးဘရားသား ချည်စက်လှုပ်ရှားမှုရှိခဲ့သည်။ ရေနံချောင်း လည်ပေါ်တန်ဆောင်းအတွင်း အစည်းအဝေးကြီးမှ ဗမာနိုင်ငံ လုံးဆိုင်ရာ ရေနံမြေအလုပ်သမား အစည်းအရုံးကို စတင်ဖွဲ့ စည်း ထူထောင်ခဲ့ကြသည်။ တတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ဒို့ဗမာအစည်းအရုံးညီလာခံကို ပြည်မြို့မှာ ကျင်းပရာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း သဘာပတိပြုခဲ့သည်။
“ပြည်မြို့ဒို့ဗမာညီလာခံကြီးပြီးတော့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းအဖွဲ့နဲ့ သခင်ဗစိန်၊ သခင်ထွန်းအုပ်အဖွဲ့ ကွဲကြဆို မောင်သာထန်။ ကွဲသာတော့ မကြိုက်ဘူးကွာ။ တို့လူမျိုးအချင်းချင်း ကွဲသာ တို့လူမျိုးပဲ နစ်နာသာပဲကွ”
“တင်ပါ့ဘုရား။ ကွဲသာတော့ မကောင်းပါဘူးဘုရား။ တပည့်တော်လည်း အဲသလောက်တော့ ကြားမိပါသယ် ဘုရား”
“မင်းနှယ်ကွာ ကြားမိရုံပဲလား။ တို့မြင်းခြံချည်စက် အလုပ်သမားတစ်ထောင်ကျော်က သူတို့လိုလားချက်တွေ တောင်းသာကို ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရက ဒေါက်တာသိန်းမောင်ကို စုံစမ်းဖို့ လွှတ်သကွာ။ မြင်းခြံအလုပ် သမားတွေရဲ့ လိုလားချက်ကို အစိုးရက လိုက်လျောရသကွာ။ ဒါတွေ မင်းမကြားဘူးလား။ ဟေ မနှစ်က သည်အသံတွေ များ ညံနေသယ့်ဟာ”
“တင်ပါ့ဘုရား။ ကြားမိပါသဘုရား။ ဟုတ်လောက်ပါသ ဘုရား”
“ဟ မောင်သာထန်ရဲ့ ငါတောင်ဝှေးနဲ့ ထရိုက်လိုက်ချင် စမ်းလှကွာ။ ဘယ့်နှယ့် ဟုတ်လောက်ပါသ ဘုရားလဲ။ မင်း ကျွေးသဲ့ ဆွမ်းစားပြီး ထရိုက်ရမကောင်းလို့သာ။ တိုင်းရေး ပြည်ရေးများလည်း သိပါမှပေါ့ကွာ”
“တင်ပါ့ ရိုက်ရင်လည်း ခံရုံပါဘုရား”
မအိမ်ကံကတော့ အဖေနှင့် ဆရာတော်ဘုရားတို့ စကား အချီအချကို နားထောင်ရင်း မရယ်မိအောင် နေရတော့သည်။ ဆရာတော်ကြီးကို အဖေက ချစ်ကြောက်ရိုသေရှိတာကို မအိမ် ကံသိပါသည်။ ငယ်ဆရာလည်းဖြစ်ပြန်။ ထေရ်ကြီးဝါကြီး ပုဂ္ဂိုလ်လည်းဖြစ်ပြန်ဆိုတော့ စိတ်မထင်လျှင် တကယ်ရိုက် နှက်ဆုံးမတတ်တာ ၀သီတော်ပင်ဖြစ်နေပြီ။ အဖေက ဆရာတော့်အမေးကို ကပ်ဖိုးကပ်ဖဲ့တိုက်နေခြင်းလည်း မဟုတ်။ တကယ့်ကို ဖြေတတ်သလိုဖြေခြင်းသာဖြစ်၏။ အင်္ဂလိပ် အုပ်ချုပ်ရေးဘက်မှာ ပါနေသူဆိုတော့ အူပုံအူပါး လုပ်နေတာလည်း ဖြစ်နိုင်ပါ၏။ ဆရာတော်ကြီးနှင့်အတူ ကြွလာကြသော ဆရာတော်များကလည်း တိုင်းရေးပြည်ရေးကိစ္စတွေ ပါလာ သဖြင့် ဆရာတော်များကို ဦးချကာ မအိမ်ကံ အသာလျှို ထွက်လာခဲ့သည်။
ခြံထောင့်က ရေတွင်းကုန်းဘက်ဆီ မအိမ်ကံလျှောက် လာခဲ့သည်။ သည်နေရာမှာ သစ်ပင်ပန်းပင်ကလေးတွေ ရှိသည်။ ငှက်ပျောတောကြီးရှိသည်။ အမေပန်းရုံနှင့် မလှအုံ စိုက်ထားသည့် အပင်တွေဖြစ်သည်။ မအိမ်ကံစိုက်ခဲ့သည့် ခတ္တာပင်ကလေးတွေ၊ တတိုင်းမွှေးပင်ကလေးတွေပင် ဖူးကြ ပွင့်ကြဝေဆာလှပြီ။ မအိမ်ကံတို့ရွာက ပူပြင်းသည့် အညာရွာ ဆိုသော်လည်း မအိမ်ကံတို့ ၀ိုင်းတိုက်ထဲမှာ ရေပေါသဖြင့် အပင်ကလေးတွေ ဖြစ်လှပါသည်။ အရပ်ကြီးတွေ မိုးထိုးနေသည့် သရက်ပင်ကြီးတွေက အမျိုးစုံအောင် ရှိသည်။ သုံးလုံး တစ်တောင်၊ မနော်နွယ်၊ ဘဲကောက်၊ ဓားမောက်၊ မင်းကြီး လက်ရုံး၊ တစ်ငုံသရက် စသည်ဖြင့်။ မာလကာပင်တွေကတော့ အူဖြူရော အူနီပါ လေးငါးပင်ရှိကြသည်။ ခြံထောင့် အပွင့်တွေရဲနေသည့် ပေါက်ပန်းပင်ကြီးပင် ကြီးလှပြီ။ နှစ်စဉ် တပို့တွဲ တပေါင်းဆိုလျှင် ရဲရဲတောက်အောင် ပွင့်သည်အပင် ဖြစ်၏။ တပေါင်း မဆန်းသေးသော်လည်း မြိုင်တောဆီက ဥသြသံသဲ့သဲ့ကိုပင် ကြားနေရပြီ။
“မအိမ်ကံ”
ဖြိုးဖြိုးဖျောက်ဖျောက် သစ်ရွက်ခြောက်နင်းသံနှင့်အတူ ကျေးဥရောက်လာသည်။ ကျေးဥမျက်နှာက ရှက်ရွံ့သလိုလို၊ ထိတ်လန့်သလိုလို ဖြစ်နေတာကို မအိမ်ကံ သတိထားလိုက် မိ၏။ ကျေးဥဘာများ ဖြစ်လာလို့ပါလိမ့်။ ကျေးဥက အိမ်ကြီးဘက်ဆီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မအိမ်ကံ အနားတိုးလာခဲ့သည်။ ၀ိုင်းတိုက်ခြံဝဆီမှာ ဆရာတော်ဘုရား များပြန်ကြွသွားတာကို မအိမ်ကံအဝေးကပဲ လက်အုပ်ကလေး ချီလိုက်ရသည်။ အဖေနှင့်အမေပန်းရုံတို့က လက်အုပ်ချီကြရင်း ဆရာတော်များကို အိမ်ဝအထိ လိုက်ပို့ကြတာကိုလည်း မြင်ရပါ၏။
“မအိမ်ကံ”
“ပြောလေ ကျေးဥရဲ့။ ညည်း ဘာဖြစ်လာတာလဲ။ မျက်နှာမသာမယာနဲ့”
ကျေးဥက မျက်နှာပျက်ရာကပင် တစ်ချက်ရယ်လိုက်ပြီး ခါးကြားထဲညှပ်ထားသည့် စာတစ်စောင်ကို မအိမ်ကံလက် ထဲထည့်ပေးလိုက်သည်။ မအိမ်ကံက လက်ထဲရောက်လာသည့် စာကိုဖတ်ရန်ပြင်လိုက်တော့ ကျေးဥက မအိမ်ကံကို ဆီးဖြူပင်ကြီးဘက် ဆွဲခေါ်လာခဲ့ပြန်၏။ မအိမ်ကံမှာ ကျေးဥ ဆွဲခေါ်ရာပါလာရင်း နားမလည်နိုင်အောင် ဖြစ်နေရသည်။
“ဘာလဲဟဲ့။ ညည်းဟာက ဘာစာလဲ။ ဘယ်သူစာလဲ”
“သာအောင် ပေးလိုက်သာ။ မအိမ်ကံကို စာပေးချင်လို့ ပြောနေသာတော့ နှစ်ရက်သုံးရက်ရှိပြီ။ ငါက ယူမလာဝံ့လို့။ မနေ့တုန်းကတော့ ဇွတ်ပေးလိုက်သာပဲအေ”
“အို”
မအိမ်ကံ ဘယ်လိုမှ ထင်မထားသည့် စကားတွေပါလား။ သာအောင်က စာပေးခိုင်းလို့ဆိုတော့ သာအောင်ဆိုတာ။ မအိမ်ကံအမှတ်ရပြီ။ ကျေးဥတို့ အိမ်မှာ ဖျတ်ခနဲ ဆုံခဲ့ရသော လူပုံချောချောကာလသားကို ပြောနေတာပဲဖြစ်မည်။ သာအောင်က စာပေးခိုင်းလို့ဆိုတော့ ဘာစာဖြစ်နိုင်မလဲ။ မအိမ်ကံနှင့်သာအောင် ဘယ်လိုမှ ပတ်သက်စရာမရှိ။ စာပါး စရာလည်း အကြောင်းမရှိ။ ကျေးဥကတစ်ဆင့် ပါးရအောင် ကလည်း မအိမ်ကံနှင့် ကျေးဥဆက်ဆံရေးတွင် ကိုယ်ရေး ကိုယ်တာကိစ္စတွေအထိပါ ပါဝံ့စရာမရှိ။
“ဘာစာလဲဟဲ့ ကျေးဥ။ ညည်းဝင်မရှုပ်နဲ့နော်”
မအိမ်ကံက မျက်နှာကလေးကို တည်လိုက်ရင်း ကျေးဥ ကို စိုက်ကြည့်လိုက်သည်။ ကျေးဥခင်မျာ မျက်လုံးကလေး ပြူးသွားရင်း မျက်နှာမှာ သွေးမရှိတော့။
“ငါက ပြောသေးသာပါအေ။ ယူမသွားဝံ့ပါဘူးလို့။ ငါ မအိမ်ကံကို ကြောက်သယ်လို့ဆိုတော့ သာအောင်က စာက အရေးကြီးလို့ပါသဲ့။ မအိမ်ကံလက်ထဲ ထည့်လိုက်ရုံပါပဲသဲ့။ ပြီးတော့ ဘယ်သူ့မှ မပြောရဘူးလို့လဲ မှာတော့”
“ဒါနဲ့ပဲ ညည်းကယူလာရသယ်ပေါ့လေ”
“အရေးကြီးသယ်ဆိုသာကော မအိမ်ကံရဲ့။ ယူမလာရင်လည်း ငါ့မှာ တစ်ပြစ်ဖြစ်တော့မယ်”
မအိမ်ကံက ဆုပ်ထားလက်စစာကို ဖြန့်လိုက်သည်။ စာအိတ်က တွန့်ကြေနေတာဆိုတော့ စာအိတ်ထိပ်ကို အသာ အယာဆုတ်လိုက်သည်။ အိမ်ကြီးဘက်ကို တစ်ချက်လှမ်း ကြည့်ရင်း စာအိတ်ထဲက ထွက် လာသည့်စာကို ဖြည်းဖြည်းချင်း ဖြေဖြန့်ပြီးမှ စိတ်ထဲက ဖတ်နေမိသည်။ ကျေးဥက တော့ မအိမ်ကံမျက်နှာကို မျက် တောင်မခတ်စတမ်း ကြည့်နေခဲ့သည်။ သည်စာဖတ်ပြီး မအိမ်ကံက ကုတ်များဆွဲလိုက် လေမလားဆိုသည့်စိတ်ဖြင့် အသာအယာပင် နောက်ကို ဆုတ်နေမိ၏။ မအိမ်ကံက စာကိုဖတ်ရင်း မျက်မှောင်ကြုတ်လိုက်၊ အိမ်ကြီးဘက် လှမ်းကြည့်လိုက်၊ စာကိုဆက် ဖတ်လိုက် လုပ်နေသည်။ မျက်နှာကလေးတင်းနေရာက ပြေလျော့သွားတာကိုတော့ ကျေးဥ သတိထားလိုက်မိ သည်။ မအိမ်ကံက စာကိုဖတ် ပြီးသွားသည့်အခါ စာရွက် ခေါက်ရိုးအတိုင်း စာကို ပြန် ခေါက်သည်။ စာအိတ်ကလေး ထဲကို အသာပြန်ထည့်သည်။ မျက်နှာကလေးက ပြုံးပျော့ ပျော့ကလေး။
“ညည်း သည်စာကို သာအောင်က ပေးသယ်လို့ ဘယ်သူ့မှ မပြောနဲ့နော် ကျေးဥ။ စာအရဆိုရင် သာအောင်က ငါ့ကို တွေ့ချင်သာတဲ့။ သူခေါ်သဲ့နေရာကို ငါသွားရမှာပေါ့။ အမေ ပန်းရုံတို့ မသိအောင် သွားရမှာဆိုတော့”
သည်တစ်ခါ ထိတ်လန့်သွားသူက ကျေးဥပင်။ လူပျို ကာလသားတစ်ယောက်က နှစ်ကိုယ်တွေ့ချင်ပါသည်ဆိုသည့် နေရာကို မအိမ်ကံက လူကြီးမိဘတွေမသိအောင် သွားမယ် ဆိုနေပြီ မဟုတ်လား။ ဒါဘာစာပါလိမ့်။ ဘာသဘောတွေပါလိမ့်။ မအိမ်ကံကလည်း သဘောလွယ်လှချည့်လား။ သည်ကိစ္စက ပန်းနံ့လိုလေထဲမှာ ဝေ့ရင်း ပျောက်သွားနိုင်တာမျိုး မဟုတ်။ တစ်ယောက်မှ တစ်ယောက်စကား လက်ဆင့်ကမ်းသွားနိုင်သည်။ ထိုအခါစာကို စယူလာသူက ဘယ်သူလဲမေးလျှင် “ကျေးဥ”ဆိုသည့် နာမည်ပါရတော့မည်။ ဒါဆိုရင် ကျေးဥတို့ သားအမိ ဇောင်ချမ်းကုန်းက ပြေးရဖို့သာ ရှိတော့သည်။
“မဟုတ်သာ မအိမ်ကံရယ်။ ကာလသားတစ်ယောက်က တွေ့ချင်သာနဲ့ သွားတွေ့ရရော့လား။ မလုပ်နဲ့။ မလုပ်နဲ့။ မီးတွေ လောင်ကုန်လိမ့်မယ်။ သာအောင့်အမေက ပိုးစိုးပက်စက် နိုင်ပါဘိသနဲ့အေ”
“စာထဲမှာ သာအောင်က တွေ့ပါရစီဆိုမှတော့ တွေ့ရမှာ ပေါ့ကျေးဥရဲ့။ မတွေ့ရင် ငါသတ္တိနည်းရာ ကျမှာပေါ့။ ပြီးတော့ စာကညည်းပဲ ယူလာသာလေအေ။ ငါကတော့ အမှန်အတိုင်း ပြောမှာပဲ”
“မလုပ်ပါနဲ့ မအိမ်ကံရယ်။ စာကိုပြန်ပိတ်ပြီး ပြန်ပေးလိုက်စမ်းပါ။ ငါသာအောင့်ကို ပြန်ပေးလိုက်မယ်။ ငါ ကြောက်လွန်းလို့ပါအေ ရှိကြီးခိုးပါရဲ့”
“အလိုတော် သည်စာကို ယူလာတော့လည်း ညည်း။ ပြန်ယူသွားပါရစေဆိုတော့လည်း ညည်း။ ညည်းက ငါ့ကို ကလေးမှတ်လို့လား။ ဘွာခတ်လို့ရရောတဲ့လား”
“ကိုင်းပါ ဒါတော့ ယူလာမိသာ မိကျေးဥအပြစ်ပဲ ထားလိုက်ပါတော့။ သာအောင့်ကိုတော့ မအိမ်ကံ သွားမတွေ့ ရဘူး”
“ဘာဖြစ်လို့လဲ အေ့”
“အို ငါမပြောတတ်ပါဘူး။ မိန်းကလေးဆိုသာ ဆူးနဲ့ ဖက်လို မဟုတ်လား”
“သာအောင်က ဆူး ဟုတ်ချင်ဟုတ်မှာပေါ့အေ။ မအိမ်ကံ ကတော့ ဖက်ရွက်တစ်ရွက် မဟုတ်ဘူး ကျေးဥရေ့။ ဆူးကြောင့် ပေါက်တဲ့ဖက်ရွက် ဘယ်တော့မှ အဖြစ်မခံပေါင်”
မအိမ်ကံက စာကိုခါးကြားထဲ ထိုးသွင်းပြီး အပေါ်အင်္ကျီ ကို ဆွဲချလိုက်သည်။ ပြီးတော့ အိမ်ကြီးဘက်ကို လှည့်ထွက်သွားပါ၏။ သည်တော့လည်း ကျေးဥခင်မျာ ဇောချွေးတွေ စို့ပြန်နေသည့်နဖူးကို အင်္ကျီလက်မောင်းဖြင့်သုတ်ရင်း ဒရောသောပါး အပြေးလိုက်ရတော့သည်။ အိမ်မကြီးအရောက် အမေပန်းရုံအထွက်နှင့် ကြုံသည်နှင့် ကျေးဥကုပ်ကိုလှမ်းဆွဲ သည်။
“မအိမ်ကံရော၊ ကျေးဥရော အော်မကြား ခေါ်မကြားနဲ့ ဘယ်များသွားနေကြတာတုံး။ ကျေးဥ ပြေးစမ်း၊ ညည်းအမေ ပြေးခေါ်စမ်း။ ငါခိုင်းစရာလေးရှိလို့”
ကျေးဥခင်မျာ အမေပန်းရုံခိုင်းတော့လည်း မငြင်းသာပါ။ အမေရှိမည်ထင်သည့် နေရာကို ပြေးရတော့သည်။ မအိမ်ကံကတော့ အပေါ်ထပ်ကို တက်လာခဲ့ကာ အခန်းတံခါး ကို ပိတ်လိုက်ပြီး အိပ်ရာပေါ်လှဲလိုက်သည်။ ခါးကြားညှပ် ထားသည့်စာကိုထုတ်ပြီး တစ်ခါ ထပ်ဖတ်သည်။ စာက အစ်ကိုမောင်မြတ်သာ ရေးပေးလိုက်သည့် စာရယ်ပါ။ ကျေးဥကို စချင်လို့ သာအောင်ကပဲ ရည်းစားစာ၊ မေတ္တာစာ ပေးလေဟန် ပြောခဲ့ခြင်းဖြစ်သည်။ အစ်ကိုမောင်မြတ်သာနှင့် သာအောင်တို့ သည်ရက်ထဲမှာ တွေ့ခဲ့ကြပုံပေါ်သည်။ သာအောင်က သူ့အိမ်အတွက် မြင်းခြံကို မကြာခဏ အသွား အလာရှိသူ ဖြစ်သည်။ ဒါဆို အစ်ကို မြင်းခြံမှာ ရှိနေသည် ပေါ့။ စာက အစ်ကိုမောင်မြတ်သာ လက်ရေးမှ လက်ရေး အစစ်။
“နှမလေး မအိမ်ကံ"
Thursday, October 15, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ခုလိုတခုတ်တရ မှတ်ချက်ပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ